TGOR, 1930


The Guys of Yangon,1930

……………………


အခန်း()

………..

၁၉၂၇ ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။ နံနက် ၁၀ နာရီ။


လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက လမ်းမတော်(၁၄)လမ်းဈေးသည် ယခုလို မဟုတ်။


လူလူသူသူများနှင့် ရှုပ်ထွေးဆူညံနေသေးသည်။


အခုတော့ ရုတ်တရက်ကြီး ငြိမ်သက်သွား၏။

အချို့ လမ်းဘေးဈေးဆိုင်များကလည်း အလျင်အမြန်နေရာရွေ့သွားကြသလို၊ ဆိုင်ခန်းအချို့ကလည်း ဆိုင်တံခါးများကို စေ့ထားလိုက်ကြသည်။


''ပုဏ္ဍားတပည့် မရမ်းသီး နဲ့ ဘစိုး အဆော်ခံလိုက်ရတာ၊ မရမ်းသီးကတော့ မှောက်သွားပြီ၊ ဘစိုးက အပြေးမြန်လို့''


''ဒုက္ခပါပဲ..ဘယ်သူ လုပ်လိုက်တာတုန်း''


''ဘဲဥဆိုင်က မချစ်ပု သားလေ''


''ဘသိန်း လား''


''မဟုတ်ဘူး….အကြီးကောင်လေ..ဘတ်စ်ကားစပယ်ရာလိုက်တဲ့ကောင်လေး.ဖိုးတုတ်..ဖိုးတုတ်''


''ဟယ်..ဒီကောင်လေးကလည်း နောက်ပိုင်း ဇ ကလေးဆိုးဆိုးနဲ့.. ပြသနာတွေတော့ များကုန်တော့မယ်..ဒုက္ခပါပဲ''


ဈေးထဲမှ တီးတိုးအသံများနှင့်အတူ အားလုံး ၏မျက်လုံးများက ဖိုးတုတ်ထံသို့။


ကတုံးဆံတောက်ဆံပင်၊ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်ဖြင့် ထိုလူငယ်သည် သူ့ထံ သို့ အာရုံရောက်နေသော မျက်လုံးများနှင့် တီးတိုးစကားများကို စိတ်မဝင်စား။


လမ်းပေါ်တွင် ပြန့်ကျဲနေသော ကြက်ဥများထဲမှ မကွဲသေးသော အလုံးများကို လိုက်ကောက်ကာ သေချာစီထည့်နေသည်။


သွေးအိုင်ထဲတွင် မှောက်ခုံလဲနေသော မရမ်းသီး ကို ကျော်ခွကာ ကြက်ဥဗန်းကို ယူလျက် ပုဆိုးဖြင့် သုတ်ကာ ဆိုင်အတွင်းသို့ ပြန်ဝင်သွားသည်။


လွန်ခဲ့သော မိနစ်ပိုင်းက လူတစ်ယောက်အား သံပိုက်ဖြင့် သတိလစ်အောင်ရိုက်ခဲ့သူမှ ဟုတ်ပါလေစ ဟု ထင်ရလောက် အောင် သူက တည်ငြိမ်လွန်းနေသည်။

ခဏအကြာတွင် လူငယ်တစ်ယောက် ဆိုင်ရှေ့သို့ ရောက်လာသည်။


''ကိုကြီး ဖိုးတုတ်…ဦးလေးဘိုးသင် က သူ့အိမ်ကို အခုချက်ချင်း လာခဲ့ပါတဲ့''

''အမေရော..ပြန်လာပြီလား..ဒီဆိုင် ဘယ်သူ စောင့်မှာလဲ..မင်းစောင့်မှာလား..ဘသိန်း''

''ကိုကြီးဖိုးတုတ် သတင်းကို အမေလည်း ကြားပြီးလို့ ဦးလေးဘိုးသင်ဆီ ရောက်နေပြီ..အဲ့ဒါ ဆိုင်ကို ပိတ်ပြီး ခုချက်ချင်း လိုက်လာခဲ့ပါတဲ့''


ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုင်တံခါးကို ပိတ်၊ သော့ခတ်ပြီး.နောက် ညီဖြစ်သူ ၏ စက်ဘီးနောက်သို့ ခွတက်လိုက်သည်။

………………………………...................

ဦးဘိုးသင် သည် ဘတ်စ်ကားပိုင်ရှင် မြန်မာလူမျိုးသူဌေးများထဲမှ တစ်ဦးဖြစ်သည်။

ဖိုးတုတ်၏ ဦးလေးတော်စပ်သည်။


သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရား၊ ငါးထပ်ကြီး ယာဉ်လိုင်းကို ပြေးဆွဲသည့် ခြင်္သေ့တံဆိပ်ဘတ်စ်ကား ()စီးကို ပိုင်ဆိုင်သည်။

ဖိုးတုတ် သည် ယခင်က ဦးဘိုးသင် ၏ ခြင်္သေ့ဘတ်စ်ကားလိုင်းတွင် စပယ်ယာလိုက်ရင်း ကားမောင်းသင်သည်။


စပယ်ရာ သက်တမ်းသုံးနှစ်လောက်အတွင်းမှာပင် ဘတ်စ်ကားလောကတွင် ဖိုးတုတ်ကို မသိသူ မရှိဖြစ်ခဲ့၏။

လူက ငယ်သလို လက်ကယဉ်လွန်းသဖြင့် ထိုသုံးနှစ်အတွင်းမှာပင် လူရိုက်မှု ()မှု ဖြစ်ခဲ့သဖြင့် ဦးလေး ဦးဘိုးသင်မှ အကြိမ်ကြိမ်လိုက်ရှင်းခဲ့ရသည်။


ခြသေ့င်္တံဆိပ်လိုင်းဂိတ်စ ရာ နယ်မြေအပိုင်ဖြစ်သော ဗဟန်းရဲစခန်းအချုပ်သည် ဖိုးတုတ် အတွင် ဒုတိယအိမ်ဖြစ်နေခဲ့သည်။


နောက်ဆုံးတော့ ထိလွယ်ရှလွယ်သော စပယ်ယာလိုက်ခြင်းအလုပ်မှ ဖိုးတုတ်ကို နားခိုင်းလိုက်သည်။


မိခင်ဖြစ်သူ ဒေါ်ချစ်ပု နှင့် သားငယ် ဘသိန်း တို့က (၁၄)လမ်းဈေးတွင် ဈေးရောင်းသော်လည်း ဖိုးတုတ်ကမူ ဈေးရောင်းသည်ကို ဝါသနာမပါ။


ထို့ကြောင့် လမ်းမတော်ဖိုးတုတ်သည် လမ်းမတော်တဝိုက်ရှိ ဂျင်ဝိုင်းများ၊ ကြက်ဝိုင်းများတွင် ကြင်လည်သည်။

ပုဏ္ဍားဘထွန်း တည်းဟူသော လမ်းမတော်အပိုင် လူမိုက်ကြီး ၏ နယ်မြေတွင် လက်ရဲဇတ်ရဲ လူမိုက်ပေါက်စ တစ်ယောက်အဖြစ် ဖိုးတုတ် နာမည်ထွက်လာသည်။


ဒီနေ့တော့ ဖိုးတုတ် ပြသနာအကြီးကြီး ရှာခဲ့ပြီ။


''လာ..မောင်တုတ်..လာ''


''အမေ က ဘာလို့ ဆိုင်ကို မလာပဲ…ဦးလေးဆီ ရောက်နေတာလဲ..ကဲ..ဦးလေး ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''


''အေးလေ..ဒီမှာ မင်းအမေ က မင်းသတင်းကြားပြီး ငါ့ဆီ ရောက်လာလို့ကွာ..ဘယ်လိုဖြစ်တာလဲကွာ..မင်းလုပ်လိုက်တဲ့ကောင်တွေက ပုဏ္ဍားဘထွန်း လူတွေဆို''


''ဟုတ်တယ်..ဦးလေး...စောစောစီးစီး ကျွန်တော့်တို့ ဆိုင်ရှေ့လာပြီး မိုက်ကြေးခွဲနေတာနဲ့..ထလုပ်ထည့်လိုက်တာပဲ''


''မင်းကွယ်..ဒီလူတွေအကြောင်းလည်း သိရဲ့သားနဲ့….''


ဒေါ်ချစ်ပု စကားကြောင့် ဖိုးတုတ် သက်ပြင်းချသည်။


''ကဲ..ချစ်ပု..ညည်းလည်း စိတ်ချလက်ချအိမ်ပြန်တော့..ဒီည ဖိုးတုတ်ကို ငါ့အိမ်မှာ သိပ်လိုက်မယ်..ဒီပြသနာကို ငါရှင်းပေးမယ်..နင်ဘာမှ ပူမနေနဲ့..မနက်ဖြန်လည်း ဆိုင်ခဏနားဦး''


''ဟုတ်ကဲ့ပါ…အကိုရယ်..ကျွန်မမှာလည်း စိတ်ညစ်ပါတယ်..သားကြီးမို့လို့ အားကိုးရမလားမှတ်တယ်..ဒီနေ့ ဆိုင်လေးတစ်ခါလောက် စောင့်ခိုင်း..ဒီနေ့ ဒီလိုပြသနာဖြစ်တယ်…ပုဏ္ဍားလူတွေက ပြသနာရှာလာရင် နောက်နေ့ ဘယ်လို ဈေးရောင်းရမှာလဲ''


ခေါင်းငုံ့ထားသော ဖိုးတုတ်က သူ့အမေ စကားကြောင့် ဆတ်ခနဲ ခေါင်းမော့လာသည်။


''အမေက..ဒီကောင်တွေကို ဘာကြောက်နေတာလဲ..ကျွန်တော် ရှိတယ်..အမေ..မနက်ဖြန် ဈေးဆက်ရောင်း..အမေ့ကို ဘယ်ကောင်လာလုပ်ရဲမလဲ…ကျွန်တော်ကြည့်မယ်''


''ဖိုးတုတ် နင်ဟာလေ..တကယ့် ဗြမ္မာဦးခေါင်းပဲ..ငါ..တယ်''


''ကဲ…ချစ်ပု..နင်ပြန်တော့ဆို..ဘသိန်း မင်းအမေကို ခေါ်သွားတော့..(၁၄)လမ်းဘက်တော့ ခြေဦးမလှည့်နဲ့ဦးနော်..ငါဒီမှာ ဖိုးတုတ်ကို ဆုံးမစရာရှိတာ ဆုံးမထားမယ်..နင်တို့သွားကြတော့''


ဘသိန်းက သူ့အမေကို အတင်းဆွဲပြီး စက်ဘီးပေါ်တင်ကာ နင်းထွက်သွားသည်။

ဦးဘိုးသင် က ဖိုးတုတ် ၏ ပုခုံးကို လက်ဖြင့် ပုတ်လိုက်သည်။


''မင်း..စိတ်လှုပ်ရှားနေတာတွေ ငြိမ်သွားအောင်..ဝီစကီသောက်မလား..ဖိုးတုတ်''


ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။


''ကဲလာ…ဒါဆို ထမင်းစားခန်းထဲ လိုက်ခဲ..မင်းသတင်းကြားကတည်းက ငါ အထဲမှာ ဝိုင်းပြင်ထားတယ်''


ထမင်းစားခန်းထဲ ဝင်သွားသည်နှင့် စကော့ဝီစကီတစ်လုံးနှင့် ဖန်ခွက်များက အဆင်သင့်။

ငါးရံခြောက်ဖုတ် နှင့် ဟင်းချိုတစ်ခွက်လည်း ရှိနေသည်။

ဦးဘိုးသင် နှင့် ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ ဦးဘိုးသင်က ဝီစကီပုလင်းအဖုံးကို ကျင်လည်စွာ ဖွင့်ပြီး ဖန်ခွက်နှစ်ခွက်ထဲသို့ အရက်ငှဲ့ထည့်လိုက်သည်။


''ဒါနဲ့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ..ဦးလေး''


''သိတာပေါ့ကွာ..မင်းချာတိတ်ဘ၀ ရိုက်ပွဲတွေ အားလုံး ငါလိုက်ဖြေရှင်းခဲ့ရတာပဲ..မင်း ဒီလောက် သွေးအေးတဲ့ ပုံစံ ဖမ်းနေတာဆိုရင်တော့ မင်း တကယ် စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါခန့်မှန်းမိပါတယ်…အေးလေ..ဒီတစ်ခါ မင်းလုပ်ခဲ့တဲ့ ကောင်တွေက..အရင်ကောင်တွေနဲ့မှ မတူဘဲ''


ဖိုးတုတ်က ဝီစကီခွက်ထဲသို့ ရေခဲတစ်တုံး ကို ညှပ်ဖြင့် ခပ်ထည့်လိုက်သည်။

ဦးဘိုးသင် ကမ်းပေးသော ရေခရားထဲမှ ရေကို ငှဲ့ကာ စပ်လိုက်ပြီး တစ်ဘရိတ်တည်း မော့ချပစ်လိုက်သည်။


''ဟုတ်တယ်..ဦးလေး…ကျွန်တော်ဒီတစ်ခါတော့ တကယ် စိတ်လှုပ်ရှားတယ်။ သူတို့ ဆိုင်ရှေ့လာပြီး ပေစောင်းစောင်းလုပ်နေကတည်းက ပုဏ္ဍားဘထွန်း လူတွေမှန်းသိတယ်။ ကျွန်တော် သည်းညည်းခံဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့်..ဦးလေးရာ..ကျွန်တော့်အမေ မုဆိုးမကြီး တပင်တပန်းဈေးရောင်းတဲ့ထဲက ငွေကို အစိုးရကို အခွန်ပေးရတာထားပါတော့..ဒီကောင်တွေကို ဘာလို့ ပေးရမှာလဲဗျ..ကြက်ဝိုင်းတွေ၊ ဘိန်းခန်းတွေ၊ ဖာတန်းတွေ မို့ ပေးရတယ်ဆို ထားပါတော့..အခုဟာကဗျာ….အဲ့ဒါကို ကျွန်တော် မခံချင်တာနဲ့''


''ဟုတ်ပြီ..ဖိုးတုတ်..ဟုတ်ပြီ..မင်းစိတ်ကို ငါသိတယ်…ဒါပေမယ့် မင်းလည်း သိသားပဲကွာ..ရန်ကုန်မြို့မှာ ဒီကောင်တွေနဲ့ ဘယ်လိုကင်းအောင်နေမလဲ..မင်း စပယ်ရာလိုက်နေတဲ့ကာလတုန်းကလည်း ငါ့ဘတ်စ်တွေ ဘေးကင်းဖို့ မန်မဆာ့လူတွေကို ဆက်ကြေးပေးခဲ့ရတာပဲကွ''


''ကျွန်တော် သိတယ်..ဦးလေး..အဲ့ဒီတုန်းကလည်း ဦးလေးက မန်မဆာကို အရမ်းကြောက်ပြီး ကျွန်တော်တို့ကို တားထားလို့သာ..ကျွန်တော်တို့''


''ခဏနေဦး..ဖိုးတုတ်..ခဏနေဦး..မင်း ပြောတာက ဘာ..ငါက မန်မဆာကို ကြောက်တယ် ဟုတ်လား..ဒီမှာ..မင်းလည်း ပဲခူး ကမာစဲသား၊ ငါလည်း ပဲခူး ကမာစဲသားကွ ။ ကမာစဲသားတွေ ဘယ်တော့မှ သွေးမကြောင်ဘူး။ အေး..မန်မဆာ ကို မထိဖို့ အဲ့ဒီတုန်းက မင်းတို့ကို ငါဘာလို့ တားလဲသိလား။ ငါတို့က မနေ့တစ်နေ့ကမှ ရန်ကုန်မြို့ကို တက်လာတဲ့ တောသားတွေကွ။ ဒီကုလားတွေ က ရန်ကုန်ကို သူတို့ အင်ပါယာ တည်ဆောက်ထားတာ ကြာလှပြီ။ မန်မဆာ နဲ့ ငြိလို့ ငါ တို့ နိုင်ချင်နိုင်မယ်။ မန်မဆာ ဘက်ကနေ မက်စတီးခန်း ပါလာပြီဆိုရင်တော့ ငါတို့တွေအတွက် ဒီရန်ကုန်က သင်္ချိုင်းဖြစ်သွားလိမ့်မယ်.. ''


''ဟုတ်ပြီ..ဦးလေးရဲ့..အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ က သူတို့ကို တသက်လုံး ကြောက်နေရတော့မှာလား..သူတို့ တောင်းသမျှပေးရတော့မှာလား..ဟော့ဒီ လမ်းမတော်သံဈေးတစ်ကြောမှာလည်း ကျွန်တော့်လူတွေ ရှိနေပါပြီ''


''ဟုတ်တယ်..ဖိုးတုတ်..ဟုတ်တယ်..ငါပြောချင်တာ..အဲ့ဒါ..ငါတို့ ဒီကောင်တွေကို တသက်လုံး ကြောက်နေဖို့ မလိုဘူး..အခုဆို မင်းမှာလည်း နောက်လိုက်နောက်ပါနည်းနည်းရှိနေပြီ။ ငါ့ဆီမှာလည်း ဘတ်စ်ကားလိုင်းက နည်းနည်းဇရှိတဲ့ ချာတိတ်တွေ မွေးထားတယ်။ ဒါပေမယ့် ငါတို့ အင်အားက သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး''


''အဲ့ဒီတော့..ကျွန်တော်က ဘာလုပ်ရမှာလဲ..ဦးလေး''


''ငါတို့ ဉာဏ်သုံးရမယ်…ပရိယာယ်သုံးရမယ်..ဖိုးတုတ်''

''ဘယ်လို ဉာဏ်သုံးရမှာလဲ''


''အေး..မိုက်တယ်ဆိုတာ ဉာဏ်နဲ့ ယှဉ်ပြီးမိုက်တာ ဘေးအကင်းဆုံးပဲ..ငါ့တူရ.. ငါက လူမိုက်ဗိုလ် လုပ်ချင်တဲ့ သူတော့မဟုတ်ပါဘူး..ဒါပေမယ့် ငါ့ဆီမှာ လူမိုက်ဗိုလ်ဖြစ်လာနိုင်မယ့် မင်းအတွက် အကြံကောင်းတွေရှိတယ်..အဲ့ဒါတွေ မင်းကို ပေးမယ်…ဒီအကြံအကောင်ထည်ဖော်ပြီးရင်တော့ ပုဏ္ဍားဘထွန်းရဲ့ လမ်းမတော်ကနေ ဖိုးတုတ်ရဲ့ လမ်းမတော် ဖြစ်သွားပြီးပေါ့ကွာ''


''ကျွန်တော် ဘာလုပ်ရမလဲ''


''မင်း မာမွတ် ကို တက်ဖြုတ်ရမယ်''


"ဗျာ..ဘယ်သူ"


''ဟုတ်တယ်..ဘားလမ်းမာမွတ် ကို ပြောတာ…မာမွတ် က မတ်စတီးခန်းရဲ အားအကိုးရဆုံး လူမိုက်ပဲ။ မတ်စတီးခန်း လူမိုက်ဗိုလ်မခံခင်ကတည်းက မာမွတ်က လူမိုက်ပဲ။ မတ်စတီးခန်း က ငွေအားကောင်းကောင်းနဲ့ သိမ်းသွင်းခဲ့တာ။ မတ်စတီးခန်းဆိုတဲ့ကောင်က စီးပွားရေးသမား၊ ပိုက်ဆံသာရှိတာ ကိုယ်တိုင်မမိုက်ရဲဘူးကွ။ ဒါကြောင့် သူအားအကိုးဆုံး မာမွတ်ကို မင်းဖြုတ်ရမယ်''


''ကျွန်တော်နဲ့ ဖြစ်တာ ပုဏ္ဍားဘထွန်းလေဗျာ..ဘာကိစ္စ..မာမွတ်ကို သွားလုပ်ရမှာလဲ''


''ဒီမှာ ဖိုးတုတ်… မတ်စတီးခန်းနဲ့ ပုဏ္ဍားဘထွန်း အခြေအနေက အခုအချိန်မှာ မသိမသာအားပြိုင်နေကြတာ။ ဒါပေမယ့် ဘယ်လို ပြိုင်ပြိုင် မတ်စတီးခန်းက နိုင်ငံရေးပါဝါရော၊ ငွေအားရော၊ လူမိုက်အားပါ ပုဏ္ဍားထက် အများကြီးသာတယ်။ ပုဏ္ဍားတို့ ဟိန္ဒူအုပ်စု ဟာ မတ်စတီးခန်းတို့ မွတ်ဆလင်အုပ်စုကို ဖြုတ်ပြီး ရန်ကုန်ကို စိုးမိုးမယ်လို့ မတ်စတီးခန်းက သံသယဝင်နေတယ်။ အဲ့ဒါ ငါသိထားတဲ့ သတင်းပဲ''


''ဟုတ်ပြီ..ဦးလေး..ကျွန်တော်သဘောပေါက်ပြီ…ကျွန်တော်က မတ်စတီးခန်းလူ မာမွတ်ကို ဝင်ဖြုတ်မယ်။ လမ်းမတော်ဘက်ကဆိုတော့ ပုဏ္ဍားလူလို့ မက်စတီးခမ်းက ထင်မှာပဲ။ အဲ့ဒီအခါ မက်စတီးခမ်းနဲ့ ပုဏ္ဍား ငြိကြမယ်…အဲ့ဒီလိုလား''


''အင်း..ငြိချင်လည်း ငြိမယ်..မငြိချင်လည်း မငြိဘူးပေါ့ကွာ..ဒါပေမယ့်..သေချာတာတော့ လောလောဆယ်..မာမွတ် ထိထားရင် ပုဏ္ဍားလည်း သူလုပ်တာမဟုတ်ကြောင်း ဖြေရှင်းနေရတာနဲ့တင် မင်းဘက်ကို လှည့်လာဖို့ သတိရမှာမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မင်း က ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်နေလို့ ရတယ်။ အရေးကြီးတာက မာမွတ်ကို မင်းလုပ်တာမှန်း လောလောဆယ် ဘယ်သူမှ မသိစေဖို့ပဲကွ''


ဖိုးတုတ်က ပြုံးလိုက်သည်။


''သိသွားတော့လည်း ဘာအရေးလဲ..ဦးလေးရာ''

ဖိုးတုတ် က လေးခွက်မြောက်ဖြစ်သော ဝီစကီကို မော့ချလိုက်သည်။

.........


အခန်း()

………………..


လှပခန့်ညားလှသော မြင်းနှစ်ကောင်ဆွဲ ဒေါက်ကပ်ရထားကြီးက ပန်းဆိုးတန်းလမ်းတွင်းသို့ ကြွကြွရွရွ ဝင်ရောက်လာသည်။


မြင်းရထားကို မောင်းသောသူမှာ အိန္ဒိယမှ မဟာရာဂျာစော်ဘွားကြီးတစ်ယောက်နီးပါး ခမ်းနားစွာ ဝတ်ဆင်ထား၏။

ရထားမောင်းသမားပင် ထိုမျှ ခမ်းနားစွာ ဝတ်ဆင်လာလျှင် ရထားပေါ်တွင် ပါလာသူသည် မည်မျှ ခမ်းနားလိုက်မည်နည်းဟု လူတိုင်းက တွေးနေကြသည်။


ပန်းဆိုးတန်း၊ ဒေါက်တာချန်ဒရာဆင်း ၏ ဆေးခန်းရှေ့အရောက်တွင် မြင်းရထားက ရပ်သွား၏။


ရှေးဦးစွာ ရထားပေါ်မှ ပန်ချာပီခေါင်းပေါင်းဝတ်ထားပြီး နှုတ်ခမ်းမွှေးကော့ကော့ကြီးများနှင့် လူကြီးနှစ်ယောက် ဆင်းလာသည်။


ထို့နောက်တွင်မှ ရွှေအစစ်တို့ကွပ်ထားသော သက္ကလပ်ဦးထုတ် နှင့် ဥရောပဝတ်စုံကို ဝတ်ထားသော သူတစ်ဦး ဆင်းလာလေသည်။


သူကား ရန်ကုန်မြို့ ဒုစရိုက်လောက၏ ဘုရင် မတ်စတီးခန်း။


မတ်စတီးခန်းသည် စတီးဘရားသားကုမ္ပဏီနှင့် ဖက်စပ်အဝယ်တော်အဖြစ် လုပ်ကိုင်ရာမှ ချမ်းသာလာသူဖြစ်သည်။

စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွင် အဓိကကျသည့် လိုင်စင်များကို နည်းမျိုးစုံဖြင့် ရယူထားနိုင်ခဲ့သည်။


ဘုံဘေမှ အိန္ဒိယလူမိုက်ဂိုဏ်းများနှင့် ဆက်သွယ်ပြီး အိန္ဒိယမှ မြန်မာပြည်အတွင်းသို့ အလုပ်သမားများ ပို့ဆောင်ပေးသည့်ဈေးကွက်ကို လုပ်ကိုင်လာခဲ့သည်။

မြန်မာပြည်၏ အိန္ဒိယအလုပ်သမားဈေးကွက်ကို ချယ်လှယ်နိုင်ခဲ့သူဖြစ်သည်။


ကမာရွတ်တွင် သူ့ပိုင် မတ်စတီးဈေးကြီးကို ထူထောင်သည်။ ကြည့်မြင့်တိုင် စူရတီဘဇားဈေးကြီးတွင် အစုရှယ်ယာများပိုင်ဆိုင်သည်။


မတ်စတီးခန်းသည် သူ၏ စီးပွားရေးအင်ပါယာကို ရန်ကုန်မြို့တွင်း ချဲ့ထွင်လာရမှ သူ့စီးပွားရေးများကို ကာကွယ်ရန် လူမိုက်များကို ငွေအားဖြင့် လက်သပ်မွေးလာရသည်။


လူမိုက်လောကသာမက အစိုးရအသိုင်းအဝိုင်းနှင့်ပါရင်းနှီးပြီး အထူးသဖြင့် ပုလိပ်မင်းကြီး မစ္စတာရှပ်တဲဝပ် နှင့် ရင်းနှီးမှုရှိသဖြင့် လူမိုက်လောက သည် သူ့အား ပြန်လည်မှီခိုလာရသည်။


မက်စတီးခန်း လူမိုက်လောကသို့ မဝင်ခင်က မကျီးသီးဂိုဏ်းခေါ် (Meshidi Gang) ကုလားလူမိုက်ဂိုဏ်းမှာ ရန်ကုန် အရှေ့ပိုင်းတစ်ခွင် ဘုန်းတန်ခိုးထွန်းတောက်ခဲ့သည်။

မကြာမီ သော်မဆင်လမ်းမှ ရထားလုံးသူဌေး မန်မဆာ၏ (Manmasa Gang)မန်မဆာဂိုဏ်းလည်း အရှေ့ပိုင်းတွင် အင်အားကြီးလာပြီး ရန်ကုန်မြို့တွင် မကျီးသီးဂိုဏ်း နှင့် မန်မဆာဂိုဏ်တို့၏ စစ်ပွဲကြီး ပေါ်ပေါက်ခဲ့သည်။


ထိုစစ်ပွဲတွင် မတ်စတီးခန်းက သူနှင့် ဘာသာတူ မန်မဆာဂိုဏ်းဘက်မှ ပါဝင်ကူညီသည်။ ငွေအား လူအားတင်မက ပုလိပ်အဖွဲ့ကိုပါ ခါးပိုက်ဆောင်ထားသော မက်စတီးခန်း၏ အခန်းကဏ္ဍက မန်မဆာဂိုဏ်းအတွက် အလွန်အရေးပါခဲ့သည်။


ရန်ကုန်မြို့အရှေ့ပိုင်းတွင် သွေချောင်းစီးခဲ့သော ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ပွဲများအပြီးတွင် ဟိန္ဒူဂိုဏ်းဖြစ်သော မကျီးသီးဂိုဏ်းအရေးနိမ့်ကာ ပျောက်ကွယ်သွားခဲ့ရသည်။

ထိုအချိန်မှစပြီး မတ်စတီးခန်းသည် ရန်ကုန်မြို့၏ သြဇာအကြီးမားဆုံး လူမိုက်ခေါင်းဆောင် သူဌေးကြီး ဖြစ်လာခဲ့လေသည်။


အင်္ဂလိပ်တို့၏ စစ်ကဲဖြစ်ခဲ့ဖူးပြီး အင်္ဂလိပ်တို့ကိုယ်တိုင် မှည့်ခေါ်ခဲ့သည့် စတင်းမောင်ထော်လေးလမ်းသည်ပင် မတ်စတီးခန်း နေထိုင်ရာလမ်းဖြစ်သဖြင့် မတ်စတီးလမ်း ဟု ခေါ်ရသည် အထိ အရှိန်အဝါတောက်ပလှသည်။

ရွှေအစစ်များချထားသည့် ဦးထုတ်ကို ဆောင်းလျက် ခမ်းနားစွာဝတ်ဆင်လာသော ဂိုဏ်းစတားသူဌေးကြီး မက်စတီးခန်းသည် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းအတွင်းသို့ ဝင်လာသည်။


ဆေးခန်းအတွင်းတွင် သူ၏ အားအကိုးရဆုံး လက်ရုံးတပည့်ဖြစ်သူ မာမွတ် ရှိနေသည်။

ယနေ့မနက် ဝေလီဝေလင်းအချိန်တွင် မယားငယ်အိမ်မှ ထပြန်လာသော လူမိုက်မာမွတ် ကို ဒါလဟိုဇီလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လူငယ်နှစ်ဦးမှ သံခေါင်းမူလီတပ် တုတ်များဖြင့် ဝိုင်းရိုက်ကြသည်။

ပန်းဆိုးတန်းနှင့် မဂိုလမ်းကြားနယ်မြေတစ်လျှောက် အပိုင်စားတော်မူပြီး လူမိုက်အချင်းချင်းပင် ကြောက်ရွံရသော မာမွတ် မှာ သွေးသံတရဲရဲဖြင့် မြောင်းထဲတွင် ကျန်ရစ်ခဲ့ရသည်။


မနက်ခင်း အစောထွက်လာသော ဓာတ်ရထားမှ ဆင်းလာသူအချို့တွေ့သဖြင့်သာ မာမွတ်သွေးထွက်လွန် မသေခြင်းပင်။

ထိုကိစ္စကို ဆေးရုံသို့ ပို့မည်ဆိုသော်လည်း မတ်စတီးခန်းအမိန့်ကြောင့် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းတွင်သာ တင်ထားခဲ့ရသည်။


ပုလိပ်ဘက်မှလည်း မက်စတီးခန်းလူ ကိစ္စဖြစ်နေသဖြင့် စကားတစ်ခွန်းမဟရဲ။


ဒေါက်တာချန်ဒရာဆင်း၏ ဆေးခန်းတစ်ခုလုံးကို မာမွတ်၏ လူတွေက လုံခြုံရေးအပြည့်ယူထားကြသည်။


မာမွတ်က ကုတင်ပေါ်တွင် လှဲလျောင်းလျက်။

ခေါင်းတွင်လည်း ပတ်တီးအဖွေးသား။ ညာဘက်မျက်လုံးက ပိတ်နေသည်။

အပေါ်နှုတ်ခမ်းက ဖူးယောင်းနေ၏။

မတ်စတီးခန်း ဝင်လာသည့်အခါ မာမွတ်၏ ဇနီးနှင့် သား တို့ အပြင်သို့ ထွက်ပေးကြသည်။

မတ်စတီးခန်းက မာမွတ်၏ ကုတင်ဘေးမှ ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။

မာမွတ်က လှဲနေရမှာ ထပြီး ဆလံပေးရန် ကြိုးစား၏။


''ဆလံမာလေကွန်း..မာမွတ်..အိုး...တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားတာပဲ''


မာမွတ်က ခေါင်းငြိမ့်ပြလိုက်သည်။


''မင်းကို…ဘယ်သူလုပ်သွားတာလဲ..ငါအလ္လာ့ နဲ့ တိုင်တည်ပြီး ကြိမ်တယ်..အဲ့ဒီကောင်ကို ငါတို့ ကလဲ့စား မရရအောင် ပြန်ချေမယ်…မင်းကို ဘယ်ကောင်လုပ်သွားတာလဲ''


မတ်စတီးခန်း အသံက ကျယ်လောင်သွားသဖြင့် အခန်းပြင်တွင်ထိုင်နေသော သူများပင် တုန်တက်သွားသည်။


''လမ်းမတော်သားတွေကွ..လို့..ပြော..သွား..တယ်....''


''ဘာ..လမ်းမတော်သား..ဟုတ်လား…''


မတ်စတီးခန်း က သူ့ရွှေဦးထုတ်ကြီးကို ချွတ်ကာ ပေါင်ပေါ်တင်လိုက်သည်။

ဦးထုတ်ချွတ်လိုက်သောအခါ ခေါင်းမှချွေးများက နှစ်ပေါင်းများစွာ ဝတ်ပြုထားသဖြင့် အသားမာတက်နေသော နဖူးညိုညိုပေါ် ဆီးကျလာသည်။


မတ်စတီးခန်းက သူ့ဝတ်ထားသော ကုပ်အင်္ကျီအနက်အတွင်းမှ ရိုးတိုက်ထုတ် အကောင်းစား ပိုးလက်ကိုင်ပုဝါကို ထုတ်ကာ ချွေးစများကို တို့သုတ်လိုက်သည်။


''ဟူစိန်..ဘီလား''


အပြင်တွင် အသင့်ရပ်နေသော လူနှစ်ယောက် အခန်းတွင်းသို့ ဝင်လာသည်။


''မင်းတို့ နှစ်ယောက်..အခုပဲ လမ်းမတော်ဂတ် ကို သွား။ ဌာနအုပ် ကိုအုံးဖေ ကို ပြော။ ငါက လွှတ်လိုက်တယ်လို့။ အခုပဲ ပုလိပ်သားတစ်ယောက်ကို ပုဏ္ဍားဘထွန်းအိမ်ကို လွှတ်ပြီး မတ်စတီးခန်းက သူ့ကို တွေ့ချင်နေတယ်။ ချက်ချင်း အိမ်ကို လာခဲ့ပါလို့ သွားပြောခိုင်းလိုက်''


ဟူစိန်ဘိုင် နှင့် ဘီလားဘိုင် တို့ ထွက်သွားပြီးနောက် မတ်စတီးခန်းက မတ်တပ်ထရပ်လိုက်သည်။

သူ့အိတ်ထဲမှ ရူပီးငွေ တစ်လိပ်ထွက်လာသည်။

မာမွတ်၏ ကုတင်ပေါ်သို့ ငွေလိပ်ကို ချပေးလိုက်သည်။


''ခဏနေ ဟူစိန်ဘိုင် ပြန်လာလိမ့်မယ်။ လိုတာရှိရင် သူ့ကိုပြော။ မင်းလဲနေတုန်း မင်းနယ်မြေအတွက် စိတ်မပူနဲ့။ ဟူစိန်ဘိုင်က ခဏကိုင်ပေးထားလိမ့်မယ်။ မင်းလူတွေ ကိုလည်း အဲ့ဒါ ပြောပြလိုက်..ငါ ပြန်မယ်..မာမွတ်.. အခု လောလောဆယ် မင်းကို လုပ်တဲ့ တရားခံကို ငါရှာပြီး စီရင်ပေးမယ်..ဟုတ်ပြီလား…ဆလံမာလေးကွန်း..မာမွတ်''


မာမွတ်က ဆလံပြန်ပေးချိန်တွင် မက်စတီးခန်းက အခန်းထဲက ထွက်ခွာသွားပြီဖြစ်သည်။

………………………………………………………….


''မာမွတ်ဘိုင် ကို ကျုပ် က လုပ်စရာလား..အဘိုင်။ အဘိုင် နဲ့ ကျုပ်နဲ့ကြားမှာ အဲ့ဒီလို သံသယတွေထားတယ်နော်..အဲ့ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူး..အဘိုင် ''


''ဒီမယ် မာမွတ် က ငါ့ကို သေချာပြောသွားတယ်။ အဲ့ဒီလုပ်တဲ့ကောင်တွေက လမ်းမတော်သားတွေကွ လို့ သူ့ကို ပြောသွားတယ်တဲ့။ မင်းက လမ်းမတော်ရဲ့ ဂေါ့ဖားသားဆိုကွ။ မင်းအပိုင်ထဲကလေ''


''လမ်းမတော်မှာ နောက်ပေါက်လူမိုက်တွေအများကြီးပေါ်နေတယ်..အဘိုင်..ကြည့်မြင်တိုင်ဘက်က ကြက်ကြား တို့ လည်း အခုတလောအင်အားကောင်းနေတာပဲ..နောက်ပြီး..မန်မဆာဂိုဏ်းသားတွေရော..ကြားထဲက ကျုပ်ကို ချောက်တွန်းတာ မဖြစ်နိုင်ဘူးလား''


''မင်းစကားကို ဒီမှာ ရပ်ထားလိုက်ရင် ကောင်းမယ်..ပုဏ္ဍားဘထွန်း၊ မန်မဆာနဲ့ ငါတို့က အရှေ့ပိုင်းသားညီအကိုတွေကွ။ ငါ့ညီက ဘာကိစ္စနဲ့မှ မာမွတ်ကို လုပ်စရာအကြောင်းမရှိဘူး။ ငါညီလူတွေနဲ့ ငါ့လူတွေက တသွေးတသားတည်းပဲ။ အေး..မင်းတို့ အနောက်ပိုင်းသားတွေသာ''


''အဘိုင့်ကို ကျုပ်ကိုးကွယ်တဲ့ ရာမနတ်ဘုရားနဲ့ တိုင်တည်ပြီး ကျိန်ဆိုတယ်။ မာမွတ်ဘိုင် ကိစ္စ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး အဘိုင်.. ဘာမှ မဆိုင်ဘူး''


''အေး..ဟုတ်ပြီ..ငါ အခုလောလောဆယ်တော့ ယုံပေးထားလိုက်မယ်..ဘထွန်း။ ဒါပေမယ့်.. ဒီကိစ္စ မင်းလူတွေ လက်ချက် မဟုတ်ဘူးဆိုရင် ဘယ်သူလုပ်လဲဆိုတာ မင်းသိအောင် လုပ်ပေးရမယ်။ ပြီးရင် အဲ့ဒီကောင်ကို ငါကိုယ်တိုင် အရေခွံနွှာမယ်''


ပုဏ္ဍားဘထွန်း က ဟန်မဆောင်နိုင်ပဲ ပြုံးလိုက်သည်။


''ဒါက ခင်ဗျားကိစ္စလေ..အဘိုင်..ကျုပ် လူတွေ မဟုတ်ဘူးဆိုတာ ကျုပ် အာမခံနေပြီပဲ..တရားခံ စုံစမ်းခိုင်းတာကတော့ ခင်ဗျားမလုပ်နိုင်ရင် ဂတ်တိုင်လေဗျာ။ ပုလိပ်တွေ လုပ်မှာပေါ့..ဟဟ''


ပုဏ္ဍားဘထွန်း၏ လှောင်ပြုံးနှင့် ခနဲ့စကားကြောင့် မတ်စတီးခန့် မျက်လုံးထဲ တင်းမာမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။


''အေးပါ..ပုဏ္ဍား..ဒီနေ့ပြောခဲ့တဲ့ မင်းစကား..မင်းမှတ်ထားပါ..အဲ့ဒီစကားအတွက် မင်းတစ်ခုခု ပြန်ပေးရလိမ့်မယ်''

…………………………………………………………………

ပထမကမ္ဘာစစ်ပြီးခါစ ရန်ကုန် သည် လူဦးရေ ပိုမိုထူထပ်သိပ်သည်းလာသည်။

ပထမကမ္ဘာစစ်မဖြစ်ပွားခင်ကာလက ရန်ကုန်၏ လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကုလားနှင့် တရုတ် များပင်ဖြစ်ပြီး ဒေသခံဗမာလူမျိုးကားလူနည်းစုဖြစ်နေလေသည်။


ယခုမူ ဗမာလူမျိုးအများစုသည် မြို့ပြင်ဖြစ်သော ရေကျော်၊ ပုဇွန်တောင်၊ ကြည့်မြင့်တိုင်၊ အလုံ၊ ကမာရွတ်တဝိုက်မှတဆင့် လမ်းမတော်အပါအဝင် ရန်ကုန်မြို့အတွင်းဘက်သို့ ဖြန့်ကျက်လာခဲ့ပြီဖြစ်သည်။


သို့သော် စီးပွားရေးလောကတွင် တရုတ်နှင့် ကုလားအများစုက စိုးမိုးထားသကဲ့သို့ ဒုစရိုက်လောကတွင်လည်း တရုတ်နှင့် ကုလားဂိုဏ်းများသာ ကြီးစိုးထား၏။


တရုတ်လျှို့ဝှက်ဂိုဏ်းများဖြစ်သော ဟုန်ပန်းအနီဂိုဏ်း နှင့် ရှန်ဟိုင်းအစိမ်းဂိုဏ်တို့မှာ နိုင်ငံတကာကို ဖြန့်ကျက်ထားသကဲ့သို့ ရန်ကုန်ကိုလည်း ခြေကုပ်ယူထားကြသည်။


အနီဂိုဏ်းမှာ မန်ချူးအစိုးရဆန့်ကျင်ရေးသမားများဖြစ်ပြီး ဂမ္ဘီရဆန်ဆန်ဖွဲ့စည်းထားသည်။

အများစုမှာ ငွေကြေးကြွယ်ဝပြီး ဂိုဏ်းဝင်အချင်းချင်း အပြန်အလှန် ကူညီကြသော စီးပွားရေးသမားများဖြစ်ပြီး တရုတ်ဖရီးမေဆင်ဂိုဏ်း ဟု သူတို့ကိုယ်သူတို့ သမုတ်ထားကြသည်။


အစိမ်းဂိုဏ်းမှာ တရားမဝင်လုပ်ငန်းများ၊ ကုန်သွယ်မှုများကို လုပ်ကိုင်ကြပြီး သူတို့အကျိုးစီးပွားကို ထိလာလျှင် ရက်စက်စွာ စီရင်တတ်ကြသည်။

တရုတ်ဂိုဏ်းအများစုကို ရန်ကုန်ပုလိပ်များက ကြောက်ရွံ့ကြသည်။


သို့သော် တရုတ်ဂိုဏ်းများမှာ အကျိုးအမြတ်များသော ကုန်သွယ်ရေးလုပ်ငန်းကြီးအများစုကို သာ စိတ်ဝင်စားတတ်ပြီး သူအခြေချသော ဒေသမှ ဒေသခံလူမျိုးများအပေါ် တိုက်ရိုက်အနိုင်ပြုကျင့်ခြင်းကို အထူးရှောင်ကြဉ်ကြသည်။


ဘိန်းခန်း၊ ပြည့်တန်ဆာခန်း ၊ အရက်ဆိုင် စသည်တို့ကို ဆက်ကြေးကောက်ခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ အလုပ်ကို တရုတ်လျှို့ဝှက်ဂိုဏ်းများက မလုပ်တတ်ကြ။


သူတို့တွင် စီးပွားရေးအပြင် နိုင်ငံရေးရည်ရွယ်ချက်နှင့် ကြီးမားသော ကွန်ယက်အဆင့်ဆင့်ရှိသဖြင့် အလျှို့ဝှက်ဆုံး နေထိုင်ကြသည်။

သူတို့ကို လာမထိလျှင် အရာအားလုံးကို လျှစ်လျှူရှုထားတတ်ကြသည်။


ထိုအခြေအနေတွင် လူဦးရေအများဆုံးဖြစ်သော ကုလားဂိုဏ်းများ က ကြီးစိုးလာတော့သည်။

ရန်ကုန်တွင် မကျည်းသီးဂိုဏ်းလုံး၀ အရေးနိမ့်သွားပြီးသည့်နောက် မတ်စတီးခန်းမိသားစုသည် ရန်ကုန် အနောက်ပိုင်းအထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့သည်။

စပတ်လမ်းမှ သိမ်ကြီးဈေးအထိသည် မတ်စတီးခန်းအာဏာတည်ရာ ဒေသဖြစ်လာသည်။

အရှေ့ပိုင်းတွင်မူ မဟာမိတ်ဖြစ်သည့် မန်မဆာဂိုဏ်း ရှိနေသည်။


မန်မဆာမိသားစု သည် အပိုင်စားသည်မှာ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလောက ပင်ဖြစ်သည်။

မန်မဆာ မိသားစု ကို တည်ထောင်သူ မစ္စတာမန်မဆာ သည် တချိန်က ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ရထားလုံးများနှင့် လန်ချားများ ကို ပိုင်ဆိုင်သူဖြစ်သည်။


နဂိုကပင် လက်ရဲဇတ်ရဲရှိသော မန်မဆာ သည် ရထားလုံးသမား ၊ လန်ချားသမားများထဲမှ လူဆိုးလူမိုက်များကို ရွေးချယ်ကာ မန်မဆာဂိုဏ်းကို စတင်ထူထောင်သည်။

ထို့နောက် ရန်ကုန်၏ သယ်ယူပို့ဆောင်ရေးတွင်အရေးပါလာသော ဘတ်စ်ကားလောကို ထိန်းချုပ်ရန် ကြိုးစားတော့သည်။


ဘတ်စ်ကားပိုင်ရှင်များမှာ မန်မဆာဂိုဏ်းကို လစဉ်ကြေးပေးဆောင်ခဲ့ကြရသည်။

မန်မဆာဂိုဏ်းသည် တဖြည်းဖြည်း အင်အားကြီးမားလာသည်နှင့်အမျှ ရန်ကုန်အရှေ့ပိုင်းမှ အခြား တရားမဝင် လုပ်ငန်းများကိုပါ ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။


ထိုအခါ မူလရှိနှင့်ပြီးသား မကျည်းသီးဂိုဏ်း (ခေါ်) Meshidi တို့နှင့် ထိပ်တိုက်တွေ့ကာ သွေးချောင်းစီးတိုက်ပွဲကြီး ဆင်နွှဲခဲ့ရခြင်းပင်။

သို့သော် မက်စတီးခန်း အကူအညီကြောင့် မန်မဆာတို့ အနိုင်ရခဲ့သည်။

အနိုင်ရပြီးသော်လည်း မန်မဆာတို့မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့။


သူတို့ မျှော်မှန်းထားသလို ရန်ကုန် ကို အပြီးမသိမ်းနိုင်ခဲ့ပဲ မတ်စတီးခန်း ပေးသလောက်နယ်မြေကိုသာ ယူခဲ့ရသည်။

သို့သော် အပြန်အလှန်အားဖြင့် မတ်စတီးခန်း၏ အရှိန်အဝါဖြင့် မန်မဆာဂိုဏ်းမှာလည်း ရန်ကုန်တွင်မည်သည့် လူမိုက်ဂိုဏ်းမှ မထိရဲသော ဂိုဏ်းတစ်ခုဖြစ်လာသည်။


ပုဏ္ဍားဘထွန်း မှာ ပြိုကွဲသွားသော ဟိန္ဒူမကျည်းသီးဂိုဏ်းကို ပုန်ကန်ခဲ့သည့် ဂိုဏ်းသားဟောင်းတစ်ဦးဖြစ်သည်။

မကျည်းသီး နှင့် မန်မဆာ တို့ အရှေ့ပိုင်းတွင် စစ်ပွဲများပြင်းထန်နေချိန်တွင် လမ်းမတော်တဝိုက်ကို ပုဏ္ဍာဘထွန်းက ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သည်။

ယခင်ဗမာလူမိုက်ဖြစ်သော သိမ်ကြီးဈေးလှဖေ ကို ဒလတစ်ဖက်ကမ်းသို့ မောင်းထုတ်ပြီး သိမ်ကြီးဈေးကို မတ်စတီးခန်းလက်သို့ ပဏ္ဍာဆက်ခဲ့ကာ လမ်းမတော်ကို အပိုင်စားယူထားခဲ့သည်မှာ ယခုအထိပင်။


ပုဏ္ဍားဘထွန်း၏ နယ်မြေကား ရန်ကုန်တစ်မြို့လုံးတွင် အဆူဖြိုးဆုံး အဆီအနှစ်များရှိသည့်နေရာဖြစ်သည်။

လမ်းမတော်သည် ရန်ကုန် ဒုစရိုက်လောကတွင် ငွေရှာလို့ အကောင်းဆုံးနေရာဖြစ်သည်။


ရွှေဒင်္ဂါးတစ်ပြား တစ်ဆယ့်ခြောက်ကျပ်ခေတ်တွင် တစ်လ တစ်ထောင်ဝင်နေသော ပုဏ္ဍားဘထွန်းသည် လက်ဖျားငွေသီးလာသည်။

ငွေ အင်အားသုံးကာ လူဝင်ဆန့်လာသည်။

ကုလားနိုင်ငံရေးသမားများနှင့် ပေါင်းသင်းလာနိုင်ပြီး တိုင်းပြုပြည်ပြုလွှတ်တော်အထိ ဝင်ဆန့်လာသည်။

ယင်းမှတဆင့် မျက်နှာဖြူအသိုင်းအဝန်းကို ပေါက်ရောက်လာနိုင်ခဲ့သည်။


ပုဏ္ဍားဘထွန်း ကား မတ်စတီးခန်း ၏ အင်ပါယာကို မသိမသာ မျက်စောင်းထိုးလာခဲ့ပြီဖြစ်သည်။

မတ်စတီးခန်းနှင့် မန်မဆာမိသားစု ကလည်း တစ တစ ခြေလှမ်းကြဲလာသော ပုဏ္ဍားဘထွန်း ကို စောင့်ကြည့်နေကြသည်။


ထိုအခြေအနေတွင် မာမွတ်ကိစ္စ ပေါ်လာခြင်းပင်။

တကယ်တော့ မာမွတ်သည် မတ်စတီးခန်း ၏ အရေးအပါဆုံး ခံစစ်ကြောင်းဖြစ်သည်။

အနောက်ပိုင်းသားတို့ ဝင်လာနိုင်သည့် လမ်းကြောင်းတွင် မာမွတ်က ဆီးခံနိုင်သော အင်အားစုရှိသည်။

အခုတော့ မာမွတ်မှာ သေလုမျောပါးဒဏ်ရာများနှင့် ဆေးရုံမှာ။


မတ်စတီးခန်း ကား မာမွတ် အရိုက်ခံရခြင်းမှာ ပုဏ္ဍားဘထွန်း လက်ချက်ဟု သံသယဝင်နေသည်။

ပုဏ္ဍားဘထွန်း ကလည်း သူ့ကို အပြတ်ရှင်းခြင်သဖြင့် အကြောင်းပြချက်ရှာသည်ဟု ယူဆသည်။

သို့သော်…မာမွတ်အရိုက်ခံရမှုမှာ ပုဏ္ဍားဘထွန်း အတွက် ပဟေဠိဖြစ်နေ၏။


မိမိကို ဖြိုချင်ရုံဖြင့် သူတို့ မိသားစုနှစ်စု၏ အဓိက ရှေ့တန်းခံစစ်ဖြစ်သော မာမွတ်ကိုတော့ ထိုးမကြွေးတန်ရာ။


သည်လိုဆို..မာမွတ်ကို မည်သူ ရိုက်သနည်း။


မာမွတ်အရိုက်ခံရပြီးနောက်ပိုင်း အရှေ့ပိုင်းရန်ကုန် နှင့် အနောက်ပိုင်းရန်ကုန် ၏ လူမိုက်အဖွဲ့များအကြား ဆက်ဆံရေးသည် အေးစက်နေခဲ့သည်။


ထိုအေးစက်နေသော ဆက်ဆံရေးသည် အထိမခံသည့်အခြေအနေက တစ်စုံတစ်ရာ အကြီးအကျယ် ပေါက်ကွဲထွက်တော့မည့် အတိတ်နိမိတ်နှယ်။

ထိုအခြေအနေတွင် ရန်ကုန်အနောက်ပိုင်း လမ်းမတော်တဝိုက်မှ လူငယ်များကြားထဲတွင် ဖိုးတုတ် ၏ နာမည်ကား တဖြည်းဖြည်း ကြီးလာနေပေပြီ။


မာမွတ်အရိုက်ခံရသည့် မနက် က ဖိုးတုတ် နှင့် သူ့ဘော်ဒါ ဂန္ဒမာသောင်းရီ ကို ဒါလဟိုဇီလမ်းထိပ် ရှိ လန်ချားပေါ်သို့ တက်သွားသည်ကို မြင်လိုက်သည့် သူအချို့ရှိနေသည်။


လမ်းမတော်သည် ဆိပ်ကမ်းပေါင်းများစွာ ရှိသည့်အပြင် ရန်ကုန်မြို့တွင်းသို့ ဝင်ရာတွင် အနီးဆုံးရှိသည့် အတွက် လူတန်းစားပေါင်းစုံ မှီခိုရာဖြစ်သည်။


တရုတ်လူမျိုးတို့၏ ဘိန်းခန်းများ၊ ဂျပန်ပြည့်တန်ဆာများပင် ထားရှိသည့် ပြည့်တန်ဆာခန်းများ၊ ပျော်ပွဲစားရုံများ၊ အရက်ပုန်းဆိုင်များ ဖြင့် ပြည့်နှက်နေသည်။

ထိုနေရာများကို မှီခိုလျက်ရှိသော ပျံကျသမားများ၊ ခြေသလုံးအိမ်တိုင်သမား လူငယ်များ သည် ညအခါတွင် လမ်းမတော်ရပ်ကွက်အတွင်း ပြည့်နှက်နေကြ၏။


ထိုလူငယ်များအားလုံးသည် လူမိုက်ဂိုဏ်းများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေကြသူများပင်။ အထူးသဖြင့် ဗမာလူငယ်များသည် လူမျိုးခြားလူမိုက်ဂိုဏ်းများကို စိတ်ကုန်နေကြသည်။


နိုင်ငံရေးအခြေအနေကလည်း YMBA အဖွဲ့ကြီး၏ ဝံသာနုလှုပ်ရှားမှုများ ခေတ်ကောင်းနေချိန်ဖြစ်သဖြင့် ထိုရိုက်ခတ်မှုက လူငယ်များ၊ လူမိုက်များ လောကအထိ ရိုက်ခတ်လာသည်။


လူမိုက်လောကတွင်လည်း ကုလားဂိုဏ်းများကို ဖြိုနိုင်မည့် ဗမာလူမိုက်ဂိုဏ်းတစ်ခုကို မျှော်လင့်နေခဲ့ကြသည်။







အခန်း()

……………


''ကိုဖိုးတုတ်..ကျွန်တော့်ကို ဘကြီးဘိုးသင် လွှတ်လိုက်တာပါ''


''အေး..ငါ မနက်က ဦးလေးဆီက စာရတယ်..ဒါနဲ့ မင်း နာမည် ဘယ်လိုခေါ်လဲ''


''စံဘ ပါ''


''ဟုတ်ပြီ..ထိုင်ကွာ''


အသားကမဲမဲ။ လူကောင်က သေးညှက်ညှက်။ သျှောင်ပေစူးပင် မဖြုတ်ရသေး။

ထိုဆယ်ကျော်သက် လူငယ်က ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်သည်။


''ကဲ..စံဘ..မေးပါရစေဦးကွာ…မင်းဘာလို့ လူသတ်ခဲ့တာတုန်း''


''ကျွန်တော့် နွားကို.လေးခွနဲ့ ပစ်ထည့်တာ မျက်လုံးမှန်သွားတယ်ဗျ…ပထမတစ်ခါကလည်း ကျွန်တော့် ကို ဒီကောင်လေးခွ နဲ့ ချိန်ပြီး ဆဲသေးတယ်..ဒီတစ်ခါတော့ မရတော့ဘူးဆိုပြီး… ဓါးမနဲ့ဝင် ပိုင်းထည့်တာ..ဇတ်ကို ပြတ်ရောဗျ''


''အေး..ကြိုက်ပြီကွာ..စံဘ..ဟုတ်ပြီ..စံဘ။ မင်းက ငါနဲ့ တစ်ရွာတည်းသားဆွေမျိုးတွေဆိုတော့ ငါ့မှာ မင်းကို ကူညီရမှာပေါ့။ ညီအကိုအရင်းလိုပဲ မှတ်ပါတယ်ကွာ ။ ပုလိပ်ကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီနယ်မြေထဲ ငါတတ်နိုင်သလောက်တော့ ရှင်းလင်းပေးထားမယ်..ဟုတ်ပြီလား… ကဲ..ဂန္ဒမာရေ…ဒီတောသားကို ဒီည ချိုင်းနားစတန်းကို လိုက်ပို့ပြီး မြို့နိဗ္ဗာန် ကို ပြပေးလိုက်ကွာ..ငါနဲ့ အုန်းဖေက ဒီည အေးရွာဘက် ကမ်းကိုကူဖို့ရှိလို့..စိတ်ချမယ်နော်''


''အေးပါ..ဖိုးတုတ်ရာ..မင်းတောသားကို ဟိုတရုတ်ဝတုတ်မလေး ချိုက်ဟုန်နဲ့ ငါ လွှတ်ပေးလိုက်မယ်''


''ဟိတ်ကောင်…ချိုက်ဟုန်တော့ မထိနဲ့ကွာ.. တောသားရဲ ဆွဲထုတ်တဲ့..ဒီကောင်နဲ့ ချိုက်ဟုန် ဆို ကလေးမ သနားဖို့ကောင်းပါတယ်ကွာ..အေး..ဒါနဲ့ အဲ့ဒီကို မဝင်ခင်..ဟိုဖာရစီ အာမက် ရဲ့ ဘိန်းခန်းကို ဝင်ပြီး ဒီလအတွက် ငွေယူခဲ့ဦး..ပြီးရင် ဘသိန်းဆီ စာရင်းနဲ့ သေချာပြန်အပ်''


''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်ရယ်….ဟုတ်ကဲ့ပါ..''


ဖိုးတုတ် သည် သူ၏ နယ်မြေဧရိယာသေးသေးလေးကို တဖြည်းဖြည်းချင်း ချဲ့ထွင်လာခဲ့ပြီဖြစ်သည်။


ဂန္ဒမာသောင်းရီ၊ အုန်းဖေ၊ ငညွန့် စသော လက်ရဲဇက်ရဲလူငယ်များမှာ ဖိုးတုတ်ထံတွင် အမာခံရှိနေပြီဖြစ်သည်။


ပုဏ္ဍားကျော်ထွန်း ကဲ့သို့ နှံံ့နှံ့စပ်စပ်ရှိသည့် လူလည်လူမိုက်လေးများကလည်း ဖိုးတုတ်၏ အရိပ်အောက်ကို ခိုလှုံလာကြသည်။


ယခု ဖိုးတုတ်၏ ဇာတိ ကမာစဲကျေးရွာမှ လူသတ်ပြီး ပြေးလာခဲ့သည့် ညီဝမ်းကွဲ စံဘ သည်လည်း ဖိုးတုတ်အတွက် အင်အားဖြည့်ရန် ရောက်လာခဲ့ပြန်သည်။


လမ်းမတော်အနောက်ဘက်ခြမ်းနှင့် ကမ်းနားတဝိုက်အချို့နေရာများတွင် ပုဏ္ဍားဘထွန်း၏ ဆုတ်ခွာနေရပြီး ဖိုးတုတ်၏ လူများက တဖြည်းဖြည်း နေရာချဲ့ယူနေကြသည်။


ပုဏ္ဍားဘထွန်းမှာလည်း ဖိုးတုတ်သတင်းကို ကြားသော်လည်း မတ်စတီးခန်း နှင့် ကိစ္စကို သာ အာရုံစိုက်နေသဖြင့် ဖိုးတုတ်တို့အား ခဏတာ လာလောင်သည့် မီးညွှန့်လေးတွေအဖြစ် သာ သဘောထားသည်။


ဖိုးတုတ် ကတော့ အနာဂတ် အင်ပါယာတစ်ခုအတွက် တစ်လှမ်းချင်း ချီတက်လျက်။

…………………………………………………………………………………………


တိတ်ဆိတ်ခြင်းသည် အမှောင်ထုထဲ မင်းမူနေသည်။


ကြည့်မြင်တိုင်ဆိပ်ကမ်းတစ်လျှောက် ရန်ကုန်မြစ်ဘက်ဆီမှ ပဲချိတ်သံလေးများ က ဟိုတချက် ဒီတချက် ကြားနေရသည်။


ထီးတန်းဆိပ်ကမ်းဘက်သို့ ကပ်လာသည့် ငှက်သဗ္ဗာန်ပေါ်မှ လူနှစ်ယောက် ဆင်းလာသည်။


တစ်ဦးကား အရပ် ငါးပေ ရှစ်လက်မခန်၊ ခေါင်းတုံးဆံတောက်နှင့် ချပ်ချပ်ရပ်ရပ်။


တစ်ဦးကား တုတ်တုတ်ခိုင်ခိုင်၊ ဂင်တိုတိုဖြင့် ခေါင်းပေါင်း ပေါင်းထားသည်။


ဆိပ်ကမ်းတွင် ဆိုက်ထားသည့် သဗ္ဗာန်များ၏ အလင်းရောင်ကို လွန်လာသည်နှင့် လမ်းမဘက်ဆီတွင် မှောင်မဲနေသည်။


''နောင်ကြီးတို့ ဘယ်က ပြန်လာကြတာလဲ''


တဖက်ကမ်းမှာ ပြန်လာကြသော ထိုလူနှစ်ယောက်ကို ကားတစ်စီးဖြင့် စောင့်နေသည့် ပုလိပ်သားများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက လှမ်းမေးလိုက်သည်။


''သြော်..ကျွန်တော်တို့ အေးရွာဘက်က မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်သွားပြီ ပြန်လာတာပါ..ပုလိပ်မင်းတို့''


ခေါင်းတုံးဆံတောက်နှင့် လူက ရိုရိုသေသေ ပြန်ဖြေသည်။


ပုလိပ်သားနှစ်ယောက်က ဂင်တိုတို လူငယ်ထံသို့ တိုးကပ်သွား၏။


''ဒါနဲ့..ဖိုးတုတ် ဆိုတာ မင်းလား''


''သူမဟုတ်ဘူး..ကျုပ်''

ခေါင်းတုံးဆံတောက်နှင့် လူငယ်က ထဖြေလိုက်သည်။


''အေး..ဒါဆို မင်းကို မာမွတ်ကို ရိုက်မှုနဲ့ ဖမ်းလိုက်ပြီ''


အုန်းဖေက သူ့ခါးကြားတွင် ထိုးထားသော ဓါးမြှောင်ကို ရုတ်တရက်ထုတ်ရန် ပြင်လိုက်သည်။


''အုန်းဖေ..မလုပ်နဲ့…မလုပ်နဲ့..စိတ်အေးအေးထား''


ဖိုးတုတ် တားလိုက်သဖြင့် အုန်းဖေက က မူမပျက် ပြန်နေလိုက်သည်။


''ခင်ဗျားတို့..ဘယ်ဂါတ်ကလဲ''


''ငါတို့ ပန်းဆိုးတန်းဂတ်က''


လက်မောင်းတွင် သုံးရစ်ကပ်ထားသော ပုလိပ်က ဆာဂျင်က ဖိုးတုတ် ကို လက်ထိပ်ခတ်လိုက်သည်။


ကျန်သည့် ပုလိပ်သားနှစ်ယောက်က ဖိုးတုတ်ကို ကားပေါ် ဆွဲတင်သည်။


''အုန်းဖေ..မိုးလင်းတာနဲ့ ဦးလေးဘိုးသင် ဆီသွား၊ ပြီးရင့် ငါ့ကို ပန်းဆိုးတန်းဂတ်မှာ လာတွေ့လို့၊ ဒီကိစ္စ အမေ ဘာမှ မသိစေနဲ့။ ငါခရီးထွက်သွားတယ်လို့ ပြောထား၊ကြားလား''


ကားက ဝေါခနဲ မောင်းထွက်သွားသည်။

အုန်းဖေ လည်း လမ်းမတော်ဖက်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွားတော့သည်။

…………………………………………………………………………………………


''ဆလံမာလေးကွန်းပါ…ဂွတ်အာဖတန်းနူး..မင်္ဂလာပါ..ကောင်ကလေး''


ဖိုးတုတ် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။

သူ့မျက်ခွံတွေ လေးလံနေ၏။

နှာခေါင်းတွေ ယားယံနေသလို မျက်နှာ့အနှံ့လည်း နာကြင်နေသည်။

ဖိုးတုတ် အားယူပြီး မျက်လုံးကို ဖွင့်ကြည့်၏။ ဘယ်ဘက်မျက်လုံးတွင် သွေးစတို့ဖြင့် စေးကပ်နေသဖြင့် ဖွင့်မရ။

ညာဘက်မျက်လုံးကတော့ ဖြည်းဖြည်းချင်း ပွင့်လာသည်။


သူ့ရှေ့တွင် ကျွန်းကုလားထိုင်ကြီးဖြင့် ထိုင်နေသူ တစ်ယောက်။


ရွှေချထားသော သက္ကလပ်ဦးထုပ်ကို ဆောင်းထားပြီး အင်္ဂလိပ် အိုင်စီအက်စ်များ ကိုင်လေ့ရှိသည့် တုတ်ကောက် တစ်ချောင်းကို ကိုင်ထားသည်။


''ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ..ကောင်လေး.အိုင်အမ်သကင်းအော့ဖ် ရန်ဂွန်း.ငါဟာ ရန်ကုန်ရဲ့ ဘုရင်ကြီးပါ။ မတ်စတီးခန်းပါ''


''မာမွတ်ဘိုင်က ခုထိ မထနိုင်သေးလို့ မင်းအခုလို မျက်လုံးတစ်လုံးနဲ့ ငါ့ကို ဖူးမြင်ခွင့်ရတာကွ။ မာမွတ်ဘိုင်ကို ကျေးဇူးအရင်တင်လိုက်။ ပြီးရင်တော့ မင်း အလ္လာ့ကို ကျေးဇူးတင်။ ဘာလို့လဲဆိုတော့ မင်းဟာ မာမွတ်ဘိုင် လို အပေါစားလူမိုက်ကောင်ရဲ့ အသတ်ကို ခံရမှာမဟုတ်ဘဲ…ဘုရင်ကြီးမတ်စတီးခန်းကိုယ်တော်တိုင် စီရင်ခြင်းကို ခံရမှာမို့ပဲ..မောင်ဖိုးတုတ်''


ဖိုးတုတ် စကားပြောရန် ပြင်လိုက်စဉ်တွင် အု အု ဟူသော အသံသာ ထွက်လာသည်။


တဆက်တည်း သူ့လည်ပင်းမှ တင်းကြပ်ကြပ် အထိအတွေ့ကို ခံစားလိုက်ရသည်။

အသက်ရှုရကြပ်နေသည်။


လည်ပင်းဆီမှ နာကြင်သော အထိအတွေ့ကိုလည်း ရ‌ေန၏။

မျက်လုံးကို အောက်ဆိုဒ်ကြည့်လိုက်သောအခါ သူ့လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်လျက်သား။


''မရုန်းနဲ့..ကောင်လေး..ဒါ..မင်းအတွက် ငါစီစဉ်ထားတဲ့ ကြိုးစင်ပဲ။ ပထမတော့ ဒီကြိုးစင်ဒေါက်ကို မာမွတ်ကို ဖြုတ်ခိုင်းမလို့ပဲ။ အခုက မာမွတ်က မင်းလက်ချက်နဲ့ မထနိုင်သေးဘူးဆိုတော့…ဟဲ..ဟဲ…ဘယ်လိုလဲ သိပ်ကြောက်သွားပြီလားကွ..လူမိုက်ကလေး''


သေရတော့မည်ဆိုသည့် အသိက ဖိုးတုတ် စိတ်တစ်ခုလုံးကို ဝုန်းဒိုင်းကြဲသွားစေသည်။


သို့သော် ဖိုးတုတ် ကား စိတ်လှုပ်ရှားလေ..အပြင်ပန်း ပိုမိုတည်ငြိမ်လေဖြစ်သည်ဟု ဦးဘိုးသင် ပြောခဲ့သည့် မှတ်ချက်အတိုင်းပင်။


တစ်လုံးတည်းသော မျက်လုံးဖြင့် မတ်စတီးခန်းကို ရှှုတည်တည် စိုက်ကြည့်နေလေသည်။


''အိုး..မင်းက အကြောက်တရားမရှိတဲ့ ရှိုက်တန်တစ်ကောင်ပဲကွ..အေးပါ..အေးပါ..ကဲ..မင်း နောက်ထပ် ကျေးဇူးတင်ရမယ့် လူတစ်ယောက် လာတာနဲ့ မင်းကို အဲ့ဒီကြိုးကွင်းကနေ ငါဖြုတ်ပေးမှာပါ..မင်းနဲ့ ငါတို့ ရှေ့ဆက်စရာတွေ အများကြီးရှိပါသေးတယ်ကွာ..ကဲ..အပြင်မှာ ကားသံကြားတယ်..ငါ့ညီ တွေ ရောက်နေပြီထင်တယ်..အိုကေ..မောင်ဖိုးတုတ်..အိုကေ''


မတ်စတီးခန်းက ရွှေဦးထုတ်ကို ဆောင်းကာ ထိုင်ခုံမှ ထပြီး အပြင်သို့ထွက်သွားသည်။


ခဏအကြာတွင် မတ်စတီးခန်း၏ သက်တော်စောင့် ဘီလားဘိုင် ဝင်လာပြီး ဖိုးတုတ်လည်ပင်းမှ ကြိုးကို ဖြုတ်ပေးသည်။

လက်တွင် ချည်ထားသော ကြိုးကိုမူ ဖြည်မပေး။


ဖိုးတုတ်ကို ပုခုံးမှဖက်ကာ ဂိုထောင်အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။


အပြင်ဘက်တွင် မြစ်ပြင်ကို တိုက်ခတ်လာသော လေညှင်းက ဖိုးတုတ်ကို ဆီးကြိုလိုက်သည်။

မျက်လုံးမြင်ကွင်းကျဉ်းကျဉ်း ထဲ တွင် ရန်ကုန်မြစ်ကြီးကို ဖိုးတုတ်မြင်နေရသည်။


ဒါဘယ်နေရာလဲ။

ကမ်းနားတွင် ခုန ရွှေရောင်ဦးထုတ်ကြီး တလက်လက်နှင့် မတ်စတီးခန်း က စားပွဲနှင့် ကုလားထိုင်နှင့် စမတ်ကျကျ ထိုင်နေသည်။


သူ့ဘေးတွင်တော့ အရပ်မြင့်မြင့်၊ အသားညိုညို၊ မျက်မှန်ရွှေကိုင်းဖြင့် လူလတ်ပိုင်းတစ်ယောက်။

လွတ်နေသော ထိုင်ခုံတွင် ဖိုးတုတ်ကို ထိုင်ခိုင်းလိုက်သည်။


''ကဲ..မစ္စတာဖိုးတုတ်…ဆွေးနွေးပွဲမစခင် ဘာများ သုံးဆောင်မလဲဗျ''


''ဝီစကီ ရမလား''


''ကျုပ်တို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မဟာမေဒင်တွေပါဗျာ။ အရက် မသောက်ပါဘူး။ လူကြီးမင်း သောက်ချင်ရင်တော့ ခဏနေ သျှီသျှားအိုး ရောက်လာလိမ့်မယ်။ ဒါပေမယ့် ကျုပ်တို့ သောက်ပြီး ကျန်တာကိုပဲ လူကြီးမင်း သောက်ခွင့်ရမှာပါ..ဟဲ..ဟဲ''


ဒဏ်ရာအပြည့်ဖြင့် စုတ်ပြတ်နေသည့် ဖိုးတုတ်မျက်နှာက ခံစားချက်မဲ့နေသော လူသေကောင် တစ်ကောင်ကဲ့သို့ပင်။


သေဘေးကြီးမှ သူလွတ်လာပြီမို့..မတ်စတီးခန်း၏ စကားကို သူအာရုံထဲ ဖမ်းဆုပ်မရ။


''ကဲ…အခုပဲ ကြိုးစင်ပေါ်က ဆင်းလာရတာဆိုတော့ စိတ်လှုပ်ရှားနေမှာပေါ့..စိတ်ငြိမ်သွားအောင် စီးကရက်လေး တော့ ငါ့ဘက်က တိုက်နိုင်ပါတယ်..မောင်ဖိုးတုတ်''


မတ်စတီးခန်းက ကုလားအုတ်တံဆိပ် စီးကရက် တစ်လိပ်ကို ထုတ်ပြီး ဖိုးတုတ်၏ နှုတ်ခမ်းတွင်တေ့‌ေပးလိုက်၏။ ပြီးနောက် စီးကရက်ဗူးကို သူ့အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။


မတ်စတီးခန်း၏ ဘေးတွင် ထိုင်နေသော လူက မီးခြစ်ဗူးအကောင်းစားထဲမှ မီးခြံဆံကို ခြစ်ကာ ဖိုးတုတ်ထံ မီးညှိ့ပေး၏။


''ဟား..ဟား..ဟား..အဘိုင်လေးဖိုးတုတ်..အဘိုင်လေးဖိုးတုတ်..မင်းက တယ်ကံကောင်းတဲ့ကောင်ပဲ…မင်းက အခု ရန်ကုန်ရဲ့ ဘုရင်ကြီး မတ်စတီးခန်း တိုက်တဲ့ စီးကရက်ကို သောက်တယ်။ အဲ့ဒီစီးကရက်ကို ရန်ကုန်ရဲ့ အတော်ဆုံးစစ်သူကြီး မစ္စတာမန်မဆာ ကိုယ်တိုင် မီးညှိပေးရတယ်။ ဟား..ဟား..ကောင်းလိုက်တာကွာ''


ဖိုးတုတ်က စီးကရက်ကို နှုတ်ခမ်း၏ ညာဘက်ထောင့်ဖြင့် ဖိထားလိုက်ပြီး


''ဟုတ်ပါပြီလေ…နောက်ထပ် ခင်ဗျားတို့ ကျုပ်သောက်တဲ့ စီးကရက်ကိုပါ မကိုင်ပေးထားချင်ရင်တော့..လက်ကို ကြိုးဖြည်ပေးဦးဗျ''


ဖိုးတုတ်၏ တုန့်ပြန်စကားကြောင့် မက်စတီးခန်း မျက်နှာက အပြုံးများ ပြန်ပြေလျော့သွားသည်။


''ဟုတ်သားပဲ…ဘီလားဘိုင်..ကြိုးဖြည်ပေးလိုက်''


ဘီလားဘိုင်က ကြိုးဖြည်ပေးလိုက်ပြီးနောက် ဖိုးတုတ်သည် နှုတ်ခမ်းဖျားမှ စီးကရက်ကို လက်ကြားတွင် ညှပ်လိုက်သည်။


''ဒီလောက်ဆို..မင်းအခု တွေ့နေတဲ့သူတွေက ဘယ်သူတွေဆိုတာ မင်းသိပြီပေါ့..မောင်ဖိုးတုတ်''


''သိပါပြီ..ဒါနဲ့ ကျုပ်ကို ဘာလို့ မသတ်ကြတာလဲ''


''ငါ့သဘောနဲ့ ငါဆို သတ်ပြီးပြီ..ဖိုးတုတ်..ဒါပေမယ့် ဟော့ဒီက ငါ့ညီအစ်ကို မစ္စတာမန်မဆာ က ငါ့ကို အကြံတစ်ခုတင်ပြလာလို့.. အဲ့ဒါ မင်းနဲ့ ငါတို့ ကြား အပေးအယူတစ်ခု လုပ်မလို့''


''ဘာ အပေးအယူလဲ''


''ငါတို့ အခု မင်းကို မသတ်ဘူး။ ပြန်လွှတ်ပေးမယ်။ မင်း လမ်းမတော်ကို သွားရမယ်။ အရင် မင်းလုပ်နေကျ အလုပ်တွေ ပြန်လုပ်ရမယ်''


''ဟုတ်ပြီလေ..ဒါဆို ကျုပ်က ခင်ဗျားကို ဘာပြန်ပေးရမလဲ..ပြော''


''ဘာမှ ပြန်မပေးနဲ့..မင်းပေးရမှာ ကတိတစ်ခုတည်းပဲ..မင်း က လမ်းမတော်မှာ နေရာတစ်ခု ရလာပြီဆိုတာ ငါတို့ သိထားတယ်..ဒီတော့ လမ်းမတော်က ပုဏ္ဍားဘထွန်းနဲ့ မင်းမကြာခင် တွေ့ရတော့မယ်ကွ..ဒီတော့ မင်းလုပ်ပေးရမှာက နှစ်ချက်ပဲ


တစ်…မင်းဟာ ပုဏ္ဍားဘထွန်း ရဲ့ အမြဲတမ်းရန်သူ ဖြစ်နေရမယ်။


နှစ်… တကယ်လို့ ပုဏ္ဍားဟာ ငါတို့ အရှေ့ပိုင်းသားတွေကို တိုက်ခိုက်ဖို့ မင်းကို လာညှိ့တဲ့အခါမျိုးမှာ မင်းက သူနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ မလုပ်ရဘူး။ ဘယ်လိုလဲ သဘောတူလား''


ဖိုးတုတ်က စီးကရက်ကို ဖင်စီခံအထိ ရောက်အောင် တရှိုက်တည်း ရှိုက်ပစ်လိုက်ပြီး မြေပြင်သို့ ပစ်ထုတ်လိုက်သည်။


''ဟုတ်ပြီလေ..ကျုပ် သဘောတူတယ်..ဒါပေမယ့်…ကျုပ်သိချင်တာတစ်ခုရှိတယ်...မာမွတ်ကို ကျုပ် ရိုက်တဲ့ကိစ္စ ခင်ဗျားကို ဘယ်သူ သတင်းပေးတာလဲ...''


''ဒီမှာ ဖိုးတုတ်..မင်းက ရန်ကုန်မှာ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ချာတိတ်လေးပဲကွ..တို့လောကမှာ ဒီကိစ္စမျိုးက စည်း ရှိတယ်ကွ။ အပေးအယူတိုင်းမှာ ကတိတွေ ရှိစမြဲပဲ။ ဒီတော့ ဒီသတင်းကို သိရဖို့လည်း ငါက သတင်းပေးနဲ့ အပေးအယူလုပ်ခဲ့တာမို့..မင်းကို မဖြေပေးနိုင်တာ စိတ်မကောင်းဘူး''


''မဟုတ်ဘူးဗျာ..နာမည်ဘယ်သူဆိုတာ တိုက်ရိုက်မပြောရင်တောင်..ကျုပ်သိချင်တာက ကျုပ်တပည့်တွေထဲကလား၊ကျုပ် လူရင်းထဲကလားဆိုတာ သိချင်တာ.. ကျုပ် သေမှာထက် သစ္စာဖောက်ခံရမှာကိုတော့ ကြောက်တယ်ဗျ..အဲ့ဒါကြောင့်''


''အိုကေ..အိုကေ.ငါခိုင်းလိုက်တဲ့ ပုလိပ်တွေက.မင်းရဲ့ မျက်လုံးတစ်ဖက်ကို ပိတ်နေအောင် ထိုးထားမိတဲ့အတွက်ရော..မင်းမျက်နှာလေးစုတ်ပြတ်သွားတဲ့အတွက်ရော လျှော်ကြေးအဖြစ် ငါ တစ်ခုတော့ ပြောလိုက်မယ်။ မင်းတပည့်တွေ၊ မင်းလူရင်းတွေက မင်းကို သစ္စာမဖောက်ပါဘူး''


''ဟုတ်ပြီလေ..ဒီလောက်ဆို ဘယ်သူဆိုတာ ကျုပ် ဖော်ထုတ်နိုင်ပါပြီ''


''အခု ငါတို့ ပြောတဲ့ စကားတွေသည် အလ္လာ့ကို တိုင်တည်ပြီး ငါတို့ ပြောတာဖြစ်သလို..မင်းလည်း မင်းကိုးကွယ်တဲ့ ဘုရားကို တိုင်တည်ပြီး ပြောပါ''


''ဟုတ်ပြီ..ကျုပ်က ဗုဒ္ဓဘာသာဆိုတော့ ဘုရားအဆူဆူကို တိုင်တည်ပြီးပြောတယ်..ကျုပ်သဘောတူတယ်''


''အိုကေ..ဒါဆို ငါတို့ ဆွေးနွေးမှု အောင်မြင်တယ်ပေါ့..ကဲ..ဘီလားဘိုင်..ဟော့ဒီက အဘိုင်လေးကို လမ်းမတော် သူ့အိမ်ရှေ့အထိ ကျုပ်ရဲ့ မော်တော်ကားနဲ့ လိုက်ပို့လိုက်ပါကွာ''


ဘီလားဘိုင်က ဖိုးတုတ်ကို လာတွဲထူရင်း မော်တော်ကားဆီ ခေါ်သွားသည်။

မော်တော်ကားပေါ် တက်ခါနီးတွင် မတ်စတီးခန်းက လှမ်းအော်သည်။


''သြော်..မောင်ဖိုးတုတ်ရေ..မေ့သွားလို့ကွ…. မင်းနဲ့ ငါတို့နဲ့ သဘောတူထားတဲ့အထဲ မာမွတ်ဘိုင် မပါဘူးနော်..မာမွတ်ဘိုင် ပြန်ကောင်းလာလို့ မင်းကို လာသတ်ရင်တော့ ငါတို့နဲ့ မဆိုင်ဘူးနော်..ဟားဟား''


ဖိုးတုတ် က ကားတံခါးကို ဂျိုင်းခနဲ ဆွဲပိတ်လိုက်သည်။


မတ်စတီးခန်း စီးသော အမိုးဖွင့် ဇိမ်ခံကားကြီးက ငြိမ့်ညောင်းစွာ မောင်းထွက်သွား၏။

…………………………………………………………………………………………


ဖိုးတုတ် ကို မတ်စတီးခန်း၏ ကားနှင့် လာပြန်ပို့သွားသည်ဆိုသည့် သတင်းနှင့်မာမွတ် ကို ဆော်လိုက်သူမှာ ဖိုးတုတ်ဟူသော သတင်းက လမ်းမတော်တခွင်နှင့် လူမိုက်လောကတွင် တမုဟုတ်ချင်း ပြန်နှံ့သွားသည်။


ဖိုးတုတ် ကား လူမြင်ကွင်းမှ ပျောက်နေသော်လည်း ဖိုးတုတ်၏ ပါဝါကား တစ်ရစ်ချင်း မြင့်တက်လာနေသည်။

ပုဏ္ဍားဘထွန်းမှာ ထိုသတင်းကို ကြားသောအခါ ဒေါသများ တအုံအုံတနွေးနွေးထွက်လျက်ရှိသည်။


မည်သူမျှ မော်မကြည့်ရဲကြသော လူမိုက်ထိပ်သီး မာမွတ်ကို ရိုက်ပစ်လိုက်ခြင်းနှင့် မတ်စတီးခန်း၏ ကားနှင့် အိမ်တိုင်ရာရောက်လာပို့သွားသည်ဆိုသည့်အချက်တွေက ဖိုးတုတ် ကို အမြင့်တစ်နေရာသို့ တွန်းပို့နေပေပြီ။

မာမွတ်ကိစ္စတွင် ပုဏ္ဍားဘထွန်းမှာ မတ်စတီးခန်း၏ အထင်အမြင်လွဲမှုကို ခံရရုံသာမက မတ်စတီးခန်းနှင့်ပင် စကား ကတောက်ကဆဖြစ်ခဲ့ကြသေးသည်။


မာမွတ်ကို ရိုက်ခဲ့သူ ဖိုးတုတ်က အမြတ်ထွက်သွားပြီး ဘာမှ မဆိုင်သည့် မိမိက ရန်စွယ်တွေပွားလာခြင်းပင်။

ပုဏ္ဍားဘထွန်း၏ အမြတ်တော်ကား ဖိုးတုတ်အပေါ်တွင် ရှလေပြီ။


သို့သော် ဖိုးတုတ်ကို သွားမထိရဲ။ သူ့လက်ရုံးမာမွတ်ကို သေလုမျောပါးရိုက်ခဲ့သည့် ဖိုးတုတ်ကို မတ်စတီးခန်းက မည်သည့်အပေးအယူများနှင့် ပြန်လွှတ်ပေးလိုက်သည်မသိနိုင်။


ဖိုးတုတ် နှင့် မိမိ တိုက်ကြပါက မတ်စတီးခန်းသည် မည်သူ့ဘက်က ပါမည်လဲ။ စစ်ကူမည်လဲ။

ပုဏ္ဍားဘထွန်း သူ့ ဇာတာကို သူ့ဘာသာသူ ပြန်စစ်ကြည့်သည်။သူ့ပလ္လင်လှုပ်လာသည်က သေချာပြီ။

ထိုအခြေအနေတွင် ဘာမှ မလှုပ်ရှားပဲ ပိုနေမြဲ ကြားနေမြဲ နေရန် ဆုံးဖြတ်လိုက်သည်။


ပုဏ္ဍားဘထွန်း ငြိမ်နေချိန်တွင် ဖိုးတုတ် ၏ နာမည်ကျော်စရာ သတင်းတစ်ခု ကြားရပြန်၏။


ယင်းကား

''ကြည့်မြင်တိုင် စက်ဆန်းမှာ ဓါးဘသိန်းကို ဖိုးတုတ်က ငှက်ကြီးတောင် နဲ့ ဝင်ပိုင်းတာ..ဘသိန်း လက်တစ်ဖက် ထိပြီး ရေထဲ ခုန်ချပြေးသွားသတဲ့''

…………………………………………………………………………………………

ဓါးဘသိန်း။

ကမာရွတ်ရွာ အရက်ပုန်းချက်သည့် လုပ်ငန်းများနှင့် ပြည့်တန်ဆာတန်းများကို ပိုင်စိုးသူ။ ရံဖန်ရံခါ ရန်ကုန်မြို့လယ်ခေါင်တွင် လုယက်မှုများကို ဗြောင်ကျကျကျူးလွန်တတ်သူများသည် ဓါးဘသိန်း တပည့်များဖြစ်ကြသည်။ ဓါးဘသိန်း ကိုယ်တိုင်လည်း အနုကြမ်းစီးမှုတစ်ခုဖြင့် ပုလိပ်က ဝရမ်းထုတ်ထားသော လူဆိုးတစ်ယောက်။


မာမွတ်ကိစ္စဖြစ်ပြီးနောက် မတ်စတီခန်းနှင့် ပုဏ္ဍားဘထွန်းတို့ ဗျာများနေချိန်တွင် ဖိုးတုတ်သည် ရန်ကုန်တခွင်မှ ဇရှိသူ ဗမာလူမျိုး လူမိုက်လက်သစ်များ၊ လက်ဟောင်းများကို လိုက်လံစည်းရုံးနေချိန်ဖြစ်သည်။


မာမွတ်ကို ဖြိုလိုက်သူမှာ ဖိုးတုတ် နှင့် သူငယ်ချင်း ဂန္ဒာမာသောင်းရင်တို့ ဖြစ်ကြောင်း ပြောပြရင်း တစ်စုံတစ်ခု ဖြစ်လာပါက ဗမာလူမိုက်အချင်းချင်း ကြောချင်းကပ်ထားကြရန် မဟာမိတ်လိုက်ဖွဲ့ခဲ့သည်။


ကြည့်မြင်တိုင် ကြက်ကြား က ဗမာလူမျိုးမဟုတ်သော်လည်း ပုဏ္ဍားဘထွန်းနှင့်ရော မွတ်ဆလင်ဂိုဏ်းများနှင့်ပါ မတည့်သည့် လူမိုက်ဖြစ်သဖြင့် ဖိုးတုတ် ၏ ညှိနှိုင်းမှုကို လက်ခံလိုက်သည်။


ဓါးဘသိန်း ကမူ .. သူ့ဆရာဖြစ်ခဲ့သော သိမ်ကြီးဈေးလှဖေ က လက်ခံမှ သူလက်ခံမည် ဟု စကားပြန်သည်။

ထို့အတွက် ဖိုးတုတ် မှာ သိမ်ကြီးဈေးလှဖေ ခိုအောင်းရာ ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာသို့ ကူးပြီး လှဖေ နှင့်သွားရောက် ညှိနှိုင်းကြခြင်းဖြစ်သည်။


သိမ်ကြီးဈေးလှဖေမှာ ပုဏ္ဍားဘထွန်း၏ နယ်မြေလုယူမှုကို ခံရသည့်အပြင် ပုလိပ်ဘက်မှ မဖမ်းဖမ်းအောင် ပုဏ္ဍားက လာဘ်ထိုးထားသည့်အတွက် ရန်ကုန်တစ်ဖက်ကမ်း ဒလ နှင့် အေးရွာတစ်ဝိုက်တွင် လှည့်လည်ရှောင်တိမ်းနေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။


အေးရွာမှ အပြန်တွင် မတ်စတီးခန်း ငွေပေးထားသော ပုလိပ်များက ဖိုးတုတ်ကို စီးဖမ်းကြခြင်းဖြစ်သည်။


ဖိုးတုတ်သည် မတ်စတီးခန်း လက်မှ ပြန်လွတ်လာသောအခါ အိမ်တွင်မနေပဲ ဦးဘိုးသင် ၏ ဝပ်ရှော့တွင် သွားရောက်နေထိုင်သည်။

သူ့တပည့်များအားလုံးကို ဦးဘိုးသင် ထံသို့ စုရုံးလိုက်သည်။


''ဒီကိစ္စမှာ ငါ့ဘက်က အမြတ်ထွက်သွားတယ်ဆိုပေမယ့် မာမွတ် ကိစ္စ ဖော်တာ ဘယ်သူဆိုတာ ငါ သိချင်တယ်.. ငါသိမှရမယ်..ဘာလို့လဲဆိုတော့ ငါတို့ ရှေ့ဆက်သွားရမယ့် လမ်းက အဝေးကြီးကျန်သေးတယ်.. အဲ့ဒီ လမ်းမှာ သစ္စာမရှိတဲ့ကောင်ကို ဆက်ခေါ်သွားလို့တော့မဖြစ်ဘူး။ ဒီတော့ မာမွတ်ကို လုပ်တာ ငါဆိုတာကို ငါကိုယ်တိုင် ပြောပြလိုက်တဲ့ လူသုံးယောက်ရှိတယ်။ အဲ့ဒါကတော့ ကြက်ကြား၊ ဓားဘသိန်း နဲ့ ဦးလှဖေ ပဲ။ သူတို့သုံးယောက်ထဲက ဘယ်သူက မတ်စတီးခန်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ငါသိချင်တယ်.. အဲ့ဒီလူကို ဖော်ထုတ်ပြီးမှ ငါတို့ ကျန်တာ ဆက်လုပ်မယ်''


''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်..ကျွန်တော်တို့ဆီမှာ အခု လူသစ်တွေလည်းများနေပြီဆိုတော့ နေရာအနှံ့ ခွဲပြီး သတင်းအနံ့ခံခိုင်းပါ့မယ်''


''ဟုတ်ပြီ..ကျန်တဲ့လူတွေ သွားလို့ရပြီ…ဂန္ဓမာ မင်းခဏနေခဲ့…ဘသိန်းနဲ့ စံဘလည်း ခဏနေခဲ့''


ဂန္ဒာမာသောင်းရင်း နှင့် ဖိုးတုတ်၏ ညီများဖြစ်သော ဘသိန်း နှင့် စံဘ တို့ ဖိုးတုတ်အနီးတွင် ကျန်ရစ်ခဲ့ကြသည်။


''လာ..အခု က ငါတို့ ဆွေမျိုးတွေ သီးသန့်အစည်းအဝေးပဲ…ဂန္ဓမာကတော့ ငါ့သူငယ်ချင်းအရင်းမို့ ငါ့မိသားစုလိုပဲဖြစ်နေပြီ..လာ..အထဲမှာ ဦးလေးဘိုးသင် မင်းတို့ကို ဝီစကီသောက်ဖို့ စောင့်နေတယ်''


ဦးဘိုးသင် က ထမင်းစားခန်းတွင် ဝီစကီခွက်ကို ကိုင်လျက်။


''ကဲ..သောက်ရင်း စားရင်း..ငါပြောစရာရှိတာ ပြောမယ်..ဒီမယ်..ဖိုးတုတ်…မင်း အခု ကိစ္စကနေ သင်ခန်းစာတွေ၊ အတုယူစရာတွေရတယ်ကွ…မတ်စတီးခန်း က မင်းကို ဖမ်းတော့ သူ့လူမိုက်တွေတောင် မသုံးဘူး။ ပုလိပ်အဖွဲ့ကို သုံးသွားတာကွ။ ဘယ်လောက်ရယ်စရာကောင်းသလဲကွာ..ဟားဟား.. တရားဝင်လူမိုက်အဖွဲ့ကြီးကို သုံးသွားတာ''


''ဟုတ်တယ်..ဦးလေး..ဒီကောင်ကြီး လက်တံ က ကြောက်ဖို့တောင် ကောင်းတယ်''


''ဟုတ်တယ်..ဖိုးတုတ်..မင်းလည်း သူတို့လို ကြောက်စရာကောင်းလာအောင်..ဘာလုပ်ရမလဲ..မင်းလည်း သူတို့ နည်းလမ်းအတိုင်း ပုလိပ်အရာရှိတွေ၊ နိုင်ငံရေးသမားတွေကို အိပ်ထဲထည့်နိုင်အောင် ပေါင်းရမယ်ကွ.. တရားဝင်လူမိုက်တွေနဲ့ တရားမဝင်လူမိုက်တွေဟာ အပြန်အလှန် မိတ်ဆွေတွေပဲကွ..အဲ့ဒါကို အခုကတည်းက အစပျိုးရမယ်''


''ဘယ်လို အစပျိုးရမလဲ..မနက်ဖြန် ပဲ အစပျိုးရမယ်..ငါကိုးကွယ်နေတဲ့ ဆရာတော်ဦးဝိလာသ ကို မင်းသိတယ်မဟုတ်လား..ဖိုးတုတ်''


''သိတယ်လေ..မနှစ်က ဦးလေးတို့ ကားလိုင်း ဘုံကထိန်ခင်းတော့တောင် တရားဟောတဲ့ ကိုယ်တော်မဟုတ်လား''


''အေးဟုတ်တယ်ကွ..သူ့ကို ကိုးကွယ်တဲ့အထဲမှာ ပုလိပ်ဝန်ထောက် ဦးချန်ထွန်း ဆိုတာ ရှိတယ်။ သူက မြန်မာလူမျိုးထဲ ရာထူးမြင့်မြင့်ရထားတဲ့ ပုလိပ်အရာရှိပဲကွ။ သူက ဒီရန်ကုန်ဒီစတြိတ်ကတော့မဟုတ်ဘူး။ ဟိုးရွှေဘိုဘက်က။ အခု ခွင့်နဲ့ ပြန်လာနေနေတာ..ဆရာတော်ကျောင်းကို မနက်ဖြန် ဆွမ်းလာကပ်မယ်တဲ့''


''အိုကေ..ကျွန်တော် သဘောပေါက်ပြီ ဦးလေး..မနက်ဖြန် ကျွန်တော် ဆရာတော်ကျောင်းကို လာခဲ့မယ်။

ဟေ့..ဘသိန်း..သင်္ကန်းကောင်းကောင်းသုံးစုံနဲ့ ဝတ္ထုငွေ တစ်ရာကို စာရင်းထဲက ထုတ်ထားကွာ။ မနက် ငါသွားရင် အသင့်ဖြစ်ပါစေ''


''ဟုတ် ကိုကြီးဖိုးတုတ်''


''ဦးလေး..ဘာပြောစရာရှိသေးလဲ''


''အေး ဘာမှ ပြောစရာမရှိတော့ဘူး..ငါ အရက်ပဲ ဆက်သောက်တော့မယ်'''


''ဟုတ်ပြီ..အဲ့ဒါဆို ငါပြောမယ်...စံဘ မင်း မနက်ဖြန်ကျရင် ကမာရွတ်ထဲမှာ ဖာသွားချရမယ်''


''ဗျာ''


ဖိုးတုတ်စကားကြောင့် သျှောင်ပေစူးကလေးနှင့် စံဘ အံသြသွားသည်။


''မဗျာနဲ့…နောက်ထပ် သုံးရက်လောက် ဆက်တိုက်သွားရမယ်…မင်းကိုယ်မင်း ရွာက သူဌေးသားလို့ မိတ်ဆက်..ဒီမှာ စပါးတင်သဗ္ဗာန်တစ်စင်းလာကြည့်တာလို့ပြော…ပြီးရင် အဲ့ဒီက ကောင်မလေးတစ်ယောက် နဲ့ပဲ မင်း သုံးရက်လုံး ဝင်ရမှာနော်..သဘောကတော့ မင်းဟာ သူ့ကို ကျနေတဲ့ တောသူဌေးသားပေါ့..ပြီးရင် သူတို့ ပိုင်ရှင်အကြောင်းကို မင်းစကားခေါက်ကြည့်..သူတို့မင်းကို သူတို့သူဌေးနဲ့ပတ်သက်တဲ့ ပုံပြင်တွေ ပြောပြလိုက်မယ်..အဲ့ဒီပုံပြင်လေး တွေကို ညကျရင် ငါ့ကို လာပြန်ပြောပြ ဟုတ်ပြီလား''


''ဟုတ်..ဟုတ်''


''ဂန္ဓာမာ က ဒီကောင့်ကို အဲ့ဒီ ဖာတန်းဆီ သေချာလမ်းညွှန်ပေးလိုက်ကွာ..ဒါပေမယ့် ကမာရွတ်ထဲတော့ မင်းကိုယ်တိုင် မဝင်နဲ့နော်..ဟေ့ကောင်..ဘသိန်းတပည့်တွေက မင်းကို သိနေတယ်။ စံဘ ကတော့ လူသစ်မို့ ဒီကောင်တွေမသိတာသေချာတယ်။ ဘသိန်းဆီက လိုအပ်တဲ့ ငွေထုတ်သွား။ အင်း ငါသိတာတော့ .. ကမာရွတ်က မြို့ထဲထက် အများကြီးဈေးသက်သာတယ်။ တစ်ခါချ ငါးရူပီး တဲ့''


''အေး..စိတ်ချ ဖိုးတုတ်..ဒါနဲ့ ဘာလို့..သူ့ဆီကိုလွှတ်''


''ငါ့စိတ်ထဲ သိနေတယ်ကွာ..ဂန္ဓမာ..ဒီကောင် ဘသိန်းပဲ…ငါ့ကို ချောက်ချလိုက်တာ..ငါစိတ်ထဲ အလိုလိုသိနေတယ်..ဒါ့ကြောင့် ဒီကောင့်ဆီကို စံဘကို သီးသန့်လွှတ်ပေးတာ''

…………………………………………………………………………………………

နှစ်ရက်မြောက်နေ့…စံဘ လာပြန်ပြောပြသော ပုံပြင်လေးများထဲတွင် ကုလားသူဌေးကြီး မက်စတီးခန်း ၏ ဒေါက်ကပ်မြင်းလှည်းကြီး နှင့် အတူ သူတို့ ဆောင်ကြာမြိုင်တဲနန်း၏ ပိုင်ရှင်ကြီး ဓါးဘသိန်း ပြန်လာသည့် ညတည အကြောင်းပါလာပေသည်။


နောက်တစ်နေ့နံနက်တွင် ငှက်ကြီးတောင်ဓါးကို စလွယ်သိုင်းကာ ကမာရွတ်ဘက်ဆီသို့ စက်ဘီးတစ်စီးဖြင့် ထွက်သွားသော ဖိုးတုတ်ကို တွေ့လိုက်ကြရသည်။

တကယ်တမ်းကျ..ဓါးဘသိန်းကို ကမာရွတ်တွင် ရှာမတွေ့။ဓါးဘသိန်းကား ဖိုးတုတ်လာပြီကို သတင်းကြားကတည်းက ကြိုရှောင်နေသည်။


ဓါးဘသိန်းကို မြေလှန်ရှာရန် သူ့တပည့်များအား ဖိုးတုတ်အမိန့်ပေးပြီးမကြာမီပင် ပုဏ္ဍားကျော်ထွန်း ရောက်လာသည်။


ကြည့်မြင့်တိုင်ကြက်ကြားက ပုဏ္ဍားကျော်ထွန်းမှတဆင့် ဖိုးတုတ်ထံ သတင်းစကားတစ်ခု ပါးလိုက်သည်။


''ကြက်ကြား၏ နယ်မြေဖြစ်သော စက်ဆန်းထဲမှ အိမ်တစ်လုံးတွင် ဓါးဘသိန်း အောင်းနေသည်'' တဲ့။


ထိုသတင်းအတွက် အပေးအယူကား…လမ်းမတော်ဖိုးတုတ်အနေဖြင့် ကြက်ကြားကို ထာဝရမဟာမိတ်အဖြစ် အသိအမှတ်ပြုပေးရန်ဟူ၏။


ညနေပိုင်းတွင် ဓါးဘသိန်းတစ်ယောက် ဓါဒဏ်ရာများဖြင့် ရန်ကုန်မြစ်အတွင်း ခုန်ချထွက်ပြေးသွားသည့် သတင်းက ဟိုးဟိုးကျော်သွားပေသည်။


လူမိုက်လောကတွင် လည်း ''ဖိုးတုတ်ကြီးက ဘသိန်းကိုတောင် တစ်ယောက်တည်း သွားခုတ်တာဟ'' ဆိုသည့် စကားလုံးက လမ်းမတော်ဖိုးတုတ်အား သိက္ခာထပ်ပေးသည့် စကားလုံးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။




အခန်း()

……………….


ဖိုးတုတ်သည် လမ်းမတော်ကို တစ်လမ်းချင်း၊ တစ်ဘလောက်ချင်း သိမ်းပိုက်လာခဲ့သည်။


ပုဏ္ဍားဘထွန်းနေသည့် (၁၄)လမ်း ထိပ် မှ အရက်ဆိုင်နှင့် ဘိန်းခန်းများသည်ပင်လျင် ဖိုးတုတ်အဖွဲ့၏ လက်လွှဲသိမ်းပိုက်သည်ကို ခံခဲ့ရသည်။


သိမ်ကြီးဈေးတဝိုက်ကိုသာ ပုဏ္ဍားဘထွန်းအပိုင်အဖြစ် ထီးထီးကျန်ရစ်သည်။

သိမ်ကြီးဈေးကိုကား ပုဏ္ဍားဘထွန်း၏ မွေးစားသား အာဠာဝကစိန်ကြီး တို့ အဖွဲ့မှ အုပ်ချုပ်နေသဖြင့် ဖိုးတုတ်တို့ တမင်တကာ လက်ရှောင်ထားခြင်းဖြစ်သည်။


အာဠာဝကစိန်ကြီးသည် ဖိုးတုတ်နှင့် သက်တူရွယ်တူဖြစ်ပြီး ကြမ်းတမ်းရက်စက်ရာတွင် နာမည်ကြီးသည်။

အရပ် ခြောက်ပေနီးပါးမြင့်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းသည်။ အနောက်တိုင်းလက်ဝှေ့ကို ကျွမ်းကျင်ပြီး ဂေါ်ရာစစ်တပ်ချန်ပီယံ လက်ဝှေ့သမား နီဂရိုးတစ်ဦးကို အလဲထိုးခဲ့ဖူးသဖြင့် နာမည်ကျော်သည်။

သူ့ရင်ဘတ်တွင် အာဠာဝကဘီလူးပုံဆေးထိုးထားပြီး အာဠာဝကဆေးကြွပါက လူတစ်ယောက် လည်ပင်းကို အစိမ်းကိုက်ပြီး သတ်ပစ်သည်ဟု ပင် ကောလဟလများ ထွက်ခဲ့ဖူး၏။


သားသမီးမရှိသည့် ပုဏ္ဍားဘထွန်းက အာဠာဝကစိန်ကြီးကို သားအရင်းအဖြစ် မွေးစားခဲ့သလို စိန်ကြီးကလည်း ပုဏ္ဍားဘထွန်း အတွက်ဆို သေသေကြေကြေတိုက်မည့်အထိ သံယောဇဉ်ကြီးကြသည်။


အာဠာဝကစိန်ကြီးမှာ ပုဏ္ဍားဘထွန်း၏ အင်အားပင်ဖြစ်သည်။


သို့သော် မတ်စတီးခန်းအုပ်စုနှင့် မိမိအဆင်မပြေသေးသည့် အနေအထားတွင် ဖိုးတုတ်ကို ခဏအလျော့ပေးထားရန် ပုဏ္ဍားဘထွန်းက ဆုံးဖြတ်ထားသည်။


လမ်းမတော်ဖိုးတုတ် ကား ထိုအခြေအနေကို အခွင့်ကောင်းယူကာ နယ်မြေကို ဆက်လက်တိုးချဲ့နေသည်။


လမ်းမတော်တွင် ဂိတ်ထိုးသော Taxi ကားများကို အခွန်ကောက်သည်။ လမ်းမတော်နှင့် ကြည့်မြင့်တိုင်ပြေးဆွဲသော ဘတ်စ်ကားများကိုလည်း အခွန်ကောက်သည်။

ရန်ကုန်၏ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ဆက်ကြေး၊ လိုင်းကြေးများမှာ မန်မဆာမိသားစု အပိုင်ဖြစ်ခဲ့သော်လည်း ဖိုးတုတ်အပိုင် တွင်မူ မက်မဆာမိသားစု နောက်ဆုတ်ပေးခဲ့ရသည်။


မန်မဆာမိသားစုအနေဖြင့်လည်း အနောက်ပိုင်းတွင် ပုဏ္ဍားဘထွန်းအပြင် နောက်ထပ် ရန်စွယ်တစ်ခု ထပ်မပွားစေရန် မက်စတီးခန်းက သတိပေးထားသဖြင့် ဖိုးတုတ်လုပ်သမျှ အသာကြည့်နေရုံမှလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ကြ။


မန်စတီးခန်း မန်မဆာအုပ်စုရော၊ ပုဏ္ဍားဘထွန်းတို့ကပါ ဖိုးတုတ်ကို လျှော့တွက်ခဲ့ကြသည်။

သူတို့ နှစ်ဖွဲ့၏ ရန်ကုန်အရှေ့၊အနောက် ဗိုလ်လုပွဲပြီးလျှင် ဖိုးတုတ်သည် အချိန်မရွေးရှင်းပစ်လို့ရနိုင်မည့် ဗမာချာတိတ်ဟု ယူဆထားခဲ့ကြသည်။


၁၉၂၈ ခုနှစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီ။

လမ်းမတော်တွင် ပုဏ္ဍားဘထွန်း၏ အရောင်သည် ခပ်မှိန်မှိန်သာဖြစ်နေပြီး လမ်းမတော်ဖိုးတုတ် က တောက်ပသည်ထက် တောက်ပလာသည်။


ဘုန်းကြီးကျောင်းတွင် ခင်မင်ခဲ့သည့် ရဲဝန်ထောက် ဦးချန်ထွန်းကျေးဇူးဖြင့် အနောက်ပိုင်းခရိုင် ပုလိပ်အက်စပက်တော် ဦးဟုတ်ဂွမ် ကို ဖိုးတုတ်အိပ်ထဲ ထည့်ထားနိုင်ခဲ့သည်။


လမ်းမတော်အပျော်အပါးဌာနများတွင် ညမင်းသားလာလုပ်ကြသော ဓာတ်ရှင်မင်းသား ခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့သည် ဖိုးတုတ်နှင့် ငယ်ပေါင်းကြီးဖော်လိုဖြစ်လာကြသည်။


သူတို့မှတဆင့် ရုပ်ရှင်အသိုင်းအဝိုင်း၊ ဇာတ်သဘင်အသိုင်းအဝိုင်းအထိ ဖိုးတုတ်နာမည်က ပေါက်ရောက်လာနေပြီဖြစ်သည်။


ခေတ်သစ်ရန်ကုန်မြို့သည် အနောက်တိုင်းဆန်ဆန်တည်ငြိမ်လှပနေသလို လမ်းမတော်သည်လည်း တက်ကြွသော တရုတ်မြို့တော်တစ်ခုအဖြစ် ဖွံ့ဖြိုးနေသည်။


မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ အစုံ ရနိုင်သလို ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများ၏ အိမ်များ၊ တရုတ်ပြည်မ နှင့် ရေလက်ကြားနယ်သစ်များမှ တင်သွင်းသည့် ပစ္စည်းမျိုးစုံကို ရနိုင်သည့် နေရာဖြစ်လာသည်။


ကန်တုံအုပ်စုနှင့် ဖူးကျန့်အုပ်စုကွဲနေသော တရုတ်လူမျိုးဂိုဏ်းများကြားတွင် ရံဖန်ရံခါဖြစ်တတ်သော တိုက်ပွဲလေးများမှ အပ လမ်းမတော်ဖိုးတုတ်၏ အာဏာစက်အောက်တွင် လမ်းမတော်က ငြိမ်ဝပ်လာသည်ဟု ထင်ရသည်။


ထိုအခြေအနေကို ပုလိပ်အဖွဲ့ကလည်း အသိအမှတ်ပြုလာကြသည်။


သို့သော် တကယ်တမ်းက ထိုသို့မဟုတ်။

လမ်းမတော်ကား အကြောက်တရားဖြင့် ငြိမ်ဝပ်နေကြခြင်းပင်။


ဖိုးတုတ်နှင့် သူ့တပည့်များ၏ ရမ်းကားမှု က တဆင့်ပြီး တဆင့်တက်လာကြသည်။


တရုတ် ရှန်ဟိုင်းအစိမ်းဂိုဏ်း ၏ ဘိန်းကုန်ကူးသော ရွက်လှေကြီးများပေါ်အထိ ဖိုးတုတ်အုပ်စုက ထိပါးလာသည်။


ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ပင်မလုပ်ငန်းမှာ ဘိန်းကုန်ကူးခြင်းပင်။


ထိုအချိန်က တရုတ်ပြည်မတွင် နိုင်ငံရေးသြဇာအကြီးဆုံးမှာ ဟုန်ပန်းအနီဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်းတွင် ဒေါက်တာဆွန်ယက်ဆင်၊ ချန်ကေရှိတ်တို့ကဲ့သို့သော သမိုင်းဝင် တရုတ်ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ကြသည်။


အနီဂိုဏ်းသည် နိုင်ငံရေးလောကတွင် ပါဝင်သကဲ့သို့ ကမ္ဘာအနှံ့ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်မှုရှိခဲ့သည်။


ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ခေါင်းဆောင် နားကားကြီး ခေါ် တူယွဲ့ရှိန်း သည်အနီဂိုဏ်းဝင် ဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာယွမ်အဖွဲ့မှ အောက်ခြေ ဒုစရိုက်သမားတစ်ဦးဖြစ်ခဲ့ဖူးသည်။


နားကားကြီးတူယွဲ့ရှိန်း ကို ရှန်ဟိုင်းမြို့တစ်ဖက်ကမ်း၊ ကောင်းချောင်ရွာ ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့သည်။


တူယွဲ့ရှိန်းမှာ နားရွက်ကားကား၊ သွားခေါခေါဖြင့် ကြောက်စရာ ဥပဓိရုပ်ရှိသကဲ့သို့ တရုတ်ပြည်ရှိ ပြင်သစ်အငှားနယ်မြေတွင် အသက် ဆယ့်နှစ်နှစ်ဖြင့် ကြေးစားလူသတ်ပေးခဲ့သူဖြစ်သည်။


တူယွဲ့ရှိန်း အရွယ်ရောက်လာသည်နှင့်အမျှ နောက်လိုက်နောက်ပါများ များပြားလာပြီး အနီဂိုဏ်းမှ ခွဲထွက်ကာ ရှန်ဟိုင်းအစိမ်းဂိုဏ်းကို ထူထောင်ခဲ့သည်။

မကြာမီ အနီဂိုဏ်းမှ ရှန်ဟိုင်းဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာဟွမ်၊ အစိမ်းဂိုဏ်းခေါင်းဆောင် နားကားကြီး တူယွဲ့ရှိန်း နှင့် အပြာဂိုဏ်းခေါင်းဆောင် ကျန်းရှောက်လင်းတို့ အကျိုးတူပူးပေါင်းခဲ့ကြသည်။


သူတို့ သုံးဂိုဏ်းပေါင်းထားသည့် ချိုကျူးဂိုဏ်း ခေါ် မာဖီးယားအုပ်စုမှာ ကမ္ဘာတွင် အင်အားအကြီးဆုံးလူဆိုးဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်လာခဲ့သည်။


ရန်ဟိုင်းအစိမ်းဂိုဏ်းသည် ဘိန်းကုန်ကူးမှုကို အဓိက လုပ်ဆောင်ပြီး နိုင်ငံတကာဘိန်းဈေးကွက်ကို ထိန်းချုပ်ထားခဲ့သည်။


ယခုတော့ နားကားကြီး တူယွဲ့ရှိန်း၏ ဘိန်းဈေးကွက်များထဲမှ တစ်ခုဖြစ်သော အင်္ဂလိပ်ပိုင် မြန်မာပြည်၊ ရန်ကုန်မြို့၊ လမ်းမတော်ဆိပ်ကမ်းတွင် အသက် (၃၀)ဝန်းကျင် လူငယ်လေးတစ်ဦး ဦးဆောင်သည့် လူမိုက်ဂိုဏ်းကလေးသည် တူယွဲ့ရှိန်း၏ စီးပွားရေးကို ထိပါးစ ပြုလာပေပြီ။


တူယွဲ့ရှိန်း ၏ လက်ထောက်များ သတိထားမိသွားနိုင်သည့် ထိပါးမှုမျိုးဆိုပါက ဖိုးတုတ်တို့ တစ်ဖွဲ့လုံးသာမက ဆွေမျိုးများပါ လက်သည်မပေါ်ပဲ မီးလောင်တိုက်သွင်းခံရဖို့များနေသည်။


ထိုအခြေအနေကို တရုတ်တန်းမှ လျှို့ဝှက်ဂိုဏ်းဝင်များက ရင်တမမ နှင့် ကြည့်နေကြသည်။


သို့သော်..ဖိုးတုတ် ဘက်တွင် ကံကြမ္မာကောင်းက ရှိနေသည်။


ထိုကံကြမ္မာကောင်းသည် ချစ်ခြင်းမေတ္တာ၊ သွေးစက်များ နှင့်အတူ ယှဉ်တွဲဝင်လာခြင်းပင်။

…………………………………………………………………………………………

၁၉၂၈ ဧပရယ်လ ၃ရက်။

လမ်းမတော် (၁၄)လမ်းရှိ ဒေါ်ချစ်ပု ၏ နေအိမ်ရှေ့သို့ မော်တော်ကားတစ်စီး ထိုးဆိုက်လာသည်။

ရပ်ကွက်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်ကာ ထိုကားထံသို့ အာရုံစိုက်သွားကြသည်။


ကားပေါ်မှ ဆင်းလာသူက လမ်းမတော်ဖိုးတုတ်။

လမ်းမတော်၏ တောက်ပလာသော အိမ်ရှေ့စံ ဖိုးတုတ်။

ဖိုးတုတ်က ဆေးတံကို ခဲလျက်။ သူ့နံဘေးတွင် ဂန္ဓမာသောင်းရီ နှင့် စံဘတို့ ခြံရံထားသည်။


ဖိုးတုတ် အိမ်ပေါ်လှမ်းတက်လိုက်သည်နှင့် သူ့ကို ကျောပေးထားသော မိခင် ဒေါ်ချစ်ပု ကို တွေ့လိုက်ရသည်။


''အမေ..ဘာဖြစ်နေတာလဲ..ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''


ဒေါ်ချစ်ပု က ဖိုးတုတ်ဘက် လှည့်လာသည်။


''နင့်ကောင်တွေကို အိမ်အောက်မှာ နေခဲ့ခိုင်း..ဖိုးတုတ်..နင်နဲ့ငါ နှစ်ယောက်ချင်း ပြောမယ်''


ဂန္ဓာမာသောင်းရီ နှင့် စံဘတို့ က အိမ်အောက်သို့ ပြန်ဆင်းသွားသည်။


''အမေ..ဘာတွေ ဒေါသထွက်နေတာလဲ..အမေ''


''နင် လူပါးဝတာတွေ များနေပြီ ဖိုးတုတ်…တခြား နင် မကောင်းမှုတွေ ဘာလုပ်လုပ် ငါမပြောပါဘူး.. အခုဟာက နင်ဟာ ငါဈေးရောင်းကျွေးတဲ့ ထမင်းကို စားလာပြီး..ငါတို့ကို အပြန်အလှန်ကျေးဇူးရှိတဲ့ ရိုးရိုးသားသား ကုန်သည်တွေပါ အနိုင်ကျင့်စော်ကားနေတာ လွန်လာလို့''


ဖိုးတုတ် မျက်မှောင်ကျုံ့သွားသည်။ ဆေးတံကို ဘေးချလိုက်သည်။


''ကျွန်တော် ဘာလုပ်လို့လဲ..အမေ..အမေပြောတာ နားမလည်ဘူး''


''နင် ဈေးဆိုင်တွေ၊ ကုန်သည်တွေဆီကနေ နယ်ကိုပို့မယ်ဆိုပြီး ကုန်တွေမှာတယ်။ ပြီးရင် ငွေမရှင်းပေးဘဲ လူလည်ကျနေတယ်။ အဲ့ဒီ သတင်းတွေ ငါအကုန်ကြားပြီးသား''

''ဟာ..မဟုတ်တရုတ်.အမေရာ..ကျွန်တော်က ကုန်သည်တွေကို အဲ့ဒီလို လုပ်စရာလား''


''အော်..နင်က ငြင်းချင်သေးတယ်..နင်သိလား..နင်အဲ့ဒီလို လုပ်တဲ့ထဲ ငါ့တို့အပေါ်ကျေးဇူးရှိတဲ့ ထောင်ကဲ ကြီး ဘွန်ရှုကျန်း နဲ့ မမမြ တို့ ဆီကပါ ပါသေးတယ်..သူတို့အားလုံးက နင့်ကို ကြောက်လို့ သာ ဟိုတိုင် ဒီတိုင် မလုပ်ပဲ ကြိတ်မှိတ်ခံနေကြတာ….ခု မခံနိုင်လွန်းလို့ ငါ့ကို ရင်ဖွင့်ရှာတာ..ဟမ်း..နောက်ထပ် ကုန်သည်တွေ လည်း နင်လုပ်တာ ခံနေရတယ်တဲ့..ငါရှက်လိုက်တာ..ဖိုးတုတ်ရယ်..ထမင်းတစ်လုပ်တော့ ငါဈေးရောင်းရှာကျွေးနိုင်ပါတယ်''


''အမေ..တစ်ခုခုတော့ မှားနေပြီ..ကျွန်တော် ရိုးရိုးသားသားကုန်သည်တွေနဲ့ တစ်ခါမှ မပတ်သက်ဘူးနော်''


ထိုအချိန်တွင် အိမ်ထဲသို့ အမျိုးသမီးငယ်တစ်ဦး ဝင်လာသည်။


''ဂျီးတော်ပု..ဂျီးတော် သား ရောက်ပြီလား''


ဂန္ဓမာသောင်းရီ နှင့် စံဘတို့က အိမ်ထဲ ဇိုးဇိုးဇတ်ဇတ်ဖြင့် ဝင်လာသော အမျိုးသမီးငယ်ကို ရုတ်တရက် ကြောင်ကြည့်နေကြသည်။


ဘီအေဆံထုံးကို ထုံးထားပြီး အသားဖြူဖြူ၊ ခန္ဒာကိုယ်အချိုးအဆက်လှလှဖြင့် အသက် (၂၃)နှစ်အရွယ် အမျိုးသမီးက အိမ်ပေါ်သို့ တက်ချလာသည်။


''လာ..မသင်းမြ..ဒီမှာဒါ ဂျီးတော်ပု သားပဲ''


''ကိုဖိုးတုတ်..ဆိုတာကိုး..တစ်ခုပြောမယ်နော်..ရှင့်ကိုယ်ရှင် လူမိုက်ဆိုပြီး အထင်ကြီးမနေနဲ့..ကျွန်မ ရှင့်ကို မကြောက်ဘူး''


ဖိုးတုတ်က မသင်းမြကို ပြုံးပြီး ကြည့်နေသည်။


''ဒါ မင်းတို့ ငယ်ငယ်ကတည်းက အမေငွေလိုတိုင်း ကူညီပေးနေတဲ့ ထောင်ကဲ နဲ့ မမြ တို့ သမီး မသင်းမြတဲ့.. မင်းဘာတွေလုပ်ခဲ့လဲဆိုတာ သူပြောပြလိမ့်မယ်''


မသင်းမြ က အင်္ကျ ီရင်ဘတ်ထဲမှ ကုန်အမှာစာရွက်သုံးရွက်ကို ဖိုးတုတ်ထံ ထိုးပေးလိုက်သည်။


''ဒီမှာ လွန်ခဲ့တဲ့ တစ်လအတွင်း ရှင့်နာမည်နဲ့ ကျွန်မတို့ဆီ မှာခဲ့တဲ့ ကုန်ဖိုးစာရင်းတွေ…ရှင်မှာပြီး တစ်ခါမှ လည်း ပိုက်ဆံလာမရှင်းဘူး..ရှင် က ဂျီးတော်ချစ်ပုသားဆိုတာ သိနေလို့ ကျွန်မ အတယ်တို့က သည်းခံနေတာ..နောက်ထပ် ရှင်လုပ်သွားတဲ့ ကုန်သည်တွေလည်းဈေးထဲမှာ အများကြီးပဲ..သူတို့ ခမြာ ရှင့်ကို ကြောက်လို့ ငြိမ်ခံနေတာ…အဲ့ဒါတွေ ရှင်ဘယ်လိုရှင်းမှာလဲပြော''


ဖိုးတုတ်က ခေါင်းကုတ်လိုက်သည်။ ထို့နောက် ကုန်မှာစာရွက်များကို တစ်ရွက်ချင်းကြည့်လိုက်သည်။


''ရှင်စာဖတ်တတ်တယ် မဟုတ်လား။ ကုန်မှာယူသူ နေရာမှာ နာမည်ရေးထားတာ ဘယ်သူ့နာမည်လဲ..ဘယ်သူ့လက်မှတ်လဲ''


''ဖိုးတုတ် ဆိုတာတော့ ဟုတ်တယ်..ညီမလေး..ဒါပေမယ့်…လက်မှတ်က အကိုကြီး လက်မှတ်မဟုတ်ဘူးနော်''

''ရှင် ကျွန်မကို ညီမလေး မခေါ်ပါနဲ့..ရှင်လိုလူနဲ့ ကျွန်မ လေသံနဲ့တောင် မောင်နှမ အတော်မခံနိုင်ဘူး''


စူပုပ်နေသော မသင်းမြ မျက်နှာရဲရဲလေးကို ကြည့်ကာ ဖိုးတုတ် က ပြုံးနေသည်။


''အိုကေလေ..မြ..ဒီကိစ္စကို သုံးရက်အတွင်း အကိုကြီး အပြီးရှင်းပေးမယ်….ကျန်တဲ့ကုန်သည်တွေ ရဲ့ကုန်စာရင်းတွေရောပဲပေါ့…ဒါဆို မြ ကျေနပ်မှာလား''


''ရှင် ကျွန်မကို မြ လို့ မခေါ်ပါနဲ့''


ဖိုးတုတ်က ဆေးတံကို မီးညှိ့လိုက်သည်။


''အမေ…ဒီကိစ္စ ကျွန်တော် မဟုတ်ဘူးဆိုတာ သေချာတယ်။ အမေ ကျွန်တော့်ကို ယုံပါ။ မကြာခင် အဖြေမှန် ပေါ်မှာပါ..ကျွန်တော်သွားပြီ..အမေ''


ဖိုးတုတ်က ဒေါ်ချစ်ပုကို နှုတ်ဆက်ပြီး အိမ်ပေါ်မှ ဆင်းသွားသည်။


မသင်းမြ က အံကို ကြိတ်လျက်။

……………………………………………………………………………..


''ပုဏ္ဍားကျော်ထွန်း က မင်းလူတွေကို ခေါ်.. တရုတ်တန်း၊ လသာဘက်မှာ ရှိသမျှ ဈေးတွေက ပွဲရုံတွေကို လိုက်မေး..ဖိုးတုတ်နာမည်နဲ့ ကုန်ကြွေးယူထားရင် အဲ့ကြွေးစာရင်းစာရွက်တွေ ပေးလိုက်ဖို့ပြော''


''အုန်းဖေ က ဆိပ်ကမ်းမင်းကြီးရုံးကိုသွား… အဲ့ဒီမှာ နယ်ကုန်တွေပို့တဲ့ သဗ္ဗာန်တွေကို စာရင်းလုပ်တဲ့ အကောက်စာရေး အာမေနီးယန်းကြီးရှိတယ်။ သူ့ဆီမှာ ကုန်ပြေစာအခွန်ဆောင်တဲ့အထဲ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ သူရှိလားဆိုတာ မေး၊ ရှိတယ်ဆို ဘယ်မှာနေလဲဆိုတာ သေချာစုံစမ်း''


''မောင်ညွန့်နဲ့ စံဘက ငါတို့ လူတွေကို လိုက်စုထားလိုက်တော့။ လိုအပ်ရင်ခေါ်သုံးမယ်လို့။ ဂန္ဒမာ က ပုဏ္ဍားလူတွေ ဒီရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲဆိုတာ နည်းနည်းကင်းထောက်ထားကွာ..ကဲ..အားလုံး သွားလို့ရပြီ''


အခန်းထဲတွင် လမ်းမတော်ဖိုးတုတ် နှင့် သူ့ညီ ဘသိန်း သာ ကျန်ရစ်သည်။


''ဘသိန်း..မင်း က အမေနဲ့ အတူ ဆိုင်ဖွင့်တာဆိုတော့ မသင်းမြ ကို သိလား''


''သိတယ်လေ..ကိုကြီးဖိုးတုတ်…ထောင်ကဲသမီး တရုတ်ကပြားမလေး''


''ဒီကောင်မလေးက တမျိုးပဲကွနော်''


''ကောင်မလေးက ဇတ်ဇတ်ကြဲလေး။ ဒါပေမယ့် ဘာသာရေးတို့ ဘာတို့တော့ ကိုင်းရှိုင်းပါတယ်။ ခုနှစ်တန်းထိလည်း ခေတ်ပညာတတ်တယ်။ ဟဲ..ဟဲ…ငါ့အကိုကတော့…ဟဲဟဲ''


''အေးကွာ..ဒီနေ့ အမေ့ဆီ သွားရင်းတွေ့ခဲ့တာ..ငါ့ကိုလည်း ကတ်ကတ်လန်အောင် ရန်တွေ့တာပဲဆရာ..မလွယ်တဲ့ဟာလေးပဲ''


''အကို..အဲ့ဒီ မြာလေးကို စွဲနေပြီမဟုတ်လား''


''အေးကွ..ဘသိန်းရ..ငါလည်း မိန်းမတွေအများကြီးနဲ့ ဆုံဖူး၊ အိပ်ဖူးတာပဲ။ ချိုက်ဟုန်နဲ့ဆို တပတ် လေးရက်လောက် နေဖြစ်နေတာ။ ဒါပေမယ့် သူ့ နဲ့ တွေ့တဲ့အခါ ခံစားရတာမျိုးမဖြစ်ဘူးကွ။ တမျိုးတော့ တမျိုးပေါ့''


''ဟာ တစ်မျိုးမကဘူး..ငါ့အကိုရ..အဲ့ဒါ အမျိုးထောင့်ငါးရာလောက်ရှိတယ်..အဲ့ဒါ..အချစ်ဗျ..အချစ်''


''ဟာကွာ..အဲ့ဒီလို အနုအရွတွေအတွက် ငါအချိန်မပေးနိုင်သေးပါဘူး''


''အကို..အချိန်ပေးစရာမလိုပါဘူး..အကိုရဲ့..ကျွန်တော်က အဲ့ဒီအိမ်ကို အဝင်အထွက်ရှိနေတာပဲ..ထောင်ကဲသို့ ဒေါ်ဒေါ်မြ တို့က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သိကြတာ…အကို့ညီ ဘသိန်း ကြံစည်ပေးမှာပေါ့''


''အေးကွာ..အမေတို့ မင်းတို့နဲ့ သူတို့မိသားစုဒီလောက်ရင်းကြတာ..ငါမသိဘူး။ ပိုဆိုးတာက ငါ့နာမည်သုံးပြီး သူတို့ ဆီက ကုန်ဖိုးတွေ လိမ်သွားသေးတဲ့။ အားနာလိုက်တာကွာ''


''ဒါကတော့ အကိုရာ..အကိုလုပ်တာမှ မဟုတ်ပဲကိုး။ အကိုနာမည်ကို သူများက သုံးသွားတာပဲ။ ကိစ္စပြီးသွားမှ ထောင်ကဲတို့ဆီသွားပြီး အကျိုးအကြောင်းရှင်းပြတာပေါ့''


ဖိုးတုတ် က ဖွာရှိုက်လက်စ ဆေးတံကြားမှ လွင့်ပျံလာသည့် မီးဖွားမှုန်လေးများကို ငေးကြည့်နေသည်။

…………………………………………………………………………………………

သန်းခေါင်ယံ ရန်ကုန်ည။

လမ်းဘေး မီးတိုင်များမှ အပ အလင်းကမရှိ။


တစ်ကာဂါရီ (ခေါ်) ဆိပ်ကမ်းသုံးမြင်းလှည်းတစ်စီးသည် လမ်းမတော်ဆိပ်ကမ်းမှ ဂိုထောင်တစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။


မြင်းလှည်းပေါ်မှ လူသုံးဦးဆင်းလာပြီးနောက် အထုတ်တစ်ထုတ် အား သယ်ချကြသည်။


ထို့နောက် အထုတ်ကို ဂိုထောင်ထဲသို့ သယ်သွားပြီး ဂိုထောင်တွင်း ကုလားထိုင်တွင် ထိုင်နေသာ သူ၏ ရှေ့ တမံသလင်းပေါ်သို့ ပစ်ချလိုက်လေသည်။

အထုတ်တွင် ချည်ထားသော ကြိုးကို ဖြည်ချလိုက်သောအခါ အထဲတွင် လက်ပြန်ကြိုးတုပ်ထားသော လူတစ်ယောက်။


ကုလားထိုင်ပေါ်က လူက ခြေချိတ်ထိုင်လျက်က မေးခွန်းထုတ်လိုက်သည်။


''မင်း နာမည် ဘယ်လိုခေါ်လဲ''


''ခင်ဗျားတို့ ကျုပ်ကို ဘာလို့ ခေါ်လာတာလဲ..ဒါက ဘယ်နေရာလဲ..ခင်ဗျားတို့ မှားမယ်နော်..ကျုပ်ကို ဘယ်သူမှတ်လဲ..ဘယ်သူမှတ်နေလဲ"


"ပြောကြည့်ပါဦး..မင်းက ဘယ်သူတုန်း"


''ကျုပ်နာမည် ဖိုးတုတ်..ဖိုးတုတ်ဗျ..''


''သြော်..ဖိုးတုတ်တဲ့လား..ဖိုးတုတ် ဆို ရိုက်တယ်ကွာ''


''ဖြောင်း''


အရှိန်ဖြင့် လွှဲရိုက်လိုက်သော သံခေါင်းမူလီတပ်တုတ် ကြောင့် နဖူးထက်မှ သွေးများ ဖျာခနဲ ထွက်လာသည်။


''ပြန်ပြောစမ်းပါဦး..မင်းနာမည်..ဘယ်သူ''


''…………………………''


တဖက်မှ အသံထွက်မလာ။


''အေး…မင်းက ဖိုးတုတ်ဆိုတော့ ငါကလည်း ငါ့နာမည်ပြောမယ်..ငါလည်း ဖိုးတုတ်ပဲကွ.. အေး.ငါနာမည် လမ်းမတော်ဖိုးတုတ်ကွ''


လက်ပြန်ကြိုးတုပ်ခံထားရသူသည် ဆတ်ခနဲတုန်သွားပြီး လမ်းမတော်ဖိုးတုတ်ကို မော့ကြည့်လိုက်သည်။


''ကလိန်ကကျစ်ပွဲစားကောင် ကများ ငါနဲ့ နာမည်လာတူနေရတယ်လို့ကွာ..ဒီမယ်..လမ်းသုံးဆယ်က ဖိုးတုတ်.. မင်း က ဘာကိစ္စ ငါ့နာမည်သုံးပြီး လိမ်စားနေရတာလဲ..ဖြေစမ်း''


''အ…အ..ကျုပ်ဘယ်မှာ လိမ်လို့လဲ…ကျုပ်နာမည်လဲ ဖိုးတုတ်ပဲလေ…သူတို့ဆီ က ကုန်မှာတယ်..ငွေမပြေလည်သေးလို့ အကြွေးတွေမပေးသေးတာလေ..ဘာဖြစ်လို့လဲ''


''သြော်.အေးပါ…ဟေဟေး..ဒါဆို မင်းက ငါ့နာမည်နဲ့ လုပ်စားတာမဟုတ်ဘူးပေါ့…မင်းနဲ့ ငါနဲ့ နာမည်တူနေလို့ပေါ့..ဟုတ်လား''


''အဲ့လိုလည်း မဟုတ်ပါဘူး..ဆရာဖိုးတုတ်..‌တောင်းပန်ပါတယ်ဗျာ..အဟီးဟီး..ကျွန်တော့်ကိုမသတ်ပါနဲ့ "


''ငိုမ‌နေနဲ့ ..ခွေးမသား..မင်းကို သတ်တော့ မသတ်ဘူး..ဒါပေမယ့်... ငါနဲ့ နာမည်မတူတောင် ဒီနေ့ကစပြီး နာမည်ပြောင်းပေးလိုက်မယ်..ပြီးတော့ မင်းယူထားတဲ့ ကုန်ကြွေးတွေအားလုံးကို နှစ်ရက်အတွင်း အပြီးလိုက်ဆပ်ရမယ်။ မဟုတ်ရင်တော့ မင်း ဂွေးဥနှစ်လုံးကို အရှင်လတ်လတ်ထုတ်ပြီး ရန်ကုန်မြစ်ထဲမှာ ငါးစာကျွေးပစ်မယ်''


''ဟုတ်..ကဲ့..ဆရာဖိုးတုတ်''


''နေဦးဟ အခုက ပါးစပ်နဲ့ ပြောပြီးပြီဆိုတော့ လက်နဲ့ လုပ်စရာတွေရှိသေးတယ်..မင်းနာမည်ကို ဖိုးတုတ်ကနေ ဖိုးတေ လို့ ငါပြောင်းပေးမယ်..အပေအတေကလိန်ကောင်မို့…ကဲ..နာမည်ပေး ကင်မွန်းတပ်ပွဲစမယ်..ဂန္ဓမာ နဲ့ အုန်းဖေ လာဟေ့''


အုန်းဖေ က သူ့ခါးကြားတွင် အမြဲဆောင်ထားသော ဓါးမြှောင်ကို ဖိုးတုတ်ထံ ကမ်းပေးလိုက်သည်။

ထို့နောက် လမ်း(၃၀)ဖိုးတုတ်ကို မှောက်ခုံမှောက်ကာ ဂန္ဓာမာသောင်းရီက တက်မိထားလိုက်သည်။


အုန်းဖေက လမ်း(၃၀)ဖိုးတုတ်၏ ဘိုကေထိပ်ကို ဆွဲလှန်မော့ပေးထားလိုက်သည်။

လမ်းမတော်ဖိုးတုတ်က ဓါးမြှောင်ထိပ်ဖြင့် လမ်း(၃၀)ဖိုးတုတ်၏ နဖူးကို တေ့ပြီး စာလုံးလေးလုံးရေးထွင်း လိုက်သည်။


''ကလိန် ဖိုးတေ''


နောက်နှစ်ရက်အကြာတွင် လမ်းမတော်ဖိုးတုတ်အယောင်ဆောင်ခဲ့သော လမ်း(၃၀)ဖိုးတုတ် သည် လမ်း(၃၀)ရှိ သူ၏နေအိမ်ကို ရရာဈေးဖြင့် ရောင်းချသွားပြီး လမ်းမတော်ပွဲရုံများတွင် ကျန်ရှိသော ကုန်ဖိုးများအားလုံးကို ရှင်းပေးကာ ရန်ကုန်မြို့မှ ပျောက်ကွယ်သွားတော့သည်။


လမ်း(၃၀) ဖိုးတုတ်၏ နေအိမ်ကို အောက်ဈေးဖြင့် ဝယ်လိုက်သူမှာလည်း လမ်းမတော်ဖိုးတုတ်ပင် ဖြစ်နေတော့သည်။

…………………………………………………………………………………………

''ထောင်ကဲကြီးရော..ဒေါ်ဒေါ်မြ ကိုပါ ဒီက ကျွန်တော့်အကို ကိုဖိုးတုတ်က တောင်းပန်ရအောင်လာတာပါ.. သူ့ကြောင့် ဒီလိုဖြစ်ရတာဆိုပြီး သူစိတ်မကောင်းဖြစ်နေတာ..''


''မဟုတ်တာကွယ်.. ဒီကိစ္စက ဟိုတစ်ဖက်သားက မောင်ဖိုးတုတ် အယောင်ဆောင်ပြီး လုပ်စားသွားတာပဲ.. ဒေါ်ဒေါ်မြတို့လည်း ကိုယ့်ငွေ ကိုယ်ပြန်ရပြီပဲ..မောင်ဖိုးတုတ်ကိုတောင် ကျေးဇူးတင်ရဦးမှာ''


ဒေါ်မြမြ က လမ်းမတော်ဖိုးတုတ်ကို အားတောင့်အားနာဖြင့် ပြုံးပြသည်။


ထောင်ကဲဘွန်းရှုကျန်း က မူ မျက်မှန်ဝိုင်းအသေးလေးထဲမှ မျက်လုံးမှေးများဖြင့် ဖိုးတုတ်ကို အကဲခတ်နေ၏။


''ဒါနဲ့..မသင်းမြ ရော…ဒေါ်ဒေါ်မြ''


''ပွဲရုံမှာလေကွယ်..ပွဲရုံကိစ္စ အခုကစပြီး သူ့ပဲ လက်လွှဲနေရတာ''


''သြော်..ဟုတ် ဒေါ်ဒေါ်မြ..ကောင်းပါတယ်..အားကိုးရတဲ့ သမီးလေးပေါ့..ကျွန်တော်တို့ ကို ပြန်ခွင့်ပြုပါဦးနော်''

……………………………………………………………………

''ကိုဂန္ဓမာ..လမ်းမတော်ဈေးဘက်ကို မောင်းဗျာ''


''ဟေ့ကောင်..ဘသိန်း..မင်း ဘာရှုပ်ဦးမလို့လဲ''


''ဟာ..ကိုကြီးဖိုးတုတ်ကလည်း အ ရန်ကော။ ဒီအချိန်ဆို ကိုယ်ကြီး မြာလေးက ပွဲရုံမှာတစ်ယောက်တည်းလေ။ သူ့ အဘိုးကြီးနဲ့ အဘွားကြီးက သူ့အိမ်မှာ ကျန်ခဲ့ပြီလေ။ ကဲ.ဒီအချိန်မျိုးက.ငါ့ကိုကြီး လှုပ်ရှားဖို့ အခွင့်ကောင်းပဲမဟုတ်လား''


''ဘသိန်း မင်းကတော့ကွာ…ဒါမျိုးဆို တယ်ရှုပ်တဲ့ကောင်''

ဂန္ဓမာသောင်းရီက ကားကို လမ်းမတော်ဈေးဘက်သို့ ဦးတည်လိုက်သည်။


အာလူးကြက်သွန်ပွဲရုံ ရှေ့ စားပွဲတွင် မသင်းမြ တစ်ယောက် ပေသီးတံ တစ်ချပ်ဖြင့် အလုပ်များနေသည်။


''မသင်းမြ''


''အောင်မယ်..သေချင်းဆိုးဘသိန်း..နင် ဘယ်က ဘယ်လို ရောက်လာတာလဲ''


''ဘယ်ကမှ မဟုတ်ဘူး..မရီးရေ..ဒီမှာ ငါ့အကို ကိုဖိုးတုတ်က နင့် အကြွေးစာရင်းတွေ ရှင်းပြီလားလို့ လာမေးတာတဲ့''


မသင်းမြ မျက်နှာ ခပ်တည်တည်ဖြစ်သွားသည်။


''နင် ငါ့ကို ဘယ်လို ခေါ်လိုက်တယ်..ဘသိန်း''


''မရီးလို့ ခေါ်တာလေ..မရီးရဲ့..ဟဲ..ဟဲ..ဟဲ''


''မသာကောင်၊ သူတောင်းစား..အင့်ဟာ''


မသင်းမြ က အနားတွင်ရှိသော အာလူးအိတ်ထဲမှ အာလူးဖြင့် ဘသိန်းကို ကောက်ပစ်လိုက်သည်။


ဘသိန်းက ငုံ့ရှောင်လိုက်ရာ အနောက်တွင် ရပ်နေသော ဖိုးတုတ်၏ မျက်နှာတည့်တည့်သို့ အာလူးသီးက သွားမှန်တော့သည်။


မသင်းမြ ပါးစပ် အဟောင်းသားဖြစ်သွားရသည်။


ပွဲရုံတန်းတစ်လျှောက်ရှိ လူအများ၏ မျက်လုံးကလည်း သူတို့ အဖြစ်အပျက်ဆီသို့ အာရုံစိုက်နေကြသည်။


ဖိုးတုတ်က စကားတခွန်းမှ မပြောပဲ မသင်းမြ ကို မီးတောက်မတက်လုံးများဖြင့် စိုက်ကြည့်နေ၏။


ထို့နောက် ချာကနဲ ပြန်လှည့်ထွက်သွားသည်။


ဘသိန်းလည်း အခြေအနေ မဟန်မှန်း သိသဖြင့် ဖိုးတုတ်နောက်မှ အပြေးလိုက်သွားသည်။


မသင်းမြ တစ်ယောက်သာ ရင်တွေ တုန်လျက် ကျန်ရစ်ခဲ့ရလေသည်။


သူသည် နာမည်ကျော်လူမိုက်ခေါင်းဆောင် လမ်းမတော်ဖိုးတုတ်၏ မျက်နှာကို အာလူးဖြင့် ပေါက်ခဲ့မိပြီရော။




အခန်း()

……………….


''ကိုကြီးဖိုးတုတ်..ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်ကြောင့် ဒီလိုဖြစ်ရတာ''


''နေ နေ ဘသိန်း..ငါဘာမှမဖြစ်ဘူး..အခုချိန်မှာ ငါ့စိတ်ကို ဖြေလျော့ပေးနိုင်တာ ချိုက်ဟုန်ပဲ ရှိတယ်… ဂန္ဓမာ ချိုက်ဟုန် အိမ်ကို မောင်းကွာ။ ပြီးရင် ငါ့ကို ချထားခဲ့။ ပြီးတာနဲ့ ချိုင်းနားစတန်းကို သွားပြီး လောက်ဝီ ကို ပြောလိုက် ဒီည ချိုက်ဟုန် ကို ငါက အလုပ်ပေးမဆင်းဘူးလို့..''


ကားက မော်တင်ကမ်းနားမှ သစ်သားတန်းလျားဆီသို့ ဦးတည်လိုက်သည်။

ထိုသစ်သားတန်းလျားတွင် ချိုက်ဟုန် က သူ့သူငယ်ချင်း မသောင်းနှင့်အတူ အခန်းတစ်ခန်းငှားကာနေထိုင်ခြင်းဖြစ်သည်။


ချိုက်ဟုန်သည် တရုတ်သွေးတဝက်ပါသည့် အစ္စလာမ်ဘာသာဝင် မဂိုမလေးဖြစ်သည်။


ချိုင်းနားစတန်းဟိုတယ်တစ်ခုလုံးတွင် နာမည်အကြီးဆုံးဟိုတယ်မယ် လည်းဖြစ်၏။

အသားဖြူဖြူ၊ နှာတံစင်းစင်း မျက်နှာဝိုင်းဝိုင်းတွင် ဆံပင်မှောင်မှောင်ကောက်ကောက်လေးများ တွဲကျနေသည့် ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်ဖြစ်သည်။


ခန္ဒာကိုယ်က အနည်းငယ်၀ဖြိုးသည့်ဘက်ရောက်သော်လည်း ယောက်ျားများအကြိုက်အနေအထားတွင် ရှိနေသည်။


ချိုက်ဟုန်က အပြောအဆို၊ အယုအယတွင် တစ်ဖက်ကမ်းခတ်သည်။

လမ်းမတော်ဖိုးတုတ် ၏ အချစ်တော်ကလေးလည်း ဖြစ်သည်။


လမ်းမတော်ဖိုးတုတ် လာမည့်ညဆိုလျှင် ချိုက်ဟုန်ကို မည်သူမှ မထိရဲ။ ဟိုတယ်ပိုင်ရှင်တရုတ် လောက်ဝီ က ချိုက်ဟုန်ကပ် ချိုက်ဟုန်ကို သီးသန့်အခွင့်အရေးပေးရသည်။


ချိုက်ဟုန်တို့ တန်းလျားရှေ့တွင် မော်တော်ကားရပ်လိုက်သည်။


ဖိုးတုတ် ဆင်းလာသည်ကို တဲတန်းရှေ့ ဘုံဘိုင်ခေါင်းတွင် ရေချိုးနေသော မသောင်းက လှမ်းမြင်လိုက်၏။


''ဟယ်..ကိုဖိုးတုတ်ကြီး.လာတယ်တော့..ဒါဆိုရင်တော့ ဒီနေ့ အသောင်း ဆိုင်ကို စောစောသွားရတော့မယ်ထင်တယ်ရှင့်''


မသောင်း က လှမ်းစနောက်လိုက်သည်။


ဖိုးတုတ်က နောက်သို့လှည့်ကာ ဂန္ဓမာကို လက်ပြလိုက်ရင်း


''ဟေ့..ဂန္ဓမာ..ခဏစောင့်ပေးလိုက်ကွာ..ပြီးရင် မသောင်းကို တစ်ခါတည်း ခေါ်သွားပြီး ချိုင်းနားစတန်းကို ဝင်ပို့ပေးလိုက်''


ဂန္ဓမာသောင်းရီ က ရေစိုထမီရင်လျားဖြင့် စိုပြည်ထင်ရှားနေသော မသောင်းကို တချက်လှမ်းကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။


''ကဲ..မသောင်း..ဂန္ဓမာနဲ့ လိုက်သွား..ဒါနဲ့ ရှေ့ခန်းက ထိုင်နော်။ နောက်ကထိုင်ရင် ကျုပ်ညီ ဘသိန်း က ဆိတ်ပါးစပ်၊ မျောက်လက်မို့''


မသောင်းက ခေါင်းခန်းဒရိုင်ဘာနေရာတွင် ထိုင်နေသော ဂန္ဓမာသောင်းရီ ကို လှမ်းကြည့်လိုက်သည်။


ဂန္ဓမာသောင်းရီ သည် လမ်းမတော်ဖိုးတုတ်၏ ငယ်သူငယ်ချင်း လူမိုက်ကြီး ဟု နာမည်ကျော်သူဖြစ်သည်။


သို့သော် ရုပ်ကြည့်ရုံဖြင့် လူမိုက်ဟု ထင်စရာမရှိ။


အသားဖြူဖြူ၊ နှုတ်ခမ်းပါးပါးဖြင့် ဆံပင်ကို နောက်လှန်ဖီးထားလေ့ရှိပြီး ဟောလီးဝုဒ်ကောင်းဘွိုင်ဇာတ်ကားများထဲမှ မင်းသားအလားပင်။


ဂန္ဓမာသောင်းရီ ၏ ထူးခြားချက်မှာ ဖိုးတုတ်အပါအဝင် အခြားလူမိုက်များလို ပြည့်တန်ဆာများနှင့် သိပ်မရှုပ်ထွေးတတ်။


အရက်ဆိုလျှင် ထူးထူးခြားခြား ရမ် ကိုသာ သောက်တတ်လေ့ရှိသူဖြစ်သည်။


တစ်ချိန်က သောင်းရီသည် ရန်ကုန်ကွမ်းခြံဘူတာကြီးမှ ရွှေတိဂုံဘုရားသို့ ဂန္ဓမာပန်းများပို့ပေးရသည့် ချာတိတ် တစ်ယောက်ဖြစ်သည်။


သူ ဂန္ဓမာပန်းများသယ်ကာ တွန်းလာသည့် ချယ်ဂါလီကို ဗိုလ်ကပြားတစ်ဦး၏ လန်ချားနှင့် မတော်တဆ တိုက်မိကြရာ ဗိုလ်ကပြားက သောင်းရီ အား လက်သီးဖြင့် ဝင်ထိုးသည်။


လန်ချားသမားကလည်း တုတ်ဖြင့် ဝင်ရိုက်ရာ သောင်းရင်က တုတ်ကို ပြန်လုပြီး ရိုက်သဖြင့် ဗိုလ်ကပြားမှာ ခေါင်းပေါက်သွားခဲ့ပြီး လန်ချားသမား ပွဲချင်းပြီး သေသွားခဲ့သည်။


ထိုစဉ်က သောင်းရီ အသက်မှာ ၁၅ နှစ်သာရှိသေးရာ ကလေးထောင်ဘော်စတယ်သို့ ပို့ဆောင်ခြင်းခံရသည်။


သုံးနှစ်အကြာတွင် သောင်းရီ ပြန်လွတ်လာပြီး ဦးဘိုးသင် ၏ ခြင်္သေ့ဘတ်စ်ကားများတွင် စပယ်ရာလိုက်ရာမှ ဖိုးတုတ်နှင့် အရင်းနှီးဆုံးငယ်ပေါင်းများဖြစ်လာကြသည်။


ဖိုးတုတ်သည် လမ်းမတော်ဖိုးတုတ် ဟူသော လူမိုက်အဓိပတိဘွဲ့ကို ခံယူခဲ့သည့် လမ်းတစ်လျှောက်တွင် ဂန္ဓမာသောင်းရင် က အဓိက နေရာမှ ပါဝင်ခဲ့သည်ချည်း။


ထိုထိုသော ရုပ်ရည်နှင့် မလိုက်သည့် လူမိုက်ချောလေး မောင်းသည့်ကားကို ဘေးမှ လိုက်စီးရမည်မှာ မသောင်းအဖို့ ရင်ခုန်စရာတမျိုးပင်မဟုတ်လား။


မသောင်း ထမီရင်လျားဖြင့် တန်းလျားအတွင်းသို့ ဝင်သွားချိန်တွင် ချိုက်ဟုန် က အိမ်နေရင်း အဝတ်အစားဖြင့် ထွက်လာသည်။


''အကိုကြီး..လာလာ…ချိုက်ဟုန်က ရေချိုးမလို့..လုပ်နေတာ..အကိုကြီးအသံကြားလို့ အဝတ်အစားပြန်လဲရသေးတယ်''


''ဒါဆိုလည်း အခု ရေမြန်မြန်ချိုး ချိုက်ဟုန်..ပြီးရင် ငါ့အတွက် ဝီစကီတစ်လုံးနဲ့ ဘဲကင်တစ်ခြမ်း ထော်လီဂိတ်နားမှာ သွားဝယ်ပေးဦး..ငါ ဒီည ဒီမှာ အိပ်မှာ''


''ဟုတ်''

.....................................................


မသောင်းက သူ့ဘေးနားတွင် လက်တစ်ဖက်ဖြင့် ကားမောင်းရင်း စီးကရက်ဖွာနေသော ဂန္ဓမာ ကို တချက်တချက် ခိုးခိုးငေးနေသည်။


''အသောင်း…ဟို အကင် ဆိုတဲ့ တရုတ်မလေးက အသောင်းတို့ ဆီ ရောက်တာ မကြာသေးဘူးမဟုတ်လား''


နောက်ခန်းတွင် ပါလာသော ဘသိန်းက စကားစသည်။


''ဟုတ်တယ်..ကိုဘသိန်း..အဆွေ့ က အရင် ယူနီဗာဆယ်ဟိုတယ်ကလေ… ဟိုဘက်မှာ ပုဏ္ဍားဘထွန်း တပည့် သူ့အရင်လင်ဟောင်းက လိုက်လိုက်လာပြီးပြသနာရှာနေလွန်းလို့..ဒီဘက်ပြောင်းလာတယ်ပြောတယ်''


''အော်..သူက လင်နဲ့လား''


''အောင်မလေး..ကိုဘသိန်းရယ်..ယောက်ျားတကာ နဲ့ ပွတ်သပ်ချော့မြူနေရပြီး တခါတခါ ညပါအိပ်ရတဲ့ ကျွန်မတို့ဘဝကို ရှင်က လင်ရှိ မရှိ ခွဲချင်သေးတာလား..ကျွန်မဆို လင်တွေက ပေါလို့ရှင့်.. တညတာ ခဏတာ လင်တွေပေါ့..အဲ့ဒါ ကျွန်မတို့ ဘဝပေးပဲလေ..အထင်သေးတဲ့လူတွေက သေးမှာပေါ့ရှင့်..ဘယ်တတ်နိုင်မလဲ''


မသောင်းက စကားပြောရင်း ကားမောင်းနေသည့် ဂန္ဓမာသောင်းရီကို မျက်စပစ်လိုက်သည်။


ဂန္ဓမာသောင်းရီကတော့ စီးကရက် အဖွာမပျက်ဘဲ ကားကိုသာ ဂရုတစိုက်မောင်းနေ၏။


မားချန့်လမ်းပေါ်မှ လမ်းမတော် ၁၉ လမ်းဘက်သို့ ချိုးအကွေ့တွင် ကားကို အရှိန်လျှော့လိုက်သည်။


ညနေခင်း ပျပျအလင်းအောက်တွင် လမ်းလျှောက်လာသော လူတစ်စုမှ ကားကို လှမ်းထွက်တားလိုက်သဖြင့် ဂန္ဓမာက ရပ်ပေးလိုက်သည်။


အသားဖြူဖြူ ၊ နှားခေါင်းပြားပြား၊ ဆံပင်ဘိုကေအလယ်ခွဲ နှင့် လူတစ်ယောက်က မသောင်းရှိရာ ဘက်သို့ လာပြီး ပြတင်းပေါက်တွင် တင်ထားသော မသောင်း၏ လက်မောင်းသားကို ဖြတ်ခနဲ လှမ်းကိုင်ညှစ်လိုက်သည်။


''အသောင်း..အသောင်း မှတ်တယ်..ကိုယ့်ကို မမှတ်မိတော့ဘူးလား…ကျော်သင်းလေ..ကျော်သင်း''


မသောင်းက လက်ကို ဖြတ်ခနဲ ရုတ်လိုက်သည်။


''ကဲ..မမ…ခင်ဗျား..ဖောက်သည်တွေဆိုရင်လည်း ဆင်းပြီး ဧည့်ခံလိုက်ပါဗျာ..ကျုပ်တို့ မှာ အချိန်မရှိဘူး''


ဂန္ဓမာသောင်းရီ က မသောင်း ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။


''အို..မဟုတ်တာရှင်..ဘယ်က ကလေကဝတွေမှန်း မသိ''


''ဘာ..စောက်ဖာသည်မ…နင်က ငါ့ကို ဘာပြောတယ်''


ထိုသူက ပြောပြောဆိုဆိုဖြင့် မသောင်း၏ လည်မြိုကို ညှစ်ကိုင်လိုက်သည်။


''ပြောစမ်း..ဖာသည်မ..ကျော်သင်းကို..နင်က ဒီလိုတောင် ပြန်ပြောရဲတယ်..ဟုတ်လား..အရင်က ငါဟာစုပ်နေတဲ့ကောင်မက ရာရာစစ''


ဂန္ဓမာသောင်းရီက အင်္ကျ ီအောက် ပုခုံးပေါ်တွင် အမြဲတမ်းလွယ်ထားသော ချိန်းကြိုးကို အသာထုတ်ကာ ဘယ်ဘက်လက်တွင် ရစ်ကိုင်လိုက်သည်။


ထို့နောက် ကားတံခါးကို ဖွင့်ပြီး မသောင်းရှိရာဘက်သို့ ဆင်းလာ၏။


''ဟေ့ကောင်…''


ဂန္ဓမာသောင်းရီ က တချက်အော်လိုက်ပြီး မသောင်း၏ လည်ပင်းကို ညှစ်ထားသော ကျော်သင်း ၏ လက်ဖျံကို ချိန်းကြိုးဖြင့် ဖြတ်ရိုက်ချလိုက်သည်။


နှစ်ခေါက်ခေါက်ထားသော ချိန်းကြိုးဖြစ်သဖြင့် လက်ဖျံတွင် ပတ်မသွားဘဲ ပြန်ကန်ထွက်လာချိန်တွင် ကျော်သိန်းက နာကြင်စွာညည်းညူးရင်း နောက်သို့ ခုန်ဆုတ်သွား၏။


ရုတ်တရက်မို့ ကျော်သင်းနှင့်အတူပါလာသည့် လူငါးဦ မှင်သက်နေကြသည်။


အားပါသောရိုက်ချက်ကြောင့် ကျော်သင်း လက်ကို ရုတ်တရက် လွှတ်လိုက်ရပြီး နောက်သို့ ဆုတ်လိုက်သည်။

ဘသိန်းကလည်း ကားပေါ်တွင် အသင့်ပါလာသည့် သံတုတ်ကို ကိုင်ကာ တံခါးဖွင့်ဆင်းလာ၏။


''ဟာ..ဆရာဂန္ဓမာ..ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ''


ထိုစဉ် အနီးအနား လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသော လူငယ်များ ပြေးထွက်လာကြသည်။

ထိုလူငယ်များကား ဖိုးတုတ်တို့ အဖွဲ့မှ လူငယ်များပင်။

အခြေအနေမဟန်မှန်းသိသဖြင့် ကျော်သင်းနှင့် သူ့အဖွဲ့မှာ အသာလစ်ပြေးသွားတော့သည်။


''ဒီမှာကွာ..ငါ့ကားပေါ် ပါလာတဲ့ အမျိုးသမီးကို ဒီကောင်တွေ စော်ကားနေလို့..အဲ့ဒါ ဘယ်က ကောင်တွေလဲကွ''

''အဲ့ဒါ တလိုင်းလေးကျော်သင်း တဲ့ ဆရာ..ပုဏ္ဍားဘထွန်းတပည့်လေ..(၂၇)လမ်းထိပ်က ဘားဆိုင် မန်နေဂျာပေါ့…''


''သြော် တလိုင်းလေးကျော်သင်း.ဆိုတာ ဒီကောင်ကိုး''


''ဟုတ်တယ် ဆရာ..ဒီနေရာက ပုဏ္ဍားကြီးနေရာနဲ့ နယ်စပ်ဆိုတော့ ကျွန်တော်တို့နဲ့ သူတို့ ဒီလိုပဲ ခပ်တန်းတန်း နေကြရတာ…အခုတောင် ဆရာထွက်လာမှ ဆရာမှန်းသိလို့..ကျွန်တော်တို့ ဝင်လာတာပဲ''


''ဟုတ်ပြီ..ဟုတ်ပြီ..ညီလေးတို့..Take Care Yourself ဟေ့''


ဂန္ဓမာက လူငယ်များအား ရူပီးငွေ အချို့ မုန့်ဖိုးပေးခဲ့ပြီး ကားပေါ်တက်စက်နှိုးလိုက်သည်။


မသောင်းက ခပ်အေးအေးပုံစံဖြင့် စီးကရက်တစ်လိပ်ကို ထုတ်ကာ ဖွာနေ၏။


''အမိ..မင်းတို့လိုဟာတွေ တယ်ရှုပ်ပါလား..မဆီမဆိုင် ငါတို့ပါ ကွိုင်တော့မလို့''


''အဟက်..ဘယ်သူက ရှင့်ကို ကွိုင်ခိုင်းနေလို့တုန်း..ရှင့်ဟာရှင် အောက်ဆင်းသွားပြီးတော့''


''..ငါ့မျက်စေ့ရှေ့မှာ..မိန်းမတစ်ယောက်ကို လည်ပင်းညှစ်နေတဲ့ကောင်ကို ငါက ဒီတိုင်းထိုင်ကြည့်နေရမလား''


''သြော်..ရှင့်မှာ ဒီလို ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတော့ ရှိသေးသားနော်..''


''တောက်''


ဂန္ဓမာသောင်းရီ က တောက် တစ်ချက်ခေါက်ပြီး ကားကို ဆက်မောင်းနေ၏။


အနောက်တွင်ပါလာသော ဘသိန်းကတော့ သူတို့နှစ်ယောက် အဖြစ်အပျက်ကို ကြည့်လျက် ပြုံးစိစိ။

…………………………………………………………………………………………


''ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်''


ဘသိန်းအသံကြောင့် ဖိုးတုတ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ အမှောင်အတိ။ ဘာမျှမမြင်ရ။


ဖိုးတုတ်က မျက်နှာပေါ်တွင် အုပ်နေသော ချိုက်ဟုန်၏ ဇာဘော်လီ ကို ဆွဲဖယ်ပြီး ထလိုက်သည်။


ညက ဝတ်လာသည့် ရခိုင်ပုဆိုးကို မွေ့ယာခြေရင်းမှ ယူကာ ခေါင်းမှ စွတ်ချပြီး အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်သည်။


အခန်းပြင်သို့ အထွက်တွင် ညက သောက်ထားသော ဝီစကီ ပိုင့်ပုလင်းကို ဝင်တိုက်မိသေးသည်။

တံခါးဂျက်ကို ဖြုတ်ပြီး ဖွင့်လိုက်သည်။


''အေး..ဘသိန်း ဘာတွေ အရေးကြီးနေလဲကွာ..ငါ့ဟာငါ ထပြန်လာမှာပေါ့..ရီးတွေဖြစ်နေတာလား''


ဘသိန်းက လှေကားရင်းတွင် ထိုင်လိုက်ပြီး


''အောင်မယ်လေး..ကိုကြီးဖိုးတုတ်ရယ်…ကျွန်တော်က စေတနာနဲ့ လာတာပါဗျာ..ခင်ဗျားရဲ့ မြှားနတ်မောင်လေး အဖြစ် လာတာပါ''


''ဟေ့ကောင်..ငါ့ကို လေးပဲတန်ဝတ္ထုထဲက စကားတွေ လာပြောမနေနဲ့..ဘာဖြစ်လို့လဲပြော''


''ကျွန်တော် အခုပဲ ဒေါ်ဒေါ်မြ ခေါ်လို့ ကိုကြီးဖိုးတုတ်ရဲ့ အချစ်ကလေး မသင်းမြ အိမ် က ပြန်လာတာ''


''အေး..အဲ့ဒါ ဘာဖြစ်တုန်း''


''အဘွားကြီးက မနေ့က ညနေက အာလူးသီး ကိစ္စ တောင်းပန်ရင်း…ဝါခေါင်လကျရင် မသင်းမြ သူငယ်ချင်းတသိုက် တောင်ပြုန်းပွဲ သွားမယ့် အကြောင်းပြောတယ်''

''လခွမ်းလိုပဲ..အဲ့ဒါနဲ့ ငါ့လာနှိုးစရာလားဟ''


''မဟုတ်ဘူးဗျ..အဲ့ဒါ အဘွားရီးက ကိုကြီးဘိုးတုတ်နဲ့ ကျွန်တော့်ကို အဖော်ထည့်ပေးလိုက်ချင်တယ်တဲ့.. ဟိုပွဲက ကြမ်းကြမ်းရမ်းရမ်းမို့..ကိုကြီးဘိုးတုတ်တို့ပါတယ်ဆိုမှ မသင်းမြ ကို လွှတ်မယ်တဲ့ဗျ''


''ဟာ..ဖြစ်ပါ့မလားကွာ..ဒီဟာမ က မလွယ်ဘူးဟ''


''ဘာလို့ မဖြစ်ရမှာလဲ..အကိုရာ..အကိုလည်း ခရီးတွေဘာတွေ မထွက်ဖြစ်တာကြာပြီပဲ..လုပ်ပါ..လိပ်ဥလေးထွက်တူးကြတာပေါ့''


''အေးပါ..ဘသိန်းရာ..အေးပါ..နောက်သုံးလ ကြာမှ ကိစ္စများ ငါ့ကို အရေးတကြီးလာနှိုးရလားဟ''


''ကိုကြီးဖိုးတုတ်..ဝမ်းသာစေချင်လို့ပါဗျာ''


''အေး..အေး..ဒါဆိုလည်း ငါအင်္ကျ ီသွားဝတ်လိုက်ဦးမယ်..ခဏစောင့်ဦး..တခါတည်း မင်းနဲ့ ပြန်လိုက်ခဲ့မယ်''


ဖိုးတုတ်က မြူးကြွစွာဖြင့် အိမ်ထဲ ပြန်လှည့်ကာ အင်္ကျီကို ယူရန် အခန်းထဲသို့ ဝင်လိုက်လေသည်။

အခန်းထဲတွင် ချိုက်ဟုန်က ငုတ်တုတ်ထိုင်လျက်။


''နင် နိုးနေတာလား..ချိုက်ဟုန်''


''အကိုကြီး ထသွားပြီး ပုလင်းကို ဝင်တိုက်ကတည်းက ချိုက်ဟုန်နိုးနေတာပါ..ရော့..ဒီမှာ အကိုကြီး အင်္ကျ ီ''


ဖိုးတုတ်က ချိုက်ဟုန်ကမ်းပေးသော အင်္ကျ ီကို ကြယ်သီးတပ်လိုက်သည်။ ထို့နောက် အိပ်ကပ်ထဲမှ ပါလာသော ရူပီးငွေ သုံးဆယ်ကို ချိုက်ဟုန်လက်ထဲသို့ ထည့်ပြီး အပြင်တွင် စောင့်နေသော ဘသိန်းထံသို့ ထွက်လာခဲ့သည်။


ချိုက်ဟုန်ကား ဖိုးတုတ်၏ ကျောပြင်အား ငေးလျက်။ လက်ထဲတွင်လည်း သုံးဆယ်သော ရူပီးငွေကို ဆုပ်ကိုင်လျက်။ သို့သော် ချို့ဟုန်၏ မျက်ဝန်းတွင် မျက်ရည်တို့ကား ဝေ့သီမနေပါ။


ချိုက်ဟုန်သည် ချိုက်ဟုန်သာ ဖြစ်နေရမည် မဟုတ်လား။

……………………………………………………………………………………..


၁၉၂၈ သြဂုတ်လ ()ရက်၊ မြန်မာ့ပြက္ခဒိန် အလိုအရ ဝါခေါင်လပြည့်ကျော် ()ရက်နေ့။


ရန်ကုန်ဘူတာကြီး၊ မန္တလေး - ရန်ကုန် အစုန်ရထားပေါ်မှ လမ်းမတော်ဖိုးတုတ်၊ ညီဖြစ်သူဘသိန်းနှင့် ဂန္ဓာမာသောင်းရီ တို့အား စံဘက ကားဖြင့် လာရောက်ကြိုသည်။


စံဘသည် ကားမောင်းတတ်ခါစဖြစ်သဖြင့် ကားမောင်းရသည်ကို အလွန်တက်ကြွနေ၏။


''ဂန္ဓမာ မင်း..မောင်းပေးလိုက်ကွာ''


ဖိုးတုတ်က ထိုသို့ ပြောလိုက်သဖြင့် စံဘ မကျေမနပ်ဖြစ်သွားသည်။


''ကိုဖိုးတုတ်ရာ..အခု အကိုတို့ကို လာကြိုတာလည်း ကျွန်တော် မောင်းလာတာပါ''


''မင်းက ငါ့ကို ပြန်ပြောနေတာလား..စံဘ''


စံဘ ငြိမ်သွားသည်။


ဂန္ဓမာသောင်းရီက ဒရိုင်ဘာနေရာတွင် ဝင်ထိုင်ပြီး ဘေးတွင် လမ်းမတော်ဖိုးတုတ်က ထိုင်သည်။


နောက်တွင် ဘသိန်းနှင့် စံဘ။


''ဘသိန်း..ဘသိန်း..မင်းလုပ်တာနဲ့ တောင်ပြုန်းပွဲမှာ ဟိုဟာမလေး နဲ့ ငါနဲ့ ထပ်ပြသနာတက်တာပဲ အဖတ်တင်တယ်နော်..ဟေ့ကောင်''


''ကိုကြီးဖိုးတုတ် က လူမိုက်ပဲ လုပ်ရဲတာ။ မြာပိုးတဲ့နည်းကျ..ညံ့ချက်ကိုဗျ''


''ဟူး..ငါ မသင်းမြ ကို ချစ်တယ်။ သဘောကျတယ်ကွာ။ အဲ့ဒါပဲသိတယ်..ဟိုလို ဒီလို တွေ မြာပိုးတာတွေ ငါမလုပ်တတ်ဘူးကွ…ဒီတသက်တော့ သူနဲ့ငါ မဖြစ်နိုင်ဘူးထင်ပါတယ်ကွာ''


''စိတ်ချပါဗျာ..ကိုကြီးဘိုးတုတ်..မသင်းမြ နဲ့ ညားကို ညားရမယ်..ကျွန်တော့် တာဝန်သာထား''


''ဒီ ခွေးကောင်ကတော့ ပြောပြန်ပြီ..ဂန္ဓမာရေ..ငါတော့ ဘယ်အချက် ချောက်ကြမလဲမသိဘူး''


ကားက လမ်းမတော် ဆယ့်ငါးလမ်းထိပ်ရှိ ဖိုးတုတ်သီးသန့် ဝယ်ထားသော အိမ်ရှေ့တွင် ရပ်လိုက်သည်။


''ဝယ်လာတဲ့ လက်ဆောင်တွေ..အမေ့ဆီ ကျွန်တော် သွားပို့လိုက်ဦးမယ်..ကိုကြီးဖိုးတုတ်''


ဘသိန်းက လက်ဆောင်ထုတ်များကို ဆွဲကာ ကားပေါ်မှ ဆင်းသွား၏။


လမ်းမတော်ဖိုးတုတ် ကို သူ့တပည့်များက အသင့်ဆီးကြိုနေကြသည်။


''ဆရာဖိုးတုတ်..ခုနပဲ..ချိုက်ဟုန် ဒီကို လာသွားတယ်..ကိုကြီးပြန်လာရင်..ချိုင်းနားစတန်းကို ခဏလာပါဦးတဲ့..ကောင်မလေး မျက်နှာလည်း သိပ်မကောင်းဘူး''


''ဟ ဘယ်အချိန်ရှိသေးလို့ သူက ဒီလောက်အစောကြီး ချိုင်းနားစတန်းကို ရောက်နေတာတုန်းကွာ..အေးအေး..ခဏနေမှ သွားကြည့်လိုက်မယ်''


တောင်ပြုန်းပွဲတွင် မသင်းမြ နှင့် တစ်ချိန်လုံး ကတောက်ကဆဖြစ်ခဲ့သည့်အတွက် ဖိုးတုတ် စိတ်များ ရှုပ်ထွေးနေသည်။


''ငါ ရေချိုးလိုက်ဦးမယ်.…ပြီးရင်..ငါ ချိုက်ဟုန်ဆီသွားမှဖြစ်မယ်..သူတစ်ခါမှ ဒီလို ငါ့ဆီ လိုက်လာဖူးတာမဟုတ်ဘူး..တစ်ခုခုပြသနာရှိလို့သာ..ဂန္ဓမာ..မင်း ပင်ပန်းလာလို့ မလိုက်ချင်လဲရတယ်..ငါ စံဘကို ခေါ်သွားလိုက်မယ်''

''အေး..ရထားစီးလာရတာ..ပင်ပန်းတယ်ကွ..ငါ ဒီနေ့တော့ နေခဲ့မယ်..ဖိုးတုတ်..မင်း အိုကေတယ်နော်''


ဖိုးတုတ်က ခေါင်းညိမ့်ပြပြီး ရေချိုးရန် အခန်းတွင်သို့ ဝင်လာခဲ့သည်။

တစ်နာရီခန့်အကြာတွင် လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့သည့် မော်တော်ကားဖြင့် ချိုင်းနားစတန်းဟိုတယ်သို့ ထွက်ခဲ့ကြသည်။


မန်နေဂျာကြင်မောင်ရော၊ ပိုင်ရှင် လောက်ဝီ ပါ မျက်နှာမကောင်းကြ။


''လောက်ဝီ…ဘာတွေဖြစ်နေကြတာလဲ''


ဟိုတယ်ပိုင်ရှင် လောက်ဝီ ကို ဖိုးတုတ်က မေးလိုက်သည်။


''ဆရာကြီး အချစ်လေး ချိုက်ဟုန် ကိုသာ မေးကြည့်ပါ..ဆရာကြီး..သူအပေါ်ထပ်က အခန်း ()မှာ စောင့်နေတယ်''


''စံဘ မင်း အောက်မှာ စောင့်နေခဲ့။ မင်းကြိုက်တာ မှာသောက်ထား''


ဖိုးတုတ် အပေါ်သို့ တက်လာလိုက်သည်။

ချိုက်ဟုန်က အခန်း()ထဲတွင် ဝီစကီသောက်နေသည်။


''ကလေးမ..ညည်း ဒီအချိန်ကြီး မသောက်ဖူးပါဘူး..ဘာတွေဖြစ်နေတာလဲ''


ဖိုးတုတ်က ချိုက်ဟုန် ၏ ဘေးတွင် ဝင်ထိုင်ပြီး မေးလိုက်သည်။


''အကိုကြီးတို့ မရှိတဲ့ ရက်တွေမှာ ဒီမှာ ပြသနာတွေ များကြီးတက်သွားတယ်''


''ဘာဖြစ်တာလဲ ချိုက်ဟုန်..ဒီမှာ အကိုကြီးလူတွေများကြီးကျန်ခဲ့တာပဲ..ချိုက်ဟုန်ကို ဘယ်သူ ထိလဲ။ ဘယ်သူ ဘာလုပ်လဲ..သူတို့ကို ပြောလည်း ရတာပဲကိုး''


''မဟုတ်ဘူး..အကိုကြီး..မဟုတ်ဘူး..ချိုက်ဟုန်ဘာမှမဖြစ်ဘူး..ဖြစ်တာက မသောင်း''


''မသောင်း ဘာဖြစ်လို့လဲ''


''တရက်က မသောင်းကို ပုဏ္ဍားဘထွန်းတပည့် တလိုင်းလေးကျော်သင်းတို့ အုပ်စု ဟိုတယ်အပြန်လမ်းမှာ စောင့်ပြီး (၂၇)လမ်းထိပ်က သူတို့အရက်ဘားမှာ ဘားမယ်လာလုပ်ဖို့ ခေါ်တယ်..အကိုကြီး''


''အဲ့ဒီတော့''


''ရိုးရိုးလာခေါ်တာမဟုတ်ဘူး..အကိုကြီး..မလာရင် ကတ္တရာရည်ပူနဲ့ မျက်နှာကို ပက်မယ်ဆိုပြီး ခြိမ်းခြောက်ကြတာ..အဲ့ဒါနဲ့ မသောင်းလည်း ကြောက်လန့်ပြီး ညဘက် ချိုင်းနာစတန်းကို မသွားတော့ပဲ သူတို့ ဆီသွားပေးရတယ် အကိုကြီး''


''အင်း..အဲ့ဒီတော့''


''ဟိုမှာ တလိုင်းလေးတို့ အုပ်စုက ညတိုင်း မသောင်းကို တစ်ယောက်ပြီး တစ်ယောက် မုဒိန်းဝိုင်းကျင့်ကြတယ်တဲ့..အခု ဒီညလည်း မသောင်းသွားရဦးမယ်..သူ မသွားချင်လို့ ငိုယိုနေတယ်.. အဲ့ဒါနဲ့ ညီမလည်း စိတ်ညစ်လို့ အကိုကြီးအိမ်ကို လာပြောပြီး ဒီမှာ လာသောက်နေတာ..ချိုက်ဟုန် သူငယ်ချင်းတော့ သနားပါတယ်..အကိုကြီးရယ်''


ဖိုးတုတ် က ဝီစကီပုလင်းကိုယူကာ တစ်ခွက်ငှဲ့လိုက်သည်။


''ဒီမယ်..ချိုက်ဟုန်ရဲ့ သူငယ်ချင်းဟာ လမ်းမတော်ဖိုးတုတ်ရဲ့ သူငယ်ချင်းပဲနော်..ဟုတ်ပြီလား.. သူတို့ အရက်ဘားနာမည်က ဘာတဲ့လဲ''


''King တဲ့ အကိုကြီး''


ဖိုးတုတ်က ငှဲ့ထားသောဝီစကီကို တဘရိတ်ထဲ မော့လိုက်ပြီး အခန်းထဲ မှ ထွက်သွားသည်။

အောက်ထပ်တွင် သျှောင်ပေစူးစံဘက ဘီယာတစ်လုံးဖြင့် ငြိမ့်နေ၏။


''စံဘ… လာဟေ့''


ဖိုးတုတ်က ကားပေါ် ခပ်သွက်သွက်တက်ပြီး…စက်နှိုးမောင်းထွက်လိုက်သည်။


ဖိုးတုတ် ဦးတည်ရာကား မော်တင်ကမ်းနားမှ ချိုက်ဟုန်နှင့် မသောင်းတို့ တန်းလျားဆီသို့။

………………………………………………………….


ရုတ်တရက် အိမ်ပေါ် တက်လာသော ဖိုးတုတ်ကိုမြင့်တော့ ပြဲနေသည့် ဖန်ပေါင်းချောင်အင်္ကျီလေးကို ချုပ်သီနေသည့် မသောင်း လန့်သွားသည်။


''လာ..မသောင်း ကျုပ်နဲ့ လိုက်ခဲ့''


ဖိုးတုတ်က မသောင်းလက်ကို စောင့်ဆွဲခေါ်သဖြင့် မသောင်း ယက်ကန်ယက်ကန်ဖြင့် ပါလာသည်။


လက်ထဲတွင်လည်း ချုပ်လက်စ ဖန်ပေါင်းချောင်အင်္ကျီ နှင့်် အပ်ချည်က တွဲလောင်း။


ဖိုးတုတ်က မသောင်းကို ကားရှေ့တံခါးဖွင့်ကာ တွန်းတင်လိုက်သည်။


ထို့နောက် ကားကို စက်နှိုးကာ မောင်းထွက်လိုက်၏။


''ကဲ..မသောင်း..အခု ကင်း ကိုသွားမယ်..ခင်ဗျား ကျုပ်ကို လမ်းညွှန်..''


''ဟုတ်..ဟုတ်''


''ချိုက်ဟုန်ပြောလို့ ကျုပ်အားလုံး သိပြီးပြီ..ငါ-ိုးမသားတွေ..နှမချင်းမစာနာ..လူပါးဝတယ်..ဒါနဲ့ ခင်ဗျားလက်ထဲက အင်္ကျီ က ဘာလဲ''


''ဟို မနေ့ညက အသောင်းကို သူတို့ ဝိုင်းလုပ်ကြတော့ ပြဲသွားတဲ့ အင်္ကျ ီလေး ချုပ်နေရင်းမို့ ပါလာတာပါ''


''အင်း..ကောင်းတယ်…အဲ့ဒါပါ..ယူခဲ့..''


စံဘက အနောက်ခန်းမှ ခပ်ကုပ်ကုပ်ပါလာသည်။

ဖိုးတုတ်၏ ကား က လမ်းမတော်နယ်မြေအပိုင်ကို ကျော်လွန်လျက် ပုဏ္ဍားဘထွန်းအပိုင် သိမ်ကြီးဈေးကို ကျော်လွန်လာပေပြီ။


''ကိုဖိုးတုတ်…ပုဏ္ဍား နယ်ထဲ ရောက်နေပြီနော်''


စံဘက နောက်ခန်းမှ လှမ်းပြောသည်။


''အဲ့ဒီတော့ ဘာဖြစ်လဲ..စံဘ''


''လိုလိုမယ်မယ် ကိုဂန္ဓမာတို့၊ ကိုညွန့်တို့ ကို ကျွန်တော် သွားခေါ်ပေးရမလား''


''ဟေ့ကောင်…စံဘ..မင်း က စောက်ကြောက်လား..အခုက လမ်းမတော်ဖိုးတုတ် ငါ ပုဏ္ဍားနယ်ထဲ နားဝင်ထွင်းမှာကွာ..မင်း မလိုက်ရဲရင်..ဆင်းနေခဲ့''


စံဘ ဆတ်ခနဲဖြစ်သွားသည်။


''တော်ပြီ ကိုဖိုးတုတ်..တော်ပြီ..ဘယ်ကောင်မှ မခေါ်ဘူး..ကျွန်တော်လည်း မဆင်းဘူး..မောင်းသာမောင်း''

………………………………………………………..

''King ပျော်ပွဲစားရုံ'' ရှေ့တွင် ကားကို ရပ်လိုက်သည်။


''မသောင်း..ခင်ဗျားဆင်းပြီး..တံခါးဖွင့်လိုက်ဗျာ..မကြောက်နဲ့..ကျုပ်နောက်က ပါတယ်''


မသောင်းက တုန်တုန်ရီရီဖြင့် အောက်ဆင်းလာသည်။


''သွားပါဗျာ..ဝင်မှာ ဝင်စမ်းပါ''


ဖိုးတုတ်၏ အသံကြောင့် မသောင်းက ပျော်ပွဲရုံ တံခါးကို ဖွင့်ဝင်လိုက်သည်။

နေ့ခင်းကြောင်တောင်ဖြစ်သဖြင့် ဘားအတွင်း သောက်သုံးသူူ တစ်ယောက်မှ မရှိ။


စွပ်ကျယ်ဝတ်ထားသော လူတစ်ယောက်နှင့် အင်္ကျီဗလာကျင်းထားသော လူနှစ်ယောက်သာ ထိုင်နေကြသည်။


''သြော်..ဘယ်သူများလဲလို့…ညည်းကို..ဟဲ..ဖာသည်မ..နင် ညက အလုပ်ခံရတာ မဝလို့ ဒီအချိန်ကြီး ထပ်လာတာလား..သွားစမ်း..ညနေမှ ပြန်လာ''


ထိုအချိန်တွင် တံခါးကို ဂျက်ထိုးကာ နောက်မှ လိုက်ဝင်လာသော ဖိုးတုတ်နှင့် စံဘကို တွေ့သွား၏။


''မင်းတို့ ဘယ်ကကောင်တွေလဲ..ဆိုင်မဖွင့်သေးဘူးကွ''

''ဟိုခွေးမသား ကျော်သင်း ဘယ်မှာလဲ''


''မင်းကများ ရာရာစစ..တို့ဆရာကို..''


အင်္ကျီချွတ်နှင့် လူက ဖိုးတုတ်ဆီသို့ တိုးဝင်လာစဉ် စံဘက တုတ်ဖြင့် စီးရိုက်ပစ်လိုက်သည်။


ပျော်ပွဲစားရုံအဝတွင်ရှိသော သစ်သားမြောင်းကူးတံတားမှ နုတ်လာသည့် တုတ်ဖြစ်သောကြောင့် သံတစ်ချောင်း က တပ်ရပ် ပါလာသဖြင့် သံချောင်းသည် အင်္ကျီချွတ်၏ ပါး ကို စိုက်ဝင်သွားသည်။


လဲကျသွားသော အင်္ကျီချွတ်၏ မျက်နှာကို စံဘက နင်းထားပြီး တုတ်ကို ဆွဲနုတ်၏။


ထိုအချိန်တွင် စွတ်ကျယ်ဝတ်လူက ဘားကောင်တာနောက်တွင် ထားသော ဓါးကို ပြေးဆွဲလေသည်။


သို့သော် ဓါးကို ယူပြီး အလှည့်တွင်ပင် ဖိုးတုတ် ၏ လက်သီးကြောင့် နောက်ပြန်လည်သွား၏။


ဖိုးတုတ်က စွတ်ကျယ်ဝတ်ကို တက်ခွကာ လက်မှ ဓါးရှည်အား လုယူကာ ဓါးနှောင့်ဖြင့် မျက်နှာကို တစ်ချက်ပြီး တစ်ချက် စိမ်ပြေနပြေထုလေသည်။


ထိုအချိန်တွင် စံဘကလည်း အင်္ကျီချွတ်လူ၏ ကိုယ်လုံးတီးအပေါ်ပိုင်း ခန္ဓာကိုယ်အား တုတ်ဖြင့် ဆင့်ကာ ဆင့်ကာရိုက်နေသည်။


မသောင်းကား စားပွဲတစ်ခုတွင် ထိုင်ကာ ကြောင်တောင်တောင်ဖြစ်နေသည်။


''မသောင်း. ဒီနား.လာဦး''


မသောင်းက ကြောက်ကြောက်လန့်လန့်ဖြင့် ထလာသည်။


''တလိုင်းလေး ကျော်သင်း ဆိုတာ ဒီနှစ်ကောင်ထဲက ဘယ်ကောင်လဲ''


''တစ်ကောင်မှ မဟုတ်ဘူး။ ဒါကျော်သင်းတပည့် အေးငွေနဲ့ လက်ကောက်''


''ခင်ဗျားကို ညက မတော်မတရားလုပ်တဲ့အထဲ ဒီနှစ်ကောင်ပါလား''


''အေးငွေတော့ မပါဘူး..လက်ကောက်ပါတယ်''


''လက်ကောက်ဆိုတာ ဘယ်ကောင်လဲ''


''ဟို..ကိုယ်လုံးတီးနဲ့ တစ်ယောက်''


ဖိုးတုတ်က သူ့လက်ထဲရောက်နေသော စွတ်ကျယ်နှင့် အေးငွေ၏ ခေါင်းကို ဘားကောင်တာပေါ်မှ ဘီယာပုလင်းနဲ့ အားကုန်ရိုက်ခွဲလိုက်သည်။


''ဟေ့..စံဘ..မင်းလက်ထဲက ကောင်ကို ဖိထားစမ်း..မသောင်း..ခင်ဗျား ခုနပါလာတဲ့ အင်္ကျီ နဲ့ အပ်ချည်တွေ ဘယ်မှာလဲ''


''ဟို..ဟို ကားပေါ်မှာ''


''သွားယူခဲ့ဗျာ..သွား..အပ်နဲ့ အပ်ချည်ပါ ပါစေ''


မသောင်းက ကားပေါ် မှ ချုပ်လက်စ အင်္ကျီ နှင့် အပ်ချည်ကြိုးတို့ကို ယူလာသည်။


''စံဘ ဒီကောင့်ကိုထူလိုက်''


သတိရတစ်ချက်မရတချက်ဖြင့် သွေးများလူးနေသော လက်ကောက် ကို စံဘ က ထူလိုက်သည်။


''မသောင်း..ဒီကောင့်ကို ခင်ဗျား အင်္ကျီ ဝတ်ပေးလိုက်''

…………………….


''ဟာ ဝတ်ဆို ဝတ်ပေးလိုက်ဗျာ…ခင်ဗျားကို အဲ့ဒီလို အင်္ကျီမျိုး ဆယ်ထည် ကျုပ်ပြန်ဝယ်ပေးမယ်''


မသောင်းက ဖန်ပေါင်းချောင်အင်္ကျီ အပြဲကို ကြောက်ကြောက်လန့်လန့်ဖြင့် လက်ကောက် ထံ ဝတ်ပေးလိုက်သည်။


လက်ကောက်၏ ခန္ဒာကိုယ်ဖြင့် မတော်သဖြင့် မနည်းထိုးထည့်နေရသည်။

ဇာအင်္ကျီဖြစ်သဖြင့် အချို့နေရာများ စုတ်ပြတ်ကုန်သည်ကို မသောင်း မနှမြောနိုင်အား။


''ရပြီ..မသောင်း..ဒီလောက်ဆို..ကဲ..ခင်ဗျားကို သူတို့ ဘယ်နားမှာ မတရားလုပ်ကြတာတုန်း''


မသောင်းက ဘားကောင်တာထောင့်မှ စားပွဲကို လက်ညှိးထိုးပြသည်။


''ကဲ..စံဘ..ဒီကောင့်ကို အဲ့ဒီပေါ် ဆွဲတင်ကြမယ်ကွာ''

စားပွဲပေါ်သို့ သတိလစ်နေသော လက်ကောက်ကို ဆွဲတင်လိုက်ကြသည်။


''မသောင်း..ခင်ဗျားကို နှိပ်စက်ပြီး လုပ်ခဲ့တဲ့ကောင်တွေအကြောင်း ခင်ဗျား..ပြန်စဉ်းစားဗျာ.. ပြီးတော့..ဒီမြင်ကွင်းကို သေချာကြည့်ပြီး အရသာခံပေတော့''


ဖိုးတုတ်သည် လက်ကောက်၏ ခန္ဓာကိုယ်နှင့် ဖန်ပေါင်းချောင်အင်္ကျီကို တွဲကာ အပ်ချည်ဖြင့် တစ်ချက်ချင်း ချုပ်နေ၏။


အပ်ကို အရေပြားထဲသို့ အားဖြင့် ထိုးစိုက်လိုက်သည့်အခါတိုင်း လက်ကောက်မှာ အသံနက်ကြီးဖြင့် အော်ဟစ်ရုန်းကန်လေသည်။


သို့သော် ဖိုးတုတ်နှင် စံဘတို့ ဖိထားသောကြောင့် မည်သို့မှ အကျိုးမထူး။

လက်ကောက်၏ ကိုယ်လုံးတီးအပေါ်ပိုင်းတစ်ခုလုံးသည် မိန်းမဝတ် အင်္ကျီနှင့် တစ်သားတည်း အချုပ်ခံရပြီးသည့်အချိန်တွင်တော့ လက်ကောက် တအီးအီးညည်းညူရင်း ခုံပေါ်တွင် ကျန်ရစ်သည်။


''ကဲ..မသောင်း..ခင်ဗျား ရဲ့ မှိတ်ထားတဲ့ မျက်စိကို ဖွင့်လိုက်ပြီး..ကားပေါ် တက်ထိုင်နေလိုက်ဦး..သူတို့ ဆရာသမားဆိုတဲ့ ဟိုတလိုင်းလား နှစ်လိုင်းလား အဲ့ကောင်ပြန်လာရင် ပျော်သွားအောင် သူ့ဆိုင်ကို နည်းနည်း ဖြိုလိုက်ဦးမယ်''


မသောင်းက ဆိုင်တံခါးကို ဖွင့်လိုက်ချိန်တွင်တော့ ဆိုင်ရှေ့တွင် အုံနေသော လူအုပ်စုကြီး။


မသောင်း ထွက်လာသည့်အခါ အားလုံးရှဲသွားကြသည်။

ဖိုးတုတ်နှင့် စံဘ က ဆိုင်အတွင်း ပစ္စည်းများကို စိတ်ကြိုက် ရိုက်နှက်ပြီး ထွက်လာကြ၏။


ထို့နောက် ကားစက်ကို နှိုးကာ ချိုင်းနားစတန်းဟိုတယ်ဆီသို့ မောင်းထွက်လာကြတော့သည်။


ချိုင်းနားစတန်းဟိုတယ်ရှေ့အရောက်တွင် ကားများတန်းစီပြီး ရပ်ထားသည်ကို တွေ့ရသည်။

ဖိုးတုတ် အဖွဲ့၏ ကားများ။


ကားပေါ်မှ ဖိုးတုတ် ဆင်းလိုက်သောအခါ ဂန္ဓမာသောင်းရီနှင့် လောက်ဝီတို့ ဟိုတယ်ထဲမှ ထွက်လာ၏။


''ဟာ..ဖိုးတုတ်ရာ…ငါအိမ်မှာ ပျင်းလို့ မင်းဆီလိုက်လာတာ..ဒီရောက်မှ အကြောင်းစုံသိတာနဲ့..ငါတို့ လူတွေ ခေါ်စုပြီး အခုပဲ သိမ်ကြီးဈေးဘက်လိုက်တော့မလို့…မပြောမဆိုကွာ..မင်းကလဲ''


''ဟေ့ရောင်..ဂန္ဓမာ..ငါ့အတွက် လူအုပ်စုဆိုတာမလိုပါဘူးကွ..ငါတို့နယ်ကိုကျော်ပြီး လူပါးဝတဲ့ ပုဏ္ဍားတပည့်တွေကို ငါဘယ်လို လုပ်ခဲ့လဲ..မသောင်းကို မင်းမေးကြည့်''


ထိုအခါမှ ဖိုးတုတ်နောက်တွင် ရပ်နေသော မသောင်းကို ဂန္ဓမာသောင်းရီ သတိထားမိသွားသည်။


''ခင်ဗျား..ခင်ဗျား ဘာဖြစ်သွားလဲ..မသောင်း..ဟင်..ဘာဖြစ်သွားသေးလဲ''


ဂန္ဓမာက မသောင်း ပုခုံးကို ဖက်ပြီး စိုးရိမ်တကြီးမေးလိုက်ချိန်တွင် မသောင်း က ဂန္ဓမာရင်ခွင်ထဲ သို့ တိုးဝင်ကာ အိ ခနဲ ငိုချလိုက်သည်။


''ဖိုးတုတ်..မင်း အဲ့ဒီ တလိုင်းလေးကျော်သင်းဆိုတဲ့ ကောင်ကို သတ်ခဲ့လား..ပြောစမ်း..ဟေ့ရောင်''


''တလိုင်းလေးကို ကျွန်တော်တို့ မတွေ့ခဲ့ဘူး…ကိုဂန္ဓမာ..ဒါပေမယ့် သူ့တပည့်နှစ်ယောက်တော့ အလဲအကွဲ ပဲ''

စံဘက ဝင်ပြောသည်။


''အေး..မင်းသွားမသတ်ရင် အဲ့ဒီကောင်ကို ငါသွားသတ်မယ်..ဖိုးတုတ်. ဒီမအေ -ိုး..အသေဆိုးနဲ့ကို သေရမယ်''


ဖိုးတုတ်က ဂန္ဓမာသောင်းရီ ၏ ပုခုံးကို ဖက်လိုက်သည်။


''စိတ်ကိုလျှော့သူငယ်ချင်း..အခု တလိုင်းလေးဘဝက သေတာထက်ဆိုးတဲ့ စောက်ရှက်ခွဲနည်းမျိုးနဲ့ ငါခွဲခဲ့ပြီကွ..သူ့တပည့်တွေ ဖြစ်ပုံပျက်ပုံကို သိမ်ကြီးဈေးထဲက လူတွေအကုန် မြင်ပြီးပြီ..ဖိုးတုတ်ကို လာကြောရင် ဘာဖြစ်တတ်လဲဆိုတာ အခုဆို ဒီကောင်တွေသိနေလောက်ပြီ..စိတ်လျော့ သူငယ်ချင်း..မသောင်း ကို အပေါ်ခေါ်သွားပြီး…မင်း နှစ်သိမ့်လိုက်ပါဦး..သူဒီရက်ပိုင်း ကြောက်စရာတွေ ဆက်တိုက်ကြုံလာရတယ်''


ထိုအချိန်တွင် ချိုုင်းနားစတန်းဟိုတယ် မန်နေဂျာ ကြင်မောင် က ဖိုးတုတ်ရှိရာ ပြေးလာသည်။


''ဆရာကိုဖိုးတုတ်…ဖုန်းလာနေတယ်..အနောက်ပိုင်းခရိုင် ပုလိပ်အိတ်စပက်တာ ဦးဟုတ်ဂွမ် ဆီကတဲ့''






အခန်း()

……………….

ဖိုးတုတ်က ဟိုတယ်ကောင်တာသို့ တက်သွားပြီး တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။


''ဟယ်လို..ဆရာဦးဟုတ်ဂွမ်..ကျွန်တော် ဖိုးတုတ်ပါ''


''သြော်..အေး..ငါထင်တော့ထင်သားပဲ..ခုန ကင်း ရှေ့မှာ ငါ့ဆာဂျင်တစ်ယောက်ရှိနေတယ်။ အဲ့ဒါ ဆိုင်ထဲကနေ မင်းနဲ့ ချိုင်းနားစတန်းက ကောင်မတစ်ကောင် အတူထွက်လာပြီး ကားမောင်းသွားတယ်လို့ ပြောလို့ မင်း ဒီမှာ ရှိမှာပဲ ထင်ပြီး လှမ်းဆက်ကြည့်လိုက်တာ..ကွက်တိပဲ''


''ဟုတ်တယ်..ဆရာ..ဒီကောင်တွေ ကျွန်တော့်နယ်ထဲဝင်ပြီး ရင့်သွားတာ မခံနိုင်လို့..ဒီကလေးမတွေက ကျွန်တော့် အကာအကွယ်အောက်မှာ ရှိနေတာ သိသိကြီးနဲ့''


''မင်းကတော့ လုပ်လိုက်ရင် အရမ်းကြီးပဲ…အခုဟာက ဒီတိုင်းမပြီးဘူးကွ..ငါပြောမယ်.. မင်းအခုလုပ်ရမှာက ခုန ပြသနာဖြစ်နေချိန်မှာ မင်းဟာ ဂုဏ်သရေရှိမင်းမိတ်ဆွေ တချို့နဲ့ တစ်နေရာမှာ အတူရှိကြောင်း အလီဘိုင် ပြထားမှ ဖြစ်မယ်ကွ.. ပြီးရင် မင်းတပည့်ထဲက တစ်ယောက်ကိုတော့ အချုပ်ထဲ ခဏထည့်မှရမယ်''


''ဟုတ်ပြီ.. ဆရာ..ကျွန်တော်သဘောပေါက်ပြီ…လွန်ခဲ့တဲ့ နှစ်နာရီကတည်းက ကျွန်တော်ဟာ ရန်ကုန်မြစ်ထဲက ပရင့်ဆက်သင်္ဘောပေါ်မှာ ကျွန်တော့်မိတ်ဆွေတွေနဲ့ အရက်သောက်နေတာလို့သာ မှတ်ပေရော့.. ကိစ္စတွေဖြတ်ပြီး ရင် ဆရာ့ဆီ ကျွန်တော်လာတွေ့ပါ့မယ်''


ဖိုးတုတ်က ဖုန်းချလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။

အပေါ်ထပ်တွင် ဂန္ဓမာ က မသောင်း၊ ချိုက်ဟုန်တို့နှင့်အတူ ထိုင်နေသည်။


''ဂန္ဓမာ မင်း..ခဏနေ အိမ်ကိုပြန်..ဘယ်သူလာမေးမေး..ငါ နေ့ခင်းကတည်းက မင်းသားခင်မောင် ၊ ရွှေကျီးညို တို့နဲ့ ရန်ကုန်မြစ်ထဲက သင်္ဘောပေါ်မှာ အရက်သွားသောက်နေလို့ ဖြေဖို့ ဟိုကောင်တွေကို မှာထား..ခု ငါသွားလိုက်ဦးမယ်''


ဖိုးတုတ်က အောက်ထပ်ဆင်းပြီး ဟိုတယ်ဖုန်းဖြင့် သူကဆက်စရာရှိသည်များကို လိုက်ဆက်လိုက်သည်။


နောက် တစ်နာရီခန့်အကြာတွင် ရန်ကုန်မြစ်ထဲတွင် ရပ်ထားသော ပရင့်ဆက်သင်္ဘောပေါ်တွင် လမ်းမတော်ဖိုးတုတ် နှင့် သူ့မိတ်ဆွေများဖြစ်သော ဓာတ်ရှင်မင်းသားကိုခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့နှင့်အတူ အရက်ဝိုင်းဖွဲ့နေသည့် အနေအထားဖြစ်သွားလေသည်။


ဓာတ်ရှင်မင်းသားကိုခင်မောင်က နောက်ထပ် သူ့မိတ်ဆွေ တစ်ယောက်ကိုပါ ဖိုးတုတ်နှင့် မိတ်ဆက်ပေးရန် ခေါ်လာလေသည်။


''ကိုဖိုးတုတ်..ဒါ ကျွန်တော့်မိတ်ဆွေကြီး..အမိန့်တော်ရဝတ်လုံမင်း ဦးအေးကို တဲ့ဗျ''


''ကိုဖိုးတုတ် နာမည်တော့ ကြားဖူးပါတယ်..ကျွန်တော် အေးကိုပါ''


''ဟုတ်ကဲ့…ဝတ်လုံတော်ရမင်း..တွေ့ရတာဝမ်းသာပါတယ်''


''ကဲ.အားလုံးဘော်ဒါတွေဖြစ်သွားပြီပဲဗျာ..ဝတ်လုံတော်ရမင်းလို့ ခေါ်မနေပါနဲ့..အေးကို ..အေးကိုပေါ့''


''ကျန်သေးတယ်..ကိုဖိုးတုတ်ရေ..ဒီလူ က ရှေ့နေလောကမှာ နာမည်ရှိသေးတယ်..ပန်ကာအေးကိုတဲ့ဗျ''


'အံမယ်..နာမည်က အဆန်းပါလား ကိုခင်မောင်ရဲ့..ဘာလို့တဲ့တုန်း''


''အောင်မလေး.ကျုပ်မိတ်ဆွေကြီး ကိုအေးကို ဟာ တရားရေးလောကမှာ ဂျင်လို ပန်ကာလို လည်တဲ့လူဗျ.. ရာဇဝတ်တရားသူကြီးတွေ၊ ဟိုက်ကုတ်တရားသူကြီးတွေ ကို ဘယ်လမ်းကြောင်းက ဘယ်လို ဝင်ရမယ် ဆိုတာသိတယ်၊ ဥပဒေကို ဥပဒေနဲ့ ပြန်ချည်ပြီး မျက်လှည့်ပြတတ်တဲ့လူဗျ..ဒီလောက် မွှတ်နေအောင် လည်လို့လည်း ပန်ကာအေးကို လို့ ခေါ်တာ''


''ဟာ..ကြိုက်ပြီဗျိုး..ကျွန်တော့်အလုပ်နဲ့ ဟော့ဒီက ဦးအေးကို နဲ့တော့ တကယ် အကွက်ကျပြီပဲ.. ဦးအေးကို ကို ဒီနေ့ကစပြီး ကျွန်တော့်ရှေ့နေအဖြစ် ငှားလို့ရမလားဗျာ''


''ဟာ..ကိုဖိုးတုတ် လို လူက ကမ်းလှမ်းလာတာ ကျွန်တော်က ဘယ်ငြင်းဝံ့မလဲဗျ''


''အိုကေဗျာ..ဒီလိုဆို ကျွန်တော်က ကိုအေးကိုကို တစ်လကို ရူပီ တစ်ရာ့ငါးဆယ် ဒီအတိုင်းပေးထားမယ်ဗျာ.. ကျွန်တော့်မှာ အမှုအခင်းရှိလာရင်လည်း တစ်မျိုးပေးတာပေါ့..ဘယ်လိုလဲ အဆင်ပြေရဲ့လား..ဝတ်လုံတော်ရမင်းရဲ့''


''ဟာ..ရူပီးတစ်ရာ့ငါးဆယ် တော့ မရဘူးဗျာ..အဲ့ဒီငွေအပြင် ဝီစကီပိုင့်ပုလင်းတစ်လုံးတော့ ထပ်ဆောင်းလိုက်.. ကိုဖိုးတုတ်ရေ''


''ဒါကတော့ ပြောစရာလိုသလား..ကိုအေးကိုရယ်..ဟားဟား''


''ကိုဖိုးတုတ်ရေ..ခင်ဗျား ကိုအေးကို ကို ရှေ့နေအဖြစ် ငှားထားရင်..စိတ်သာချတော့ဗျိုး..ကိုအေးကို လိုက်သမျှ ဓါးပြမှု၊ လူသတ်မှု အကုန်လုံး တစ်မှုမှ ထောင်မကျဘူးဗျ''

''ကွင်းလုံးကျွတ်လွတ်တာချည်းပဲလား''


''မဟုတ်ဘူးဗျ..အကုန် ကြိုးစင်တက်ရတာဗျိုး…ဟားဟား..''


''ဟာ တော်တော်နောက်တဲ့ မင်းသားဗျာ''


မြစ်ပြင်ပေါ်တွင် အမှောင်ထုက နက်သည်ထက် နက်လာသည်။

ဝီစကီ သုံးလုံးမြောက် ကုန်ပြီးနောက်တွင်တော့ သူတို့ လေးယောက်လုံး အတော် အရှိန်ရနေကြပြီဖြစ်သည်။


ထိုညက မင်းသားခင်မောင် ကားဖြင့် လမ်းမတော်ဖိုးတုတ်ကို ပြန်လိုက်ပို့သည်။

အိမ်ရှေ့သို့ ရောက်သောအခါ ညီဖြစ်သူ ဘသိန်း နှင့် ငညွန့် တို့က အမူးလွန်နေသော လမ်းမတော်ဖိုးတုတ်ကို လာ တွဲခေါ်ကြသည်။


''ဟေ့..ငညွန့်..မင်းက ဒီည..မင်း မယားတွေ ဆီ မပြန်ဘူးလားကွ..အေ့''


''မပြန်ဘူး..ဆရာဖိုးတုတ်..ဒီည..ဒီမှာ အိပ်မှာ''


''အေး..တယ်လည်း ထူးနေပါလားကွ..ဒီကောင်''


''ဝင်..ဝင်..ကိုကြီးဖိုးတုတ်''


ဖိုးတုတ်အခန်းထဲ ရောက်သည်နှင့် အပြင်ဘက်မှ တံခါးကို စောင့်ပိတ်လိုက်ကြသည်။


''ဟေ့ကောင်တွေ..ဘာလုပ်တာလဲ..ငါရေသောက်ဦးမယ်ကွ''


ဖိုးတုတ် စကားပင် မဆုံးလိုက် တစ်စုံတစ်ယောက်က ဖိုးတုတ် ကို ခုန်အုပ်ကာ ဆဲဆို ကုပ်ဖဲ့တော့သည်။


မူးနေသော်လည်း သတိအမြဲကပ်ထားသည့် ဖိုးတုတ်က သူ့အပေါ် ခုန်အုပ်လိုက်သောသူကို ချုပ်ပြီး ကုတင်ပေါ် ကိုင်ပေါက်ချလိုက်၏။


''ဟာ..မင်းဘယ်သူတုန်း…ဟင်....မသင်းမြ…မသင်းမြ''


''အယုတ်မာကြီး..ငါ့နာမည် မခေါ်နဲ့''


မသင်းမြ က ငိုနေရင်းမှ ပြန်အော်သည်။


ဖိုးတုတ် အမူူးများပင် ပြေသွားရ၏။


''မသင်းမြ .. ဘယ်ကနေ ဘယ်လို ဒီအခန်းထဲ ရောက်နေတာလဲ''


''ဘယ်က ဘယ်လို ရောက်ရမှာလဲ..ရှင့်ညီ သေချင်းဆိုးနဲ့ ရှင့်တပည့်တွေ ကျွန်မ ပွဲရုံကို လာတုန်း လမ်းမှာ အတင်းဝင်ဖမ်းပြီး ကားတင်ပြေးလာတာ''


''ဟင်..ဘယ်လို..ဟာ..ဒီကောင်တွေ ..ဘာတွေလုပ်ကြတာလဲ''


ဖိုးတုတ်က တံခါးဘက်သို့ ပြန်လှည့်ပြီး တံခါးကို တွန်းဖွင့်ရင်း အော်ပြောသည်။


''ဟေ့ကောင်..ဘသိန်း..မင်းဘာတွေ လျှောက်လုပ်တာလဲ..ဟေ့ကောင်..တံခါးဖွင့်စမ်း''


''မဖွင့်ဘူးဗျာ..မဖွင့်ဘူး..အကိုကြီးပဲ..လိုချင်လှချည်ရဲ့ဆိုလို့ ကျွန်တော်တို့ စီမံပေးလိုက်တာ''


''ဟေ့ကောင်..ဘသိန်း..မင်းမဖွင့်ပေးရင်..မင်းကို ငါသတ်မှာနော်..ဒီမှာ သူ့ကို အချိန်မီ ပြန်ပို့ရမှာကွ''


''သတ်ချင်လည်း မိန်းမယူပြီးမှ သတ်ဗျာ..ဒီအချိန် သွားပြန်ပို့ရင်တော့ ထောင်ကဲတို့က ခင်ဗျားကို စီးသတ်လိမ့်မယ်…လုပ်စမ်းပါဗျာ..ပြောတော့ လူမိုက်ဆို''


''ဟာ..ဒီကောင်တွေ''


''ဝုန်း..ဝုန်း..ဝုန်း''


ဖိုးတုတ်က တံခါးကို သုံးချက်ဆင့် ကန်လိုက်သည်။

ကျွန်းတံခါးဘောင်က တုတ်တုတ်မျှပင်မလှုပ်။


အမူးရှိန်နှင့် ခြေထောက်နာသွားသည့် အရှိန်ရောသွားကာ ဖိုးတုတ် ကုတင်ပေါ် ထိုင်ချလိုက်သည်။

မသင်းမြ ကား တရှုံ့ရှုံ့ ငိုလျက်။

ဖိုးတုတ် သက်ပြင်းချလိုက်သည်။


''ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး..မသင်းမြရယ်..ဟူး''


နောက်တစ်နေ့ နံနက်တွင် ရှေ့နေ ပန်ကာအေးကို ထံ သို့ ဖိုးတုတ်ထံမှ ဖုန်းဆက်လာသည်။


''ဟုတ်ကဲ့..ကိုဖိုးတုတ်…ဘယ်လိုလဲဗျ..မနေ့ကမှ ကျုပ်ကို ခင်ဗျား ရှေ့နေအဖြစ် ခန့်တယ်.. ဒီနေ့ ဈေးဦးပေါက်ပြီလား''


''ဟုတ်တယ်..ကိုအေးကို ရေ…ဒါပေမယ့် မင်္ဂလာရှိသောဈေးဦးပေါက်ပါဗျ..ဒီလို..ကျွန်တော် ညက မိန်းမ ခိုးထားတယ်..အဲ့ဒါ ဒီတပတ်အတွင်း သွားပြန်အပ်ချင်လို့..ခင်ဗျား ကူညီပေးပါဦး''


''ဟား..ကောင်းပါလေ့ဗျာ..သွက်လှချည်လား..ကိုယ့်ဆရာရဲ့''

………………………………………………………………………………………..

''အိမ်ပေါ်မှာ ဝိုင်းဖွဲ့အရက်မသောက်ရ'

''ကားပေါ် မသင်းမြမှ အပ အခြားမိန်းကလေးခေါ်မတင်ရ''

''ဥပုသ်နေ့တိုင်း ဆွမ်းလောင်းရမည်''


မင်္ဂလာဆောင်ပြီးသည့်နေ့တွင် ပင် တစ်သက်လုံး စည်းမဲ့ကမ်းမဲ့နေထိုင်လာသော လူမိုက်ကြီးသည် မသင်းမြ ၏ အခြေခံဥပဒေသုံးရပ်ကို လိုက်နာပါမည်ဟု ကတိပြုလိုက်ရသည်။


ထိုမျှမကသေး။

မင်္ဂလာဆောင်ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် မသင်းမြ၏ ဘကြီးဖြစ်သူ ဘုံကျောင်းလူကြီး ဘွန်ရှုကျင်း ထံ သြဝါဒခံ ဝင်ရမည်တဲ့။


မသင်းမြ ကို မခေါ်ခဲ့ရပဲ ဖိုးတုတ်တစ်ယောက်တည်း လာခဲ့ရမည် ဆိုသဖြင့် ဖိုးတုတ်အတွက် ထူးဆန်းနေသည်။

လင်စုံမယားဖက် သြဝါဒပေး ရမည် ကိစ္စ မျိုးတွင် ဖိုးတုတ် အား အဘယ့်ကြောင့် တစ်ယောက်တည်း ခေါ်တွေ့ရသနည်း။


ဘွန်ရှုကျင်းသည့် ပိန်ပိန်ပါးပါးဖြင့် ဖူးကျန့်တရုတ်တို့ ဝတ်လေ့ရှိသည့် လက်ရှည်ဝတ်ရုံကို ဝတ်ထားသည်။

ခေါင်းပေါ်တွင် သက္ကလပ်ဦးထုတ်အဝိုင်းလေး ဆောင်းထား၏။


''မောင်ဖိုးတုတ်…မင်း အတော် ကံကောင်းတဲ့ကောင်လေးပဲ''


''ဗျာ''


''ဟုတ်တယ်..မောင်ဖိုးတုတ်…မင်းသတင်းတွေကိုတော့ ငါတို့က အမြဲနားစွင့်နေခဲ့တာပါ.. အခုတော့ အမျိုးတော်လာကြပြီဆိုတော့ မင်းကံကောင်းတာပဲပေါ့''


''ကျွန်တော်နားမလည်ဘူး..ထောင်ကဲ..ဘာကိုလဲ''


''လွန်ခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ ညပိုင်းက မင်းတပည့် ငညွန့် ၊ အုန်းဖေ နဲ့ ထွန်းတင် တို့ လမ်းမတော်ဆိပ်ကမ်း မှာ ဆိုက်နေတဲ့ တရုတ်ရွက်လှေတစ်စင်းကို ဓါးပြဝင်တိုက်ခဲ့ကြတယ်..မဟုတ်လား''


ဖိုးတုတ် မျက်မှောင်ကြုံ့လိုက်သည်။


''ဒီကောင်တွေ လိုချင်တဲ့ငွေကို ရပါလျက်နဲ့ လှေပေါ်က သေတ္တာတစ်လုံးကို ရေထဲ ကန်ချခဲ့တယ်..အဲ့ဒီ သေတ္တာထဲမှာ ရူပီးငွေ သောင်းနဲ့ ချီတန်တဲ့ ပစ္စည်းတွေ ပါတယ်ဆိုတာရော..မင်းသိလား''


''ကျွန်တော်တပည့်တွေ လုပ်ခဲ့တာတွေကများတော့..ကျွန်တော် သေချာတော့မသိဘူး''


''မင်းတပည့်တွေ ဝင်လုခဲ့တဲ့ လှေ က ဖော်မိုဆာကျွန်းကနေ ရန်ကုန်ကို ပစ္စည်းလာပို့တဲ့ လှေပဲ။ အဲ့ဒီလှေကို ရှန်ဟိုင်းအစိမ်းဂိုဏ်းက ပိုင်တယ်''


''ဗျာ''


''မင်း ရှေ့လျှောက် ဒီလောကထဲ ‌ရပ်တည်မယ်ဆို တချို့ ကိစ္စတွေ သိအောင်လုပ်ထားရတယ်၊

ရှန်ဟိုင်းအစိမ်းဂိုဏ်းအကြောင်း မင်းနဲ့ သိတဲ့ တရုတ်တွေကြားမှာ တစ်ချက်လောက် စုံစမ်းစေချင်တယ်..ဖိုးတုတ်''


''ကျွန်တော့် တပည့်တွေ ကိုယ်စား ကျွန်တော်ကပဲ တောင်းပန်ပါတယ်''


''ရပါတယ်..မင်းနဲ့ငါက ဆွေမျိုးတွေဖြစ်ပြီပဲ…မင်းတပည့် ငညွန့်က အိုးတန်းထဲမှာ မယားသုံးယောက်ရှိတယ်။ ဒါပေမယ့် ဒီကောင်အချစ်ဆုံးက သူ့မယားကြီး သိန်းမေ နဲ့ သူ့သမီး ညိုတုတ်ပဲ။ နောက် ငညွန့်ဟာ သူ့အမေ ဒေါ်မြသစ်ကို အရမ်းချစ်တာကွ။ သိန်းမေနဲ့ ညိုတုတ်ဟာ အဖိတ်နေ့တိုင်း မနက် ()နာရီဆို (၂၁)လမ်းမှာနေတဲ့ ငညွန့်အမေ ဒေါ်မြသစ်အိမ် လာလည်တတ်တဲ့။ သူတို့ သုံးယောက်လုံးစုံတဲ့အချိန်မှာ မနက် ()နာရီလောက်မှာ အဲ့ဒီအိမ် မီးလောင်သွားမယ်။ အထဲက သုံးယောက်လုံး သေမယ်ဆိုရင်..မောင်ရင့် တပည့် ငညွန့်တော့ အတော်ခံစားရမှာနော်''


ဖိုးတုတ် မတ်တပ်ထရပ်လိုက်သည်။


''ခင်ဗျား ဘာတွေပြောနေတာလဲ..ကျုပ်ကို ခေါ်ပြီး ဘာတွေ ပြောနေတာလဲ''


''အေး..ငညွန့်မှ မဟုတ်ဘူး။ ရှန်ဟိုင်းအစိမ်းဂိုဏ်း ဟာ သူတို့ စီးပွားရေးကို လာထိခိုက်တဲ့ သူတွေ အကြောင်း အားလုံးသိတယ် ဆိုတာ ပြောပြနေတာ..ဖိုးတုတ်..မင်းစိတ်ကို လျော့ထားစမ်း..ဒေါသနဲ့ လုပ်တဲ့အလုပ်မျိုးဟာ နောင်တက လွဲပြီး ဘာမှ အဖတ်မတင်တတ်ဘူးကွ.. လုပ်စရာရှိတာ သွေးအေးအေးထားပြီးလုပ်ရတယ်''


''ဟုတ်ပါပြီ အဲ့ဒီတော့..ကျွန်တော့်ကို ဘာဖြစ်စေချင်တာလဲ..ဘာပြောစေချင်တာလဲ''


''ရှန်ဟိုင်းအစိမ်းဂိုဏ်း ဆိုတာ တကမ္ဘာလုံးကို ဘိန်းကွန်ယက်ဖြန့်ကျက်ထားတဲ့ ဂိုဏ်းတစ်ခုပဲ ဖိုးတုတ်။ ရှန်ဟိုင်းမြို့မှာ အခြေစိုက်ပြီး ဂိုဏ်းချုပ် နားကားကြီး တူယွဲ့ရှိန်းဟာ မင်းတို့ထက် အများကြီး အကွက်မြင်တယ်၊ ရက်စက်တယ်။ လက်တံခြေတံရှည်တယ်။ ငါ့ညီ က ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့ ကုန်သည်ပါ။ လူကောင်းပါ။ ငါကတော့ ဟော့ဒီ ရန်ကုန်ဆိပ်ကမ်းမှာ အစိမ်းဂိုဏ်းရဲ့ ကိုယ်စားလှယ်ပဲ။ ဒီရန်ကုန်မှာ ငါတို့ဟာ ပေါ်ပေါ်ထင်ထင်မရှိကြပေမယ့်။ စာတစ်စောင် ပါးလိုက်ရုံနဲ့ ရန်ကုန်ဆိပ်ကမ်းပေါ် အင်းဒိုချိုင်းနားက အစိမ်းဂိုဏ်းသားတွေ ရာနဲ့ချီ ရောက်လာနိုင်တယ်။ အဲ့ဒါ မင်းသိစေချင်တယ်''


ဖိုးတုတ်က ပိန်ပိန်ညှပ်ညှပ် ဘိန်းစားရုပ်ပေါက်နေသည့် တရုတ်အဘိုးကြီးကို တအံတသြကြည့်နေသည်။

သွေးအေးအေးနှင့် သူ့ကို ခြိမ်းခြောက်နေသော အဘိုးကြီးလေသံကြောင့် သူ့ကျောထဲပင် စိမ့်လာသည်။


မည်သူကိုမျှ မကြောက်ပဲ ရင်ဆိုင်ခဲ့သော ဖိုးတုတ်သည် လေသံအေးအေးနှင့် သူ့ကို ပြောနေသည့် တရုတ်အဖိုးအိုကိုတော့ နည်းနည်း ရှိန်လာသည်။


''အဲ့ဒီတော့ ကျွန်တော်က ဟိုသေတ္တာကိစ္စ ဘာလုပ်ပေးရမလဲ''


''ဘာမှလုပ်စရာမလိုဘူး။ မင်းက ငါ့ဆွေမျိုးဖြစ်သွားပြီဆိုတော့ အဲ့ဒီသေတ္တာထဲက တန်ဖိုးကို မင်းကို လက်ဖွဲ့တယ်လို့ ငါသဘောထားလိုက်မယ်။ ရှန်ဟိုင်း ကိုလည်း မင်းအကြောင်း ဘာမှ မပို့ဖို့ ငါဆုံးဖြတ် ထားတယ်။ အရေးကြီးတာ တစ်ခုကတော့ မင်းတို့ နောက်ထပ် အစိမ်းဂိုဏ်းရဲ့ လှေတွေကို သွားမထိဖို့ပဲ.''


''အစိမ်းဂိုဏ်းက လှေဟုတ်မဟုတ်..ကျွန်တော်တို့က ဘယ်လိုခွဲရမလဲ''


''ငါတို့ လှေတွေက ခြောက်လမှ တစ်စီးတောင် ဒီကမ်းကို မကပ်ပါဘူး။ ကပ်တဲ့အခါ မင်းဆီကို ငါအကြောင်းကြားပေးမယ်။ မင်းလူတွေ ရှောင်စရာရှိတာရှောင်ပေး။ ကူစရာရှိတာ ကူပေးပေါ့။ အဲ့ဒီလိုဆို နောက်ပိုင်း မင်းတို့ကို ငါ့ဘက်က ကူညီနိုင်တာ ကူညီပေးမယ်..ဒီလောက်ပဲ..ဖိုးတုတ်''


ထိုသို့ဖြင့် အာရှတွင်သာမက ဥရောပတိုက်ဆိပ်ကမ်းမြို့ကြီးများအထိ အာဏာလွှမ်းမိုး ဖြန့်ကျက်ထားသော တရုတ်တို့၏ ရှန်ဟိုင်းအစိမ်းဂိုဏ်း ကို သွားထိမိသည့် လမ်းမတော်ဖိုးတုတ်အတွက် ဇနီးသည်ကို အကြောင်းပြုလျက် အန္တရာယ်မှ သီသီလေးလွတ်သွားစေခဲ့သည်။

…………………………………………………………………………………………


၁၉၂၉ တိုင်ခဲ့ပြီ။


ရန်ကုန် လူမိုက်ဂိုဏ်းများအကြား မုန်တိုင်းမလာမီ အတည်ငြိမ်ဆုံး နှစ်ပင်။

နှစ်ပေါင်းများစွာ ရွှေထီးဆောင်းနေသော ကုလားလူမိုက်ကြီး မတ်စတီးခန်းသည်လည်း ဘာသာရေးဘက်သို့ ဦးလှည့်နေ၏။


မန်မဆာဂိုဏ်းနှင့် လမ်းမတော်ဖိုးတုတ် ကြားတွင် ပုဏ္ဍားဘထွန်းတည်းဟူသော အကွက်တစ်ကွက်က လည်း ခြားနားထား၏။


နိုင်ငံရေးအရလည်း အပြောင်းအလဲများစွာ ဆက်တိုက်ဖြစ်ပေါ်နေသည်။


ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အတွင်း မြန်မာလူမျိုးများခေါင်းဆောင်သည့် ပါတီများစွာ ပေါ်လာပြီး ဥပဒေပြုကောင်စီတွင် အရွေးအကောက်ခံကြသည်။


ဂျီစီဘီအေခေါင်းဆောင်များဖြစ်ခဲ့ကြသော ဦးချစ်လှိုင်၊ သာယာဝတီဦးပု တို့က ဟုမ္မရူးပါတီ၊ ဦးဘဖေ တို့အဖွဲ့မှ (၂၁)ဦးပါတီ၊ သူရိယသတင်းစားအယ်ဒီတာ ဦးတုတ်ကြီးက သရာဇပါတီ စသဖြင့် အပြိုင်အဆိုင် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။


အခြားလွှတ်တော်ပြင်ပတွင် သခင်ဘသောင်း၊ သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ထွန်းရွှေ၊ သခင်လှဘော်တို့ လူငယ်နိုင်ငံရေးသမားများ၏ တို့ဗမာအစည်းအရုံးက ထင်ပေါ်လာသည်။


နိုင်ငံရေးလောကတွင်လည်း ကုလားနိုင်ငံရေးသမားများနှင့် မြန်မာနိုင်ငံရေးသမားများက လွှတ်တော်တွင်း အပြိုင်အဆိုင်ဖြစ်လာ၏။


ရန်ကုန်မြို့ ၏ လူဦးရေ (၅၃) ရာခိုင်နှုန်းရှိသည့် မျိုးစုံသော အိန္ဒိယနွယ်များ၏ မဲသည် ကုလားနိုင်ငံရေးသမား များအကြား အရေးပါလာသည်။


တကမ္ဘာလုံးတွင် အလုပ်သမားသပိတ်များ ခေတ်စားသည့် ကာလဖြစ်သဖြင့် နိုင်ငံရေးသမားများမှာ အလုပ်သမား သမဂ္ဂများကို ကျောထောက်နောက်ခံပြုကာ သပိတ်တိုက်ပွဲများ ဖန်တီးကြသည်။


အိန္ဒိယတွင် မဟတ္တမဂန္ဒီကြီး ခေါင်းဆောင်သော လှုပ်ရှားမှုများက အင်္ဂလိပ်အစိုးရကို အကြပ်အတည်း ဖြစ်လာနေသည်။


အိန္ဒိယတွင်ရှိသော နိုင်ငံရေးသမားများကလည်း မြန်မာပြည်ရှိ ကုလားနိုင်ငံရေးသမားများနှင့် ချိတ်ဆက်ကာ ကွန်ရက်တည်ဆောက်လာကြသည်။


ရန်ကုန်မြို့ရှိ လူမိုက်ဂိုဏ်းများတွင် လူမျိုးရေးအရ အားပြိုင်နေမှုများရှိသကဲ့သို့ပင် နိုင်ငံရေးလောကတွင်လည်း လူမျိုးရေးအခြေခံသော အားပြိုင်မှုများဖြစ်ပေါ်နေသည်။


လမ်းမတော်ဖိုးတုတ်မှာလည်း အသစ်စက်စက်ဇနီးလေးနှင့် တပည့်တပန်းများနှင့် သူ့အင်ပါယာထဲတွင် ပျားရည်စမ်းနေရက်များကို တည်ဆောက်နေခဲ့သည်။

………………………………………………………………………….

၁၉၃၀ ဧပြီလ (၂၅)ရက်။


''ကိုဖိုးတုတ်..ဆရာတော်ဦးဝိလာသ က သူ့ကျောင်းကို လာပါဦးတဲ့..ဆရာဖိုးတုတ်ကို တွေ့ချင်တဲ့ ဧည့်သည်တွေ ရောက်နေလို့တဲ့''


ထိုအချိန်တွင် ဇနီးဖြစ်သူ မသင်းမြ က သူကိုးကွယ်သည့် ကြည့်မြင့်တိုင်သာဓုဆရာတော် ကျောင်းရှိ ရဟန်းခံပွဲတစ်ခုသို့ သွားနေသည်။


ဖိုးတုတ် တစ်ယောက်တည်း မော်တော်ကားဖြင့် ဆရာတော်ဦးဝိလာသ ကျောင်းသို့ ထွက်လာခဲ့သည်။

ကျောင်းထဲသို့ ရောက်သည့်နှင့် ဝန်ကြီးများစီးသည့် အကောင်းစားကားတစ်စီးရပ်ထားသည်ကိုလည်း တွေ့ရသည်။


ဖိုးတုတ်ကျောင်းပေါ်တက်လိုက်သည့်အခါ ဆရာတော် ဦးဝိလာသ ရှေ့တွင် ပုလိပ်ဝန်ထောက် ဦးချန်ထွန်းနှင့် မျက်နှာဖြူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဆရာတော်ကို ဦးချလိုက်သည်။


''ကဲ ဒကာကြီး ချန်ထွန်းနဲ့ ဒကာကြီး ဖိုးတုတ်..လွတ်လွတ်လပ်လပ် ပြောစရာရှိတာပြော..ဦးဇင်း စာချကိုယ်တော်တွေအဆောင်ကို ကြွဦးမယ်''


ဆရာတော်ကြွသွားပြီးနောက် ကျောင်းထဲတွင် ဖိုးတုတ်တို့ သုံးယောက်သာ ကျန်ရစ်သည်။


''မောင်ဖိုးတုတ်..မတွေ့တာ အတော်ကြာပြီပဲ..နေကောင်းတယ်နော်''


''ကောင်းပါတယ် ဝန်ထောက်မင်းခင်ဗျား..ဝန်ထောက်မင်းရော..ကျန်းမာပါရဲ့လား''


''မာပါရဲ့လေ..ဟုတ်ဂွမ်ဆီကနေတော့ မောင်ဖိုးတုတ် အကြောင်းတွေ ဦး အမြဲတမ်းကြားပါတယ်''


''ဟုတ်ကဲ့..ဝန်ထောက်မင်း..ဝန်ထောက်မင်း ခိုင်းစရာ ဘာများရှိလို့လဲခင်ဗျာ''


''သြော်..ဒါနဲ့..အခု ဦးဘေးမှာ ပါလာတဲ့သူက မစ္စတာတီကူးပါးတဲ့။ ဆိပ်ကမ်းကုန်သွယ်လုပ်ငန်းရှင်ကြီးပေါ့။ အခု သူက နိုင်ငံရေးဘက်မှာလည်း ဥရောပသားထဲ ရွေးကောက်ခံအမတ်ဖြစ်နေပြီ ''


ဖိုးတုတ် နည်းနည်းတော့ ဖြုန်သွားသည်။ သူ့ဘဝတွင် ထိုသို့သော အစိုးရပိုင်းမှရာထူးကြီးကြီး မျက်နှာဖြူနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


တစ်ခုခုတော့ ထူးပြီဟု စိတ်ထဲထင်လိုက်သည်။


''မစ္စတာတီကူးပါး က သူ့အတွက် မောင်ဖိုးတုတ် က အလုပ်တစ်ခု လုပ်ပေးစေချင်တယ်''


''ဘာအလုပ်မျိုးလဲ ခင်ဗျာ''


''မောင်ဖိုးတုတ် အနေနဲ့ လမ်းမတော်၊ ကြည့်မြင့်တိုင်၊ ကမာရွတ်တကြောကို ဘယ်လို ပြီးတယ်ဆိုတာ ဦးတို့ သိထားတယ်။ တကယ်လို့များ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်ဖို့ ကူလီလိုတယ် ဆို မောင်ဖိုးတုတ် ရှာပေးနိုင်မလား''


ဖိုးတုတ် စဉ်းစားသွားသည်။ သူလို လူမိုက်ကို ကူလီ လာရှာခိုင်းနေသည်ကော။


''အဲ့ဒါက ဆိပ်ကမ်းက ဂေါ်ရင်ဂျီတွေ ရှိတာပဲ။ ကူလီဆို သူတို့ ရှာခိုင်းတာ ပိုကောင်းမယ်ထင်တယ်''


''မဟုတ်ဘူး..မောင်ဖိုးတုတ်ရဲ့…ဦး ရှင်းပြမယ်..လာမယ် မေလထဲမှာ ရန်ကုန်က ဆိပ်ကမ်း အကုန်လုံးမှာ ပြသနာအကြီးကြီးတစ်ခု တက်လိမ့်မယ်။ ပြီးတာနဲ့ အစိုးရအပြောင်းအလဲဖြစ်မယ်။ ပြောရရင်ကွာ..ဘုရင်ခံ ပြုတ်ကျမယ်။ အခု လက်ရှိဘုရင်ခံ ဆားချားအင်းနစ် ခွင့်ယူပြီး အင်္ဂလန်ပြန်မယ်။ မြန်မာလူမျိုး ထဲက ဘုရင်ခံ တက်ဖြစ်လိမ့်မယ်''


ဖိုးတုတ်မျက်လုံးပြူးသွားသည်။


''ဝန်ထောက်မင်းရယ်..တယ်လည်းသေချာပါလား..ဟုတ်ရဲ့လားဗျာ..မြန်မာလူမျိုးထဲက ဘုရင်ခံဖြစ်မယ်ဆိုတာ''


''ဒီမယ် မောင်ဖိုးတုတ်..မင်းကို ဒီလောက်ထိ ပြောပြတာတောင် လွန်လှပြီ..ဦးတို့ ကမ်းလှမ်းတဲ့ အလုပ်ကို မင်း လုပ်မှာလား။ မလုပ်ဘူးလား။ မင်းလုပ်နိုင်တယ်ဆို ၁၉၃၀ ခုနှစ်မှာ ရန်ကုန် လူမိုက်လောကမှာ မင်းရှင်ဘုရင် ဖြစ်ပြီမှတ်''


ဖိုးတုတ် မျက်လုံးထဲတွင် ပုလိပ်တစ်ဖွဲ့လုံးကို အိတ်ထဲထည့်ထားခဲ့သော မတ်စတီးခန်းကို မြင်ယောင်သည်။ ရန်ကုန်၏ ဘုရင်ဟု သူ့ကိုယ်သူ ပြောခဲ့သူ။ ဖိုးတုတ်ကို ကြိုးစင်ပေါ် တင်ကာ ဒုက္ခပေးခဲ့သူ။


အခု ပလ္လင်ဆီသို့ သွားရာလမ်းသည် ဖိုးတုတ်ရှေ့သို့ ရောက်လာချေပြီ။


''ဝန်ထောက်မင်း ခိုင်းတာဘာမဆို ကျွန်တော် ကူညီပါ့မယ်။ ဘာလုပ်ရမလဲဆိုတာသာပြောပါ''


''မေလရောက်ပြီဆိုတာနဲ့ မောင်ဖိုးတုတ် ဆီမှာ အချိန်မရွေး ကူလီအလုပ်လုပ်နိုင်တဲ့ ဗမာအလုပ်သမား (၂၀၀၀) အသင့်ရှိနေတာလိုချင်တယ်''


''ဗျာ''


''မဗျာ နဲ့….တကယ်ပြောတာ. မေလ ထဲမှာ ရန်ကုန်ဆိပ်ကမ်း က ဂေါ်ရင်ဂျီကူလီတွေ အကုန်လုံး လစာတိုးပေးရေး သပိတ်မှောက်လိမ့်မယ်။ အဲ့ဒီအခါ ဦးတို့ ဆက်သွယ်တာနဲ့ ကုလားလုပ်သားတွေနေရာမှာ မောင်ဖိုးတုတ် ရှာပေးထားတဲ့ ဗမာလုပ်သားတွေ ချက်ချင်းအစားထိုးမယ်''


''လုပ်ခ က ဘယ်လောက်ရမှာလဲ''


''တစ်ရက် တစ်ကျပ်ခွဲ''


''ဟုတ်ပြီ..ကျွန်တော် ရှာပေးထားနိုင်ပါတယ်''


''အဲ့ဒါဆို..ဦးတို့ဘက်က အလုပ်စရမယ့် နေ့မှာ..မောင်ဖိုးတုတ်ကို ဆက်သွယ်လိုက်မယ်..ဒီဦးဝိလာသ ကျောင်းမှာ ပဲ အလုပ်ကိစ္စ ပြောကြတာပေါ့။ အခြားအပြင်နေရာတွေမှာ တို့တွေ တွေ့တာကို ဘယ်သူမှ မသိစေချင်ဘူး၊ နောက်ပြီး ဒီကိစ္စကို မောင်ဖိုးတုတ် အနေနဲ့ အထူး နှုတ်လုံစေချင်တယ်၊‌ ပေါက်ကြားသွားခဲ့ရင်တော့ မောင်ဖိုးတုတ် ရဲ့ ရှေ့ရေးမကောင်းဘူးပဲ မှတ်''


''စိတ်ချ..ဝန်ထောက်မင်း..ကျွန်တော့်ကို စိတ်ချပါ''


''သြော်..မောင်ဖိုးတုတ်…ပြောစရာတစ်ခုကျန်သွားလို့…အဲ့ဒီကိစ္စတွေ အားလုံးပြီးတဲ့အခါ ဟော့ဒီက မစ္စတာတီကူးပါး က အစိုးရအဖွဲ့မှာ ပြည်ထဲရေးအတွင်းဝန် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါကျ သူ့ဆီ တိုက်ရိုက်ဆက်လို့ရတဲ့ ဖုန်းနံပါတ် မင်းဆီကို ပေးထားလိမ့်မယ်..ဟုတ်ပြီလား''

နိုင်ငံရေးများအား ဖိုးတုတ် နားမလည်ခဲ့။ ပတ်လည်း မပတ်သတ်ခဲ့။


အခုတော့…………………….ဖိုးတုတ် ဆီ နိုင်ငံရေးက ရောက်လာပြီ။

သူ့ချည်းသာမဟုတ်။


ရန်ကုန်မြို့၏ လူမိုက်သရဖူ ကိုပါ တစ်ပါတည်း ယူလာချေပြီတကား။



အခန်း()

……………

၁၉၃၀ ခုနှစ်၊ မေ ၅ ၊ ည ၈ နာရီ ၁၅ မိနစ်။


အိမ်တွင် အရက်ဝိုင်းမဖွဲ့ရ ဆိုသည့် မသင်းမြ ၏ စည်းကမ်းကြောင့် ကီလီလမ်းရှိ တိတ်ဟုတ် ဟိုတယ်တွင် လမ်းမတော်ဖိုးတုတ်၊ စံဘ ၊ ငညွန့်၊ ထွန်းတင် တို့သည် ရန်ကုန်အရှေ့ပိုင်း တာမွေတွင် နာမည်ရခါစလူမိုက်တစ်ဦးဖြစ်သော အောင်ဘ နှင့် အရက်သောက်ရင်း အလုပ်ကိစ္စဆွေးနွေးနေကြသည်။


အောင်ဘ က အရှေ့ပိုင်းတွင် ကုလားလူမိုက်တို့ လွှမ်းမိုးမှုကို အဆုံးသတ်စေချင်ပြီဖြစ်ကြောင်း၊ သူ့ထံတွင် တာမွေ၊ ကျောက်မြောင်း တဝိုက်မှ လက်စလက်နရှိသော ဗမာလူမိုက်ပေါက်စများ အသင့်ရှိနေကြောင်းနှင့် လမ်းမတော်ဖိုးတုတ်၏ သြဇာခံရန်အသင့်ရှိကြောင်း၊ လိုအပ်လျှင် တာမွေတွင် ဗလီလာလာတက်နေသော မက်စတီးခန်းကိုပင် ဝင်ခုတ်ပေးလို့ရကြောင်း ဖိုးတုတ်ထံ လာပြောခြင်းဖြစ်သည်။


''အချိန် နဲ့ အခါကို စောင့်ရတယ်..အောင်ဘ။ မင်းနေရာမှာက မတ်စတီးလူတွေရော၊ မန်မဆင်တွေပါ ပတ်လည်ဝိုင်းထားတာ။တခုခုဆို မင်းတို့ အားလုံးပြေးပေါက်မရှိပဲဖြစ်မယ်။ ငါတို့ အနောက်ပိုင်းက စစ်ကူလာပေးမယ်ဆိုရင်တောင် ပုဏ္ဍားဘထွန်းက ငါ့ကို အမြဲ ချောင်းနေတာ..ဒီတော့ အချိန်မသင့်ပေးဘူးကွ။ ပြီးရင် မတ်စတီးခန်းလို လူကို သတ်ရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တာပဲ။ ဒီကောင်ကြီးက စီးပွားရေး အသိုက်အဝန်းရော၊ နိုင်ငံရေးမှာပါ ထုနဲ့ထည်နဲ့ တည်ဆောက်ထားပြီးသွားပြီ''


''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်..ကျွန်တော်တို့ကလည်း ဆရာလိုအပ်ရင် အသင့်ရှိပါတယ်ဆိုတာ..ပြောပြတာပါ.. ဆရာဖိုးတုတ် မညွှန်ကြားပဲ ဘာမှ မလုပ်ပါဘူး''


ထိုစဉ် .အသံကျယ်ကြီးတစ်ခုနှင့်အတူ…စားပွဲဝိုင်းပေါ်မှ ပုလင်းများ ဖန်ခွက်များ လဲကျကုန်ပြီး အဆောက်အဦတစ်ခုလုံး ရမ်းခါသွားသည်။


''ဟာ..ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ''

ဖိုးတုတ်က အလန့်တကြားမတ်တပ်ထရပ်လိုက်သည်။

သို့သော်..အောက်ခံကြမ်းခင်းက ခါယမ်းနေသဖြင့် ယိမ်းယိုင်သွားပြီး နံရံကို လှမ်းကိုင်လိုက်ရ၏။


''ငလျင်ဗျိုး..ငလျင်..အထဲကလူတွေ..လမ်းပေါ်ထွက်ကြ..ထွက်ကြ''


လမ်းမမှ အော်သံတစ်ခုကြောင့် ဖိုးတုတ် သတိဝင်လာပြီး အပြင်ဘက်သို့ အပြေးအလွှားထွက်လိုက်သည်။

သူ့နောက်မှ တပည့်များနှင့် အောင်ဘ လည်း ပြေးလိုက်လာကြသည်။


ကြောက်လန့်တကြားပြေးထွက်လာသူများက ကီလီလမ်းပေါ်တွင် အများအပြား။

ကီလီလမ်းထောင့်မှ တိုက်တစ်လုံး ဝုန်း ခနဲ ပြိုကျသွားသံကိုလည်း ကြားလိုက်ရသည်။


ငလျင် က ကြမ်းလွန်းသဖြင့် မြေပြင်မှာ လှိုင်းထသလိုဖြစ်နေသည်။

လူများအားလုံး လမ်းပေါ်တွင် မတ်တပ်ရပ်မရ။ ထိုင်သူထိုင်၊ မှောက်သူမှောက်နှင့်။

ခဏအကြာတွင်..ငလျင် ရပ်သွား၏။


''စံဘ..စံဘ..မင်းအမ..မသင်းမြ..အိမ်မှာကျန်ရစ်တယ်..လာ..လာ..သွားမယ်..သွားမယ်..''


ဖိုးတုတ် က ကာနယ်လမ်းဘက်သို့ ပြေးထွက်သွားသည်။ ထို့နောက် လမ်းမတော်ဘက်သို့ ကွေ့ကာ အမောတကောပြေးသွား၏။


စံဘက ဖိုးတုတ်နောက်မှ ပြေးလိုက်သည်။


ရောက်ပြီ။


အိမ်ရှေ့တွင် မသင်းမြ နှင့် အိမ်စေမလေးနှစ်ယောက် မှာ ငုတ်တုတ်ကလေး။ တပည့်ဖြစ်သူ အုန်းဖေ တို့ အဖွဲ့က ပြိုကျသွားသော ဝရံတာကို ဖယ်ရှားနေသည်။


''ကိုဖိုးတုတ်..ကိုဖိုးတုတ်''


ဖိုးတုတ်ကို မြင်တော့ မသင်းမြ ဝမ်းသာအားရထလာသည်။


''ဘာဖြစ်သွားသေးလဲ..မသင်းမြ..ဘာဖြစ်သွားသေးလဲ''


''ဘာမှမဖြစ်ဘူး..ကျွန်မ ဘာမှမဖြစ်ဘူး..ဟို..အိမ်ရှေ့ ဝရံတာသာ ပြိုကျသွားတယ်''


''လူဘာမှ မဖြစ်တာပဲ တော်လှပါပြီ မသင်းမြရယ်…ဝရံတာကိစ္စက အုန်းဖေတို့ လူစု လုပ်လိုက်မယ်..ဘာမှ စိတ်မပူနဲ့..''


နောက်တစ်နေ့ နံနက်သတင်းစာထဲတွင် သတင်းထူး နှစ်ခု သာ ကြီးစိုးနေသည်။


အိန္ဒိယတွင် မဟတ္တမဂန္ဒီကြီးကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးလိုက်သည့်သင်း နှင့် အင်အား ၇.၂ ရစ်ချ်တာစကေးရှိ ငလျင်ကြီးကြောင့် ရွှေမောဓောဘုရားကြီးအပါအဝင် ၊ ပဲခူးမြို့ သုံးပုံတစ်ပုံပျက်စီးခဲ့ပြီး လူပေါင်း (၅၀၀)ခန့်သေကြေခဲ့သည့်သတင်းပင်။


နောက်ထပ် လေးရက်အကြာ။


''ကိုဖိုးတုတ်..ဆရာတော် ဦးဝိလာသ က သူ့ကျောင်းကို လာခဲ့ပါဦးတဲ့၊ ဧည့်သည်တွေလည်း ရောက်နေတယ်တဲ့''


ထိုအချိန်တွင် ဖိုးတုတ်၏ ဦးလေးဖြစ်သူ ဦးဘိုးသင် လည်း အိမ်တွင် ရောက်နေချိန်ဖြစ်သည်။


''ဖိုးတုတ်.ဆရာတော်ကျောင်းဆို..ငါလည်း လိုက်ခဲ့မယ်ကွာ..နောက်တပတ်ထဲ ငါဆရာတော်ကျောင်းမှာ ဒုလဘ္ဘ စီးချင်တာ..အဲ့ဒါလိုက်လျှောက်ချင်လို့''


''ဟာ..အခုတော့ မလိုက်ပါနဲ့ဦး ဦးလေးရဲ့….ကျွန်တော်တစ်ယောက်တည်း သွားမှဖြစ်မယ်''


''ဖိုးတုတ်..က ငါမသိအောင် အဲ့ဒီကျောင်းမှာ ဘယ်သူတွေနဲ့ တွေ့မှာ မို့လိုလဲ.. မင်းဘာတွေ လုပ်နေတာလဲ''


''ဘာမှ မဟုတ်ပါဘူး..ဦးလေးရာ..တခြားအလုပ်ကိစ္စတွေပေါ့''


''အေးပါ..ဖိုးတုတ်ရာ..မင်းက အခုတော့ အစွယ်ရှည်လာပြီကိုးကွ..ထားပါ..မင်းမသိစေချင်တာကို ငါကလည်း မသိချင်ပါဘူး..ဒါနဲ့..ဟိုရက်က မင်းကောင်တွေ ကူလီအလုပ်သမား လိုက်စုနေတဲ့ သတင်း ငါကြားခဲ့သေးတယ်..ငါ့ဆီမှာ ဘတ်စ်ကားစပယ်ရာလုပ်ဖို့ ပြောထားတဲ့ အညာသားလေးတောင် တစ်ရက် တစ်ကျပ်ခွဲ ရမယ်ဆိုတော့ ကူလီထမ်းတော့မလို့တဲ့..အဲ့ဒါ ကရော ဘာလဲ..မင်းက ကူလီခေါင်းပါ လုပ်တော့မလို့လား''


''အချိန်တန်တော့ ဦးလေး သိရမှာပေါ့..ဦးလေးရာ..ကဲ..ကျွန်တော်သွားဦးမယ်..ဟိုကောင်တွေ ဝရံတာပြန်ပြင် နေတော ဦးလေး ကြည့်ပြီး လိုအပ်တာ ညွှန်ပေးလိုက်ဦး''


ဖိုးတုတ်က မော်တော်ကားပေါ် တက်ကာ မောင်းထွက်လိုက်သည်။


ဦးဝိလာသကျောင်း။

ဒီတစ်ခါတော့ မျက်နှာဖြူ မစ္စတာတီကူးပါး ပါမလာတော့ပဲ ဝန်ထောက်ဦးချန်ထွန်း တစ်ယောက်သာ။


''မောင်ဖိုးတုတ်ရေ……အခြေအနေတွေက ပြောင်းသွားပြီကွ''


''ဘာတွေ ပြောင်းသွားတာလဲ..ဝန်ထောက်မင်း''


''အလုပ်လုပ်ရမယ့် ရက်က ငါတို့ ထင်ထားတာထက် ပိုစောသွားပြီ''


''ကျွန်တော်လည်း သတင်းစာတော့ စောင့်ဖတ်ပါတယ်။ သပိတ်မှောက်မယ့် သတင်းမတွေ့သေးဘူး။ ငလျင်နဲ့ ဂန္ဓီ အဖမ်းခံရတာတွေချည်းပဲ''


''အေး..အဲ့ဒီကိစ္စတွေကြောင့်ပဲ။ အခု ဂန္ဓီကြီး အဖမ်းခံရလို့ ငလျင်ကြီးလှုပ်တာလို့ ဗမာပြည်က ကုလားတွေက ယုံကြည်နေကြတယ်။ ငလျင်နဲ့ ဂန္ဓီကြီးကိစ္စရောထွေးပြီး တချို့ ကုလားရပ်ကွက်တွေမှာ လမ်းပေါ်မှာ တွေ့သမျှ ကုလားမဟုတ်တဲ့ လူမျိုးတွေနဲ့ ခဲနဲ့ လိုက်ပေါက်နေကြတယ်။ အဲ့ဒါ ကုလားနိုင်ငံရေးသမားတွေ စနက်ပဲ။ ငလျင် ကြောင့် အစိုးရက အလုပ်ရှုပ်နေချိန်ကို အခွင့်ကောင်းယူပြီး ဆိပ်ကမ်းသပိတ်ကို စမှောက်တော့မယ်''


''ဘယ်တော့မှောက်မှာလဲ''


''မေလ ၁၀ ရက်နေ့၊ မနက်ဖန်ပဲ..မောင်ဖိုးတုတ်..မင်းလူတွေကို ဒီကျောင်းနားတဝိုက်မှာ အဆင့််သင့်ပြင်ထားပေတော့။ မနက်ဖြန် မနက် ၆ နာရီထိုးအတိကို ဒီဘုန်းကြီးကျောင်းထဲမှာ လော်လီကားဆယ်စီးထိုးပေးထားမယ်။ ဆိပ်ကမ်းအလုပ်သမားရေးရာ စတိဗီရိုဌာန က ဝန်ထမ်း အယောက်နှစ်ဆယ်က အသုတ်လိုက်ခွဲပြီး ဆိပ်ကမ်းတွေ စီ ပို့ပေးလိမ့်မယ်၊ မနက် ()နာရီ ဆိပ်ကမ်းအလုပ်တွေစချိန်မှာ ကုလားကူလီတွေက သပိတ်မှောက်ပြီး အလုပ်ဘယ်သူမှ ဆင်းကြမှာ မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မင်းလူတွေက ဆိပ်ကမ်းကူလီအလုပ်သမားတွေအဖြစ် တရားဝင်လုပ်ငန်းခွင် တန်းဝင်ကြရုံပဲ''


ဦးချန်ထွန်း ၏ ပြောစကားများကို နားထောင်ရင်း ဖိုးတုတ် သက်ပြင်းချလိုက်သည်။


''အိုကေပါ..ဝန်ထောက်မင်း..ဒီနေ့ညကတည်းက ကျွန်တော့်လူတွေကို စုခိုင်းထားလိုက်ပါ့မယ်''


ဦးချန်ထွန်းနှင့် လမ်းခွဲပြီးနောက် ဖိုးတုတ် သည် ဂန္ဓမာသောင်းရီ နေထိုင်ရာ စဉ်အိုးတန်း ထဲသို့ ထွက်လာခဲ့သည်။


အိမ်တွင် ဂန္ဓမာ မရှိ။ ဂန္ဓမာ့ တပည့်တွေသာ ရှိနေ၏။


''ကိုဂန္ဓမာ က အခုတလော ချိုင်းနားစတန်း က ဟို ကောင်မလေးတွေ နေတဲ့ အိမ်ဘက် ကို နေ့တိုင်းသွားတတ်တယ်…ဆရာဖိုးတုတ်''


ဖိုးတုတ် က ချိုက်ဟုန် နှင့် မသောင်းတို့ နေထိုင်ရာ ဘက်ဆီသို့ ကားကို ပြန်မောင်းလာခဲ့လိုက်သည်။

ချိုက်ဟုန်က တဲတန်းအပြင်ဘက် မုန့်ဟင်းခါးဆိုင်လေးတွင် ထိုင်နေ၏။


ဖိုးတုတ်က ကားကို ရပ်လိုက်ပြီး


''ချိုက်ဟုန်..ဟိုကောင် ဂန္ဓမာ..ညည်းတို့ အိမ်မှာလား''

ချိုက်ဟုန်က ခေါင်းညိမ့်ပြသည်။


ဖိုးတုတ် မင်္ဂလာဆောင်ပွဲပြီးကတည်းက ချိုက်ဟုန် ဆီ မရောက်ဖြစ်ခဲ့။ ချိုက်ဟုန် သူ့အပေါ် စိတ်ခုနေသလားဟု တွေးမိသေးသည်။


သို့သော် အလုပ်ကိစ္စက အရေးကြီးသဖြင့် ထိုကိစ္စကို ခဏမေ့ထားလိုက်၏။


တန်းလျားရှေ့သို့ ရောက်သောအခါ ကားဟွန်းကို အဆက်မပြတ်တီးလိုက်သည်။


ဂန္ဓမာ ထွက်လာသည်။


''ကိုဖိုးတုတ်ကြီး..အိမ်ထဲ မဝင်တော့ဘူးလား''


မသောင်းက လှမ်းအော်၏။ ဖိုးတုတ်က ခေါင်းခါပြပြီး ဂန္ဓာမာကို လက်ယက်ခေါ်လိုက်သည်။


''ဂန္ဓမာ..ကားပေါ်တက်..အခု အရေးကြီးပြီ..မင်း စုထားတဲ့လူတွေကို ဒီညနေ အပြီး ခေါ်တော့''


''..ချက်ချင်းကြီးပါလား..ဖိုးတုတ်ရ..ခဏနေဦး..အပေါ်မှာ ငါ့ ကုတ်အင်္ကျ ီ ကျန်ခဲ့သေးတယ်''


''လာစမ်းပါကွာ..နောက်ရက်လည်း..မင်းက ဒီအိမ်ကို မလာမှာ ကျနေတာပဲ..မသောင်းသိမ်းထားပေးပါလိမ့်မယ်''


ဂန္ဓမာသောင်းရီက ကားပေါ် တက်လိုက်သည်။


ဖိုးတုတ်က စီးကရက်ဗူးကို ကမ်းပေးလိုက်ရင်း..

''ဆောရီးကွာ..မင်းတို့ အချိန်ကောင်းကြီးမှာမှ ငါက လာခေါ်သလိုဖြစ်နေမလားပဲ''

ဂန္ဓမာသောင်းရီ ရှက်သွားသဖြင့် မျက်နှာ နီရဲသွား၏။


''ဟာကွာ..ငါက မသောင်းဆီ ရိုးရိုးသားသား သွားလည်တာပါကွ..ဘာမှ မလုပ်ပါဘူး''


''မင်းတို့သာ ဘာမှ မလုပ်တာ။ ချိုက်ဟုန်ကိုတော့ မုန့်ဟင်းခါးဆိုင်မှာ ရှောင်ခိုင်ထားပါလားကွ..ဟေ့..ဂန္ဓမာ..ဂန္ဓမာ..အဖိနှိပ်ခံ မသောင်းလေးနဲ့ တွေ့မှ ပဲ မင်း..အသဲလည်း ကြွေဆင်းတော့တယ်''


''အေးကွာ..မသောင်းက သနားစရာကောင်းပါတယ်။ ပညာတတ်ကလေးကွ။ ဂျပ်ဆင်ကောလိပ် ဝင်ခွင့် ဖြေမလို့ ရန်ကုန်တက်လာရင်း စရိတ်ပျက်လို့ ဂျပန်ဓာတ်ပုံဆိုင်မှာ ဝင်လုပ်တာတဲ့။ ဂျပန်နဲ့ ကြိုက်ကြပြီး ဂျပန်က ဖျက်ဆီးလို့ ဝလို့ ကိုယ်ဝန်နဲ့ ထားခဲ့တာ။ ကိုယ်ဝန်ကလည်း ပျက်ကျသွားတယ်တဲ့ကွာ။ အဲ့ဒီမှာ စိတ်ဓာတ်တွေကျပြီး လျှောက်သွားနေရင်း ဟိုတယ်မယ်ဖြစ်တော့တာပဲ''


''ဟေ့ကောင်ရေ..သူတို့လိုဟာတွေ ပါးစပ်က ဗြိတိသျှဘားမားရုပ်ရှင် ထက်တောင် ဇာတ်လမ်းမျိုးစုံထွက်သေးတယ်ဟ.. မင်း လျှောက်ယုံမနေနဲ့ ကိုယ့်လူ''


''မဟုတ်ပါဘူး..ဖိုးတုတ်ရာ..ဒီဟာတော့ မသောင်းတကယ်ပြောတယ်ဆိုတာ ငါသေချာခံစားရပါတယ်''


''အေးကွာ..ခံစားရတယ်ဆိုလည်း ခံစားကွာ။ ခံလည်း ခံစား..အလုပ်လေးလည်း လုပ်ဦး..ဒီည လူနှစ်ထောင်နော်။ ဦးဝိလာသ ကျောင်းတဝိုက်မှာ အသင့်ရှိအောင် စုပေးထား။ ဟိုလို လူစုလူဝေးကြီးဖြစ်အောင်လည်း မလုပ်နဲ့ဦး အယောက်နှစ်ဆယ်တတွဲလောက် တွဲပြီး နေထားခိုင်း..ဟုတ်ပြီလား''


''စိတ်ချ ဟေ့ကောင်…မင်းရှာခိုင်းလို့ ဟိုးနယ်က တက်လာပြီး ရန်ကုန်မှာ အလုပ်လာရှာနေတဲ့ လူငယ်တွေရော၊ တစ်ရက်ငါးမူးနဲ့ ချယ်ဂါလီဆွဲနေတဲ့ကောင်တွေရော၊ ကမာရွတ်နဲ့ အင်းစိန်ဘက်က လူတွေပါ ငါအသင့််ရှာထားပြီးသား။ မနက်ကျ လူစုံနေစေရမယ်''

…………………………………………………………………………………………

မေလ ()ရက်နေ့။ ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်ရုံး။


''ရန်ကုန်ဆိပ်ကမ်း မှ ကူလီလုပ်သားများအား တစ်ရက်လျှင် ငွေနှစ်ကျပ်ပေးရန် တောင်းဆိုထားသော ဆိပ်ကမ်းကူလီများသမဂ္ဂ ၏ စာကို အကြောင်းမပြန်ခဲ့သဖြင့် ယနေ့မှစတင်ပြီး ရန်ကုန်ဆိပ်ကမ်းအားလုံးမှ ကူလီများ အလုပ်မဆင်းတော့ပဲ သပိတ်မှောက်လိုက်ပြီဖြစ်ကြောင်း'' ကြေညာချက်ကို ဆိပ်ကမ်းကူလီများ သမဂ္ဂ ခေါင်းဆောင် နာရယန်းဆင် က စတိဗီရိုဌာနသို့ ပေးပို့ကာ သပိတ်တိုက်ပွဲ စတင်လိုက်လေသည်။


ရန်ကုန်ရှိ ဆိပ်ကမ်းအသီးသီးတွင် အခြေအနေကို စောင့်ကြည့်နေကြသော သပိတ်စခန်းမှ ခေါင်းဆောင်အချို့မှ လွဲပြီး ဆိပ်ကမ်းတစ်ခုလုံး တိတ်ဆိတ်နေသည်။


ယခင်က ကုန်တင်ကုန်ချ အလုပ်သမားများနှင့် ဆူညံရှုပ်ထွေးနေသော ဆိပ်ကမ်းလုပ်ငန်းများ လုံး၀ ရပ်နားနေကြသည်။


ဂေါ်ရင်ဂျီကူလီသပိတ်ခေါင်းဆောင်များသည် သူတို့ အလုပ်ရှင်ဖြစ်သော ဆင်းဒီယားပင်လယ်ရေကြောင်း ကုမ္ပဏီအပါအဝင် ဆိပ်ကမ်းအာဏာပိုင်များ အကြပ်ရိုက်နေပြီဟု ယုံကြည်ကာ ပီတီဖြစ်နေကြ၏။


သို့သော်..နံနက် (၁၀)နာရီတွင် လော်လီကားများ အသီးသီး ထိုးစိုက်လာပြီး ကားပေါ်မှ ဗမာလူမျိုးများစွာ အသုတ်လိုက်ဆင်းလာကြသည်။


သူတို့ရောက်သည်နှင့် တပြိုင်နက် ဆိပ်ကမ်းမှ လုပ်ငန်းဆိုင်ရာအသီးသီးမှ အရာရှိများက လူခွဲဝေယူသွားပြီး ကူလီလုပ်ငန်းများ ပြန်လည်လည်ပတ်လာသည်။


ဂေါ်ရင်ဂျီသပိတ်ခေါင်းဆောင်များမှာ သူတို့မျက်စိရှေ့တွင်ပင် ရုတ်တရက် ပေါ်လာသော ဗမာကူလီများကို ကြည့်ကာ အကြပ်ရိုက်ကုန်ကြသည်။


ကူလီသမဂ္ဂခေါင်းဆောင် တာဝန်ကို ယူထားသော နာရယန်းဆင်သည် ပုဏ္ဍားဘထွန်း၏ တပည့်တစ်ဦးဖြစ်ပြီး ပုဏ္ဍားဘထွန်းကျောထောက်နောက်ခံဖြင့် ကူလီသမဂ္ဂကို ဖွဲ့ထားသူဖြစ်သည်။


ပုဏ္ဍားဘထွန်းအား ဟိန္ဒူနိုင်ငံရေးသမား လွှတ်တော်အမတ် မစ္စတာ အက်စ်ဗီဂျေး က ငွေကြေးထောက်ပံ့ပြီး ကူလီသပိတ်ဖြစ်အောင် ဖန်တီးခိုင်းထားခြင်းပင်။

နာရယန်းဆင်က လန်ချားတစ်စီးပေါ် ချက်ချင်းတက်ကာ ပုဏ္ဍားဘထွန်း အိမ်ရှိသည့် လမ်းမတော် (၁၁)လမ်းသို့ အပြေးအလွှားသွားလေတော့သည်။


ပုဏ္ဍားဘထွန်းအိမ်တွင် အခြား သပိတ်စောင့်ကြည့်ရေး အဖွဲ့များလည်း ရောက်နေကြပြီဖြစ်သည်။

ပုဏ္ဍားဘထွန်း က မစ္စတာအက်စ်ဗီဂျေး ထံ ဖုန်းချက်ချင်းခေါ်လိုက်၏။


ပြသနာကား စပေပြီ။

…………………………………………………………………………………………


မေလ (၂၆)ရက်။

လမ်းမတော်ဖိုးတုတ် နှင့် မသင်းမြ တို့သည် ဦးဝိလာသကျောင်းတွင် ဒုလဘ္ဘရဟန်းဝတ်နေသည့် ဦးလေး ဦးဘိုးသင်အား ဆွမ်းကပ်ပြီးနောက် ကျောင်းဝန်းအတွင်း သရက်သီးခူးပေးနေသည့် ကိုရင်များကို စောင့်ဆိုင်းနေကြသည်။


ထိုအချိန်တွင် ကျောင်းဝန်းအတွင်းသို့ ကားတစ်စီး အရှိန်ဖြင့် မောင်းဝင်လာသည်။

လမ်းမတော်ဖိုးတုတ်အမိန့်ဖြင့် ဆိပ်ကမ်းများ အလုပ်သမားများကို တာဝန်ခံစောင့်ရှောက်ပေးနေရသူ ထွန်းတင်။


''ဆရာဖိုးတုတ်..ဆရာဖိုးတုတ်..ရိုက်ကုန်ကြပြီ…ရိုက်ကုန်ကြပြီ''


''ဘာလဲ..ထွန်းတင်..ဘာလဲ..''


''ဆိပ်ကမ်းမှာ ကုလားကူလီတွေနဲ့ ကျွန်တော်တို့ ထည့်ပေးထားတဲ့ ကူလီတွေ ရိုက်ကုန်ကြပြီ''


''ဟာ..ဘယ်လိုဖြစ်တာလဲ''


''ဒီနေ့မနက်မှာ ကျွန်တော်တို့ ကူလီတွေ…အလုပ်သွားဆင်းတော့..ဆင်းဒီယားကုမ္ပဏီက မြန်မာတွေကို အလုပ်ဖြုတ်လိုက်ပြီပြောတယ်..ကုလားတွေက သပိတ်ပြန်လှန်လိုက်လို့ ကုလားတွေကို နှစ်ကျပ်ပေးပြီး အလုပ်ပြန်ခန့််လိုက်တယ်တဲ့''


ဖိုးတောက် ဒေါသ ငယ်ထိပ်ရောက်သွားသည်။


''ဘာလဲကွ..ဒီကောင်တွေ…သူတို့ အခက်အခဲဖြစ်နေလို့ ငါတို့က ကူညီပေးရသေးတယ်။ အခု ငါရှာပေးတဲ့လူတွေကို ဒီလို ပြန်ဖြုတ်ပစ်လိုက်တယ်ပေါ့….ထွန်းတင် အခုချက်ချင်း ပြန်ပြီး ငါ့လူတွေ အကုန်စုထား။ ဂန္ဓမာ၊ အုံးဖေ၊ ငညွန့် ၊ စံဘ အကုန်လုံး ငါ့အိမ်မှာ စောင့်ခိုင်း၊ ငါအခု ပြန်လာပြီ၊ သွား အမြန်သွား''


ထွန်းတင် က ကားကို မောင်းထွက်သွားသည်။


''ဘာဖြစ်တာလဲ..ကိုဖိုးတုတ်..ဘာတွေ ဖြစ်ကုန်တာလဲ''

''ဘာမှ မဟုတ်ပါဘူး..မသင်းမြ..အလုပ်ကိစ္စပါ.ကဲ..ကားပေါ်တက်..ကိုယ် အခုလိုက်မှရမယ်''


''ဟေ့ကောင်..ဖိုးတုတ်..ခဏနေဦး''


ထိုစဉ် ဘုန်းကြီးကျောင်းပေါ်မှ ရဟန်းဝတ်ဖြင့် ဦးဘိုးသင် က ဆင်းလာသည်။


''ဦးဇင်းကြီး..အလုပ်ကိစ္စရှိနေလို့..ဘုရား..နောက်ရက်မှ ပြန်လာခဲ့ပါ့မယ်''


''ငါက နေဆို နေဦးကွ… ခုန မင်းတပည့် လာပြောတာ ငါအကုန်ကြားတယ်။ မင်းဘာလုပ်နေတယ်ဆိုတာ လည်း ငါ ခန့်မှန်းမိတယ်။ မင်းကို ငါ မကြာခဏမှာတယ်လေကွာ။ မိုက်တယ်ဆိုတာ ဉာဏ်နဲ့ ယှဉ်ပြီး မိုက်ရတယ်လို့…အခု မင်းဒေါသ အရမ်းထွက်နေတယ်..ဘယ်မှ မသွားနဲ့ဦး..ကားပေါ်က ဆင်း''


ဖိုးတုတ်က ဦးဘိုးသင် ကို ဂျိုကြည့်ကြည့်နေသည်။


''ဟေ့ကောင်..ဆင်းဆို ဆင်းကွာ''


''ကဲ..ဦးဇင်းကြီး ပြောနေတာ.ဆင်းလိုက်ပါ..ကိုဖိုးတုတ်ရယ်..ဘုန်းကြီးကျောင်းကြီးထဲ တူဝရီးချင်းတွေ မကောင်းပါဘူး''


ဖိုးတုတ်က ကားပေါ်က ဆင်းလိုက်သည်။


''လာ..ဒကာဖိုးတုတ်..ဒီမှာ ခဏထိုင်ဦး''


ရဟန်းဝတ်ဖြင့် ဦးဘိုးသင် က ဖိုးတုတ်ကို လက်စွဲကာ သရက်ပင်ခြေရင်း ကွပ်ပြစ်တွင် ထိုင်ခိုင်းလိုက်သည်။


''အခု အခြေအနေက ကူလီအချင်းချင်း ရိုက်ပွဲတင် ရပ်သွားမှာမဟုတ်ဘူး..ဖိုးတုတ်။ ငါ မနေ့က ကတည်းက ကျောင်းက ကိုယ်တော်တွေကို တီးခေါက်ကြည့်ပြီးသွားပြီ။ ဒီကျောင်းမှာ ဘိုတစ်ကောင်ရယ်၊ ဦးချန်ထွန်းရယ်၊ မင်းရယ် တိုးတိုးတိုးတိုးနဲ့ အစည်းအဝေးလာလုပ်ကြတယ်တဲ့။ မင်းလူတွေလိုက်စုနေကတည်းက ဆိပ်ကမ်းမှာ တခုခုဖြစ်တော့မယ်ဆိုတာ ငါသိတယ်။ အခုချိန်မှာ မင်းက အဲ့ဒီရိုက်ပွဲကြီးထဲ သွားဝင်ပါရင် မင်းကို ခိုင်းတဲ့ ကောင်တွေက မင်းကို ထိုးကျွေးသွားလိမ့်မယ်ကွ''


''ကျွန်တော် ရိုက်ပွဲထဲ ပါမလို့ မဟုတ်ဘူး..ဦးလေး..အင်း..ဦးဇင်း..ကျွန်တော့်ကို လူတွေစုခိုင်းတုန်းက စုခိုင်းပြီး အခုကျ အလုပ်ဖြုတ်ပစ်လိုက်တဲ့ ကောင်တွေကို သွားပညာပေးမလို့..သူတို့က ကျွန်တော့်စကားယုံပြီး ကူလီ ထမ်းဖို့ လာကြတာ..အခုဟာက လေးငါးဆယ်ရက်နဲ့ အလုပ်ဖြုတ်ပစ်ပြီး ဟိုကုလားတွေကို ပြန်ခန့်တယ်ဆိုတော့ ကျွန်တော့်ကို စော်ကားတာဗျ..ကျွန်တော့်ကို ဒီကောင်တွေ ခွေးဖြစ်အောင် လုပ်လိုက်တာ.. လမ်းမတော်ဖိုးတုတ်ဆိုတာ စောက်ပေါကြီးပါကွာ..သူ့စကားယုံမိရင် ငါးပါးမှောက်မယ် ဆိုတာမျိုး ကျွန်တော် အပြောမခံနိုင်ဘူး''


''နေဦး ဖိုးတုတ်…နေဦး..မင်းကို လာတွေ့နေတဲ့ ဘိုကောင်က ဘယ်သူလဲ။ ဘာလဲ''


''ဦးဇင်းမို့ တပည့်တော် ပြောပြမယ်..သူ့ကို ဦးချန်ထွန်းခေါ်လာပေးတာပဲ..မစ္စတာတီကူးပါးတဲ့။ ပါလီမန်အမတ်ထဲကပဲ။ သူက ပြည်ထဲရေးအတွင်းဝန်ဖြစ်မယ့်သူလို့လည်းပြောတယ်..အခု ဒီကောင်ကြီးတွေက ကျွန်တော့်ကို ကလိန်ကျပြီး စောက်ရှက်ခွဲပြီဗျ..သိလား..ဦးလေးရ''


ဦးဘိုးသင် က သင်္ဃန်းကို လက်ဖြင့် ပတ်တင်လိုက်ရင်း မျက်စေ့နှစ်လုံးကို မှိတ်ထားလိုက်သည်။ထို့နောက်..


''မင်း..ခွေးမဖြစ်ဘူး..ဖိုးတုတ်..မင်းခွေးမဖြစ်ဘူး..ဒီပြသနာကြီးတစ်ခုလုံးကို သူတို့ စနစ်တကျ သေချာပေါက် ဖန်တီးခဲ့တာပဲဖြစ်မယ်…ငါအကြံပေးချင်တာကတော့ အခုလောလောဆယ် မင်းဒီပြသနာနဲ့ ခပ်ဝေးဝေးနေပါ.. ဦးချန်ထွန်းတို့ မင်းကို ဆက်သွယ်လာတဲ့အထိ စောင့်သင့်တယ်..ကဲ..သင်းမြ..သမီး..ဖိုးတုတ်ကို အိမ်ခေါ်သွား.. သူ့တပည့်တွေကိုလည်း ခု ဦးဇင်း ပြောတာတွေ ပြန်ပြောပြလိုက်ဟုတ်ပြီလား''


''မလိုဘူး..ဦးဇင်း..တပည့်တော် တပည့်တွေ တပည့်တော် ပြောရင် ပြီးတယ်..လာ မသင်းမြသွားမယ်''


ဖိုးတုတ်က ပိုးပုဆိုး ကို ခပ်တိုတိုပြင်ဝတ်ကာ မသင်းမြ လက်ကို ဆွဲလျက် ကားပေါ်တက်ကာ မောင်းထွက်သွား၏။


''ဒီအခြေအနေကာလမှာ ရှင့်ဦးလေးစကားကို ရှင်နားထောင်သင့်တယ်..ကိုဖိုးတုတ်''


မသင်းမြ က ကားမောင်းနေသော ဖိုးတုတ်၏ လက်မောင်းကို ဆုပ်ကိုင်ရင်းပြောလိုက်သည်။

…………………………………………………………………………………..

အိမ်သို့ ရောက်သောအခါ ဖိုးတုတ် တပည့်များ အစုံအလင်ရောက်နေကြသည်။


''ဆရာဖိုးတုတ်..ဆိပ်ကမ်းတစ်ခုလုံး ဗြောင်းဆန်နေပြီ။ အနီးအနားရပ်ကွက်တွေအထိ ရိုက်ပွဲက ဆက်ကုန်ပြီဗျ''

ငညွန့်က ဆီးပြောသည်။


''အခြေအနေ အသေးစိတ်က ဘယ်လိုလဲ ငညွန့်''


''ရိုက်ပွဲစဖြစ်တော့ ဗိုလ်တစ်ထောင်မှာ ကုလားတွေကအားသာတယ်။ ဗမာကူလီဆယ်ယောက်သေတယ်ကြားတယ်။ အခု လမ်းမတော်ဘက်မှာကျ ကုလားတွေ အသေများတယ်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကို ရပ်ကွက်ထဲက ဗမာတွေ ဝိုင်းလိုက်ကြပြီ''


''ကလင်..ကလင်..ကလင်''


''ဆရာကြီးရှင့်..ပုလိပ်ဦးဟုတ်ဂွမ်တဲ့''


အစေခံမလေးက လာပြောသဖြင့် ဖိုးတုတ်က ဖုန်းထကိုင်လိုက်သည်။

ခဏအကြာ အခန်းတွင်း ပြန်ဝင်လာ၏။


''အခြေအနေက အတော်ဆိုးနေပြီ။ ဦးဟုတ်ဂွမ် အပြောအရဆို ကြည့်မြင်တိုင်ဘက် ရပ်ကွက်တွေ အထိဖြစ်နေကြပြီတဲ့။ ဒီမယ် ငါပြောမယ်..ငါ့တို့လူတွေစုလိုက်။ ငါ့အမိန့်မရပဲ တစ်ယောက်မှ ဒီပွဲထဲ ဝင်မပါရဘူးလို့။ ပြီးရင် လမ်းမတော်က ငါတို့အပိုင် လမ်းတွေအလိုက် လုံခြုံရေးအဖွဲ့တွေခွဲချမယ်။ ဂန္ဓမာ အဲ့ဒါကို မင်းသေချာလုပ်လိုက်။ ငါအခု အိတ်စပက်တော် ဦးဟုတ်ဂွမ်ဆီ သွားမယ်။ စံဘ မင်းလိုက်ခဲ့။ ပုဆိန်နှစ်လက်ကားပေါ်တင်ခဲ့။ မသင်းမြ …အိမ်ပေါ်မှာ ချိတ်ထားတဲ့ အကို့ငှက်ကြီးတောင် ယူပေးပါဦး''


မသင်းမြက အိမ်ပေါ် ပြေးတက်သွားပြီးနောက်.ငှက်ကြီးတောင်ဓါးကို ယူကာ ဖိုးတုတ်အား ပေးလိုက်သည်။


''ကိုဖိုးတုတ်..တစ်ခုခုဆို စဉ်းစားပါနော်..ကိုဖိုးတုတ် တစ်ခုခုဖြစ်သွားရင် ကျွန်မရင်ကွဲမှာ''


''စိတ်ချပါ မသင်းမြရယ်..မသင်းမြ ရင်ကွဲလို့မရဘူး..အဲ့ဒီ ရင်ကလေးက ကိုဖိုးတုတ် အမောဖြေရမှာ..ကဲ..သွားပြီ''

…………………………………………………………………………………….


''စံဘ..လမ်းမှာ ရီးတီးရားတားလာလုပ်တဲ့အကောင်မှန်သမျှ ဆင်းသာ ခုတ်ကွာ''


ဂေါ်ဒွင်လမ်းတွင် ဗမာလူအုပ်ကြီးတစ်စု ဓါးတဝံ့ဝံ့ဖြင့် တက်သွားသည်မှလွဲပြီး မည်သည့် အတားအဆီးမှ မတွေ့ခဲ့။


အနောက်ပိုင်းခရိုင် ပုလိပ်ရုံးတွင် ပုလိပ်အစောင့်များ ထူထပ်စွာချထားသည်။


''အိတ်စပက်တော်မင်း ဦးဟုတ်ဂွမ်က ခေါ်ထားလို့ပါ..လမ်းမတော်ဖိုးတုတ်ပါ''


လမ်းမတော်ဖိုးတုတ်ဆိုသည်နှင့် ပုလိပ်ရုံးတံခါးများက ပွင့်သွားကြသည်။


''ဖိုးတုတ်..ငါ့ဆီကို မနက်က ပဲ ဦးချန်ထွန်း ဖုန်းဆက်တယ်။ မင်းကို ဒီရုံးကို ခဏခေါ်ထားပေးပါဆိုလို့''


''ဟင်..ဘာဖြစ်လို့လဲ''


''ငါလည်း မသိဘူးလေကွာ။ ငါလည်း သူ့အမိန့်နာခံရတဲ့ကောင်ပဲ။ ညနေအထိ ငါ့ရုံးမှာ မင်းကို ထိုင်ခိုင်းထားပါတဲ့။ ညနေ လေးနာရီ ရုံးဆင်းချိန်မှ ပြန်လွှတ်လိုက်တဲ့..မင်းကို အိတ်စပက်တော်ခန့်ဖို့များလားကွာ..ဟားဟား''


'အပြင်မှာ ကျွန်တော့်ညီ စံဘ ကျန်ခဲ့တယ်''


''ရတယ်..ပုလိပ်သားတစ်ယောက်နဲ့ထွက်ပြောခိုင်းပြီး ပြန်ခိုင်းလိုက်မယ်။ ညနေကျ ငါ့ကားနဲ့ လိုက်ပို့ပါ့မယ်ကွာ''


''ခင်ဗျားတို့ဟာက ရှု့ပ်နေတာပဲဗျာ..ဒီလိုအခြေအနေကြီးမှာ''


''ဖိုးတုတ်ရေ..ငါက မရှုပ်ဘူးဟ..မင်းနဲ့ မင်းဆရာ ဦးချန်ထွန်း ရှုပ်နေတဲ့အထဲ ငါက ကြားညှပ်နေတာ.. မင်းတို့ ဘာတွေလုပ်နေမှန်းငါမသိဘူး..ဒါပေမယ့်.. ဒီနေ့တော့ ညနေအထိ ငါ့အခန်းထဲ ထိုင်နေပေးပါကွာ..ငါတို့ လည် းအလုပ်များနေတယ်..ကူလီကောင်တွေ ပေးတဲ့ စောက်ဒုက္ခတွေဟေ့..စောက်ဒုက္ခတွေ''


ထိုအချိန်တွင် ရုံးခန်းအတွင်းသို့ ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် ပုလိပ်အရာရှိတစ်ဦး ဝင်လာသည်။


''ကဲ..ဖိုးတုတ်..ငါမိတ်ဆက်ပေးရဦးမယ်..ဒါက ရာဇဝတ်အုပ် ကိုခင်မောင် တဲ့။ ပဲခူးဘက်က ပြောင်းလာတာ။ ဒီနေ့တော့ ငါက အပြင်ထွက်ပြီး ဟိုကူလီရိုက်ပွဲကို နှိမ်နင်းရဦးမယ်။ မင်း အဖော်ရအောင် ဒီအခန်းထဲမှာ သူက စကားပြောပေးလိမ့်မယ်..ဒါပဲ သွားပြီဟေ့''


ဖိုးတုတ်က အသားညိုညို၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ခန္ဒာကိုယ်တောင့်တောင့် ဖြင့် ရာဇဝတ်အုပ်ကို ရှုတည်တည်ဖြင့် ကြည့်လိုက်သည်။


''ကျွန်တော် ခင်မောင်ပါ။ ကိုဖိုးတုတ် နာမည်ကတော့ ဒီအနောက်ပိုင်းပုလိပ်ရုံးကို စပြောင်းတာနဲ့ ကြားရတော့တာပဲ..တွေ့ရတာ ဝမ်းသာပါတယ်ဗျာ''


ဖိုးတုတ်က ကိုခင်မောင်ကမ်းပေးသော လက်ကို ပြန်နှုတ်ဆက်လိုက်သည်။


''ဒါနဲ့ ကိုဖိုးတုတ်..လူဘယ်နှစ်ယောက်သတ်ဖူးလဲ''


''ဟမ်…''


ဖိုးတုတ်က ရာဇ၀တ်အုပ်ကို မျက်မှောင်ကြုံ့လျက် ကြည့်လိုက်သည်။

…………………………………………...............................................




အခန်း()

……………


''ဟာ..ကျွန်တော့်ကို အဲ့ဒီလိုကြီးတော့ မကြည့်လိုက်ပါနဲ့ဗျာ..ကျွန်တော်က တခြားကြောင့် မေးတာမဟုတ်ပါဘူး။ လမ်းမတော်ဖိုးတုတ် ဆိုတာ အရမ်းနာမည်ကြီးတော့ ဒီရုံးရောက်တာနဲ့ ခင်ဗျားရဲ့ လူဆိုးမှတ်တမ်းကိုယ်ရေးရာဇဝင်ကို ကျွန်တော်လိုက်ရှာတယ်ဗျ။ မတွေ့ဘူး။ လမ်းမတော်နဲ့ဗဟန်းဌာနာတွေကို ဖုန်းဆက်မေးတော့လည်း မရှိကြဘူးတဲ့။ အဲ့ဒီတော့ အံသြလွန်းလို့ ခင်ဗျား လူဘယ်နှစ်ယောက်သတ်ဖူးလဲလို့ မေးကြည့်တာပါ..ဟဲဟဲ''


''ဒီမယ် ကိုခင်မောင်…ကျွန်တော်က လူဆိုးမှ မဟုတ်တာဗျ…ဘယ်က လူဆိုးမှတ်တမ်းရှိမှာလဲ..''


''ဟားဟား..ဟုတ်ပါပြီ…ကိုဖိုးတုတ်ရာ..ဟုတ်ပါပြီ..ခင်ဗျားက စကားလည်း တတ်တာကိုးဗျ..ဘာပဲဖြစ်ဖြစ် ကျွန်တော်က နောက်ဆို ဒီနယ်မြေမှာ ကိုဖိုးတုတ်တို့နဲ့ ဆက်ဆံရတော့မှာ…အခုကတည်းက တစ်ယောက်နဲ့ တစ်ယောက်သိထားကြတော့ ကောင်းတာပေါ့''

………………………………………………………..


ညနေ ()နာရီတွင် အိတ်စပက်တာ ဦးဟုတ်ဂွမ် ပြန်ရောက်လာသည်။


လမ်းမတော်ဖိုးတုတ် အား သူ့ပိုင် မော်တော်ကားဖြင့် အိမ်သို့ ပြန်လိုက်ပို့လေသည်။

''ဖိုးတုတ်ရေ…ဒီနေ့နေ့လည်ပိုင်းကပဲ ဗိုလ်တစ်ထောင်သပိတ်စခန်းကို ပြန်ဝင်လာတဲ့ သပိတ်ခေါင်းဆောင် နာရယန်းဆင် အသတ်ခံလိုက်ရတယ်။ သတင်းကြီးနေတာကတော့ လမ်းမတော်ဖိုးတုတ် နဲ့ သူ့လူတွေ သတ်တာတဲ့ကွာ''


ဖိုးတုတ် က ဦးဟုတ်ဂွမ် စကားကြောင့် ကြောင်သွားသည်။

''ဘာလဲဗျ..ဆရာဦးဟုတ်ဂွမ်း..ခင်ဗျားပဲ မနက်ကတည်းက ကျွန်တော့်ကို ခေါ်ထားတာလေ..ခင်ဗျားတို့ရုံးက ပုလိပ်တစ်အုပ်ရှေ့မှာ တစ်နေကုန် ကျွန်တော် ရှိနေတာပဲ..ဘာကိစ္စ အဲ့ဒီကုလားကို ကျွန်တော်ကသတ်ရမှာလဲ.. ကျွန်တော့်လူတွေကိုလည်း မှာထားပြီးသားပဲ။ ကျွန်တော့်အမိန့်မရပဲ ဒီကိစ္စထဲ ဘယ်ကောင်ဝင်ပါရဲမှာလဲ''


''ဟုတ်ပါတယ်..ဒါကို ငါသိပါတယ်ကွ..ဒါတွေကို ကြိုသိလို့ ဦးချန်ထွန်း က မင်းကို ငါ့ဆီ ခေါ်ထားခိုင်းတာ နေမှာပေါ့။ မင်းစိတ်မပူပါနဲ့ကွ။ မင်း တစ်နေကုန် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးမှာ ရှိနေတာ အလီဘိုင် အခိုင်အမာရှိတာပဲ''


''အဲ့ဒါဆို ဘာကိစ္စ နာရယန်းဆင်သေတဲ့ကိစ္စက ကျွန်တော့် နာမည်ထွက်ရတာလဲ''


''..ငါလည်း ဘယ်သိမလဲကွ..အကြောင်းရှိလို့ အကျိုးရှိလာတာပဲ.မှတ်ပါ.ဖိုးတုတ်ရာ''

…………………………………………………………………………………………


ရန်ကုန်ဆိပ်ကမ်းမှ စတင်လိုက်သော မီးပွားကလေးမှာ ရန်ကုန်တစ်မြို့လုံးသို့ ပျံ့နှံ့ကူးစက်သွားခဲ့သည့် ပထမ ကုလား - မြန်မာ အဓိကရုဏ်းကြီးသည် လေးရက်တာ ကြာမြင့်ခဲ့လေသည်။


အဓိကရုဏ်းအစတွင် ကမ်းနားတွင် ကူလီထမ်းကြသည့် ဂေါ်ရင်ဂျီကုလားများနှင့် အခြေခံလူတန်းစားကုလားအချို့ က အသာစီးရခဲ့သည်။


သို့သော် ငွေကြေးချမ်းသာသူ ဇာတ်မြင့်ကုလားအချို့နှင့် မွတ်ဆလင်အများစုမှာ အဓိကရုဏ်းတွင်မပါဝင်ခဲ့ကြပေ။


အဓိကရုဏ်း ဒုတိယမြောက်နေ့ညနေမှ စတင်ပြီး ဆင်ခြေဖုံးမှ မြန်မာအများစုသည် မြို့တွင်း မြန်မာများနှင့် ပူးပေါင်းလာသဖြင့် ကုလားများ ဘက်က မှ စတင် အရေးနိမ့်လာသည်။


အမြော်အမြင်ကြီးသော မြန်မာဘုန်းတော်ကြီးများဖြစ်ကြသည့် ကြည့်မြင့်တိုင်သာဓုကျောင်းတိုက်ဆရာတော်၊ ဗားကရာတိုက်ဆရာတော်၊ ဇောတနာရာမဆရာတော်၊ အလယ်တောရဆရာတော် တို့က ကိုယ်တိုင်ကိုယ်ကျ သော်လည်းကောင်း၊ သတင်းစာများမှသော်လည်းကောင်း အဓိကရုဏ်းကြီး တက်မဖြစ်ရန် မေတ္တာရပ်ခံခဲ့ကြသည်။


မြန်မာလူမျိုး (၂၀) ခန့်သေဆုံးပြီး ကုလားလူမျိုး (၁၂၀)ကျော် သေဆုံးခဲ့ရသည်။


အဓိကရုဏ်းပြီးဆုံးပြီး နှစ်လအကြာ သြဂုတ်လ (၁၀)ရက်နေ့တွင် ဖိုးတုတ် အား ဦးဝိလာသကျောင်းမှ အခေါ်လွှတ်လာသည်။


ကျောင်းထိပ်တွင် ဒုလဘ္ဘဝတ်ရာမှ လူမထွက်ရသေးသော ဦးလေးဦးဘိုးသင် နှင့် သွားဆုံသည်။


''ဒကာ ဖိုးတုတ်..အထဲမှာ မင်းလူ ဦးချန်ထွန်း ရောက်နေပြီ..သူနဲ့ မတွေ့ခင် ငါပြောစရာရှိသေးတယ်''


''တပည့်တော်လည်း ဦးဇင်းကို ပြောစရာရှိတယ်။ ဦးဇင်း က လူမထွက်တော့ဘူးလား''


''ငါ..လူမထွက်ချင်တော့ဘူးကွာ..အခု ငါ့ကိုယ်ငါ အပြစ်ရှိသလိုခံစားရတယ်''


''ဘာတွေဖြစ်နေတာလဲ ဦးဇင်း''


''ဘာတွေမှ မဖြစ်ဘူး..ဖိုးတုတ်..ဒီလူသတ်ပွဲကြီးမှာ ဦးချန်ထွန်း နဲ့ မင်းစနက် မကင်းဘူးဆိုတာ ငါသိတယ်။ ဗမာတွေရော..ကုလားတွေရော.ရန်ကုန်တစ်မြို့လုံး.သွေးချောင်းစီးကုန်တာ..ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ''


''ဒါ ကျွန်တော်တို့ ကိစ္စပဲ..ဦးဇင်းနဲ့ ဘာဆိုင်မလဲ''


''ဒီမှာ ဖိုးတုတ်..မင်း ဒီလိုဖြစ်လာအောင် ငါ က စခဲ့တာမဟုတ်လားကွာ..မင်းနဲ့ ဦးချန်ထွန်းကိုလည်း ငါပဲ တွေ့ပေးခဲ့တာ''


''တောင်တောင်အီအီတွေ လျှောက်တွေးမနေပါနဲ့ ဦးဇင်းရာ..မကြာခင် လူထွက်ခဲ့တော့..ဦးဇင်း နဲ့ စကားပြောရမှာတွေ..လုပ်ရကိုင်ရမှာတွေရှိသေးတယ်…ဦးဇင်း ဒကာမကြီးလည်း အသက်ကြီးပြီ..သားထောက်သမီးခံလည်းရှိတာမဟုတ်ဘူး..လူထွက်စရာရှိတာ ထွက်ပါဗျာ''

ဖိုးတုတ်က စကားကို ဖြတ်ပြီး ကျောင်းတွင်းသို့ ဝင်လိုက်သည်။


''ခင်ဗျား ပေါ်လာသေးတယ်နော်..ဝန်ထောက်မင်း''


''ဆောရီးပါ..မောင်ဖိုးတုတ်…အဓိကရုဏ်းပြီးကတည်းက ဦးတို့ အလုပ်တွေ ရှုပ်နေလို့ ပါကွာ..မောင်ရင့်ကိုတော့ သတိရပါတယ်''


''မသိပါဘူးဗျာ..ဘုရားပြီးသွားတော့ ငြမ်းဖျက်ကြပြီလားလို့..ဒါနဲ့…ဝန်ထောက်မင်းတို့ လုပ်လိုက်တာ ကျွန်တော့်တော့ အတော်ကို နာမည်ပျက်သွားတယ်ဗျ..ပြောစမ်းပါဦး..ဘာလို့ ကျွန်တော်ရှာပေးတဲ့ ဗမာကူလီတွေကို ဖြုတ်ပစ်လိုက်ရတာလဲ..အစကတည်းက ကုလားတွေ ပြန်ခန့်မယ်ဆို ကျွန်တော် ဘာလုပ်ပေးစရာလိုမလဲ''


''ကဲ..ဒါတွေ မပြောပါနဲ့တော့..မောင်ဖိုးတုတ်။ မင်းတာဝန်ကျေခဲ့တာပဲ။ ဖြစ်စရာရှိတဲ့ ကိစ္စတွေက ဖြစ်ကို ဖြစ်ရမှာလို့သာ သဘောထားပါကွာ''


''ဟာ..လူတွေ ဒီလောက်အများကြီး သေတဲ့ကိစ္စ ကျွန်တော်က ဖြစ်စရာရှိတဲ့ကိစ္စပဲလို့ သဘောထားပေးရ မှာလားဗျာ…ကျွန်တော့် ဦးလေးတောင် ဒီသတင်းတွေကြားပြီး တော်တော်စိတ်ထိခိုက်နေရှာတယ်''


''ကဲ..မောင်ဖိုးတုတ်ရေ…ငါတို့ အလုပ်ကိစ္စ ပြောကြရအောင်ကွာ''


''လာပြန်ပြီလား..ဒီအလုပ်ကိစ္စ''


''ဒီတစ်ခါတော့ မင်းသဘောကျမယ့်ကိစ္စပါ။ မစ္စတာတီကူးပါး က မင်းကို သူနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်လေးပေးခိုင်းလိုက်တယ်ကွ''


ဦးချန်ထွန်း ကဖိုးတုတ်ကို ကဒ်ပြားတစ်ခု ကမ်းပေးလိုက်သည်။


ဖိုးတုတ်က ကဒ်ပြားပေါ်မှ နာမည်နှင့် ဖုန်းနံပါတ်ကိုကြည့်ကာ မျက်လုံးပြူးသွား၏။


''မအံသြနဲ့..မောင်ဖိုးတုတ်..မောင်ဖိုးတုတ်နဲ့ မစ္စတာတီကူးပါးကို မိတ်ဆက်ပေးတဲ့နေ့က ဦး ပြောခဲ့သားပဲကွ..မစ္စတာတီကူးပါး ဟာ ပြည်ထဲရေးအတွင်းဝန်ဖြစ်မှာပါဆို''


''တကယ်ပဲ ပြည်ထဲရေးအတွင်းဝန်လားဗျာ''


''နောက်တပတ် သြဂုတ် ၁၂ ရက်နေ့မှာ ကျန်းမာရေးဆေးခွင့်ပေးလိုက်တဲ့ ဘုရင်ခံ ဆာချားအင်းနစ် နေရမှာ မြန်မာလူမျိုး ဆာဂျိုးဇက်မောင်ကြီးက ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲရှိတယ်။ ဆာဂျိုးဆက်မောင်ကြီး ကျမ်းကျိမ်ပြီးတာနဲ့ ပြည်ထဲရေးအတွင်းဝန် အဖြစ် မစ္စတာတီကူးပါး က ကျမ်းသစ္စာကျိန်ဆိုလိမ့်မယ်။ သြဂုတ် ၁၂ ကျော်ပြီးဆိုတာနဲ့ မောင်ဖိုးတုတ် စိတ်ပါရင် မစ္စတာတီကူးပါး ဆီ ဖုန်းဆက်လို့ရပါတယ်။ ဟော့ဒီ ဗြိတိသျှကိုလိုနီဘားမားနိုင်ငံကြီးမှာ ပြည်ထဲရေးအတွင်းဝန်ကို တိုက်ရိုက်ဖုန်းဆက်ခွင့်ရှိတာ ဘုရင်ခံရယ်၊ ပုလိပ်မင်းကြီးရယ်၊ စုံထောက်မင်းကြီးရယ်၊ ဦးရယ်၊ မောင်ဖိုးတုတ်ရယ်ပဲ ရှိတယ်..မောင်ဖိုးတုတ်''


ဦးချန်ထွန်းက ဖိုးတုတ်ထံ လက်ကမ်းလိုက်သည်။


လမ်းမတော်ဖိုးတုတ်က ဦးချန်ထွန်းကို ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်တော့သည်။

…………………………………………………………………………………………


နိုင်ငံရေးသမားများတို့သည် ယခုအခါမြန်မာများအနေဖြင့် အုပ်ချုပ်ရေး၏ အနှစ်မရ အသွင်ရသည်ဟု ပြောဆိုလေ့ရှိကြသည့်အတိုင်း မြန်မာလူမျိုးဘုရင်ခံကို အင်္ဂလိပ်အုပ်ချုပ်သော နည်းစနစ်အရ ခန့်အပ်လိုက်သည်ကို မျက်ဝါးထင်ထင် တွေ့ကြရသော အသွင်မျှကို မြင်ရရုံနှင့်သော် တို့မြန်မာဟူ၍ အောက်မေ့ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်ကို မြင်ရသည့်အခါ တကယ်စစ်စစ် အနှစ်တည်းဟူသော လွတ်လပ်ရေးကို ရကြသည့်အခါ အဘယ်မျှ ဝမ်းမြောက်ဝမ်းသာကြမည်ကား တွေးတော၍ပင် မဆုံးတော့တကားဟု အောက်မေ့ကြရကြောင်း''


၁၉၃၀ သြဂုတ် ၁၃ ရက်နေ့ထုတ် သူရိယ သတင်းစာခေါင်းကြီးပိုင်းတွင် ဆာဂျိုးဇက်မောင်ကြီး၏ ဘုရင်ခံဘိသိက်ပွဲကို တခမ်းတနားဖော်ပြထား၏။


တဆက်တည်း ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ၏ ကျမ်သစ္စာကျိန်ပွဲလည်း ပါရှိလေသည်။

လမ်းမတော်ဖိုးတုတ် သည် ထိုသတင်းစာကို အကြိမ်ကြိမ် ပြန်ဖတ်သည်။.


ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ဟူသော နာမည်ကို အထပ်ထပ် ပြန်ဖတ်သည်။

ထိုနေ့ညက ရန်ကုန်မြစ်လယ်ရှိ၊ ပရင့်ဆက်သင်္ဘောပေါ်တွင် လူမိုက်ကြီး လမ်းမတော်ဖိုးတုတ်မှ ဧည့်ခံတည့်ခင်းသော ပါတီကို ဝှဲချီးကျင်းပလေသည်။


ဖိုးတုတ်၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တပည့်လူမိုက်များ၊ ပုလိပ်အရာရှိများ၊ လမ်းမတော်ဒုစရိုက်လုပ်ငန်းများမှ စီးပွားရေးသမားများ၊ ရုပ်ရှင်ဇာတ်သဘင်နယ်ပယ်မှ ပုဂ္ဂိုလ်များ စည်ကားစွာ တက်ရောက်လေသည်။


ည ၁ နာရီတွင် ပါတီပွဲ ပြီးဆုံးလေသည်။

ဖိုးတုတ်၊မသင်းမြ နှင့် တပည့်များ လှေတစီးဖြင့် ကမ်းပေါ်သို့ တက်လာကြသည်။


ထို့အချိန်တွင် ပါတီပွဲမတက်ပဲ မိခင်ဖြစ်သူနှင့်အတူ အိမ်တွင် ကျန်ရစ်သည့် ညီဖြစ်သူ ဘသိန်း က စက်ဘီးဖြင့် အပြေးအလွှားရောက်လာသည်။.


''ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်..အီး..ဟီး..ဟီး''


ဘသိန်းက အသားတွေ တဆတ်ဆတ်တုန်နေသလို၊ မျက်ရည်တွေကျနေသည်။


''ဟေ့ကောင်..ဘသိန်း..ဘာဖြစ်တာလဲ..မင်း ဘာဖြစ်လာတာလဲ''


''ဦးလေးဘိုးသင် သေပြီဗျ…ဦးလေး ဘိုးသင်သေပြီ''


''ဟင်..ဘယ်လို..ဘာဖြစ်လို့လဲ…ဘယ်လိုဖြစ်တာလဲ''


''ဦးလေးက နောက်နေ့လူထွက်မှာမို့..ညခင်းဘက် ဆရာတော်ကြီးကို ဘိလပ်ရည်ကပ်မယ်ဆိုပြီး ကိုယ်တိုင် ထွက်ဝယ်တာတဲ့…အဲ့ဒါ ဘိလပ်ရည်ဝယ်ပြီး ကျောင်းကို အပြန်မှာ လူတစ်ယောက်လိုက်လာပြီး ကျောင်းဝအရောက်မှ ဓါးနဲ့ ကပ်ထိုးသွားတာတဲ့..ဦးလေး အော်ခေါ်သံကြားလို့ ကျောင်းက ကိုယ်တော်တွေ ထွက်ကြည့်တော့ သွေးအိုင်ထဲမှာတဲ့''


''ဟာ..ကွာ..ဘယ်လိုဖြစ်တာလဲ..ဟေ့ကောင်တွေ..အကုန်ကားပေါ်တက်…ဦးဝိလာသကျောင်းကို မောင်းမယ်''


ကျောင်းရှေ့တွင် ဘုန်းကြီးများ၊ ကိုရင်များနှင့်အနီးဝန်းကျင်မှ လူများ ဝိုင်းအုံနေကြသည်။


လမ်းမတော်ဖိုးတုတ်တို့ ကားများ ဆိုက်လာသောအခါမှ ရှဲသွားကြ၏။


ဦးဘိုးသင် သည် သွေးအိုင်ထဲတွင် ငြိမ်သက်နေသည်။

လည်ပင်း ဓါးဒဏ်ရာအပေါက်ထဲမှ သွေးများ တပွက်ပွက်ထွက်နေဆဲ။


မသင်းမြ က အိခနဲ ရှိုက်ငိုပြီး မျက်နှာလွှဲသွားသည်။

ဖိုးတုတ်က ဦးဘိုးသင် ၏ အလောင်းကို ငေးကြည့်နေ၏။


''အုန်းဖေ…အလောင်းကို အိမ်ပြန်သယ်ဖို့လုပ်…ဂန္ဓမာ က ဦးဟုတ်ဂွမ် ဆီသွား..ခုနကမှ သူပြန်သွားတာ အိပ်ဦးမှာမဟုတ်ဘူး။ အခြေအနေကိုပြောပြ။ ငါက အမှှုမဖွင့်ချင်ဘူး။ လူသိမခံချင်ဘူး။ ဒီကိစ္စ ငါ့ဟာငါ ရှင်းမယ်လို့ ပြောလိုက်''


''စိတ်ချ ဖိုးတုတ်..စိတ်ချ''


''ပုဏ္ဍားကျော်ထွန်း နဲ့ ထွန်းတင် မင်းတို့လူတွေကိုခု ချက်ချင်းစု…ငါ့ဦးလေးကို သတ်တဲ့ကောင်ကို စုံစမ်းခိုင်း။ ဘယ်သူ့လက်ချက်လဲဆိုတာ မနက်ဖြန် ငါသိချင်တယ်''


''ဟုတ်ကဲ့..ဆရာဖိုးတုတ်''


''ဘသိန်းနဲ့ မသင်းမြက ဒီကားနဲ့ အမေ့အိမ်ကိုသွား ၊ အမေ့ကို ဝင်ခေါ် ပြီးရင် အဒေါ်သိန်းကို ဒီကိစ္စသွားပြောရမယ်။ ဖြစ်နိုင်ရင် ငါက ပြောလိုက်တယ် သူ့ယောက်ျားအသုဘကို မနက်ဖြန် ပဲ ချက်ချင်းချချင်တယ်လို့ ။ ငါ့ဦးလေး အလောင်းကို ငါ မြင်ရတာကြာရင် တွေ့သမျှလူ ငါသတ်မိတော့မယ်''


''ငညွန့်နဲ့ စံဘက ငါနဲ့ အတူ ကမာရွတ်သင်္ချိုင်းကို လိုက်ခဲ့၊ မနက်လုပ်မယ့် ဦးလေးအသုဘအတွက် အခေါင်းသွားဝယ်မယ်။ ပြီးရင် မင်းတို့ ဦးလေးအိမ်ကို အခေါင်းပြန်သယ်သွားကြ''


''ဒီအချိန်ကြီး မင်းလိုက်မသွားနဲ့လေ။ ငညွန့် နဲ့စံဘပဲ သွားပါစေ..ဖိုးတုတ်''


''ဦးလေးနဲ့ ငါ နောက်ဆုံးစကားပြောတာ ဒီကျောင်းပေါက်ဝမှာပဲကွ.ဂန္ဓမာ.။ ဦးလေးက ဘုန်းကြီး တသက်လုံးဝတ်မယ် ပြောလို့ ငါ က လူထွက်လို့တောင် ခပ်မာမာပြောခဲ့သေးတယ်။ ငါအခု ကမာရွတ်သင်္ချိုင်းကို သွားမယ်။ ဦးလေးကို မြုပ်မယ့် ကျင်းကို ငါကိုယ်တိုင် သွားတူးမယ်။ ငါ့ဦးလေး သေရတာ ငါ့ပယောဂ ပါတယ်လို့ ငါထင်နေတယ်ကွ''


''ဟာ..ဟေ့ကောင်..ဖိုးတုတ်..မင်းဟာက မဟုတ်သေးပါဘူး''


''ငါခိုင်းတာပဲလုပ်ကွာ.ဂန္ဓမာ''

…………………………………………………………………………………………


''အဲ့ဒီညက ဦးလေးဦးဘသင်ကို သတ်တာ ပုဏ္ဍားဘထွန်းတပည့် တလိုင်းလေးကျော်သင်း တဲ့ ဖိုးတုတ်''.


''မင်းသတင်းက သေချာလား ဂန္ဓမာ ''


''တို့လူ ကျော်ထွန်းကိုယ်တိုင် ပုဏ္ဍားလူတွေဆီက အတိအကျ နှိုက်လာခဲ့တာပဲဆရာ..အဓိကရုဏ်းတုန်းက ပုဏ္ဍားတပည့် နာရရန်းဆင် သေတဲ့ကိစ္စမှာ ဆရာဖိုးတုတ် သတ်တာမို့ ပုဏ္ဍားက ကလဲ့စားချေတဲ့အနေနဲ့ ဦးဘသင်ကို ပြန်သတ်ခိုင်းတာတဲ့''


''တလိုင်းလေး..တလိုင်းလေး..သင်းက ပုဏ္ဍားခိုင်းတိုင်းလုပ်တယ်ပေါ့..ဟိုတခါ သူ့ဆိုင်ကို ဝင်ကတည်းက ဒီကောင့်ကို စောင့်ပြီး သတ်ပစ်ခဲ့ရမှာ''


''အခု ငါတို့ ဘာလုပ်ကြမလဲ..ဖိုးတုတ်''


''နေဦး ဂန္ဓမာ..ငါစဉ်းစားနေတယ်..ဦးလေးသာရှိရင် ဒီကိစ္စ ငါ့ကို ဘယ်လို အကြံပေးမလဲလို့ ငါစဉ်းစားနေတာ''

ဖိုးတုတ်က ဆေးတံကို မီးညှိ့လိုက်သည်။


ထို့နောက် နံရံပေါ်မှ ဦးဘိုးသင်း၏ ဓာတ်ပုံကို ငေးလိုက်သည်။


''နာရရန်းဆင်ကို ငါသတ်ခဲ့တယ်လို့ ပုဏ္ဍားက ထင်တယ်ပဲထားပါတော့။ သူလက်စားချေချင်ရင် ငါ့ကို သတ်ရမှာလေ။ ငါမဟုတ်လည်း မင်းတို့ထဲက တစ်ယောက်ယောက်ပေါ့ကွာ။ အခုက ဘာမဆိုင် ညာမဆိုင် ဘုန်းကြီးဝတ်နေတဲ့ ငါ့ဦးလေးကိုသတ်တာ ဘာသဘောလဲ''


''ငါထင်တာတော့ တလိုင်းလေးက သိပ်ပြီး လက်စရှိတဲ့ကောင်တော့မဟုတ်ဘူးကွ။ ငါတို့ကို ဝင်လုပ်ဖို့ဆိုတာ လည်း ဒီကောင့်အတွက်မလွယ်ဘူး။ ဒါကြောင့် လုပ်လို့ရတဲ့လူကို လုပ်သွားတာထင်တယ်''


''နေဦး ဂန္ဓမာ…ဒီကိစ္စအားလုံးရဲ့ အဖြေက တလိုင်းလေး ဆီမှာပဲ ရှိတယ်…တလိုင်းလေးကို ငါအရှင်လိုချင်တယ်.. အဲ့ဒါ မင်းတာဝန်ယူပေး''


''စိတ်ချ..ဖိုးတုတ်..ငါ့ကို မင်းစိတ်ချ..''

……………………………………………………………………


အချိန်က ည ၁၁ နာရီခွဲ။

ရန်ကုန်မြို့တွင် မည်သည့်ဟိုတယ်ဖြစ်စေ ည ၁၂ နာရီအတိတွင် ပိတ်သိမ်းကြရသည်။ .


(၂၉)လမ်းထိပ်တွင် တည်ရှိသော အွန်လောက် ဟိုတယ် မှ ပိုင်ရှင်တရုတ်သည်လည်း နောက်ထပ်လာသော ဧည့်သည်များကို လက်မခံပဲ နှင်လွှတ်နေ၏။


ဆိုင်ခန်းထဲရှိ သောက်လက်စ ဝိုင်းများကိုလည်း မကြာမီ ဆိုင်ပိတ်တော့မည်ဖြစ်ကြောင်း ဝိတ်တာအချို့မှ လိုက်လံသတိပေးနေသည်။


အချို့ကား ယမကာအရှိန်ဖြင့် စကားမပြတ်ကြသေး။ အချို့ကား ဟိုတယ်မယ်ကလေးများနှင့် သံယောဇဉ်မပြတ်သေး။ အပြင်ခေါ်သွားရန် ဈေးမတည့်နိုင်သေး။


ထိုအချိန်တွင် ဟိုတယ်ထဲသို့ လူနှစ်ယောက်ဝင်လာသည်။ တစ်ယောက်က အရပ် ထောင်ထောင်မောင်းမောင်း၊ တစ်ယောက်က အသားဖြူဖြူ၊ ဘိုကေအလယ်ခွဲနှင့်။


''နောက်နေ့မှ လာခဲ့ပါတော့..ဆရာကီးတို့..ဧည့်သည်လက်ခံလို့ မရတော့လို့ပါ..ဆိုင်ပိတ်တော့မယ်..မိုးချုပ်ပြီ''

''စောက်တရုတ်..မင်းက ငါ့ ဘယ်သူထင်လို့လဲ''


ဘိုကေအလယ်ခွဲက ပြောလိုက်သည်။


''သြော်..ဆရာကီးပါလား..တခြားလူတွေကို လက်မခံတော့ဘူးပြောတာပါ..ဆရာကီးတို့ဆို အွန်လောက်က တံခါးဖွင့်ထားရမှာပေါ့''


''အေး..ဟုတ်ပြီ..ဒါပေမယ့်..ငါတို့ အကြာကြီးမနေပါဘူး…မင်းတို့ဆီမှာ ငါတို့ တွေ့ချင်တဲ့ ကောင်မတစ်ကောင်ရှိလို့လာတာ''


''ဘယ်သူလဲ..ဆရာကီးတို့ တွေ့ချင်တဲ့ ကောင်မ''


''ဟိုတစ်နေ့ကမှ ချိုင်းနားစတန်းက တရုတ်နှင်ထုတ်လိုက်လို့..ဒီကို ပြောင်းလာတဲ့ ကောင်မလေ''


''အော်..အသောင်းလား..အသောင်းကို ပြောတာလား''


''အေး..ဟုတ်တယ်..ငါတို့ ကို အခန်းတစ်ခန်း စီစဉ်ပေး..ပြီးရင် အဲ့ဒီကောင်မကို လွှတ်လိုက်..ပြီးတော့ ဘီယာနှစ်လုံးနဲ့ ကုန်းဘောင်ကြီးကြော်တစ်ပွဲပေး''


''စားဖိုမှူးပြန်သွားလို့ ကုန်းဘောင်ကြီးကြော်မရတော့ဘူး..ဆရာကီး..တခြား ဘဲကင်တို့ ဘာတို့ တော့ ရှိတယ်''


''စာဖိုမှူးမရှိလည်း မင်းကိုယ်တိုင် ကြော်ကွာ..ဟုတ်ပြီလား..ကုန်းဘောင်ကြီးကြော်ပဲ လိုချင်တယ်''


''ဟေ့ကောင်လေး..ဒီဆရာကီးတွေကို အပေါ်ထပ်က အခန်း()ကို ပို့ပေးလိုက်၊ ပြီးရင် ဘီယာနှစ်လုံးချပေးလိုက်၊ ငါ ကုန်းဘောင်ကြီးကြော်သွားကြော်လိုက်ဦးမယ်''


ပိုင်ရှင်တရုတ်မှာ ပြာပြာသလဲဖြင့် စားဖိုခန်းထဲ ဝင်သွားသည်။


အခန်း() ထဲသို့ မသောင်း တံခါးဖွင့်လိုက်သည်နှင့် ဖြောင်းခနဲ အသံနှင့်အတူ ပုံလျက်သား လဲကျသွားသည်။


''ဖာသည်မ..ထစမ်း..နင်.. ငါ့ မှတ်မိလား..ဟမ်..ငါကျော်သင်းလေ''


မသောင်း က နှုတ်ခမ်းဝတွင် စို့နေသော သွေးများကို သုတ်ပြီး တလိုင်လေးကျော်သင်းကို ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသည်။


''ငါတို့က နင့်ကို မုဒိန်းကျင့်လို့ နင်က နင့်လင် ဖိုးတုတ်ကို သွားတိုင်တယ်..ဟုတ်လား…မသာမ..နောက်ဆုံး တော့ နင် ငါတို့ နယ်မြေကို ရောက်လာရတာပဲ…အေး..ဒီည နင့်ကို အဝလုပ်ပြီးမှ…ရန်ကုန်မြစ်ထဲ ပစ်ချပစ်မယ်''


''အကိုကျော်သင်းရယ်..အသောင်းနောင်တရပါပြီ..အသောင်းကို ခွင့်လွှတ်ပါ..တောင်းပန်ပါတယ်''


''အောင်မယ်..လင်အားကိုး ရှိတုန်းက အချိုးကတမျိုး..နင့်လင်ကို နင်ခေါ်လာပြီး ငါ့ဆိုင်ကိုဖျက်ဆီး၊ ငါ့တပည့်ကို အပ်နဲ့ချုပ်သွားတုန်းက..နင်ဒီလို စကားပြောလား..ကြာပါတယ်..အကိုကြီး..ဒီကောင်မကို အကိုကြီး အရင်လုပ်ဗျာ…အားကြီးအကြောတင်တဲ့ကောင်မ.မို့..အကိုကြီးအတွက် ညီလေးက မွေးနေ့လက်ဆောင်ပေးတာ''


အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့်လူက T တံဆိပ် ဘီယာပုလင်းကို မော့သောက်နေရာမှ ပြုံးပြလိုက်သည်။

ထို့နောက် ထိုင်နေရာမှ ထလိုက်ပြီး မသောင်း၏ အင်္ကျီ ကုတ်ကို ဆွဲမလိုက်သည်။


ဖန်ပေါင်းချောင်အင်္ကျီ ဇာသား မို့ အင်္ကျီ ရှေ့ပိုင်းမှ ကြယ်သီးများ တဗြုတ်ဗြုတ်ပြုတ်ကုန်သည်။


မသောင်း၏ ခန္ဓာကိုယ်အရှေ့ဘက်အခြမ်းကား ဇာဘော်လီအနီရောင်မှ လွဲပြီး အကာအကွယ်မရှိတော့။


ဗလတောင့်တောင့်လူက မသောင်းကို စားပွဲပေါ်သို့ မှောက်တင်လိုက်သည်။


တလိုင်းလေး ကျော်သင်းက ဘီယာတစ်လုံးကို ဂိုက်တံဖြင့် ဖောက်ပြီး မော့သောက်ရင်း မြင်ကွင်းကို အရသာခံကြည့်နေ၏။


''မလုပ်ကြပါနဲ့ရှင်..မလုပ်ကြပါနဲ့''


မသောင်းအသံက ခပ်ပြတ်ပြတ်ထွက်လာ၏။

တစ်ဆက်တည်းတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။


''ကုန်းဘောင်ကြီးကြော်..လာပို့တာပါ''


တလိုင်းလေးကျော်သင်းက ဘီယာပုလင်းကို စောင့်ချလိုက်ပြီး


''ရတယ်..အကိုကြီး လုပ်စရာရှိတာလုပ်…''


ကျော်သင်းက တံခါးကို ထဖွင့်လိုက်သည်။


တံခါးဝတွင် ပန်းကန်ကိုင်ထားသော လူတစ်ယောက်။


''ပေး..အထဲဝင်မလာနဲ့..ဟေ့ကောင်..နောက်ထပ် ဘီယာနှစ်လုံးထပ်ယူခဲ့ကြားလား''


ကျော်သင်းက ပြောပြာဆိုဆိုဖြင့် ပန်းကန်အားလှမ်းယူရင်း ကြည့်လိုက်ရာ..ပန်းကန်အတွင်းတွင် ကုန်းဘောင်ကြီးကြော်များမရှိပဲ ဘရိတ်ဓါးများသာ ချိုးထည့်ထားသည့်ကို တွေ့လိုက်ရသည်။


ဝုန်း ခနဲ အသံနှင့်အတူ ကျော်သင်း နောက်သို့ ဆောင့်ကန်ခံလိုက်ရသည်။


အခန်းတွင်းသို့ ဝင်လာသူက ဂန္ဓမာသောင်းရီ ။

သူ့နောက်တွင် စံဘ နှင့် ငညွန့် ဝင်လာကြသည်။


ဂန္ဓမာသောင်းရီ က ချိန်းကြိုးကို လက်တွင်ပတ်ကာ တလိုင်းလေးကျော်သင်း၏ မျက်နှာကို ခွထိုးတော့သည်။


ငညွန့်က ပါလာသော ဇာဝီတုတ်ဖြင့် မသောင်းအား မတရားပြုကျင့်နေသော လူထွားကြီးကို ဝင်ရိုက်သည်။


လူထွားကြီးမှာ ကုန်းကုန်းကွကွဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး ခါးပတ်ဖြုတ်ပြီး ခြေချင်းဝတ်သို့ ပုံကျနေသော သူ့ဘောင်းဘီကို ကောက်ဝတ်သည်။


သို့သော် ငညွန့် အဆက်မပြတ်ရိုက်နေသဖြင့် လက်တစ်ဖက်က ငညွန့်ကို ၏ တုတ်ကို ကာနေရ၏။

မသောင်းကား ဝတ်လစ်စလစ်ဖြင့် အခန်းထောင့်တွင် ကပ်နေသည်။


လူထွားကြီးက ဘောင်းဘီဝတ်ဖို့ မကြိုးစားတော့ပဲ ငညွန့်၏ တုတ်ချက်များကို ရှောင်ကာ ငညွန့်ကို ဝိုက်လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်လေသည်။.


ငညွန့်ကား စားပွဲပေါ်သို့ ပုံလျက်ကျသွားသည်။


တိုက်ပွဲကို ကြောင်ကြည့်နေသော စံဘက သတိဝင်လာပြီး ခါးကြားမှ ဓါးမကို ထုတ်ကာ လူထွားကြီး၏ ကို ပြေးခုတ်လိုက်သည်။


လူထွားကြီးက ကိုယ်ကို ယိမ်းပြီးရှောင်လိုက်သဖြင့် စံဘ အရှိလွန်ကာ ရှေ့သို့ ဟပ်ထိုးလဲကျသွားသည်။

လဲကျသွားသော စံဘကို လူထွားကြီးက ခုန်အုပ်လိုက်သည်။


တလိုင်းလေးကျော်သင်းကို ခွကာထိုးနေသော ဂန္ဓမာက အခန်းတွင်း အခြေအနေကို သတိထားမိလိုက်သည်။


''ငညွန့်..ဒီကောင့်ကို လာချုပ်ထား''


စားပွဲပေါ်လဲနေသော ငညွန့်က နဖူးမှ သွေးစများကို သုတ်ကာ ဂန္ဓမာဖိထားသော တလိုင်းလေးကျော်သင်းကို လာချုပ်သည်။


ဂန္ဓမာက စံဘနှင့် လုံးထွေးနေသော လူထွားကြီးကို ဝင်ထိုးသည်။


စံဘ က အောက်တွင် အသွေးအလူးလူးဖြစ်နေချေပြီ။

ဂန္ဓမာ က လက်သီးတွင် ပတ်ထားသော ချိန်းကြိုးကိုဖြည်ပြီး လက်နှစ်ဖက်ဖြင့် ချိန်းကြိုးကို ကိုင်ကာ လူထွားကြီး၏ လည်ပင်ကိုး လိမ်ညှစ်လိုက်သည်။


လူထွားကြီး နောက်လန်ကျလာပြီး ရုန်းကန်နေ၏။

ဂန္ဓမာ ပေါ်သို့ လူထွားကြီး၏ ခန္ဓာကိုယ် ပိကျလာသည်။

သို့သော် ဂန္ဓမာသောင်းရီ ၏ လက်နှစ်ဖက်မှ သွေးများကျလာသည်အထိ ချိန်းကြိုးကို တင်းတင်းကြပ်ကြပ် ဖိဆွဲထားဆဲပင်။


လူထွားကြီး၏ လည်ပင်းထဲသို့ ချိန်းကြိုးက တစတစ မြုပ်ဝင်နေသည်။


မကြာမီ ဝုန်းခနဲ အသံကြီးဖြင့် အတူ လူထွားကြီးက တချက်ခုန်လိုက်ပြီး ငြိမ်ကျသွားသည်။


မျက်လုံးနှင့် ပါးစပ်ထဲမှ သွေးများက ဂန္ဓမာသောင်ရီအပေါ်သို့ စီးကျလာ၏။


စံဘက အောက်ကျနေသော ဓါးမကို ကောက်ကာ လူထွားကြီး၏ ရင်ဘတ်ကို ဆက်တိုက်ဝင်ခုတ်သည်။


''ဟေ့..စံဘ. တော်ပြီဟ...တော်တော့..သေနေပြီဟ''


လူထွားကြီး၏ ခန္ဓာကိုယ်အောက်ပိနေသော ဂန္ဓမာသောင်းရီက လှမ်းအော်မှ စံဘ ရပ်သွားသည်။

ထိုအခါမှ ဂန္ဓမာက လူထွားကြီးကို ဖယ်ကာ ထလာသည်။


''ငါယိုးလိုမှပဲ…စံဘ..စောက်ကလေးရယ်…သေနေပြီဟ..မင်းက ဆက်တိုက်ခုတ်နေတော့ ဒီ နွားကြီးသွေးတွေက ငါ့မျက်နှာမှာ အကုန်စင်ပြီး ရှိုးပဲ့ကုန်ပြီဟ.လခွမ်းထဲမှပဲ..ဟို ဘီယာပုလင်း ယူပေးစမ်းကွာ''


စံဘက တလိုင်းလေးသောက်လက်စ ဘီယာပုလင်းကို ယူကာ ဂန္ဓမာကို ပေးလိုက်သည်။

ဂန္ဓမာက ဘီယာပုလင်းကို ယူပြီး အထဲမှ ဘီယာဖြင့် သူ့မျက်နှာကို သစ်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီပေါ်မှ ပေနေသော သွေးများပေါ် ဘီယာဖြင့် လောင်းချလိုက်၏။


ထို့နောက် ခုံပေါ်တွင် ထိုင်လိုက်ပြီး ကျန်နေသော ဘီယာတစ်လုံးကို အသင့်ရှိနေသော ဖန်ခွက်ထဲ ငှဲ့သောက်လိုက်သည်။


''အသောင်း..အောက်က သွားစောင့်နေ..ခဏနေ မောင်. ဆင်းလာခဲ့မယ်''


ဂန္ဓာမာသောင်းရီက သူ့ကုတ်အင်္ကျီကို ချွတ်ကာ မသောင်းကို ပေးလိုက်သည်။

မသောင်းကား သွေးတို့ပေကျံနေသော ကုတ်အင်္ကျီဖြင့် သူမ အရှက်ကို ကာကွယ်ကာ ကြောက်ကြောက်ရွံံံံ့ရွံ့ဖြင့် အောက်ဆင်းဖို့ပြင်သည်။


''အသောင်း ခဏနေဦး..အသောင်းကို ခုန မတရားကျင့်တဲ့ ခွေးကောင် ရဲ့ သေချင်းဆိုးကို အားရအောင် ကြည့်သွားဦး''


မသောင်းက ကြမ်းပြင်တွင် သွေးအလူးလူးဖြင့် သေနေသော မသာကြီးကို တချက်ကြည့်ကာ အောက်သို့ ဆင်းသွား၏။


သူ နှင့်တွေ့လျှင် မင်းသားတစ်ယောက်အလား စမတ်ကျကျဝတ်ပြီး ရှက်တတ်သော ဂန္ဓမာသောင်းရင်သည် သူ့ရှေ့တွင်ပင် လူတစ်ယောက် အား သတ်ပြီး အေးအေးဆေးဆေးဘီယာငှဲ့သောက်နေသည်ကို မသောင်း မြင်လိုက်ရသည်။


တလိုင်းလေးကျော်သင်းကို အရှင်ဖမ်းရမည်ဟု လမ်းမတော်ဖိုးတုတ်က သူ့ကို တာဝန်ပေးလိုက်ကြောင်း ဂန္ဓမာသောင်းရင် သူမကို လာပြောစဉ်က လေသံအေးအေးလေး။


သို့သော်..စမတ်ကျကျဝတ်ပြီး ဂျစ်ကန်ကန်ပုံစံလေးဖြစ်သော်လည်း သူ့နှင့်ဆို ရှက်ရွံ့တတ်သည့် လူမိုက်လေး အတွက် သူ စိုးရိမ်ခဲ့သည်။


ပုဏ္ဍားဘထွန်း၏ လူမိုက်တွေကြားထဲ သူချစ်သော လူမိုက်လေးကို မိုက်ရူးရဲတိုးမဝင်စေချင်ခဲ့။


ထို့ကြောင့်..သူ့ကို တည်ကြက်ထားပြီး တလိုင်းလေးကို မျှားရန်အကြံကိုလည်း သူပဲ ပေးခဲ့ခြင်းဖြစ်သည်။


ချိုင်းနားစတန်းဟိုတယ်တွင် ဖောက်သည်နှင့် ပြသနာတက်ပြီး နှင်ထုတ်ခံရသည်ဆိုသည့် လုပ်ဇာတ်ကို ဂန္ဓမာနှင့် ဟိုတယ်ပိုင်ရှင်လောက်ဝီတို့ ပူးပေါင်းဖန်တီးကြသည်။


နောက်ရက်တွင် မသောင်း က ပုဏ္ဍားဘထွန်းနယ်မြေထဲမှ အွန်လောက်ဟိုတယ်တွင် အလုပ်ဝင်ခဲ့၏။


မသောင်းတွက်ဆသည့်အတိုင်းပင် သုံးရက်မြောက်နေ့တွင် ထိုသတင်းအနံ့ကိုရလာသည့် တလိုင်းလေး ကျော်သင်းသည် ပုန်းလျိုးကိုယ်ဖျောက်နေရာမှ ထွက်လာပြီး သူမ ထံ ရောက်လာတော့၏။

ကျောင်းတော်က ရန်စ ရှိသည်ကိုး။


အခုတော့ ဂန္ဓမာတို့ လက်ထဲသို့ ကျော်သင်း သက်ဆင်းရပြီ။


''ကဲ..ဘုန်းကြီးအိုကြီးကို ဓါးနဲ့ ထိုးသတ်ရဲ့တဲ့ သတ္တိခဲကြီး ကို ထူလိုက်ပါဦး..ငညွန့်ရေ''


ငညွန့်က တလိုင်းလေးကျော်သင်းကို ဆွဲထူကာ ဂန္ဓမာထိုင်နေသော စားပွဲရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။


''စံဘရေ..ကောင်လေး..ခုန ဒီအခန်းထဲကို လာတော့..ငါ ကုန်းဘောင်ကြီးကြော်လာပို့တာကွ.ကုန်းဘောင်ကြီးကြော်တွေ မှောက်ကုန်ပြီလား မသိဘူးကွာ..လက်ကျန် ကုန်းဘောင်ကြီးကြော် ပန်းကန်လေးယူခဲ့ပါဦး''


စံဘ က အောက်ကျနေသော ပန်းကန်ထဲသို့ ကြမ်းပြင်မှ ဘရိတ်ဓါးများကို လိုက်ကောက်ထည့်ပြီး ဂန္ဓမာရှေ့သို့ လာချပေးသည်။


တလိုင်းလေးကျော်သင်း ကား မျက်နှာတစ်ခုလုံး ဖူးယောင်နေပေပြီ။


''ကဲ..ငါတို့ ရဲ့ သူရဲကောင်းကြီး တလိုင်းလေးကျော်သင်းကို သူစားချင်တဲ့ ကုန်းဘောင်ကြီးကြော်လေး ကြွေးလိုက်ကြစို့ကွာ..ငညွန့် ဒီကောင့် ပါးစပ်ကို ဖြဲလိုက်စမ်း''


ငညွန့်က လက်တစ်ဖက်ဖြင့် ကျော်သင်း၏ ပါးနှစ်ဖက်ကို ညှစ်က တစ်ဖက်က ဆံပင်ကို ဆွဲလျက် မော့ခိုင်းလိုက်၏။


''ကဲ..အားရပါးရစား..လူမိုက်ကြီးရေ''

ဂန္ဓမာသောင်းရီက ဘရိတ်ဓါးအကျိုးများ ထည့်ထားသော ပန်းကန်ဖြင့် တလိုင်းလေး၏ ဟနေသော ပါးစပ်ကို တေ့တာ လောင်းထည့်လိုက်သည်။


ဘရိတ်ဓါးတစ်ချို့က ထွက်ကျပြီး အချို့က ပါးစပ်ထဲ ဝင်ကုန်သည်။


''ငညွန့် လွှတ်လိုက်တော့''


ငညွန့်လွှတ်ပေးလိုက်သည်နှင့် ဂန္ဓမာက တလိုင်းလေးကျော်သင်း၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ထည့်လိုက်သည်။


ပါးစပ်တွင်းမှ ဘရိတ်ဓါးအစများသည် ပါးချောင်နှစ်ဖက်ကို စိုက်ဝင်ကုန်ပြီး သွေးစများနှင့်အတူထွက်လာ၏။


တလိုင်းလေးမှာ နာကျင်လွန်းသဖြင့် လဲကျနေလျက်က ဂန္ဓမာသောင်းရီကို လက်အုပ်ချီကာ တောင်းပန်နေလေသည်။


''ကဲ..ရပြီ…ဒီကောင့်ကို ဖိုးတုတ်ဆီ ခေါ်သွားမယ်..စံဘ မင်းယူလာတဲ့ ဂုန်နီအိတ်ထဲ ဒီကောင့်ကို ထည့်ကွာ''


ဂန္ဓမာသောင်းရီက သူ့ခြေရင်းတွင် လဲကျနေသော တလိုင်းလေးကို ခြေထောက်ဖြင့် တွန်းဖယ်ကာ ထလိုက်သည်။


ဂန္ဓမာသောင်းရီ အောက်ထပ်သို့ ဆင်းလာသောအခါ မသောင်းက ကောင်တာဘေးတွင် တုန်ရီလျက်။


ပိုင်ရှင်တရုတ်မရှိတော့ပဲ..စားပွဲထိုးလေးတစ်ယောက်သာ ပြူးကြောင်ကြောင်ဖြင့် ထိုင်နေသည်။


''ကဲ..အသောင်း..လာ.မောင် အိမ်ပြန်လိုက်ပို့ပေးမယ်.ဆောရီးနော်..အသောင်းရှေ့မှာ မောင် လုပ်ပုံကိုင်ပုံ နည်းနည်းလေးကြမ်းသွားတယ်..''


ဂန္ဓမာသောင်းရီက မသောင်း၏ ခန္ဓာကိုယ်ကို သိုင်းဖက်ရင်း အပြင်သို့ ခေါ်ထုတ်လာသည်။


မသောင်းစိတ်ထဲတွင်မူ ''ဘုရားရေ..ဒါနည်းနည်းလေး ကြမ်းတာတဲ့လားရှင်ရယ်'' ဟု သာရေရွတ်မိတော့၏။


ဂန္ဓမာသောင်းရီ နှင့် မသောင်းက ကားအရှေ့ခန်းတွင် ထိုင်လိုက်သည်။


ငညွန့်နှင့် စံဘက သွေးတရွှဲရွှဲဖြင့် တလိုင်းလေးကျော်သင်းကိုထည့်လာသော ဂုန်နီအိတ်ကို ကြားတွင်ညှပ်လျက် ကားပေါ် တက်ထိုင်လိုက်၏။


မသောင်း၏ မိတ်ကပ်နံ့များ မှာ သွေးညှီနံ့ကို ဖုံးလွှမ်းခြင်းကာ မတတ်သာ။

ဂန္ဓမာသောင်းရီက ကားကို လမ်းမတော်ဘက်သို့ မောင်းထွက်လိုက်သည်။


''ဂန္ဓမာကြီး..ကျုပ်တို့တော့..ရှေ့ဆက်ပြီး ပွဲကြီးပွဲကောင်း ဆော်ရဦးမယ်..ထင်တယ်ဗျ''


ဂန္ဓမာသောင်းရီ က စီးကရက်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။


''ဘာလို့လဲကွ..ငညွန့်ရ…''


''ဟာ..ဘာလို့ရမှာလဲ..ခုန ကျုပ်တို့ သတ်ခဲ့တာ..ပုဏ္ဍားဘထွန်းရဲ့ မွေးစားသား..အာဠာဝကစိန်ကြီးလေ''


''ဟေ''

……………………………………………..





အခန်း()

……………


နံနက် ()နာရီ။

ဒလဘက်ကမ်းမှ ဈေးရောင်းဈေးဝယ်သဗ္ဗာန်အချို့ ရန်ကုန်ဘက်သို့ ကူးလာနေကြသည်။

မြစ်လယ်ရှိ သဗ္ဗာန်တစ်စင်းမှာ မူ ထူးထူးခြားခြား စက်ရပ်ထား၏။


သဗ္ဗာန်ပေါ်မှ လူတစ်စုသည် မော်တော်ကားအင်ဂျင်တုံးအဟောင်းကြီးတစ်လုံးနှင့် တွဲချည်ထားသော ဂုံနီအိတ်တစ်ခုကို မနိုင်မနင်းမကာ ရေထဲသို့ ပစ်ချလိုက်ကြသည်။

ထို့နောက် စက်နှိုးကာ ရန်ကုန်ဆိပ်ကမ်းဘက်သို့ ပြန်လည်ထွက်ခွာလာကြသည်။


ဟေ့..ထွန်းတင် မင်းတို့ကလည်း အလောင်းလေးတစ်ခါ ဖျောက်တာ ကြာလိုက်တာကွာ’’


ကမ်းနားမှ ပြန်တက်လာသော ထွန်းတင် ကို ကားဖြင့် စောင့်နေသည့် ငညွန့် က စိတ်မရှည်စွာဖြင့်လှမ်းပြောသည်။


ငညွန့် ရာ…လူတစ်ယောက်လုံး ရေထဲပစ်ချရတာကွ..ပြီးတော့ ငါ့ကောင်တွေကလည်း ပေါက်စတွေဆိုတော့ အထာက သိပ်မနပ်ကြဘူး။ သဗ္ဗာန်သမားက မြစ်လယ်ရောက်မှ အိတ်ထဲမှာ လူပါမှန်းသိပြီး အူလည်လည်လုပ်နေလို့ တစ်ချက်နှစ်ချက်ကျွေးပြီး ခြိမ်းခြောက်လိုက်ရသေးတယ်..မင်းက ဒီပေါ်မှာ စီးကရက်လေးဖွာပြီး ငြိမ့်ငြိမ့်လေး စောင့်ရတာ”


မင်းအမေ့လင် စီးကရက်လေးဖွာငြိမ့်ရမလား…ညက ဂန္ဓမာကြီးပါလို့ ငါတို့မသေတာ..အာဠာဝကစိန်ကြီး ဆိုတဲ့ကောင်ကြီးက မလွယ်ဘူးဟေ့..ဒီကောင့်လက်သီးတစ်ချက်မိတာ ငါလွင့်ထွက်သွားတယ်..တော်သေးတယ်ဟ.. ဂန္ဓမာကြီး ပါပေလို့…ပြီးတာနဲ့ ဟိုကောင့်ကို ဆရာဖိုးတုတ်ဆီပို့..သူမေးစရာရှိတာမေးနေတုန်းလည်း ငါပဲ တချိန်လုံးထိုင်စောင့်ရ..သတ်တော့လည်းငါပဲ..ခု အလောင်းလာဖျောက်တော့လည်း ငါပဲ မင်းတို့ကိုလိုက်ပို့ပေးရတာ..တရေးမှ မအိပ်ရသေးဘူးဟ ’’


အခု ဘယ်သွားမှာလဲ’’


ဂန္ဓမာကြီးကို မသောင်းအိမ်မှာသွားခေါ်ပြီး ဆရာဖိုးတုတ်ဆီ သွားရမယ်..ထွန်းတင်ရေ..ပုဏ္ဍားကြီးကတော့ အခုလောက်ဆို ငါတို့ကို သတ်ဖို့ လူစုနေလောက်ပြီ’’


………………………………………………………………………………………


ဂန္ဓမာသောင်းရီ၊ ငညွန့်နှင့် ထွန်းတင်တို့ လမ်းမတော်ဖိုးတုတ်အိမ်သို့ ရောက်ရှိသောအခါ လူအစုံအလင် ရောက်ရှိနေကြပြီဖြစ်သည်။


တာမွေအောင်ဘ နှင့် ကြည်မြင့်တိုင်ကြက်ကြား တို့ပင် ရောက်နေကြ၏။


လာ…ဂန္ဓမာ..မင်းတို့ကို အားလုံးစောင့်နေကြတာ..’’


ရောက်နေသူအားလုံးမျက်နှာကို ကြည့်ကာ တစ်စုံတစ်ခု ပြသနာဖြစ်နေပြီမှန်း ဂန္ဓမာသောင်းရီ တို့ သတိပြုလိုက်မိသည်။


ဖိုးတုတ်..ဘာဖြစ်လို့လဲ’’


ဂန္ဓမာရေ…ပုဏ္ဍားကြီးကတော့ သိမ်ကြီးဈေးထိပ်မှာ သူ့တပည့်တွေကို စုနေပြီ။ နေ့လည်ကျရင် အာဠာဝကအလောင်းကို ထမ်းပြီး ငါ့နယ်မြေထဲဝင်ပြီး လက်စားချေမလို့တဲ့ဟ’’


ဟုတ်တယ်..ကိုဂန္ဓမာ..ဒီတစ်ခါတော့ ပုဏ္ဍားတို့ အကြီးအကျယ်ဒေါသထွက်နေကြတယ်..လမ်းမတော်ဖိုးတုတ် အုပ်စုကို ဒီညနေ မစောင်းခင် တစ်ယောက်မကျန်သတ်မယ်လို့လည်း ကြိမ်းဝါးနေကြတယ်’’


ဂန္ဓမာသောင်းရီ က ဆံပင်ကို သပ်တင်ပြီး ခုံတွင် ဝင်ထိုင်လိုက်သည်။


ဖိုးတုတ်..ငါ..ဒီတစ်ခါတော့ မင်းကို တစ်ခု တောင်းဆိုချင်တယ်။ ညက အာဠာဝက ကို ငါသတ်ခဲ့တာ။ ဒီပွဲက အသေအကြေ ခုတ်ကြ၊ ထစ်ကြရမယ့်ပွဲ၊ လူတွေများကြီးသေလိမ့်မယ်၊ အဲ့ဒီလို မဖြစ်အောင် ပုဏ္ဍားဘထွန်းကို သွားသတ်ဖို့ ငါ့ကိုခွင့်ပြုပါကွာ’’


ဖိုးတုတ်က ဂန္ဓမာသောင်းရီကို ကြည့်ပြီး ပြုံးလိုက်သည်။


ဟုတ်ပြီ..ဂန္ဓမာ…မင်းနဲ့ ငါ အခု နှစ်ယောက်ချင်းစကားပြောမယ်..ခဏလိုက်ခဲ့..ဟေ့ကောင်တွေ..မင်းတို့ ငါတို့ ပြန်လာတဲ့အထိ စောင့်ကြ’’


လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီကို ပုခုံးဖက်လျက် အခန်းပြင်သို့ ခေါ်သွားသည်။


ဂန္ဓမာ..မင်းသိတဲ့အတိုင်းပဲ..အခုပွဲမှာ ပုဏ္ဍားကြီးက ငါနဲ့ သူသေကိုယ်သေတိုက်မှာသေချာတယ်..လမ်းမတော်ဟာ စစ်တလင်းဖြစ်သွားမယ်.. သူတို့လူတွေရော..ငါတို့ လူတွေရော သေမယ်..မင်းရော..ငါရောပါ သေချင်သေသွားနိုင်တယ်”


အဲ့ဒါကြောင့်..ငါပြောတာ..ဖိုးတုတ်…အခုချိန် ဒီကောင်တွေ နယ်မြေထဲ ဝင်ပြီး ပုဏ္ဍားဘထွန်းကို ငါသတ်လိုက်ရင် ပြီးပြီလေကွာ’’


ဟုတ်ပြီ..ဂန္ဓမာ..အဲ့ဒီလိုဆို ငါမင်းကိုမေးမယ်…မင်း ညက ဘာလို့ အာဠာဝကစိန်ကြီး ကို သတ်လိုက်တာလဲ၊ စိန်ကြီးမှန်းသိလို့ သတ်တာလား၊ မသိပဲ သတ်တာလား’’

သိသိမသိသိ ဒီကောင့်ကို ငါသတ်မှာပဲ..ဖိုးတုတ်..သတ်ချင်လို့ကို သတ်ပစ်တာ’’


သတ်ချင်လို့ သတ်ပစ်တာ..ဟုတ်လို့လား..ငါခိုင်းလိုက်တာ တလိုင်းလေးကို အရှင်ဖမ်းဖို့ပဲလေကွာ..အဲ့ဒါကို မင်းက လူတစ်ယောက်အပိုသတ်လာတယ်၊ အဲ့ဒီအပိုသတ်လာတဲ့ကောင်က တကယ့်မီးခဲကောင်၊ ပုဏ္ဍားရဲ့ မွေးစားသားဖြစ်နေတယ်။ အဲ့ဒါ ငါ့အမိန့်ကို မင်းမနာခံခြင်းရဲ့ အကျိုးဆက်ပဲကွ။ ဘာလဲ မင်းက တံစဉ်ထောင်ချင်တာလား..ဂန္ဓမာ’’


ဖိုးတုတ်က ဂန္ဓမာ၏ မျက်လုံးကို စိုက်ကြည့်ရင်း မေးလိုက်သည်။


ဂန္ဓမာသောင်းရီက ကုတ်အင်္ကျီ ကို ဆွဲချွတ်လိုက်၏။


ထို့နောက်…


ဒီမှာ..ဖိုးတုတ်…မင်းနဲ့ငါ စပယ်ရာဘဝကတည်းက အတူတူနေလာတာ။ မင်းကို ငါ့အကိုလို ညီလို သဘောထားတယ်။ မင်းစီးပွားဟာ ငါ့စီးပွားပဲ။ မင်းမိသားစုက ငါ့မိသားစုပဲကွ။ ညက ငါသတ်ခဲ့တဲ့ကောင်က အာဠာဝကမကလို ဘာကောင်ဖြစ်ဖြစ်..ငါသတ်မှာပဲ..ဒီကောင်က မသောင်းကို မုဒိန်းကျင့်နေတာကွ..မင်းသိလား…အေး..ငါ့ မသောင်းကို လာထိတဲ့ကောင်ဆို ဘယ်ကောင်ဖြစ်ဖြစ် ငါသတ်မှာပဲ..မင်း အမိန့်ကို နာခံတာတွေ ဘာတွေ ငါစောက်ဂရုမစိုက်ဘူး။ ငါ့မှာ ပြောစရာဒါပဲရှိတယ်။ ကျန်တဲ့ မင်းလူတွေ မထိရအောင် ခု ငါပုဏ္ဍားကို သွားသတ်ပေးမယ် ဟုတ်ပြီလား..ဖိုးတုတ်..စိတ်ချ..ငါ့ကို စိတ်ချကွာ’’


လမ်းမတော်ဖိုးတုတ်က ဂန္ဓမာ၏ ပုခုံးကို ပုတ်ကာ ဟက်ဟက်ပက်ပက်ပြုံးလိုက်သည်။


အေး..အဲ့ဒါ ငါ့သူငယ်ချင်း ဂန္ဓမာပဲကွ…ဟားဟား..ဒီလိုမင်း ရှက်တတ်မှန်းသိလို့..ဟိုကောင်တွေရှေ့မှာ မမေးတာ။ မင်း မသောင်းကို ချစ် လို့လေကွာ။ ဟုတ်တယ်မဟုတ်လား။ ဒီကောင်မျိုးကို သတ်သင့်တာပဲ။ ဆယ်ခါပြန်သတ်သင့်တာပဲ သူငယ်ချင်းရ..လာ..လာ..အစည်းအဝေးပြန်စကြမယ်’’


ဖိုးတုတ်၏ အသံမာမာကို ကြားထားရသဖြင့် အခန်းထဲတွင် ကျန်ခဲ့သူများက စိုးရိမ်သော မျက်လုံးများဖြင့် စောင့်နေကြသည်။


လမ်းမတော်ဖိုးတုတ်က မျက်နှာထားတည်တည်ဖြင့် အခန်းထဲသို့ ဝင်လာသည်။ သူ့နောက်မှ ဂန္ဓမာသောင်းရီက ဝင်လာ၏။


ကဲ..ငါ ဂန္ဓမာနဲ့ ပြောပြီးပြီ။ ဒီကောင့် ကိစ္စ ဒီကောင်ရှင်းလိမ့်မယ်။ ဟုတ်ပြီလား”


စံဘက မတ်တပ်ထရပ်လိုက်သည်။


ကိုဖိုးတုတ်…ကိုဂန္ဓမာကြီးနဲ့ ကျွန်တော်လိုက်သွားချင်တယ်။ ခွင့်ပြုပါ’’


ငညွန့်နှင့် အုန်းဖေ ကလည်း ထလာသည်။


ကျွန်တော်တို့လည်း လိုက်သွားပါရစေ..ကိုဖိုးတုတ်’’


ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း နှင့် ကျန်သည့်သူများကပါ မတ်တပ်ရပ်လိုက်ကြသည်။


အခြားနယ်ပိုင်လူမိုက်များဖြစ်သော ကြည့်မြင့်တိုင်ကြက်ကြားနှင့် အောင်ဘ ပါ ထိုလူအုပ်စုထဲ ပါဝင်လာ၏။

လမ်းမတော်ဖိုးတုတ်က ကုလားထိုင်ကို ဆွဲယူထိုင်လိုက်သည်။


ထို့နောက် ဆေးတံကို ယူပြီး မီးညှိ့ကာ ဖွားထုတ်လိုက်၏။


ဒီလိုဆိုတော့..မင်းတို့အားလုံးက ပုဏ္ဍားဘထွန်းတို့အဖွဲ့နဲ့ သွားသတ်ကြပြီး..လမ်းမတော်ဖိုးတုတ်ကြီးက အိမ်မှာထိုင်ပြီး မိန်းမနဲ့ ဖက်အိပ်နေရတော့မယ်ပေါ့..အဲ့ဒီလိုလား..အဲ့ဒီလိုလားကွ..ဟမ်…ဟေ့ကောင်တွေ’’


မည်သူ့ဆီက မှ အသံထွက်မလာ။


ဂန္ဓမာသောင်းရီက တစ်စုံတစ်ခု ပြောရန် ကြံပြီးမှ ငြိမ်နေလိုက်သည်။


ကဲ..ငါအခု အမိန့်ပေးမယ်..ငါ့အမိန့်မနာခံတဲ့ကောင်မှန်သမျှ..ငါ့ရန်သူလို့ ငါသတ်မှတ်မယ်..ကျေနပ်လား’’

ဟုတ်..ကျေနပ်ပါတယ်..ဆရာဖိုးတုတ်’’


ဂန္ဓမာ၊ ငညွန့်၊ စံဘ..မင်းတို့သုံံးယောက်က ငါခိုင်းတဲ့အတိုင်း မနက်က အွန်လောက်ဟိုတယ်မှာ တလိုင်းလေးကို ဖမ်းပေးတယ်။ အစစ်အနေနဲ့ အာဠာဝက ကိုလည်း သတ်ပေးမယ်။ ဂန္ဓမာကလည်း အဲ့ဒီကပြန်တော့ မသောင်းအိမ်လိုက်သွားတယ်ဆိုတော့ ပင်ပန်းနေမှာပဲ။ ငညွန့်နဲ့ စံဘလည်း တစ်ညလုံး အိပ်ရဦးမယ်မထင်ဘူး။ မင်းတို့ သုံးယောက်က သွားပြန်အိပ်ကြတော့’’


ဟမ်..ဗျာ’’


ကျန်တဲ့ကောင်တွေက ချိုင်းနားစတန်းဟိုတယ်ကိုသွား၊ ငါ မန်နေဂျာကို ပြောပြီးပြီ။ အဲ့ဒီမှာ တစ်ယောက်ကို ဝီစကီ လေးပက်စီ သောက်ရင်း နယ်မြေထဲမှာ အခြေအနေကို နားစွင့်ထားကွာ။ ပုဏ္ဍားဘထွန်းလူတွေ စထွက်လာပြီဆိုတာနဲ့ငါ့ကို လာအကြောင်းကြား.. ဟုတ်ပြီလား။ အခု ပြသနာက ပုဏ္ဍားဘထွန်းနဲ့ လမ်းမတော်ဖိုးတုတ်ပြသနာမို့ လမ်းမတော်ဖိုးတုတ်ပဲ ရှင်းမယ်’’


အားလုံး တအံတသြဖြစ်သွားကြသည်။ စောဒကတက်ရန် ကြိုးစားကြသည်။


သို့သော် ဖိုးတုတ်၏ မျက်နှာကိုကြည့်ကာ ဘာမှ မပြောရဲကြ။


ဂန္ဓမာ..မင်းငါ့ကို ဘာမှ ပြန်ကြည့်မနေနဲ့။ ငါ့အတွက် မင်းတို့ အသက်စွန့်ရဲတာကို ငါသိတယ်ကွ။ အဲ့ဒီလိုမျိုး ငါရဲဘော်ရဲဘက်တွေထဲက တစ်ယောက်ကိုမှ ငါအဆုံးအရှုံးမခံနိုင်သေးဘူး။မင်းတို့ ဒီလောက်နဲ့ သေဖို့ မလိုသေးပါဘူးကွ..ကဲ..အားလုံး သွားကြတော့..ငါ့အမိန့်မနာခံတဲ့ကောင် ငါ့ရန်သူနော်.ငါပြောပြီးပြီ”


ဖိုးတုတ်၏ တပည့်များက မကျေမနပ်ဖြင့် ထွက်သွားကြသည်။ စံဘတစ်ယောက်သာ ပေကပ်ကပ်ကျန်ခဲ့

၏။


ဟေ့ကောင်..မင်းကရော..ဘာဖြစ်ချင်လို့လဲ..’’

ဟို..မမသင်းမြက …အစည်းအဝေးပြီးရင်..အကို့ကို အပေါ်ထပ် တက်လာခဲ့ပါဦးတဲ့’’


အော်..အေးအေး..”


ဖိုးတုတ်က အပေါ်သို့ တက်သွားသည်။


အပေါ်ထပ်တွင် မသင်းမြက ပုတီးစိတ်ရာမှ ထလာသည်။


ကိုဖိုးတုတ်…ရှင်လူသတ်ဦးမလို့လား’’


ကိုဖိုးတုတ်သေရင်.မသင်းမြ ရင်ကွဲမယ်…မသင်းမြ ..ရင်မကွဲရအောင်…နည်းနည်းပါးပါးတော့ သတ်ရမယ်ထင်တယ်’’


မသင်းမြ မျက်နှာလေး ညိုးသွားသည်။


အလကားစတာပါ..မြရယ်…ဒီနေ့ အကို ဒီအိမ်က တစ်ဖဝါးမှ မခွာပါဘူး..စိတ်ချ’’

…………………………………………………………………………………………


ငညွန့် ၏ မော်တော်ကားက လမ်းမတော်ဖိုးတုတ် အိမ်ရှေ့တွင် ထိုးရပ်လိုက်သည်။


လမ်းမတော်ဖိုးတုတ်က အိမ်ရှေ့ ဝရံတာသို့ ထွက်လာပြီး


ငညွန့်..ဘာထူးလဲဟေ့’’


ဟိုကောင်တွေ ကာနယ်လမ်းအတိုင်း..စထွက်ပြီတဲ့..ဆရာဖိုးတုတ်..အင်အား တစ်ရာလောက်ပါတယ်။ အလောင်းကိုပါ တစ်ခါတည်း ထမ်းလာကြတယ်”


အေး..ဟုတ်ပြီ..လူတွေအားလုံးစုထားလိုက်တော့..ပြီးရင် ချိုင်းနားစတန်းမှာ ထိုင်ခိုင်းထား။ ဒီည ချိုင်းနားစတန်းအပေါ်ထပ်ကို ငါအပြတ်ငှားမယ်လို့ လောက်ဝီကို ပြောလိုက်..သွားတော့”


ဓားဆွဲထွက်လာမည်ဟုထင်သော်လည်း အိမ်ပေါ်က ဆင်းမလာသဖြင့် ငညွန့် အူကြောင်ကြောင်ဖြင့် ပြန်လှည့်သွားသည်။


………………………………………………………………………..


ပုဏ္ဍားဘထွန်းကား အဖြူရောင်အင်္ကျီ နှင့် အဖြူရောင်ဒိုတီ ကို ဝတ်ကာ..ဓါးကောက်ကြီးကို ဆွဲကိုင်လျက် ရှေ့ဆုံးမှ လျှောက်လာသည်။


နောက်တွင် အာဠာဝက၏ အလောင်းကြီးကို ထမ်းစင်ပေါ်တင်လျက် ထမ်းလာကြသည်။


ထိုအလောင်းစင်ကြီး ဘေးတွင်တော့ လက်နက်ကိုယ်စီကိုင်စွဲလာကြသော ပုဏ္ဍားဘထွန်း၏ တပည့် ကုလား၊ ဗမာလူမိုက်များ။.


ကာနယ်လမ်းသည် လူရှင်းသောလမ်းဖြစ်သော်လည်း ပုဏ္ဍားဘထွန်းတို့ အဖွဲ့ကြီး ချီတက်လာသည်နှင့် ပြည့်နှက်သွား၏။

ရှေ့ဆုံးမှ မိုက်သွေးမိုက်မာန်ကြွကြွဖြင့် ချီတက်လာသော ပုဏ္ဍားကြီးနောက်မှ တပည့်လူမိုက်အပေါင်းတို့ ကလည်း သွေးဆာသောမျက်နှာများဖြင့် ညာသံပေးကာ လိုက်ပါလာကြသည်။


လမ်းမတော်သူ လမ်းမတော်သားတို့ကား လူမိုက်ဂိုဏ်းကြီးနှစ်ခု၏ သွေးချောင်းစီးလူသတ်ပွဲကြီး ကို အိမ်တွင်း ပုန်းကာ ရင်တမမ စောင့်ကြည့်နေကြသည်။


အချို့ အခြေအနေကို မသိသောသူများကလည်း ဓားဆွဲတုတ်ဆွဲဖြင့် အလောင်းကြီးထမ်းလာသော လူအုပ်ကြီး ကို ကြည့်ကာ တအံတသြဖြစ်နေကြသည်။

ကီလီလမ်းထိပ်အရောက် ရှေ့ဆုံးမှ ငှက်ကြီးတောင်ဓါးဆွဲကာ လျှောက်လာသော ပုဏ္ဍားဘထွန်းကြီး တန့်ခနဲဖြစ်သွားသည်။


ပုဏ္ဍားဘထွန်းရပ်သွားသဖြင့် နောက်မှ လူတန်းကြီးပါ ရပ်သွားကြ၏။

ပုဏ္ဍားဘထွန်းကား သူ့ရှေ့တွင် တွေ့ရသော မြင်ကွင်းကို တအံတသြကြည့်နေသည်။


သူ့ရှေ့တွင်ကား လော်လီကားနှစ်စီးအပြည့်ဖြင့် လမ်းပိတ်ထားသော စစ်ပုလိပ်တပ်များ။ ရိုင်ဖယ်သေနတ်များ ဖြင့် ချိန်ထားကြသည်။


ရှေ့ဆုံးမှ ရာဇဝတ်အုပ်က အော်လံဖြင့် လှမ်းအော်သည်။


ခင်ဗျားတို့ အခုချက်ချင်း လူစုခွဲပေးပါ…လူစုခွဲပေးပါ”

ကျုပ်သား အသုဘချလာတာပါ..ရာဇဝတ်အုပ်မင်းခင်ဗျား”


ပုဏ္ဍားဘထွန်းက ရာဇဝတ်အုပ်ကို လှမ်းအော်ပြောသည်။


လူစုလူဝေးကို အခုချက်ချင်း ဖြိုခွဲပေးပါ။ ကုလား - ဗမာ အဓိကရုဏ်းများဖြစ်ပြီးကာလတွင် နောက်ထပ် လူစုလူဝေးဖြင့် အဓိကရုဏ်းဖြစ်စေမည့် မည်သည့်ကိစ္စကို မဆို ပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ရထားပါပြီ။ အခု နေရာကနေ ရှေ့ဆက်တိုးမယ်ဆို..ပစ်ရပါလိမ့်မယ်”


ပုဏ္ဍားဘထွန်း တွန့်သွားသည်။


ခင်ဗျားတို့ အခုချက်ချင်း လူစုခွဲပါ။ လူစုခွဲပါ။ မဟုတ်လျှင် ပစ်ရပါလိမ့်မယ်.။ ဒီလို ကာလမှာ ခင်ဗျားတို့ အသုဘကို လူစုလူဝေးနဲ့ မချပါနဲ့။ လက်နက်တွေ ကိုင်ဆောင်ခြင်းကိုလည်း တားမြစ်ပါတယ်’’


ပုဏ္ဍားဘထွန်း နောက်လှည့်ကြည့်လိုက်သည်။

အတော်များများက နောက်လှည့်ပြန်ကုန်ကြ၏။ အချို့လည်း လမ်းဘေးကပ်ကာ တဖြည်းဖြည်း နောက်ဆုတ်သွားကြသည်။


ပုဏ္ဍားဘထွန်း ခေါင်းငိုက်စိုက်ကျသွားသည်။

အလောင်းထမ်းထားသည့် လူရှစ်ယောက်နှင့်အတူ လူနှစ်ဆယ်ခန့်သာကျန်တော့၏။

ပုဏ္ဍားဘထွန်းမှာ အံကိုကြိတ်လျက် မျက်ရည်များပင် ကျလာသည်။.

ဟေ့ကောင်တွေ……….ပြန်လှည့်မယ်..ပြန်လှည့်မယ်”


………………………………………………………………….


လမ်းမတော်ဖိုးတုတ်အိမ်သို့ ဖုန်းဝင်လာသည်။

မသင်းမြ က ဖုန်းကိုင်လိုက်၏။


ကိုဖိုးတုတ်..ရှင်မနက်က ဖုန်းဆက်ခိုင်းတဲ့ ဘိုကြီးပဲ...ရှင့် အကူအညီတောင်းတဲ့အတိုင်း လုပ်ပေးပြီးပြီလို့ ရှင့်ကို ပြောပေးပါတဲ့”


အကို က ကျေးဇူးတင်ပါတယ်လို့ သူ့ကိုပြောပေးပါ..မသင်းမြ”


မသင်းမြ က ဖိုးတုတ်ပြောသည့်အတိုင်း အင်္ဂလိပ်လို ပြောခိုင်းလိုက်သည်။


ကိုဖိုးတုတ်…ကိုလည်း ရန်ကုန်ရဲ့ ဥပဒေ စိုးမိုးရေးအတွက် ကူညီပေးလို့ သူ့အနေနဲ့ ကျေးဇူးတင်ပါတယ်တဲ့’’

ဖိုးတုတ်က စကားပြောခွက်ကို မသင်းမြ ထံ မှ ယူကာ မတောက်တခေါက်အင်္ဂလိပ်စကားဖြင့် သင့်ခ်ယူ သင့်ခ်ယူ ဟုပြောကာ ဖုန်းချလိုက်လေသည်။


ထို့နောက် မသင်းမြ၏ ပုခုံးကို ဖက်ကာ ပါးတစ်ဖက်ကို နမ်းလိုက်ပြီး

အကို..ကတိတည်တယ်နော်..မသင်းမြ…ဒီအိမ်ကနေ တစ်နေ့လုံး ဒီအိမ်ကနေ ခြေတလှမ်းမှ မရွေ့ဘူး..ည ကျရင်တော့..ဟိုကောင်တွေနဲ့ အောင်ပွဲခံပါရစေ၊ ဒါပေမယ့် အကို စောစောပြန်လာမှာပါ..”


မသင်းမြက ဖိုးတုတ်အား မျက်စောင်းထိုးလိုက်သည်။

ဒါနဲ့..မနက်က ရှင် ကျွန်မကို အင်္ဂလိပ်လို ဖုန်းပြောခိုင်းတဲ့ အဲ့ဒီဘိုကြီးက ဘယ်သူလဲ.ကိုဖိုးတုတ်”


အကိုပြောရင်..မြ အံသြမှာလား”


အောင်မယ်..ဘယ်သူများမို့လဲ ဆရာကြီးရဲ့”


အခု ဆာဂျေအေမောင်ကြီးအစိုးရရဲ့ ပြည်ထဲရေးအတွင်းဝန်လေ..မစ္စတာတီကူးပါးတဲ့”


ဟယ်..တော်..ဟုတ်လို့လားရှင်..”


………………………………………………………………………………………..

ချိုင်းနားစတင်း ဟိုတယ်၏ အပေါ်ထပ်တစ်ခုလုံး ရယ်မောအောင်ပွဲခံသံများဖြင့် ဆူညံနေ၏။


စံဘက ကောင်မလေးနှစ်ယောက်နှင့် ကွေးနေအောင်ကသည်။ အုန်းဖေ၊ ငညွန့် တို့က ဝီစကီတစ်လုံးကို ဘယ်သူအရင်ကုန်ကြေး လောင်းကြေးထပ်သောက်နေကြသည်။


ဟိုတယ်ဝရံတာတွင်မူ လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီက ဝီစကီတစ်ယောက် တစ်ခွက်ဆီ ကိုင်လျက်။

ဖိုးတုတ်..ငါ မင်းကို ဝန်ခံပါရစေကွာ။ ဒီနေ့လည် ဂေါ်ရာစစ်ပုလိပ်ကားတွေ စတန်းလမ်းကနေ ဒီဘက်ကွေ့ဝင်လာတော့ ငါ ဘာဖြစ်မှန်းမသိခဲ့ဘူး။ နောက်တော့မှ ပုဏ္ဍားဘထွန်းအဖွဲ့တွေကို သွားတားတဲ့ သတင်းကြားရတာ…ငါ မင်းအကြံမှန်းရိပ်မိပါတယ်..တဆက်တည်းငါသိလိုက်ရတာ..မင်းမှာ ငါတို့နဲ့ မတူကွဲပြားတဲ့ အကြံဉာဏ်တွေ၊ ကစားကွက်တွေ ရှိနေတာပဲကွ..ဒါတွေ ငါလိုက်လို့ မမှီပါဘူး..မင်း ကို ဆရာဖိုးတုတ်လို့တောင် ခေါ်ချင်ပါတယ်ကွာ..ဟားဟား”


ဟားဟား ဂန္ဓမာကြီးရာ..မင်းငါ့ကို ဆရာဖိုးတုတ်ခေါ်တဲ့နေ့ မင်းစောက်ခွက်ကို ငါထိုးတဲ့နေ့ပဲဟေ့..သူငယ်ချင်းရ..ဒီမှာ မင်းသိအောင် ငါပြောဦးမယ်..အခု ငါတို့ ပျော်နေပါးနေ သောက်နေ စားနေတဲ့အချိန်မှာ နေ့လည်က ပုဏ္ဍားဘထွန်းနဲ့အတူ ချီတက်ခဲ့တဲ့ ကောင်တွေအကုန်လုံးကို ရန်ကုန်ပုလိပ်အဖွဲ့ က လက်နက်ပုဒ်မ နဲ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ဖမ်းနေပြီကွ..အဲ့ဒါက ပိုပျော်ဖို့ကောင်းမယ် ထင်တယ်ဟေ့”


ဟာ..ဖိုးတုတ်..ဟုတ်လှချည်လားကွ”


သူငယ်ချင်းရာ..နေ့လည်ကသာ မင်းတို့ကို ငါခွင့်ပြုလိုက်ရင်..သူသေကိုယ်သေ အကုန်သေကုန်မယ်..ငါချစ်တဲ့ မင်းတို့၊ ငညွန့်တို့၊ စံဘတို့၊ အုန်းဖေတို့ အားလုံးအကုန်လုံး ငါ့လူတွေ သေမယ့်အလုပ်ကို ရှောင်ပြီး ပုဏ္ဍားကို ငါနိုင်တဲ့ နည်းရှိတာပဲကွ..အဲ့ဒီနည်းကိုပဲ ငါသုံးမှပေါ့..မင်းတို့ကို ငါအဆုံးအရှုံးမှ မခံနိုင်တာကွာ..ငါ့ရဲဘော်တွေ..ငါ့အတွက်ရှိပေးရဦးမှာ..ဟားဟား”


အေးပါ..ဖိုးတုတ်ရာ..ငါ့ကောင်က မတ်စတီးခန်း လို ဖြစ်လာနေပြီပဲ…”


ဖိုးတုတ်က ဖိုးတုတ်ပါပဲ..ယောက်ဖရာ..ကဲ..ငါ စောစောပြန်မယ်..ဒီကောင်တွေ ကို မင်းဆက်ထိန်းထားလိုက်ကွာ..ငါ့မှာ မနက်အလုပ်ရှိသေးလို့..စောစောပြန်မယ်ကွာ”

ထိုညက လမ်းမတော်ဖိုးတုတ်သည် ည ဆယ်နာရီတွင် အိမ်သို့ ပြန်သွားလေသည်။


လမ်းမတော်ဖိုးတုတ်၏ တပည့်များကား ည ၁ နာရီကျော်သည်အထိ အောင်ပွဲခံနေဆဲ။


………………………………………………………………………………

လမ်းမတော်၏ နံနက်ခင်းသည် ပုံမှန်အတိုင်း နိုးထလာကြသည်။


ယမန်နေ့က ပုဏ္ဍားဘထွန်းနှင့် လမ်းမတော်ဖိုးတုတ် ဂိုဏ်းသားများအကြား သွေးချောင်းစီး စစ်ပွဲဖြစ်မည်ဟူသော သတင်းစကားကား တမုဟုတ်ချင်း လွင့်ပါးသွားခဲ့လေပြီ။


လမ်းမတော်ဖိုးတုတ်၏ တပည့်ကျော်များသည်လည်း တစ်ညလုံး အောင်ပွဲခံအပျော်ကျူးခဲ့သည့် အရှိန်ဖြင့် အိပ်မောကျလျက်။


နံနက်ရှစ်နာရီခွဲတွင် ဂန္ဓမာသောင်းရီနေထိုင်ရာ စဉ်းအိုးတန်းလမ်းထဲသို့ လမ်းမတော်ဖိုးတုတ်၏ ညီ ဘသိန်း မော်တော်ကားဖြင့် ရောက်လာသည်။

ကားက ဂန္ဓမာသောင်းရီ၏ အိမ်ရှေ့တွင် ရပ်လိုက်၏။


ကိုဂန္ဓမာ..ကိုဂန္ဓမာ”


ဂန္ဓမာက ဆတ်ခနဲ အိပ်ရာမှ ထလိုက်သည်။

ထို့နောက် အောက်ထပ်သို့ ဆင်းပြီး တံခါးကို ဖွင့်ပေးလိုက်၏။


ဘသိန်း..ဘာကိစ္စလဲကွ..စောစောစီးစီး””


ဟေ့လူ…စောစောစီးစီးမလုပ်နဲ့..ကိုကြီးဖိုးတုတ်..ကိုကြီးဖိုးတုတ်..အခုပဲ”


ဘာလဲ..ဘသိန်းရ..ဖိုးတုတ်..ဘာဖြစ်တာလဲ””


ခုနကပဲ သူ့ငှက်ကြီးတောင်ဓါးကြီးဆွဲပြီး တစ်ယောက်တည်းထွက်သွားတယ်ဗျ”


ဟင်…ဘယ်ကိုလဲ..ဘယ်သွားတာလဲ’’


ပုဏ္ဍားဘထွန်း အိမ်ကိုတဲ့ဗျ”


ဘာ”


ဂန္ဓမာသောင်းရီက အိမ်ရှေ့ထောင့်တွင် အသင့်ထောင်ထားသော ရဲဒင်းကို ကိုင်ကာ အပြင်ထွက်လာသည်။


ဘသိန်း..ဟေ့ကောင်..ကားပေါ်တက်..အမြန်မောင်းစမ်းကွာ”





အခန်း(၁၀)


……………


ပုဏ္ဍားဘထွန်းသည် သူ့အိမ်ရှေ့တွင် ငှက်ကြီးဓါးကို ကိုင်လျက် သူ့ကို စိန်ခေါ်နေသော လမ်းမတော်ဖိုးတုတ် ကို အံသြတကြီးကြည့်ကာ မှင်သက်နေသည်။


ပုဏ္ဍားဘထွန်း..မနေ့က ခင်ဗျားက ကျုပ်ကို သတ်ဖို့ဆို...အခု ခင်ဗျားအိမ်ရှေ့ ရောက်နေပြီလေဗျာ.. လာ ဆင်းခဲ့လေ..ယောက်ျားဆို တစ်ယောက်ချင်း ဓါးချင်းယှဉ်ခုတ်ကြမယ်..ဆင်းခဲ့လေ”


လွန်ခဲ့သည် နှစ်များကဆိုလျှင် ယခုလိုအခြေအနေမျိုးတွင် လူမိုက်ကြီးပုဏ္ဍားဘထွန်း သည် ဓါးကောက်ကို ဆွဲလျက် ဆင်းခုတ်ပြီးသားပင်။


ယခုတော့ ပုဏ္ဍားဘထွန်း သည် စိတ်ဓာတ်ရေးရာအရ ချွတ်ခြုံကျနေသည်။


သူ့ သူ့အချစ်ဆုံး မွေးစားသား အာဠာဝကစိန်ကြီးကို လွန်ခဲ့သော ရက်က ဆုံးရှုံးခဲ့ရသည်။


အာဠာဝကသည် သူ့လက်ရုံး။ သူအားကိုးအားထားပြုရာ။ ပုဏ္ဍားဘထွန်းတည်းဟူသော လူမိုက်ဂုဏ် ကို တည်မြဲစေခဲ့သည့် ဒေါက်တိုင်။


အခုတော့ စိန်ကြီးလည်း မရှိတော့။


တက်လူဖြစ်သော ဖိုးတုတ်ကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်သည်ထားဦး။ ဇရာကလည်း စကားပြောလေပြီ။ ကံကြမ္မာကသူ့ဘက်တွင် မရေရာ။


မနေ့ကတော့ သူ့ကျန်ရှိသမျှအင်အားနှင့် လမ်းမတော်ဖိုးတုတ်ကို သူသေကိုယ်သေတိုက်ရန် ကြိုးစားခဲ့သည်။


သို့သော်..မည်သည့်အချိန်က သတင်းရသွားသည် မသိသော စစ်ပုလိပ်တပ်များနှင့်သာ သူရင်ဆိုင်ခဲ့ရသည်။


ညနေပိုင်းတွင် သူ့တပည့်လူမိုက်များကို ပုလိပ်အဖွဲ့မှ လက်နက်ကိုင်ဆောင်မှု၊ လူစုလူဝေးမှုများဖြင့် တစ်ယောက်ပြီးတစ်ယောက် လာဖမ်းသွားခဲ့၏။


ထိုကိစ္စသည် လမ်းမတော်ဖိုးတုတ် ၏ စနက်မှန်း သူရိပ်မိသည်။ မြွေမြွေချင်း ခြေမြင်သည်။


လမ်းမတော်ဖိုးတုတ် တွင် သူခန့်မှန်းမရသော နောက်ခံအင်အား တစ်ခုရှိနေပြီဆိုသည်ကတော့ အသေအချာ။


ပုဏ္ဍားဘထွန်းသည် အိမ်ပြတင်းပေါက်တံခါးကို အသာဟကာ သူ့အိမ်ရှေ့တွင် စိန်ခေါ်နေသော လမ်းမတော်ဖိုးတုတ်ကို ချောင်းကြည့်သည်။


ထို့နောက် သက်ပြင်းချကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။


လူမိုက်အများက ဆရာကြီးဟုပင် နာမည်တပ်ခေါ်ရသော လူမိုက်ကြီး ပုဏ္ဍားဘထွန်း အစွယ်ကျိုးချေပြီ။


ကဲ..ပုဏ္ဍားဘထွန်း..ခင်ဗျား ကို ကျုပ် ယောက်ျားချင်း ယှဉ်ဖို့ လာစိန်ခေါ်တယ်။ ခင်ဗျား အိမ်ထဲမှာ ရှိလျက်နဲ့ မထွက်လာဘူးနော်။ ဟုတ်ပြီ။ ဒီနေ့ကစပြီး ခင်ဗျားအတွက် လမ်းမတော်မှာ ဘာမှ မရှိတော့ဘူး။ ခင်ဗျားက ဆန်တောင်းတဲ့ ပုဏ္ဍားဖြစ်သွားပြီ..လူမိုက်ပုဏ္ဍားမဟုတ်တော့ဘူး..ဟုတ်ပြီလား”


လမ်းမတော်ဖိုးတုတ်က ဓါးကို ကိုင်လျက် လှည့်ပြန်သွား၏။


လမ်းထိပ်ရောက်သောအခါ ဘသိန်းနှင့် ဂန္ဓမာတို့ မောင်းလာသော မော်တော်ကားနှင့် တိုးလေသည်။


ဂန္ဓမာက ကားပေါ်မှ ဆင်းလာပြီး


ဖိုးတုတ်..မင်းကွာ…မပြောမဆိုနဲ့..တစ်ယောက်တည်း သွားရလား..အကုန်သေကုန်မှဖြင့်”


လမ်းမတော်ဖိုးတုတ်က ရယ်လိုက်သည်။


တမင် တစ်ယောက်တည်းလာချင်လို့ မင်းတို့ကောင်တွေကို ညက အမူးသောက်ခိုင်းတာပေါ့ကွ။ အခုလည်း ပုဏ္ဍား ငါ့ကို ထွက်ပြီး ရင်မဆိုင်ရဲပါဘူးကွာ။ အစွယ်ကျိုးပါပြီ။ လမ်းမတော်တစ်ခုလုံးကို သူ့လက်ထဲ့ ငါ အခုပဲ ယူခဲ့ပြီ”


ကဲ..ဒါဆိုလည်း ကားပေါ်တက်ကွာ..ဓါးရှည်ကြီး တကားကားနဲ့ လူမြင်မကောင်းပါဘူး.လာလာ”


လမ်းမတော်ဖိုးတုတ်က ကားပေါ်တက်လိုက်သည်။


ငါက မင်း ပုဏ္ဍားကို အိမ်ပေါ်အထိ တက်ခုတ်မယ်ထင်တာကွ”


မလိုတော့ပါဘူး..ဂန္ဓမာရာ..ငါ ညက ဟိုကောင် တလိုင်းလေးကို သေချာစစ်ပြီးပြီ။ တကယ်တော့ ငါ့ဦးလေး ဦးဘိုးသင် ကို ပုဏ္ဍားဘထွန်းက သတ်ခိုင်းတာမဟုတ်ဘူးကွ။ ငါနဲ့ ပုဏ္ဍားဘထွန်းကြား ပြသနာဖြစ်အောင် တလိုင်းလေးကျော်သင်းက ကြားကနေ ခလောက်ဆန်ခဲ့တာ။ ဒီကောင်က အရက်ထွက်သောက်နေချိန် ငါ့ဦးလေး က ဘိလပ်ရည်ထွက်ဝယ်ချိန် သွားတိုးတော့..သူ့စိတ်ထဲ ရုတ်တရက်ဒီအကြံပေါ်လာပြီး လုပ်လိုက်တာတဲ့။ ငါလည်း အစကတည်းက စဉ်းစားမိတယ်။ ပုဏ္ဍားဘထွန်းက လုပ်ခြင်း လုပ် ငါ့ပဲ လုပ်မှာပေါ့။ ဘာကိစ္စ ငါ့ဦးလေးသွားသတ်မလဲဆိုတာ”


တလိုင်းလေးကျော်သင်း.တော်တော်ရှုပ်တဲ့ကောင်ပဲကွာ..အေး ဒီလိုကောင်မျိုး မင်းသတ်လိုက်တာပဲ နားအေးပါတယ်..ဒါနဲ့ အခု ပုဏ္ဍားကြီး ကိစ္စကရော..ဘယ်လိုဖြစ်သွားပြီလဲ”


ဂန္ဓမာရာ..ပုဏ္ဍားဘထွန်း မှာက သူ့အားကိုးရာ အာဠာဝလည်း သေပြီ။ မနေ့က သူ့သားအလောင်းထမ်းပြီး ချီတက်ကြတာဟာ သူ့ရဲ့ နောက်ဆုံးကျည်ဆံပဲ၊ ရှိသမျှအင်အားစုပြီး ငါ့ကို မီးကုန်ယမ်းကုန် တိုက်ဖို့လာတာ။ ဒါပေမယ့်.သူ့ခမြာ.စစ်ပုလိပ်တပ်နဲ့ပဲ တိုးသွားတယ်။ သူ့တပည့်တွေလည်း ညက တညလုံး ပုလိပ်က လိုက်ဖမ်းတာခံရတယ်။ အဲ့ဒီလို အချိန်မှာ သူ့စိတ်ဓာတ်က အနိမ့်ဆုံးအခြေအနေဖြစ်နေတာ။ ငါ သွားစိန်ခေါ်တော့ သူဘယ်ဆင်းလာ ရဲပါ့မလဲ။ လူတစ်ယောက်ကို အနိုင်ယူတဲ့အခါ စိတ်ဓာတ်အင်းအားအနိမ့်ပါးဆုံးအချိန်က အကောင်းဆုံးပဲလို့ ဦးလေးဘိုးသင် က ငါ့ကို ပြောဖူးတယ်။ ကဲ..ငါတို့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်..ဂန္ဓမာ..ပုဏ္ဍားဘထွန်းဆိုတာ ဒီနယ်မြေမှာ ထပ်ပေါ်မလာတော့ဘူးသာ မှတ်လိုက်တော့ကွာ”


ထိုနေ့မှစတင်ပြီး ပုဏ္ဍားဘထွန်းတည်းဟူသော လူမိုက်ကြီး သည် လမ်းမတော်နယ်မြေမှ တိမ်မြုပ်ပျောက်ကွယ် သွားလေတော့သည်။


ပုဏ္ဍားဘထွန်း၏ လူဖြစ်ခဲ့ဖူးသည့် လူမိုက်များသည်လည်း လမ်းမတော်ဖိုးတုတ်အောက်သို့ တဖွဲဖွဲရောက်လာကြ၏။


လမ်းမတော်၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ ကမာရွတ် အစရှိသော ရန်ကုန်အနောက်ပိုင်း တစ်ခုလုံးတွင် လမ်းမတော်ဖိုးတုတ် ကား ရှင်ဘုရင်ဖြစ်ခဲ့ပြီ။


……………………………………………..


လမ်းမတော်ဖိုးတုတ်၏ နယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ ဝင်ငွေကလည်း ကောင်းလာခဲ့သည်။


ရွှေဒင်္ဂါးတစ်ပြား ဆယ့်ခြောက်ကျပ်ခေတ်တွင် ဖိုးတုတ်အဖွဲ့၏ တစ်လဝင်ငွေက သုံးထောင်အထိ ဖြစ်လာခဲ့သည်။


ဖယ်မလီယာမော်တော်ကားနှစ်စင်း နှင့် မော်တော်တစ်စင်း ဝယ်လာနိုင်သည်။


ရွှေဂုံတိုင်ရှိ မွန်ဘုန်းကြီးကျောင်းတစ်ခုတွင် ဦးဖိုးတုတ် ၊ ဒေါ်သင်းမြ တို့ က ရေတွင်းတစ်တွင်းလှူခဲ့သည်။


မကောင်းမှုဖြင့် ကျော်ဇောလာသော ဂုဏ်သတင်းကို ဘာသာရေးတည်းဟူသော ရွှေဆေးသုတ်ကာ ဖုံးကွယ်ရန် ဖိုးတုတ် ကြိုးစားခဲ့သည်။


သို့သော်ငြားလည်း…။


…………………………………….


၁၉၃၀ ၊ သြဂုတ်လ ၈ ရက်။ ဝါခေါင်လပြည့်နေ့။


ရန်ကုန်မိုးက တစိမ့်စိမ့်ရွာနေ၏။


မတ်စတီးခန်း သည် သူလှူဒါန်းတည်ဆောက်ထားသည့် ဗလီကြီးတွင် ဝတ်ပြုပြီးနောက် အခြံအရံများနှင့်အတူ ပြန်ထွက်လာသည်။


မိုးတွင်းကာလဖြစ်သဖြင့် ဒေါက်ကပ်ရထားကြီးကို မစီးပဲ အကောင်းဆုံးဖယ်မလီယာကားကြီးဖြင့် ဗလီသို့ ဝတ်လာပြုခြင်းဖြစ်သည်။


မတ်စတီးခန်း ၏ ကားနောက်တွင် နောက်ထပ် ကားတစ်စီး ထပ်ရပ်လာ၏။


ကားပေါ်မှ ဆင်းလာသူမှာ မစ္စတာမန်မဆာ။


မတ်စတီးခန်း ကားပေါ်သို့ တက်လိုက်ပြီးနောက်…မန်မဆာ ကလည်း ကားပေါ်လိုက်တက်လိုက်၏။


ဆလံမာလေးကွန်း..အဘိုင်”


မန်မဆာက မတ်စတီးခန်းကို ဆလံပေးလိုက်သည်။ မတ်စတီးခန်းက ဆလံပြန်ပေးလိုက်ပြီးနောက်


အနောက်ပိုင်းသားတွေကိစ္စ..ဘာထူးပြန်ပြီလဲ..မန်မဆင်”


လွန်ခဲ့တဲ့နှစ်ရက်က ဘားလမ်းက စိန်ဘာဘူတိုက်ကို အနုကြမ်းစီးသွားတဲ့ကောင်တွေကို သိရပြီ..အဘိုင်..ဖိုးတုတ်တပည့် အုန်းဖေ တို့အဖွဲ့ပဲ”


ဒီကောင်လေးတွေ..ငါ့အပိုင်အထိ ကျော်လာကြပြီပဲ..”


အဲ့ဒီအနောက်ပိုင်းသားတွေ ကိစ္စထက် ပိုအရေးကြီးတဲ့ သတင်းရှိတယ်..အဘိုင်’’


ဘာများလဲ”


ငမိုး တကျွန်းကနေ ပြန်လွတ်လာပြီအဘိုင်..ဗိုလ်တစ်ထောင်ငမိုး ပြန်လွတ်လာပြီ”


မတ်စတီးခန်း က သူ့ခေါင်းပေါ်မှ ရွှေဦးထုတ်ကြီးကို ချွတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။


ဟာ..ဒီကောင်ကြီးက တစ်ကျွန်းမှာ မဟုတ်လား.. ပြန်လွတ်လာတာကလည်း စောလှချည်လား”


ဆယ်နှစ်ရှိပြီလေ.အဘိုင်…ဆယ်နှစ်ရှိပြီ…ဘယ်ကနေ ဘာ့ကြောင့် ပြန်လွတ်လာလဲတော့ မသိဘူး.. အခု ဘရွတ်ကင်းလမ်းက သူ့အိမ်မှာ ပြန်ရောက်နေပြီ..တချို့ အရှေ့ပိုင်းဗမာလူမိုက်တွေကလည်း သူ့ဆီ သွားပြီး တပည့်ခံကုန်ကြတယ်”


မတ်စတီးခန်းက မန်မဆာ စကားကို နားထောင်ကာ ခေါင်းငြိမ့်လိုက်သည်။


ဒီအချိန်မှာ ငါတို့ ပိုပြီး ကျောချင်းကပ်ထားဖို့ လိုပြီ မန်မဆာ…ဖိုးတုတ် ကလည်း အနှေးနဲ့အမြန် ငါတို့ နယ်မြေ ကို မျက်စောင်းထိုးလာမှာပဲ…အခု ငမိုးကလည်း လွတ်လာပြီဆိုတော့…ဟူး”


ဒါပေမယ့်..ငမိုး က ဖိုးတုတ်လို့ မဟုတ်ဘူး..အဘိုင်။ အခု သူ့ဆီလာပြီး နယ်မြေအပ်ကြတဲ့ တချို့ လူမိုက်တွေကိုလည်း သူက ငြင်းလွှတ်နေတယ်ပြောတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ သူ့ကို စည်းရုံးထားနိုင်ရင်တော့ ဖိုးတုတ်ရန်ကနေ ကာကွယ်နိုင်မယ်ထင်တယ်”


ငမိုး အကြောင်း မင်းဘယ်လောက်သိလဲ..မန်မဆာ။ ဒီကောင့်ဆရာ ဦးတင် နဲ့ ငါ ကောင်းကောင်းသိတယ်။ ဦးတင် အတွက်ပဲ ဒီကောင် လူသတ်ပြီး တကျွန်းကျသွားတာ။ ဦးတင် သူ့အပေါ် လူလည်ကျသွားတာတွေကို ဒီကောင် တကျွန်းအမိန့်မကျခင်ကတည်းက ကောင်းကောင်းခံစားသွားရတယ်။ သူ့ကို ငွေနဲ့ ပေါက်စည်းရုံး ဖို့ကတော့ မလွယ်ဘူးထင်တယ်”


ဘာပဲဖြစ်ဖြစ် သူ့အရှိန်ကတော့ ရန်ကုန် အရှေ့ပိုင်းမှာ အခုထိ ကျန်နေသေးတာပဲ..သူ့ကို မဟာမိတ် လုပ်ထားတာ အကောင်းဆံးုပဲ ထင်တယ်”


မန်မဆာ..မင်း ကြိုးစားကြည့်ချင်သပဆိုလည်း လုပ်ကြည့်လေ..ဒါပေမယ့် ငမိုးဟာ မင်းတို့၊ ငါတို့ ၊ ဖိုးတုတ်တို့လို စီးပွားဖြစ်လူမိုက်မျိုးမဟုတ်ဘူးကွ။ ဒီကောင်က သူငွေလိုရင်တောင် တခြားက အနိုင်ကျင့် မရှာဘူး။ ပွဲခင်းထဲ ပုလိပ် အရေးပိုင်ဆီက ဓါးထောက်ပြီး ငွေတစ်ဆယ် တောင်းတဲ့ကောင်မျိုး။ သူ ယုံမိပြီဆိုလည်း ခိုင်းတာအကုန်လုပ်တယ်။ မယုံဘူးဆိုလည်း သူ့ကို ဘယ်လို ကပ်ကပ်ရမရတဲ့ကောင်ကွ”


ဘာပဲဖြစ်ဖြစ်မှာ အဘိုင်..ကျွန်တော်ကတော့ သူ့ဆီ ချဉ်းကပ်ကြည့်ရမှာပဲ…အခုဆို အနောက်ပိုင်းက ကောင်တွေ သြဇာက ကျွန်တော်တို့ နယ်မြေထဲအထိ လွှမ်းမိုးလာနေပြီ။ ဟိုနေ့က ဘားလမ်း ကိစ္စ ကိုပဲ ကြည့်။ ဒီကောင်တွေ မထိခလုတ်၊ ထိခလုတ်လာလုပ်သွားတာ”


မင်း စည်းရုံးလို့ ရရင် ကောင်းတာပေါ့ကွာ.အဘိုင်လေး..ငါကတော့ ပုဏ္ဍားဘထွန်းကြီး ဖြစ်ကို ကြည့်ပြီး ကတည်းက ဒီလောက ကနေ တဖြည်းဖြည်း စွန့်ခွာဖို့ စဉ်းစားထားပြီ။ ဂုဏ်သိက္ခာရှိရှိပဲ ဒီလောကက အနားယူချင်တယ်..အဘိုင်လေးရေ..ဒီဒွန္ဒယာကြီးမှာ တချို့ ကိစ္စတွေက အလ္လာ့အလိုတော်ကို လွန်ဆန်လို့မရဘူး။ ဖြစ်ကို ဖြစ်လာရမယ့်ကိစ္စတွေပဲ”


မစ္စတာမန်မဆာက မတ်စတီးခန်းကို ကြည့်ပြီး ခေါင်းခါလိုက်သည်။


ကျွန်တော်က အဘိုင့်ဆီက အကြံဉာဏ်တစ်ခုခု ရလို ရငြား လာတာပါ။ အခုတော့ အဘိုင်က မော်လဝီတရား ပဲ ဟောနေတော့…ကျွန်တော် ပြန်တော့မယ်..အဘိုင်”


မန်မဆာက လေသံမာမာဖြင့် ပြောကာ မော်တော်ကားတံခါးကို ဖွင့်ရန်ပြင်လိုက်သည်။


မတ်စတီးခန်း က မန်မဆာ၏ ပုခုံးကို ကိုင်လိုက်ပြီး


မန်မဆာ..မင်းက ငါ့ညီပါ။ မင်းကို ငါ့ညီအကိုလိုပဲ သဘောထားပါတယ်။ အဲ့ဒါကြောင့် ငါမင်းကို တစ်ခု တော့ပြောလိုက်မယ်။ တချိန်က ငါဘုန်းမီးနေလတောက်ခဲ့တာမှန်တယ်။ ငါ နဲ့ ပုလိပ်မင်းကြီး ရှန်တဲဝပ် ကြား အပေးအယူတွေ အများကြီးရှိခဲ့တယ်။ ရန်ကုန်ကို ဟော့ဒီလို လက်ကလေးထဲထည့် ငါကစားနိုင်ခဲ့တယ်။ မင်းနဲ့အတူလက်တွဲပြီး မန်ရှီဒီးတွေကို ချေမှုန်းနိုင်ခဲ့တယ်။ အခု..ဖိုးတုတ် ဟာ ငါ့ထက် သာတဲ့ နိုင်ငံရေးနောက်ခံ တစ်ခုကို ရသွားခဲ့ပြီလို့ ငါခန့်မှန်းလို့ရနေပြီ။ ရန်ကုန်ရဲ့ ဘုရင်ဟာ မတ်စတီးခန်း ပြီးရင် ဖိုးတုတ်ဖြစ်လာဖို့ အခြေအနေတွေ ဖြစ်လာပြီကွ။ ငါ ပုဏ္ဍားဘထွန်းလို ဖိုးတုတ်အိမ်ရှေ့ရောက်လာမှ အရှက်ကွဲမခံနိုင်ဘူး။ လမ်းမတော်ဖိုးတုတ် ငါအိမ်ရှေ့ရောက်မလာခင် ဟော့ဒီ သရဖူလို ရွှေရောင်ဦးထုတ်ကြီးဆောင်းပြီး..ငါ ဒီလောကကနေ သိက္ခာရှိရှိ အနားယူလိုက်ချင်တယ်..မင်းတို့လည်း အခြေအနေကို လက်ခံသင့်ပြီ…မန်မဆာ။ ဒီမြေဟာ ငါတို့ မြေ မဟုတ်ဘူး။ ငါတို့ အားသာနေလည်း ခဏပဲကွ။ မင်း ဒါကို ခေါင်းထဲ အမြဲထည့်ထား..မန်မဆာ။ တခါတလေ နောက်ဆုတ်ပေးလိုက်တယ်ဆိုတာ အရှုံးပေးတာ မဟုတ်ဘူးကွ။ အနိုင်ပိုင်းပြီး ထွက်သွားပေးလိုက်တာ…အဲ့ဒါလေး မှတ်သွားပါ..ငါ့ညီ..အလ္လာအရှင်မြတ် စောင့်ရှောက်ပါစေ”


………………………….. ………………………… …………………………….


ဦးဘဘေ၊ ဦးပု ၊ ဦးထွန်းရှိန် တို့ မြန်မာနိုင်ငံမှ ဘိလပ်သို့ ထွက်ခွာသွားပြီး နှစ်လအကြာ ၁၉၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် ၊ ကြာသပတေးနေ့ ည ၉ နာရီအချိန်တွင် မြန်မာ့အလင်းသတင်းစာ၏ တာဝန်ခံ အယ်ဒီတာ ဆရာသင် သည် ရန်ကုန်ဘူတာကြီးနာရီစင်ရှေ့တွင် လူတစ်ဦး၏ ဓါးဖြင့် ထိုးသတ်ခြင်းကို ခံခဲ့ရလေသည်။


ထိုသတင်းကား မြန်မာပြည်အနှံ့ သတင်းစာများ၏ ခေါင်းကြီးဖြစ်သွားသလို.. အရပ်သတင်းစကားများတွင်လည်း ဟိုးဟိုးကျော်သွားပေသည်။


ထိုသို့ ဟိုးဟိုးကျော်သွားရခြင်း၏ အကြောင်းအရင်းတစ်ရပ်မှာကား အယ်ဒီတာဆရာသင် ကို သတ်သူသည် နာမည်ကျော် ဝရမ်းပြေးလူမိုက် ဗိုလ်တစ်ထောင်ငမိုး ဖြစ်နေခြင်း လည်း ပါဝင်နေပေသည်။


ဗိုလ်တစ်ထောင်ငမိုးသည် အသက်ငယ်ငယ်ဖြင့် နာမည်ကျော် လူမိုက်ဖြစ်လာခဲ့သူူဖြစ်သည်။


ငမိုး၏ လူမိုက်နိဒါန်းက ဖိုးတုတ်တို့ နှင့် မတူ။


ငမိုးသည် ထင်ရာစွတ်လုပ်တတ်သော စိတ်နှင့် လက်ရဲဇက်ရဲသတ္တိတို့ ပေါင်းစပ်ထားသော မွေးရာပါညဉ်ကြောင့် လူမိုက်ဖြစ်လာသူပင်။


ဗိုလ်တစ်ထောင်ငမိုးသည် လမ်းမတော်ဖိုးတုတ် ထက် ()နှစ် အသက်ကြီးသည်။


ဗိုလ်တစ်ထောင်ငမိုး ဟူသည့် ဝရမ်းပြေးလူမိုက်ကြီးဘဝဖြင့် ငမိုး နာမည်ကြီးချိန်တွင် အသက် (၁၉)နှစ်အရွယ် ဖိုးတုတ်မှာ ခြင်္သေလိုင်းစပယ်ယာဘဝတွင်ပင် ရှိသေး၏။


၁၉၁၉ ဆရာသင်သတ်မှုဖြင့် ဗိုလ်တစ်ထောင်ငမိုး တစ်ကျွန်းကျချိန်တွင်မူ လမ်းမတော်ဖိုးတုတ်မှာ အငြိမ့်ထောင်ကား မောင်းသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိသေးသည်။


ဗိုလ်တစ်ထောင်ငမိုး ကား စနေသား။ ဘယ်သန်။


လူကောင်သေးသေး။ အသားလတ်လတ်။ အရပ်ခပ်ပြတ်ပြတ်။


ရုပ်ရည်က ကြည်လင်သန့်ပြန်သည်။ ရုပ်ရည်မြင်ရုံဖြင့် ပညာတတ်လူရည်မွန်ကလေးဟု ထင်ကြသည့် ဥပဓိပိုင်ရှင်။


ထူးခြားသည်ကား ဗိုလ်တစ်ထောင်ငမိုး ဟူသော အမည်သည် လမ်းမတော်ဖိုးတုတ်တို့ကဲ့သို့ အရွယ်ရောက်မှ တွဲစပ်ခေါ်သည့်နာမည်မျိုးမဟုတ်။


ဗိုလ်တစ်ထောင်ဘုရားပွဲတွင် ငမိုးရိပ်ရုပ်သေးပွဲကြည့်နေစဉ် ဗိုက်နာလာပြီး မွေးဖွားခဲ့သဖြင့် ဖခင် ကိုဖိုးခင် နှင့်မိခင် မဗုံဗုံ တို့မှ ဗိုလ်တစ်ထောင်ငမိုး ဟု ဇာတာထဲတွင် ထည့်မှည့်ခဲ့သည့် ခပ်ဆန်းဆန်းနာမည်ပင်ဖြစ်လေသည်။


ဗိုလ်တစ်ထောင်ငမိုးသည် နာမည်ဆန်းသလို လူကလည်း ဆန်းဖို့ ဖြစ်လာခဲ့၏။


ငမိုး ကား အသက် (၁၁)နှစ်သားကတည်းက ရန်ကောင်းကောင်းဖြစ်တတ်နေခဲ့ပြီ။


ဆိုင်ဆိုင်မဆိုင်ဆိုင် မျက်စိရှေ့ မတရားဘူးထင်လျှင် ဝင်ပါတတ်သည်။ သူခံခဲ့ရသည်များရှိသလို သူက စော်ခဲ့သည်လည်းမနည်း။


ငမိုး တွင် မိုက်ကြေးခွဲလိုသည့် စိတ်လည်းမရှိ။ မိုက်ဂုဏ်ပြပြီး ငွေရှာသည်ဆိုတာမျိုးလည်း မရှိခဲ့။


သူကိုယ်တိုင်လည်း လူမိုက်လုပ်မည်ဟူသော ရည်ရွယ်ချက်မျိုးမရှိဘဲ..အသက်ငယ်ငယ်ဖြင့် နာမည်ကျော် ဝရမ်းပြေးလူမိုက်ကြီးဖြစ်ခဲ့ရသည်။


လူငယ်သဘာ၀ အချစ်ကိစ္စဖြင့် တဇွတ်ထိုး တဇောက်ကန်း လုပ်မိလုပ်ရာလုပ်ခဲ့ရာမှ လူမိုက်ကြီးအဖြစ် လူအများက တံဆိပ်ကပ်ခြင်ကို ခံခဲ့ရခြင်းပင်။


မောင်မိုး၏ မိခင် ဒေါ်ဗုံဗုံ သည် ဘရွတ်ကင်းဈေးထဲတွင် ငါးခြောက်နှင့် ပုဇွန်ခြောက်မျိုးစုံဆိုင်ဖွင့်ထားသည်။


မောင်မိုး သည် မိခင်ဖြစ်သူ၏ ဆိုင်သို့ လာတိုင်း မမြသစ်တို့ ဆိုင်ရှေ့က ဖြတ်ရ၏။


မမြသစ် နှင့် သူ့အဒေါ်က ဆန်တန်းတွင် ဆန်ဆိုင်လေးဖွင့်ထားသည်။


လူပျိုပေါက်မောင်မိုး သည် မမြသစ်ကို ကြွေနေပြီဖြစ်၏။


အလိန်..ငါတော့ မြသစ်ကို စာပေးချင်တယ်ကွာ”


မောင်မိုးက သူငယ်ချင်း အလိန် ကို တိုင်ပင်သည်။ တရုတ်ကလေး အလိန် ကား မောင်မိုး ၏ အချစ်ဆုံးသူငယ်ချင်း။ အလိန်၏ မြန်မာနာမည်က ဘဦးဖြစ်သည်။


မောင်မိုး နှင့်အလိန် ကား ပွေးဖော်ပွေးဖက်၊ ဆိုးဖော်ဆိုးဖက်။


မောင်မိုး တို့က ရရစားစားဈေးသည်လူတန်းစားဆိုသော်လည်း အလိန်က ချမ်းသာသည်။


အလိန့်မိဘများမှာ နိုင်ငံခြားသို့ ဆေပြင်းလိမ်များ ပို့သည့် လုပ်ငန်းကို လုပ်ကိုင်သည်။


ဒုတိယကမ္ဘာစစ်မဖြစ်မီကာလက ထိုလုပ်ငန်းသည် ဝင်ငွေအလွန်ကောင်းသော လုပ်ငန်းဖြစ်သည်။ ဆေးပြင်းလိပ် ဆိုသည်ကား ဘိလပ်နှင့် ဥရောပနိုင်ငံများတွင် တော်ရုံလူတန်းစားများ သောက်နိုင်သည် မဟုတ်။


လူကုံတန်များသာ သောက်နိုင်သည့် ပစ္စည်း။


အလိန့်မိဘတွေက ထိုဈေးကွက်ကြီးကြီးကို ရထားကြသူများဖြစ်သည်။


အလိန်က တစ်ဦးတည်းသော သားမို့ အလိန့်ကို သူ့မိဘများက အလိုလိုက်ထားကြသည်။


အဝတ်အစားအလျှံအပယ်၊ မုန့်ဖိုးအလျှံအပယ်နှင့် အလိန်က မောင်မိုးကို အလွန်ခင်သည်။


အလိန့်ကို သူ့မိဘများက တရုတ်ရိုးရာကွန်ဖူးသိုင်းပညာဆရာထံ အပ်နှံပြီး ပညာသင်ပေးသော အခါ မောင်မိုးပါမှ သင်မည်ဆိုသဖြင့် မောင်မိုးပါ သင်ရသည်။ နှစ်ယောက်လုံးက ဓါးသိုင်းတွင် တစ်ဖက်ကမ်း ခတ်အောင် သင်ကြားတတ်မြောက်ကြသည်ဟု လူသိများကြသည်။


အလိန်နှင့် မောင်မိုးမှာ အတွဲလည်းညီလှသည်။


ဓါးသိုင်းလေ့ကျင့်ရာတွင်လည်း နှစ်ယောက်လုံးက တွဲဖက်ညီညီ ပညာခန်းညီကြသည်။


အတတ်ဆန်းပြီး ဟိုတယ်တက်ကာ ဘီယာသောက် မြာပွေ့ဖက်ရာတွင်လည်း တက်ညီလက်ညီလက်တည့်စမ်းသလား။ စမ်းကြ၏။


ဗိုလ်တစ်ထောင်တစ်ခွင် ရန်ပွဲလေးများတွင် လည်း သူတို့နှစ်ယောက်က အတွဲညီညီ လက်သွက်သွက်။


အမှုအခင်းများဖြစ်လာလျှင်လည်း အလိန့်မိဘများက ငွေဖြင့် လမ်းခင်းရှင်းသွားကြသည်။


အလိန့် မောင်မိုးကို အဝတ်အစား ကအစ သူဝတ်သည့်အတိုင်း ဝတ်စေသည်။ ထိုခေတ်က တော်ရုံလူ မပတ်နိုင်သည့် ရိုးကုန်တိုက်မှ ဆယ့်လေးကျပ်တန် အယ်လ်ဂျင်နာရီ ကိုပင် မောင်မိုးအတွက် လက်ဆောင် ဝယ်ပေးသေးသည်။


ဒီတော့ နဂိုကမှ ရုပ်ရည်ကလေးရှိသော မောင်မိုးသည် သူဌေးသားလေးတစ်ယောက်လို တောက်တောက်ပပ ဖြစ်နေလေသည်။


ရှိုးကောင်း၊ ဂိုက်ကောင်းဖြင့် ရုပ်ရည်လေးရှိသော မောင်မိုး ကို အသားဖြူဖြူ၊ သွားတက်ကလေးနှင့် မြန်မာဆန်ဆန်အလှပိုင်ရှင် အပျိုပေါက်မလေး မမြသစ်ကလည်း သဘောကျနေပြီဖြစ်သည်။


ယခု..မမြသစ်ကို စာပေးမည်ဆိုတော့ မောင်အလိန့် က စတန့်ထွင်သည်။


ရိုးတိုက်မှာရောင်းသည့် အကောင်းစားရေမွှေးစက္ကူနှင့် ရေမွှေးဖောင်တိန်ဖြင့် ဝယ်ရေး။ သူ စိုက်ပေးမည်ဟု ဆိုသည်။


ထိုသို့နှင့်…ဆန်တစ်အိတ်စာတန်ဖိုးရှိသော အကောင်းစားဖောင်တိန်၊ စက္ကူတို့ဖြင့် ရေးသားအပ်သည့် မေတ္တာသဝဏ်လွှာသည် မမြသစ် ဆိုင်၏ ဆန်တိုင်ကီထဲသို့ ရောက်သွားလေတော့သတည်း။


မမြသစ် ဆီမှ ပြန်စာရသောနေ့တွင် လင်းစဒေါင်းလမ်းရှိ တရုတ်ဟိုတယ်တွင် မောင်မိုး နှင့် အလိန်တို့ သူငယ်ချင်းတသိုက် တီတံဆိပ်ဘီယာ ငါးကပ် ကုန်သည်အထိ အောင်ပွဲခံခဲ့ကြလေသည်။


နောက်ရက်များတွင် မောင်မိုးသည် သူ့အမေဆိုင်သို့ နေ့တိုင်းသွားပြီး မမြသစ်အား ချောင်းသည်။


မမြသစ်အဒေါ် အိမ်ပြန်ထမင်းစားခြင်း အပြင်ထွက်ခြင်းတို့ ပြုပြီဆိုပါက မောင်မိုးသည် မမြသစ်ဆိုင်သို့ ဝင်တော့သည်။


မမြသစ်နှင့် စကားပြောသည်။ ဈေးထဲ လူရှင်းနေလျှင် မမြသင်း ပါးကို ခိုးနမ်းသည်။


မောင်မိုးနှင့် မမြသစ်မှာ ဆယ်ကျော်သက်တို့ သဘာ၀ မိုးမမြင် လေမမြင် ချစ်ကြသည်။


သို့သော် ကိုးတန်းတက်နေသည့် မောင်မိုးမှာ ကျောင်းချိန်များတွင်လည်း ဈေးထဲသို့ ရောက်နေပြီး မမြသစ် ဆိုင်ကိုသာ ချောင်းနေတော့သည်။


ကြာလာသည့်အခါ မောင်မိုး အမေ ဒေါ်ဗုံဗုံက သူ့သား၏ ပညာရေးကို စိတ်ပူလာ၏။


မမြသစ် အဒေါ်ကို တစ်ဖက်လှည့်နှင့် ပြောသည်။ မမြသစ်အဒေါ်က မမြသစ်ကို ဆူသဖြင့် မမြသစ် က မောင်မိုးနှင့် ပတ်သက်ပြီး ဘရိတ်အုပ်လိုက်သည်။


မောင်မိုး လာလျှင် မမြသစ်က ရှောင်နေသည်။ လက်ခံစကားမပြော။


မောင်မိုးက မမြသစ် နှင့် တည့်ရှင်းချင်သည်။ မမြသစ်က အတွေ့မခံ။


မြသစ်က ငါ့ကို ကစားနေတာ..အလိန်.မိန်းမတွေက ဒီတိုင်းပဲလားကွ”


ဟ ငါက မင်းလို မစွံသေးဘူး..ငမိုးရ…ငါချိန်နေတဲ့ အနွဲ့ ကလည်း ငါ့ တရုတ်ပုတ် ဘာညာဆိုပြီး အော်ထုတ်နေတာပဲခံနေရတယ်။ ဒါတောင် မင်းက ငါ့လာမေးနေတယ်”


ငါ..သူတို့ ဆိုင်ရှေ့သွားပြီး တည့်ပဲ ရှင်းချင်နေပြီကွာ..မနက်ဖြန်တော့ အဖြူအမည်း သဲကွဲအောင် သူ့ဆိုင်ရှေ့ သွားကြမ်းပေးလိုက်မယ်”


ဟာ..ငမိုး..ကြည့်လုပ်ပါဦးကွာ..ဈေးထဲကြီးမှာ”’


ဈေးထဲ မကလို့ ဘာဖြစ်ဖြစ်ကွာ..ဒီကောင်မ..ငါ့ကို ဘာလုပ်တာလဲ..သူပဲ ချစ်ပါတယ်..ကြိုက်ပါတယ်ဆိုလို့လေကွာ..အခုကျမှ ဘာလို့ လေစိမ်းတွေ တိုက်နေတာလဲ”


ငမိုး..စဉ်းစဉ်းစားစား လုပ်ပါကွာ..သူငယ်ချင်း..အေးအေးဆေးဆေးပေါ့”


မောင်မိုး က ဘီယာပုလင်းကို မော့ချပစ်လိုက်သည်။


…………………………


နောက်တစ်ရက်တွင် မောင်မိုးသည် မမြသစ် တို့ ဆန်ဆိုင်ရှေ့သို့ ရောက်သွားသည်။


မြသစ်…ကိုမိုး မြသစ်နဲ့ စကားပြောချင်လို့ပါ..မြသစ် ထွက်ခဲ့ပေးပါ”


ဆန်ဆိုင်ထဲက ဘာသံမှ ထွက်မလာ။


မြသစ်..ငါ ဒေါသမထွက်ချင်ဘူးနော်..မြသစ်..နင်ရှိနေတာ ငါသိတယ်..ထွက်လာခဲ့”


မောင်မိုး အသံက ပိုကျယ်သွား၏။


ထိုအခါ ဆိုင်အတွင်းမှ မမြသစ်၏ အဒေါ်ထွက်လာလေသည်။


ဟဲ့ကောင်လေး..ဆိုင်ရှေ့မှာ ဆူဆူပူပူလာလုပ်မနေနဲ့..မြသစ်က နင်နဲ့ မတွေ့ချင်ဘူး”


ကျုပ် မြသစ် နဲ့တွေ့ဖို့လာတာ။ ခင်ဗျားကြီး စောက်ပူတပြားမှ မပါဘူး။ မြသစ်ကို သာ ခေါ်ပေး”


ဟယ်..လူလေးက လက်တောက်လောက်နဲ့..မိုက်ရိုင်းလိုက်တာ.စောက်ကလေး..မခေါ်ပေးတော့ နင်က ဘာလုပ်ချင်လဲ”


မောင်မိုးက ဆန်ဆိုင်ရှေ့ ဆန်တောင်းထဲတွင် ထည့်ထားသော ဆန်အိတ်ဖောက်သည့် သံပိုက်အချွန်ကို ဆတ်ခနဲ ကောက်ကိုင်ကာ ဆိုင်အတွင်းသို့ ဝင်သွားလေသည်။


လာကြပါဦးရှင်..ဒီမှာ..ကျွန်မတို့ တူဝရီးကို သတ်မလို့တဲ့.လာကြပါဦးရှင်”


ဈေးထဲက လူများ အလန့်တကြားဖြစ်သွားကြသည်။


ဒေါ်ဗုံဗုံ ရောက်လာလေပြီ။


ဟဲ့..သား..မောင်မိုး..မောင်မိုး..အောင်မလေး..မလုပ်ပါနဲ့..မလုပ်ပါနဲ့”


ဒေါ်ဗုံဗုံ က မောင်မိုးကို အတင်းဝင်ဆွဲသည်။


နောက်ထပ် လူသုံးလေးယောက်ကလည်း မောင်မိုး ကို ဝင်ဆွဲကြသည်။


မမြသစ်ကတော့ ဆိုင်ခန်းထောင့်လေးတွင် တုန်ရီလျက်။


………………………


နောက်တစ်နေ့တွင် ထိုသတင်းကို ကြားသွားသော မမြသစ် အဖေကြီးက မမြသစ်ကို ဆိုင်ပေးမထိုင်တော့။


ဆန်ဆိုင်တွင် မမြသစ် အစား ညီမဝမ်းကွဲ မလှခင် သာ ဆိုင်ထိုင်တော့သည်။


မမြသစ်မှာလည်း မောင်မိုးကို နူးညံ့သောမျက်နှာ၊ စမတ်ကျသော ဝတ်စားပုံတို့ကြောင့် ချစ်ခဲ့ကြိုက်ခဲ့သော်လည်း ဘီလူးသရဲစီးသည့် ဒေါသကို မြင်ရသည့်အခါ ကြောက်လန့်စိတ်က ပိုမို ကြီးစိုးသွားသည်။


ဖခင်ဖြစ်သူကလည်း ကြိမ်းမောင်းသဖြင့် အိမ်ထဲက အိမ်ပြင် လုံးဝမထွက်တော့။


မောင်မိုး ၏ အသဲကွဲဒေါသ ကား ကီလိုတက်သတက် တက်လာချေပြီ။


သူ၏ ရည်းစားဦးဇာတ်လမ်း အသဲကလေး မှာ ဒီလိုနှင့် ကျကွဲရမည်လား။


မောင်မိုး က မမြသစ် အိမ်သို့ နေ့တိုင်းသွားချောင်းသည်။


တစ်လခန့်အကြာတွင် မောင်မိုး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။


မမြသစ်ကို ကားတင်ပြေးမည်။


သူငယ်ချင်းအလိန် ကို အကူအညီတောင်းကာ ရထားလုံးတစ်စီး ငှားလိုက်သည်။


မမြသစ် အဖေ ဖြစ်သူမှ စာတိုက်ဝန်ထောက်ကြီးဖြစ်သည့်အတွက် မနက်ခင်း ရုံးသို့ အသွားတွင် ခြံကို သော့တန်းလန်း ခတ်ထားခဲ့၏။


ထိုအိမ်တွင် မမြသစ်တို့ သားအဖ၊ မမြသစ်အဒေါ်နှင့် နှမဝမ်းကွဲ လှခင်သာနေသည် ဟု မောင်မိုး သိထားသည်။


ထို့ကြောင့်..မမြသစ်အဖေ ရုံးသွားချိန်တွင် ဓါးရှည်တစ်လက်ကို လွယ်ကာ၊ ဓါးမြှောင်တစ်လက်ကို ကိုင်လျက် မမြသစ်တို့ ခြံထဲသို့ ဝင်သွားလေတော့သည်။


အိမ်တံခါးမှ စေ့ရုံစေ့ထားသဖြင့် တွန်းဝင်လိုက်၏။


အိမ်ရှေ့ခန်းတွင် ဓာတ်ပြားစက်အား ဖုန်သုတ်နေသည့် မမြသစ်က မောင်မိုးကို တွေ့သွားသဖြင့် အံသြသွားလေသည်။


မြသစ် မင်း အကို နဲ့ လိုက်ခဲ့ရမယ်…မင်းကို အကို လာခိုးတာ”


မမြသစ် မှင်သက်နေသည်။


ထိုအချိန်တွင် မမြသစ်ကို စောင့်ရန်အတွက် ရွာမှ ခေါ်ထားသော ဦးလေးဖြစ်သူ ဦးတင်မောင်က အိမ်နောက်ဖေးမှ ထွက်လာသည်။


ဟိတ်ကောင်..မင်းဘယ်သူလဲ..ဘာလုပ်တာလဲ”


ဦးတင်မောင် က မောင်မိုး ကို လက်သီးဖြင့် ပြေးထိုးသည်။


ကွန်ဖူးကျွမ်းကျင်သည်မို့ မောင်မိုးက ဖြတ်ခနဲ ရှောင်ပြီး ဦးတင်မောင် ဇက်ပိုးကို တံတောင်ဖြင့် တွတ်လိုက်သည်။


ထို့နောက် မမြသစ်ထံသို့ ပြေးသွားပြီး လက်ကို အတင်းဆွဲခေါ်သည်။


ဦးတင်မောင်က ဓာတ်ပြားစက်ကို မကာ မောင်မိုး ၏ ကျောကုန်းကို ထုချလိုက်သည်။


ဟန်ချက်ပျက်သွားသော မောင်မိုးကို ဦးတင်မောင်က ဝင်လုံးလိုက်၏။


မောင်မိုး၊ မမြသစ်နှင့် ဦးတင်မောင်တို့ လုံးထွေးနေသည်။


အသားနာသွားသဖြင့် ဒေါသထွက်နေသော မောင်မိုး၏ ဓါးချက်တစ်ချက်က ဦးတင်မောင်၏ ဝမ်းဗိုက်ကို စိုက်ဝင်သွာသည်။ ဦးတင်မောင်ခွေခနဲ လဲကျသွား၏။


လာကြပါဦးရှင်..ကိုမိုး..ကျွန်မဦးလေးကို သတ်နေပါတယ်..သတ်နေပါတယ်”:


မမြသစ် အသံထွက်လာသဖြင့် မောင်မိုးက ရုတ်တရက်မွှန်ထူးသွားပြီ ဓါးဖြင့် လှည့်တွတ်လိုက်သည်။


မမြသစ်၏ ပုခုံးတွင် ဓါးချက်ထိပြီး သွေးများ ဖြာခနဲထွက်လာသည်။


မောင်မိုးလည်း……..အိမ်ထဲမှ အမြန်ပြန်ထွက်လိုက်သည်။


ခြံရှေ့တွင်..ရပ်ကွက်ထဲမှ လူများက မောင်မိုးကို ဝိုင်းထား၏။


ကင်းလှည့်လာသော ဆခ်လူမျိုးပုလိပ်စာသင်တစ်ယောက်က မောင်မိုးကို နံပါတ်တုတ်ဖြင့် ဆီးတားသည်။


မောင်မိုးက ကျောကုန်းတွင် လွယ်ထားသော ဓါးရှည်ကို ထုတ်ကာ ပုလိပ်စာသင်၏ တုတ်ကိုင်ထားသောလက်အား အားဖြင့် ဖြတ်ခုတ်ချလိုက်ရာ…လက်မောင်းတဖက်မှာ ပြတ်လုနီးပါးဖြစ်သွားလေသည်။


လူကောင်ထွားထွား ဆစ်ခ်လူမျိုးပုလိပ်စာသင်ကား သွေးအိုင်ထဲတွင် လဲကျသွားတော့သည်။


ဟေ့..မဆိုင်သူ မကပ်နဲ့ကွ..ငမိုး ဓါးချက်မိသွားမယ်”


မောင်မိုးနောက် မည်သူမျှ မလိုက်ရဲ။


မောင်မိုး ကား ဓါးတလက်ကိုကိုင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။






အခန်း(၁၁)


……………



အလိန်..အလိန်…”


ဓါးရှည်ကို ကိုင်ကာ သွေးသံတရဲရဲဖြင့် ပြေးလာနေသော မောင်မိုး ကိုမြင်လိုက်ရသည့်အတွက် အလိန် အံသြသွားသည်။


မောင်မိုး က မမြသစ်အား ခိုးလာခဲ့ပြီးလျှင် ခဏတာအတူနေထိုင်ရန် အလိန်မိဘများ ပိုင်ဆိုင်သော အီဗင်ဆင်လမ်း မှ သစ်သားအိမ်ကလေးကို စီစဉ်ထားသည်။


အိမ်ကလေးတွင် အလိန်က သင့်စောင့်နေစဉ် ဓါးကိုင်လျက်ပြေးလာသော ငမိုးကို မြင်လိုက်ရခြင်းပင်။


ငမိုး..ဘာဖြစ်လာတာလဲ..မင်း ဘာဖြစ်လာတာလဲ”


ငါ ခုတ်ခဲ့ပြီ..ခုတ်ခဲ့ပြီ အလိန်”


ဘယ်သူလဲ..ဘယ်သူ့ကို ခုတ်ခဲ့တာတုန်း..”


ငါ မမြသစ် ကို ဝင်ဆွဲတုန်း ဘယ်က လူမှန်းမသိဘူး ပေါ်လာတယ်ကွာ။ သူငါ့ကိုချတာနဲ့ ငါလည်း ဓါးနဲ့ ထိုးပစ်ခဲ့တယ်။ မမြသစ်ကိုရော..ငါထိုးခဲ့တယ်”


ဟာ..မမြသစ်ကိုပါ ထိုးခဲ့တာလား..”


အေး.အိမ်အဝမှာ ရောက်နေတဲ့ ပုလိပ်တစ်ကောင်ကိုလည်း လက်ကို ခုတ်ခဲ့သေးတယ်”


ဟာ..မဖြစ်ဘူး..ငမိုး..မင်းအိမ်ထဲဝင်..အိမ်ထဲဝင်”


အလိန်က ငမိုးကို အိမ်ထဲခေါ်သွင်းပြီး တံခါးများကို ပိတ်လိုက်သည်။


ငါ ဘာလုပ်ရမလဲ..အလိန်”


အလိန်က ခေါင်းကို ကုတ်လိုက်သည်။


မင်းလုပ်ခဲ့တာ သုံယောက်တောင်ကွ။ မင်းအဖမ်းခံချင်လား”


မင်းပဲ အပြောကောင်း အလိန်၊ ဘယ်ခံချင်မလဲကွ”


နေဦးကွာ..ဒီအိမ်မှာပဲ ..မင်း ခဏခိုနေ..ဒီအိမ်က ဘေးပတ်ဝန်းကျင်မှာလည်း ဘာဘူတိုက်နှစ်လုံးပဲရှိတယ်။ ပုလိပ်တွေ ဘာတွေလည်း သိပ်လာလေ့မရှိဘူး။ မင်းတို့ နှစ်ယောက်ခိုးလာရင် စားဖို့ ဆန်ဆီဆား၊ ရိက္ခာအစုံလည်း ငါဖြည့်ပေးထားသေးတယ်။ လောလောဆယ် မင်းဒီမှာအောင်းနေ…အခြေအနေ ထူးရင် ငါဆက်သွယ်လိုက်မယ်..ငမိုး..ငါ မဆက်သွယ်မချင်း အပြင်မထွက်နဲ့နော်”


အေး….အလိန်”


ဟုတ်ပြီ..အခု မင်း နဲ့အတူ ငါပါ ပျောက်နေရင် ရိပ်မိသွားကြလိမ့်မယ်၊ ဒီတော့ ငါက ဗိုလ်တစ်ထောင်ပြန်ပြီး လူမြင်သူမြင်အောင် သွားနေနေမယ်။ မင်း ဖြစ်သွားတာ ငါမသိဘူးဆိုတဲ့သဘောပေါ့”


ကောင်းတယ်..အလိန်..မင်းအစီအစဉ်ကောင်းတယ်”


…………………………………………………………………………..


လူနှစ်ယောက်ကို ဓါးဖြင့် ထိုး၊ ပုလိပ်စာသင်တစ်ယောက်အား ဓါးဖြင့် ခုတ်သွားသည့် ဗိုလ်တစ်ထောင်မောင်မိုး ၏ သတင်းက ရန်ကုန်မြို့ထဲ ကျော်ထွက်လာသည်။


မောင်မိုး ကို ဓားထိုးမှု၊ ပိုင်နက်ကျူးလွန်မှု၊ အလိုမတူသောမိန်းကလေးတစ်ဦးကို အဓမ္မလက်ရောက်မှု၊ ပုလိပ်ဝန်ထမ်းတစ်ဦးအား အသက်သေစေရန်အထိ ဒဏ်ရာရစေမှု ။


နောက်တိုးလာသည်က ဝရမ်းပြေးမှု။


ပုဒ်မတွေ တစ်ပြုံတစ်ခေါင်းကပ်ခံရပြီး လူဆိုး ဗိုလ်တစ်ထောင်ငမိုး ဟူသော ဘွဲ့ကို ချက်ချင်းပင် တပ်လိုက်ကြတော့သည်။


၁၉၁၀ ခုနှစ် ၊ နှစ်ဆယ်ရာစုသို့ အဝင် ဆယ်စုနှစ်များတွင် ရန်ကုန်သည် လူနေမထူထပ်သေး။


ပထမကမ္ဘာစစ်ကို ကြိုဆိုနေဆဲ နှစ်များမို့ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားမှာလည်း အားကောင်းစွာ မောင်းနှင်နေဆဲပင်။


ရန်ကုန်၏ နာမည်ကျော် ဒုစရိုက်ဂိုဏ်းကြီးဖြစ်သော မန်ရှီဒီးဂိုဏ်းဝင်များနှင့် လူမိုက်ကြီးများဖြင့် ပုလိပ်အဖွဲ့ က အလိုရှိလျှင် ရက်ပိုင်းအတွင်း ဖမ်းမိနိုင်သည့်အခြေအနေဖြစ်နေသည်။


ထိုအချိန်တွင် လူသုံးယောက်ကို တစ်ပြိုင်တည်း၊ တစ်နေ့တည်း ဓါးထိုးဓါးခုတ် ခဲ့သည့် ဆယ်ကျော်သက်လေး ငမိုး ကို ပုလိပ်အဖွဲ့က လေးလကျော်သည်အထိ ဖမ်းမမိချေ။


ငမိုး ၏ သူငယ်ချင်းဖြစ်သော အလိန် မိဘများပိုင်သည့် နေရာများကို ပုလိပ်တပ်ဖွဲ့က ခြေရာခံလိုက်ခဲ့သော်လည်း မည်သို့မျှ မထူးခြား။


နောက်ဆုံး ငမိုး ခိုအောင်းနေသည်ဟု သတင်းရထားသော အီဗင်ဆင်လမ်း(ယခုမြယာပင်လမ်း) နေအိမ်အားလည်း ဝင်ရောက်ရှာဖွေသောအခါ တွင်လည်း လုံးဝရှာမတွေ့ခဲ့။


သတင်းစာများကလည်း ဗိုလ်တစ်ထောင်ငမိုး တည်းဟူသော လူမိုက်ကလေးသည် မြေလျှိုးမိုးပျံနိုင်သည့် အလား ရေးကာ ပုလိပ်အဖွဲ့ကြီးကို ကလိကြတော့သည်။


ငမိုးကို ဟိုနေရာမှာ တွေ့လိုက်သည်။ ဒီနေရာမှ ပေါ်လာသည် ဟူသော ကောလဟလများလည်း ထွက်ပေါ်နေသည်။


ဗိုလ်တစ်ထောင်ငမိုး သည် လူက ပျောက်နေသော်လည်း နာမည်က ကြီးသည်ထက်ကြီးလာနေသည်။


ငမိုး ဟူသည် ပီဘိလူဆိုးဗိုလ်ကြီးဟု ယူဆသူက ယူဆလာသည်။


တကယ်တော့ အသက် (၁၆)နှစ်ပင် မပြည့်တတ်သေးသည့် နုနုနယ်နယ်လူငယ်ကလေး။


တကယ်တော့ ငမိုးတွင် မွေးစားအဖေ ရှိခဲ့သည်။ ငမိုး (၁၁)နှစ်သားတွင် မိခင်ဖြစ်သူ ဒေါ်ဗုံဗုံမှာ ဖခင်နှင့်ကွဲပြီး နောက်အိမ်ထောင်ပြုလိုက်၏။


ထိုအချိန်တွင် ပထွေးလက်ထဲမှ မောင်မိုးလေးကို မွေးစားလိုသူတွေ များပြားခဲ့သည်။


မောင်မိုးသည် ထိုအချိန်က သူငယ်ချင်းအလိန်နှင့်အတူ ဗိုလ်တစ်ထောင်သစ်ဆိပ်တွင် ရေသွားသွားကူးရာမှ မျက်နှာဖြူသစ်တောအရာရှိ မစ္စတာဂျော့စကော့ နှင့် ခင်မင်သွားသည်။


အင်္ဂလန်တွင် ပလိပ်ရောဂါဖြင့် ဆုံးသွားသော သူ့သားငယ်လေးနှင့် ရုပ်ချင်းဆင်သည်ဟုဆိုကာ မစ္စတာဂျော့စကော့က မောင်မိုးကို မွေးစားရန် ဒေါ်ဗုံဗုံထံမှ တောင်းဆိုခဲ့သည်။


ဒေါ်ဗုံဗုံကလည်း ခွင့်ပြုခဲ့သည်။


မောင်မိုးသည် မစ္စတာဂျော့စကော့၏ သားအဖြစ်နှင့် သုံးနှစ်ကြာ အတူနေခဲ့ပြီးနောက် မစ္စတာဂျော့စကော့သည် ကသာမြို့သို့ ပြောင်းရွှေ့ရမည်ဖြစ်သဖြင့် ငမိုးကို ဒေါ်ဗုံဗုံထံ ပြန်အပ်ခဲ့ခြင်းဖြစ်လေသည်။


ငမိုး၏ သတင်းကြားသောအခါ မစ္စတာဂျော့စကော့က အလိန်နှင့် ဦးစွာဆက်သွယ်၏။


ထို့နောက်..မစ္စတာဂျော့စကော့အကူအညီဖြင့် ဗိုလ်တစ်ထောင်သစ်ဆိပ်မှ သစ်တောအရာရှိများ နေထိုင်ရာ ဘန်ဂလိုတွင် လျှို့ဝှက်စွာသွားရောက်နေထိုင်နိုင်ခဲ့သည်။


ဗိုလ်တစ်ထောင် ပုလိပ်ဌာနနှင့် တစ်ခေါ်သာသာသာ ဝေးသော ဗိုလ်တစ်ထောင်သစ်ဆိပ်တွင် နေပြီး ငမိုးက ပုလိပ်အဖွဲ့ကို မျက်လှည့်ပြခဲ့ကြလေသည်။


မျက်နှာဖြူသစ်တောအရာရှိကြီးများနေထိုင်ရာ ဘန်ဂလိုများမို့ ဗြိတိသျှလူမျိုးများမှ လွဲပြီး မည်သူမျှ ဝင်ခွင့်မရသော နယ်မြေတွင် ငမိုးမှာ အေးဆေးသက်သာခိုအောင်းနိုင်ခဲ့သည်။


သို့သော် လူငယ်ပီပီ ငမိုးကား ကြာကြာမအောင်းနိုင်။


မစ္စတာဂျော့စကော့ ကသာသို့ ပြန်သွားပြီးမကြာမီ အပြင်သို့ ခိုးထွက်တော့သည်။


ငမိုး သည် အလိန် တို့ အိမ်သို့ သွားသည်။ နောက်ဖေးပေါက်မှ ပတ်ကာ အလိန့်အခန်းသို့ ဝင်သည်။


သူတို့သူငယ်ချင်းနှစ်ယောက် အပြင်သို့ ညဘက်ခိုးထွက်ပြီး ပြန်ဝင်နေကျဖြစ်သဖြင့် ငမိုးသည် အလိန့်အိမ်ကို အဝင်အထွက်ကျွမ်းကျင်နေခြင်းလည်းဖြစ်သည်။


ဟေ့..အလိန်..”


ဟာ..ငမိုး..ဒုက္ခပါပဲကွာ..ဘာလို့ထွက်လာတာလဲ”


ထန်းရည်သောက်ချင်လို့ကွ”


ဟာ..မင်းဘိုတဲမှာ မင်းဒယ်ဒီက ဘီယာတွေ၊ ရှယ်ရီတွေ၊ ဝီစကီတွေ ထားပေးခဲ့တယ်ဆို”


ဟာကွာ..သူ့ဟာသူ ဘာနေနေ..ထန်းရည်တော့ လွမ်းတယ်ဟ”


အေးကွာ..ငါလည်း မင်းမရှိတော့..ထန်းရည်မသောက်ရတာ ကြာပြီဟ..သံလျင်ဘက် သင်္ဘောနဲ့ ကူးပြီး သွားချကြမလား”


စိန်လိုက်လေ..ကိုယ့်လူ”


ငမိုး က အလိန်ထံမှ တရုတ်ဝတ်စုံကို ဝတ်ကာ တရုတ်ညီအစ်ကိုနှစ်ဦးပုံစံဖြင့် သင်္ဘောဆိပ်သို့ ဆင်းခဲ့ကြသည်။


သန်လျင်တွင် တစ်နေကုန် ထန်းရည်သောက်ပြီးနောက် နှစ်ဦးသား ရီဝေဝေဖြင့် ရန်ကုန်ပြန်ကူးသည့် သင်္ဘောပေါ်တက်ခဲ့ကြလေသည်။


ထိုအချိန်တွင် သန်လျင်မှ အမှုတစ်ခုစုံစမ်ပြီးပြန်လာသည့် ဗိုလ်တစ်ထောင်ပုလိပ်ဌာနမှ ပုလိပ်စာသင် ကိုဘသွယ်ကလည်း အရပ်ဝတ်ဖြင့် သင်္ဘောပေါ်လိုက်ပါလာ၏။


ငမိုးတို့မှာ မူးနေပြီဖြစ်သည့်အတွက် တရုတ်ဦးထုတ်ကို ချွတ်ကာ သင်္ဘောဦးတွင် အော်ဟစ်ပျော်မြူးနေကြသည်။


ဗိုလ်တစ်ထောင်တွင် ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့သော သူငယ်ချင်းနှစ်ယောက်ကို ကိုဘသွယ် မှတ်မိသွားသည်။


ကိုဘသွယ်ကား ရန်ကုန်ကမ်းသို့ သင်္ဘောဆိုက်ဆိုက်ခြင်းပင် ရှေ့ဆုံးမှ ဆင်းသွားပြီး ဆိပ်ကမ်းတာဝန်ကျ ပုလိပ်သားနှစ်ဦးကို ခေါ်ကာ ငမိုး တို့ သူငယ်ချင်းနှစ်ဦးကို စီးကာဖမ်းလိုက်လေတော့သည်။


အလိန် ကား မိဘများ၏ ကျေးဇူးဖြင့် ချက်ချင်း ပြန်လွတ်လာခဲ့သော်လည်း ငမိုးမှာ မူ မသက်သာလှ။


လေးလလုံးလုံး ပုလိပ်အဖွဲ့ကို မျက်လှည့်ပြကာပုန်းအောင်းနေခဲ့ပြီး သိက္ခာချခဲ့သူ ငမိုးကို အချုပ်ခန်းထဲတွင် ပုလိပ်များက မသေရုံတမယ် ရိုက်နှက်ကြသည်။


မိခင်ကြီးဖြစ်သူ ဒေါ်ဗုံဗုံမှာ မျက်ရည်နှင့် မျက်ခွက်။


မွေးစားဖခင် ဂျော့စကော့ကတော့ ငမိုးကို သူဝှက်ပေးထားခဲ့သည့် ကိစ္စ ပေါ်မည်စိုးသဖြင့် လူကိုယ်တိုင်လာမတွေ့ပဲ ငွေကြေးသာထောက်ပံ့ပေးခဲ့သည်။


ငမိုးကို တရားရုံးဆွဲတင်လိုက်သော်လည်း အသက် (၁၆)နှစ်မပြည့်သေးသဖြင့် ကလေးသူငယ်တရားရုံးတွင် သာပြစ်ဒဏ်စီရင်ရလေသည်။


ထို့နောက် ငမိုးသည် (၁၈)နှစ်မပြည့်မချင်း ဘော်စတယ်ကလေးထောင်တွင်နေရန် အမိန့်ချခံရတော့၏။


ကလေးထောင်တွင် မူ မွေးစားဖခင်ကြီး၏ အဆက်အသွယ်ဖြင့် ငမိုးသည် ဗိုလ်ကပြားထောင်မှူးတစ်ဦး၏ ရုံးတွင် သက်သက်သာသာနေခဲ့ရသည်။


အလိန်ကလည်း ငွေကြေးလိုသလောက်ပို့ပေးသဖြင့် ငမိုး မှာ ကလေးထောင်တွင် ငွေအားရော၊ မိုက်အားပါ ကောင်းသည့် လူမိုက်ဘုရင်ကလေးဖြစ်ခဲ့ပြန်သည်။


အသက်(၁၈)နှစ်ပြည့်သောအခါ ငမိုး ထောင်မှ လွတ်လာသည်။


သို့သော် ဗိုလ်တစ်ထောင်ပုလိပ်ဌာန၏ လူဆိုးစာရင်းသွင်းခံရပြီးနောက် ငမိုး ခြေချုပ်လုပ်ခံရသည်။


တစ်ပတ်တစ်ကြိမ် ဗိုလ်တစ်ထောင်ဂတ်တွင် လက်မှတ်ထိုးရသည်။


နယ်ကျော်ခရီးသွားလျှင် ရပ်ကွက်သူကြီးထံ အကြောင်းကြားရသည်။


ငမိုး ထောင်ကျနေသော နှစ်နှစ်အတွင်း အလိန် ကလည်း အတတ်မျိုးစုံတတ်နေသည့် သူဌေးသား လူဆိုးလေး ဖြစ်နေပေပြီ။


အလိန်နှင့် ငမိုး ပြန်တွဲကြသည်။


ဗိုလ်တစ်ထောင်ငမိုး ဟူသော နာမည်က လူမိုက်လောကတွင် နာမည်ရနေသော်လည်း လူနှင့် နာမည်ကို မတွဲမိကြ။


တစ်ရက်တွင် ငမိုး ထံသို့ အလိန်ရောက်လာသည်။


ငမိုး..ဒီည ရေကျော်က မသာအိမ်တစ်ခုမှာ ရှိုးဝိုင်းကောင်းတယ်ကွ။ ငါသွားမယ်။ မင်းလိုက်ခဲ့ပေး”


အေး..မင်းနိုင်ရင်တော့..ကောင်းကောင်း ပြုစုရမယ်နော်ကွ”


ထိုအချိန်က ရေကျော် တွင် မန်မဆာမိသားစုမှာ ရထားလုံးပိုင်ရှင်ဘဝသာရှိသေးပြီး လူမိုက်ဂိုဏ်းဖြစ်မလာသေး။


ရေကျော်လူမိုက်လောကကို စိုးမိုးထားသည်မှာ ကိုသိန်း၊ကိုသန်း အမွှာညီအစ်ကိုသာ ဖြစ်သည်.


ရေကျော်ကိုသိန်းနှင့် ရေကျော်ကိုသန်း မှာ မန်းရှီးဒီးဂိုဏ်းဝင်များကပင် လေးစားရသည့် နယ်ခံလူမိုက်ကြီးများ ဖြစ်သည်။


ထိုညက ငမိုးသည် ဓါးမြှောင်တစ်လက်ကို ခါးတွင်ထိုးကာ အလိန်နှင့်အတူ ရေကျော်ဖဲဝိုင်းသို့ ထွက်လာခဲ့သည်။


မသာအိမ်၏ ဖဲဝိုင်းက စည်ကားလှ၏။


အရှေ့ပိုင်းတစ်ခွင်မှ ဖဲသမားပေါင်းစုံ၊ လူမိုက်ပေါင်းစုံ စုဝေးနေလေသည်။


အလိန် ကား ရှိုး ရိုက်ရာတွင် တစ်ဖက်ကမ်းခတ်နေသည်။


သူတို့ တရုတ်မိသားစုတစ်စုလုံးသည် စာစသင်စကတည်းက ဖဲရိုက်နည်းမျိုးစုံဖြင့် ကျင်လည်ခဲ့သူများပင်။


ချာတိတ်လေးနှစ်ယောက်၏ ရှေ့တွင် ရှိသော ငွေပုံကြီးက ဖဲဝိုင်းရောက်နေသာ လူမိုက်များအတွက် မျက်စိကျစရာပင်။


အလိန်က အာကျယ်နေသလောက် ငမိုး ကတော့ အလိန်နောက်တွင် ကုတ်ကုတ်ကလေးထိုင်ကာ စီးကရက်ဖွာနေလေသည်။


အသုဘအိမ်တွင်ရှိနေသော လောင်းကစားသမားများ၊ လူမိုက်များ၏ အမြင်တွင် ပိုက်ဆံရှိသော တရုတ်သူဌေးသား ချာတိတ်လေးနှစ်ယောက် ဟုသာ ငမိုးနှင့်အလိန်ကို မြင်နေကြ၏။


ထိုစဉ် အလိန် ရှေ့တည့်တည့်တွင် ထိုင်နေသော အသားမည်းမည်းနှင့် လူက ရုတ်တရက် ထလိုက်လေသည်။


အလိန် ၏ ရှေ့တွင် ချထားသော ငွေပုံထဲက ရူပီး တစ်ထပ်ကို ဆွဲယူလိုက်သည်။


ဟေ့တရုတ်ကလေး…ငါ့ပိုက်ဆံကုန်လို့..မင်းဆီက ယူရိုက်တယ်ကွာ..ဟုတ်ပြီလား”


အလိန်က ရုတ်တရက်မို့ ကြောင်သွားပြီး တစ်ခုခု လုပ်ရန် ဟန်ပြင်လိုက်၏။


ငမိုးက အနောက်မှ နေပြီး အလိန်၏ လက်ကို ဖမ်းဆွဲထားလိုက်သည်။


ဟုတ်..အကိုကြီး..ရပါတယ်..ယူပါ.လိုရင် ထပ်ယူပါဦး..ကျွန်တော့်တို့က ကလေးတွေပဲ…အလိန်ပေးလိုက်ပါကွာ”


အလိန်က ပြန်ထိုင်သွား၏။


အေး..ဒီလိုမှပေါ့ကွ..ငါ့နာမည်.ကျော်အေး တဲ့ကွ..မှတ်ထား..ကျော်အေးက တောင်းမရရင် တိုက်ယူတတ်တယ်မှတ်”


ကျော်အေး ဆိုသူက သူ့ကုတ်အင်္ကျီ ကြားတွင် ထိုးထားသော ဓါးမြောင်ကို အသာလှစ်ပြီး ငမိုးတို့ကို ခြိမ်းခြောက်လိုက်သည်။


ဖဲဝိုင်း ကား ပြန်အသက်ဝင်လာပြီ။


ရှိုးဝိုင်းမို့ အာရုံကိုယ်စီ စိုက်ထားကြ၏။


အား..အားလားလား…အားလားလား” ဟူသော အသံနက်ကြီး ကျော်အေးထံမှ ထွက်လာသည်။


ကျော်အေး၏ နောက်တွင် ငမိုးကို တွေ့ရသည်။


မည်သည့်အချိန်က ရောက်သွားသည်မသိ။


ငမိုးသည် ကျော်အေး၏ ကုတ်အင်္ကျီ ဟပြဲကို အနောက်မှ သိုင်းကာ လက်တစ်ဖက်ဖြင့် ချုပ်ထားပြီး လက်တစ်ဖက်မှ ကျော်အေး၏ ပေါင်ကို ဓါးဖြင့် စိုက်ချထားသည်။


ကျော်အေးမှာ ကုတ်အင်္ကျီဖြင့် ချုပ်ထားသလိုဖြစ်နေပြီး မည်သို့ မျှ လှုပ်ရှားမရဖြစ်နေသည်။


ငမိုးက ကျော်အေးပေါင်ကို ဓါးဖြင့် စိတ်ကြိုက် မွှေနေသည်။


အလိန်ကလည်း အသင့်ပါလာသော ဓါးမြောင်ကို ထုတ်ကာ ငမိုး နားကပ်လာလိုက်သည်။


သူတို့ နှစ်ဦးအား မသာအိမ်တစ်ခုလုံးမှ လူများ ဝိုင်းအုံကြည့်နေကြသည်။


ကဲ..ကိုကျော်အေးကြီး..ကျွန်တော်တို့ ပြန်တော့မယ်ဗျ..အဲ့ဒါ ယူထားတဲ့ ပိုက်ဆံလေး ပြန်တောင်းတာပါ”


ငမိုးက ပြုံးပြုံးပြုံးပြုံးဖြင့် စကားပြောရင်း ကျော်အေး၏ ပေါင်ကို ဓါးဖြင့် စိတ်ပြေနပြေ ထိုးစိုက်မွှေနေ၏။


ကျော်အေးမှာ နာကြင်လွန်းသဖြင့် တအိအိအသံသာ ထွက်နိုင်တော့သည်။ ပေါင်မှလည်း သွေးများ တဗွက်ဗွက်ထွက်နေ၏။


ထိုအချိန်တွင် မသာအိမ်အပေါ်ထပ်မှ ရုပ်ချင်းခပ်ဆင်ဆင်တူသော လူကြီးနှစ်ယောက် ဆင်းလာလေသည်။


တစ်ယောက်က ဓါးအိမ်နှင့် ဓါးကို စလွယ်သိုင်းပြီး ရှမ်းဘောင်းဘီဝတ်ထား၏။


ဟေ့..ဘယ်ကကောင်တွေလဲဟေ့..ဘာပြသနာလာရှာနေတာလဲ’’


ကိုသိန်းနဲ့ ကိုသန်း လာပြီ”


လူအုပ်ကြီးက ရှဲခနဲဖြစ်သွားပြီ။ ချာတိတ်နှစ်ကောင်တော့ သေပြီဟူသော အသိများဖြင့် ဝိုင်းကြည့်နေကြသည်။


အလိန်က ဓါးမြောင်ကို ရှေ့သို့ ကာထားပြီး


ကျွန်တော်တို့ နိုင်ထားတဲ့ငွေကို ဒီလူ အနိုင်ကျင့်ပြီး ယူထားလို့..ပြန်ယူတာ..ကျွန်တော်တို့ ဘာမှ မတရားမလုပ်ဘူး’’


ဓါးလွယ်ထားသည့် လူကြီးက ဓါးကို အသင့်အနေအထားကိုင်လိုက်သည်။


ဒီမှာ ချာတိတ်..ဒီအိမ်က ငါတို့ မိတ်ဆွေ ရဲ့ နာရေးအိမ်ကွ၊ ကိုသိန်းကိုသန်း စောင့်ရှောက်ထားတဲ့ နာရေးအိမ်မှာ မင်းတို့ ဒီလို လုပ်ရင် ဘာဖြစ်မယ်ဆိုတာသိလား”


အလိန်က နောက်ဆုတ်လိုက်သည်။


ဟိုကောင်လေး..မင်းက တယ်လျင်ပါလား…အံမယ် ဒီကောင်ကြီးကိုချုပ်ပြီး ဓါးနဲ့ဆွနေတယ်..မင်းက ဘာကောင်လဲကွ”


ရေကျော်ကိုသိန်းက ငမိုးကိုကြည့်ကာ ဓါးရိုးကို ဆုတ်ကိုင်ထားလျက်မေးလိုက်သည်။


ကျွန်တော်ဘာကောင်မှမဟုတ်ဘူး..ကျွန်တော့်နာမည် ဗိုလ်တစ်ထောင်ငမိုးပါ..ဗိုလ်တစ်ထောင်၊ ဘရွတ်ကင်းလမ်းမှာနေပါတယ်”


ငမိုး၏ လေသံက ရန်ပွဲတွင် ပြောနေသောအသံထက် လုပ်ငန်းခွင်တွင် ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးနေသည့်အလား လေအေးကလေးနှင့်။


သို့သော် ထိုလေအေးလေးက ပင် ဝိုင်အုံနေသော လူများ ကို ဟာခနဲ ဟင်ခနဲဖြစ်သွားစေသည်။


ဗိုလ်တစ်ထောင်ငမိုးတဲ့ဟ’’


ဒီကောင်လေးက ငမိုးလား”


ရေကျော်ကိုသိန်း ၏ ပုခုံးကို ကိုသန်းက လာဖက်သည်။


ကဲ..ကိုသိန်း..မင်းဓါးကြီး..ပြန်လွယ်ထားလိုက်တော့လေ… ဒါ သတင်းစာထဲက ဟီးရိုးလေးဟ..’’


ကိုသိန်းက ဓါးကို ပြန်လွယ်လိုက်သည်။


ကဲ..ညီလေးတို့..မင်းတို့ငွေ..မင်းတို့ရပြီ..မဟုတ်လား..ဒါဆိုလည်း ပြန်ကြတော့ကွာ…မှန်းစမ်း..မင်းတို့ ဓါးနဲ့ တွတ်ထားတာ ဘယ်ကောင်လဲ’’


ကိုဆေးနီ တပည့်…ကျော်အေးပါ.ကိုကြီးသိန်း”


လူအုပ်ထဲမှ ကိုသိန်း၏ တပည့်တစ်ဦးမှ လှမ်းပြောသည်။


.နားသံသီးကျော်အေးပဲ…ကလိန်ကောင်…မင်းက အခုထိ ကလေးတွေကို လိုက်အနိုင်ကျင့်နေတုန်းပဲကို.. ဒီပြသနာ မင်းဆရာ ဆေးနီနဲ့ ငါ တွေ့မှ ရှင်းရဦးမယ်..ကဲ..ကဲ..ညီလေးတို့ ပြန်ကြတော့ကွာ..မိုးတောင် လင်းခါနီးနေပြီ..”


ငမိုး က ကျော်အေး ကို လွှတ်ပေးလိုက်သည်။


ကျော်အေးက သွေးထွက်လွန်နေချေပြီ။


ကဲ…ဒီထဲမှာ ဆေးနီလူတွေဘယ်သူပါလဲ..မင်းတို့ကောင် မင်းတို့ ပြန်ခေါ်သွားကြကွာ.တော်ကြာ မသာအိမ်မှာ နောက်တစ်လောင်း မသာလာပေါ်နေမယ်..မြန်မြန် အဝတ်နဲ့စီးပြီး ဆေးခန်းပို့ပေးလိုက်ကြ’’


ထိုအချိန်တွင် ငမိုးသည် အသုဘအိမ်ဘေးရှိ ထမင်းဟင်းချက်နေသော အမျိုးသမီးများအနားသို့ သွားကာ ရေတစ်ခွက်တောင်းပြီး သွေးပေနေသော လက်ကို စိမ်ပြေနပြေထိုင်ဆေးနေလေတော့သည်။


နောက်တစ်နေ့ လူမိုက်လောကထဲတွင် ပြောစရာသတင်းစကားတစ်ခု တိုးလာ၏။


လူမိုက်လောကမှ လေးစားရသည့် ရေကျော်ကိုသိန်း၊ကိုသန်းတို့ စောင့်ရှောက်သည့် ဖဲဝိုင်းတွင် ပုဇွန်တောင်လူမိုက် ဆေးနီ ၏ တပည့်ကို ဗိုလ်တစ်ထောင်ငမိုး က ဓါးဖြင့် မွှေသွားသည် ဟူသည့် သတင်းပင်။


ရေကျော်အမွှာနှစ်ယောက် ရှေ့တွင်ပင် ယဉ်ယဉ်ကျေးကျေးစကားပြောရင်း ဓါးဖြင့် စိတ်ပြေနပြေထိုးပြသွားခဲ့သည့် ဗိုလ်တစ်ထောင်ငမိုး ဟူသည်မှာ ချောချောလှလှချာတိတ်လေး ဟူသည်ကိုလည်း ဖြည့်စွက်ပြောကြရတော့သည်။


…………………………………………………….


ရန်ကုန်အရှေ့ပိုင်း လူမိုက်များအကြား ဗိုလ်တစ်ထောင်ငမိုးသည် တစစ ကျော်ကြားလာသည်။


မတ်ရှီးဒီးဂိုဏ်းပြီးလျင် အရှေ့ပိုင်းတကြော လူသိများသော ရေကျော်ကိုသိန်း၊ကိုသန်း၊ ပုဇွန်တောင်ဆေးနီ တို့ကဲ့သို့ အသက် (၄၀)တန်းလူမိုက်ကြီးများနှင့် ငမိုးနာမည်မှာ တန်းတူဖြစ်လာသည်။


ဗိုလ်တစ်ထောင်ငမိုး ကို ဆရာလာတင်သည့် တပည့်တပန်းများ ပေါများလာသည်။


သို့သော် ဗိုလ်တစ်ထောင်ငမိုး ကိုယ်တိုင် က လူငယ်ပင်ဖြစ်သဖြင့် ဆရာတပည့် ဆက်ဆံရေးမျိုးမရှိခဲ့။


ငမိုးသည် အင်္ဂလိပ်အရာရှိတစ်ဦး၏ မွေးစားသား၊ တရုတ်သူဌေးသားအလိန်၏ ငယ်သူငယ်ချင်း အဖြစ် ငယ်စဉ်ကတည်းက နေလာခဲ့သူဖြစ်သဖြင့် ငွေရေးကြေးရေးကိစ္စများကို စိတ်မဝင်စား။


သူ့ရပ်ကွက်ဖြစ်သော ဗိုလ်တစ်ထောင်တဝိုက်တွင် ဆက်ကြေးတောင်း၊အနိုင်လာကျင့်နေကြသော လူမိုက်များကို နောက်တစ်ခေါက်မလာရဲအောင် ပညာပေးလွှတ်သည်။


ငမိုးကို ကျေးဇူးတင်သောအားဖြင့် အရက်ဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များက ဗိုလ်တစ်ထောင်ငမိုး အတွက်ဆိုလျှင် အလကားပဲတင်းကျွေးမွေးလိုကြသည်။


တံဆိုးလက်ဆောင်ငွေကြေးများကိုလက်ဆောင်အဖြစ် ပေးကြသည်။


ဗိုလ်တစ်ထောင်ငမိုး ကား ဆက်ကြေးကောက်ခြင်း၊ မိုက်ကြေးခွဲခြင်းများကို လုပ်လေ့မရှိသော်လည်း လက်ဆောင်အဖြစ် လာပေးလျှင် ယူသည်။


သူ့လူများနှင့်အတူ သောက်စားပျော်ပါးသည်။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတဝိုက်မှ ချို့တဲ့သူများကို မထင်လျှင် မထင်သလို ပိုက်ဆံတွေ ပေးပစ်တတ်သေးသည်။


ထို့ကြောင့်ဗိုလ်တစ်ထောင်ငမိုး မှာ ဗိုလ်တစ်ထောင်တစ်ဝိုက်တွင် လူချစ်လူခင်ပေါများပြီး ရပ်ကွက်ကို အခြားလူမိုက်များရန်မှ ကာကွယ်ပေးသည့် မဟုတ်မခံလူမိုက်အဖြစ်နာမည်ကြီးလာသည်။


ဗိုလ်တစ်ထောင်လူငယ်ထုကလည်း ကိုမိုး နောက်တွင် ထုနှင့် ထည်နှင့်ရပ်တည်ခဲ့ကြသည်။


အခြားလူမိုက်များအနေဖြင့်လည်း သူတို့လို စီးပွားရှာလူမိုက်မဟုတ်ပဲ မဟုတ်မခံ မိုက်ချင်လို့ မိုက်နေသည့် ဗိုလ်တစ်ထောင်ငမိုးနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ကြဉ်လာကြသည်။


သို့နှင့် ဗိုလ်တစ်ထောင်ငမိုး မှာ အသက် (၂၀)မကျော်ခင်အရွယ်တွင်ပင် နာမည်ကြီးလူမိုက်ကြီးစာရင်းသို့ ဝင်လာခဲ့တော့၏။


ဗိုလ်တစ်ထောင်ငမိုး နာမည်ကြီးလာသည်နှင့်အမျှ မမြသစ်တို့ မိသားစုမှာ နေစရာမရှိဖြစ်လာသည်။


မမြသစ် အဖေ က အလိန့်ထံ ချဉ်းကပ်ပြီး မိမိတို့ မိသားစုနှင့် ဖြစ်ပြီးခဲ့သမျှကို မိမိတို့ ဘက်မှ တောင်းပန်ပါကြောင်း ငမိုးအား သတင်းပါးရန်ပြောလာ၏။


အလိန့်ဆီမှ စကားကို ကြား၇သောအခါ ငမိုးသည် ပိုးပုဆိုးနှင့်တိုက်ပုံအဖြူကို သေသေသပ်သပ်ဝတ်သည်။ ရှူးဖိနပ်စီးပြီး မာဖလာအကောင်းစားကို ပတ်ကာ မမြသစ်တို့ အိမ်သို့ သွားလေတော့သည်။


ရုတ်တရက် အိမ်ရှေ့ကိုရောက်လာသော ဗိုလ်တစ်ထောင်ငမိုး ကိုကြည့်ကာ မမြသစ်တို့မိသားစုမှာ ကြောက်လန့်ကုန်ကြတော့သည်။




အခန်း(၁၂)


……………



အထူးသဖြင့် မမြသစ် မှာ အိမ်ရှေ့တွင် ရပ်နေသော ချစ်သူဟောင်းကြီး ငမိုး ကို ကြည့်ကာ တုန်တုန်ရီရီဖြစ်နေရှာသည်။


မမြသစ် ကား ငမိုးနှင့် ချစ်ခဲ့ကြစဉ်ကလို မဟုတ်တော့။


ပိုမိုအလှသွေးကြွယ်သည့် မမြသစ်ဖြစ်နေလေပြီ။


မမြသစ် ၏ အဖေကြီးကား ပြာပြာသလဲ ဖြစ်နေ၏။


မောင်မိုး..အဲ..ကိုမိုး..ကြွပါ..ကြွပါ..ဆိုင်းမဆင့် ဗုံမဆင့်ကြီး.”


ငမိုး က ကုလားထိုင်တွင် အေးအေသက်သာပင် ဝင်ထိုင်လိုက်သည်။


ပိုမိုသန့်ပြန့်ချောမောလာပြီး စမတ်ကျကျဝတ်စားထားသည့် ငမိုး ကို မမြသစ်က ဖခင်၏နောက်တွင် မတ်တပ်ရပ်ရင်း မဝံ့မရဲခိုးကြည့်သည်။


ကျွန်တော်..ဖြစ်ခဲ့ပြီးသမျှ ဦးတို့ကို တောင်းပန်ဖို့ လာတာပါ။ ဟိုးတုန်းက ကျွန်တော် မထင်မှတ်ပဲ ဒုက္ခပေးသလိုဖြစ်သွားပါတယ်။ ရှေ့လျှောက်ဦးတို့ မိသားစု ကို ဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး။ ကျွန်တော့်ကို စိတ်ချပါ။ အဲ့ဒါလေး လာအသိပေးတာပါခင်ဗျာ။ ကျွန်တော်ပြန်လိုက်ပါဦးမယ်”


မမြသစ်ဖခင်မှာ ဘာမှ ပြန်ပြောချိန်ပင်မရလိုက်။


ငမိုး က ထိုင်နေရာမှ ထပြီး တံခါးဝသို့ ထွက်သွားလေသည်။


မမြသစ်ကို တစ်စက်ကလေးမှ မကြည့်သွား။


မမြသစ်ကတော့ ငမိုး ၏ ကျောပြင်ကို သာ ငေးလျက် ကျန်ရစ်ခဲ့သည်။


…………………………………………………………………………………………….


၁၉၁၃ ခုနှစ်။


ပထမကမ္ဘာစစ်ကြီးမဖြစ်ပွားမီ တစ်နှစ်အလိုတွင် ရန်ကုန်သည် အပြောင်းအလဲကြီး ပြောင်းလဲနေသည်။ ရန်ကုန်ဓာတ်ရထားကုမ္ပဏီမှ ဘတ်စ်ကား ရှစ်စီးအထိ ပြေးဆွဲနေပြီဖြစ်သည်။။ တက္ကစီ ၂၈ စီး ပင် ထူထောင်ထားနိုင်လာ၏။ ရန်ကုန်လမ်းမများပေါ်တွင် မော်တော်ကား၊ ဓာတ်ရထား၊ မြင်းရထား၊ ဓာတ်ရထား၊ ချယ်ဂါလီ၊ နွားလှည်း၊ မြင်းလှည်းများ အပြိုင် သွားလာနေကြသည်။


ရန်ကုန်ကမ်းနားလမ်းတစ်လျှောက် နှစ်မိုင်ရှည်သော ရေထိန်းနံရံကြီးတည်ဆောက်နေပြီး ရန်ကုန်ဆိပ်ကမ်း သည် အရှေ့တောင်အာရှ၏ အကောင်းဆုံးဆိပ်ကမ်းတစ်ခု ဖြစ်လာပြီဖြစ်သည်။


နိုင်ငံတကာဆိပ်ကမ်းဖြစ်လာသော ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘောကြီးများ၊ ကမ်းရိုးတန်းသင်္ဘောများ အများအပြားဆိုက်ကပ်လာကြသည်။


ရန်ကုန်ရောက် ဥရောပတိုက်သားများအတွက် အင်္ဂလန်နှင့် ဥရောပတိုက်မှ ဖြေဖျော်ပွဲများကို ဂျူဗလီဟောတွင် ကျင်းပကြသည်။


ဥရောပတိုက်သားမဟုတ်သူများအတွက်မူ ရန်ကုန်အရှေ့ပိုင်း နှင့် ပန်းဆိုးတန်းတဝိုက်မှ ပြဇာတ်ရုံများ၊ ကပွဲများ ခေတ်စားလာသည်။


ထိုကပွဲများထဲတွင် လူငယ်များအကြား ခေတ်အစားဆုံးမှာ ဖာရစီကပွဲ ပင်ဖြစ်လေသည်။ ဖာရစီကပွဲများမှာ အိန္ဒိယဘက်မှ ဝင်ရောက်လာသော ပါရှန်းဖာရစီ တို့၏ ဖျော်ဖြေပွဲဖြစ်သည်။


ဖာရစီကပွဲများသည် မြန်မာပြည်တွင် ပထမရှိနှင့်နေသော ရိုးရာမြေဝိုင်းဇာတ်သဘင်များ၊ အမြင့်သဘင်များနှင့် မတူဘဲ ဇာတ်စင်ပေါ်တွင် တောကား၊ တောင်ကား၊ မြို့၊ လမ်း စသော ပုံစံတူပိတ်ကားနောက်ခံကြီးများဖြင့် ကပြခြင်းဖြစ်လေသည်။


ထိုအတူ ကပြကြသည့် အသားစိမ်းညက်ညက်၊ နှာတံစင်းစင်း၊ မျက်ဝန်းမှောင်မှောင် ဖာရစီအကမယ်လေးများ သည်လည်း ကာလသများ အကြား အလွန်ခေတ်စားခဲ့သည်။


ဖာရစီကပွဲများသည် ဝင်ကြေးလည်း အလွန်ကြီးမြင့်သည်။


ဗိုလ်တစ်ထောင်ငမိုး နှင့် သူငယ်ချင်းအလိန်တို့သည် ဖာရစီဇာတ်ပွဲများတွင် အထူးတန်းမှ ကြည့်ကြရသော ဧည့်သည်တော်များဖြစ်ကြသည်။


ဖာရစီအကမယ်များအကြားတွင် ဖာရစီနှင့် မွန်ကပြားဖြစ်ပြီး ဗမာစကား၊ အဆိုအပြော ကို ပိုင်နိုင် ကျွမ်းကျင်လှသော ဖာရစီမယ်လှ သည် အလွန်ရေပန်းစား၏။


ထိုအချိန်က အလိန် အား သူ့မိဘများက မော်တော်ကားတစ်စီးဝယ်ပေးထားလေသည်။


ဖာရစီဇာတ်ပွဲများ မကသေးသည့် နံနက်ပိုင်းတွင် ဖာရစီလူမျိုးဇာတ်ဆရာ နှင့် ငမိုး၊ အလိန်တို့ သွားရောက်တွေ့ဆုံသည်။ ဖာရစီမယ်လှနှင့် မိတ်ဆက်လိုကြောင်း ပြောကြသည်။


ဖာရစီဇာတ်ဆရာကား လူမိုက်ကြီးဗိုလ်တစ်ထောင်ငမိုး မှန်းသိဖြင့် ပြာပြာသလဲ ဧည့်ခံလေသည်။


ကျွန်တော်တို့…မင်းသမီး မယ်လှ ရဲ့ ပရိသတ်တွေပါ။ မင်းသမီးနဲ့ တွေ့ချင်လို့ပါ”


အော်..ဟုတ်..ကိုမိုး တို့.အခုလို လာတာကိုက ဒီဇာတ်ပွဲအတွက် အတော်အားရှိပါတယ်..မယ်လှ ခုနကမှ အိပ်ရာက နိုးတာထင်တယ်..ကျွန်တော်သွားခေါ်ပေးပါ့မယ်။


ဗမာစကားကို ကျွမ်းကျင်စွာပြောတတ်နေပြီဖြစ်သော ဇာတ်ဆရာက ဇာတ်ရုံ၏ အနောက်ဘက်သို့ ဝင်သွားလေသည်။


မကြာမီ..ဖာရစီမယ်လှ အခန်းတွင်းမှ ထွက်လာ၏။


အိပ်ရာထခါစဖြစ်သဖြင့် ညဝတ်အင်္ကျီ ကို ဝတ်ထားဆဲပင်။


အဖြူနှင့်အစိမ်း ရောယှက်ထားသည့် အသားအရည်နှင့် မျက်ဝန်းနက်နက်တို့ ပိုင်ရှင် ဖာရစီမယ်လှ သည် ညခင်းဘက် ဇာတ်စင်ပေါ်မှ မီးရောင်တို့အောက်တွင်ထက် ပိုမို စွဲဆောင်အားကောင်းနေ၏။


ဇာတ်ဆရာလာပြောစဉ်က နာမည်ကြီးလူမိုက်ခေါင်းဆောင်များဆိုသဖြင့် စိုးတထိတ်ထိတ်ဖြင့် လာခဲ့သော ဖာရစီမယ်လှမှာ ရုပ်ရှည်ချောချောမောမာနှင့် ငယ်ရွယ်သော လူငယ်လေးနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံသြသွားသည်။


ကျွန်မ မယ်လှပါ….ရှင်တို့ ဆရာရော..ဘယ်ရောက်သွားလဲ”


ငမိုးရော အလိန်ပါ ကြောင်တောင်တောင်ဖြစ်သွားကြသည်။


ဘယ်ကဆရာလဲ..မမယ်လှ”


ဗိုလ်တစ်ထောင်ငမိုး ဆိုလား..ရှင်တို့ ခေါင်းဆောင်လေ”


အလိန်က တဟားဟားဖြင့် အော်ရယ်သည်။


ငမိုး ကလည်း ပြုံးစိစိဖြင့်။


ဒီမှာ…ဒါဗိုလ်တစ်ထောင်ငမိုးလေ..မယ်လှရဲ့..”


ဟင်”


ဖာရစီမယ်လှ မျက်လုံးကလေးပြူးသွားသည်။


ပြီးမှ ကြောက်ကြောက်လန့်လန့်ဖြင့် တောင်းပန်တော့သည်။


မသိလို့ပါ..ကိုမိုးရယ်..တောင်းပန်ပါတယ်ရှင်…တောင်းပန်ပါတယ်”


ထားလိုက်ပါ.မယ်လှရယ်..ဒီကောင်ကြီးပုံစံကိုက လူမိုက်ပုံမပေါက်ပဲ မင်းသားပုံပေါက်နေတာကိုးကွ.. ဟားဟား..ဟော့ဒီက မင်းသားမောင်မိုးက မင်းသမီး မယ်လှမှ မယ်လှဖြစ်နေလို့ ကျွန်တော်တို့ ဒီနေ့လာခဲ့တာပဲ”


ထိုနေ့က ဗိုလ်တစ်ထောင်ငမိုး နှင့် ဖာရစီမယ်လှတို့ ၏ အချစ်ဇာတ်လမ်းစတင်ခဲ့လေသည်။


ရန်ကုန်မြို့ ပိုမိုစည်ကားလာသည်နှင့်အမျှ ဗိုလ်တစ်ထောင်ငမိုး ၏ လူမိုက်သြဇာကလည်း ပိုကြီးလာခဲ့သည်။


၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလေသည်။


ပထမကမ္ဘာစစ်ကြီးသည် မြန်မာပြည်နှင့် မသက်ဆိုင်သလိုဖြစ်နေသော်လည်း မြန်မာပြည်ရောက် အင်္ဂလိပ်အစိုးရအတွက်မူ စစ်သားစုဆောင်းရေး၊ ရိက္ခာရရှိရေးတို့အတွက် အထူးအာရုံစိုက်နေကြရသည်။


မြန်မာပြည်တွင်ချထားသည့် ဂေါ်ရာစစ်တပ်သုံးပုံနှစ်ပုံမှာလည်း စစ်ပွဲသို့ ရောက်ရှိနေကြသည်။ စစ်အင်အားအတွက် မြန်မာလူငယ်အချို့ကို ဗြိတိသျှတော်ဝင်တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခွင့် ပြုလိုက်ပြီး စစ်သားစုဆောင်းနေကြသည်။


ထိုအချိန်တွင် တရားဥပဒေစိုးမိုးရေးကို အစိုးရအနေဖြင့် ဂရုမစိုက်နိုင်သဖြင့် အင်အားနည်းသည့် ပုလိပ်အဖွဲ့နှင့် လူမိုက်များမှာလည်း ရပ်ရွာကို နားလည်မှုနှင့် အုပ်ချုပ်ရသည့်အခြေအနေဖြစ်လာသည်။


ရန်ကုန်အရှေ့ပိုင်း၊ ရထားလုံးများ ထောင်ထားသည့် မန်မဆာမိသားစုသည် လူမိုက်ဂိုဏ်းအသွင်း တဖြည်းဖြည်း ပြောင်းလဲလာသည့် ကာလလည်းဖြစ်သည်။


ရေကျော်ကိုသိန်းနှင့် ကိုသန်းပင်လျှင် မန်မဆာမိသားစု၏ အင်အားတောင့်တင်းမှုကြောင့် တဖြည်းဖြည်း နယ်မြေ ကျဉ်းမြောင်းလာသည်။


ပုဇွန်တောင်ဆေးနီ ကိုယ်တိုင်ပင် မန်မဆာမိသားစုကို သြဇာခံလိုက်လေသည်။


စီးပွားရှာသော လူမိုက်မဟုတ်ပဲ ရပ်ရွာကို အခြေတည်ထားသော ဗိုလ်တစ်ထောင်ငမိုး အတွက်မူ ထိုလူမိုက် လောက တိုက်ပွဲများမှာ သူနှင့် မဆိုင်သလိုဖြစ်လာသည်။


လူမိုက်လောကကလည်း သူ့ကို ရှောင်ရမည့်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားကြသည်။ ထိုကြောင့် ထိုအချိန်က ဗိုလ်တစ်ထောင်နယ်မြေတဝိုက်မှာ ငမိုးကျေးဇူးဖြင့် ရန်ကုန်လူမိုက်ဘေးမှ ကင်းဝေးခဲ့ရ လေတော့သည်။


ဗိုလ်တစ်ထောင်ငမိုး ကား ဖာရစီမယ်လှနှင့်အတူ အိမ်ထောင်တစ်ခုကို စတင်ထူထောင်လိုက်ပြီဖြစ်သည်။


ဖာရစီမယ်လှ ကား ငမိုးကဲ့သို့ မဟုတ်။


ငမိုး ၏ လူမိုက်ဆိုသည့် ဂုဏ် ကို အသုံးပြုကာ စီးပွားရှာနိုင်ခဲ့သည်။


ငမိုးထံသို့ လာသော လာဘ်လာဘများကို လစဉ်ကြေးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဗိုလ်တစ်ထောင်ငမိုး၊ ဓါးငမိုး ဟူသော နာမည်သည် ဖာရစီမယ်လှအတွက် စီးပွားရေးအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့သည်။


ဗိုလ်တစ်ထောင်နယ်မြှေ စီးပွားရေးသမားများကလည်း ငမိုး အတွက်ဆိုလျင် လိုလိုလားလားပင် ပေးကမ်းခဲ့ကြ၏။


ဖာရစီမယ်လှ ကောင်းမှုဖြင့် ဗိုလ်တစ်ထောင်ငမိုး မှာ စီးပွားရေးစိုပြည်လာသည်။ ဖာရစီမယ်လှ ကိုယ်တိုင်ပင် ရွှေငွေများ စုဆောင်းလာနိုင်ခဲ့သည်။


ဗိုလ်တစ်ထောင်ငမိုး ၏ ဘဝထဲသို့ ဖာရစီမယ်လှ ဝင်လာပြီးချိန်တွင် ငမိုးနှင့် သူငယ်ချင်းအလိန် ကြား တဖြည်းဖြည်း ဝေးကွာလာစေခဲ့၏။


ယခင်က တစ်နေ့လုံး၊ တစ်ညလုံး တတွဲတွဲ တွဲခဲ့ကြသော ငမိုး နှင့် အလိန် ညဘက် အရက်အတူသောက်သည်ကိုပင် မယ်လှက ငြူစူချင်သည်။


ငမိုးက ဂရုမစိုက်။ အလိန်နှင့်ဆိုလျှင် ညလုံးပေါက်အိမ်ပြန်မလာပဲ ထွက်ကဲချင်ကဲသည်။


ထိုအခါ ငမိုးနှင့် မယ်လှတို့ ပြသနာတက်တော့၏။


ကြာလာသည့်အခါ ငမိုးတို့ လင်မယားပြသနာတက်မည်စိုးသည့်အတွက် အလိန် သည် ငမိုးထံသို့ သိပ်မလာတော့။


သူ့မိဘစီးပွားရေးဘက်သို့သာ ဇောက်ချလုပ်နေလေတော့သည်။


ထိုအချိန်တွင် ဖာရစီမယ်လှ က ငမိုးထံသို့ လူတစ်ယောက်ကို ခေါ်လာကာ မိတ်ဆက်ပေးလေတော့သည်။


ထိုသူကား ပညာအလင်းသတင်းစာတိုက်ပိုင်ရှင် ရတနာကုန်သည်သူဌေးကြီး ဦးတင် ပင် ဖြစ်လေတော့၏။


မောင်မိုး ကို တွေ့ရတာ ဦးအနေနဲ့ အရမ်းဝမ်းသာတာပဲ၊ မောင်မိုး သတင်းတွေကိုလည်း ဦးတို့ အမြဲကြားပါတယ်။ လူပင်ငယ်သော်ငြား သတ္တိအရာမခေလို့ လေးလည်းလေးစားမိပါတယ်။ (၅၁)လမ်းထိပ်က ဦးရဲ့ ပညာအလင်းသတင်းစာတိုက်ကိုလည်း မောင်မိုး လက်ပဲ အပ်ပါတယ်။ မောင်မိုး ကြည့်ရှုပေးပါဦး”


ဦးတင်သည် မော်တော်ကားအကောင်းစားကြီးကို စီးကာ ငမိုးထံ အရက်ပုလင်းအကောင်းစားများ၊ လက်ဆောင်ပုဏ္ဍာများဖြင့် ဝင်ထွက်သည်။


နာမည်ကျော်သူဌေးကြီးလည်းဖြစ်၊ သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်သော ဦးတင် က သူ့ကို တလေးတစား ဆက်ဆံပြီး ဝင်ထွက်နေသောအခါ ဗိုလ်တစ်ထောင်ငမိုး မှာ အကျေနပ်ကြီး ကျေနပ်နေသည်။


ဦးတင် ကိုလည်း ဆရာ ဆရာ ဟု တလေးတစားခေါ်ပြီး ကြည်ညိုခဲ့ရသည်။


ပထမကမ္ဘာစစ်ကြီးပြီးလုဆဲဆဲ ၁၉၁၇ ခုနှစ်တွင် ဦးတင်သည် မောင်မိုးအိမ်သို့ ရောက်လာ၏။


မောင်မိုး နဲ့ ဦး သိကြတာလည်းကြာပြီ။ အခု ဦးမှာ ပြသနာလေးတစ်ခုတက်နေလို့ မောင်မိုး ကူညီပေးပါဦး”


ဘာများလဲ.ဆရာရယ်..ဆရာ လိုတာသာ ပြောပါ”


ဒီလို မောင်မိုးရေ..ယောက်ျားချင်း..ပြောရတာ မရှက်ပါဘူး..ပုဇွန်တောင်က ကိတ်လမ်းထဲက မြစန္ဒာအငြိမ့်က အငြိမ့်မင်းသမီး မြစန္ဒာခင်ခင် ဆိုတာ ဦး ရဲ့ တတိယဇနီးလေးပေါ့”


ဟုတ်..ဆရာ..မြစန္ဒာအငြိမ့်ကို ကျွန်တော်သိပါတယ်’’


သူကလေး အငြိမ့်ထောင်ဖို့အတွက် ဦးပဲ အကုန်အကျခံပေးခဲ့ရတာ။ အခုကျ..သူ့ကို ပုဇွန်တောင်လူမိုက် ဆေးနီ က အတင်းအဓမ္မ မယားပြုထားတယ်ကွယ်။ ဦးတို့က လူကြီးလူကောင်းအသိုင်းအဝိုင်းဆိုတော့ ဒီလူမိုက်တွေနဲ့လည်း ဖက်ရန်မပြုချင်ပါဘူး။ ဒါပေမယ့် ဆေးနီက တစ်နေ့ထက် တစ်နေ့ လွန်လာတယ်ကွဲ့။ ခင်ခင် ကို ရိုက်နှက်၊ ဦးနာမည်ကိုလည်း အကြောင်းမဲ့ အော်ဆဲပြီး..ဦးကို ကြိမ်းဝါးနေတယ်တဲ့’’


ဟာ..ဒီကောင် လူပါးတယ်ဝတာပဲ…ဆရာ ဘာဖြစ်ချင်လဲသာ..ပြောပါ”


ဆေးနီ ကို မောင်မိုးအနေနဲ့ နည်းနည်းတားမြစ်ပေးရုံလောက်ပါပဲ”


ဆရာရယ်..ကျွန်တော်လေးစားရတဲ့ ဆရာ့ကို ဒီလိုကောင်က စော်ကားနေတာ ကျွန်တော် ကို အခုမှ ပြောရသလား..စိတ်ချဆရာ..မနက်ဖန်မနက်ကျ မြစန္ဒာခင်ခင်ဆီ ဆရာ ပြန်သွားပါ။ ဆရာ ပုဇွန်တောင်မှာ သွားလာနေသမျှ ဒီကောင့်နာမည်တောင် မကြားစေရတော့ဘူးမှတ်ပါ”


……………………………………………………………


၁၉၀၀ ပြည့်နှစ်မတိုင်မီ ၁၈၈၀ ကျော်ကာလများတွင် ပုဇွန်တောင် သည် တောတန်းကြီးတစ်ခုသာဖြစ်ခဲ့သည်။


ရန်ကုန်မြို့တွင်းတွင် မိလ္လာစနစ်များ စနစ်တကျမတည်ဆောက်မီကာလက ဗမာဆင်းရဲသားအများစုမှာ ပုဇွန်တောင်တောတန်းကြီးတွင် အပေါ့အလေး ကိစ္စလာရောက်ဖြေရှင်းတတ်ကြသည်။


မြို့လယ်ခေါင်တွင် ဥရောပသား၊ တရုတ်၊ ကုလားများ၏ တိုက်ကြီးများ နေရာယူထားချိန်တွင် အထက်မြန်မာပြည် နှင့် မြန်မာပြည်အရပ်ရပ်မှ ရန်ကုန်သို့ ရွေ့ပြောင်းလာကြသော ဗမာဆင်းရဲသားအများစု မှာ ပုဇွန်တောင်တဝိုက်တွင် အခြေချနေထိုင်လာခဲ့ကြသည်။


၁၈၈၄ ခုနှစ် ရန်ကုန်မြို့ ဂျူဒါအီစကယ်လမ်းမှ မော်တင်လမ်းအထိ ရပ်ကွက်များအား ရေကောင်းရေသန့် ဖြန့်ဝေရေးစနစ်တပ်ဆင်ပြီးချိန်အထိ ပုဇွန်တောင်မှာ ရေတွင်းရေကန်ကိုသာ အားထားနေရသည်။


၁၉၀၀ ပြည့်နှစ်တွင် ပုဇွန်တောင်နှင့် သိမ်ဖြူ အထိ ရေပေးဝေရေးစနစ်များ ဖြန့်ချီလာနိုင်ခဲ့ပြီး ပုဇွန်တောင်သည် လည်း ရန်ကုန်အရှေ့ပိုင်းမှ ဗမာရပ်ကွက်ကြီးတစ်ခုဖြစ်လာခဲ့သည်။


အာမေးနီယန်းနှင့် ဗမာ ကပြားဖြစ်သော ဆေးနီ သည် ဆင်းရဲသားရပ်ကွက်မှ ဖွံဖြိုးလာသည့် ပုဇွန်တောင်ကွက်သစ်ကြီး၏ လူမိုက်တစ်ယောက် ဖြစ်သည်။ ဖခင်ဖြစ်သူ၏ လူမိုက်အမွေကို ဆက်ခံသူလည်း ဖြစ်သည်။ ဆေးနီ၏ အဖေမှာ ပုဇွန်တောင်ရပ်ကွက်ထူထောင်ခါစ ကပင် လူဆိုးလူမိုက်တစ်ဦးအဖြစ် နာမည်ကျော်သူဖြစ်သည်။


ပုဇွန်တောင်တွင် ဆေးနီသည် တပည့်တပန်းများစွာဖြင့် အာဝါဒေးဝိုင်းများကို ပြုလုပ်လေ့ရှိသည်။


အရှေ့ပိုင်းတွင် မန်မဆင်မိသားစု တဖြည်းဖြည်း ဘုန်းတန်ခိုးတောက်လာသောအခါ ဆေးနီသည် မန်မဆင် မိသားစုအတွက် အလုပ်လုပ်ပေးသူဖြစ်လာသည်။


ဆေးနီ၏ တပည့်ဖြစ်သူ နားသံသီကျော်အေး ကို ဗိုလ်တစ်ထောင်ငမိုးက ဓါးဖြင့် မွှေလိုက်စဉ်ကတည်း ဆေးနီသည် ဗိုလ်တစ်ထောင်ငမိုးအကြောင်းကို သိထားသည်။


ဆေးနီ သည် မယားအတိအကျမယူထားသော်လည်း တိတ်တိတ်ပုန်းမယားများစွာရှိနေသည်။


ထိုထဲတွင် ဦးတင် ၏ အာဟာရလေးတစ်ခုဖြစ်သည့် အငြိမ့်မင်းသမီး ခင်ခင်ကို လည်း အတင်းအဓမ္မခြိမ်းခြောက် ယူထားလေ၏။


ဗိုလ်တစ်ထောင်ငမိုး က ဆေးနီ နေထိုင်တတ်သည့်နေရာကို သူ့လူများကို စုံစမ်းခိုင်းလိုက်၏။


ဆေးနီမှာ ညဘက်တွင်သာ မယားငယ်များအိမ် လှည့်လည်နေထိုင်လေ့ရှိပြီး နေ့ခင်းဘက်တွင်မူ ဖခင်ကြီး၏ အိမ်ရှိရာ နေကရွန်းလမ်းတွင် နေလေ့ရှိကြောင်း ငမိုး သိရသည်။


ထိုနေ့က ငမိုးသည် ဓါးရှည်ကို ပုဆိုးတစ်ထည်ဖြင့် ပတ်ကာ ပုဇွန်တောင်သို့ တစ်ယောက်တည်း ဓာတ်ရထားဖြင့် ထွက်လာလိုက်သည်။


ပုဇွန်တောင်၏ နွေနေ့လည်ခင်းက ပူလောင်အိုက်စက်နေသည်။


တစ်ချက်ချက် တိုက်ခတ်လာသည့် လေရူးကြောင့် သာ အပူအနည်းငယ် သက်သာသွား၏။


ငမိုးသည် နေကရွန်းလမ်းတွင် ဆင်းလိုက်ပြီး ဆေးနီအိမ် ရှိသည့်နေရာကို မေးလိုက်သည်။


လူမိုက်ဆေးနီ ကား အိမ်ရှေ့ဝရံတာတွင် သင်ဖြူးဖြာကို ခင်းလျက် အင်္ကျီ ချွတ်ဖြင့် တရေးတမော အိပ်ရန် လှဲလျောင်းနေလေသည်။


ငမိုးက ဆေးနီ ၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။


ဒါ ကိုဆေးနီ တို့ အိမ်လားခင်ဗျ”


ဆေးနီ ဝရံတာမှ ထပြီး လှမ်းကြည့်လိုသည်။ သူ့အိမ်ရှေ့တွင် ရပ်နေသော ချာတိတ်တစ်ယောက်။


အေး..ငါဆေးနီပဲ..ဘာကိစ္စလဲကွ”


ကျွန်တော် ကိုဆေးနီ နဲ့ စကားပြောချင်လို့ပါ..အိမ်ပေါ်တက်လာလို့ရမလားဗျ”


ဆေးနီစိတ်ထဲတွင် အာဝါဒေးလောင်းကစားဝိုင်းဒိုင်တရုတ်များမှ လွှတ်လိုက်သည့် လူငယ်တစ်ယောက်ဟု ထင်လိုက်သည်။


လာ..လာ.အိမ်ပေါ်တက်”


ငမိုးက လှေကားထစ်များအတိုင်း အိမ်ပေါ်သို့ ကုပ်ကုပ်ကလေး တက်လာသည်။


ချိုင်းကြားတွင် ပုဆိုးဖြင့် လိပ်ထားသည့် ဓါးရှည်ကို ညှပ်ထား၏။


ဆေးနီက ဖျာပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး


ကဲ..ဘာကိစ္စလဲ..ကောင်လေး.ပြော”


တခြား မဟုတ်ပါဘူးဗျာ..ခင်ဗျား..မြစန္ဒာခင်ခင်ကို မတရားသိမ်းပိုက်ပြီး ကျွန်တော့်ဆရာ ဦးတင်ကို ဆဲဆို စော်ကားနေတဲ့ ကိစ္စလေး ရှင်းမလိုပါ”


မထင်မှတ်ထားသော စကားကြောင့် ဆေးနီ ကြောင်တောင်တောင်ဖြစ်သွားသည်။


ငမိုးက ချိုင်းကြားတွင် ညှပ်လာသော ဓါးရှည်ကို ထုတ်ကိုင်လိုက်ကာ ပတ်ထားသော ပုဆိုးကို ဖြည်လိုက်၏။


ဓါးရှည်ဖွေးခနဲကို မြင်လိုက်ရသည့်အခါ ဆေးနီက နောက်သို့ ဆုတ်သွားသည်။ နောက်မှာကား ဝရံတာသာ ရှိတော့၏။


မင်း.ဘယ်ကကောင်လဲ..ဘယ်သူလဲ..မင်းကို ငါမသိဘူး”


ကျွန်တော် ဗိုလ်တစ်ထောင်ငမိုးပါ..ကိုဆေးနီ၊ ဗိုလ်တစ်ထောင်ဘရွတ်ကင်းလမ်းမှာ နေပါတယ်ခင်ဗျာ”


ငမိုးက ပြောပြောဆိုဆိုဖြင့် ဆေးနီကို ဝင်ပိုင်းချလိုက်သည်။


ဆေးနီက တစ်ဖက်ဝရံတာသို့ ပြေးကပ်လိုက်သဖြင့် ဓါးချက်က ဝရံတာကို သာ ခုတ်မိသည်။


ဆေးနီက ငမိုး၏ နံကြားသို့ စောင့်ကန်လိုက်ရာ ငမိုး ဟန်ချက်ပျက်သွား၏။


ထိုအချိန်တွင် အိမ်နောက်ဖေးတွင် အုန်းသီးခွဲနေသော ဆေးနီ ၏ ဖခင် လူမိုက်လက်ဟောင်းကြီးက အိမ်ရှေ့မှ အသံများကြောင့် ဓါးဆွဲထွက်လာသည်။


ထို့နောက် ငမိုးကို ဓါးမဖြင့် ဝင်ခုတ်လေသည်။


ငမိုး ကား သိုင်းသမားဖြစ်သဖြင့် ဓါးမချက်ကို ရှောင်လိုက်သောအခါ ဆေးနီအဖေ မှာ အရှိန်လွန်သွားသဖြင့် လက်တစ်ဖက်ဖြင့် ဝရံတာကို ဘယ်ဘက်လက်ဖြင့် ထိန်းကိုင်လိုက်၏။


ငမိုးက..လက်နှစ်ဖက်စုံဖြင့် ဓါးကိုကိုင်လျက် အားထည့်ပိုင်းချလိုက်ရာ ဝရံတာကို ကိုင်ထားသော ဆေးနီအဖေ ၏ ဘယ်ဘက်လက်မှာ တဝက်ကို ဓါးစိုက်ဝင်သွား၏။


ထိုအချိန်တွင် ဆေးနီမှာ ဝရံတာမှ အောက်သို့ ခုန်ချသွားလေသည်။


ဆေးနီအဖေက ညာဘက်လက်မှ ဓါးမဖြင့် ငမိုးကို ထပ်ပိုင်းသည်။


သို့သော် ဓါးချက်က အားမပါသဖြင့် ငမိုးက အလွယ်တကူပင် ရှောင်လိုက်သည်။


ထို့နောက် ဆေးနီအဖေ၏ ပုခုံးကို နောက်ထပ်တစ်ချက် ထပ်ပိုင်းလိုက်ပြီး တွန်းဖယ်ကာ အောက်သို့ ပြေးဆင်းပြီး ဆေးနီ နောက်သို့ လိုက်လေတော့သည်။


သို့သော် ဆေးနီကိုကား အရိပ်အယောင်ပင်မတွေ့ရတော့။


ပုဇွန်တောင်၊ နေကရွန်းလမ်းတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်ကုန်သည်။


ငမိုးလည်း ဓါးကို အိမ်ရှေ့ရေတွင်းထဲသို့ ပစ်ချကာ ပုဇွန်တောင်ရပ်ကွက်အတွင်းမှ ခပ်တည်တည်ပင် ဓာတ်ရထားစီးပြီး ပြန်လာခဲ့လေသည်။


ညနေပိုင်းရောက်သောအခါ ပုဇွန်တောင်ဂတ်နှင့် ဗိုလ်တစ်ထောင်ဂတ်မှ ပုလိပ်များက ငမိုး အား ဖမ်းရန် ကားနှစ်စီးတိုက်ဖြင့် လာကြလေတော့သည်။


ငမိုးအိမ်အား ပုလိပ်အင်အား နှစ်ဆယ်ကျော်ဖြင့် ဝိုင်းထားလိုက်သည်။


ခဏအကြာတွင် ဦးတင် လည်း ရောက်လာ၏။


ဗိုလ်တစ်ထောင်ငမိုးက အိမ်ထဲ မှ အေးအေးဆေးဆေးပင် စီးကရက်ဖွာလျက် ထွက်လာလေသည်။


ထို့နောက်..ပုလိပ်အိတ်စပက်တော်အား လက်နှစ်ဖက်ထိုးပေးလိုက်၏။


ဂါတ်ကိုတော့ ကျွန်တော့်ဆရာ ဦးတင် ကားနဲ့ ပဲလိုက်လာခဲ့ပါရစေဗျာ”


နာမည်ကျော်သတင်းစာတိုက်ပိုင်ရှင်ကြီး ဦးတင် က မေတ္တာရပ်ခံသဖြင့် ပုလိပ်အရာရှိများကလည်း ဦးတင် ကားဖြင့် ရဲစခန်းသို့ လိုက်ရန်ခွင့်ပြုပေးလိုက်သည်။


ဓါးခုတ်မှုအတွက် ငမိုး ရုံးတင်တရာစွဲခံရသည်။


သို့သော် ဦးတင် က သူ၏ အရှိန်အဝါနှင့် ငွေအားသုံးကာ လိုက်လေသည်။


အောက်ရုံးတွင် ထောင် ၇ နှစ်ကျခံရန် အမိန့်ချမှတ်ခံရသော်လည်း အထက်ရုံးသို့ အယူခံဝင်သောအခါ ဦးတင်၏ အစွမ်းဖြင့် မိမိကိုယ်ကို ခုခံပိုင်ခွင့် အဖြစ် ပြောင်းကာ လက်နက်ကိုင်ဆောင်မှု အတွက် ချုပ်ရက်နှင့်ပင် ပြန်လွတ်လာခဲ့တော့သည်။


ထိုအချိန်မှ စတင်ကာ ဦးတင်က ဗိုလ်တစ်ထောင်ငမိုး အား ငွေကြေးလိုလေးသေးမရှိ ထောက်ပံ့ထားသလို ငမိုး အတွက်လည်း ဦးတင် သည် ကျေးဇူးရှင်ဆရာသခင်အဖြစ် မှတ်ယူစရာဖြစ်လာလေတော့သည်။


မကြာမီ အချိန်တွင်ပင် ဦးတင် ပိုင်ဆိုင်သော ပညာ့အလင်းသတင်းစာကြီးနှင့် မြန်မာ့အလင်းသတင်းစာ တို့၏ ကလောင်တိုက်ပွဲကလည်း တစထက် တစ ပြင်းထန်လာလေတော့သည်။





အခန်း(၁၃)


……………


၁၉၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့သတင်းစာလောကတွင် ပေါ်ထွက်လာသော သတင်းစာများအနက် သူရိယသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာကြီးတို့မှာ သြဇာကြီးမားလှသည်။


သူရိယသတင်းစာကို ဖေ၊ပု၊ရှိန် အဖွဲ့ဝင်ဟောင်း ဘကြီးဘဖေ က ထူထောင်ခဲ့ပြီး၊ မြန်မာ့အလင်းသတင်းစာကို ဦးရွှေကြူက ထူထောင်ခဲ့သည်။


သတင်းစာနှစ်စောင်လုံးသည် တစောင်နှင့် တစောင် မခံချင်အောင် ကလိတိတိရေးသားကြသော်လည်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် သတင်စာပညာဖြင့် ရေးသားရာတွင်မူ တက်ညီလက်ညီရှိခဲ့ကြသည်။


ထိုအချိန်တွင် မြန်မာ့အလင်းမှ ခွဲထွက်လာသော လယ်တီပဏ္ဍိတဦးမောင်ကြီး အတွက် သူဌေးဦးတင် က ပညာ့အလင်းသတင်းစာကို ထူထောင်ပေးခဲ့သည်။


(ပညာအလင်းသူဌေး ဦးတင် နှင့် မြန်မာ့အလင်းဦးတင် မတူညီပါ။ မြန်မာ့အလင်းဦးတင်မှာ ဆရာသင် အသတ်ခံရပြီးနောက်မှ မြန်မာ့အလင်း အယ်ဒီတာချုပ်အဖြစ်ထမ်းရွက်ခဲ့သည့်ဆရာကြီးဖြစ်ပါသည်။ နောင်တွင် ယောဂီဆေးတိုက်ပိုင်ရှင် ယောဂီဦးတင် အဖြစ်ထင်ရှားပါသည်)


သူဌေးဦးတင် သည် လယ်တီပဏ္ဍိတဦးမောင်ကြီး ကို အလွန်ရိုသေလေးစားသည်။ ဆရာသမားတစ်ယောက် အဖြစ် ကိုးကွယ်ထားရှိသည်။


လယ်တီပဏ္ဍိတဦးမောင်ကြီး ၏ ကလောင်အရှိန်ဖြင့် ပညာအလင်းသတင်းစာသည်လည်း လူသိများလာခဲ့သည်။


၁၉၁၉ ဇူလိုင်လ ၇ ရက်တွင် ဦးဘဖေ၊ ဦးပု၊ဦးထွန်းရှိန် တို့ ဖေပုရှိန် မြန်မာ့ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် ကိုယ်စားလှယ်များအဖြစ်ဖြင့် အင်္ဂလန်ပြည်၊ ပါလီမန်သို့ ထွက်ခွာသွားကြသည်။


အကြောင်းအရင်းကား မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် တင်သွင်းသော နိုင်ငံပြုပြင် ပြောင်းလဲရေးဥပဒေကို ပါလီမန်တွင် မပြုရေးအတွက်ဖြစ်သည်။


ထိုအချိန်က မြန်မာပြည်နိုင်ငံရေးလောကနှင့် လူကြီး၊ လူငယ် အယူအဆရေးရာများကွဲလွဲနေခဲ့ကြပြီး လူကြီးများက အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ကာ အုပ်ချုပ်ရေးပိုင်းတွင်နေရာယူရန် အားသန်ကြပြီ လူငယ်များက လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးဆီသို့ ဦးတည်နေကြသည်။


သူရိယ၊ မြန်မာ့အလင်းသတင်းစာတို့က လူငယ်ဘက်တော်သားများဖြစ်သော ဘိလပ်သွား ဖေ၊ပု၊ရှိန် တို့ကို ထောက်ခံရေးသားပြီး ပညာအလင်းစာကမူ ဖေ၊ပု၊ရှိန် တို့ကို ပြစ်တင်ရေးသားခဲ့သည်။


ထိုသို့ဖြင့် မြန်မာ့အလင်းနှင့် ပညာ့အလင်းတို့၏ ကလောင်တိုက်ပွဲ စတင်လာခဲ့သည်။


အထက်မြန်မာပြည်တွင်နေစဉ်က ငယ်သူငယ်ချင်းများဖြစ်ကြသော လယ်တီပဏ္ဍိတဦးမောင်ကြီး နှင့် ဆရာသင် တို့တွင်လည်း ရန်ကုန်ရောက်စ မကျေလည်ကြသည့် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုယ်စီရှိနေကြသည်။


နိုင်ငံရေးအယူအဆအရလည်းကွဲလွဲကြရာမှ ဆောင်းပါးများ အပြန်အလှန်ရေးကာ ဆော်ကြနှက်ကြသည်။


ဆရာသင်က မုံရွေးပဏ္ဍိတ ဟူသော ကလောင်ဖြင့် ဝတ္ထုတစ်ပုဒ်ကို မြန်မာ့အလင်းတွင် အခန်းဆက်ရေးသားသည်။


ထိုဝတ္ထုနာမည်မှာ ပျဉ်းမနားမမကြီး ဖြစ်သည်။ လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပထမဇနီးမှာလည်း ပျဉ်းမနားမြို့မှ ဒေါ်မမကြီး ဖြစ်နေပေရော ထိုဝတ္ထုသည် လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ငယ်ကျိုးငယ်နာကို စောင်းချိတ်ရေးသားထားခြင်းဖြစ်သည်။


ထိုအတွက် လယ်တီပဏ္ဍိတဦးမောင်ကြီးမှာ အင်မတန်စိတ်ထိခိုက်ရ၏။


မိမိ ဆည်းကပ်လေးစားသော ဆရာဖြစ်သူ စိတ်ထိခိုက်နေသည်ကို မြင်သောအခါ သူဌေးဦးတင် မှာ လည်း ဆရာသင် အပေါ် ဆတ်ဆတ်ခါအောင် နာကြဉ်းလေတော့သည်။


ထို့ကြောင့် သူဌေးဦးတင်သည် သူ့ပိုင် သင်္ဃန်းကျွန်းမှ ခြံကြီးထဲတွင် ဗိုလ်တစ်ထောင်ငမိုး အား သီးသန့် ခေါ်ယူတွေ့ဆုံလေတော့သည်။


ကိုမိုးရေ..ဒီလို သီးသန့်ခေါ်တွေ့ရတာကတော့ ကိုမိုးဆီကနေ အကူအညီတစ်ခု လိုလာပြန်လို့ပါ”


ဆရာ..ပြောသာပြောပါဆရာ..ဆရာ့အတွက် ကျွန်တော် ဘာမဆို အသင့်ပါပဲ”


ဒီတစ်ခါတော့ ဟိုတစ်ခေါက်လို ဓါးတွေ ဘာတွေ မသုံးစေချင်ဘူး။ တုတ်လောက်နဲ့ ခြောက်ရုံလှန့်ရုံ ပညာပေးလိုက်ရင်ကိုပဲ ရပါပြီ”


စိတ်ချပါ..ဆရာ…ကျွန်တော်လုပ်ပေးရမယ့် သူ ဘယ်သူဆိုတာသာ ပြောပါ’’


…………………………………


၁၉၁၉ စက်တင်ဘာလ ၁၁ ရက်၊ ကြသပတေးနေ့၊ ည ၉ နာရီ။


မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ဆရာသင်သည် အယ်ဒီတာချုပ် ဦးစိန် နှင့်အတူ ပန်းဆိုးတန်းရှိ သတင်းစာတိုက်မှ ဆင်းလာကြပြီး ကြည်မြင့်တိုင်သို့ ရထားဖြင့် ပြန်ရန် ရန်ကုန်ဘူတာကြီးဘက်သို့ ထွက်လာခဲ့ကြသည်။


ရန်ကုန်ဘူတာကြီးနာရီစင်အနီးသို့ရောက်လာသောအခါ လူတစ်ယောက်က ဆရာသင်အား တုတ်ဖြင့် ဝင်ရိုက်လေသည်။


ပထမတစ်ချက် ဆရာသင် ၏ ခေါင်းကို တည့်တည့်မတ်မတ်ထိသွား၏။


ဒုတိယအချက်တွင် ဆရာသင်က အသိဝင်လာပြီး လက်ထဲတွင်ပါသော အိမ်တော်ရာထီးနှင့် ခုခံပြီး၊ အတူပါလာသူ ဦးစိမ်းကလည်း အနီးအနားမှ တုတ်ဖြင့် ပြန်လည်ခုခံကြသည်။


နှစ်ယောက်တစ်ယောက်အခြေအနေဖြစ်နေချိန်တွင် ထိုသူသည် ဆရာသင်ကို ဝင်လုံးပြီး ရင်ဘတ်ကို အသင့်ပါလာသော ဓါးဖြင့် ထိုးကာ ထွက်ပြေးသွားလေသည်။


သို့သော် ရန်ကုန်ဘူတာကြီးသို့ ဈေးသိမ်းပြီး ပြန်လာကြသော ဈေးသည်များက ပန်းဆိုးတန်းဘက်သို့ ပြေးလာသော ငမိုး ကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြသည်။


ထိုသို့ ဝိုင်းဖမ်းပြီး ပုလိပ်ဌာနသို့ အပ်လိုက်သည့်အခါမှသာ ဆရာသင် အား ဓါးဖြင့် ထိုးသတ်လိုက်သူသည် နာမည်ကျော်လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး မှန်းသိရသဖြင့် ကြားရသူတိုင်း အံသြကုန်ကြသည်။


လူမိုက် လူမိုက်ချင်း လောကတွင် ဗိုလ်မထားသော လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး သည် သူနှင့် မည်သည့် ရန်ညှိးမှ မရှိသော ပြည်သူလေးစားသည့် သတင်းစာဆရာကြီးတစ်ဦးကို ဓါးဖြင့် ထိုးသတ်လိုက်ချေပြီ။


ဆရာသင်သည် လယ်တီပဏ္ဍိတဦးမောင်ကြီး နှင့် ကလောင်တိုက်ပွဲဆင်နွှဲနေကြသော်လည်း ပြင်ပတွင် လူချစ်လူခင်ပေါများသူ၊ အနေအေးသူ ပညာတတ်တစ်ဦးဖြစ်သည်။


ဆရာသင် အယ်ဒီတာလုပ်နေသည့် မြန်မာ့အလင်းသတင်းစာသည်လည်း နယ်ချဲ့ဆန့်ကျင်ရေး သတင်းစာ တစ်စောင်ဖြစ်သည့်အတွက် နိုင်ငံရေးရေချိန်အရ မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရနေသော သတင်းစာ ဖြစ်သည်။


ထိုအချိန်မျိုးတွင် ဆရာသင်ကို ရက်ရက်စက်စက်ဓါးဖြင့် ထိုးသတ်သည့်အတွက် ဗိုလ်တစ်ထောင်ငမိုး ကို ပြည်သူအများက ရွံရှာကုန်ကြလေသည်။


ဗိုလ်တစ်ထောင်ငမိုး ကား သူသတ်လိုက်သည့်သူ သည် မည်သူမှန်းပင်မသိ။


သူ့ဆရာ ဦးတင် ညွှန်ပြထားသည့် အတိုင်း လူနှင့် သွားလာတတ်သည့်အချိန်ကို မှတ်သားကာ သတ်ခဲ့ခြင်းပေ။


ဆရာသင်၏ အသုဘ ကို ဆရာကြီးရွှေဥဒေါင်းကဲ့သို့ နိုင်ငံကျော်စာရေးဆရာကြီးများ၊ သြဇာကြီးသတင်းစာဆရာကြီးများ၊ နိုင်ငံရေးသမားကြီးများ ကိုယ်တိုင် အခေါင်းထမ်းကာ တခမ်းတနားလိုက်ပို့ခဲ့ကြသည်။


………………….. …………………. ……………….


ငမိုး အား ပန်းဆိုးတန်းပုလိပ်ဌာနမှ ဖမ်းဆီးထားသည့် သတင်းကြားသည်နှင့် ဦးတင် သည် ချက်ချင်း ရောက်လာ၏။


ကိုမိုး..ဖြစ်တာတွေလည်း ဖြစ်ပြီးသွားပြီ…ကျန်တာ ဘာမှ စိတ်မပူနဲ့..ကိုမိုးရဲ့ အမေနဲ့ မယ်လှ တို့ စားရေးသောက်ရေး နေထိုင်ရေးကို လိုလေသေးမရှိအောင် ဦးတာဝန်ယူပါ့မယ်..အဲ့ဒါ ဘာမှ စိတ်မပူနဲ့”


ငမိုး ကား ဦးတင် ကို အားကိုးသူဖြစ်သည်။


ယခု သူသတ်လိုက်မိသူသည် တိုင်းသိပြည်သိ သူတစ်ဦးမှန်း ပုလိပ်ဌာနရောက်မှ သိရသည့်အတွက် လည်း ငမိုးစိတ်ထဲ စိုးရိမ်နေမိသည်။


အမှုကိစ္စလည်း ဘာမှ စိတ်မပူနဲ့.ကိုမိုး။ ကိုမိုးအတွက် အကောင်းဆုံး ရှေ့နေကို ဦး ငှားပေးထားမယ်။ ပြီးတော့ ကိုမိုးနဲ့ ဆရာသင် လမ်းမှာ လူချင်းတိုက်မိပြီးစကားများရာက လက်လွန်မိတာပါလို့ သာ ထွက်ဆို။ ကိုမိုး အမှုက ကွင်းလုံးကျွတ်လွတ်ဖို့ ဦးတာဝန်ယူတယ်”


ဆေးနီအဖေအား ဓါးဖြင့် ခုတ်သည့်အမှုတွင် ကွင်းလုံးကျွတ်လွတ်ထားဖူးသည့်အတွက် ဦးတင်၏ စကားကို ငမိုးက ယုံကြည်သည်။


ဦး နောက်ပိုင်း ကိုမိုးဆီ မလာရင် တမျိုးမထင်နဲ့နော်။ ခဏခဏလာရင် ဦးတို့ချင်း ပတ်သက်မှုကို သတင်းစာသမားတွေ ရိပ်မိကုန်မှာစိုးလို့..ကိုမိုး ဦးကို ယုံကြည်ပါ”


စိတ်ချပါ.ဆရာ။ ဆရာ စီမံတဲ့အတိုင်းပဲ ကျွန်တော်နာခံပါ့မယ်”


မကြာမီ ငမိုး အား ခရိုင်တရားသူကြီး မစ္စတာဆစ်စလာက လူသတ်မှုပုဒ်မ (၃၀၂)ဖြင့် တရားစွဲကာ ဗဟိုတရားရုံးချုပ် ချိကုတ် သို့ လွှဲပြောင်းပေးခဲ့သည်။


ထိုအချိန် ငမိုးကို ထားရာ ရန်ကုန်ထောင်ကြီးသို့ ဖာရစီမယ်လှနှင့်အတူ သူငယ်ချင်းဖြစ်သူ အလိန် ရောက်လာသည်။ အလိန်က ဖြစ်စဉ် အစအဆုံကို ဖာရစီမယ်လှ ပြောပြထားသဖြင့် အရိပ်အမြွက်သိထားပြီးသူဖြစ်သည်။


သူငယ်ချင်း…ငမိုး…မင်း…ကွာ…ဒီနယ်ပယ်က မင်းတို့ ငါတို့လိုကောင်တွေနဲ့ ဘာမှ မဆိုင်တဲ့ နယ်ပါကွာ..ဒီလူကြီးခိုင်းတာလုပ်လို့ မင်းဒီလိုဖြစ်ရတာ”


ဆရာ့ကို အဲ့ဒီလို မပြောပါနဲ့ကွာ..ဆရာက ငါ့အပေါ်ကျေးဇူးတွေရှိတယ်ကွ”


ဟေ့ကောင်.ငမိုး..ဆန်ပေးမှ ဆီရတာပါကွာ..မင်း သူခိုင်းတာလုပ်လို့ အဖမ်းခံရတာလေ..မင်းကို သူက ပြန်ထုတ်ပေးတာအဆန်းလား..မင်းမရူးချင်စမ်းပါနဲ့..ငမိုးရာ..ဒီတစ်ခါ မင်းသတ်လိုက်တဲ့အမှုက အရင်အမှု တွေလို မဟုတ်ဘူးကွ..နိုင်ငံရေးတွေနဲ့ပါ ပတ်သက်နေတာ..”


မင်း နားမလည်ပါဘူး..အလိန်ရာ..ဆရာ့ကို ငါသစ္စာရှိရမယ်ကွ…ဆရာက ငါ့ကို ကွင်းလုံးကျွတ်အောင် လုပ်ပေးလိမ့်မယ်”


ငမိုး..မင်းက လူတွေကို သိပ်အယုံလွယ်တာကိုးကွ”


သူငယ်ချင်းဖြစ်သူ အလိန်ကို ငမိုး ဒေါသထွက်သွားသည်။


ဘေးတွင် ရပ်နေသော ဖာရစီမယ်လှ ကို လှမ်းငေါက်လိုက်သည်။


မယ်လှ..နောက်တစ်ခါ ထောင်ဝင်စာလာရင် မင်းတစ်ယောက်ပဲလာ”


အလိန်က ငမိုးကို ကြည့်ကာ ပြုံးလိုက်သည်။


ငမိုးရာ..လခွမ်း..ဒဲ့နှင်စမ်းပါဟ..မင်းကလည်း..ကဲ..ဘာပဲဖြစ်ဖြစ်ပါ..မင်းလိုတာရှိရင် ငါအမြဲရှိမယ်..ဟုတ်ပြီလား”


အလိန် ကခပ်ပြုံးပြုံးဖြင့် လှည့်ထွက်သွားသည်။


ငမိုး ထောင်ကြီးချုပ်တွင် ရှိနေစဉ် ဦးတင်က ငွေသုံးရာလှမ်းပို့ပေး၏။


ထိုစဉ်က ငွေသုံးရာဆိုသည်မှာ နည်းသည့် ပမာဏမဟုတ်။


သို့သော် စီရင်ချက် ချသည့်နေ့တွင်တော့ ငမိုး ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ခြင်း ခံလိုက်ရလေတော့သည်။


စီရင်ချက် ကို ကြားသောအခါ ငမိုးမှာ အံသြတုန်လှုပ်သွား၏။


သူထင်ထားသည်ကား ကွင်းလုံးကျွတ် သို့မဟုတ် ထောင်ဒဏ်နှစ်အနည်းငယ်သာဖြစ်သည်။


ယခုတော့ တစ်သက်တစ်ကျွန်းတဲ့။


ဦးတင် ရောက်လာပြန်သည်။


ဘာမှ မပူနဲ့..မောင်မိုး..ဒီဘက်မှာ လုပ်ရကိုင်ရနည်းနည်းခက်သွားလို့..ဦး..ဘိလပ်တရားရုံးချုပ်အထိ တက်ဖို့ အားလုံး စီစဉ်ပြီးသွားပြီ…တကျွန်းပို့လည်းလိုက်သွားသာ။ တစ်နှစ်အတွင်း အယူခံထပ်တက်ပေးမယ်။ ဘိလပ်ကျရင် မောင်မိုး နိုင်ပြီသာမှတ်”


ငမိုး ကား စဉ်းစားသွား၏။


ဦးတင် ကို သူဖော်လိုက်လျင် ဦးတင်လည်း အဖမ်းခံရမည်။ သူလည်း လွတ်မည်မဟုတ်။


ထိုအတူတူ ပြင်ပတွင် ဦးတင်က ကျန်ခဲ့လျှင် မိမိလွတ်မြောက်ရေးကို လည်း ကူပေးနိုင်မည်။ ကျန်ရစ်ခဲ့သည့် မိသားစုကိုလည်း ထောက်ပံ့နိုင်မည်ဟု တွက်ဆလိုက်သည်။


ထို့ကြောင့် ငမိုးသည် တစ်သက်တစ်ကျွန်းသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။


ငမိုး တစ်သက်တစ်ကျွန်းသို့ ပို့ခံရပြီး တလနှစ်လအကြာတွင် ဦးတင်သည် စီးပွားကျနေသည့်အတွက်ဟု အကြောင်းပြကာ ငမိုး၏ အမေဒေါ်ဗုံဗုံ နှင့် ဖာရစီမယ်လတို့ကို လစဉ်ထောက်ပံ့နေသော ငွေကို ရပ်တန့်ပစ်လိုက်လေတော့သည်။


လူမိုက်ကြီးဗိုလ်တစ်ထောင် ငမိုး ကား ပညာ့အလင်းဦးတင်၏ လှည့်စားခြင်းကို ကောင်းကောင်းကြီး ခံလိုက်ရရှာသည်။


ဦးတင်ကမူ ငမိုးနှင့် ပတ်သက်ခဲ့သမျှကို အဆက်အသွယ်ဖြတ်ပြီးနောက် စီးပွားတက်သည်ထက် တက်လာခါ ပုံနှိပ်စက်ကြီးများ၊ တိုက်အိမ်များ ဝယ်ယူနိုင်ခဲ့သည်။


လူမိုက်ကြီးဗိုလ်တစ်ထောင်ငမိုး လား ရန်ကုန်မြေပေါ်မှ လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။


၁၉၂၃ နှစ်ကုန်ပိုင်းသို့ ပင်ရောက်ခဲ့ပြီ။


ဗိုလ်တစ်ထောင်ငမိုး တကျွန်းကျခဲ့သည်မှာ ()နှစ်ပင်စွန်းခဲ့ပြီ။


မြန်မာအလင်းသတင်စာ၏ နာမည်ကျော်ဦးပုကလေးနေအိမ်ရှေ့သို့ ကားတစ်စီး ဆိုက်လာသည်။


ကားပေါ်မှ ဆင်းလာသူကား အလိန် ခေါ် ဘဦး။


ဗိုလ်တစ်ထောင်ငမိုး ၏ အချစ်ဆုံးသူငယ်ချင်း။


အလိန်နှင့် ဦးပုကလေးတို့ တစ်နာရီခန့် စကားပြောကြသည်။ အလိန်က သူသိသခဲ့သမျှ ကို ဦးပုကလေးကို ပြောပြသည်။


ထို့နောက် နေ့ရက်များတွင်တော့ ဦးပုကလေးသည် ဗိုလ်တစ်ထောင်ငမိုးနှင့် ပတ်သက်ခဲ့သူများ၊ သူဌေးဦးတင် နှင့် ပတ်သက်ခဲ့သူများထံသို့ သတင်းလိုက်လေတော့သည်။


၁၉၂၄ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာကြီးတွင် သတင်းထောက် ဦးပုကလေး ရေးသားသည့် “ရန်ကုန်အရှေ့ပိုင်းက လူသတ်သတင်းစာကြီး”ဟူသော ဆောင်းပါးက ပြည်သူများကိုသာမက ပုလိပ်အဖွဲ့နှင့် စုံထောက်အဖွဲ့များကိုသာရိုက်ခတ်သွားတော့သည်။


ထိုဆောင်းပါးကို ဖတ်ပြီးနောက် ပြည်ထဲရေးအတွင်းဝန်က ရန်ကုန်ပုလိပ်မင်းကြီးနှင့် စုံထောက်မင်းကြီးတို့အား ဆရာသင် အသတ်ခံရမှုကို ပြန်လည်စစ်ဆေးရန် အမိန့်ချခဲ့လေတော့သည်။


ထိုကိစ္စအတွက် ရာဇဝတ်ဝန် မစ္စတာ ဇေဗီးယားကို အထူးစုံထောက်အဖြစ် ခန့်အပ်လိုက်လေသည်။


ဗြိတိသျှပိုင် မြန်မာပြည်၏ တရားစီရင်ရေးသမိုင်းတွင် တစ်ကျွန်းအမိန့်ချပြီးသားအမိန့်အား ပြန်လည်စစ်ဆေးရခြင်းသည် ဗိုလ်တစ်ထောင်ငမိုး ၏ အမှုက ပထမဆုံးဖြစ်သည်။


မစ္စတာဇေဘီယားသည် တကျွန်းရှိရာ ပို့ဘလဲယားကျွန်းအထိ သွားပြီး ဗိုလ်တစ်ထောင်ငမိုးနှင့် သွားရောက်တွေ့ဆုံသည်။


ရန်ကုန်သို့ရောက်သည့်အခါ မစ္စတာဇေဘီယားသည် နောက်အိမ်ထောင်ပြုသွားပြီဖြစ်သော ဖာရစီမယ်လှ အစရှိသော ဗိုလ်တစ်ထောင်ငမိုးနှင့် ပတ်သက်သူများကို လိုက်လံတွေ့ဆုံကာ စစ်ချက်ယူသည်။


ထို့နောက် အစီအရင်ခံစာအပြည့်အစုံတင်သွင်းကာ ပုလိပ်မင်းကြီးထံ တင်လိုက်လေတော့၏။


ထိုသတင်းကို ကြားသည်နှင့် ဦးတင်သည် တရားရုံးချုပ်တရားသူကြီးများမှ အစပြုပြီး၊ ပုလိပ်မင်းကြီးအထိ ရွှေဒင်္ဂါပေါင်းများစွာလာဘ်ထိုးကာ အကာအကွယ်ကြိုယူထားခဲ့သည်။


သို့သော် ဦးတင် နောက်ကျသွားချေပြီ။


မကြာမီပင် ပုလိပ်အရာရှိများ ဦးတင်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးလေတော့သည်။


အစိုးရရှေ့နေ နာမည်ကျော် ဦးမြဘူး။


ဦးတင်ဘက်က ငှားရမ်းထားသည့် ရှေ့နေက ဘိလပ်မှ နာမည်ကျော်ရှေ့နေ မစ္စတာထလန်ဘီ။


အစိုးရသက်သေအဖြစ် လယ်တီပဏ္ဍိတဦးမောင်ကြီး၊ မြန်မာ့အလင်းအယ်ဒီတာဦးစိန်၊ သတင်းထောက်ဦးပုကလေး၊ စိန်ပွဲစားကြီး ဒေါ်မြမေ၊ ငမိုး၏ သူငယ်ချင်း အလိန်၊ ဖာရစီမယ်လှ၊ ငမိုးအဖမ်းခံရစဉ်က အသက် (၁၄)နှစ်သာရှိသေးပြီး ယခုအခါ ဓါးဘိုးထင်ဟု နာမည်ကျော်လာသူ ငမိုး၏ အမေတူအဖေကွဲ ညီ ဘိုးထင် နှင့် ဗိုလ်တစ်ထောင်ငမိုး တို့ပင်။


စိန်ပွဲစားကြီး ဒေါ်မြမေ မှာ ငမိုး ဆရာသင်ကို သတ်ပေးသည့် အတွက် ဖာရစီမယ်လှကို ဦးတင်က စိန်နားကပ်တစ်ရံ အခကြေးငွေပေးခဲ့ရာတွင် ရောင်းဝယ်ပေးခဲ့သည့် ပွဲစားကြီးဖြစ်သည်။


ဓါးဘိုးထင် ကား ငမိုး အဖမ်းခံရစဉ် ငမိုးအမေ မဗုံဗုံထံသို့လာပြီး ဦးတင် စည်းရုံးခဲ့သမျှကို ကြားခဲ့ရသူဖြစ်သည်။


ဦးတင်က မထောက်ပံ့သည့်အတွက် ဗိုလ်တစ်ထောင်ငမိုးအရှိန်ဖြင့် လူမိုက်ပေါက်စလုပ်ကာ ငွေရှာနေရသည့် လူငယ်လေးဖြစ်သည်။


သက်သေများကား ခိုင်လုံနေပေပြီ။


သို့သော်..ဦးတင် ဘက်က ရှေ့နေ ကြီးမှာ နောက်ဆုံးလျှောက်လဲချက်တွင် ဝှက်ဖဲတစ်ချက်ကို ထုတ်ပြလိုက်လေတော့သည်။


ထိုဝှက်ဖဲ ကား အခြားမဟုတ်။


လူသတ်တရားခံတစ်ဦးနှင့် တွဲဖက်ကြံရာပါ အခြားတရားခံတစ်ဦးရှိနေသည်ဟု အထောက်အထား အခိုင်အမာရှိပါက ဥပဒေအရ ထိုအမှုကို ငါးနှစ်အတွင်း ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ယခု ထိုမှုခင်းဖြစ်ပွားခဲ့သည့်ကာလမှ ငါးနှစ်ကျော်နေသဖြင့် အရေးမယူနိုင်တော့” စီရင်ထုံးကို လျှောက်လဲလိုက်တော့သည်။


အမှန်တကယ်ပင် အမှုဖြစ်သည့် အချိန်ကား ငါးနှစ်ကို ရက်ပိုင်းပင် ကျော်သွားခဲ့ချေပြီ။


အမှုအား စီရင်ချက်ချခဲ့လေပြီ။


တရားခံ၏ ဝတ်လုံတော်ရကြီး မစ္စတာ ဒီထရန်ဗီ၏ လျှောက်လဲချက်အရ အမှုကို ဆက်လက်စစ်ဆေးပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဌာနများ၏ ပေါ့လျော့မှုအတွက် တရားခံများ ထိုအကျိုးကို ခံစားထိုက်သဖြင့် ဆက်လက်စစ်ဆေးပိုင်ခွင့်မရှိကြောင်း” စီရင်ချက် ချလိုက်လေတော့သည်။


ဦးတင် ကား လွတ်သွားပါသည်။


သို့သော်ငြား အမှုဖြစ်စဉ် စိတ်ထောင်းကိုယ်ကြေဖြစ်ရသဖြင့် ကျန်းမာရေးမကောင်းတော့။


ဘိလပ်ဥပဒေဌာနများအထိ လာဘ်ထိုးရသဖြင့် ရှိသမျှ အကုန်ရောင်းပြီး အကြွေးများ တင်ကုန်သည်။


အသိုင်းအဝိုင်းကလည်း သူ့အား လူယုတ်မာတစ်ဦးအဖြစ် ဖယ်ခွာကုန်ကြသည်။ ပိုင်ဆိုင်သမျှကို အကြွေးထိုးဆပ်ရသည်။


သားထောက်သမီးခံလည်း မရှိရှာသော ဦးတင်သည် ကျန်ရစ်သော ပိုင်ဆိုင်မှုအနည်းငယ်ကို ထုခွဲပြီး ရန်ကုန်မြို့စွန် ကမာရွတ်မှ ပဲပြုတ်ရောင်းသည့် မုဆိုးမ တစ်ဦးနှင့် အိမ်ထောင်ပြုလိုက်သည်။


အိမ်ထောင်ပြုပြီး နှစ်နှစ်အကြာတွင်ပင် ဆင်းဆင်းရဲရဲဖြင့် တဲကလေးတွင် ကွယ်လွန်သွားခဲ့ပေသည်။


ဦးတင်ကွယ်လွန်ပြီး လေးနှစ်အကြာ။


၁၉၃၀ တွင်တော့ ဗိုလ်တစ်ထောင်ငမိုးသည့် အစိုးရသက်သေအဖြစ် ထွက်ဆိုပေးမှု၊ အနေအထိုင် စည်းကမ်းရှိမှုကြောင့် လျှော့ရက်များစွာရပြီး တကျွန်းမှ ပြန်လွတ်မြောက်ခဲ့ပြီဖြစ်သည်။


……………………………………………………………………………………………………………


ဗိုလ်တစ်ထောင်၊ ဘရွတ်ကင်းလမ်းသည် ဈေးသွားဈေးလာများဖြင့် စည်ကားနေသည်။


ထိုအချိန်တွင် ဈေးရှေ့သို့ ကားတစ်စီး ထိုးစိုက်လာ၏။


ကားပေါ်မှ လမ်းမတော်ဖိုးတုတ် ဆင်းလာသည်။


သူ့ဘေးတွင် ဂန္ဓမာသောင်းရီ နှင့် ငညွန့်။


ဘရွတ်ကင်းဈေးအတိုင်း သူတို့ ဝင်လာကြ၏။


ဗိုလ်တစ်ထောင်ငမိုး နေထိုင်သည့် အိမ်သို့ ရောက်သောအခါ မတ်တပ်ရပ်လိုက်ကြသည်။


တစ်ဈေးလုံးမှ လမ်းမတော်ဖိုးတုတ်ကြီး လာပြီမှန်း သတိထားမိသွားလေပြီ။


ယခင်က ငမိုးနေခဲ့သော အိမ်တွင် မိခင်ဖြစ်သူသေဆုံးပြီးနောက် နှမဖြစ်သူ မအေးမြ နေထိုင်သည်။ ငမိုး က မအေးမြ ၏ သားကလေးနှင့်အတူ အိမ်ပေါ်တွင် ဆော့ကစားနေ၏။


ဂန္ဓမာသောင်းရီ က ကုတ်အင်္ကျီလက်အကြားတွင် ဝှက်လာသော ဓါးကို ထုတ်လိုက်သည်။


ထို့နောက် လမ်းတော်ဖိုးတုတ်ကို ကမ်းပေးလိုက်၏။


ဟေ့..ဗိုလ်တစ်ထောင်ငမိုး..…မင်း ဓါးရေးထက်တယ်ဆိုလို့…လမ်းမတော်ကနေ လာခဲ့တာပဲ….ငါ လမ်းမတော်ဖိုးတုတ်ကွ..ဓါးငမိုးနဲ့ ဖိုးတုတ် ဘယ်သူ ဓါးရေးထက်တယ်ဆိုတာ ဒီနေ့ သိရအောင် လာခဲ့တာပဲ”


အိမ်ရှေ့မှ အသံကြောင့် ဗိုလ်တစ်ထောင်ငမိုး က ဝရံတာသို့ ထွက်ကြည့်လိုက်သည်။


ထို့နောက် ဓါးကိုင်လျက် အိမ်ရှေ့မှ လာအော်နေသော ဖိုးတုတ်တို့ သုံးယောက်ကို ကြည့်ကာ ပြုံးလိုက်၏။


ဘရွတ်ကရင်းတစ်ဈေးလုံး ငြိမ်သက်သွားကြလေပြီ။


ငမိုးက ဝရံတာတွင် လက်ထောက်လိုက်ရင်း


..ခင်ဗျား ရောက်လာပြီကို..ကိုဖိုးတုတ်..ကဲ..ဧည့်သည်ရောက်တော့လည်း ဧည့်ခံရမှာပေါ့.. အိမ်ပေါ် တက်ကြပါဦး”


ဖိုးတုတ်က အိမ်ပေါ် တက်ရန် ဟန်ပြင်လိုက်သည်။


ငညွန့်က ဖိုးတုတ်လက်ကို ဆွဲထားလိုက်၏။


ဆရာဖိုးတုတ်..ဓါးငမိုးက ဓါးနဲ့ခုခါနီးဆို ဒီလိုပဲ ပြုံးပြုံးလေး လုပ်ပြတယ်လို့ ကျွန်တော်ကြားဖူးတယ်..အိမ်ပေါ် မတက်ရင်ကောင်းမယ်..တော်ကြာ သေကုန်ဦးမယ်..သတိထားမှဗျ”


ဖိုးတုတ်က ငညွန့်ကို ကြည့်ကာ ပြုံးလိုက်သည်။


ငညွန့်ရာ…အပြင်မှာ နေပူတယ်ဟ..သေတော့လည်း အရိပ်ထဲ သေရတာပေါ့..လာတက်မယ်”


ဖိုးတုတ်က ရှေ့ဆုံးမှ တက်သွား၏။


ဂန္ဓမာသောင်းရီက နောက်ကလိုက်တက်သည်။ နောက်ဆုံးတွင် ငညွန့်။


အိမ်ပေါ်သို့ ရောက်သောအခါ ငမိုး က သင်ဖြူးဖျာကို ခင်းနေသဖြင့် ငညွန့်ပင် အံသြသွားသည်။


လာဗျာ..ဓါးကြီးတော့ ဖိနပ်ချွတ်မှာ ထောင်ခဲ့စမ်းပါ..အသဲယားလို့..…ကျွန်တော်လည်း လွတ်လာကတည်းက ခင်ဗျားတို့ ဘယ်နေ့လာမလဲ စောင့်နေတာ.. ဟိုတစ်နေ့ကတော့ မန်မဆာကြီး လာသွားပြီးပြီ”


ဖိုးတုတ်က သင်ဖြူးဖျာပေါ် ထိုင်လိုက်သည်။ ဂန္ဓမာက ဖိုးတုတ်နှင့် ခပ်လှမ်းလှမ်း တွင် သွားထိုင်၏။ ငညွန့်ကမူ မတ်တပ်ရပ်လျက်။


ကဲ..ပြောပါဦး..အဘိုင်လေးတို့က ဘာတွေ ပြောသွားလဲ..ကိုမိုး”


သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့တဲ့..ကိုဖိုးတုတ်ရေ..ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်.. မဟာမိတ်ဖွဲ့ရအောင် ပထမကမ္ဘာစစ်မဟုတ်ဘူးလို့..ကျွန်တော်မှာလည်း အရင်မိတ်ဟောင်းတွေ လာတာတောင် နှင်ပစ်နေတာပါဗျာ”


ကျုပ်တို့ကိုရော နှင်ဦးမှာလား..ကိုမိုးရဲ့”


မနှင်ပါဘူး..ကိုဖိုးတုတ်ရာ…ကျွန်တော်က ကျေးဇူးတရားကိုသိတဲ့ကောင်ပါ။ ကျွန်တော်အမေ ကျန်းမာရေးမကောင်းစဉ်ကရော၊ နာရေးဖြစ်တဲ့အထိပါ ကိုဖိုးတုတ် ကူညီပေးခဲ့တာတွေကို ကျွန်တော့် နှမ က အကုန်ပြောပြထားပါတယ်”


အဲ့ဒါတော့ ကျုပ်သူငယ်ချင်း ဂန္ဓမာကြီးကို ကျေးဇူးတင်ဗျိုး။ ဂန္ဓမာကြီးက ခင်ဗျားအမေ ဒုက္ခရောက်နေတယ်သတင်းကြားတော့ ကျွန်တော့်ကို ပြောပြတယ်။ သူက အရင် ပုဇွန်တောင်မှာနေကတည်းက ခင်ဗျားအကြောင်းတွေ သိနေတာကိုးဗျ”


ကိုဂန္ဓမာရော..ကိုဖိုးတုတ်ကိုရော ကျေးဇူးတကယ်တင်ပါတယ်ဗျာ”


ကျုပ်လူ ငညွန့်က ခင်ဗျားက အိမ်ပေါ်တက်ရင် ခုတ်မယ် ထင်နေတာဗျ”


ဟုတ်တယ်ဗျာ..တခြားလူဆိုရင်တော့ အိမ်ပေါ်တောင်မရောက်ဘူး..အဲ့ဒီနားတင် ဆင်းပိုင်ပြီးသားပဲ.ဒါပေမယ့်ဗျာ ကျွန်တော့်စိတ်ကို ကျွန်တော်ရသလောက် ပြန်ပြင်နေပါပြီ.. ဒါနဲ့ ကိုဖိုးတုတ်က ဘာလို့ ကျွန်တော့်အိမ်ရှေ့ကနေ ဓါးကြီးကိုင်ပြီး စိန်ခေါ်ရတာတုန်းဗျ..ကျွန်တော်နားမလည်ဘူး”


ဟားဟား..ကိုမိုးရာ..ဘာပဲဖြစ်ဖြစ် ကိုမိုး ကို ကျုပ်အကူအညီတောင်းချင်တာတော့…လောလောဆယ်တော့ ကျုပ်တို့ကို ကူညီတဲ့အနေနဲ့ ပိုနေမြဲ ၊ ကြားနေမြဲနေပေးပါ။ ကိုမိုးနယ်ထဲကိုလည်း ကျုပ်လူတွေ လွှတ်ထားပေးမယ်။ မကြာခင်မှာ ကျုပ်တို့ အရှေ့ပိုင်းက မန်မဆာနဲ့ မတ်စတီးခန်းနယ်တွေကို ဝင်သိမ်းတော့မယ်။ ခုန အိမ်ရှေ့မှာ ဓါးနဲ့ စိန်ခေါ်ရတာလည်း အဲ့ဒါပဲ။ ကျုပ် ခင်ဗျားကို စိန်ခေါ်လိုက်တယ်၊ ခင်ဗျားက ထွက်လာပြီး အိမ်ပေါ်ခေါ်တယ်။ ပြီးရင် ကျုပ်တို့က ခင်ဗျားအိမ်က အေးအေးဆေးဆေးပြန်ဆင်းသွားမယ်။ ခင်ဗျားကလည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ အဲဒီတော့ ညနေကျရင် မတ်စတီးခန်းနဲ့ မန်မဆာတွေဆီကို ဖိုးတုတ်နဲ့ ငမိုး ပူးပေါင်းသွားပြီဆိုတဲ့ သတင်းထွက်လာလိမ့်မယ်၊ အဲ့ဒီအခါ ဒီကောင်တွေကို ကျုပ်က စိတ်ဓာတ်ရေးရာအရ အသာစီးယူလိုက်တာပဲ”


ငမိုးက ခေါင်းကုတ်လိုက်သည်။


ကိုဖိုးတုတ်ရာ..ကျွန်တော်တို့က အဲ့ဒီလောက်ထိတော့လိုက်မမှီဘူး..မတရားရင် စော်လိုက်မယ်၊ချလိုက်မယ်ပဲ သိခဲ့တာ..ခင်ဗျားကတော့ တကယ့်ကို အကွက်ကျကျ စီစဉ်တတ်တဲ့ ဉာဏ်သမားပဲဗျာ..စိတ်ချပါဗျာ..ခင်ဗျား ကျေးဇူးတွေ ကျွန်တော့်အပေါ်ရှိတာပဲ..ဒါပေမယ့်..ခင်ဗျား ကိစ္စတွေပြီးရင်တော့ ကျွန်တော့်ကို သင်္ကန်းစီးပေးပါဗျာ”


တကယ်လား..ကိုမိုးရဲ့..ဒီနယ်မှာလည်း ခင်ဗျားအရှိန်က အများကြီးကျန်ပါသေးတယ်… ခင်ဗျား နဲ့ ကျုပ် ရန်ကုန်ကို ပူးတွဲစိုးမိုးလို့ရပါသေးတယ်”


နေပါစေ..ကိုဖိုးတုတ်ရာ..ကျွန်တော်က ခင်ဗျား တို့နဲ့ မတူပါဘူး။ ခင်ဗျားတို့လို မကြံတတ် မစည်တတ်ဗျ။ တကယ်လို့ ခင်ဗျားနဲ့ ပူးတွဲစိုးမိုးမယ်ဆိုရင်တောင် ခင်ဗျားက တနည်းနည်းနဲ့ ကျွန်တော့်ကို ရှင်းမှာပဲ မဟုတ်လား..ခင်ဗျားက ဗိုလ်မထားတတ်မယ့် လူဆိုတာ ကျွန်တော်သိပါတယ်..ကိုဖိုးတုတ်ရာ..ဟားဟား”


ထိုနေ့က လမ်းမတော်ဖိုးတုတ်နှင့် ဗိုလ်တစ်ထောင်ငမိုး တို့ အိမ်ပေါ်မှ ရယ်ရယ်မောမောဖြင့် ဆင်းလာသည်ကို ဘရွတ်ကင်းဈေးအတွင်းမှ လူအများ မြင်လိုက်ကြရသည်။


နောက်တစ်နေ့တွင် မစ္စတာမန်မဆာ သည် မတ်စတီးခန်း၏ ပန်းဘဲတန်းမှ တိုက်ကြီးဆီသို့ အပြေးအလွှားသွားလေတော့သည်။





အခန်း(၁၄)


……………


ခမ်းနားထည်ဝါလှသော မတ်စတီးခန်း၏ တိုက်ကြီးပေါ်သို့ မစ္စတာမန်မဆာ တက်လာသည်။


ဧည့်ခန်းထဲတွင် မတ်စတီးခန်း က မြေးကလေးနှစ်ယောက်နှင့် ဆော့ကစားနေ၏။


ဆလံမာလေကွန်း အဘိုင်ကြီး”


အဘိုင်လေး..ဖိုးတုတ်နဲ့ ငမိုး ပူးပေါင်းသွားပြီဆိုတဲ့ သတင်းပြောဖို့ လာတာမဟုတ်လား”


အဘိုင် သိပြီးသားပေါ့”


ငါ သိပြီးသားပါ…”


နောက်တစ်ခုက ပန်းဘဲတန်းထဲ က လန်ချားဂိတ်တွေ၊ တက္ကစီဂိတ်တွေကို ဖိုးတုတ်လူတွေက လစဉ်ကြေး ဝင်တောင်းနေတယ်..အဘိုင်ကြီး..ဒါ ကျွန်တော်တို့ နယ်မြေပဲ”


ငါမပြောခဲ့ဖူးလား…ညီအစ်ကို..မကြာခင်မှာ ဖိုးတုတ်က ရန်ကုန်ကို သိမ်းမှာပါဆိုတာ.. အခု ငါ့ ဗလီရှိတဲ့ တာမွေထဲအထိ ဒီကောင့်လူ အောင်ဘ က ခြေကုပ်ယူနေပြီ”


အဲ့ဒါ ဘိုင်က ဘာမှ ဝင်မလုပ်တော့ဘူးလား..ဝင်မပါတော့ဘူးလား”


ငါ အသက်ကြီးပြီ..မန်မဆာ။ ထိုက်သင့်သလောက်လည်း စုမိဆောင်းမိပြီ။ ငါ့ရဲ့ လက်ကျန်အချိန်တွေကို အရှင်မြတ်အတွက်လည်း အချိန်ပေးရဦးမယ်”


အဘိုင်နဲ့ ကျွန်တော်တို့နဲ့ လက်တွဲလာတာ ဆယ်နှစ်ကျော်ပြီအဘိုင်။ ညီလိုအကိုလို နေခဲ့ကြတာ။ အခု ဒီအခြေအနေကျမှ အဘိုင်က လက်ရှောင်နေတော့မယ်ပေါ့”


ဟူး..မန်မဆာရေ..နိုင်ငံရေးအခြေအနေကိုလည်း မင်းထည့်တွက်သင့်တယ်..အခု အသစ်ရောက်လာတဲ့ ပုလိပ်မင်းကြီး ဝဲဘုန်းလ် က အရင် မင်းကြီး ရှပ်တဲဝပ်လို ငါနဲ့ သိပ် အဆင်မပြေလှဘူး...ပြီးတော့ အခုဖြစ်နေတဲ့ သူပုန်ဆရာစံ ကိစ္စမှာ မြန်မာတွေက အရမ်းသွေးကြွနေကြတယ်…အစိုးရကလည်း ဌာနေရင်းလူမျိုးဖြစ်တဲ့ မြန်မာပြည်သူကို ဆရာစံ သူပုန်ထဲ အလုံးအရင်ရောက်သွားမှာ စိုးရိမ်နေတယ်….ဒီအင်္ဂလိပ်ကောင်တွေ အကြောင်း ငါအသိဆုံးပဲ..သူတို့ အခုချိန်မှာ မြန်မာတွေ ဆရာစံဘက် မရောက်သွားစေဖို့ ဘာပြသနာဖြစ်ဖြစ် မြန်မာတွေဘက်က ရပ်တည်နေလိမ့်မယ်”


အဘိုင် သွေးကြောင်နေပြီလား…ဒီလိုဆို ကျွန်တော်တို့က ကျွန်တော်တို့ နယ်မြေတွေကို ဖိုးတုတ်လက်ထဲ ထည့်ပြီး ရထားလုံးပြန်မောင်းနေကြရမှာလား…ဖိုးတုတ်ကို အဘိုင်က လည်ပင်းကြိုးကွင်းစွပ်ခဲ့ဖူးသူဆိုတာလဲ..သတိရဦးနော်..အဲ့ဒီကိစ္စ ဖိုးတုတ်က မေ့မယ်ထင်လို့လား”


မန်မဆာ ပြောလိုက်သောစကားကြောင့် မတ်စတီးခန့် မျက်နှာပျက်သွားလေသည်။


အခုပြောနေတာ ကျွန်တော်တို့ မန်မဆာတွေ ကိစ္စတင်မကဘူး…အဘိုင့် အသက်ဘေးနဲ့လည်း ဆိုင်တယ်..အဘိုင်”


မတ်စတီးခန့်က ထိုင်ရာမှ ထကာ အနောက်ဘက် ဘီဒိုထဲမှ ဆေးခြောက်ရှုသည့်ပြောင်း နှင့် ပုလင်းထဲမှ ဆေးခြောက်အနည်းငယ်ကို ယူလိုက်သည်။


ထို့နောက် ပြောင်းထဲတွင် ထည့်ပြီး မီးညှိ့ကာ ဖွာရှိုက်လိုက်၏။


မတ်စတီးခန့် နှင့် မန်မဆာကြားတွင် အခိုးအငွေ့များက တလွင့်လွင့်တက်လာသည်။


ဟုတ်ပြီ..မန်မဆာ..ဒီနောက်ဆုံးပွဲမှာ မင်းနဲ့ ငါ အတူတူ လမ်းတော်သားတွေကို တိုက်မယ်”


မန်မဆာ ၏ မျက်နှာက မျှော်လင့်ချက်တို့ဖြင့် ပြန်လည်အရောင်လက်လာသည်။


ဒါပေမယ့်..မန်မဆာ…အခုက မန်ရှီဒီးတွေနဲ့ ငါတို့ တိုက်ခဲ့တုန်းက ခေတ်နဲ့ မတူတော့ဘူးကွ..နိုင်ငံရေး အခြေအနေတွေကိုပါ သုံးသပ်တက်ရမယ်..မန်ရှီဒီးတွေကို တိုက်တုန်းကလို လူအင်အားတွေနဲ့ ခုတ်ပွဲ ထစ်ပွဲကြီးတွေ ဖြစ်လို့မရဘူး”


ဘာလို့လဲ…အဘိုင်…ဖိုးတုတ် လူတွေက အင်အားများလို့လား”


ဖိုးတုတ်ကိုခဏထားကွ..အခု ဆရာစံသူပုန်ကို ချေမှုန်းဖို့ အိန္ဒိယကနေ ဂေါ်ရခါးစစ်တပ် နှစ်တပ် ရောက်နေတယ်။ နှစ်တပ်လုံး ဒီဝီဇံတပ်မကြီးတွေပဲ။ အစိုးရက ရန်ကုန်နဲ့ မိုင်နည်းနည်းလေးဝေးတဲ့နေရာမှာ သူပုန်ထနေတဲ့ကိစ္စ ခေါင်းခဲနေချိန် ရန်ကုန်မြို့ပေါ် ငါတို့က ဂိုဏ်းစစ်ပွဲထဖြစ်မယ်ဆို..သူတို့ ဘာလုပ်မယ်ထင်လဲ…အေး..သူပုန်တွေဘာမှမဖြစ်ခင်..ငါတို့အားလုံး ဂေါ်ရခါးတပ်စာ မိကုန်မယ်ကွ…ဒီကောင်တွေက ငါတို့ဆီက ပုလိပ်တွေလို ငွေပေးလိုက်ရင် ကြည့်လုပ်လိုက်ပါ့မယ်အဘိုင်ဆိုပြီး ဆလံပေးပြန်သွားမှာမဟုတ်ဘူး..စက်သေနတ်နဲ့ချည်းပစ်မှာကွ..ပြီးတာနဲ့….ခေါင်းဆောင်တွေဖြစ်တဲ့ မင်းတို့၊ ငါတို့၊ ဖိုးတုတ်တို့လည်း လွယ်မယ်မထင်နဲ့”


အဲ့ဒီတော့..ကျွန်တော်တို့ ဘာလိုတိုက်မလဲ..အဘိုင်”


ငါ့မှာ နည်းလမ်းနှစ်ခုရှိတယ်။ အသေးစိတ်အခြေအနေကိုတော့ မင်းကိုင်တွယ်ရမယ်။ တကယ်တော့ လူမိုက်ဆိုတဲ့ကောင်တွေဟာ မိုက်ဂုဏ်ရယ်၊ သူ့အတွက် မိုက်ပေးမယ့်သူရယ် နှစ်ခုနဲ့ ဒေါက်တိုင်ထား ရပ်တည်နေကြတာ။ လူတွေကလည်း အဲ့ဒီနှစ်ခုကြောင့် သူ့ကို လူမိုက်ဆိုပြီး ကြောက်နေကြရတာ။ ဒီတော့ ပုဏ္ဍားဘထွန်းကိုဖိုးတုတ် လုပ်သွားတဲ့အကွက်ကို မင်း မြင်လား။ ပထမဆုံး သူ့ ဒေါက်တိုင်ဖြစ်တဲ့ အာဠာဝကကို အပြတ်ရှင်းတယ်။ နောက်တော့ ပုဏ္ဍားအိမ်ရှေ့ကို ဓါးကြိမ်းသွားကြိမ်းပြီး ပုဏ္ဍားရဲ့ မိုက်ဂုဏ်ကို ဖြိုချပစ်ခဲ့တာ။ ဖိုးတုတ် ကို အရင်က အဲ့ဒီလောက် ဉာဏ်ပြေးမယ်လို့ ငါတကယ်မထင်ထားဘူး။ ကားအုံနာ ဘိုးသင်း က နောက်ကွယ်က ကစားနေတဲ့ နယ်ရုပ်လေးလို့ ငါထင်ထားတာ။ အခုကျ သူက သူ့ဦးလေး ဘိုးသင်းထက်တောင် အကွက်တွေ မြင်နေသေးတယ်”


အဘိုင်က ဖိုးတုတ်ကို ကြိတ်လေးစားနေတာများလား”


လုပ်ငန်းတူချင်း..အပြိုင်အဆိုင်ချင်းမို့ ရန်သူဖြစ်နေရင်တောင်..ကိုယ့်ထက် သာတဲ့အကွက်တွေကျ လေးစားသင့်လေးစားရမယ်ကွ..ပြီးရင် သူ့အကွက်နဲ့ သူ့ကို ပြန် တိုက်နိုင်ရမယ်။ မတ်စတီးခန်းဟာ ဒီပွဲကို စီးပွားရေးအတွက် တိုက်မှာ မဟုတ်ဘူးကွ။ မတ်စတီခန်း ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်မှာ…..မန်မဆာ”


ဘယ်လို တိုက်မှာလဲ..အဘိုင်”


မင်း ကို ငါ လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ အဲ့ဒီနှစ်ယောက်ကို မင်းကိုင်တွယ်ပြီး ဖိုးတုတ် ရဲ့ ဒေါက်တိုင်နှစ်ခုကို ချိုးပစ်ရမယ်”


ဘယ်သူတွေများလဲ”


တစ်ယောက်က ရာဇဝတ်ဝန် စကော့ဘရောင်း တဲ့။ ဆရာစံအရေးအခင်း အစမှာ ပုလိပ်အဖွဲ့က အားအကိုးရဆုံး လူကြမ်းကြီးပဲ။ သူပုန်ဆယ်ယောက်လောက်ကို သေနတ်နဲ့ ပစ်သတ်ဖူးတယ်။ အခုတော့ သူပုန်ကိစ္စ စစ်တပ်ဝင်တော့မှာမို့ သူ့ကို သာယာဝတီဒီစတြိတ်ကနေ အနောက်ပိုင်းခရိုင်ကို ပြောင်းပေးလိုက်ပြီ။ ဖိုးတုတ်နဲ့ ပေါင်းနေတဲ့ ဟုတ်ဂွမ်ရဲ့ အထက်အရာရှိအဖြစ်ပေါ့ကွာ..စကော့ဘရောင်း ဟာ ရာဇဝတ်အုပ်ဘဝကတည်းက ငါ နဲ့ လူချင်းရင်းနှီးတယ်။ အပေးအယူတွေရှိခဲ့တယ်။ မင်းကို သူနဲ့ ပထမဆုံး မိတ်ဆက်ပေးမယ်.. နောက်တစ်ယောက် ကတော့.. ကင်းဘဲလမ်းထဲက ငါ့ခြံမှာ ရှိနေတယ်…မနက်ဖြန် မင်းကို သူ့ဆီ ခေါ်သွားမယ်”


……………………………………………………………………………………………………………….


၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့။


ဂဠုန်ဆရာစံဦးဆောင်သည့် လယ်သမားအရေးတော်ပုံကြီးကား အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖြစ်ပွားနေဆဲ။


အင်္ဂလိပ်စစ်တပ်များကလည်း သာယာဝတီမှ ပြည်အထိ သွေးချောင်းစီးအောင် တိုက်ခိုက်နေဆဲ။


ည ၉ နာရီအချိန် ၊ လမ်းမတော်၊ အော်လီဖင်လမ်း(ရွှေတောင်တန်းလမ်း) ရှိ “ဖူးမန်း” ခေါက်ဆွဲဆိုင်သည် ဆိုင်သိမ်းရန် ပြင်ဆင်နေ၏။


လွန်ခဲ့သည့်ရက်က “ဖူးမန်း” ခေါက်ဆွဲဆိုင်ပိုင်ရှင် ရှောက်ဖူ မှာ ထိုင်ဝမ်ကျွန်းမှ ဖခင်ဖြစ်သူကွယ်လွန်သဖြင့် မိသားစုလိုက် အရေးပေါ်လိုက်သွားရသည်။


မန္တလေးတွင် နေထိုင်သော ရှောက်ဖူ ၏ တူဖြစ်သူ ရှောက်လုံ ကို ခေါ်ကာ ဆိုင်ဆက်ဖွင့်ထားခိုင်လေသည်။


ဆရာစံအရေးတော်ပုံကာလဖြစ်သဖြင့် ရန်ကုန်မြို့တွင်းရှိ ဆိုင်အများစုမှာ စောစောပိတ်သိမ်းနေကြချိန်လည်း ဖြစ်သည်။


ထိုအချိန်တွင် ဆိုင်အတွင်းသို့ လူနှစ်ယောက်ဝင်လာသည်။ နှစ်ယောက်လုံးသည် အတော်ပင် မူးနေကြသည်။


ဟေ့…ဒီမှာ ဘဲပေါင်းခေါက်ဆွဲ နှစ်ပွဲစားမယ်”


အမူးသမားနှစ်ယောက် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။


ဆိုင်ပိတ်ပြီ..မရောင်းတော့ဘူး..သွားတော့..သွားတော့”


ဘာကွ…ပိတ်လည်း ပြန်ဖွင့်ကာ..ကြားလား”


မန္တလေးမြို့၊ တရုတ်ကွန်ဖူးကလပ်တွင် ကွန်ဖူးပညာသင်ထားခါစဖြစ်သော ရှောက်လုံမှာ ရုတ်တရက် ဒေါသထွက်သွားသည်။


သို့သော် နောက်ခန်းမှ အကြော်ဆရာက ဖိုးတုတ် တို့မှန်းသိသဖြင့် အသည်းအသန်းထွက်လာသည်။


..ဆရာတို့..ရပါသေးတယ်..ထိုင်ပါ..ထိုင်ပါ..ဘာစားကြမလဲ”


အေး..ဒီလိုမှပေါ့…ဘဲပေါင်းခေါက်ဆွဲ နှစ်ပွဲ အမြန်ချကွာ..ဗိုက်ဆာလို့ ဒေါသထွက်နေတာ”


စားပွဲထိုးလေးက ခေါက်ဆွဲနှစ်ပွဲ အမြန်လာချပေးသည်။


ဆရာဦးဟုတ်ဂွမ်….ဒီဆိုင်က ဘဲပေါင်းခေါက်ဆွဲက အရမ်းကောင်းတာ..စားဗျာ”


ဖိုးတုတ်..မင်းက အကောင်းဆို အကုန်သိနေတာပဲကွ…ဒီနေ့ နန်းရွန်းဟိုတယ်မှာ မင်းနဲ့ထိုင်တဲ့ မြာလေးက ဘယ်သူ အဆွီ ဟုတ်လား..တယ်တောင့်တာကြီးကိုကွ”


ဆရာ လိုချင်ရင်..နောက်ရက် ကျွန်တော် ခေါ်ပေးပါ့မယ်ဗျာ..အိမ်အထိ ခေါ်သွားချင်ရင်တောင် ရသဗျား”


အိမ်ထိတော့ မလုပ်ပါနဲ့..ဖိုးတုတ်ရာ..ငါ့အိမ်က ဟာကြီးက ဓါးနဲ့ခုတ်မှာကွာ..ဟားဟားဟား”


လမ်းမတော်ဖိုးတုတ်နှင့် အိတ်စပက်တော်ဦးဟုတ်ဂွမ် တို့သည် ခေါက်ဆွဲစားရင်း စကားကို အော်ကြီးဟစ်ကျယ် ပြောနေကြသည်။


ရှောက်လုံက ကောင်တာတွင် ထိုင်ရင်း ဒေါသများ တလိပ်လိပ်ထွက်နေသည်။ ဆိုင်သိမ်းခါနီး လာနှောက်ယှက်နေကြသော အမူးသမားများကို သူ့ သိုင်းစွမ်းပြကာ ဆုံးမချင်နေသည်။


ကဲ..ငွေရှင်းမယ်ဟေ့..ကောင်တာက တရုတ်လာဦး”


ရှောက်လုံ ဒေါသကို မထိန်းနိုင်တော့။


ဟေ့ကောင်တွေ….ငါက သူဌေးကွ..ပိုက်ဆံရှင်းချင် နောက်က စားပွဲထိုးတွေ ထွက်လာတဲ့အချိန်စောင့်”


ဟာ..ကောင်လေး..မင်းက စကားပြောတာ..မောက်မာလှချည်လား”


အိတ်စပက်တော်ဦးဟုတ်ဂွမ် က ထပြောလိုက်သည်။


မောက်မာတယ်ကွ..အချိန်မတော် သူများဆိုင်ထဲ လာဆူညံနေတဲ့ မင်းတို့လို ကဝေက၀တွေကို ငါက ယဉ်ကျေးရမလား”


ဖိုးတုတ်က စားပွဲပေါ်မှ ဟင်းချို ပန်းကန်ကို ကိုင်ကာ ရှောက်လုံ ထံသို့ အားဖြင့် ပစ်ပေါက်လိုက်သည်။


ရှောက်လုံ က ခေါင်းငုံ့ရှောင်လိုက်သော်လည်း နံရံသို့ ထိမှန်ပြီး ကွဲထွက်သွားသည့် ကြွေပန်းကန်လုံး အစများက မျက်နှာကို ပြန်လာမှန်သည်။


ရှောက်လုံက ကောင်တာအောက်တွင် ထောင်ထားသော တုတ်ကို ယူကာ ကောင်တာအပြင်ထွက်လာကာ ဖိုးတုတ်ကို ရိုက်ရန် ဟန်ပြင်သည်။


ဖိုးတုတ်ကလည်း ခါးကြားတွင်ပါသော ဓါးမြောင်ကို ထုတ်လိုက်၏။


ထိုအချိန်တွင် အကြော်ဆရာ ထွက်လာပြီး ရှောက်လုံအား ဝင်ဆွဲသည်။


သွားကြမယ်..ဖိုးတုတ်ရာ..ဒီကောင်လေး ဘယ်က ကောင်လေးမှန်းမသိဘူး..မင်းကို မသိလို့နေပါ့မယ်..လာလာ”


အိတ်စပက်တော်ဦးဟုတ်ဂွမ် က ဖိုးတုတ်ကို ဆွဲခေါ်ကာ ဆိုင်ပြင်သို့ ထွက်ခဲ့သည်။


ထို့နောက် နှစ်ယောက်သား လန်ချားတစ်စီးငှားကာ လတ္တာလမ်းဘက်သို့ အလာတွင် ဂန္ဓမာသောင်းရီ ၊ စံဘ၊ အုန်းဖေ တို့ နှင့် တိုးသည်။


ဒေါသ မပြေသေးသော ဖိုးတုတ်မျက်နှာကို အကဲခတ်မိသော ဂန္ဓမာသောင်းရီ က ဦးဟုတ်ဂွမ်ကို မေးလိုက်သည်။


ဆရာ..ဖိုးတုတ် ဘာဖြစ်လာတာလဲ”


အော်လီဖင်လမ်းထိပ်က ခေါက်ဆွဲဆိုင်က တရုတ်နဲ့ ရန်ဖြစ်လာတာကွာ”


ဘာ..ဒီတရုတ်က ဖိုးတုတ်ကို ရန်ရှာရဲတယ်လား..ဆိုင်နာမည်က ဘာလဲ”


ဖူးမန်းဆိုတဲ့ ဆိုင်ပဲကွ..တရုတ်က ခပ်ငယ်ငယ်ပဲ..သွေးကတော့ မသေးဘူးဟေ့..ဖိုးတုတ်ကြီးကိုတောင် တုတ်နဲ့ ထွက်ရိုက်ဖို့လုပ်တာ”


ဟာ..ဖိုးတုတ် မင်းက ဘာမှ ပြန်မလုပ်ဘူးလား”


ငါလည်း ဓါးနဲ့ တွတ်မလို့ပဲ….ဆရာဦးဟုတ်ဂွမ်က ဝင်ဆွဲခေါ်လာတာနဲ့ စိတ်လျော့လိုက်တာ”


အေး..မင်းစိတ်လျော့လိုက်တာကောင်းတယ်.ဖိုးတုတ်…မင်းကို ငါတို့ အိမ်ပြန်လိုက်ပို့ပေးမယ်”


နောက်တစ်နေ့ နံနက်တွင် ဖူးမန်း ခေါက်ဆွဲဆိုင်ကား ပုံမှန်အတိုင်း ဖွင့်လေသည်။


ဆိုင်တွင် လူစည်ကားနေချိန်တွင် ဂန္ဓမာသောင်းရီ ၊ စံဘ၊ အုန်းဖေ တို့ ဆိုင်ထဲသို့ ဝင်လာ၏။


စံဘ က ရှေ့ဆုံးတွင် တွေ့ရသော စားပွဲကို ဆွဲလှန်ပစ်လိုက်သည်။


လမ်းမတော်ဖိုးတုတ်လူများ ရောက်လာပြီမှန်းသိသဖြင့် ဆိုင်ထဲမှ လူများ အလန့်တကြား ထွက်သွားကြသည်။


မင်းတို့ ဘယ်သူတွေလဲ”


ကောင်တာတွင် ထိုင်နေသော ရှောက်လုံက ဆင်းလာသည်။


ဂန္ဓမာ က ဘာမှမပြောပဲ ရှောက်လုံ ၏ မျက်နှာကို ချိန်းကြိုးဖြင့် ဖြတ်ရိုက်ချပစ်လိုက်သည်။


စံဘနှင့်အုန်းဖေက တုတ်ကိုယ်စီဖြင့် ဝင်ရိုက်တော့သည်။


ကွန်ဖူးသမား ရှောက်လုံမှာ မည်သို့မျှ ပြင်ဆင်ချိန်ပင် မရတော့ပဲ..ဆိုင်ထဲ ခွေခွေလေး လဲကျသွားတော့သည်။


မင်းက လမ်းမတော်ဖိုးတုတ်ကို တုတ်နဲ့ ရိုက်မယ့်ကောင်ပေါ့..ဟုတ်လား”


စံဘ နှင့် အုန်းဖေက လဲကျနေသော ရှောက်လုံကို ခြေထောက်ဖြင့် ဝိုင်းကန်ကြသည်။


ဂန္ဓမာသောင်းရီ က နောက်ဖေးအကြော်ခန်းထဲသို့ ဝင်သွား၏။


အထဲတွင် စားပွဲထိုးနှစ်ယောက်နှင့် အကြော်ဆရာက လက်အုပ်ချီကာ တောင်းပန်နေကြသည်။


ကျွန်တော် မနေ့က ဝင်ဆွဲပါသေးတယ်ဗျာ..ပြီးတော့လည်း အဲ့ဒါ ဆရာကြီးဦးဖိုးတုတ် ဆိုတာ ပြောပြပါသေးတယ်..သူက မန္တလေးကဆိုတော့ မသိလို့ပါ..ကျွန်တော်တို့ကို ဘာမှ မလုပ်ပါနဲ့ခင်ဗျာ”


အေး..မလုပ်ဘူး.ငါမေးတာဖြေစမ်း..ဒီကောင်က ဖိုးတုတ်ကို ရိုက်ဖို့လုပ်တယ်ဆို..အဲ့ဒါ ဟုတ်လား”


ဟုတ်ပါတယ်ဗျာ…ဟုတ်ပါတယ်”


အေး..အဲ့ဒါ သိချင်တာ”


ဂန္ဓမာက စားဖိုခန်းထဲမှ ရေနွေးထည့်သည့် ခွက်ကြီးကို ယူကာ ဘွိုင်လာအိုးထဲ မှ ရေနွေးတစ်ခွက်ကို ခပ်ကာ အပြင်သို့ ယူသွားသည်။


အပြင်တွင် စံဘနှင့် အုန်းဖေက ရှောက်လုံ ကို ဝိုင်းကန်နေကြဆဲပင်။


စံဘ တို့ တော်ကြတော့ကွာ..ဒီကောင့်ကို သေချာဖိထားစမ်း”


ဂန္ဓမာက ရေနွေးမတ်ခွက်ကြီးကို လဲနေသည့် ရှောင်လုံးရှေ့တွင် ချလိုက်သည်။


ညက လမ်းမတော်ဖိုးတုတ်ကို တုတ်နဲ့ ရိုက်ဖို့လုပ်တာ..ဒီလက်တွေပေါ့..ဟုတ်လား”


ဂန္ဓမာက ရှောက်လုံ၏ လက်တစ်ဖက်ကို ဆွဲယူလိုက်သည်။


မလုပ်ပါနဲ့..တောင်းပန်ပါတယ်ဗျာ..မလုပ်ကြပါနဲ့.”


ရှောင်လုံ က မျက်ရည်များကျပြီး တောင်းပန်သည်။


အဲ့ဒါ…ညက ပြောရမယ့်စကားကွ..လမ်းမတော်ဖိုးတုတ်ကို ဒီနယ်ထဲမှာ စော်ကားရဲတဲ့ကောင်.အင်းကွာ’


အား…အား”


ဂန္ဓမာက ရှောက်လုံ၏ ဘယ်ဘက်လက်ကို ပွက်ပွက်ဆူနေသည့် ရေနွေးခွက်ထဲ ဆွဲနှစ်လိုက်သည်။


ရှောက်လုံက ရုန်းကန်နေသဖြင့် ရေနွေးပူများမှာ ဖိတ်စင်ပြီး ရှောက်လုံ၏ မျက်နှာကို ပါ စင်ကုန်၏။


ကဲ..စောက်တရုတ်..မှတ်ပြီလားကွ….လမ်းမတော်ဖိုးတုတ်ကို စော်ကားရင် ဘာဖြစ်မယ်ဆိုတာ..သိပြီလား”


ဂန္ဓမာသောင်းရီတို့ ပြန်ထွက်သွားသောအခါ ရှောက်လုံမှာ ကြမ်းပြင်တွင် အော်ဟစ်လူးလှိမ့်လျက် ကျန်ခဲ့တော့သည်။


…………………………………………


ရှင် ဒီလိုပဲ လမ်းဘေးမှာ မူးရူးရန်ဖြစ်နေမယ်ဆို..ကျွန်မ ရှင့်ကို ဆက်မပေါင်းနိုင်တော့ဘူး..ကိုဖိုးတုတ်..ကျွန်မရှက်တယ်..ရှက်တယ်”


..မသင်းမြ ရယ်..ငါလည်း..ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ…ဒီကောင်လေး ငါ့ကို ရန်လာစလို့ ဖြစ်တာပဲ”


ဖြစ်ရင်လည်း..ရှင်တို့ လူမိုက်အချင်းချင်းတွေဖြစ်ကြပါလား..အခုဟာ ကလေးလေးရှင့်။ ရှင်မွေးရင် ရှင့်သားလောက်ပဲရှိဦးမယ်..သူ့မိဘတွေမှာ ကျွန်မအတယ်ဆီ လာတော့ မျက်ရည်နဲ့မျက်ခွက်။ အခု မန္တလေးက သူတို့ အမျိုးတွေ အုပ်လိုက်ဆင်းလာကြပြီး ရှင့်ကို ရန်လာရှာမယ်လုပ်နေကြတယ်”


အဲ့ဒီတော့..ငါက ကြောက်နေရမှာလားဟ”


အံမယ်လေး..မကြောက်ပါနဲ့..အကုသိုလ်တုံးကြီးရယ်..လူမိုက်ကြီးရယ်..ကိုယ့်သားအရွယ်..ညီအရွယ်လေးတစ်ယောက်ကို ရက်ရက်စက်စက် လုပ်ရက်တဲ့ လူမိုက်ကြီးရယ်”


..ငါလုပ်တာမဟုတ်ဘူးကွ..ငါ့ကိုယ်စား ဟိုကောင် စံဘတို့၊ သောင်းရီ တို့ မခံနိုင်လို့ သွားလုပ်ကြတာ”


အဲ့ဒါလည်း ရှင့်လူတွေပဲလေ..ဒီလူရမ်းကားတွေ၊ ကလေကချေတွေ တရုံးရုံးနဲ့ ရှင်ဘယ်အထိနေနေဦးမှာလဲ..ရှင်တို့လုပ်လို့ ကျွန်မမိသားစုမှာ ဘယ်လောက် အရှက်ရ၊ မျက်နှာပျက်ရတယ် မှတ်လဲ”


မင်း..ငါ့လူတွေကို အဲ့ဒီလိုမပြောနဲ့..မသင်းမြ…မင်းမို့လို့နော်..တခြားသူဆို ချက်ချင်း ထသတ်မိမှာ”


သတ်လေ.သတ်ပါ..အောင်မလေး..လူမိုက်ကြီးရဲ့…ကျွန်မကိုတောင် လူမိုက်ကျင့် လူမိုက်ကြံနဲ့ မတရားခိုးခဲ့တာမဟုတ်လား”


မင်း..မင်းကွာ..တောက်”


ဖိုးတုတ်က ဒေါသကို ချုပ်တီးကာ အိမ်အောက်သို့ ဆင်းလာသည်။


အိမ်အောက်တွင် ဂန္ဓမာသောင်းရီ နှင့် စံဘ က မျက်နှာငယ်ဖြင့် ကြည့်နေကြ၏။


ဟေ့ကောင်တွေ…ကားထုတ်စမ်းကွာ….ငါ ဒီအိမ်မှာနေရင် လူသတ်မိမယ်”


စံဘက ဂိုထောင်သော့ကို ယူကာ အပြေးအလွှားကားသွားထုတ်သည်။


ကားပေါ်သို့ရောက်သောအခါ လမ်းမတော်ဖိုးတုတ်က စံဘဘေးတွင် ဝင်ထိုင်၏။


ဂန္ဓမာသောင်းရီက နောက်ခန်းမှ တက်သည်။


ဂန္ဓမာ..မသင်းမြ ပြောတာတွေ ကြားရင်..ငါတောင်းပန်တယ်ကွာ..မိန်းမတွေက ဒီလိုပဲကွ”


ရပါတယ်..ဖိုးတုတ်ရာ..ငါတို့ လည်း လုပ်တာကိုင်တာ နည်းနည်းလက်လွန်သွားတယ်ကွ”


အေး..ပြသနာက ဒီကောင်လေး အဖေက ငါ့ယောက္ခမရဲ့ တူဝမ်းကွဲတော်နေတာပဲ။ ငါလည်း သူတို့ တရုတ်အမျိုးတွေ သေချာမသိဘူးလေကွာ”


အေးကွာ..ငါတို့ကလည်း မင်းနယ်မြေထဲ နေပြီး မင်းကို တောင် ရိုက်ဖို့လုပ်ရဲတယ်ဆိုတော့ ပိုးသေသွားအောင် လုပ်မိလိုက်တာပဲ”


ထားလိုက်ကွာ..ငါ့ယောက္ခမရော၊ ဘွန်းရှုကျင်းကြီးကိုရော ငါသွားတောင်းပန်ထားပြီးပြီ၊ ကောင်လေး ဆေးကုဖို့ လိုအပ်တဲ့ငွေကအစ စိတ်မပူဖို့ ပြောထားတယ်။ ငါ့မိန်းမ ကသာ မပြီးနိုင်..မဆီးနိုင်ဖြစ်နေတာ”


အေးကွာ..သူလည်း…သူ့အမျိုးထဲကဖြစ်နေတော့..”


ထားလိုက်ပါကွာ..ကဲ..ဒီည ညစ်နေတယ်..ချိုင်နားစတန်းကို မောင်းကွာ”


……………………………………………..


ငါ.ဒီည..အိမ်မပြန်တော့ဘူး..ဂန္ဓမာ..ချိုက်ဟုန်နဲ့ လိုက်သွားပြီးပဲ..အိပ်လိုက်တော့မယ်”


ဖိုးတုတ် အလွန်အကျွံမူးနေပြီဖြစ်သည်။ အိမ်တွင် စိတ်ညစ်ခဲ့သမျှ ချိုက်ဟုန် က ဖြေသိမ့်ပေးရင်း ဝီစကီနှစ်လုံး ပင် ကုန်သွားခဲ့ပြီဖြစ်သည်။


အချိန်ကား ည ၁၂ နာရီထိုးလုနီးပြီ။


ဖိုးတုတ်..မင်း အိမ်ပြန် မအိပ်ရင်..မသင်းမြ နဲ့ ဒီထက်ပိုပြီး ပြသနာကြီးသွားမှာပေါ့ကွာ..ပြန်လိုက်ပါကွာ”


အဲ့ကောင်မဆီ ငါမပြန်ဘူး..နားညည်းတယ်ကွာ..ချိုက်ဟုန်.ငါ့အချစ်ဆီမှာပဲ..ငါနေမယ်ကွ”


ဟာ..ဒီကောင်..ဆိုင်ပိတ်နေပြီကွ..မိုးလည်းချုပ်ပြီ..လာလာ..ထထ.. မင်းကို လာလိုက်ပို့မယ်… ချိုက်ဟုန် နဲ့ အသောင်း..ဒီည အသောင်းတို့ကို ငညွန့် လိုက်ပို့လိမ့်မယ်..အကို ဖိုးတုတ်ကားကို မောင်းပြီး အိမ်လိုက်ပို့ပေးလိုက်ဦးမယ်”


ဂန္ဓမာသောင်းရီ က ဖိုးတုတ်ကို တွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။


အောက်တွင် အရက်သောက်နေသော ငညွန့်ရှိနေ၏။


ဟေ့ ငညွန့်..ငါ့ကားသော့.ယူပြီး..ဒီည အသောင်းတို့ကို အိမ်ပြန်လိုက်ပို့လိုက်စမ်းပါကွာ..ဒီညတော့ ငါ မင်းတို့ဆရာကို ကားမောင်းပြီး သူ့အိမ်လိုက်ပို့ရဦးမယ်”


ဂန္ဓမာသောင်းရီ က ဖိုးတုတ် ကို ကားပေါ်တင်ကာ မောင်းထွက်သွား၏။


ခဏအကြာတွင် ချိုက်ဟုန်နှင့် မသောင်းတို့ အပေါ်ထပ်မှ ဆင်းလာကြသည်။


ကဲ.မသောင်းနဲ့ ချိုက်ဟုန်ရေ.ဒီညတော့ နင်တို့ကို ငါလိုက်ပို့ရမယ်တဲ့ဟေ့…ဂန္ဓမာကြီး ရဲ့ ပင်တိုင်ဂျူတီ ကနေ ကိုကိုညွန့် ဂျူတီ ဖြစ်သွားပြီ”


ဖိုးတုတ်က ဂန္ဓမာကြီးအတွက် ပေးထားသော ကားကို ငညွန့်က မောင်းပြီး နောက်ခန်းမှ ချိုက်ဟုန် နှင့် မသောင်းတို့ လိုက်ပါလာကြသည်။


မသောင်းတို့နေထိုင်ရာ တန်းလျာရှေ့တွင် ကားရပ်လိုက်ပြီးနောက် မသောင်းနှင့် ချိုက်ဟုန် တို့ ဆင်းသွားကြသည်။


ငညွန့် ကားကို ပြန်ကွေ့ရန် ပြင်လိုက်စဉ် ကားမီးရောင်အောက်တွင် အဖြူရောင် ဒိုတီနှင့် အင်္ကျီ ချွတ် ထားသော အရပ်မြင့်မြင့်ကုလားတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။


ငညွန့် ပြတင်းပေါက်မှ ခေါင်းပြူလိုက်ပြီး ဖယ်ခိုင်းလိုက်သည်။


ဟေ့..ဂျောင်း..ဂျောင်း”


ကုလားက ငညွန့်တည့်တည့်သို့ လျှောက်လာသည်။


ငညွန့် စိတ်ထဲ အန္တရာယ်ရနံ ရလိုက်သည်။


ခါးကြားမှ ဓါးကို ထုတ်ကာ ကားတံခါးကို ဖွင့်ထွက်လိုက်သည်။


သို့သော်..ကုလားက ကားတံခါးကို အရှိန်ဖြင့် ပြေးကန်လိုက်ရာ ကားနှင့် တံခါးကြားတွင် ငညွန့် ညပ်သွားလေသည်။


ကုလားက ကားတံခါးကို ခန္ဓာကိုယ်နှင့် ပြေးဖိလိုက်သဖြင့် ငညွန့်မှာ ရုန်းမရ ပြုမရဖြစ်နေသည်။


ဓါးကိုင်ထားသော လက်မှာလည်း လှုပ်ရှားမရ။


ထိုအချိန်တွင် ကုလား၏ ဓါးမြှောင်ကိုင်ထားသော လက်တစ်ဖက်မှ ငညွန့်၏ လည်ပင်းကို အားကုန် ထိုးစိုက်လိုက်တော့သည်။


အား ခနဲ အသံနှင့်အတူ ငညွန့် ခွေကျသွား၏။


ကုလားက အမှောင်ထဲသို့ ပြေးဝင် ပျောက်ကွယ်သွားလေသည်။


ငညွန့်မှာ ကားတံခါးဘေး သွေးအိုင်ထဲတွင် အသက်ငင်လျက်…။


……………………………………………………………………………


လမ်းမတော်ဖိုးတုတ်၏ အိမ်တွင် ဖိုးတုတ်၏ ငယ်ဆရာများဖြစ်သော ဆရာကြီးဦးဆင်၊ ဦးအောင်ဒွန်း နှင့် မသင်းမြ ဦးလေး ဘွန်ရှုကျင်း တို့ ရောက်နေကြသည်။


လင်မယားကွဲမည် အထိ အခြေအနေဆိုးနေသော ဖိုးတုတ် နှင့် မသင်းမြ တို့ ပြသနာကို ဖြေရှင်းပေးနေကြခြင်းပင်။


လူကြီးများ ဆုံးမသည်ကို ဖိုးတုတ် နှင့် မသင်းမြ တို့က ခေါင်းငုံ့လျက် နာခံနေသည်။


ဖိုးတုတ် က နောင်အခါ လမ်းမတော်ရပ်ကွက်အတွင်း သာမန်ပြည်သူများနှင့် ရန်ဖြစ် ရမ်းကားတာမျိုး မလုပ်တော့ပါကြောင်း ကတိပေးသည်။


မသင်းမြကလည်း လက်ခံသည်။


အခြေအနေက ပြေလည်သွားပေပြီ။


လူကြီးများက အိမ်ပေါ်မှ ပြန်ဆင်းသည်ကို ဖိုးတုတ် နှင့် မသင်းမြ တို့ အောက်ထပ် လိုက်ပို့ကြသည်။


အောက်ထပ်တွင် အုန်းဖေ၊ စံဘ၊ ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း နှင့် တပည်များ အစုံအလင် ရောက်နေကြသဖြင့် ဖိုးတုတ် ပင် အံသြသွားသည်။


လူကြီးများ ပြန်ထွက်သွားပြီးနောက် ဖိုးတုတ်က အိမ်ထဲ ပြန်ဝင်လာပြီး အုန်းဖေ ကို မေးလိုက်၏။


ဟေ့..အုန်းဖေ..လူစုံတက်စုံပါလားကွာ…ဘာဖြစ်တာလဲ”


အုန်းဖေ မျက်နှာက မကောင်း။


ငညွန့် သေပြီ..ဆရာ”


ဘာ.”


ဖိုးတုတ်ထံမှ အာမေဋိတ်သံ အကျယ်ကြီး ထွက်လာသည်။


မသင်းမြ ပင် အလန့်တကြားဖြင့် ဖိုးတုတ် လက်မောင်းကို ကိုင်ထားလိုက်၏။


ဟုတ်တယ်..ဆရာ..ညက ချိုင်းနားစတန်းကအပြန် ကိုဂန္ဓမာကြီးက ငညွန့်ကို မသောင်းတို့ကို လိုက်ပို့ခိုင်းတယ်။ အဲ့ဒါ မသောင်းတို့ကို လိုက်ပို့ပြီး မသောင်းတို့ အိမ်ရှေ့မှာ တင် ဓါးနဲ့ အထိုးခံရတာပဲ. လည်ပင်းကို ထိုးသွားတာ”


အုံးဖေ အသံက တုန်ရီနေသည်။ ငိုသံပင် ပါနေ၏။


ဂန္ဓမာသောင်းရီ ပြီးလျင် ဖိုးတုတ်အချစ်ဆုံးနှင့် လက်တွဲအညီဆုံးတပည့်များမှာ ငညွန့်နှင့် အုံးဖေ ပင်ဖြစ်သည်။


အခုတော့ သူ့ချစ်တပည့် ငညွန့် အသတ်ခံရပြီ။


ဂန္ဓမာရော..ဂန္ဓမာ”


ငညွန့်က ဂန္ဓမာကြီးကားကို မောင်းလာတာဆိုတော့ အခု ဂန္ဓမာကြီး ကို ပုလိပ်က ခေါ်စစ်နေတယ်။ မသောင်းနဲ့ ချိုက်ဟုန်လည်း ပုလိပ်က ခေါ်ထားတယ်၊ အလုံဂါတ်မှာပါ”


အခု ငညွန့်အလောင်းကဘယ်မှာလဲ”


ပုလိပ်က သယ်သွားပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှာတဲ့ ဆရာ”


အေး.အခု..ငညွန့်ဆီ အရင်သွားကြမယ်”


မိနစ်အနည်းငယ်အကြာတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံထဲသို့ ဖိုးတုတ်နှင့် သူတပည့်များ ဝင်လာကြသည်။


ကျောက်ခုံပေါ်တွင် ငညွန့်၏ သက်မဲ့ခန္ဓာကား ငြိမ်သက်လျက်။


ဖိုးတုတ်က ငညွန့် ၏ အလောင်းကို စိုက်ကြည့်နေသည်။


ဒဏ်ရာက ဘယ်မှာလဲ”


ကုပ်ပိုးကို ထိုးသွားတာ ဆရာဖိုးတုတ်”


ဖိုးတုတ်က ငညွန့် ၏ ခေါင်းဘက်ကို သွားက ခေါင်းကို မပြီး ကြည့်လိုက်သည်။


တချက်တည်း အသေထိုးသွားတာပဲ”


စံဘ က တရှုံရှုံဖြင့် ငိုကြွေးနေသည်။


အုန်းဖေ ၏ စုတ်ထားသော လက်သီးနှစ်ဖက်မှာ တဆတ်ဆတ်တုန်လျက်။


ဖိုးတုတ်က ငညွန့်၏ အေးစက်တောင့်တင်းနေပြီ ဖြစ်သော ပါးပြင်ကို ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး


"ငညွန့်...မင်းကို ဘယ်ကောင်သတ်တာလဲ.ဟမ်...ဟေ့ကောင် ခွေးမသားငညွန့်..ဖြေလေကွာ"


ငညွန့်ကား ပြန်မဖြေနိုင်တော့။




အခန်း(၁၅)

...............

လမ်းမတော်ဖိုးတုတ်သည် အိတ်စပက်တော်ဦးဟုတ်ဂွမ် ကို ၀င်ခေါ်ပြီး အလုံပုလိပ်ဌာနသို့ လိုက်သွားကြသည်။

အလုံပုလိပ်ဌာနက ဂန္ဓမာသောင်းရီ၊ မသောင်း နှင့် ချိုက်ဟုန်တို့ကို စစ်ဆေးနေကြသည်။


အိတ်စပက်တော်ဦးဟုတ်ဂွမ်ကောင်းမှုဖြင့် ဂန္ဓမာသောင်းရီတို့ကို ပြန်လည် ခေါ်ထုတ်လာနိုင်ခဲ့၏။


မသောင်းနှင့် ချိုက်ဟုန်တို့ကို အငှားကားတစ်စီးဖြင့် တင်ပေးပြီးနောက် လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ တို့ ကြည့်မြင်တိုင်ဘူတာရှေ့ရှိ ကြက်ကြား၏ နေအိမ်သို့ ထွက်လာကြသည်။


ဂန္ဓမာသောင်းရီ က တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။

ဖိုးတုတ်က ကားကို လက်တစ်ဖက်ဖြင့် မောင်းရင်း စီးကရက်ဖွာလာသည်။


"ဒီကောင်တွေ ငါ့ကို လုပ်တာ..ဖိုးတုတ်...ငါ့ကို လုပ်တာကွ..ငညွန့်က ငါ့အစား ခံလိုက်ရတာ..တောက်"


"ဘယ်သူ့လက်ချက်လို့ ထင်လဲ ဂန္ဓမာ".


"ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ငါကိုယ်တိုင်သတ်မှာ..ဖိုးတုတ်"


"သတ်တာ နောက်ထားဦးကွ..အခုက မင်းကို သတ်ဖို့ကြံတယ်ဆိုတာ ငါ့ကိုပါ တစ်ခါတည်း သတိပေးလိုက်တဲ့သဘောပဲ..အန္တရာယ်က ငါတို့နောက်ကျောဘက်မှာ လိုက်နေပြီ..ဂန္ဓမာ..ဒီနေ့က စပြီး အစစအရာရသတိထားရတော့မယ်"


"ငါ့ကို ပစ်မှတ်ထားတာဆိုတော့..ပုဏ္ဍားဘထွန်းလူတွေလည်း ဖြစ်နိုင်တာပဲ..သူ့သားအာဠာ၀ကစိန်ကြီးကို ငါသတ်ခဲ့တာမဟုတ်လား"


"ပုဏ္ဍားဘထွန်းလူဆို ငါ့ဆီ ချက်ချင်းသတင်းရောက်မှာပဲ..ဂန္ဓမာ..မဖြစ်နိုင်ဘူး...နောက်ပြီး အခု သတ်သွားတဲ့ ကောင်ရဲ့ လက်ဆက ယဉ်တယ်ကွ။ တစ်ချက်တည်းနဲ့ သေကွက်ကို ထိုးသွားတာ။ ငါကတော့ အရှေ့ပိုင်းက ဟိုကုလားကြီးနှစ်ကောင်ကို မသင်္ကာဘူး..ပြီးတော့ အဲ့ဒီညက ငညွန့် အသတ်ခံရတဲ့အချိန်လောက်မှာ မသောင်းတို့ အိမ်ဘက်ကနေ ထွက်လာတဲ့ ကုလားတစ်ကောင်ကို ဖဲဝိုင်းကပြန်လာတဲ့ အုန်းဖေတပည့် နှစ်ယောက်က မြင်လိုက်တယ်တဲ့ကွ။ ဒီကောင်က အလုံဘက်ကို ခပ်သုတ်သုတ်လျှောက်သွားတာတဲ့"


"အင်း...ကြည့်မြင်တိုင်အုပ်စုထဲက တစ်ကောင်ကောင်လား"


"အေး...အဲ့ဒီကိစ္စပဲ..အခု ..ငါ ကြက်ကြားဆီ သွားနေတာ..အဖြေတစ်ခုခုတော့ ပေါ်ကောင်းပါတယ်"


ကြည့်မြင်တိုင်ကြက်ကြား ၏ နေအိမ်ရှေ့သို့ ကားထိုးဆိုက်လိုက်သည်။

ကြက်ကြား သည် သူ့အိမ်ရှေ့တွင် အင်္ကျီဗလာကျင်းဖြင့် သူ့တပည့်များနှင့် ဝိုင်းခြင်းခတ်နေကြ၏။


လမ်းမတော်ဖိုးတုတ်ကို မြင်သော အခါ ခြင်းဝိုင်းကို ရပ်လိုက်ပြီး အိမ်ပေါ်သို့ ခေါ်လေသည်။


"ကိုညွန့် သတင်း ကျွန်တော်ကြားတယ်..အကိုကြီး။ အခုအချိန် အကိုကြီးတို့ အလုပ်ရှုပ်နေမှာစိုးလို့..ညနေမှ အကိုကြီးအိမ်လာမလို့..ဘာထူးသေးလဲ..အကိုကြီး"


"ဘာထူးလဲဆိုတာ ငါ က မင်းကို မေးရမှာ..ကြက်ကြား"


ဖိုးတုတ်စကားကြောင့် ကြက်ကြား လန့်သွားသည်။

"ဟာ..အကိုကြီးရာ..ကျွန်တော်လည်း မနက်ကျမှ သူများတွေပြောလို့ သိရတာပါ"


"မနေ့ညက ငညွန့်ကို သတ်သွားတဲ့အချိန်လောက်မှာ ကုလားတစ်ကောင် အလုံဘက်ကို သုတ်သီးသုတ်ပြာ ပြေးသွားတာကို မြင်လိုက်တဲ့လူရှိတယ်..ကြက်ကြား..အဲ့ဒါ မင်းနယ်မြေအပိုင်ဆိုတော့..မင်း များ တစ်ခုခု သိနေမလားလို့ပါ"


"ဘယ်လိုပုံစံမျိုးလဲ အကြမ်းဖျဉ်းသိလို့ရမလား..အကိုကြီး"


"ဖဲဝိုင်းက ပြန်လာတဲ့ အုန်းဖေ တပည့်တွေ မြင်လိုက်တာတဲ့ကွ။ အရပ်မြင့်မြင့်၊ ဆံပင်က တိုတိုပါးပါးနဲ့ အဖြူရောင်စွပ်ကျယ်၊ အဖြူရောင်ဒိုတီကို ခါးတောင်းကျိုက်ထားတယ်တဲ့"


ကြက်ကြား က သေချာစဉ်းစားနေသည်။


"အင်း..ဖဲဝိုင်းက အပြန် ကိုအုန်းတပည့်တွေတွေ့တာဆိုတော့..မနေ့ညက မသောင်းတို့ လမ်းထိပ် မှာ လန်ချားသမားတစ်ကောင် အသုဘရှိတာပဲ။ ကျွန်တော့်လူတွေပဲ အဲ့ဒီမှာ ကြီးကြပ်စီစဉ်တာ။ ဖဲဝိုင်းကလည်း မိုးလင်းမှ သိမ်းတာဆိုတော့..အကိုကြီးပြောတဲ့ ပုံစံမျိုး ကို ကျွန်တော့်လူတွေကို မေးကြည့်ရင်တော့ သိလောက်တယ်..ဒီကြည်မြင့်တိုင်ထဲက ကောင်ဆိုရင်တော့ ဒီကောင်ပြေးမလွတ်ပါဘူး"


"အေး..ကြက်ကြား..ဒီကောင် ဘယ်သူလဲဆိုတာ ငါတို့ အမြန်သိရမှဖြစ်မယ်..မဟုတ်ရင် နောက်တစ်ယောက် က မင်းရော၊ ငါရော တစ်ယောက်ယောက်အလှည့်ဖြစ်သွားမယ်"

....................................................................................

ခြောက်ရက်မြောက်သောနေ့။

ည ၁၀ နာရီခွဲ။


ငညွန့်နေထိုင်ရာ စဉ့်အိုးတန်းလမ်းအိမ်ရှေ့တွင် မနက်ဖြန်ရက်လည်ဆွမ်းသွပ်အလှူအတွက် ထမင်း၊ ဟင်းများ ချက်ရန် ပြင်ဆင်နေကြသည်။


လမ်းမတော်ဖိုးတုတ်က ဟင်းချက်သည့်ဘေးတွင် စားပွဲတစ်လုံးဖြင့်ထိုင့်ကာ အရက်သောက်ရင် တပည့်များဖြင့် စကားပြောနေ၏။


ည ၁၁ နာရီခွဲခန့်တွင် ပုလိပ်သား ငါးယောက်ပါ၀င်သော ကင်းလှည့်ကားတစ်စီး သည် စဉ့်အိုးတန်းလမ်းသို့ ၀င်လာပြီး ဖိုးတုတ်တို့ ရှေ့တွင် ရပ်လိုက်သည်။

ထို့နောက် ကားရှေ့ခန်းမှ မျက်နှာဖြူအရာရှိတစ်ဦး ဆင်းလာ၏။


"မင်းတို့ ဘာလုပ်နေကြတာလဲ"

မျက်နှာဖြူအရာရှိကား ဗမာစကားကို ရေလည်စွာကျွမ်းကျင်သည်။ အသက်ကား (၃၀)၀န်းကျင်သာ ရှိဦးမည်ဖြစ်ပြီး အရပ်မြင့်မြင့်ကိုင်းကိုင်း၊ မျက်ခုံးမွှေးအနီရောင်ဖြင့် ကြမ်းတမ်းခက်ထန်သည့် ပုံစံဖြစ်သည်။

ဖိုးတုတ်က မျက်နှာဖြူအရာရှိရှေ့သို့ လက်နောက်ပစ်ကာ သွားရပ်လိုက်သည်။


"ကျွန်တော်မျိုးဆို့ နာရေးရက်လည်ရှိလို့ ချက်ပြုတ်နေကြတာပါ..သခင်"


မျက်နှာဖြူအရာရှိက ပတ်၀န်းကျင်ကို ကြည့်ရှုလိုက်သည့်အခါ ဖိုးတုတ်ထလာသည့်နေရာမှ အရက်ပုလင်းနှင့် အမြည်းများကို မြင်သွားသည်။


"အများပြည်သူပိုင်လမ်းပေါ်မှာ မင်းတို့ ချက်နေပြုတ်နေကြတာ..မြူနီစပယ်ဥပဒေကိုချိုးဖောက်တယ်ဆိုတာ နားလည်သလား"


"စိတ်မရှိပါနဲ့..သခင်။ ဒီရပ်ကွက်မှာ ကျွန်တော်မျိုးက ရပ်မိရပ်ဖ ဦးဖိုးတုတ်ပါ။ ဒီရပ်ကွက်သားတွေကလည်း နာရေးအလှူမို့ နားလည်ပေးကြပါတယ်"


"ဖိုးတုတ်..ဖိုးတုတ်..မင်းကို ငါသိပါတယ်..ဒီရပ်ကွက်မှာ မင်းသိပ်နာမည်ကြီးနေလို့ ငါမင်းဆီ တမင်၀င်လာတာ..ဟုတ်ပြီ..တခြားလူတွေ ချက်တာပြုတ်တာတော့ ထားပါတော့..မင်းကရော ဘယ်လို အကောင်မျိုးမို့ လမ်းပေါ်မှာ စားပွဲချပြီး အရက်သောက်နေရတာလဲ..."


မျက်နှာဖြူအရာရှိက ဖိုးတုတ်ကို ကြိမ်းမောင်းရင်း အရက်ပုလင်းတင်ထားသည့် စားပွဲကို ကန်ချလိုက်သည်။


အရက်ပုလင်း၊ ဖန်ခွက်နှင့် အမြည်းများမှာ မြေပြင်တွင် ပြန့်ကြဲ့သွားတော့၏။


ဖိုးတုတ်၏ တပည့်များက ချက်ပြုတ်နေရာမှ ထလာကြသည်။

သို့သော်..ဖိုးတုတ်က မျက်ရိပ်ပြကာ တားလိုက်၏။


"မင်းနဲ့ ငါ နောက်တစ်ကြိမ် ထပ်တွေ့ကြဦးမှာပါ..ဖိုးတုတ်"


မျက်နှာဖြူအရာရှိက ဖိုးတုတ်ကို ပြောပြီး ကားပေါ်သို့ ပြန်တက်သွားလေသည်။


မြေကြီးပေါ်တွင် ပြန့်ကျဲနေသော အရက်ပုလင်းနှင့် အမြည်းခွက်များကို ဖိုးတုတ်၏ တပည့်များက လိုက်လံသိမ်းဆည်နေကြသည်။


ဖိုးတုတ်ကတော့ ကားဖြင့် ပြန်လှည့်သွားသော မျက်နှာဖြူအရာရှိကို ကြည့်ကာ တစ်စုံတစ်ရာကိုတွေးနေလေတော့သည်။

....................................................................................


ငညွန့် ရက်လည်ပြီး နှစ်ရက်အကြာတွင် ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့သည် (၁၄)လမ်းရှိ ဖိုးတုတ်အိမ်ရှေ့ ကွပ်ပျစ်တွင် ကျားထိုးနေကြလေသည်။


ထိုအချိန်တွင် ရထားလုံးတစ်စီးပေါ်မှ ကြည့်မြင်တိုင်ကြက်ကြားဆင်းလာ၏။


"အကိုကြီး..ငညွန့်ကိစ္စ အကိုကြီးပြောတဲ့ ပုံစံမျိုးနဲ့ လူစိမ်းတစ်ယောက်အကြောင်း သတင်းရထားတယ်။ အရင်က ဒီကောင့်ကို ဒီနယ်မြေမှာ ဘယ်သူမှ မမြင်ဖူးဘူး။ ငညွန့်အသတ်ခံရတဲ့ညက ဒီကောင် လမ်းထိပ်ဖဲဝိုင်းမှာ ကြား၀င်ထိုးတာ ကျွန်တော့်ကောင်တွေက သတိထားမိတယ်။ ဒီကောင်နဲ့အတူ စက်ဆန်းထဲမှာ ဖာသည်လုပ်တဲ့ ရှာမီဒါ ဆိုတဲ့ ကုလားမလေးလည်းပါလာတယ်။ ရှာမီဒါ က ဖဲဝိုင်းကလူတွေကို ဒီနားမှာ ချိုင်းနားစတန်းက ဟိုတယ်မယ်လေးတွေ ဘယ်မှာနေလဲလို့ မေးနေတာလည်း ကြားလိုက်သူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်ကောင်တွေပြောတာကတော့ ဒီကောင်က မိုးလင်း ဖဲဝိုင်းသိမ်းတဲ့အထိ ဖဲရိုက်သွားတာတဲ့။ ကိုအုန်း တပည့်တွေ ပြောတဲ့ ပုံစံရယ်၊ ဒီကောင့်ပုံစံရယ်ကတော့ အကိုက်ပဲ"


ဖိုးတုတ်က ရွှေ့လက်စ ကျားကွက်ကို ငေးရင်း စဉ်းစားနေသည်။


"သေချာပြီ..ငညွန့်ကို သတ်တာ ဒီကောင်ပဲ..ကြက်ကြား။ ဖဲဝိုင်းမှာ လူယောင်ပြပြီး..ဒီကောင်က ရှာမီဒါကို ထားခဲ့..ပြီးတာနဲ့..မသောင်းတို့ အိမ်‌ရှေ့

သွားစောင့်ပြီး ငညွန့်ကို သတ်ခဲ့တာဖြစ်မယ်။ ပြီးတော့ အသာပြန်လာပြီး ဖဲဝိုင်းထဲ၀င် မိုးလင်းအထိ ထိုင်ရိုက်ပြနေတာကွ...အင်း..တော်တော်တော့ သွေးအေးပြီး ဉာဏ်ပြေးတဲ့ ကောင်ပဲ"


"ဟုတ်..အကိုကြီး...ဒီကောင်က ရှာမီဒါကို အတော်လေး ကျ နေတာ..ယူမယ်လို့တောင် ပြောနေတယ်...ရှာမီဒါ ကို ကိုင်ထားတာက ကျွန်တော့်တပည့် ဂေါင်းသန်းရွှေ မို့..ဒီကောင့်အကြောင်းနှိုက်ခိုင်းလိုက်ရမလား"


"အင်း...ဒီလိုလုပ်..ဂန္ဓမာကြီး..မင်း ကြည့်မြင်တိုင်ဂါတ်က ဌာနအုပ် ကိုပညာ ဆီသွား၊ ငါက ဧည့်၀တ်ပြုချင်လို့ပါ လို့ပြောပြီး လင်တိုင်းဟိုတယ်ကို ခေါ်ခဲ့ကွာ၊ ကြက်ကြား မင်းက ငါနဲ့ လင်တိုင်းဟိုတယ်ကို လိုက်ခဲ့"


"ဟာ..အစ်ကိုကြီး..ဖြစ်ပါ့မလား...အဲ့ဒီ ဌာနအုပ်ကိုပညာ ဆိုတာ ကျွန်တော့်ကို ၁၀၉ ၁၁၀ ပုဒ်မတက်ပြီး ဖမ်းမလို့ ချောင်းနေတာဗျ..ပြီးတော့ သူနဲ့ တဝိုင်းတည်းထိုင်လို့ ဖြစ်ပါ့မလား"


"...ကြက်ကြားရာ..ငါတစ်ယောက်လုံးပါနေတာကိုဘာတွေ ကြောက်နေတာလဲ...ပြောတော့.လူမိုက်တဲ့.လီးလိုပဲ"


.........................................................................

ကျုံးကြီးလမ်းရှိ လင်တိုင်းဟိုတယ် အပေါ်ထပ်တွင် လမ်းတော်ဖိုးတုတ် နှင့် ကြက်ကြား တို့ ဝီစကီတစ်လုံး နှင့် ခိုကြော်တစ်ပွဲမှာကာ သောက်စားရင်း ဂန္ဓမာသောင်းရီအလာကို စောင့်နေကြသည်။


မကြာမီ ဂန္ဓမာသောင်းရီ နှင့် ကြည်မြင့်တိုင်ဌာနအုပ် ကိုပညာ တို့ ရောက်လာကြသည်။


"ကိုဖိုးတုတ်ကြီး မတွေ့တာကြာပြီနော်"


"ဟုတ်တယ်..ဆရာကိုပညာရေ..ကျွန်တော်တို့ ဟိုတစ်ခေါက် ဘသိန်းကိစ္စပြီးကတည်းက မတွေ့ဖြစ်တော့တာ.. အခုလည်း ကျွန်တော့်တပည့်ငညွန့် အသတ်ခံရတဲ့ကိစ္စ အကြောင်းပေါ်လာပြီမို့..ဆရာကိုပညာကို အပူကပ်ရတော့မှာပဲ"


"ကဲ..ဘာလုပ်ပေးရမလဲသာပြော..ကိုဖိုးတုတ်..."


"အလုပ်ကိစ္စ သောက်ရင်းစားရင်းပြောကြတာပေါ့... ဆရာ ဝီစကီပဲလား"


"ကျွန်တော် ဒီည ဌာနာမှာ ဂျူတီ၀င်ရမှာမို့..ဘီယာလောက်ပဲ..ကိုဖိုးတုတ်"


ကြက်ကြားက လမ်းမတော်ဖိုးတုတ်နှင့် ကိုပညာ ဘေးတွင် ကုပ်ကုပ်ကလေးထိုင်လျက်။


ဂန္ဓမာသောင်းရီကတော့ ရမ်ကို ရေခဲတုံးထည့်ပြီး ဇိမ်ခံသောက်ရင်း လမ်းမတေ်ာဖိုးတုတ် ၏ အစီအစဉ်များကို နားထောင်နေသည်။

.............................................................................................

နောက်သုံးရက်အကြာတွင် ကြည်မြင့်တိုင်၊ ကမ်းနားရှိ ဂေါင်းသန်းရွှေ ၏ ဖာဘိ ကို ကြည့်မြင့်တိုင်ပုလိပ်ဌာနမှ ညအချိန် ရှောင်တခင်၀င်ရောက်ဖမ်းဆီးလေတော့သည်။


နောက်တစ်ရက်တွင် လင်တိုင်းဟိုတယ်အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ နှင့် ဌာနအုပ် ကိုပညာတို့ တွေ့ဆုံကြလေ၏။


"ကြက်ကြား လာပြောတာနဲ့ ကျွန်တော်တို့ ညက အဲ့ဒီနေရာကို ၀င်ဖမ်းလိုက်တယ်...ကိုဖိုးတုတ်.. ခင်ဗျားပြောတဲ့ ကောင်ကို ဟို ရှာမီဒါဆိုတဲ့ ကုလားမလေးနဲ့ တန်းမိတာပဲ..ဒီကောင့်ကိုတော့ မသင်္ကာမှု နဲ့ တစ်ခါတည်း အမှုဖွင့်ပြီး စစ်ချက်ယူထားလိုက်တယ်"


"ဟုတ်ကဲ့..ဆရာကိုပညာ..ဒီကောင်ဟုတ်မဟုတ်..ကြက်ကြားကို ပြပြီးပြီလား"


"ဒီကောင့်ကို ဖဲဝိုင်းမှာ တွေ့ခဲတယ်ဆိုတဲ့ ကြက်ကြားတပည့်တွေကို ခေါ်ပြီး ပြပြီးပြီ..ဒီကောင်မှ ဒီကောင်ပဲ"


"ဟုတ်ပြီ..ဆရာ..ဒီကောင်က ဘယ်ကကောင်လဲဗျ''


''ဒီကောင့် နာမည်က ဆာဂျင်ဂန်ဂယားတဲ့ဗျ။ စစ်ပြန်ပဲ။ အရင်က ပုဇွန်တောင်မှာနေတယ်။ မဒရပ်ကို ကုန်သင်္ဘောမှာ သင်္ဘောသားလုပ်ဖူးတယ်။ စစ်ထဲ၀င်ပြီး ဗြိတိသျှအိန္ဒိယအာမီ နဲ့အတူ ပရပ်ရှားမှာ စစ်တိုက်ခဲ့တယ်။ တပ်ကြပ်ကြီးရာထူးရပြီး တပ်က ထွက်ခဲ့တယ်တဲ့ဗျ။ မြန်မာပြည်ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတယ်"


"အခု..ဒီကောင့်ကို ဖမ်းထားတုန်းပဲလား..ကိုပညာ"

"လွှတ်ပေးလိုက်ရပြီဗျ....လူတစ်ယောက် အချုပ်ထဲက လာထုတ်သွားတယ်..အဲ့ဒီ လာထုတ်သွားတဲ့လူကို သိရင် ကိုဖိုးတုတ် ပိုအံသြသွားမယ်"


"ဘယ်သူလဲ..ကိုပညာ"


"အာဂျစ် လေ... လန်ချားအာဂျစ်"


လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီကို လှမ်းကြည့်လိုက်သည်။ ဂန္ဓမာသောင်းရီက ခေါင်းညိမ့်ပြလိုက်၏။


"ကျေးဇူးတင်ပါတယ်..ဆရာကိုပညာ.ကူညီလက်စနဲ့ နောက်တစ်ခု ကူညီပေးပါဦး....ဒီကောင် ကြိုက်နေတဲ့ ဟိုကုလားမလေးကို တစ်ရက်နှစ်ရက်အတွင်း ပြန်လွှတ်ပေးဖို့ စီစဉ်ပေးပါဦး..အဲ့ဒီအတွက် လည်း ကျွန်တော် အပိုဆောင်းတစ်ခု ထပ်ထည့်ပေးထားပါတယ်"


ဖိုးတုတ်က ဗူးကလေးတစ်ခုကို ကိုပညာထံ ထိုးပေးလိုက်သည်။

ကိုပညာက ဗူးကို ခလောက်ကြည့်ပြီး ဗူးထဲမှ ရွှေဒင်္ဂါးအရေအတွက်ကိုခန့်မှန်းကြည့်လိုက်၏။


"အိမ်ရောက်မှ ဖွင့်ကြည့်ပါ..ဆရာ။ သုံးပြားပါပါတယ်။ ကျွန်တော့်ကို စိတ်ချပါ"


"စိတ်ချပါတယ်ဗျာ...မယုံလို့မဟုတ်ပါဘူး..အဲ့ဒီအသံလေး နားထောင်ရတာ နား၀င်ချိုလို့ပါ"


ကိုပညာ ပြန်သွားပြီးနောက်..စားပွဲဝိုင်းတွင် ဖိုးတုတ်နှင့် ဂန္ဓမာသာ ကျန်တော့သည်။


"ကဲ..ဂန္ဓမာ..လန်ချားအာဂျစ် လာထုတ်သွားတာဆိုတော့ ဒီကိစ္စ မန်မဆာတွေလက်ချက်ဆိုတာ သေချာသွားပြီ....ညနေ ချိုင်းနားစတန်းအပေါ်ထပ်မှာ သီးသန့်ခန်းယူထား၊ ကိုမိုး ကို ငါ သွားခေါ်မယ်၊ အုန်းဖေ၊ ထွန်းတင်၊ စံဘ၊ ကျော်ထွန်း တို့ကို မင်းစုထား၊ ကြက်ကြားနဲ့ အောင်ဘ ကိုပါလာဖို့ ပြောလိုက်၊ မန်မဆာတွေက ငါတို့ အတွက် လူသတ်သမားငှားထားပြီ"

....................................................................................


ငညွန့် အသတ်ခံရသည်မှာ ရက်နှစ်ဆယ်ပြည့်သည့်နေ့။


"အကိုကြီး....ဂန်ဂယား အခု သူ့ကောင်မ ရှာမီဒါနေတဲ့ စက်ဆန်းက ဂိုထောင်တန်းမှာ ရှိနေတယ်။ ကျွန်တော့်လူတွေနဲ့..ဒီကောင် အောင်းနေတဲ့ ဂိုထောင်ကို ဝိုင်းထားပြီးပြီ..အကိုကြီး အမြန်လာခဲ့ပါ"


စာကို ဖတ်ပြီးသည်နှင့် လမ်းမတော်ဖိုးတုတ် သည် ငှက်ကြီးတောင်ဓါးကို ယူကာ ကားပေါ်သို့ ပစ်တင်လိုက်သည်။


"ဟေ့..စံဘ..မင်းကားတစီးယး.အုန်းဖေကို သွားခေါ်ပြီး ဂိုထောင်တန်းကို လိုက်ခဲ့၊ ငါ ဂန္ဓမာကို ၀င်ခေါ်လိုက်မယ်"


လမိုက်ညမို့ ကြည်မြင့်တိုင်၊ စက်ဆန်း ဂိုထောင်တန်းသည် မှောင်မဲနေသည်။


ကုလားကူလီအချို့၊ ပြည့်တန်ဆာအချို့ အဖီဆွဲကာနေကြသော ဂိုထောင်ဟောင်းတစ်ချို့ဆီမှ ရေနံဆီမီးရောင် သဲ့သဲ့ သာ အလင်းရောင်ရှိ၏။


လမ်းမတော်ဖိုးတုတ် နှင့် ဂန္ဓမာသောင်းရင် သည် ဓါးလွတ်တစ်ယောက်တစ်ချောင်းကိုင်ကာ ဂိုထောင်တန်းသို့ ၀င်လာခဲ့လေသည်။


မှောင်မဲနေသော ဂိုထောင်တစ်လုံးရှေ့တွင် ကြက်ကြား၏ လူအချို့က လက်နက်ကိုယ်စီဖြင့် ဝိုင်းထားကြ၏။

ကြက်ကြားက ဖိုးတုတ်ကို မြင်သည်နှင့် အနားသို့ ကပ်လာသည်။


"အကိုကြီး..ဒီကောင် အထဲမှာ....ကျွန်တ်ာတို့ ရောက်လာတာကို သိပုံပဲ...အထဲမှာ လည်း မှောင်မဲနေတာပဲ...အကိုကြီးကို ကျွန်တော်တို့ စောင့်နေတာ"


ဖိုးတုတ်က ခေါင်းငြိမ့်လျက် ဂိုထောင် အ၀သို့ လျှောက်သွားသည်။

ဂန္ဓမာနှင့် ကြက်ကြားကလည်း ဓါးကိုယ်စီဖြင့်။


"ဟေ့ကောင်..ဂန်ဂယား..မင်း အထဲမှာ ရှိတာ..ငါတို့ သိတယ်နော်..ဒီမယ် ဟေ့ကောင်....မင်းဒီထဲ ပုန်းနေလည်း ငါတို့က ၀င်သတ်မှာပဲ..မင်း ယောက်ျားပီပီ ထွက်ရင်ဆိုင်စမ်းပါကွ"


အထဲမှ မည်သည့်အသံမှ ထွက်မလာ။


"ဟေ့ကောင်..ဂန်ဂယား..ငါတို့အထဲ၀င်လာရင်တော့ မင်းကို အရှင်ရအောင်ဖမ်းမယ်..ပြီးရင် လူစဉ်မမီအောင် နှိပ်စက်ပြီးမှ တအိအိသတ်မှာ...အခုထွက်လာရင်တော့ ငါ့ဓါးချက်နဲ့ပဲ မင်းသေရမယ်..ကြိုက်တာရွေးကွာ..ငါ တစ်က နေ သုံးအထိ ရေမယ်..မင်းမထွက်လာရင် ငါတို့ ၀င်လာပြီ"


ဖိုးတုတ်ဓါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဂိုထောင်အ၀သို့ ကပ်သွား၏။


"တစ်...နှစ်...."


ရုတ်တရက် ဂိုထောင်ထဲမှ အရိပ်တစ်ခု ပြေးထွက်လာ၏။

ဖိုးတုတ်က ဓါးကို စုံကိုင်ကာ အားဖြင့် ပိုင်းချလိုက်လေသည်။ထွက်လာသူမှ ခွေခနဲ လဲကျသွားလေသည်။


ဖိုးတုတ်က နောက်တစ်ချက် ဆင့်ခုတ်ချိန်တွင် အခြား အရိပ်တစ်ခုက ဂိုထောင်ထဲမှ ထပ်ထွက်လာသဖြင့် အ၀တွင် ရပ်နေသော ကြက်ကြားက ဓါးရှည်ဖြင့် ခုတ်ရန်ပြင်လိုက်သည်။


သို့သော် ထိုသူက ကြက်ကြားကို ၀င်လုံးလိုက်ပြီးနောက် လည်ပင်းအား ဓါးမြှောင်ဖြင့် ထိုးလေတော့သည်။

ဂန္ဓမာက လုံးထွေးနေရာသို့ ရောက်သွားပြီး ကြက်ကြားအပေါ်မှ လူ၏ ကျောကုန်းကို ငှက်ကြီးတောင်ဖြင့် ဆွဲခုတ်ချလိုက်သည်။


တွန့်ခနဲဖြစ်သွားချိန်တွင် ကြက်ကြားက ထိုသူကို စောင့်ကန်လိုက်သည်။

လန်ကျလာသော သူ၏ ခေါင်းနှင့်လည်ပင်းများကို ဂန္ဓမာက အချက်ပေါင်းများစွာ ဆင့်ကာ ခုတ်ချလိုက်လေသည်။


ဖိုးတုတ်က ဂန္ဓမာရှိရာပြေးလာသည်။


ကြက်ကြားကား ဓါးဖြင့်အထိုးခံထားရသည့် လည်ပင်းကို အုပ်လျက် သွေးရူးသွေးတန်းဖြစ်နေ၏။

ကြက်ကြားတပည့်များ ရောက်လာကြပြီး သူတို့ ဆရာကို ဆွဲထူကြသည်။


သို့သော် ကြက်ကြားလည်ပင်းမှ သွေးများ တဗွက်ဗွက်ထွက်လာကာ ကြက်ကြား မျက်ဖြူလန်သွားချေပြီ။


ထိုအချိန်တွင် စံဘနှင့် အုန်းဖေ က ဓါးကိုယ်စီဖြင့် ပြေး၀င်လာကြသည်။


"ဟေ့..စံဘ..လက်နှိပ်ဓာတ်မီးပါလား"


စံဘက လက်နှိပ်ဓာတ်မီး ထုတ်ပေးသဖြင့် ဖိုးတုတ်က လဲကျနေသော အလောင်းနှစ်လောင်းကို ထိုးကြည့်သည်။

ဖိုးတုတ်ရှေးဦးစွာ ခုတ်လိုက်သည့် သူကား..ပြည့်တန်ဆာမလေး ရှာမီဒါ။


သွေးအိုင်ထဲတွင် မျက်လုံးပွင့်လျက်။


ကြက်ကြားဘေးတွင် လဲနေသူက ဂန်ဂယား။ ဓါးချက်ပေါင်းများစွာဖြင့် ခုတ်ထားသောကြောင့် လည်ပင်းမှာ ပြတ်လုတဲတဲ၊ မျက်နှာတည့်တည့်တွင်လည်း ဓါးဒဏ်ရာကြီးနှင့်။


သူ့နဘေးတွင်လည်း ကြည့်မြင်တိုက်ကြက်ကြား၏ အသက်မဲ့ခန္ဓာကိုယ်ကြီး။


ဖိုးတုတ်က ဓါးမြေကြီးတွင် စိုက်ပြီး ရှာမီဒါ၏အလောင်းကို ငေးကြည့်နေသည်။

ဂန္ဓမာက ဂန်ဂယားနှင့် ကြက်ကြားတို့၏ အလောင်းဘေးတွင် ထိုင်လျက် စီးကရက်ထုတ်သောက်လိုက်၏။


"စံဘ မင်း လူတစ်ယောက်ခေါ်ပြီး....ဒီကုလားမလေးအလောင်းကို ထောက်ကြံ့သင်္ချိုင်းမှာ ကောင်းကောင်းမွန်မွန် မြုပ်ခိုင်းလိုက်ကွာ..သုဘရာဇာအောင်ငွေကို ငါက မြုပ်ခိုင်းတာလို့ပြောပြီး ငွေတစ်ရာပေးလိုက်။ အုန်းဖေ၊ မင်းက ထွန်းတင်တို့အဖွဲ့ကို သွားခေါ်၊ ဒီကုလားအလောင်းကို ရန်ကုန်မြစ်ထဲ ငါးစာကျွေးပစ်လိုက်ကွာ"

ထို့နောက် ဖိုးတုတ်က ကြက်ကြား အလောင်းဆီသို့ ထသွားလိုက်သည်။ ထို့နောက် ကြက်ကြားဘေးတွင် ဝိုင်းနေသာ ကြက်ကြား၏ တပည့်များကို ကြည့်လိုက်ပြီး

"ကဲ..ကြက်ကြားကြီးကတော့ ငါ့ကို မိတ်ဆွေကောင်းပီသပြသွားပြီ.....မင်းတို့ ဆရာအလောင်းကို သူ့အိမ်ကို ပြန်သယ်သွားပေးလိုက်ပါကွာ..အရပ်ကမေးရင် မူးမူးနဲ့ မြစ်ထဲ ဒိုင်ဗင်ထိုးပြိုင်ရင်း ငုတ်စူးတာလို့သာပြော.. ပုလိပ်ကို ငါရှင်းလိုက်မယ်...အသုဘကို တာမွေသင်္ချိုင်းမှာ ဂူသွင်းမယ်..အပြီးအစီး အကုန်အကျခံမယ်"


လ သည် မိုက် လျက်။ ည သည် မှောင် လျက်။

အနီးအနားတဝိုက် ဂိုထောင်လေးများဆီတွင်ပင် မီးရောင်တို့ မရှိကြတော့။


သွေးညှီနံ့တို့က ...လေအဝှေ့တွင် ထောင်းထောင်းထလာသည်။

......... ......... ..........


စက်ဆန်းဂိုထောင်တန်းထဲမှ လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့ ထွက်လာကြသည်။


သွေးများပေကျံနေသော ဓါးများကို ကားအနောက်ခန်းအောက်ထဲသို့ ပစ်ထည့်လိုက်ကြပြီး ရှေ့ခန်းတွင် ထိုင်ကာ စက်နှိုးလိုက်ကြ၏။


"ဂန္ဓမာ.... မနက်ဖြန် ကိုမိုး ကို သွားပြောလိုက်တော့..ငါတို့ကိစ္စပြီးပြီမို့...သူ့ဘက်က စ လို့ရပြီလို့..သူ့့သူငယ်ချင်း အလိန် အကူအညီတောင်းထားတဲ့ ကိစ္စကိုလည်း ငါ လက်ခံတယ်လို့..ပြောလိုက်"





အခန်း(၁၆)


……………………….


ဇာတ်မင်းသား အောင်မောင်းကြီး ၏ မြိုင်ထတေးသံက ဗိုလ်တစ်ထောင်ဘုရားဝန်းအတွင်း ဟိန်းထွက်လာသည်။


အောင်မောင်းကြီးပွဲဝင်သလို ဈေးသည်များ၊ ပွဲသွားပွဲလာများဖြင့် စည်စည်ကားကား။


ချားရဟတ်နှစ်ခုကလည်း မီးဆိုင်းမီးခွေများဆင်ယင်လျက် လှပစွာလည်နေ၏။


ဘုရားဝန်းထောင့်ရှိ အံဂလုံဝိုင်းများ၊ အနီထောင့်ဝိုင်းများ၊ ဂျင်ဝိုင်းများတွင် လူများ အုံလျက်ရှိသည်။


ထိုပွဲကား အရှေ့ပိုင်းအရေးပိုင်ထံမှ ရထားသော အထူးခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အာဝါဒေးပွဲကြီးပင်။


ပွဲစီစဉ်သူကား မန်မဆာမိသားစု။


ဗိုလ်တစ်ထောင်ငမိုးသည် ထောင်မှ ပြန်လွတ်လာပြီးနောက် လမ်းမတော်ဖိုးတုတ် ကို အိမ်တွင် လက်ခံတွေ့ဆုံသည်မှလွဲပြီး လူမိုက်လောကနှင့် ခပ်ဝေးဝေးနေသည်ကို မန်မဆာမိသားစု သတိထားမိသည်။


မတ်စတီးခန့် အကြံပြုသည့်အတိုင်း ဂန်ဂယားကိစ္စဖြင့် ဖိုးတုတ်ကို အလုပ်ပေးထားပြီး..အရှေ့ပိုင်းဗိုလ်တစ်ထောင် နယ်မြေတွင် အာဝါဒေးပွဲကြီး ကျင်းပနေခြင်းဖြစ်သည်။


အာဝါဒေးပွဲ တစ်ပွဲ သွင်းပြီးရသော ဝင်ငွေမှာ နည်းလှသည်မဟုတ်။


အစိုးရကို အခွန်ပေးပြီး၊ ဇာတ်ငှားခ အပြီးအစီးပေးပြီးလျှင်ပင် ငွေတစ်သောင်းခန့် အသာလေးဝင်သည့် လုပ်ငန်းဖြစ်သည်။


ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲကို ဗန်းပြကာ လောင်းကစားဒိုင်ခံသည့် ဝင်ငွေက အများဆုံးဖြစ်သည်။


လောင်းကစားဒိုင်များက တညလျှင် ငွေကိုးရာနှုန်း မန်မဆာမိသားစုထံ ပေးသွင်းရသည်။


ည ၁၀ နာရီအချိန်တွင် မန်မဆာမိသားစုထဲမှ တူအငယ်ဆုံးဖြစ်သော ခင်မောင်တင် ခေါ် အာမင် နှင့်တပည့်များသည် ဓါးမြှောင်ကိုယ်စီခါးထိုးလျက် လောင်းကစားဒိုင်များထံမှ ငွေလိုက်လံ ကောက်ခံလေ့ရှိသည်။


ခင်မောင်တင် ခေါ် အာမင် သည် သူ ရစ်နေသည့် ကွမ်းယာသည်လေး ထံတွင် ကွမ်းဝယ်ရင်း စကားပြောနေလေသည်။


သူ့ တပည့်များက အလိုက်သိစွာဖြင့် ခပ်လှမ်းလှမ်းမှ စောင့်နေကြ၏။


ထိုအချိန်တွင် ကွမ်းယာဆိုင်အတွင်း လူနှစ်ဦး ဝင်လာသည်။


တစ်ဦးက အပေါ်ဗိုင်းဗလာကျင်းလျက် ပုဆိုးတိုတိုဝတ်ကာ ဝါးတောင်းတစ်လုံးကို ထမ်းထား၏။


ဘေးမှ တစ်ယောက်က ဘောလုံးကန်ဘောင်းဘီတိုတိုနှင့် စွပ်ကျယ်လက်ပြတ်ကို ဝတ်ထားသည်။


ညီမလေး..ကွမ်းတစ်ရာလောက်…မြန်မြန်ယာပေးပါ”


တောင်းထမ်းထားသည့်လူက ကောင်မလေးကို ကွမ်းမှာလိုက်သည်။


အာမင် က ကောင်မလေးနှင့် လေပေးဖြောင့်နေစဉ် ကွမ်းယာလာမှာသည့် သူကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


တောင်းထမ်းထားသည့် သူက လည်း ပြန်ကြည့်သည်။


ဟေ့ကောင်…မင်းက ဘာကြည့်တာလဲ..ငါ့ ဘာထင်လို့လဲ..ဟမ်”


အာမင် က တောင်းထမ်းထားသည့် လူ၏ ရင်ဘတ်ကို တွန်း လိုက်သည်။


ထိုအချိန်တွင် ဘေးမှပါလာသော ဘောင်းဘီတိုနှင့်လူက ကြားဖြတ်ဝင်လိုက်သည်။


ကျွန်တော့်ညီလေးပါ..ဆရာရယ်..ကလေးမို့ မသိနားမလည်တာပါ..စိတ်မဆိုးပါနဲ့”


အာမင်က ဆွဲထားသည့် လက်ကို လွှတ်လိုက်၏။


ဒါနဲ့..ဒီက ဆရာအာမင် ဆိုတာလား”


အေး…ဟုတ်တယ်..မင်းတို့ ငါ့ရှေ့က သွားတော့”


ဘောင်းဘီတိုနှင့် လူက နောက်သို့ လှည့်ပြောလိုက်သည်။


ဘိုးထင် ရေ..အာမင် တဲ့ ဟေ့..တောင်းရှေ့ကို ချလိုက်တော့”


တောင်းထမ်းထားသည့် လူက တောင်းကို အောက်သို့ချလိုက်သောအခါ တောင်းထဲတွင် ငှက်ကြီးတောင်တစ်လက်နှင့် တရုတ်ဓါးကောက်တစ်လက်။


ဘောင်းဘီတိုနှင့်လူက တောင်းထဲမှ တရုတ်ဓါးကောက်ကို ကောက်ကိုင်ကာ ခုတ်ချလိုက်သည်။


အာမင် မှာ ရုတ်တရက်မို့ ငမိုး၏ ခုတ်ချက်ကို ရှောင်ချိန်မရလိုက်။ ဓါးက ပုခုံးကို စိုက်ဝင်သွားသည်။


ထိုအခါမှ အာမင်၏ တပည့်များ သတိဝင်လာပြီး ဓါးမြှောင်ကိုယ်စီဖြင့် ပြေးလာ၏.


ငမိုး၏ ညီ ဓါးဘိုးထင်က တောင်းထဲမှ ငှက်ကြီးတောင်ကို ဆွဲကာ ရှေ့ဆုံးမှ ပြေးလာသော တစ်ယောက်၏ လက်မောင်းကို ခုတ်ချလိုက်သည်။


ထိုစဉ် ငမိုး၏ နောက်စေ့ ပူခနဲဖြစ်သွား၏။ ဒေါသထွက်သွားသည်။


နောက်သို့ လှည့်ကြည့်လိုက်သောအခါ လေးခွနှင့် အနီးကပ်ပစ်နေသူကို မြင်လိုက်ရသည်။ လေးခွသမားက လေးခွထဲသို့ နောက်ထပ် သံမူလီဖယောင်းပိတ်ထားသည့် ကုန်းသီး ကို ထည့်နေစဉ် ငမိုးက ဓါးဖြင့် ခုတ်ချလိုက်သည်။


လေးခွသမား လက်ကောက်ဝတ်သို့ ဓါးစိုက်ဝင်သွားပြီး အနောက်သို့ ဆုတ်ကာ ထွက်ပြေးလေတော့သည်။


ဟေ့..ဗိုလ်တစ်ထောင်ငမိုး တဲ့ကွ..မန်မဆာတွေ..အကုန်သတ်ပစ်မယ်”


ငမိုးအော်လိုက်ခြင်းမဟုတ်။ လူငယ်ဖြစ်သော ဘိုးထင်က အော်လိုက်ခြင်းဖြစ်သည်။


ငမိုး ဟူသော အမည်ကြားသည်နှင့် မန်မဆာ့လူမိုက်များ တန့်သွားကြပြီး နောက်ဆုတ် ပြေးကုန်ကြတော့၏။


အာမင် မှာ ကွမ်းယာခုံအောက်တွင် ညည်းညူလျက်။


ထို့နောက် ဓါးနှစ်ချောင်းကို ဝါးတောင်းထဲ ပြန်ထည့်ပြီးနောက် ဘိုးထင်က တောင်းကို ထမ်းကာ ပွဲခင်းထဲမှ ထွက်သွားလေသည်။


ငမိုး က ဇာတ်ပွဲရှိရာသို့ လမ်းလျှောက်ရင်း ပျောက်ကွယ်သွား၏။


အောင်မောင်းကြီးဇာတ်ပွဲကား ပရိတ်သတ်များကို ဆွဲဆောင်ထားလေသည်။


ဌာနအုပ် ကိုဘသွယ်သည် ဇာတ်စင်ရှေ့ဘေးဘက်တွင်ရှိသော အထူးတန်း၊ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း အောင်မောင်းကြီး၏ ခြေထိုးအကကို သဘောတကျ ရှုစားနေ၏။


ထိုအချိန်တွင် သူ့ဘေးတွင် ရှိသော ကုလားထိုင်အလွတ်သို့ လူငယ်တစ်ယောက် လာဝင်ထိုင်လေသည်။


ထိုခုံမှာ အရှေ့ပိုင်းခရိုင်အရေးပိုင် မစ္စတာမော်ဂန် အတွက် သီးသန့်ချန်ပေးထားရသော ခုံဖြစ်သဖြင့် ကိုဘသွယ် စိတ်အနှောက်အယှက်ဖြစ်သွားသည်။


အရာရှိများသာထိုင်ရသောအထူးတန်းတွင် ဝင်ထိုင်သည့် တောသားလူငယ်ကို ဒေါသလည်းထွက်သွား၏။


ဟေ့..သူငယ်…ဒါ မင်းတို့ နေရာမဟုတ်ဘူးကွဲ့…ဗီအိုင်ပီနေရာကွဲ့…ငါဌာနအုပ်ဘသွယ်ပဲ..မင်းငါ့ဘာထင်နေလဲ..အလကားနေ.ဖမ်းချုပ်ခံနေရမယ်..သွားသွား”


ကျွန်တော်လည်း ဇာတ်ပွဲလာငေးရင်း…ဦးမင်းကို မြင်လို့ နှုတ်ဆက်ရအောင် ခဏ ဝင်လာတာပါ.. ကျွန်တော့် မှတ်မိလားဗျ”


ဌာနအုပ်ကိုဘသွယ်မှာ မီးရောင်ပျပျအောက်တွင် လူငယ်၏ မျက်နှာကို ကြည့်လိုက်ပြီး လန့်ဖြန့်သွားလေတော့ သည်။


ငမိုး..ငမိုး”


အောင်မယ်..ဦးမင်း က မှတ်မိသားပဲဗျ..လွန်ခဲ့တဲ့ ဆယ်နှစ်က သင်္ဘောပေါ်မှာ ကျွန်တော့်ကို ဖမ်းပြီး အချုပ်ထဲမှာ ဝိုင်းထုထောင်းကြတာလေ..ဦးမင်း လက်ဆ ကလည်း တယ်ပြင်းတယ်နော..အခုတော့ ဆာသင်ကြီးကနေ ဌာနအုပ်တောင်ဖြစ်နေပြီကိုးဗျ”


ဌာနအုပ်ကိုဘသွယ်မှာ တုန်ရီနေလေသည်။


မင်း..ဘာလုပ်ချင်လို့လဲ…”


ကိုဘသွယ် က မတ်တပ်ရပ်ထအော်ရန် ကြံစည်လိုက်သော်လည်း သူ့ဗိုက်ကြားသို့ တစ်စုံတစ်ခု စူးခနဲဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်သည်။


ငမိုးက သူ့ဗိုက်ကို ဓါးမြှောင်ဖြင့် ထောက်ထားခြင်းပင်။


အောင်မောင်းကြီး အသံကလည်း တယ်အောင်ဗျာ..အခုနေ ဦးမင်း ဗိုက်ကို ဖွင့်ထည့်လိုက်ရင်တော့..အော်လည်း ဘယ်သူမှ ကြားမှမဟုတ်ဘူး။ ဗီအိုင်ပီတန်းဆိုတော့ ပရိသတ်နဲ့လည်း ဝေးသကိုးဗျ..ဟေဟေး”


မလုပ်ပါနဲ့…ကိုမိုးရယ်…မလုပ်ပါနဲ့”


အောင်မယ်..အခုတော့ ကိုမိုးတဲ့လား…ဘာမှ မလုပ်ပါဘူးဗျာ…ဦးမင်းကို တွေ့တော့ လာနှုတ်ဆက်တာပါဆို.. ကဲ..ကဲ ကျွန်တော် ခုန ပွဲခင်းထဲ တိုးရဝှေ့ရနဲ့ နည်းနည်းပင်ပန်းသွားတယ်။ ဘီယာလေးဘာလေးသွားစုပ်မလို့..ငွေတစ်ရာလောက် ပေးစမ်းပါ”


ဟာ..တစ်ရာတောင်လား”


မပေးချင်ဘူးပေါ့..ဌာနအုပ်မင်း”


ပေးပါ့မယ်..ပေးပါ့မယ်”


ကိုဘသွယ်က အိတ်ထဲမှ ရူပီးငွေများကို ထုတ်ကာ ရေတွက်ပြီး ငမိုး အားပေးလိုက်သည်။


သွားလိုက်ဦးမယ်..ဌာနအုပ်မင်း…ကျေးဇူးတင်တယ်နော..နောက်လည်း ခဏခဏ လာလည်ဦးမယ်”


ငမိုး ပြန်ထွက်သွားမှသာ ကိုဘသွယ်မှာ သက်ပြင်းချနိုင်တော့၏။


မင်းသားအောင်မောင်း ကား သူ၏ နာမည်ကျော် “အောင်မောင်းရေ..တောင့်ထား”ဆိုသည့် သီချင်းကို အော်ဆိုလိုက်သည်။


ကိုဘသွယ်ကား တောင့်မထားနိုင်တော့။


ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပျက်ထိုင်ရင်း ရင်ဘတ်ကို ဖိကာ စိတ်လှုပ်ရှားမှုကို ထိန်းနေရ၏။


တွင်မကြာသေးခင်ကပဲ..သူ့ဗိုက်ပေါ်တွင် ငမိုး၏ ဓါးမြှောင် ဝဲနေခဲ့သည်မဟုတ်လား။


…………………………………………………………………………………


ကံကြမ္မာ သည် အဆန်းပြားဆုံး မျက်လှည့်ဆရာပင်။


လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဇာတ်ဆရာဦးမာဒင်ကြီး ၏ ဇာတ်သဘင်တွင် အောင်မောင်း၊ ကြက်ကြား တည်းဟူသော လူငယ်လူရွှင်တော်လေး နှစ်ဦး ရှိခဲ့ဖူးသည်။


လူရွှင်တော်အောင်မောင်းမှာ ဦးမာဒင် ၏ ဇာတ်မှ ထွက်ပြီးသည့်နောက် မင်္ဂလာအောင်မောင်း တည်း ဟူသော နာမည်ကျော်မင်းသားတစ်လက် ဖြစ်လာခဲ့၏။


လူရွှင်တော်ကြက်ကြားမှ ဦးမာဒင်၏ ဇာတ်မှ ထွက်ပြီး အငြိမ့်လူရွှင်တော်လုပ်ရာ အငြိမ့်ထောင်ဦးစိုးရ မှ ငွေခိုးမှုဖြင့် စွပ်စွဲခံရပြီး ထောင်ကျလေသည်။


ထောင်မှထွက်သည့်အခါ စလင်းကွင်းတွင်ပြုလုပ်သော အငြိမ့်ပွဲတစ်ခုတွင် အငြိမ့်ထောင်ဦးစိုးရ အား စင်ပေါ် တက် ဓါးဖြင့် ခုတ်ရာမှ ထောင်နှစ်နှစ်ကျခဲ့သည်။


ထောင်မှ ပြန်ထွက်လာသည့်အခါ လူမိုက် ကြက်ကြား ဖြစ်လာပြီး လမ်းမတော်ဖိုးတုတ်နှင့် လက်ဝါးချင်းရိုက်ကာ ကြည်မြင့်တိုင်ကြက်ကြားဟူသော အမည်ဖြင့် ကျော်ကြားလေသည်။


အောင်မောင်းနှင့် ကြက်ကြား။


သူတို့နှစ်ဦး၏ ကျော်ကြားပုံခြင်းကား မတူညီကြ။


ညက အောင်မောင်းကြီး ဇာတ်ပွဲကို သွားငေးရင်း ဌာနအုပ်ကို ဓါးထောက်ခဲ့သော ဗိုလ်တစ်ထောင်ငမိုး သည် ယခုတော့ ဓါးထိုးခံကာသေဆုံးခဲ့သည့် လူမိုက်ကြီးကြက်ကြားကို ငေးနေရပြန်ချေပြီ။


ကိုမိုး..ညက အတော်မွှေလိုက်တာပဲ…အာမင်က မသေရုံတမယ်ပဲလို့ ကြားတယ်၊ မန်မဆာအုပ်စု တော့ အတော်သွေးပျက်သွားကြပြီ…ဌာနအုပ်ကိုဘသွယ်လည်း တော်တော်လန့်နေတယ်ကြားတယ်”


ကိုဘသွယ်ကိုတော့ လမ်းကြုံလေး..ဝင်နှောက်လိုက်တာပါ..ကိုဖိုးတုတ်ရာ”


ဒါပြီးရင်တော့ ခင်ဗျား ဆိပ်ကြီးဘက်ကို ခဏသွားရှောင်နေလိုက် ကိုမိုး..ဒီမှာ ဓါးခုတ်မှုကိစ္စက ပုလိပ်ကို ကျုပ် ရှင်းထားလိုက်မယ်…အေးအေးနေမှ ပြန်လာခဲ့ပေါ့”


ပြန်မလာတော့ဘူး..ကိုဖိုးတုတ်..ကျွန်တော် ခဏရှောင်နေပြီး..ခင်ဗျားဆီက အမှုဖြတ်ပြီ ကြားတာနဲ့ သင်္ကန်းစီးတော့မယ်…ဒီကိစ္စလုပ်ပေးတာလည်း…ကျွန်တော့်သူငယ်ချင်း အလိန်အတွက် ကျွန်တော် ကျေးဇူးဆပ်တာမို့ နောက်ဆုံးလုပ်လိုက်တာ.”


စိတ်ချပါ..ကိုမိုး..ညက အောင်မောင်းကြီးပွဲကို အရှေ့ပိုင်းအရေးပိုင် မော်ဂန်သခင် လာမကြည့်တာ ကျွန်တော်နဲ့ အဲ့ဒီကိစ္စ ပြောနေကြလို့ဗျ..မပူပါနဲ့…မကြာခင်မှာ ရန်ကုန်အရှေ့ပိုင်းမှာ အာဝါဒေးပွဲတွေ ခံခွင့်က ခင်ဗျားသူငယ်ချင်း အလိန် က လွဲပြီး ဘယ်သူမှ ရတော့မှမဟုတ်ပါဘူး…မော်ဂန်သခင်က သဘောတူပြီးသွားပါပြီ.. နောက်နှစ်ရက်လောက်နေရင် အလိန် ကို မော်ဂန်သခင်က သူ့ရုံးမှာ ခေါ်တွေ့လိမ့်မယ်..ကိုမိုး”


ဟုတ်ပြီ..ကိုဖိုးတုတ်..ကဲ ကျွန်တော့်ကို ဟိုဘက်ကမ်း ဘယ်သူလိုက်ပို့မှာလဲ”


ကျွန်တော် မော်တော်တစ်စင်း ဝယ်ထားတယ်..ကိုမိုး..ကိုယ်ပိုင်မော်တော်ဆိုတော့ ပိုစိတ်ချရတာပေါ့…ခနနေ ဂန္ဓမာ နဲ့ အတူ မြစ်ဆိပ်ကို ဆင်းကြပေါ့.. ဟိုမှာ နေရမယ့်နေရာပါ ဂန္ဓမာစီစဉ်ပေးလိမ့်မယ်”


…………………………………………………………………………………………


ငညွန့် ၏ နာရေးအိမ်မှ လမ်းမတော်ဖိုးတုတ် နှင့် စံဘ တို့ ည (၁၁)နာရီကျော်မှ ပြန်လာကြသည်။


ဖေဖော်ဝါရီလ ကုန်ခါစဖြစ်သော်လည်း ဆောင်းသည် မကုန်တတ်သေး။


ဖိုးတုတ်သည် ပုဝါကိုခေါင်းတွင်ပေါင်းထားပြီး ရှပ်အင်္ကျီအညိုပေါ်တွင် စွယ်တာအင်္ကျီ အဖြူရောင်ကို ရခိုင်ပုဆိုးအဝါရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။


တယုတယမွေးထားသည့် နှုတ်ခမ်းမွှေးကားကားကြီး နှင့် ဖိုးတုတ်ပုံစံက လူမိုက်တစ်ဦးဟု မထင်ရဘဲ ကုန်သည် သူဌေးကြီးတစ်ဦးနှင့် ပိုတူနေလေတော့သည်။


လမ်းမတော် (၁၄)လမ်းထိပ်သို့ အရောက်တွင် ဖိုးတုတ်အိမ်ရှေ့တွင် ရပ်ထားသော အနီရင့်ရောင် မာမွန်စစ်စတင်းအမျိုးအစား ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရလေသည်။


စံဘက ထိုကားနောက်တွင် ကားကို ရပ်လိုက်သည်။


ကားပေါ်မှ လမ်းမတော်ဖိုးတုတ်ဆင်းလာ၏။


အနီရောင်ကားဘေးတွင် လမ်းမတော်ပုလိပ်ဌာနမှ ဆားပုလင်းလှမောင်နှင့် ပုလိပ်သားတစ်ယောက်။


ဆားပုလင်းလှမောင်က ခြောက်လုံးပြူးသေနတ်ကို ခါးကြားထိုးထားသည်။


ကိုဖိုးတုတ်..ခင်ဗျားကို…ဝန်ကလေးစကော့ က စကားပြောချင်လို့တဲ့..ခဏလိုက်ခဲ့စေချင်ပါတယ်”


ဖိုးတုတ်က ကားအတွင်း ထိုင်နေသော မျက်နှာဖြူအရာရှိကို လှမ်းကြည့်လိုက်သည်။


ငညွန့် ရက်လည်ညက သူ့အရက်သောက်သည့် စားပွဲကို ကန်ကျောက်ခဲ့သည့် အရာရှိ။


စံဘ..ကားကို အိမ်ထဲသွင်းလိုက်ကွာ…ငါ ဒီဆရာတွေနဲ့ ခဏလိုက်သွားဦးမယ်”


ဆားပုလင်းလှမောင် နှင့် ပုလိပ်သားက ဖိုးတုတ်ကို ကားနောက်ခန်းတွင် ညှပ်ထိုင်လိုက်ကြသည်။


ကားရှေ့ခန်းဒရိုင်ဘာဘေးတွင် ထိုင်နေသော ဝန်ကလေးစကော့ က ဖိုးတုတ်ကို လှည့်ကြည့်လိုက်ပြီး


မင်း..ငါ့ကို မှတ်မိလား..ဖိုးတုတ်”


ဟုတ်ကဲ့..မှတ်မိပါတယ်..သခင်”


အေး ငါက ဟော့ဒီ ရန်ကုန်အနောက်ပိုင်းရဲ့ ရာဇဝတ်ဝန်ကလေး စကော့ပဲကွ..မှတ်ထား”


စကော့ က စကားဆုံးသည်နှင့် ဖိုးတုတ်၏ နှာနုကို လက်သီးဖြင့် ထိုးထည့်လိုက်သည်။


ဖိုးတုတ် နှာခေါင်းမှ သွေးများ ကျလာ၏။


ကားသည် မြို့မနေရှင်နယ်ကျောင်းရှေ့မှ မိုင်ဒါကွင်းကြီးဆီသို့ မောင်းဝင်သွားသည်။


မိုင်ဒါကွင်းကြီးမှာ မှောင်မဲနေ၏။


စကော့ က ကားကို မီးထိုးထားစေပြီး ကားရှေ့သို့ ထွက်သွားသည်။


ဟိတ်ကောင်တွေ..ဒီကောင့်ကို ငါ့ရှေ့ချုပ်ခေါ်ခဲ့ကြစမ်း”


စကော့က အင်္ဂလိပ်ဘာသာဖြင့် အမိန့်ပေးလိုက်သည်။


ဆားပုလင်းလှမောင်က ဖိုးတုတ် အနားသို့ ကပ်ပြီး တိုးတိုးပြော၏။


ကိုဖိုးတုတ်..ဒီကိစ္စမှာ သူခိုင်းလို့ ကျွန်တော်တို့ လုပ်ရတာပါ..အဲ့ဒါတော့ နားလည်ပေးပါဗျာ”


ဖိုးတုတ်က နှာခေါင်းက သွေးများကို ရှုံ့သွင်းလိုက်သည်။


ကျွန်တော်နားလည်ပါတယ်..ဆရာ…ဆရာ့မှာ လက်ကိုင်ပုဝါပါရင်သာ ကျွန်တော့်ပေးစမ်းပါ..ဒီကောင်ကြီး လက်သီးကပြင်းတယ်ဗျ…ခဏနေ ဒီထက် သွေးထွက်ချင်ထွက်လာမှာ..အဲ့ဒီကျ သုတ်စရာတစ်ခုခုရှိမှဖြစ်မယ်..တော်ကြာ သွေးတရဲရဲနဲ့ အိမ်ပြန်သွားရင် ကျွန်တော့်မိန်းမ လန့်နေဦးမယ်”


ဆားပုလင်းလှမောင်က သူ့ဘောင်းဘီတိုအိတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ဖိုးတုတ်ကို ပေးလိုက်သည်။


ဖိုးတုတ်က လက်ကိုင်ပုဝါကို ခေါက်ကာ စွယ်တာအတွင်း ရှပ်အင်္ကျီအိတ်ထဲသို့ ထည့်လိုက်ပြီး ပြင်သို့ ထွက်လာလိုက်သည်။


ဟေ့ကောင်..ဒူးထောက်စမ်း”


ဖိုးတုတ် က ဒူးထောက်လိုက်သည်။


ငါ့နာမည်..ပြန်ပြောစမ်း..ဟေ့ကောင်”


စကော့သခင်ပါ”


ခွပ်..ခွပ်..ခွပ်”


ဆွယ်တာအင်္ကျီ ကို ဆွဲကာ ဖိုးတုတ်မျက်နှာအား သုံးချက်ဆက်တိုက်ထိုးလိုက်လေသည်။


ရာထူးထည့်ပြောကွ..ဟေ့ကောင်”


ရာဇဝတ်ဝန်ကလေး စကော့သခင်ပါ”


ဂု..ဂု”


စကော့က ဖိုးတုတ် ၏ ပခုံးနှစ်ဖက်ကိုကိုင်ကာ ရင်ဘက်ကို ဒူးဖြင့် နှစ်ချက်ဆင့်တိုက်လိုက်သည်။


ဖိုးတုတ် ရုတ်တရက် အသက်ရှုရပ်သလိုဖြစ်ပြီး ခွေလဲသွား၏။


ပြောစမ်း..ဟေ့ကောင်..ရန်ကုန်အနောက်ပိုင်းရာဇဝန်ဝန်ကလေး စကော့သခင် လို့ အပြည့်အစုံ ပြောစမ်း”


ဖိုးတုတ်က ဘာမျှ မပြောတော့ပဲ..စကော့ကို သာ စူးစိုက်ကြည့်နေ၏။


ဘေးတွင် ကြည့်နေသော ဆားပုလင်းလှမောင် နှင့် ပုလိပ်သားပင် ဖိုးတုတ်၏ အကြည့်ကို ကျောထဲစိမ့်သွားကြသည်။


စကော့ က ဒေါသ ပိုထွက်လာပြီး ပုလိပ်နှစ်ယောက်အား ဖိုးတုတ်၏ ခြေလက်များအား ချုပ်ထားရန် အမိန့်ပေးလိုက်သည်။


ထို့နောက် ဖိုးတုတ်ပေါ်သို့ တက်ခွကာ နှုတ်ခမ်းမွှေးများအား လက်ဖြင့် ဆွဲနှုတ်လေတော့သည်။


ဖိုးတုတ်သည် နာကြင်လွန်းသဖြင့် တအီးအီး အော်ညည်းနေ၏။


နှုတ်ခမ်းမွှေးများ အစိမ်းလိုက် ဆွဲနှုတ်ခံရသဖြင့် နှုတ်ခမ်းအပေါ်ဘက်တွင် သွေးများ ထွက်လာလေသည်။


အေး..ရန်ကုန်အနောက်ပိုင်းမှာ လူမိုက်ဆိုတာတစ်ယောက်တည်း ရှိတယ်ကွ..အဲ့ဒါ မင်း မဟုတ်ဘူး..ဖိုးတုတ်..အနောက်ပိုင်းမှာ ဗိုလ်မထားတဲ့ လူမိုက်က စကော့ပဲကွ..စကော့ပဲ..မင်းအဲ့ဒါကို မှတ်ထား.. နောက်တစ်ခါ မင်း လူမိုက်ဆက်လုပ်နေတယ်ဆိုတဲ့ အသံကြားရင် မင်းကို အသေသတ်ပစ်မယ်”


သွေးအလူးလူးဖြစ်နေသော ဖိုးတုတ်ကို ထားရစ်ကာ စကော့နှင့် ပုလိပ်သားများ ကားမောင်းထွက်သွားကြ၏။


ဖိုးတုတ်က ဆားပုလင်းလှမောင် ထံမှ တောင်းထားသော ပုဝါကို ထုတ်ကာ မျက်နှာတွင် ပေကျံနေသော သွေးများကို သုတ်ပစ်လိုက်သည်။


ထို့နောက် လမ်းမတော် (၁၄)လမ်း အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့လေသည်။


……………………………………………………………………………………………..


မသင်းမြ ကား လမ်းမတော်ဖိုးတုတ် မျက်နှာကို ဆေးထည့်ပေးရင်း တရှုံ့ရှုံ့ငိုကြွေးနေ၏။


ဂန္ဓမာ က တောက် တစ်ချက်ခေါက်လိုက်သည်။


ငါ မပါလို့ မင်းဒီလိုဖြစ်တာကွ..မင်းကလည်း သူသေကိုယ်သေ ချပါလား..ဖိုးတုတ်ရာ..မင်း မဟုတ်တဲ့ အတိုင်းပဲ”


အဲ့ဒီအချိန်မှာ ငါ သည်းမခံလိုက်ရင် ဒီထက်အခြေအနေဆိုးသွားမှာကွ..သူ့ပုံစံက ငါကို တစ်ခါတည်းတောင် အပြတ်ရှင်းချင်တဲ့ပုံပဲ..ငါသည်းညည်းခံနေလို့သာ…သူတို့လက်ထဲမှာလည်း သေနတ်တွေနဲ့..တကယ်လို့ ငါ ခုခံရင် လမ်းမတော်ဖိုးတုတ်က ရာဇဝတ်ဝန်ကလေးကို ရန်ရှာလို့ ပစ်သတ်လိုက်ရတယ်ဆိုတာမျိုး ဖြစ်သွားမယ်”


မင်းမှာ ဘာအစီအစဉ်ရှိလဲ..ဖိုးတုတ်..ဒီကောင်ကြီးကို ငါ အမွှေးတွေ ပြန်နှုတ်ချင်နေပြီကွာ..”


ငါ့မှာ အစီအစဉ်ရှိတယ်.ဂန္ဓမာ၊ ငါတော့ ရှေ့ထွက်လုပ်လို့မရဘူး။ မင်းပဲ ငါ့အစားလုပ်ရမှာပဲ”


အေး..လုပ်မယ်ကွာ…ဒီဘိုခွေးကို ဘယ်လို လုပ်ရလုပ်ရ..ဆော်မယ်”


ဟား..ဟား ဂန္ဓမာ မင်း ဒီလောက် ဒေါသထွက်တာ ငါအခုမှ ပဲ မြင်ဖူးတော့တယ်”


ဂန္ဓမာထွက်သွားပြီးနောက်..ဖိုးတုတ်က မသင်းမြ ကို ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါးထံ ဖုန်းခေါ်ခိုင်းလိုက်သည်။


…………………………………………………………………………………


တပတ်ခန့်အကြာ။


ည ၉ နာရီခွဲ။


အနီရင့်ရောင် မာမွန်စစ်စတင်းအမျိုးအစား ကားကလေးသည် ဂျမခါနာကလပ်မှ ထွက်ပြီး မစ်ရှစ်လမ်း(အလုံလမ်း)အတိုင်း ကမ်းနားဘက်သို့ မောင်းနှင်လာသည်။


လမ်းတစ်နေရာတွင် အရက်မူးနေသော လူနှစ်ယောက်မှ လမ်းပေါ်တက်လျှောက်နေသဖြင့် ရာဇဝတ်ဝန်ကလေး စကော့ သည် ဟွန်းကို ခပ်ကြမ်းကြမ်း တီးလိုက်၏။


လူနှစ်ယောက်က မဖယ်သဖြင့် စကော့သည် ဒေါသတကြီးဖြင့် ကားကို ထိုးရပ်လိုက်သည်။


ဘလယ်ဒီဖူး”


ကလပ်တွင် ဝီစကီ ခြောက်ပက်ခန့်သောက်လာပြီး အရှိန်ရနေသော စကော့သည် ကားဘောက်စ်ထဲမှ သေနတ်ကို ယူကာ ကားတံခါးကို ဖွင့်လိုက်သည်။


ဟေ့..ခွေးသူခိုးကောင်တွေ…မင်းတို့ကို အကုန် အချုပ်ထဲပို့မယ်”


အရက်သမားနှစ်ယောက်က စကော့ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သဖြင့် စကော့ ကြောင်သွားသည်။


ထိုအချိန်တွင် စကော့၏ နောက်မှ လူတစ်ယောက် က စကော့ကို စောင့်ကန်လိုက်သဖြင့် ရှေ့သို့ ဟပ်ထိုး လဲကျသွားပြီး သေနတ်ပါ လွင့်ထွက်သွား၏။


ထိုသူက မှောက်ခုံလဲနေသော စကော့ပေါ်သို့ တက်ခွကာ ဆံပင်ကို ဆွဲလိုက်ပြီး မျက်နှာနှင့်ကတ္တရာလမ်းကို အားဖြင့် ဆွဲစောင့်တော့သည်။


အမူးသမားဟန်ဆောင်ထားသော အုန်းဖေ နှင့် ထွန်းတင် ရောက်လာပြီး စကော့၏ မျက်နှာကို ထမီအဟောင်းတစ်ထည့်ဖြင့် အုပ်ကာ လည်ပင်းတွင် ချည်နှောင်လိုက်ကြသည်။


ထို့နောက် နောက်မှ တက်ဖိထားသည့် ဂန္ဓမာသောင်းရီက စကော့ကို လက်ပြန်ကြိုးတုပ်လိုက်သည်။


ဒီကောင့်ကို ချုပ်ပြီး ဒူးထောက်ခိုင်း”


အုန်းဖေ နှင့်ထွန်းတင် က စကော့အား ကားမီးရောင်ရှေ့တွင် ဒူးထောက်ခိုင်းပြီး ချုပ်ထားလိုက်ကြသည်။


ထို့နောက် ဂန္ဓမာသောင်းရီ က ပခုံးအောက်တွင် အမြဲလွယ်ထားသော ချိန်းကြိုးကို ထုတ်ကာ လက်တွင် ပတ်လိုက်သည်။


ထို့နောက် ထမီအုပ်ထားသည့် စကော့၏ မျက်နှာကို အဆက်မပြတ်ထိုးတော့၏။


လဲကျသွားချိန်တွင်လည်း သုံးယောက်သား ရှုးဖိနပ်များဖြင့် စကော့ကို ဝိုင်းကန်ကြလေသည်။


ထို့နောက် အမှောင်ရိပ်ထဲတွင် ရပ်ထားသော ကားပေါ်သို့ တက်ကာ မောင်းထွက်သွားကြသည်။


ဂျမခါနာကလပ်မှ ပြန်လာကြသော အင်္ဂလိပ်စစ်ဗိုလ်လေးနှင့် ဇနီးသည် မောင်းနှင်လာသော ကားသည် ထမီဖြင့် အုပ်လျက် လမ်းမတွင် လဲကျနေသော စကော့ကို တွေ့ကြရသဖြင့် အလုံပုလိပ်ဌာနကို အကြောင်းကြားလိုက်လေသည်။


အလုံပုလိပ်ဌာနမှ ရောက်လာပြီး စကော့အား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်တော့သည်။


ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ် မှာ သူဌေးကြီးဆာဘိုးသာ ၏ ဧည့်ခံပွဲတွင် ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ကျော်စိုးတို့နှင့်အတူ ရယ်ရယ်မောမောစကားပြောဆိုနေလေသည်။


………………………………………………………………………………………………………


နောက်တစ်နေ့ နံနက်တွင် နေအိမ်တွင် ရှိနေသော လမ်းမတော်ဖိုးတုတ်ကို အလုံပုလိပ်ဌာနမှ ဝန်ကလေးစကော့ အရိုက်ခံရမှု အတွက် စစ်ဆေးရန် အိမ်သို့ လာရောက်ခေါ်ဆောင်လေသည်။


ဌာနသို့ အရောက်တွင် ဖိုးတုတ်က ည ၇ နာရီမှ ၁၁ နာရီအထိ ဆာဘိုးသာခြံတွင် မင်းသားကျော်စိုး၊ ခင်မောင်ရင်တို့အပြင် အခြားလူကြီးလူကောင်းများစွာနှင့် အတူရှိနေကြောင်း အလီဘိုင်ပြနိုင်ခဲ့လေသည်။


ထိုဧည့်ခံပွဲတွင် ပုလိပ်မင်းကြီး မစ္စတာဝဲလ်ဘုန်း ပင် တက်ရောက်သဖြင့် ပုလိပ်များလည်း လက်လျော့ပြီး လမ်းမတော်ဖိုးတုတ်ကို ပြန်လွှတ်လိုက်ရလေတော့သည်။


နောက် တစ်ပတ်အကြာတွင် အနောက်ပိုင်းရာဇဝတ်ဝန်ကလေး စကော့ အား ပုလိပ်မင်းကြီးထံ သို့ ရောက်လာသော တိုင်ကြားစာတစ်စောင်အရ… ရာထူးတာဝန်အား အလွဲသုံးစားလုပ်ကာ အရပ်သားတစ်ဦးအား အကြောင်းမဲ့နာကြင်စေမှု၊ ရန်ဖြစ်မှုတို့ဖြင့် မကွေးတိုင်းသို့ ရာထူးချကာ ပြောင်းရွှေ့မိန့် ထွက်လာလေသည်။


ရာဇဝတ်ဝန်ကလေး စကော့လည်း ရာထူးကျပြီး နယ်ပြောင်းရပြီဖြစ်သည်။


ဆာဂျင်ဂန်ဂယား ပျောက်သွားသည်မှာ တလကျော်လေပြီ။


မစ္စတာမန်မဆင်သည် မတ်စတီးခန်း ၏ အိမ်သို့ အပြေးအလွှား ရောက်လာလေသည်။


သို့သော်…မတ်စတီးခန်း ကား အလုပ်မအားသဖြင့် ထွက်မတွေ့နိုင်ကြောင်း ငြင်းပယ်ခြင်းကို သာ ခံလိုက်ရလေတော့သည်။


……………………………………………………………


နံနက် ၇ နာရီ။


မသင်းမြ သည် ပွဲရုံတစ်ခုကို ကိုယ်ပိုင်ထူထောင်ထားပြီဖြစ်သဖြင့် ထမင်းချိုင့်ထည့်ကာ ပွဲရုံသို့ စံဘမောင်းသော ကားဖြင့် သွားလေသည်။


လမ်းမတော်ဖိုးတုတ် တစ်ယောက်သာ အိမ်ရှေ့ဝရံတာတွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်ရင်း သတင်းစာ ဖတ်နေလေ၏။


ထိုအချိန်တွင် မြင်းနှစ်ကောင်က သော ဒေါက်ကပ်ရထားကြီး ဆိုက်လာလေသည်။


ဒေါက်ကပ်ပေါ်မှ ရွှေရောင်ဦးထုတ်ကြီး တဝင်းဝင်းဖြင့် ဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် ဖိုးတုတ်က သတင်းစာကို ချပြီး မတ်တပ်ထရပ်လိုက်သည်။


မတ်စတီးခန်း။


မတ်စတီးခန်းက ဝရံတာတွင် ရပ်နေသော ဖိုးတုတ်ကို မော့ကြည့်လိုက်သည်။


ဖိုးတုတ်..မင်း ငါ့ အိမ်ရှေ့ရောက်မလာခင်….ငါက မင်းအိမ်ရှေ့ကို အရင်လာတာကွ…”





အခန်း(၁၇)


……………………


လမ်းမတော်ဖိုးတုတ် က မတ်စတီးခန်း ကို ကြည့်ကာ ပြုံးလိုက်သည်။


ငါ့ မင်းနဲ့ စကားပြောချင်လို့ ..ဖိုးတုတ်…အိမ်ပေါ်တက်ခဲ့ရမလား”


ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်၏။


မတ်စတီးခန်း အိမ်ပေါ်သို့ တက်လာသည်။ ဖိုးတုတ်က နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို တစ်ချက် ကြည့်လိုက်ပြီး ကျွန်းကုလားထိုင်တွင် ခြေချိတ်ထိုင်လိုက်၏။


မတ်စတီးခန်း က ဖိုးတုတ်ရှေ့မှ ထိုင်ခုံတွင် ဝင်ထိုင်သည်။


ကဲ..ဘာပြောချင်တာလဲ..ပြောဗျာ”


ဒီကို ငါ့ဂုဏ်သိက္ခာအတွက် ငါလာရတာပဲ ဖိုးတုတ်…ဒီပွဲမှာ ငါတို့ ရှုံးသွားပြီ..ငါလည်း ဒီပွဲကို ငါ့နောက်ဆုံးပွဲ လို့ ယူဆထားပြီးသားပါကွာ။ မင်းကို ငါတို့ လက်လှမ်းမမီတော့ပါဘူး”


အင်း.အဲ့ဒီတော့ ဘာဖြစ်လဲ”


ငါ ပုဏ္ဍားဘထွန်းတုန်းကလို အရှက်တကွဲနဲ့ ဒီလောကထဲက ထွက်မသွားချင်ဘူး..ဖိုးတုတ်။ ငါ လူမိုက်လောက ထဲကနေ သိက္ခာရှိရှိပဲ ထွက်သွားချင်တယ်။ အဲ့ဒါကို မင်းနားလည်မှာပါ”


ဒါဆို..ပေးခဲ့ရတဲ့ အသက်တွေ အတွက်ကရော..”


မတ်စတီးခန်း က သူ့ ဦးထုတ်ကြီးကို ချွတ်လိုက်သည်။


ထို့နောက် အိတ်ကပ်ထဲမှ ဆေးပြင်းလိပ်ကို ထုတ်ကာ မီးညှိ့လိုက်၏။


ဖိုးတုတ်…မင်းဘေးနားက လူတွေ သေသလို..ငါ့ဘေးနားက လူတွေ သေခဲ့ရတာပဲ….ဂန်ဂယားကို မင်းတို့ လက်စဖျောက်လိုက်ပြီမဟုတ်လား”


ဖိုးတုတ်က ခေါင်းညိမ့်ပြလိုက်သည်။


အဲ့ဒါ ငါ့တရားမဝငသှား ပဲ ကှ။ ငါ့သား။ငါ့သား”


မတ်စတီးခန်း က ဆေးပြင်းလိပ်ကို အားပြင်းပြင်းဖွာထုတ်လိုက်သည်။ မီးဖွားအချို့ပင် အင်္ကျီပေါ်ကျကုန်သည်အထိ။


ဂန်ဂယား အမေ က ငါ့ မိန်းမတွေထဲက တစ်ယောက်ပဲ။ သူက ဟိန္ဒူမ ဖြစ်နေလို့..ငါ့တရားဝင်စာရင်းတော့ ထည့်လို့မရဘူးပေါ့ကွာ။ ဂန်ဂယားက စစ်တပ်ထဲမှာ အကြာကြီးနေခဲ့တယ်။ အနောက်ဘက်စစ်မျက်နှာ ပရပ်ရှားမှာ လူတွေအများကြီးသတ်ခဲ့တဲ့စစ်သား။ သူပြန်လာတဲ့အချိန် သူက လူမိုက်လောကထဲ ငါ့နေရာကို ဆက်ခံချင်တယ်တဲ့။ ဒီတော့ ငါပြောခဲ့တယ်။ ငါ့က အနားယူတော့မှာ..မင်းဆက်ခံချင် ဆက်ခံ ဖိုးတုတ် ကို အပြတ်ရှင်းမှ ဆက်ခံခွင့်ရှိမှာလို့ ပြောလိုက်တယ်။ အခုတော့ သူသေပြီ”


မတ်စတီးခန်းက ဖိုးတုတ်၏ နံရံတွင် ချိတ်ထားသော ငှက်ကြီးဓါးကို ငေးကြည့်သည်။


ငါအိုပြီ..ဖိုးတုတ်.. ငါရှုံးလည်းရှုံးပြီ…ငါ့ကို ဒီလောကထဲက သိက္ခာရှိရှိ နောက်ဆုတ်သွားခွင့်ပေးစေချင်တယ်..ရန်ကုန် ကို မင်းလက်ကို ငါအပ်ပါတယ်”


မန်မဆာတွေ ကို ရော..ဘယ်လို လုပ်မှာလဲ”


မန်မဆာမိသားစု ဆိုတာ ငါ့အရှိန်အဝါနဲ့ပဲ ရပ်တည်လာခဲ့တာကြာပါပြီ။ သူတို့လည်း အခုဆို သူတို့ စီးပွားရေးကို ထိခိုက်လာမှာကို စိုးရိမ်တတ်နေကြရောပေါ့။ ငါနောက်ဆုတ်လိုက်တာနဲ့ သူတို့ပါ ရှေ့တိုးရဲမှာ မဟုတ်တော့ဘူး။ ဖိုးတုတ်…မင်း က ငါ့ထက်ရော မန်မဆာထက်မှာ အများကြီး ပေါက်ရောက်နေပါပြီကွာ”


ဒီလိုနဲ့ လွယ်လွယ်တော့ ပြန်လှည့်သွားလို့မရဘူး..မတ်စတီးခန်း..ခင်ဗျားနဲ့ ကျုပ်ကြား အကြွေးလေး တစ်ခုက ရှိနေသေးတယ်”


ဖိုးတုတ်က ခုံပေါ်မှ ထကာ နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို ပြေးဆွဲထုတ်လိုက်သည်။


မတ်စတီးခန်း ထပြေးရန် ကြံလိုက်သော်လည်း မရတော့။


ဖိုးတုတ်၏ ဓါးက မတ်စတီးခန်း ၏ လည်ပင်းပေါ် တင်ထားပြီး ဖြစ်နေပေပြီ။


ခင်ဗျား ကိုးကွယ်တဲ့ ဘုရား ဆီမှာ အာရုံပြုထားပေတော့..ခင်ဗျားကို ကျုပ်လက်နဲ့ ကိုယ်တိုင်သတ်မယ်”


မတ်စတီးခန်း လက်ထဲမှ ဆေးပြင်းလိပ်က အောက်ပြုတ်ကျသွားသည်။ ဖိုးတုတ်ကို ထိတ်လန့်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


ထို့နောက်..မျက်စိကို မှိတ်လိုက်သည်။


ကဲ..မျက်လုံးတွေကို ဖွင့်ပြီး ရန်ကုန်ရဲ့ဘုရင် ကို ခင်ဗျား ဖူးမြော်လိုက်စမ်းပါ..မတ်စတီးခန်း”


ဖိုးတုတ်က လွန်ခဲ့သည့်နှစ်များစွာက သူပြောခဲ့သည့် စကားလုံးကို ပြန်ပြောသဖြင့် မတ်စတီးခန်း သဘောပေါက်လိုက်သည်။


မင်း..ကို ငါ တကယ် မသတ်ခဲ့ဘူးလေကွာ”


ကျုပ်လည်း ခင်ဗျားကို မသတ်ပါဘူးဗျ။ တစ်ချိန်က ကျုပ်လည်ပင်းကို ကြိုးကွင်းစွပ်ခဲ့သလို အခုလည်း ခင်ဗျားလည်ပင်းပေါ် ကျုပ်ဓါးတင်လိုက်နိုင်ပြီပဲ..ကဲ..ခင်ဗျား..ပြန်တော့..ရန်ကုန်ကိုလမ်းမတော်က ဟော့ဒီအိမ်ပေါ်မှာ ထားရစ်ပြီး ခင်ဗျားပြန်ပေတော့…နန်းကျဘုရင်ကြီး..ခင်ဗျားက စပါးပွဲစား မတ်စတီးခန်းပဲ..ဘာမှမဟုတ်တော့ဘူး..အဲ့ဒီလိုလေး မှတ်ပြီး ပြန်ပေတော့”


မတ်စတီးခန်း က အောက်တွင်ကျနေသော ဆေးပြင်းလိပ်ကို ကောက်လိုက်သည်။


ထို့နောက် ထိုင်နေရာမှ ထကာ..အိမ်အောက်သို့ လှေကားအတိုင်း ဆင်းသွား၏။


ဖိုးတုတ်က ဝရံတာမှ ထွက်ကာ မတ်စတီးခန်း၏ ဒေါက်ကပ်ပေါ် တက်သည်ကို ဆေးတံဖွာလျက် အရသာခံ ကြည့်နေလေသည်။


လမ်းမတော်ဖိုးတုတ် ကား ရန်ကုန်၏ ဘုရင်ဖြစ်ခဲ့ပြီ။


………………………………………………………………………….


ရန်ကုန်အရှေ့ပိုင်းတွင် မတ်စတီးခန်း၊ မန်မဆာ တို့၏ နာမည်များ တဖြည်းဖြည်းလွင့်ပါးသွားခဲ့ကြပြီ။


လမ်းတော်ဖိုးတုတ်၏ သြဇာခံလူမိုက်များက ရန်ကုန်အနောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်မြေများကို ခွဲခြမ်းအုပ်ချုပ်လိုက်ကြ၏။


တာမွေတွင် အောင်ဘ၊ ဗိုလ်တစ်ထောင်တွင် ငမိုး၏ညီ ဓါးဘိုးထင်၊ ပုဇွန်တောင်တွင် သံတုတ်ငမြဲ တို့ က လမ်းမတော်ဖိုးတုတ်လက်အောက်ခံလူမိုက်များအဖြစ် ဆက်ကြေး ကောက်ခံကြသည်။


လမ်းမတော်ဖိုးတုတ်ကား ရန်ကုန်တစ်မြို့လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသော လူမိုက်ကြီး ဖြစ်လာပေပြီ။


သို့သော် လမ်းမတော်ဖိုးတုတ်က နယ်မြေများကို တပည့်များနှင့် လွှတ်ထားပြီးနောက် သရက်တောကျောင်းတိုက်အတွင်းဝယ် ဇရပ်ကြီးတစ်ဆောင်ကို ကိုယ်တိုင်ကြီးကြပ်ကာ ဆောက်လုပ်လှူဒါန်းနေလေတော့သည်။


………………………………………………………………………………………….


၁၉၃၁ ခုနှစ် ၊ သြဂုတ်လ ၂ ရက်၊ တနင်္ဂနွေနေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဟိုခိုနောင်ကွမ်းရွာ အနီး တောထဲတွင် လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံအား ခြေထောက် ညှောင့်စူးသော ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။


၁၉၃၁ နိုဝင်ဘာလ ၂၈ ရက်နေ့ ၊ စနေနေ့ နံနက်တွင် သာယာဝတီထောင်တွင် ဆရာစံအား လည်ပင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်ချမှတ်ခဲ့သည်။


ဆရာစံ ၏ အမှုတွင် ရှေ့နေလိုက်ပေးသည့် ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ သာယာဝတီဦးမြ (ခေါ်)သခင်မြ၊ ဦးထွန်းအောင်ကျော်၊ ဥပဒေပြုအမတ်ဦးမောင်ကြီး တို့ ပေါ်ပေါက်ခဲ့သည်။


သာယာဝတီခရိုင်၊ အုတ်ဖိုမြို့သား တတိယတန်းရှေ့နေ့ကလေး ဦးစော (ဂဠုန်ဦးစော) ကလည်း ဆရာစံဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည်။


ထိုသူတို့သည်ကား လာလတ္တံသော နှစ်များတွင် မြန်မာ့နိုင်ငံရေးလောကအတွင်း ထင်ရှားလာကြတော့မည့်သူများပင်။


၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံအား (၉၁)ဌာန အုပ်ချုပ်ရေးသို့ ပြောင်းလဲပေးခဲ့သည်။


လယ်သမားသူပုန်ကြီး ပြီးသည့်နောက် အင်္ဂလိပ်အစိုးရက အိန္ဒိယပြည်ထဲမှ မြန်မာပြည်အား ခွဲရေး၊တွဲရေး အဖြစ် ဆိုင်မွန်စီမံကိန်းကို တင်သွင်းခဲ့ရာ မြန်မာ့နိုင်ငံရေးလောကအတွင်း ခွဲရေးအုပ်စုနှင့် တွဲရေးအုပ်စုများ ကြား တိုက်ပွဲ ပြင်းထန်လာခဲ့သည်။


ဆာဂျေအေမောင်ကြီး သည် ခေတ္တဘုရင်ခံအဖြစ်မှ ဖယ်ပေးလိုက်ရပြီး ဆာဟူးလန်းဒေါင်းစတီဖင်ဆင် က ဘုရင်ခံဖြစ်လာသည်။


လမ်းမတော်ဖိုးတုတ် ၏ ပင်မကျောထောက်နောက်ခံဖြစ်သော ပြည်ထဲရေးအတွင်းဝန် မစ္စတာတီကူးပါး ပြုတ်ကျသွားသော်လည်း လမ်းမတော်ဖိုးတုတ် ၏ နာမည်ကား ကျမသွားခဲ့။


နောက်တက်လာသည့် နိုင်ငံရေးသမားအချို့နှင့် လမ်းမတော်ဖိုးတုတ်အကြား အပေးအယူ၊ အမှီအခို များ ဆက်လက်တည်ရှိနေသည်။


လမ်းမတော်ဖိုးတုတ်မှာ ငွေကြေးပိုမိုကြွယ်ဝချမ်းသာလာခဲ့ပြီး ရန်ကုန်လူမိုက်လော၏ ဘုရင်အဖြစ် ပြိုင်ဘက်ကင်းလျက်ပင်။


၁၉၃၅ တွင် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အိန္ဒိယပြည် မှ ခွဲထုတ်ပေးကာ ၉၁ ဌာန အုပ်ချုပ်ရေး ကို ပြဌာန်းပေးခဲ့၏။


ထူးခြားချက်မှာ အိန္ဒိယနှင့် တွဲရေးဘက်မှ ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်သည် ခွဲရေးခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘဖေကို အနိုင်ရကာ ၁၉၃၇ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရအဖွဲ့၏ နန်းရင်းဝန်(ဝန်ကြီးချုပ်) ဖြစ်လာသည်။


ဂဠုန်ဦးစော သည်လည်း မျိုးချစ်ပါတီကို ထူထောင်ကာ အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ်လာသည်။


တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွသူ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် တို့ဗမာအစည်းအရုံး သည်လည်း လွှတ်တော်နိုင်ငံရေးထဲ ဝင်လာကြပြီး မြန်မာနိုင်ငံရေးတွင် သြဇာရှိသော အဖွဲ့တစ်ဖွဲ့ ဖြစ်လာနေသည်။


………………………………………………………………………………………………………………………


၁၉၃၈ ခုနှစ်၊ ဧပြီလ ။ ရန်ကုန်အခွန်တော်ဝန်ကြီးဌာနရုံး။


အခွန်တော်ဌာနဝန်ကြီး ဦးပု ၏ ရုံးခန်း။


ပန်းရောင်ပုဝါကို ခေါင်းပေါင်းထားပြီး မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှုတ်ခမ်းမွှေးနက်နက်ဖြင့် ပညာတတ်ဟန် အပြည့်ရှိသော ဦးပု က သူ့ရှေ့တွင် ထိုင်နေသော သူကို တလှည့်၊ စာရွက်စာတမ်းများကို တလှည့် ကြည့်နေလေသည်။


မောင်ဖိုးတုတ် တင်ထားတဲ့ စာရွက်စာတမ်းတွေကတော့ ပြည့်စုံပါတယ်။ ဒါပေမယ့် အခု ရန်ကုန် ဆိပ်ကမ်းကဆိုက်လာမဲ့ ချွန်ယွမ်း ကုန်သွယ်ရေးကုမ္ပဏီရဲ့ တရုတ်သင်္ဘောတွေကို သီးသန့်အခွန်အရာရှိထားပေးဖို့ဆိုတဲ့ ကိစ္စနဲ့ မောင်ဖိုးတုတ် နဲ့က ဘယ်လို သက်ဆိုင်နေလဲဆိုတာတော့..ဦး စဉ်းစားမရဘူး”


ဒီလိုပါ ဝန်ကြီးမင်း..ချွန်ယွမ်းကုန်သွယ်ရေးရဲ့ ရန်ကုန်ဆိပ်ကမ်းကိုယ်စားလှယ် က ကျွန်တော်မျိုး ဇနီးသည်ရဲ့ ဦးလေးတော်သူပါ။ သူက တရုတ်လူမျိုးတွေဆိုတော့ မြန်မာရေး၊ မြန်မာရာ မကျေလည်တာတွေရှိလို့ ကျွန်တော်က ဦးစီးပေးနေတာပါ”


ဟုတ်ပါပြီလေ..ဒါပေမယ့်..သင်္ဘောကုမ္ပဏီကြီးတွေမို့ အခွန်တော်အရာရှိသီးသန့်ထားပေးရတာ..ပြသနာမရှိလှပါဘူး။ ခု ချွန်ယွမ်း ကတော့ သာမန်မော်တော်နဲ့ သင်္ဘောငယ်တွေပဲ ရှိတဲ့ ကုမ္ပဏီအသေးလေးဆိုတော့ လုပ်ထုံးလုပ်နည်းအရ အခွန်တော်အရာရှိ သက်သက် ထားပေးဖို့ ဆိုတာ ပြသနာရှိပါတယ်။ တာဝန်ကျ ဆိပ်ကမ်းအခွန်တော်အရာရှိတွေကပဲ အလှည့်ကျ စစ်ဆေးတာမျိုးပဲ ဖြစ်နိုင်မယ်ထင်တယ်”


ဒီလိုပါ..ဝန်ကြီးမင်း..ချွန်ယွမ်းဟာ ကုမ္ပဏီအသေးလေးပါ။ ဒါပေမယ့် .. ဖော်မိုဆာနဲ့ ဟိုင်နန်က တရုတ်ကုန်တွေအများစုသယ်လာတာပါ။ သယ်လာတဲ့လူတွေကလည်း ပြည်မတရုတ်တွေလို မလည်မဝယ်ကြပါဘူး။ ကုန်ပစ္စည်းအမယ်ကလည်းမျိုးစုံတဲ့အခါ အခွန်တော်အရာရှိ တစ်ယောက်ပြောင်းရင် တစ်ခါ ဒီကိစ္စကို ရှင်းရလင်းရပါတယ်။ ဒီတော့ အခွန်တော်နှုန်းကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ဒီကုန်တွေကို တသမတ်တည်း အခွန်တော်သတ်မှတ်ပေးနိုင်ဖို့ဆိုတာ အခွန်တော်အရာရှိတစ်ယောက် သီးသန့်ရှိမှသာအဆင်ပြေမှာပါ”


ဦးပု က နှုတ်ခမ်းမွှေးကို သလိုက်ပြီး…လမ်းမတော်ဖိုးတုတ်ကို ပြုံးပြလိုက်သည်။


ဒီကိစ္စက နည်းနည်းခက်ခဲပေမယ့်..ဦးအနေနဲ့တော့ ဝန်ကြီးလုပ်ပိုင်ခွင့်ထဲကနေ လုပ်ပေးလိုက်လို့ရပါတယ်။ ဒါပေမယ့် မောင်ဖိုးတုတ် နဲ့ ဦး..တစ်နေရာရာမှာ စကားပြောမှ ဖြစ်မယ်ထင်တယ်။ ဒီရုံးခန်းမှာ တော့မပြောချင်ဘူး”


ဖိုးတုတ်က ဦးပု ၏ စကားအသွားအလာကို ချက်ချင်းသဘောပေါက်လိုက်သည်။


ဝန်ကြီးမင်း.ကို ရုံးဆင်းချိန် ကျွန်တော်မျိုး ဘယ်မှာ လာတွေ့ခွင့်ရပါ့မလဲသာ ပြောပါခင်ဗျ”


ဒီညတော့ ဦး Silver Grill မှာ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားစရာရှိတယ်။ မောင်ဖိုးတုတ်ကို ဖိတ်ပါတယ်”


ကျေးဇူးတင်ပါတယ်..ဝန်ကြီးမင်း..ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး”


လမ်းမတော်ဖိုးတုတ် က ဦးပု ကို အရိုအသေပေးကာ..ထပြန်ရန်ပြင်လိုက်သည်။


..Silver Grill က ဒင်နာဂျက်ကက် နဲ့မှ ဝင်လို့ရတာနော်..မောင်ဖိုးတုတ်..ဝတ်လာဖို့ မမေ့နဲ့ဦး”


………………………………….


Silver Grill ကလပ်သည် အမှတ် (၈၂)ဘားလမ်းတွင် တည်ရှိသည်။


ဥရောပသားလူကုံထံ နှင့် မြန်မာအမျိုးသား လူကုံထံများ သွားလေ့ရှိသည့်နေရာဖြစ်သည်။


ကိန်းကြီးခမ်းကြီးနိုင်သော ဗြိတိသျှများမှာမူ လူဖြူသာဝင်ရသည့် ဂျမခါနာကလပ်၊ ပဲခူးကလပ်တို့ကိုသာ သွားလေ့ရှိပြီး Silver Grill သို့ လာလေ့မရှိချေ။


ထိုကလပ်တွင် ဥရောပမှ အဆိုတော်များလည်း လာရောက်ဖျော်ဖြေလေ့ရှိသည်။


လမ်းမတော်ဖိုးတုတ် ကား အနောက်တိုင်းစတိုင်လ် ညစာစားပွဲဝတ်စုံကို ယခုမှ စဝတ်ရသည်ဖြစ်သဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေလေသည်။


ထိုဝတ်စုံကို ဂန္ဓမာသောင်းရီနှင့် မသင်းမြ တို့က ဆင်ပေးလိုက်ခြင်းဖြစ်သည်။


Silver Grill သို့ ရောက်သောအခါ ဦးပု က သီးသန့်အခန်းထဲရှိ စားပွဲဝိုင်းတွင် တစ်ကိုယ်တည်းထိုင်ကာ လက်ဖက်ရည်သောက်နေ၏။


ကျွန်တော်ရောက်ပါပြီ..ဝန်ကြီးမင်း”


ကြိုဆိုပါတယ်..မောင်ဖိုးတုတ်..ဦးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို စောင့်ပါရစေဦး။ ကဲ ဘာမှာမလဲ”


ဖိုးတုတ်က ဘရန်ဒီနှစ်ပက် မှာလိုက်သည်။


ခဏအကြာတွင် သူတို့ စားပွဲဝိုင်းသို့ ထူးခြားသောအသွင်သဏ္ဍာန်ရှိ လူတစ်ဦးဝင်လာသည်။


ထိုသူကား ဦးပုနှင့် ဖိုးတုတ်ကဲ့သို့ ဒင်နာကုတ်ကို ဝတ်မထား။


အင်္ကျီအဖြူလက်တို၊ ကာကီဘောင်းဘီတို နှင့် ဒူးဆစ်အထိရောက်သော စတော့ကင်ခြေအိတ်အရှည်၊ ရှူးဖိနပ် အညိုတို့ကို ဝတ်ဆင်ထားသည်။


ညဘက်တင်ပါးစုံရှိ ဘောင်းဘီအိတ်ထဲတွင် ခြောက်လုံးပြူးသေနတ်တစ်လက်ကို ပြောင်းအပေါ်သို့ ထောင်လျက် ဖော်ကာ ထည့်ထား၏။


ကိုစော…ခင်ဗျားကို ကုတ်မပါပဲ..အစောင့်က အဝင်ခံတယ်လား”


ဦးစော ဆိုသူက မဲ့ပြုံးပြုံးပြလိုက်ပြီး


ဒီကလပ်က ကျွန်တော့်အတွက်ဆို ဘာမှ ဝတ်မလာတောင် လက်ခံပေးရမယ့်ကလပ်ဗျ..ဆရာဦးပုရဲ့…ပြီးတော့ ဟော့ဒီမှာလေ..ဒါပါတယ်..ဒါ ကုတ်အင်္ကျ ီထက် ပိုပြီး သြဇာရှိတယ်ဗျ”


ဦးစောက သူ့ဘောင်းဘီအိတ်ထဲမှ ခြောက်လုံးပြူးသေနတ်ကို ပုတ်ပြလိုက်သည်။


လမ်းတော်ဖိုးတုတ်က ဘရန်ဒီကို တမော့မော့ရင်း ဦးစောကို အကဲခတ်နေ၏။


ကဲ..မိတ်ဆက်ပေးရဦးမယ်..ဒါက မျိုးချစ်ပါတီရဲ့ ဥက္ကဌကြီး ဦးစောတဲ့။ အခုတော့ သူရိယသတင်းစာတိုက်ကြီးရဲ့ ပိုင်ရှင်ပေါ့။ ဆရာစံကြီး အမှုတုန်းက ရှေ့နေလိုက်ပေးတဲ့ ဂဠုန်စော ဆိုတာကြားဖူးမှာပေါ့။ ကိုစော.. ဒါက ကျုပ်ပြောတဲ့ မောင်ဖိုးတုတ် ဆိုတာပဲ”


ဦးစောက လမ်းမတော်ဖိုးတုတ်ကို တစ်ချက်ပြုံးပြကာ ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စကော့ဝီစကီတစ်ပက်မှာလိုက်၏။


ကဲ..အလုပ်ကိစ္စ ပြောကြတာပေါ့..မောင်ဖိုးတုတ်”


ဟုတ်ကဲ့..ပြောပါ..ဝန်ကြီးမင်း”


မောင်ဖိုးတုတ်..အကူအညီတောင်းထားတဲ့အခွန်ကိစ္စကို ဦး ကူအညီပေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ဦးအနေနဲ့ မောင်ဖိုးတုတ်ကို အကူအညီတစ်ခုတောင်းစရာရှိလို့ပါ”


ပွင့်ပွင့်လင်းလင်းပြောပါ..ဝန်ကြီးမင်း..ကျွန်တော် တတ်နိုင်တာ အကုန်ကူညီပါ့မယ်”


အခု ဦးပြောတဲ့ ကိစ္စတွေကို မောင်ဖိုးတုတ် အနေနဲ့ အိမ်က မိန်းမကိုတောင် ပြန်မပြောပါဘူးလို့..သစ္စာထားစေချင်တယ်”


စိတ်ချပါ..ဝန်ကြီးမင်း”


အခုချိန်မှာ ဦး နဲ့ ဟော့ဒီက ဦးစော ဟာ ညွန့်ပေါင်းအစိုးရထဲမှာ နိုင်ငံရေးအရ မဟာမိတ်ပြုထားကြတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဦးတို့ဟာ အစိုးရလွှတ်တော်ထဲ နန်းရင်းဝန်ဒေါက်တာဘမော်ကို အယုံအကြည်မရှိကြောင်း အဆိုတင်ပြီး ဖြုတ်ချဖို့ စီစဉ်ထားကြတယ်…လက်ရှိ အစိုးရထဲက အမတ်တွေနဲ့ ဝန်ကြီးတချို့ကို ဦးတို့ စည်းရုံးပြီးသွားပြီ။ ဒါပေမယ့် ဒီကိစ္စမှာ မဲမပေးဘဲ ကြားနေမယ့် ဗမာဝန်ကြီး တစ်ယောက်နဲ့ ကုလားအမတ်တစ်ယောက် ရှိနေတယ်။ သူတို့ကို ဦးတို့ ဘယ်လိုမှ စည်းရုံးလို့ မရဘူးဖြစ်နေတယ်”


အဲ့ဒီတော့ ကျွန်တော်မျိုးက ဘာလုပ်ပေးရမလဲ..ဓါးထောက်ပြီး ခြိမ်းခြောက်ပေးရမလား..အမတ်တွေ ဝန်ကြီးတွေဆိုတော့ ကျွန်တော့်အတွက် အဲ့ဒါက အန္တရာယ်များမယ်ထင်တယ်”


ဦးပု က ပြုံးလိုက်သည်။


နိုး..နိုး..အဲ့ဒီလိုမလုပ်ရပါဘူး။ ကဲ..ကိုစော ခင်ဗျား ပြောပြလိုက်”


ဦးစောက သောက်လက်စ ဝီစကီကို မော့ချလိုက်သည်။


ဒီမယ်..မောင်ရင်..ငါပြောပြမယ်။ နောက်နှစ်လ သုံးလအတွင်း ရန်ကုန်မှာ လူမျိုးရေးအဓိကရုဏ်း အကြီးကြီး ဖြစ်လိမ့်မယ်။ ရှင်းရှင်းပြောမယ်ကွာ..၁၉၃၀ တုန်းက ဖြစ်ခဲ့သလိုမျိုး ကုလားဗမာရိုက်ပွဲဖြစ်လာဖို့ သေချာပေါက် အခြေအနေကို ကြုံနေရပြီ။ အဲ့ဒီကာလမှာ ဗမာဝန်ကြီးအိမ်ကို မီးရှို့ဖို့ ကုလားတစ်အုပ်သေချာပေါက်လာမှာဖြစ်သလို၊ ကုလားဝန်ကြီးအိမ်ကိုလည်း ဖျက်ဆီးဖို့ ဗမာတစ်အုပ်သေချာပေါက်လာမှာ၊ အဲ့ဒီအချိန်မှာ မင်းတို့အဖွဲ့တွေက သူတို့အိမ်တွေကို ဝင်ပြီး ကာကွယ်ပေးရမယ်။ ပြီးရင်တော့ အဲ့ဒီဝန်ကြီး နဲ့ အမတ်ကို မင်းကိုယ်တိုင် တွေ့ပြီး ဒီက ဆရာဦးပု ကို မင်းက ဘယ်လိုလေးစားကြောင်းပြောပေးရမယ်။ ဆရာဦးပု က လွှတ်လိုက်လို့ မင်းက လာကာကွယ်ပေးရတာဖြစ်ကြောင်း ပြောရမယ်၊ မင်းအလုပ်က ဒီလောက်ပဲ”


လမ်းမတော်ဖိုးတုတ်က ဘရန်ဒီခွက်ကို ငေးကာ တွေဝေနေသည်။


ဦးစောက မတ်တပ်ထရပ်လိုက်ပြီး


မင်း လုပ်နိုင် မလုပ်နိုင်တော့..ဆရာဦးပုနဲ့ ပြောလိုက်ပေါ့။ မင်းမလုပ်နိုင်လည်း ငါ့ ဝါးရင်းတုတ်အဖွဲ့တွေ အများကြီးရှိတယ်..ကဲ..ဆရာဦးပု..ကျုပ်ပြန်လိုက်ဦးမယ်..ဒီည အိမ်မှာ အငယ်မ မွေးနေ့ပါတီရှိသေးလို့”


ဦးစောက ဖိုးတုတ်ကို တချက်ကြည့်ကာ ထပြန်သွား၏။


စိတ်တော့ မရှိပါနဲ့..ဝန်ကြီးမင်း..ကျွန်တော် ဒီလူ့ကို သဘောမကျဘူး”


ဦးသိတယ်..မောင်ဖိုးတုတ်..ဦးလည်း သူ့ကို မကြိုက်ဘူး..ဒါပေမယ့် ဦးတို့ နိုင်ငံရေးလောကမှာ မချစ်သော်လည်း အောင့်ကာနမ်းရတာတွေရှိတယ်။ ယာယီမဟာမိတ်ဖွဲ့ယူရတာတွေရှိတယ်။ သူက ဒီကိစ္စမှာ သူ့ လက်ပါးစေ ဝါးရင်းတုတ်အဖွဲ့တွေကို သုံးချင်တာ။ ဦး သူ့ကို မယုံဘူး..မောင်ဖိုးတုတ်။ တချိန်မှာ သူက ဦးရဲ့ နိုင်ငံရေးရန်သူလည်းဖြစ်လာနိုင်တာပဲ။ ဦး မောင်ဖိုးတုတ် ကို အကူအညီတောင်းရတာလည်း..ဒါကြောင့်ပဲ…ဦးရဲ့ လက်သုံးတော်အဖြစ် မောင်ဖိုးတုတ်ရှိနေစေချင်တယ်..ဘာကြောင့်လဲဆိုတော့ ဒေါက်တာဘမော်ကို ဖြုတ်ချပြီးရင် ဦးက နန်းရင်းဝန် နေရာ ရမှာမို့လို့ပဲ….”


ဖိုးတုတ် စိတ်ထဲတွင် လွန်ခဲ့သော ရှစ်နှစ်က သူ့အား လာတွေ့ကြသော နိုင်ငံရေးသမား မစ္စတာတီကူးပါး နှင့် ဦးချန်ထွန်းတို့ကို သတိရသွားသည်။


တဆက်တည်းပင် ကုလားဗမာ ဆိပ်ကမ်းရိုက်ပွဲ နှင့် ဦးလေးဖြစ်သူ ဦးဘိုးသင်ကိုပါ သတိရသွား၏။


နန်းရင်းဝန်ဖြစ်လာမည်ဆိုသည့် ဦးပု ၏ ဆွယ်လုံးကလည်း ဖိုးတုတ် ကို ဆွဲဆောင်နေသည်။


တစ်ဖက်တွင်လည်း အစိမ်းဂိုဏ်းမှ လှေများ ရန်ကုန်ဆိပ်ကမ်းတွင် အခွန်ကိစ္စအဆင်ပြေစေရေးအတွက် ဘွန်ရှူးကျင်းကမ်းလှမ်းထားသည့် အလုပ်ကိစ္စကလည်း ရှိနေသေးသည်။


ထိုအလုပ်ကိစ္စပြီးလျှင် ငွေကြေးအကျိုးအမြတ်အပြင် ရှန်ဟိုင်းမှ နားကားကြီး၏ အစိမ်းဂိုဏ်းနှင့် အချိတ်အဆက်ရသွားမည်ဖြစ်သည်။


မစ္စတာတီကူးပါး ဝန်ကြီးရာထူးမှ ပြုတ်သွားပြီးကတည်းက ဖိုးတုတ်တွင် အစိုးရအဖွဲ့ ထဲ ကြီးကြီးမားမား အားကိုးအားထားရာဆရာသမားမရှိခဲ့။


ဦးပု ကမ်းလှမ်းသည်ကို လက်ခံလိုက်လျှင် ဦးပု နန်းရင်းဝန်ဖြစ်လာပါက ဖိုးတုတ်အတွက် အစိုးရအဖွဲ့ထဲ နောက်ခံအင်အား တစ်ခု ပြန်ဖြစ်လာနိုင်သည်။


ထိုကြောင့် ဖိုးတုတ် ဆုံးဖြတ်ချက်ချလိုက်သည်။


ကျွန်တော်မျိုး ဝန်ကြီးမင်းကို ကူညီပါ့မယ်”


ဦးပု က ဖိုးတုတ်အတွက် ဝီစကီတစ်ခွက် ထပ်မှာပေးသည်။


ထို့နောက် ဘေလ်ရှင်းကာ လမ်းမတေ်ာဖိုးတုတ်အား နှုတ်ဆက်ပြီး ထပြန်သွား၏။


ဖိုးတုတ် တစ်ယောက်သာ ဘရန်ဒီ ချိုမြမြပြီးသည့်နောက် ဝီစကီပြင်းရှရှကို ဇိမ်ခံသောက်ရင်း တွေးတောကျန်ရစ်တော့သည်။


…………………………………………………………………………………………


၁၉၃၈ သည် မြန်မာနိုင်ငံသမိုင်းတွင် အထူးခြားဆုံး နှစ်ဖြစ်လေသည်။


အင်္ဂလိပ်အစိုးရကို မြန်မာတစ်နိုင်ငံလုံးမှ အင်တိုက်အားတိုက်ဆန့်ကျင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။


ရေနံမြေအလုပ်သမားသပိတ်၊ ကုလား-မြန်မာဒုတိယအဓိကရုဏ်း နှင့် တတိယမြောက်တက္ကသိုလ်ကျောင်းသား သပိတ်တို့ ဖြစ်ပေါ်ခဲ့သည်။


လမ်းမတော်ဖိုးတုတ်အတွက်လည်း ၁၉၃၈ သည် အထူးခြားဆုံး နှစ်တစ်နှစ်ဟု ဆိုရပေမည်။


ဖော်မိုဆာနှင့် ဟိုင်နန်ကျွန်းမှ လာသော အစိမ်းဂိုဏ်း၏ ဘိန်းကုန်ကူးရာ သင်္ဘောများသည် ဗြိတိသျှပိုင် ရန်ကုန်ဆိပ်ကမ်းတွင် ဝင်ရောက်နားခိုရင်း အရှေ့တောင်အာရှ နှင့် ဗြိတိသျှကိုလိုနီ အိန္ဒိယနယ်များဆီသို့ ဘိန်းဈေးကွက်ကို ချဲ့ထွင်လာကြသည်။


အစိမ်းဂိုဏ်းပိုင် ချွန်ယွမ်းကုမ္ပဏီအမည်ခံ သင်္ဘောများသည် ယေဘုယျအားဖြင့် အုန်းသီးနှင့် အခြားတရုတ်ကုန်များတင်ဆောင်လာသည် ဆိုသော်လည်း အတွင်းတွင် ဘိန်း ပုံစံအမျိုးမျိုးဝှက်ကာ သယ်ဆောင်လာကြခြင်းပင်။


သင်္ဘောငယ်များဖြစ်သည့်အတွက် ဆိပ်ကမ်းအခွန်ကောက်ရာတွင် အလှည့်ကျတာဝန်ယူသည့် အဖွဲ့များက သင်္ဘောပေါ်တက်စစ်ဆေးလေ့ရှိကြသည်။


အခွန်အရာရှိများ တစ်ယောက်ပြောင်းတိုင်း တစ်ခါ ညှိရ၊ လာဘ်ထိုးရသဖြင့် အစိမ်းဂိုဏ်းအတွက် များစွာ အနှောက်အယှက်ဖြစ်ရသည်။


အထာမနပ်သေးသော အရာရှိပေါက်စများက ဘိန်းသင်္ဘောမှန်းသိပြီး ဖမ်းဆီးလိုက်လျှင်လည်း ပြသနာက မသေးလှ။


ထိုအရေးသည် အစိမ်းဂိုဏ်း၏ ဆိပ်ကမ်းကိုယ်စားလှယ်ဖြစ်သော ဘွန်းရှူးကျင်းအတွက်လည်း ခေါင်းခဲစရာဖြစ်လာသည်။


ထို့ကြောင့် လမ်းမတော်ဖိုးတုတ်ကို အကူအညီတောင်းခံခဲ့ခြင်းပေ။


လမ်းမတော်ဖိုးတုတ်က အစိမ်းဂိုဏ်း၏ ချွန်ယွမ်းကုမ္ပဏီပိုင်သင်္ဘောများကို ရန်ကုန်ဆိပ်ကမ်းတွင် ပင်တိုင် အခွန်တော်အရာရှိတစ်ဦး ထားပေးရန် အခွန်ဝန်ကြီးထံ ချဉ်းကပ်သည်။


လမ်းမတော်ဖိုးတုတ် စည်းရုံးထားသည့် အခွန်တော်အရာရှိ တစ်ဦးလည်း အသင့်ရှိနေပြီဖြစ်သည်။


အခွန်တော်ဝန်ကြီး ဦးပု က လမ်းမတော်ဖိုးတုတ်ကို သူ့အရေးကိစ္စတစ်ခု ဖြင့် အပြန်အလှန်အပေးအယူလုပ်လိုက်ကြ၏။


၁၉၃၈ ဧပြီလ သင်္ကြန်အပြီးတွင် ရန်ကုန်ဆိပ်ကမ်းမှ ချန်ယွမ်းကုမ္ပဏီပိုင်သင်္ဘောများအတွက် သီးသန့်စစ်ဆေးရမည့် အခွန်တော်အရာရှိ အဖြစ် ဦးကြင်လွမ်ကို ခန့်အပ်သည့် စာထွက်လာတော့သည်။


လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့ သည် ဘွန်းရှုးကျင်း၏ ဆိပ်ကမ်းရုံးသို့ ရောက်ရှိနေသည်။


စံဘ…အဲ့ဒီဗူးကို..ကားပေါ်တင်ပြီး..အိမ်ပြန်နှင့်ကွာ..ငါဒီမှာ ဦးလေးနဲ့ စကားပြောလိုက်ဦးမယ်”


စံဘက ရွှေချောင်းတစ်ဆယ်သားထည့်ထားသော ဗူးကို ယူကာ ကားမောင်းထွက်သွား၏။


ဦးလေး ခိုင်းတာကို ကျွန်တော် အောင်မြင်အောင် လုပ်ပြီးပြီ..ဦးလေး..ကျွန်တာ့်ကို အခု ဦးလေး တစ်ခု ပြန်ကူပေးပါဦး”


ဘာလုပ်ပေးရမလဲ.ဖိုးတုတ်”


ကျွန်တော် ခြောက်လုံးပြူး လိုချင်တယ်”


ဘာ…ဘာလိုချင်တာ..ဖိုးတုတ်”


ခြောက်လုံးပြူးသေနတ်လေ..ဦးလေ အစိမ်းဂိုဏ်းက သင်္ဘောတွေနဲ့ မှာပေးလို့ရမလား..တန်ရာတန်ကြေး ကျွန်တော် ပေးပါ့မယ်”


ဘွန်းရှှုးမျိုးက ဖိုးတုတ်ကို ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်သည်။


ဟုတ်တာပေါ့ကွာ..မင်းအတွက်လိုတာပေါ့..အခုခေတ်က ပြောင်းနေပြီကွ….ဓားတွေ၊ တုတ်တွေ နဲ့ ဖြေရှင်း ရတာမျိုးက ကျန်ရစ်ပြီ။ မင်းအတွက် လိုပါတယ်။ ငါ..မှာပေးမယ်..ဒါပေမယ့် နည်းနည်းတော့ စောင့်ရမယ်ကွ”


ရတယ်..ဦးလေး…ဈေးဘယ်လောက်ကျမလဲသာပြော..ကျွန်တော်အခု ပိုက်ဆံပေးခဲ့ရမလား”


မလိုပါဘူးကွာ…ပစ္စည်းရပြီးမှသာ ပိုက်ဆံပေး..ဟုတ်ပြီလား”


…………………………………………………………………………………..


၁၉၃၁ ခုနှစ်က ရွှေဘိုခရိုင် မြေဒူးမြို့မှ အစ္စလာမ်ဘာသာဝင် ဦးရွှေဖီ ဆိုသူက “မော်လဝီ နှင့်ယောဂီ” အမည်ရှိ စာအုပ်ကို ပထမအကြိမ်ထုတ်ဝေခဲ့သည်။


၁၉၃၇ တွင် ရန်ကုန်မြို့၊ သိမ်ကြီးဈေးမှ ပဒုမ္မာပိတ်များရောင်းချသူ သူဌေး ပတေးဘိုင် က ဒုတိယအကြိမ်အဖြစ် အုပ်ရေသောင်းချီ ရိုက်နှိပ်ဖြန့်ဝေလိုက်သည်။


ထိုစာအုပ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်စေသော အသုံးအနှုန်းများပါဝင်နေကြောင်းကို ဂဠုန်ဦးစောပိုင် သူရိယသတင်းစာကြီးမှ စတင်ဖော်ထုတ်ရေးသားလိုက်သည်။


မော်လဝီနှင့် ယောဂီ စာအုပ်ပါ အချက်အလက်များကို ဝေဖန်သည့်အကြောင်းအရာများကို သူရိယသတင်းစာ၏ ခေါင်းကြီးပိုင်းနှင့် အခန်းဆက်ဆောင်းပါးများ နေ့စဉ်ရက်ဆက်ဖော်ပြနေရာ ဗုဒ္ဓဘာသာဝင်အများစုမှာ ထိုကိစ္စကို အထူးစိတ်ဝင်စားလာကြသည်။


ရဟန်းတော်များနှင့်ဗုဒ္ဓဘာသာဝင်များက မခံမရပ်နိုင်ဖြစ်လာကြသည်။


၁၉၃၈ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံကုန်းတော်ပေါ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုများအဖွဲ့ချုပ်မှ ဦးစီးပြီး လူထုအစည်းအဝေး ကျင်းပသည်။


ထိုအစည်းအဝေးမှ မော်လဝီနှင့် ယောဂီစာအုပ်ကို ရေးသားသူ ဦးရွှေဖီ နှင့် စာအုပ်ထုတ်ဝေသူ ပတေးတို့အား ကန့်ကွက်ရှုတ်ချကြောင်း ဆုံးဖြတ်ကြသည်။


ထို့နောက် ရန်ကုန်မြို့ထဲ စီတန်းလှည့်လှည်ကာ ကြွေးကျော်သံများ ကြွေးကျော်ကြ၏။


သိမ်ကြီးဈေးအနီးအရောက်တွင် ဂေါ်ရာကုလားပုလိပ်များက ရဟန်းတော်များနှင့် လူစုလူဝေးကို ဖြိုခွဲရာမှ အဓိကရုဏ်းဖြစ်ပွားပြီး ကုလားပုလိပ်များ ဝိုင်းရိုက်ခံကြရသည်။


ထိုမှစတင်ကာ ကုလား ဗမာ ဒုတိယအဓိကရုဏ်းကြီးများ ရန်ကုန်တစ်မြို့လုံး ပျံ့နှံ့သွားတော့သည်။


အဓိကရုဏ်းမစတင်မီကာလ ကတည်းက လမ်းတော်ဖိုးတုတ်ဆီသို့ ဦးပု မှ ဗမာဝန်ကြီးနှင့် အမတ်တို့၏ အမည်နှင့် အိမ်လိပ်စာများ ပေးပို့လိုက်သည်။


အဓိကရုဏ်းစတင်ပြီး သုံးရက်မြောက်နေ့တွင် လမ်းမတော်ဖိုးတုတ် က ဂန္ဓမာသောင်းရီ ခေါင်းဆောင်သော ရန်ကုန်တစ်မြို့လုံးမှ သူ့လက်အောက်ခံ လူမိုက်များကို စုရုံးထားလိုက်တော့သည်။


ဂန္ဓမာနဲ့စံဘ အဖွဲ့တွေက ဂျူဒါအီစကယ်လမ်း(သိမ်ဖြူလမ်း) က ကုလားအမတ် ဟာဂျီအဗ္ဗဒူလာ ကို သွားကာပေးကြ၊ လမ်းမတော်ဖိုးတုတ်အဖွဲ့လို့ ပြော။ အောင်ဘ နဲ့ ပုဏ္ဍားကျော်ထွန်း က နှစ်ဖွဲ့ပေါင်းပြီး ဂျိုးဆက်လမ်း( မြန်မာ့ဂုဏ်ရောင်လမ်း) က ဝန်ကြီး အိုဘီအီးဦးမြစိန် အိမ်ကို သွားကာကွယ်ပေးကြ၊ တညလုံး နေပေးရမှာနော်။ မနက်ဖြန်ညနေကျရင် အဲ့ဒီအိမ်တွေကို ငါလာခဲ့မယ်လို့ဝန်ကြီးတွေကို ပြောလိုက်၊ အုန်းဖေ နဲ့ ထွန်းတင် က လမ်းမတော်ထဲ ငါတို့အကာအကွယ်အောက်က ဆိုင်တွေ ၊ ပွဲရုံတွေ မထိအောင် လုံခြုံရေးယူကြ”


အဓိကရုဏ်းကား မီးဟုန်းဟုန်းတောက်နေခဲ့ပြီ။


မန္တလေး ၊ စစ်ကိုင်း၊ ရွှေဘို၊ ရေနံချောင်း နှင့်အခြားမြို့ကြီးများသို့ ပင် ကူးစက်သွားတော့၏။


ရန်ကုန်၏ အဓိကရုဏ်းများကြားတွင် လမ်းမတော်ဖိုးတုတ်ကား ငှက်ကြီးတောင်ဓါးကို လွယ်ကာ ကားကို ကိုယ်တိုင်မောင်းလျက်။





အခန်း(၁၈)


……………………

ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ခဲ့သော ဒုတိယ ကုလားဗမာ အဓိကရုဏ်းကြီးသည် နှစ်လကျော်ကြာမြင့်ကာ စက်တင်ဘာလ အလယ်တွင် မှ ငြိမ်းအေးသွားရသည်။


အဓိကရုဏ်းကြောင့် လူပေါင်း ၁၀၈၄ ဦးသေဆုံးခဲ့ရပြီး ပုလိပ်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၁၇၁ ယောက်ရှိသည်။


အဓိကရုဏ်းဖြစ်ပွားနေဆဲ ၁၉၃၈ သြဂုတ်လ၊ အောက်လွှတ်တော်အစည်းအဝေးတွင် မျိုးချစ်ပါတီခေါင်းဆောင် ဦးစော က ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အုပ်ချုပ်ရေးတွင်ကျွမ်းကျင်မှုမရှိသဖြင့် အဓိကရုဏ်းဖြစ်ရသည် ဟု ခေါင်းစဉ်တပ်ကာ အယုံအကြည်မရှိကြောင်း အဆိုတင်သွင်း၏။


ဦးစောတင်သွင်းသော အယုံအကြည်မရှိအဆိုကို မဲခွဲသောအခါ ညွန့်ပေါင်းအစိုးရဘက်မှ ၆၆ မဲ၊ အဆိုဘက်မှ ၆၁ မဲဖြင့် ၅ မဲ ကပ်ကာ ရှုံးလေတော့သည်။


ကုလားအမတ် ဟာဂျီအဗ္ဗဒူလာ နှင့် ဗမာဝန်ကြီး အိုဘီအီးဦးမြစိန် တို့ထံမှ လမ်းမတော်ဖိုးတုတ် ကောင်းမှု ဖြင့် မဲရရှိခဲ့သော်လည်း အခြား ကုလားအမတ် ၅ ဦးက မူ ဒေါက်တာဘမော်ဘက်က ရပ်တည်ပေးခဲ့သည်။


ဦးစော ရွှေ့ထားသောအကွက်ကို ကြိုမြင်ခဲ့သည့် ဒေါက်တာဘမော် သည် အဓိကရုဏ်းစတင်ဖြစ် ပွားအောင် သွေးထိုးပေးသည်မှာ ဂဠုန်ဦးစော၏ သူရိယသတင်းစာဖြစ်ကြောင်း ထောက်ပြကာ ကုလားအမတ် များအား သူ့ဘက်မဲပေးစေရန် ဆွဲဆောင်သွားနိုင်ခဲ့သည်။


ဦးပု မှာ နိုင်ငံရေးအရ အရမ်းအထိမနာပဲ သြဇာဆက်လက်တည်နေသော်လည်း ဦးစောမှာမူ အဓိကရုဏ်းဖြစ် အောင် သွေးထိုးသည့် တရားခံအဖြစ် အစိုးရအဖွဲ့အတွင်း နာမည်ပျက်သွားလေသည်။


ဦးပု နှင့် ဦးစော တို့မှာ နိုင်ငံရေးအရ ကွဲပြဲသွားပြီးနောက် ဂဠုန်ဦးစော၏ ဝါးရင်းတုတ်များရန်ကို ကြောက်သည့် ဦးပုမှာ လမ်းမတော်ဖိုးတုတ် ၏ အကူအညီကို ရယူရတော့သည်။


လမ်းမတော်ဖိုးတုတ်၏ တပည့်များက ဝန်ကြီးဦးပု ကို နောက်ကွယ်မှ မသိမသာလိုက်ပါစောင့်ရှောက် ကြရသည်။


ကုလား - ဗမာ အဓိကရုဏ်းပြီးသည့်နောက် ၁၉၃၈ ဒီဇင်ဘာလ ၁၃ ရက်။


ရေနံမြေ အလုပ်သမားသပိတ်နှင့် ပူးပေါင်းသွားသော ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်းနှင့် ကိုဗဆွေ တို့အား ဖမ်းဆီးအကျဉ်းချထားခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကန့်ကွက်အစည်းအဝေးပွဲကျင်းပသည်။


ဒီဇင်ဘာလ ၂၀ ရက်တွင် ကျောင်းသားကျောင်းသူ ၇၀၀၀ ကျော်တို့သည် အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြကြလေသည်။


ထိုဆန္ဒပြပွဲကို ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရေးနိုး က မြင်းစီးပုလိပ်များဖြင့် ရိုက်နှက်ဖြိုခွဲစေရာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှှုဆောင် ကိုအောင်ကျော် ကျဆုံးသွားလေသည်။


ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့ သည် သိမ်ကုန်းကျောင်းတိုက် သို့ ရောက်ရှိနေလေသည်။


ကိုရင်ကြီး..လိုအပ်တာ ရှိရင် ပြောပါဘုရား..တပည့်တော်တပည့်တွေကိုလည်း တပတ်တခါ လွှတ်ပြီး မေးခိုင်းပေးပါ့မယ်”


ရပါတယ်..ဒကာဖိုးတုတ်..ကိုရင်ကြီး က မကြာခင် ရဟန်းဘောင်ကို ဆက်တက်မှာပါ။ ဆရာတော်ကြီး ကျေးဇူးနဲ့ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်”


ဒီလိုဖြင့် လူမထွက်တော့ဘူးပေါ့..ဘုရား”


ကိုရင်ကြီး လူဝတ်လဲတာနဲ့ အဲ့ဒီလောကထဲ တဝဲလည်လည်နဲ့ ပြန်ရောက်သွားမှာ သေချာတယ်..ဒကာကြီး။ ကိုရင်ကြီး လူ့ဘဝမှာ သေဒဏ်ထက်တဆင့်ပဲနိမ့်တယ်.တကျွန်းဆိုတာကြီးကိုလည်း နေခဲ့ပြီးပြီ..လူတွေကို ကိုယ်တိုင်သတ်ခဲ့သလို..သေမလိုလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပြီ..ဒီလောက်ဆို တော်လောက်ပြီထင်တယ်.ဒကာ”


ကောင်းပါပြီ..ကိုရင်ကြီး..သာဓုပါ..ဘုရား..တပည့်တော်တို့ကို ပြန်ခွင့်ပြုပါဦး”


ဒကာကြီး ဖိုးတုတ်လည်း အရာရာကို သတိနဲ့ လုပ်ဦးနော်။ ပြီးတော့ ကိုရင်ကြီးရဲ့ ညီလေး ဘိုးထင် ကိုလည်း စောင့်ရှောက်ပေးပါ”


လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီတို့သည် သိမ်ကုန်းကျောင်းထဲမှ ထွက်လာကြသည်။


ဂန္ဓမာသောင်းရီက စီးကရက်ကို လက်တွင် အကြာကြီးကိုင်ထားရင်း စကားတစ်ခွန်းမှ မပြောပဲ လိုက်လာသည်ကို ဖိုးတုတ် သတိထားမိလိုက်သည်။


ဂန္ဓမာ..ငြိမ်လှချည်လားကွ..ဘာလဲ..ငမိုးကြီး ကို သင်္ကန်းတွေဘာတွေနဲ့မြင်ပြီး မင်းပါ တရားရနေတာလား”


မဟုတ်ပါဘူးကွာ…..ငါ့..မင်းကို တိုင်ပင်စရာရှိတယ်..ဖိုးတုတ်”


ဘာလဲ…ဂန္ဓမာ..မိန်းမယူတော့မလို့လား”


အေး..မင်းက သိနေတာလား…ငါ မသောင်းကို လက်ထပ်ရင် ကောင်းမလားလို့”


ဂန္ဓမာ..မသောင်းက ဖာသည်နော်..ဟေ့ကောင်”


ဂန္ဓမာက သက်ပြင်းချလိုက်သည်။


ငါ..သိပါတယ်ကွာ..ဒါပေမယ့်….”


ဂန္ဓမာက ဒါပေမယ့် မှ ရှေ့ဆက်မတက်တော့ဘဲ.စီးကရက်ကို မီးညှိ့ကာ ဖွာလိုက်သည်။


မင်းအတွက် မိန်းမ ငါရှာပေးရမလား..ဂန္ဓမာ”


ဟာ..နေစမ်းပါကွာ..”


..မင်းကလည်း.မိန်းမရပြီးလည်း ဘာဖြစ်လဲ…မသောင်းကိုလည်း ငါအခု ချိုက်ဟုန်ကို သဘောထားသလို ထားလို့ ရတာပဲကွ”


တော်ကွာ..ဖိုးတုတ်..တော်..ငါမသောင်းကို အဲ့လိုတော့ သဘောမထားချင်ဘူး”


ဂန္ဓမာ..မင်း မိန်းမတွေနဲ့ ပတ်သက်လာရင်..ဘာမှ မသိသေးပါဘူးကွာ…”


အေး..ဟုတ်တယ်..ငါမိန်းမတွေအကြောင်းမသိဘူး..ငါသိတာ မသောင်း အကြောင်းပဲကွ”


အေး..ငါလည်း အဲ့ဒီ မသောင်းအကြောင်းပဲ ပြောချင်တာ.. ဟိုတယ်လာရင် အကောင်တကာ ပေါင်ပေါ် တက်နေတဲ့ဟာမတွေကို မင်းက တကယ်ခံစားနေတာလား..ဒီမယ်ဟေ့ကောင်..တခါတလေပဲကောင်းတယ်ကွ.. ရေရှည်ဆို ဆစ်ဖလစ်ကူးမယ့်ဟာတွေကွ..မင်းပါ ဖာကျိုးသွားမယ်.အဲ့ဒါ.မင်းသိလား”


ဖိုးတုတ်..မင်းအခုချက်ချင်း ကားရပ်လိုက်တော့..ငါဒီမှာဆင်းမယ်..မင်းနဲ့ ငါ စကားမများချင်ဘူး”


ဖိုးတုတ် က ကားကို ရပ်ပေးလိုက်သည်။


ဂန္ဓမာသောင်းရီက ကားတံခါးကို စောင့်ပိတ်ကာ ဆင်းသွား၏။


……………………………………………………………………………………….


ဆရာကြီးဦးဖိုးတုတ်..ဆရာကြီးဦးဖိုးတုတ်”


ချိုင်းနားစတန်းဟိုတယ် အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်နှင့် ဦးဟုတ်ဂွမ်တို့ အရက်သောက်ရင်း စကားပြောနေကြစဉ် အော်ဟစ်ခေါ်လိုက်သောအသံကြောင့် စကားဝိုင်းရပ်တန့်သွားသည်။


လူငယ်တစ်ယောက်က ဖိုးတုတ်နာမည်ကို အော်ခေါ်နေသဖြင့် အုန်းဖေက ဟန့်တားလိုက်သည်။


ဟေ့ကောင်..မင်းဘယ်သူလဲ”


ကျွန်တော်..ဆရာအောင်ဘ တပည့် ပါ။ ခွေးဆိုးလို့ ခေါ်ပါတယ်။ ဆရာအောင်ဘ က ဆရာကြီးဦးဖိုးတုတ် ကို ပြောခိုင်းလိုက်လို့”


အောင်ဘ..လွှတ်လိုက်တာတဲ့..ဆရာ..”


အေး.ပြော.ကောင်လေး..ဘာဖြစ်လို့လဲ”


ဆရာ ဂန္ဓမာသောင်းရီ.. ဓါးနဲ့ ခုတ်ခံရလို့”


ဟေ..ဘယ်မှာလဲ..ဘယ်မှာလဲ”


ကနေဒီလမ်းထဲက အရက်ဆိုင်မှာခုတ်ခံရတာ…အခုတော့ ဆေးရုံပို့လိုက်ပြီ….ခုတ်တဲ့ကောင်တွေနောက်ကို ဆရာအောင်ဘ လိုက်သွားတယ်”


ငါမေးတာ..ဂန္ဓမာဘာဖြစ်သွားလဲလို့..သေလား..ရှင်လား”


အဲ့ဒါတော့ မသိဘူး…အခု ပုလိပ်က သယ်ပြီး ရန်ကုန်ဆေးရုံကို ပို့ထားတယ်..”


ဆရာဦးဟုတ်ဂွမ်ပါ..လိုက်ခဲ့ဗျာ…ဟေ့ အုန်းဖေ အိမ်ကို သွား စံဘကို ခေါ်ကွာ..တို့လူတွေ စုပြီး တာမွေထဲဝင် အောင်ဘတို့နောက်လိုက်”


ဖိုးတုတ် ၏ ကားပေါ်သို့ ဖိုးတုတ်နှင့်ဦးဟုတ်ဂွမ် တို့ တက်လိုက်ကြသည်။


ဖိုးတုတ်..လမ်းမတော်ဂါတ်ကို အရင်မောင်းကွာ…ငါ ဘိုးလိန်းလမ်းဂတ်ကို ဖုန်းဆက်ပြီး မေးကြည့်မယ်..ဂန္ဓမာ ဖြစ်တာ သူတို့ အပိုင်ထဲပဲ”


အဲ့ဒါဆို ဆရာ့ကို ချထားခဲ့ပြီး..ကျွန်တော် ဆေးရုံအမြန်လိုက်သွားမှဖြစ်မယ်. .ဟိုကောင်..တစ်ခုခုဖြစ်နေမှာစိုးလို့”


စိတ်အေးအေးထားပါ..ဖိုးတုတ်ရာ..မင်းကောင်က အကြောတင်းပါ..အသက်ပြင်းပါတယ်”


လမ်းမတော်ဂတ်ရှေ့တွင် ကားရပ်ပေးပြီးနောက် ဖိုးတုတ်က ရန်ကုန်ဆေးရုံကြီးသို့ မောင်းထွက်လိုက်သည်။


ရန်ကုန်ဆေးရုံကြီး။


အရေးပေါ်ခန်းရှေ့တွင် ပုလိပ်သားနှစ်ယောက်ကို တွေ့သဖြင့် ဖိုးတုတ်က မေးကြည့်လိုက်သည်။


ပုလိပ်သားများက လမ်းမတော်ဖိုးတုတ်ကို သိသဖြင့် တလေးတစားဆက်ဆံကြသည်။


ဒဏ်ရာတေ်ာတော်ပြင်းသလား..ညီလေးတို့”


ဆိုင်ရှင်ပြောတာတော့..နောက်ကနေ ဝင်လာပြီး ခေါင်းကို တည်ခုတ်တယ်ပြောတယ်။ ဒါပေမယ့် ကိုဂန္ဓမာကြီးက သတိရှိလို့တော်သေးတယ်။ နောက်လှည့်ပြီး လက်နဲ့ကာလိုက်တော့ လက်ဖျံထဲတော့ တော်တော်နစ်သွားတယ်။ နောက် ပုခုံးကို တစ်ချက်ထိထားတယ်။ ခုတ်တဲ့ ကောင်တွေက သုံးယောက်ပေမယ့် ကိုဂန္ဓမာက တစ်ယောက်ကို အသေလုံးထားလို့ ကျန်တဲ့ကောင်တွေ ထွက်ပြေးသွားတာတဲ့”


ဘယ်လို စဖြစ်ကြတာတဲ့လဲ…ခုတ်တဲ့ကောင်တွေကို သိလား”


အရက်ဆိုင်မှာ ဝိုင်းဘေးချင်းကပ်ချင်း စကားများကြတာပဲ။ ကိုဂန္ဓမာက တော်တော်မူးနေတာ။ ခုတ်သွားတဲ့လူတွေကို တော့ အခု ကျွန်တေ်ာတို့ ဌာနက ဆားပုလင်းတွေလိုက်နေပါတယ်..”


ဂန္ဓမာသောင်းရီ ၏ ဒဏ်ရာများကို ချုပ်ထားရာမှ ပြန်ထုတ်လာပြီးနောက် ကုတင်ပေါ်တွင် လှဲထားသည်။


ဂန္ဓမာသောင်းရီကား အမူးမပြေသေး။


ဘယ်ဘက်လက်ဖျံနှင့် ညာပခုံးတွင် အစိမ်းချုပ်ထားသည့် ဒဏ်ရာများကြောင့် ကုတင်ပေါ်တွင် လှဲမရပဲ နံရံကို မှီထားရ၏။


ဖိုးတုတ်က ကုတင်ဘေးတွင် ရပ်လိုက်သည်။


ဟေ့ကောင်..ဂန္ဓမာ..မင်းကို ဘယ်ကောင်လုပ်တာလဲ”


ဂန္ဓမာက ခေါင်ခါလိုက်ရင်း


ငါ စီးကရက် သောက်ချင်တယ်.ဖိုးတုတ်”


ဆေးရုံမှာလေကွာ..”


ဆေးရုံလည်း သောက်ချင်တယ်ကွာ..တဖွာလောက်ပဲ”


ဖိုးတုတ်က အိတ်ထဲမှ စီးကရက်ဘူးကို ထုတ်ပြီး ဂန္ဓမာထံ ပေးလိုက်သည်။


ခွေးသူတောင်းစားရေ…ငါ့ ဘယ်လက်ရော၊ ညာပုခုံးပါ ဓါးနဲ့ ခုတ်ခံထားရတာဟ..လှုပ်မရဘူး.. မင်း မီးညှိ့ပြီး ငါ့နှှုတ်ခမ်းကို တေ့ပေး”


ငါလီးလိုပဲ...ဒီလောက်ဖြစ်နေတာတောင် သောက်လုပ်အတော်ရှုပ်တဲ့ကောင်”


ဖိုးတုတ်က စီးကရက်ကို မီးညှိ့လိုက်ပြီး ဂန္ဓမာ ၏ နှုတ်ခမ်းဝတွင် တေ့ပေးလိုက်သည်။


ဂန္ဓမာက စီးကရက်ကို ဖွားရှိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။


ဖိုးတုတ်က စီးကရက်ကို ပြန်ယူပြီး ပြတင်းပေါက်မှ တောက်ထုတ်ပစ်လိုက်၏။


တဖွာပဲဆို..ရပြီ..ဟေ့ကောင်…ပြောစမ်းပါဦး..ဘယ်လိုဖြစ်ကြတာလဲ”


ငါ မင်းကားပေါ်က ဆင်းပြီး..ညစ်ညစ်နဲ့ လမ်းလျှောက်ရင်း အဲ့ဒီဆိုင်မှာ ဝင်မော့တာကွာ.အမြည်း.အမဲအူဟင်းရည် လေးက သိပ်ကောင်းပဲ..မနူးလွန်း မမာလွန်းလေးကို မဆလာနံ့လေးနဲ့”


ဒီမအေလိုးနဲ့တော့..မင်း အမဲအူဟင်းရည် ခဏထား..မင်းကို ဘယ်ကောင်ဓါးနဲ့ ခုတ်ခံရတာလဲ မေးတာ”


အေးလေ..အဲ့ဒါ ငါလည်းကွာ သောက်ကောင်းကောင်းနဲ့သောက်နေတာ ရမ်ပိုင့်ပုလင်းကြီး တစ်လုံး ကုန်တော့အတော်လေးမူးသွားတယ်ဟ..အမဲအူ ဟင်းရည် ထပ်တောင်းတော့..ဟိုဘက်ဝိုင်းက ချာတိတ်တွေကွာ..ငါ့ကို အလကားရတာပဲ တောင်းနေတယ်ဆိုပြီး လောင်တယ်ကွ”


ဂန္ဓမာရယ်..မင်းဟာကလဲ”


အေး..အဲ့ဒါနဲ့ ငါလည်း…ငါ့လောင်တဲ့ကောင်ကို ချိန်းကြိုးကို လက်မှာပတ်ပြီး ..ချုပ်ထိုးနေမိတာ..ဘယ်နှစ်ချက်မှန်းတောင် မသိဘူး။ ငါ့ကို နောက်ကနေ တစ်ယောက် ဓါးနဲ့ ဝင်ခုတ်မှ သိတော့တယ်။ ငါလည်း ဒီကောင့်ကို ဝင်လုံးတာမြန်လို့ မသေတာ။ ဒါပေမယ့် ခံလိုက်ရတယ်ကွာ”


မင်း..တစ်ခါမှ ဒီလောက် သတိလက်လွတ် မမူးဖူးဘူး…ဂန္ဓမာ..ဒီနေ့ ဘယ်လိုဖြစ်တာလဲ..ဘာလဲ..မသောင်းကိစ္စ ငါပြောတာကို စိတ်ဆိုးသွားတာလား”


အဲ့ဒါ..ထားလိုက်ပါကွာ..ငါ ခံလိုက်ရတာပဲ.စိတ်ထဲ တနုံ့နုံ့နဲ့”


အဲ့ကောင်လေးတွေကို အောင်ဘတို့၊ အုန်းဖေတို့ အခု လိုက်နေတယ်၊ ထားလိုက်။ ကဲ..မင်း မသောင်းနဲ့ မင်္ဂလာဆောင်ချင်တာလား..ပြော”


တော်စမ်းပါကွာ”


တကယ်ပြောတာ…ဂန္ဓမာ..မင်း က ငါ့သူငယ်ချင်းပါကွာ..မင်း မသောင်းကြောင့် ဒီလောက် အရက်ကို လူမှန်း မသိအောင် သောက်တာ..ငါသိတယ်.. ငါလည်း မင်း အဲ့ဒီလောက်ချစ်မှန်းမသိလို့..ပြောမိတာပါကွာ”


ထိုစဉ် ဆေးရုံအခန်းထဲသို့ အိတ်စပက်တော်ဦးဟုတ်ဂွမ် ဝင်လာသည်။


ကဲ..ဖိုးတုတ်..မင့် ငါမပြောဘူးလား..ဒီကောင်ကြီးက သောက်ကျောတင်းပါလို့.ဟေ့..ဂန္ဓမာကြီး မသေဘူး မဟုတ်လား”


ဂန္ဓမာက ဦးဟုတ်ဂွမ်ကို ပြုံးပြလိုက်သည်။


မင်းကောင်ကို လုပ်သွားတဲ့ ချာတိတ်ကို မိပြီကွ။ ပုသိမ်ညွန့်ထဲက နာမည်နည်းနည်းထွက်လာတဲ့ အကောင်ကလေးပဲ။ ဘဖိုး တဲ့”


ဖိုးတုတ်က တောက် ခေါက်လိုက်သည်။


ဆရာတို့ ပုလိပ်တွေကလည်း ဒါမျိုးကျ ဖမ်းတာမြန်လိုက်တာ။ ခွေးသားလေး.ကံကောင်းသွားတယ်။ အောင်ဘတို့ အုန်းဖေတို့ လက်ထဲ သာ မိလို့ကတော့…ဟိုကောင်တွေက သတ်ပြီး ချက်စားကြမှာ..ဂန္ဓမာ့ကို ထိတာ ကျွန်တော့်ကို ထိတာပဲဗျ”


အောင်မယ်လေး..ဖိုးတုတ်ရာ..မင်းတို့ အကြောင်းငါမသိတာမှတ်လို့..ဒီကောင် အမှုဖြစ်နေတုန်း…မင်းတို့ ကျောက်ခဲကြီးကြီးရှာထားတော့မှာ ငါသိတယ်..ရန်ကုန်မြစ်ထဲ အလောင်းနဲ့ တွဲပစ်ချမလို့လေ..ဟုတ်တယ် မဟုတ်လား..ဟေ့ကောင်”


ဆရာသိလည်း ပြီးတာပါပဲဗျာ”


…………………………………………………………..


နောက်တစ်နေ့နံနက်တွင် မသင်မြ ထည့်ပေးခဲ့သည့် ထမင်းချိုင့်အား ဆေးရုံမှ ဂန္ဓမာသောင်းရီ ထံသို့ သွားပို့ရန် စံဘ နှင့် ဖိုးတုတ်တို့ ကားပေါ်တက်လိုက်စဉ် အိတ်စပက်တော်ဦးဟုတ်ဂွမ်၏ မော်တော်ကား ရောက်လာ၏။


ဆရာဦးဟုတ်ဂွမ်..ဘာထူးလို့လဲဗျိုး”


ထူးတာတော့.အတော်ထူးတယ်ဟေ့..ဖိုးတုတ်ရေ”


ဖိုးတုတ်က ကားပေါ်မှ ပြန်ဆင်းလိုက်သည်။


ဘာများလဲဗျ”


ဂန္ဓမာကို ညက ဓါးနဲ့ခုတ်တဲ့ကောင်လေးကို ညတွင်းချင်း လွှတ်ပေးလိုက်ရတယ်”


ဟင်..ဘယ်လိုဖြစ်တာလဲ”


နန်းရင်းဝန် ဒေါက်တာဘမော်ကိုယ်တိုင် ပုလိပ်မင်းကြီးကို ဖုန်းဆက်လို့တဲ့ကွ…ခုတ်ခံရတဲ့ လူက နာမည်ကျော်လူမိုက်မို့ ကောင်လေးက ကိုယ့်ကိုကိုယ် ခုခံကာကွယ်တာမို့..အမှုကို မတည်ဆောက်ပဲ ဖြစ်တဲ့နည်းနဲ့ ပိတ်ပေးဖို့ ဖိအားပေးတယ်တဲ့”


ဟာ..အဲ့ဒီလို လုပ်လို့ရလား”


ဟိတ်ကောင်..ဖိုးတုတ်..အဲ့ဒါ ငါ့ကို မမေးနဲ့ကွာ..မင်းဟာမင်း ပြန်ပေး..လုပ်လို့ရလား..မရလားဆိုတာ”


ဖိုးတုတ် က ခေါင်းတညိမ့်ညိမ့်ဖြင့် စဉ်းစားနေသည်။


ဒီကောင်လေးက ဒေါက်တာဘမော်ရဲ့ လက်ရုံး၊ ဗန္ဓုလဦးစိန်ရဲ့ တူတဲ့ကွ”


အင်း…ဒီကောင်တော့ ပုလိပ်လက်မှာ မနေတာ ကံဆိုးတာပဲ..ဆရာဦးဟုတ်ဂွမ်ရေ”


…………………………………………………………………………………………………..


၁၉၃၉ ခု ၊ ဖေဖော်ဝါရီလ (၁၅)ရက်။


ည ၈ နာရီ၊ ရန်ကုန်မြို့၊ ဘားလမ်း၊ Silver Grill ဟိုတယ်။


သီးသန့်ခန်းတစ်ခုထဲတွင် ညွန့်ပေါင်းအစိုးရ အခွန်တော်ဝန်ကြီး ဦးပု နှင့် လမ်းမတော်ဖိုးတုတ် တို့ ထိုင်နေကြသည်။


ဒီနေ့ပဲ အထက်လွှတ်တေ်ာမှာ ဒေါက်တာဘမော် ကို အယုံအကြည်မရှိကြောင်း အဆို တင်သွင်းလိုက်ပြီ..မောင်ဖိုးတုတ်၊ မနက်ဖြန်မှာ မဲခွဲဆုံးဖြတ်ကြလိမ့်မယ်၊ အဲ့ဒီည ဦးတို့ဘက်က အနိုင်ရလိမ့်မယ်၊ ဒီတစ်ခါတော့..ကျောင်းသားအရေးအခင်းမှာ ဒေါက်တာဘမော်လူ ပြည်ထဲရေးဝန်ကြီး ဆာပေါ်ထွန်းလုပ်ပုံကိုင်ပုံမဟန်တော့ သေချာပေါက် ဒေါက်တာဘမော်ပြုတ်ကျမှာပဲ။ ဦးစောက လည်း နန်းရင်းဝန်းနေရာကို မှန်းနေတယ်။ ဒါပေမယ့် နောက်တက်လာမယ့် အစိုးရက ဦးကို ပဲ သေချာပေါက်တင်မှာ၊ ဦးကလည်း သူ့ကို ဝန်ကြီးတစ်နေရာတော့ နှစ်သိမ့်ပေးထားလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူ့အန္တရာယ်ကိုလည်း လျှော့တွက်မရတာမို့..မောင်ဖိုးတုတ် နဲ့ ဦး ဆက်လက်လက်တွဲချင်တယ်”


ဝန်ကြီးမင်းကို ကျွန်တော်မျိုးက ကိုယ့် ဦးလေးလို၊ ဘကြီးလို သဘောထားပါတယ်ခင်ဗျာ။ ဝန်ကြီးမင်း အတွက် ပဲရှိနေမှာပါ”


ဝန်ကြီးမင်းတွေ ဘာတွေ လုပ်မနေပါနဲ့..ငါတူရာ..တို့ တူဝရီးတွေဖြစ်ပြီသာမှတ်..ဦးစော ဝါးရင်းတုတ်တွေ ရန် က နေ ကာကွယ်နိုင်တာ ငါ့တူပဲရှိတယ်၊ ငါ့တူ ရှိနေလို့သာ ဦးကို ဒင်း ဘာမှ မလုပ်ရဲတာ”


ဦးပု က တူဝရီး ဟု ပြောလိုက်သည်နှင့် လမ်းမတော်ဖိုးတုတ် စိတ်ထဲတွင် ဗန္ဓုလဦးစိန်၏ တူ ဘဘိုး အကြောင်းက ခေါင်းထဲ ရောက်လာတော့သည်။


စိတ်ချပါ..ဦး..ကျွန်တော့်လူတွေက ဦးကို အသက်ပေးပြီး ကာကွယ်မှာပါ”


……………………………………………………………………………..


နောက်တစ်နေ့ အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အဆိုဘက်မှ မဲ ၇၀၊ ဒေါက်တာဘမော်ဘက်မှ ၃၇ မဲဖြင့် ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားခဲ့လေသည်။


နောက်တစ်နေ့တွင် ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရ တက်လာလေသည်။ ဦးပုမှာ နန်းရင်းဝန်ဖြစ်လာပြီး ဂဠုန်ဦးစောမှာ သစ်တောရေးရာဝန်ကြီးဖြစ်လာလေသည်။


ထိုနေ့တွင်ပင် ဂန္ဓမာသောင်းရီ ဆေးရုံမှ ဆင်းရလေသည်။


လမ်းမတော်ဖိုးတုတ် က သေရွာပြန် ဂန္ဓမာသောင်းရီကို ကြိုဆိုရင်း သူ၏ ကောက်ရလိုက်သော ဦးလေး နန်းရင်းဝန် အသစ်စက်စက်အတွက် ဂုဏ်ပြုပွဲကို ချိုင်းနားစတန်းဟိုတယ်တွင် ကျင်းပလေတော့သည်။


မသောင်း ကား ဂန္ဓမာသောင်းရီ ဆေးရုံတက်ရစဉ်ကတည်းက ဟိုတယ်သို့ မသွားတော့ပဲ အနီးကပ် ပြုစုပေးနေ၏။


ဒီနေ့ညတော့..ကိုဂန္ဓမာကြီးကို ကြိုဆိုရင်း…အစိုးရအသစ်ကို ကြိုဆိုရင်း…ဂန္ဓမာကြီးနဲ့ မသောင်းရဲ့ ကျင်းပမယ့် မင်္ဂလာပွဲကို ပါ ထပ်ကြိုဆိုလိုက်ကြပါဗျား”


စံဘ က အရက်ခွက်ကို မြှောက်ရင်း အော်လိုက်သည်။


လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ ဓါးဘိုးထင်၊ ပုဏ္ဍားကျော်ထွန်း၊ အောင်ဘ၊ စံဘ နှင့်တပည့်များ အားလုံး ပျော်ရွှင်နေကြသည်။


လမ်းမတော်အင်ပါယာ၏ တပ်သားများ အောင်ပွဲခံကြသည့်နေ့။


……………………………………………………………………………….


၁၉၃၉ ဧပြီလ ၈ ရက်ည။


နောက်တစ်နေ့မနက်တွင် ကျင်းပမည့် ဂန္ဓမာသောင်းရီ နှင့် မသောင်း တို့၏ မင်္ဂလာဧည့်ခံပွဲ အတွက် ဂန္ဓမာသောင်းရီအိမ်ရှေ့တွင် မဏ္ဍပ်ထိုးနေကြ၏။


မဏ္ဍပ်ရှေ့ရပ်ကာ တပည့်များအား ညွန့်ကြားနေသော ဂန္ဓမာသောင်းရီ က ကားဟွန်းသံ ကြောင့် နောက်သို့ လှည့်ကြည့်လိုက်သည်။


ဟေ့..ဘယ်လိုလဲ..သတိုးသားလောင်းလူပျိုကြီး..ပျော်နေပြီလားကွ.ဟေ့”


လမ်းမတော်ဖိုးတုတ် က ကားပေါ်မှ လှမ်းနောက်လိုက်သည်။


အေး..ဖိုးတုတ်..အိမ်ပေါ်တက်ဦးလေကွာ”


ငါ မတက်တော့ဘူး..မင်းသာ ကားပေါ်တက်..မင်းကို လက်ဖွဲ့ပေးစရာရှိလို့”


ဘာများလဲကွ..ဖိုးတုတ်”


တက်မှာသာ တက်စမ်းပါကွာ”


ဂန္ဓမာက ကားတံခါးကို ဖွင့်ကာ ဖိုးတုတ်ဘေးတွင် ဝင်ထိုင်လိုက်သည်။


ဘာတွေ လုပ်ထားပြန်ပြီလဲ..ဖိုးတုတ်”


လိုက်မှာသာ လိုက်ခဲ့စမ်းပါကွာ”


ဖိုးတုတ်က ကားကို လမ်းမတော်ကမ်းနားဘက်ဆီသို့ မောင်းသွားလိုက်သည်။


ကမ်းနားတွင် ကားကိုရပ်ပြီးနောက် ရပ်ထားသော မော်တော်ပေါ်သို့ ဂန္ဓမာ အား ခေါ်သွား၏။


ထိုမော်တော်ကား လမ်းမတော်ဖိုးတုတ် ပိုင်သည့် မော်တော်ဖြစ်သည်။


ဟေ့..မြစ်လယ်ကို မောင်းကွာ”


ဂန္ဓမာသောင်းရီမှာ ဖိုးတုတ်ခေါ်ရာသို့ အူလည်လည်ဖြင့် ပါလာ၏။


မြစ်လယ်သို့ ရောက်သောအခါ မော်တော်ကို စက်သတ်လိုက်သည်။


ဟေ့..စံဘ..မင်္ဂလာလက်ဖွဲ့ ထုတ်ခဲ့တော့ဟေ့”


မော်တော်ဆလင်ခန်းထဲမှ စံဘ ထွက်လာသည်။


နောက်တွင် စံဘ၏ တပည့်နှစ်ယောက်က ပုဆိုးဖြင့်အုပ်ထားသော ခြင်းတောင်းတစ်လုံးကို သယ်လာကြ၏။


လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီ ရှေ့တွင် ခြင်းကို ချလိုက်သည်။


ကဲ..ဂန္ဓမာ..ဒီမှာ မင်းအတွက် မင်္ဂလာလက်ဖွဲ့ကွာ”


ဖိုးတုတ်က ခြင်းကို ကန်လိုက်ရာ ခြင်းတောင်းမှာ လဲသွားပြီး အထဲမှ သွေးသံတရဲရဲ ဒဏ်ရာများစွာဖြင့် ကြိုးတုတ်ထားသော လူငယ်တစ်ယောက် ခွေခွေကလေး ထွက်လာလေသည်။


ဂန္ဓမာက ရုတ်တရက်မို့ အံသြသွားသည်။


ဖိုးတုတ်…ဘာလဲကွ..ဒါ ဘယ်သူကြီးလဲ”


သေချာ ကြည့်လေကွာ..ဂန္ဓမာ”


ဂန္ဓမာသောင်းရီ မော်တော်ပေါ်တွင် ထွန်းထားသော မီးရောင်ဖြင့် သေချာကြည့်သည်။


ငါ..မသိဘူးကွ..ဒီကောင့်ကို”


ဖိုးတုတ်က ရယ်သည်။


မအေဘေးကောင်..ခံရတာတောင်နည်းသေးတယ်..မင်းအဲ့ဒီညက ဘယ်လောက်တောင် မူးနေတာလဲ.. ဒါ မင်းကို ဓါးနဲ့ ခုတ်သွားတဲ့ကောင်လေကွာ…မင်းကို ဓါးနဲ့ခုတ်တယ်၊ ညတွင်းချင်း ဒေါက်တာဘမော် အမိန့်နဲ့ ပြန်ထွက်လာတယ်၊ ပြီးတော့ လမ်းမတော်ဖိုးတုတ်သူငယ်ချင်းလူမိုက်ဂန္ဓမာကို ဓါးနဲ့ခုတ်တာတောင် ရဲက မဖမ်းရဲဘူးဆိုပြီး ပွဲခံနေတဲ့ ပုသိမ်ညွန့်ဘဘိုး ဘွဲ့ခံ လူမိုက်ကြီးလေကွာ..ဟေ့..သေချာကြည့်ပါကွ..ဂန္ဓမာရ”






အခန်း(၁၉)


……………………


ဂန္ဓမာ က လဲနေသောလူငယ်၏ ဆံပင်ကို ဆွဲကာ မျက်နှာအား လှန်ကြည့်လိုက်သည်။


ဘဘိုးက ဂန္ဓမာကိုမြင်သည့်အခါ ထိတ်လန့်သွား၏။


ဒီကောင်ပဲ..ဂန္ဓမာ..အဲ့ဒီနေ့က မင်းက အရမ်းမူးနေတော့ ဒီကောင်တွေကို ဘယ်မှတ်မိမလဲ။ ကျန်တဲ့ နှစ်ကောင်ကိုတော့ ဒီရန်ကုန်မြစ်ထဲ ပုဇွန်ဆင်းငုတ်ခိုင်းလိုက်ပြီကွ… မင်းကို ဓါးနဲ့ ခုတ်တဲ့ ဒီကောင် ကိုပဲ မင်းအတွက် မင်္ဂလာလက်ဖွဲ့ချန်ထားပေးမာ..ဂန္ဓမာ..မင်းလုပ်ချင်ရာလုပ်ပေတော့”


ဂန္ဓမာက ဘဘိုး ၏ မျက်နှာနားသို့ ကပ်လိုက်ကာ


အဲ့ဒီညက ငါ့ကို ဓါးနဲ့ ဝင်ခုတ်တာ မင်းလား..ငါ့ညီ”


ဘဘိုးက ခေါင်းညိမ့်ပြသည်။


ဂန္ဓမာ မတ်တပ်ပြန်ရပ်လိုက်ပြီး ဖိုးတုတ်ဘက် လှည့်လိုက်သည်။


ကဲ..ဂန္ဓမာ..မင်းဘာလုပ်ချင်လဲပြော..ဒီကောင့်ကို ရဖို့ ငါ အချိန်ဘယ်လောက် စောင့်လိုက်ရတယ်ထင်လဲ.. ဒီကောင်က မင်းကို ခုတ်ပြီးကတည်းက ဒေါက်တာဘမော်အိမ်မှာ ဝင်ခိုနေတာ…နန်းရင်းဝန်အိမ်ဆိုတော့ လုံခြုံရေးတွေချထားလို့ ငါတို့ ဘယ်ထိရဲမလဲကွ…အခု ဒေါက်တာလည်း ပြုတ်ပြီ..ဒီကောင် အရက်ထွက် ဝယ်နေတုန်း အောင်ဘတို့ အုပ်စု ဝင်ဆွဲလာခဲ့တာပဲ..အောင်ဘတို့ လက်စနဲ့ သွားတွေတော့ ကျွတ်ကုန်တယ်ကွာ”


ဂန္ဓမာက ရန်ကုန်ဆိပ်ကမ်းဘက်ဆီသို့ ငေးကြည့်လိုက်သည်။


ဖိုးတုတ်..မနက်ဖြန် ငါ့မင်္ဂလာဆောင်ကွာ… ငါ ဒီည လူမသတ်ချင်ဘူး.. ပြီးတော့ အဲ့ဒီညက ဒီကောင်လေးတွေ ကို ငါ ချသာချခဲ့တာ သေချာတောင် မမှတ်မိဘူး..ငါမလုပ်ချင်ဘူးကွာ”


မင်းမလုပ်ချင်လဲ..ငါ့ ခြောက်လုံးပြူးအသစ်ကလေး စမ်းကြည့်လိုက်မယ်ကွာ..မြစ်အောက်မှာ ဒီကောင့်ဘော်ဒါတွေ စောင့်နေကြပြီကွ”


ဖိုးတုတ်က သူရထားသော ခြောက်လုံးပြူးသေနတ်ကို ခါးကြားမှ ဆွဲထုတ်လိုက်လေသည်။


မလုပ်နဲ့..ဖိုးတုတ်..ဒီကောင့်ကို မင်းက ငါ့အတွက် မင်္ဂလာလက်ဖွဲ့တာဆို..ငါ ဒီကောင့်ကို ဒီည လွှတ်ပေးလိုက်ချင်တယ်”


မင်းကတော့..ကွာ..ကဲ..မင်းသဘောပဲ..ဂန္ဓမာ”


ဂန္ဓမာ က ဘဘိုး ကို ဆွဲထူလိုက်သည်။ ထို့နောက် လက်မှ ကြိုးများကို ဖြည်ပေးလိုက်၏။


ထို့နောက် လှေဦးသို့ ခေါ်သွားသည်။


မင်းက ပုသိမ်ညွန့်ဘဘိုး..တဲ့လား..ညီလေး..ဒီတခါတော့ ငါ့မင်္ဂလာဆောင်အထိမ်းအမှတ်အနေနဲ့ မင်းကို လွှတ်ပေးလိုက်မယ်..နောက်တစ်ခါ ငါတို့ရှေ့မှာ မင်း ပြန်ပေါ်လာရင်တော့..ငါ တကယ်သတ်ပြီ..ကောင်လေး..သွားတော့”


ဂန္ဓမာက ဘဘိုး ၏ ကျောကုန်းကို စောင့်ကန်လိုက်သဖြင့် ဘဘိုးမှာ ရေထဲသို့ ပြုတ်ကျသွားလေတော့သည်။


ဖိုးတုတ်က ဂန္ဓမာ ၏ ပခုံးကို ဖက်လိုက်ပြီး


မင်းကောင်..ရေမကူးတတ်ပါစေနဲ့လို့..ငါဆုတောင်းပါတယ်..ဂန္ဓမာ”


ဖိုးတုတ် ၏ ဆုတောင်းက မပြည့်။


ခဏအကြာတွင် ရန်ကုန်မြစ်ပြင်မှောင်မှောင်ထဲ တဗွမ်းဗွမ်းကူးခတ်သွားသံကို ကြားလိုက်ရတော့၏။


ဖိုးတုတ် က ရေသံကြားသည့်နေရာသို့ ခြောက်လုံးပြူးဖြင့် နှစ်ချက်ခန့် ပစ်လိုက်လေသည်။


…………………………………………………………………………………………………..


ဂန္ဓမာသောင်းရီ နှင့် မသောင်း တို့၏ မင်္ဂလာပွဲ ကား အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့သည်။


၁၉၃၉ ခုနှစ်၊ ရန်ကုန်နေ့စွဲများသည် လမ်းမတော်ဖိုးတုတ်အတွက် ဘုန်းမီးနေလ အတောက်ပဆုံး ကာလများပင်။


လမ်းမတော်ဖိုးတုတ်တွင် ခြောက်လုံးပြူးတစ်လက်ပင် ရှိနေသည်ဟု သတင်းစကားများ ထွက်ပေါ်နေ သော်လည်း နန်းရင်းဝန်ဦးပု ၏ ကျောထောက်နောက်ခံရှိနေသော ဖိုးတုတ်ကို ပုလိပ်အဖွဲ့က စစ်လား ဆေးလားပင်မလုပ်ရဲခဲ့ကြ။


လမ်းမတော်ဖိုးတုတ် မှာ အသက်အရွယ်အားဖြင့် (၄၀)ကျော်လာခဲ့ပြီ။


ဖိုးတုတ်သည် တစ်ဖက်တွင် လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီး အဖြစ်နေထိုင်သလို တစ်ဖက်တွင်လည်း ဘာသာရေး ကိုင်းရှိုင်းသော ဇနီးသည် တစ်ဦး၏ ခင်ပွန်းဖြစ်နေသည်။


လမ်းမတော်ရှိ သူ့နေအိမ်တွင် လစဉ် သံဃာအပါး (၅၀)ကို ဆွမ်းလောင်းလေ့ရှိသည်။


လမ်းမတော်ဖိုးတုတ် သည် မကောင်းမှုဖြင့် နာမည်ကျော်ခဲ့သော သူ၏ အတိတ်ကို ဖုံးဖိရန် အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့သေးသည်။


၁၉၃၉ စက်တင်ဘာလ တွင် ဗြိတိသျှအင်ပါယာနှင့် ဟစ်တလာ၏ ဂျာမနီတို့ စစ်ကြေငြာပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသည်။


ဥရောပတွင် စစ်မီးကြီး စတင်တောက်လောက်နေချိန် ရန်ကုန်ကား သူနှင့် မဆိုင်သလို စည်ကားနေဆဲ။


ထိုည..မိုးက တဖွဲဖွဲကျနေသည်။


ဗဟန်းပုလိပ်ဌာနမှ ပုလိပ်သားငါးဦးသည် မိုးကာအင်္ကျီများခြုံလျက် လင့်ခ်လမ်း (ရွှေဂုံတိုင်လမ်း)အတိုင်း စက်ဘီးကိုယ်စီဖြင့် ကင်းလှည့်လာကြသည်။


လင်ခ့်လမ်းသည် (၁၀)ပေခန့်သာ ကျယ်ဝန်းသော လမ်းတစ်လမ်းဖြစ်ပြီး လမ်းတစ်ဖက်ခြမ်းမှာ ခြုံနွယ်သစ်ပင်များဖြင့် ပိတ်ဖုံးရောနေ၏။


စစ်စတင်ဖြစ်ပွားနေပြီဖြစ်သဖြင့် လုံခြုံရေးအလိုငှာ လမ်းမီးများအား ည ၁၁ နာရီကျော်လျှင် ငြိမ်းသက်ထားရ သောကာလလည်းဖြစ်သည်။


စက်ဘီးနင်းလာသော ပုလိပ်သားတစ်ဦးသည် ခြုံကွယ်တစ်ခုရှေ့ လမ်းမပေါ်မှ ဦးထုတ်တစ်လုံးနှင့် ရှူးဖိနပ်တရံကို သတိထားမိသွားသည်။


လင့်ခ်လမ်း သည် ထိုစဉ်က လူပြတ်သည့်အပြင် လုယက်မှုများ မကြာခဏဖြစ်ပေါ်တတ်သည်မို့ စက်ဘီးကို ရပ်လိုက်ကြသည်။


ပုလိပ်များက ဦးထုတ်တွေ့သည့် အနီးတဝိုက်သို့ ဓာတ်မီးဖြင့်ထိုးကြည့်ကြသောအခါ စွန့်ပစ်ထားသည့် လန်ချားအပျက်တစ်စင်း။


ထိုလန်ခြားအပျက်ဘေး ခြုံထဲတွင် ထွက်နေသော လက်တစ်ဖက်နှင့် လန်ခြားဘီးတွင် တပ်သည့် သစ်သားတုတ်တံအကျိုးတစ်ချောင်း ကို တွေ့လိုက်ရလေသည်။


ပုလိပ်များက ခြုံကွယ်သို့ ဝင်ကြည့်လိုက်သောအခါ အလောင်းတစ်လောင်း။


အလောင်း အား လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သောအခါ အားလုံး တအံတသြဖြစ်သွားကြတော့၏။


သေဆုံးနေသူကား ရန်ကုန်အနောက်ပိုင်းပုလိပ်ရုံးမှ ပုလိပ်အိတ်စပက်တော် ဦးဟုတ်ဂွမ်။


ဦးဟုတ်ဂွမ် သည် ရင်ဘက်ညာဘက်အခြမ်းတွင် ဓါးဒဏ်ရာတစ်ချက်၊ ခေါင်းတွင် တုတ်ဖြင့် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းပင်။


အလောင်းကို ရန်ကုန်ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးကြသည်။


ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရေးနိုးက ရန်ကုန်တစ်မြို့လုံးမှ စုံထောက်များ၊ ပုလိပ်အရာရှိများကို ဖုန်းဆက်ကာ လသာလမ်းပုလိပ်ဌာနတွင် စုဝေးကြရန် အမိန့်ထုတ်လိုက်သည်။


အိတ်စပက်တော်ဦးဟုတ်ဂွမ် အသတ်ခံရမှုသည် ပုလိပ်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး အသတ်ခံရခြင်း ဖြစ်သည့်အတွက် ပုလိပ်တစ်ဖွဲ့လုံး အရေးပေါ်ဖြစ်ရပ်အဖြစ် သတ်မှတ်လိုက်ကြသည်။


ရန်ကုန်အလယ်ပိုင်းခရိုင် ပုလိပ်ဝန်ထောက် မစ္စတာလုဒ်ဒါး၊ အရှေ့ပိုင်းခရိုင် ပုလိပ်ဝန်ထောက် ဦးထွန်းအုံ ၊ အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် တို့ ပါဝင်သော အမှုမှန်ဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်။


အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် က အနောက်ပိုင်းပုလိပ်ရုံးတွင် အရာရှိများနှင့် အရေးပေါ် အစည်းအဝေးလုပ်သည်။


ထိုအစည်းအဝေးတွင် ရာဇဝတ်အုပ်အဖြစ်မှ ပုလိပ်အိတ်စပက်တော်အဖြစ် ရာထူးတိုးခါစ ကိုခင်မောင် က သူ့အယူအဆကို တင်ပြသည်။


အရင်က ဆို ဒီနယ်မြေထဲ လူသတ်မှု၊ လူယက်မှုဘာဖြစ်ဖြစ်၊ လမ်းမတော်ဖိုးတုတ်ကြီးက ကျွန်တော်တို့ ဆီ သတင်းလှမ်းပေးတာတွေ လုပ်လေ့ရှိပါတယ်..မင်းကြီး၊ အခု သေသွားတဲ့ ဆရာဦးဟုတ်ဂွမ် ဟာ ဦးဖိုးတုတ် နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေပါ၊ ဒီလို အခြေအနေမှာ ဦးဖိုးတုတ် ပျောက်နေတာဟာ မသင်္ကာစရာကောင်းတယ်လို့ ကျွန်တာ်ထင်ပါတယ်။ ဒီပြသနာမှာ ဦးဖိုးတုတ် ပါကို ပါနေရမယ်”


အိတ်စပက်တော်ကိုခင်မောင် ၏ ကောက်ချက်ကို မစ္စတာစမတ်သောမတ် က လက်ခံလိုက်သည်။


မစ္စတာစမတ်သောမတ် က ထိုကိစ္စကို ကော်မတီသို့ တင်ပြလိုက်သည်။


မကြာမီ ရန်ကုန်ပုလိပ်မင်းကြီးရုံးမှ လမ်းမတော်ဖိုးတုတ် နှင့် သူ့တပည့်များအား ပုလိပ်အင်အားသုံးပြီး ချက်ချင်းဖမ်းဆီးရန် အမိန့်ထွက်လာလေတော့သည်။


ရန်ကုန်တစ်မြို့လုံးမှ ပုလိပ်များ လမ်းမတော်မြေပေါ်သို့ ရောက်လာကြပြီ။


ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့သည် သိမ်ကြီးဈေး ထိပ်တွင် လန်ချားငှားရန် စောင့်ဆိုင်းနေကြ၏။


ထိုအချိန်တွင် ပုလိပ်ကားတစ်စီးက သူတို့ရှေ့ထိုးဆိုက်လာသည်။


ပန်ချာပီရာဇဝတ်အုပ်တစ်ဦး ကားပေါ်မှ ဆင်းလာ၏။


နင်နာမည် စံဘသောင်းရီ လား”


စံဘ တော့မဟုတ်ပါဘူး သောင်းရီပါ..ဆပ်”


စံဘ နဲ့ သောင်းရီ က တစ်ယောက်တည်းမဟုတ်ဘူးလား”


စံဘက စံဘ ပါ။ ကျွန်တော်က သောင်းရီပါ။ ဂန္ဓမာသောင်းရီပါ.လူတွေ ရောထွေးနေကြတာ”


ဟုတ်ပြီ..ဒါဆို စံဘ ဘယ်မှာလဲ”


ဆယ့်လေးလမ်းက ဖိုးတုတ် အိမ်မှာ ရှိမှာပေါ့..ဘာဖြစ်လို့လဲ”


ဘာမှ မဖြစ်ဘူး..ဖမ်းမလို့..နင့်ကိုလည်း ဖမ်းလိုက်ပြီ မောင်သောင်းရီ”


ဘာမှုနဲ့ ဖမ်းမှာလဲ..ဝရမ်းရော ပါလား”


ထိုအချိန်တွင် ပုလိပ်ကားပေါ်မှ ပုလိပ်သားများက သေနတ်ကိုယ်စီဖြင့် ဆင်းလာကြပြီး ဂန္ဓမာသောင်းရီနှင့် မသောင်းနားသို့ ကပ်လာကြသည်။


ကဲ..ဟုတ်ပါပြီ..ဖမ်းမယ်ဆိုလည်း ဖမ်းပေါ့..ဒါပေမယ့်..ဒီက ကျွန်တော့်မိန်းမ အိမ်ပြန်ဖို့ လန်ချားတစ်စီးလောက်ဖြစ်ဖြစ်၊ တက္ကစီတစ်စီးဖြစ်ဖြစ် တာပေးစမ်းပါ…ပြီးရင် ကျွန်တော် အေးအေးဆေးဆေးလိုက်ခဲ့မှာပါ.ဆပ်”


ပန်ချာပီရာဇဝတ်အုပ်က သူ့ရင်ဘတ်တွင် ချိတ်ထားသော ခရာကို မှုတ်လိုက်ကာ အနားမှ ဖြတ်သွားသော ပဲရော့ကုမ္ပဏီ တက္ကစီတစ်စီးကို တားလိုက်၏။


တက္ကစီမောင်းသူမှာ ပုလိပ်များက တားသဖြင့် ကြောက်လန့်ကာ ရပ်ပေးလိုက်သည်။


ဂန္ဓမာသောင်းရီက မသောင်းလက်ကို ဆွဲကာ..တက္ကစီတံခါးကို ဖွင့်လိုက်သည်။


ကဲ..အသောင်း…ဘာမှ စိတ်မပူနဲ့..မောင်လိုက်သွားလိုက်ဦးမယ်..အော်..ခဏနေဦး”


ဂန္ဓမာသောင်းရီ က ရာဇဝတ်အုပ်ဘက်သို့ လှည့်ကာ


ကျွန်တော့် ဘယ်ဂါတ် ခေါ်သွားကြမှာလဲဗျ”


အနောက်ပိုင်းခရိုင်ပုလိပ်ရုံး”


ကဲ..အသောင်း..ကြားတယ်နော်..ညနေမှ မောင်ပြန်မလာရင် ထမင်းနဲ့ ဝက်သားဟင်းလေးချက်ပြီး လာပို့ဦး.. ဒီရက်ထဲ ဝက်သားဟင်းစားချင်နေလို့..ကဲ…ကားဆရာမောင်းပေတော့”


ဂန္ဓမာသောင်းရီ က ရာဇဝတ်အုပ်ဘက်သို့ လှည့်ကာ လက်ကို ထိုးပေးလိုက်သည်။


ကဲ..လက်ထိပ်ခတ်မှာလား..ခတ်ပါဗျာ”


ဂျလောက်”


လက်ထိပ်အခတ်ခံပြီး စီးကရက်မသောက်ရတာတောင် ဆယ်နှစ်လောက်ရှိပြီဗျ.ရာဇဝတ်အုပ်မင်းမှာ စီးကရက်လေး ဘာလေးများ ပါသေးလား”


……………………………………………………………………


အနောက်ပိုင်းခရိုင်ပုလိပ်ရုံး။


အချုပ်ခန်းရှေ့မှ ခုံတန်းရှည်ကြီးတွင် လမ်းမတော်ဖိုးတုတ်၏ အဓိကလူများဖြစ်သော ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ ပုဏ္ဍားကျော်ထွန်း၊ ကွယ်လွန်သူငညွန့်၏ တူ မောင်မောင်တို့ပါ တန်းစီထိုင်နေကြသည်။


မောင်မောင် မှာ ငညွန့်အသတ်ခံရပြီးနောက် လမ်းမတော်ဖိုးတုတ်၏ လူငယ်အင်အားစုထဲမှ အမာခံဖြစ်လာသူဖြစ်သည်။


ခဏအကြာတွင် အိတ်စပက်တော်ကိုခင်မောင်က စံဘကို လက်ထိပ်ခပ်လျက်ခေါ်လာသည်။


ဟေ့..လူစုံတက်စုံရောက်နေပြီပဲကွာ..မင်းတို့ ဆရာကတော့ အိမ်မှာလည်း မရှိဘူး..မနေ့ည ကတည်းက အိမ်ပြန်မလာတာတဲ့..ဘယ်မှာမှ ရှာမရဘူးကွာ..ပြောကြပါဦး..ကိုဖိုးတုတ်..ဘယ်မှာများ ရှိနိုင်မလဲလို့”


ခုံတန်းပေါ်မှ လူစုမှာ ကိုခင်မောင် ၏ စကားကို မကြားသကဲ့သို့ပင် နေနေကြ၏။


စံဘက ပထမဆုံးအကြိမ် လက်ထိပ်ခတ်ထားခံရခြင်းဖြစ်သဖြင့် ချောင်လိုချောင်ငြား လက်ကို လှုပ်ရှားနေသည်။


ဂန္ဓမာက က စံဘ ခြေထောက်ကို ကန်လိုက်ပြီး


ဟေ့ကောင်..စံဘ..လက်ထိပ်ဆိုတာ လှုပ်လေ ပိုကြပ်လေကွ…ငြိမ်ငြိမ်နေစမ်းပါ.ငါ့ကောင်ရာ”


သူ့ကို အဖတ်မလုပ်သော လူစုကို ကြည့်ကာ ကိုခင်မောင် အနည်းငယ် ဒေါသထွက်သွား၏။


သို့သော် လမ်းမတော်ဖိုးတုတ်ကို မတွေ့သေးသဖြင့် စိတ်ကို လျော့ထားလိုက်သည်။


ရန်ကုန်ပုလိပ်က ဖိုးတုတ် အား လမ်းမတော်တခွင် မွှေနှောက်ရှာဖွေကြသော်လည်း ခြေရာမျှပင် မတွေ့။


ဖိုးတုတ်အိမ်ရှေ့တွင်လည်း ပုလိပ်သားနှစ်ယောက်စီက ကင်းအလှည့်ဖြင့် စောင့်ကြည့်နေကြသည်။


ညနေစောင်းသည့်အခါ ဂန္ဓမာသောင်းရီဦးဆောင်သောအဖွဲ့ကို လက်ထိပ်များဖြုတ်ပြီး လသာလမ်းပုလိပ်ဌာန အချုပ်ထဲသို့ ပြောင်းရွှေ့ ထည့်ထားလိုက်ကြသည်။


မသောင်းနှင့် ပုဏ္ဍားကျော်ထွန်း ဇနီး တို့က အနောက်ပိုင်းပုလိပ်ရုံးမှတဆင့် လသာလမ်းပုလိပ်ဌာနသို့ ချိုင့်ကြီး ချိုင့်ငယ်များဖြင့် ရောက်လာကြသည်။


ထိုညနေ က လမ်းတော်ဖိုးတုတ်၏ တပည့်များမှာ လသာပုလိပ်ဌာန အချုပ်ထဲတွင် ဝိုင်းဖွဲ့စားသောက် ဆူညံနေကြတော့၏။


လမ်းမတော်ဖိုးတုတ်ကို ကား အစအနပင် ရှာမတွေ့။


……………………………………………………………………………..


သုံးရက်တိတိရှိခဲ့ပြီ။


ပုလိပ်အဖွဲ့မှာ လမ်းတော်ဖိုးတုတ်ကို ရှာမရသည့်အတွက် အထက်အရာရှိများ၏ အဆူအဆဲကိုခံနေကြသည်။


အချို့က နန်းရင်းဝန်ဦးပု က ဝှက်ထားပေးသည်ဟုပင် သံသယဝင်ကြ၏။


သို့သော် နေ့လည်ပိုင်းတွင် အနောက်ပိုင်းခရိုင်ပုလိပ်ရုံးသို့ ဌာနအုပ် ကိုပညာရောက်လာသည်။


လင်တိုင်းဟိုတယ် အပေါ်ထပ် သီးသန့်ခန်းထဲမှာ လမ်းမတော်ဖိုးတုတ်ကို တွေ့ခဲ့တဲ့လူရှိတယ်..အရက်တွေ အရမ်းမူးနေတယ်တဲ့”


ရန်ကုန်အလယ်ပိုင်းခရိုင် ပုလိပ်ဝန်ထောက် မစ္စတာလုဒ်ဒါး၊ အရှေ့ပိုင်းခရိုင် ပုလိပ်ဝန်ထောက် ဦးထွန်းအုံ ၊ အနောက်ပိုင်းခရိုင်ပုလိပ်ဝန်ထောက် မစ္စတာစမတ်သောမင် ဦးဆောင်သည့် အဖွဲ့သည် လင်တိုင်းဟိုတယ်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။


လင်တိုင်းဟိုတယ်တွင် လူဝင် လူထွက်များဖြင့် ရှု့ပ်ယှက်နေ၏။ ရန်ကုန်မြို့၏ အကြီးဆုံးပုလိပ်အရာရှိကြီးများ ပါသော ပုလိပ်အဖွဲ့များ ဟိုတယ်တွင်းဝင်လာသဖြင့် လူများမှာ ကြောက်လန့်ကုန်ကြသည်။


ပုလိပ်အဖွဲ့များက အပေါ်ထပ်ရှိ သီးသန့်ခန်းများကို တစ်ခန်းဝင် တစ်ခန်း ထွက် ဝင်ရှာကြသည်။


တခန်းမှ ရှာမတွေ့။


ဟိုတယ်မန်နေဂျာကို မစ္စတာလုဒ်ဒါးမှ ခြိမ်းခြောက်စစ်ဆေးလိုက်သည့်အခါမှ လမ်းမတော်ဖိုးတုတ်သည် ဟိုတယ်ပိုင်ရှင်သူဌေးလာလျှင်သာ ထိုင်လေ့ရှိသော အထူးခန်းထဲတွင် ဖြစ်ကြောင်း သိရလေတော့သည်။


လင်တိုင်းဟိုတယ်တွင် ဖိုးတုတ်ရောက်နေသည့် မှာ သုံးရက်ရှိပေပြီ။


လမ်းမတော်ဖိုးတုတ်ကို ကြောက်ရသည့်အတွက် ဟိုတယ်ပိုင်ရှင်နှင့် မန်နေဂျာတို့မှာလည်း မည်သူ့ကိုမျှ အကြောင်းမကြားရဲ။


ဖိုးတုတ်မှာ နေ့ရောညပါ အရက်များသောက်နေသည်ဟု မန်နေဂျာက ပြောပြသည်။


အခန်းထဲသို့ မစ္စတာလုဒ်ဒါးတို့ဝင်သွားချိန်တွင် လမ်းမတော်ဖိုးတုတ်မှာ ဆိုဖာပေါ်တွင် လှဲအိပ်နေသည်။


အရက်နံ့များကလည်း ထောင်းထောင်းထနေ၏။


နေ့ရောညပါ ရက်ဆက် သောက်ထားသည့်အရှိန်ကြောင့် လူပုံစံက ညစ်စုတ်နေသည်။


ဦးထွန်းအုံ…လောလောဆယ် ကိုဖိုးတုတ်ကို ခင်ဗျားတို့အဖွဲ့ခေါ်သွားပြီး ဆေးရုံပို့မှ ဖြစ်မယ်..သူ ဘယ်ကတည်းက အရက်တွေ သောက်နေလဲမသိဘူး..လူမှန်းသူမှန်းတောင်မသိတော့ဘူး”


ပုလိပ်ဝန်ထောက် ဦးထွန်းအုံက သူ့လက်အောက်ရှိ ပုလိပ်အရာရှိများကြပ်မတ်ကာ ဖိုးတုတ်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ကြသည်။


ယခုအချိန်တွင် လမ်းမတော်ဖိုးတုတ် ကား ပုလိပ်အဖွဲ့အတွက် အလွန်အရေးပါနေ၏။


ဖိုးတုတ် တစ်ခုခုဖြစ်သွားလျှင် ဦးဟုတ်ဂွမ် အသတ်ခံရမှုက အစပျောက်သွားနိုင်သည်။


ညနေပိုင်းတွင် ဖိုးတုတ်ကား အမူးပြေပြီး အသိစိတ်ပြန်ဝင်ကာ ထူထူထောင်ထောင်ဖြစ်လာသည်။


ဖိုးတုတ်ကို လသာဌာနတွင် တပည့်များနှင့်အတူ မထားလိုသည့်အပြင် လူသတ်မှုဖြစ်ပွားရာအပိုင်နယ်မြေဖြစ်သည့် ဗဟန်းဌာနသို့ ခေါ်ဆောင်သွားကြသည်။


ဗဟန်းရဲစခန်းသို့ ရောက်သောအခါ ဖိုးတုတ်က ဗဟန်းဌာနအုပ် ဦးစံထွန်းရင် ကို ပြုံးပြနှုတ်ဆက်သည်။


ဆရာစံ…ဌာနအုပ်ကြီးဖြစ်ပြီးကတည်းက.မတွေ့တာတောင် ကြာပြီနော်”


အထက်အရာရှိကြီးများရှေ့တွင် လူမိုက်ခေါင်းဆောင်တစ်ဦးက သူ့ကို တရင်းတနှီးနှုတ်ဆက်သည့်အတွက် ဦးစံထွန်းရင်မှာ မလုံမလဲဖြစ်သွားသည်။


ထို့နောက် လမ်းတော်ဖိုးတုတ်ကို အမှုစစ်အခန်းထဲသို့ ထည့်လိုက်လေတော့သည်။


ဗဟန်းဌာနအုပ် ဦးစံထွန်းရင် ၊ အမှုလိုက်ရာဇဝတ်အုပ်ဦးအုန်း၊ ရာဇဝတ်အုပ် ဦးဘအောင်၊ လသာလမ်းဌာနမှ ဌာနအုပ် မစ္စတာဘော်ဗရေး၊ လမ်းမတော်ဌာနအုပ် ဦးသန်းရွှေ တို့က လမ်းမတော်ဖိုးတုတ်ကို စစ်ဆေးကြသည်။


လမ်းမတော်ဖိုးတုတ်ကား ဘူးခံနေ၏။


နောက်ဆုံးတွင် ဒေါသထွက်လာသော မစ္စတာဗော်ဘရေးက အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြီး


ကဲ..ရတယ်..ကိုဖိုးတုတ်…ဒီအမှုဟာ ကျုပ်တို့ ပုလိပ်အဖွဲ့ရဲ့ အရာရှိကြီးတစ်ဦးကို အသတ်ခံရတဲ့ အမှုဗျ. ကျုပ်တို့ ပုလိပ်အဖွဲ့ရဲ့ ဂုဏ်သိက္ခာက ဒီအမှုပေါ်အများကြီး မူတည်နေတာ..ဒီအမှုကို မပေါ် ပေါ် အောင် ကျုပ်တို့က ဖော်ရမှာပဲ… ခင်ဗျား..ဘာမှမပြောလဲ..ကျုပ်ဌာနမှာ ခင်ဗျားကောင်တွေ အကုန်ဖမ်းထားပြီးပြီ…ဒီမှာ လူစာရင်းကျုပ်ဖတ်ပြမယ်.. ဂန္ဓမာသောင်းရီ၊ အုန်းဖေ၊ ထွန်းတင်၊ စံဘ၊ မောင်မောင်၊ ကျော်ထွန်း…အဲဒီကောင်တွေကို လူစဉ်မမှီအောင်လုပ်ပြီး လူသတ်တရားခံလို့ ဝန်ခံခိုင်းလိုက်ရင်..ပြီးပြီပဲ”


ထိုအခါမှ ဖိုးတုတ် ဆတ်ခနဲ ဖြစ်သွား၏။


ဆရာဦးဟုတ်ဂွမ်ကို ကျွန်တော် သတ်တာပါ။ ကျွန်တော့်လူတွေနဲ့ မဆိုင်ပါဘူး။ သူတို့ကို လွှတ်ပေးရင် ကျွန်တော် ဖြောင့်ချက်ပေးပါ့မယ်”


ထိုအခါမှ အခန်းတွင်းရှိ ပုလိပ်အရာရှိများအားလုံး အသက်ရှုချောင်သွားကြတော့သည်။


အေးဗျာ..ကိုဖိုးတုတ်..အဲ့ဒီလိုမှပေါ့ဗျာ…ကဲ..အပြင်က လက်နှိပ်စက်သမားခေါ်ဟေ့..ဒီမှာ ကိုဖိုးတုတ် ဖြောင့်ချက်ပေးတော့မယ်”


ဖြောင့်ချက်မပေးခင်..ကျွန်တော့်ကို လက်ဖက်ရည် ပေါ့စိမ့်လေး တစ်ခွက်လောက် တိုက်ကြပါလား”


ရမယ်..ကိုဖိုးတုတ်..ဟုတ်သားပဲ..ဆေးရုံကခေါ်လာပြီး ခင်ဗျား ဘာမှ စားရဦးမှာ မဟုတ်ဘူး..ဟေ့..ပုလိပ်သားတစ်ယောက်..ကို လွှတ်ကွာ…လက်ဖက်ရည်နဲ့ စားစရာတွေ ဝယ်ခိုင်း”


ဌာနအုပ် ဦးစံထွန်းရင် ကပုလိပ်သားတစ်ယောက်ကို လွှတ်လိုက်သည်။


ဆရာစံ..ခင်ဗျားလည်း ကျွန်တော့်အကြောင်းသိပြီးသားပါ..ခင်ဗျား ဆာသင်ကြီးဘဝကတည်းက ဒီဗဟန်းစခန်း က ကျွန်တော် ဝင်လိုက် ထွက်လိုက်လုပ်နေတာ…ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်သလိုတောင် ခံစားရတယ်..ကျွန်တော် ထွက်မပြေးပါဘူးဗျ..လက်ထိပ်ကြီး ဖြုတ်ပေးကြပါ”


ဦးစံထွန်းရင်က ဖိုးတုတ်ကို လက်ထိပ်ဖြုတ်ပေးလိုက်သည်။


ထိုအချိန်တွင် အမှုစစ်ခန်းထဲသို့ အိတ်စပက်တော်ကိုခင်မောင် ဝင်လာသည်။


ကိုစံထွန်းရင် ရေ…… ဒီမှာ ဒီနှစ်ကောင်က ဦးဟုတ်ဂွမ်ကို သူတို့ သတ်ကြောင်း ဖြောင့်ချက်ပေးချင်တယ်ပြောလို့..ခင်ဗျားဌာနကို လွှဲပေးဖို့ ခေါ်လာတာဗျ”


အခန်းထဲတွင် ထိုင်နေကြသော ပုလိပ်အရာရှိများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။


ကိုခင်မောင် နောက်တွင် ပုလိပ်သားများက လက်ထိပ်ခတ်ကာ ခေါ်လာကြသော အုန်းဖေ နှင့် ထွန်းတင်။


အဲ့ဒါမှ ဒုက္ခပဲ ကိုခင်မောင်ရေ..ဒီမှာလည်း ကိုဖိုးတုတ်က သူသတ်တာပါဆိုပြီး ဖြောင့်ချက်ပေးမလို့တဲ့ဗျ”


ထိုအခါမှ ကိုခင်မောင် က လမ်းမတော်ဖိုးတုတ်ကို မြင်သွားသည်။


ကိုဖိုးတုတ်ရေ..ခင်ဗျားတို့ ဆရာတပည့်တွေနဲ့တော့ဗျာ…ကျွန်တော်တို့တော့ အလုပ်ထွက်ချင်စိတ်ပါ ပေါက်လာပြီ”


လမ်းမတော်ဖိုးတုတ် က ကိုခင်မောင် နောက်တွင် ရပ်နေသော အုန်းဖေ နှင့် ထွန်းတင်ကို စိုက်ကြည့်နေသည်။


အုန်းဖေ နှင့်ထွန်းတင် မှာ ခေါင်းငုံ့သွားကြသည်။


ဆရာကိုခင်မောင်…ဂန္ဓမာတို့၊ စံဘတို့ ပြန်လွှတ်လိုက်ပြီလား”


ဖိုးတုတ် က ကိုခင်မောင်ကို မေးလိုက်သည်။


ခင်ဗျား တပည့်နှစ်ယောက်က သူတို့သတ်တာပါလို့ ပြောလာမှတော့…မဆိုင်သူတွေ လွှတ်ပေးလိုက်ရတာပေါ့.. ကိုဖိုးတုတ်”


ဒီကောင်နှစ်ကောင်ကို လည်း လွှတ်ပေးလိုက်ပါ..ကိုခင်မောင်..ဒီနှစ်ကောင် ကျွန်တော့်ကို အပြစ်က လွတ်အောင် ဖုံးပေးနေကြတာ”


ဆရာဖိုးတုတ် သတ်တာမဟုတ်ဘူး..ကျွန်တော်သတ်တာပါ”


ဟိတ်ကောင်…အုန်းဖေ..ငါစကားပြောနေရင် မင်း ဝင်မပြောနဲ့..ဘာလဲ..ငါ ဖမ်းခံထားရတယ်ဆိုပြီး..မင်းက ငါ့ မခန့်လေးစားလုပ်တာလား”


အုန်းဖေက ပါးစပ်ပိတ်ကာ ခေါင်းငုံ့သွားသည်။


ကဲ…ကိုဖိုးတုတ်…ခင်ဗျားတို့ သုံးယောက်ထဲက ဘယ်သူ့ကိုမှ လွှတ်ပေးလို့မရဘူးဗျ.. တစ်ယောက်ချင်း စီ စစ်ချက်ယူမှရမယ်.ဟေ့.ဒီနှစ်ကောင်ကို အချုပ်ထဲ ထည့်လိုက်”


ထိုအချိန်တွင် လက်ဖက်ရည် နှင့် မုန့်များ ရောက်လာသည်။


ကျွန်တော့် တပည့်တွေကိုလည်း တိုက်လိုက်ပါဗျာ..ဟိုကောင် ထွန်းတင်က လက်ဖက်ရည် ကြိုက်တယ်”


……………………………………………………………………………………..


လက်ဖက်ရည်သောက် မုန့်စားပြီးသည့်နောက် ပုလိပ်အရာရှိများက လမ်းမတော် ဖိုးတုတ် ထံမှ စစ်ချက်များ ရယူကြသည်။


…………………………………….


အမည် – ဖိုးတုတ်


အလုပ်အကိုင် - ပွဲရုံပိုင်ရှင်

မိဘအမည် – ဦစံညိမ် ၊ ဒေါ်ချစ်ပု

မွေးသက္ကရာဇ် – မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ အင်္ဂလိပ်ခုနှစ် ၁၈၉၈

မွေးရာဇာတိ – ဟံသာဝတီဒီစတြိတ် ၊ ကမာစဲကျေးရွာ

မွေးချင်း – ()ယောက် ၊ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊မမလေး(အစ်မ)၊ ဘသိန်း(ညီ)

အလုပ်အကိုင် – ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာလုပ်ခဲ့ဖူး ၊ အငြိမ့်ကားမောင်းလုပ်ခဲ့ဖူး


…………………………………………


ဟုတ်ပြီ..ကိုဖိုးတုတ်…ဦးဟုတ်ဂွမ် သတ်ခံရတဲ့ ညက အကြောင်းလေး ပြောပါဦး”


လမ်းမတော်ဖိုးတုတ် က မျက်စိကို စုံမှိတ်ထားလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။


ဖိုးတုတ် ၏ မျက်နှာတွင် စိတ်ထိခိုက်သည့် အသွင်က ပေါ်လွင်နေ၏။


ကျွန်တော်..ဆရာဦးဟုတ်ဂွမ် ကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အဲ့ဒီနေ့ညက..”






အခန်း(၂၀)

.....….........


ထိုနေ့ညက မိုးရွာနေသည်။


လမ်းတော်ဖိုးတုတ် သည် တပည့်ဖြစ်သူ အုန်းဖေ၊ ထွန်းတင်တို့နှင့်အတူ ချိုင်းနားစတန်းဟိုတယ်တွင် ထိုင်နေကြလေသည်။


အုန်းဖေ ၏ မိခင်ကြီးမှာ လွန်ခဲ့သည့် လ က ကွယ်လွန်သွားခဲ့သည်။ အုန်းဖေ မှာ မယားအလွန်ပွေသော်လည်း မိခင်ကြီးကိုမူ အလွန်ချစ်သူဖြစ်သည်။


မိခင်ကြီးဆုံးပြီးကတည်းက နေ့ဘက်ရော ၊ ညဘက်ပါ အရက်သောက်နေခဲ့သည်။


ယခုညတော့ လမ်းမတော်ဖိုးတုတ်သည် ဇာတ်မင်းသားရွှေကျီးညိုနှင့် ချိန်းထားသဖြင့် စောင့်နေရင်း တပည့်များကို ခေါ်ကာ အရက်သောက်နေခြင်းပင်။


ငမိုး၏ သူငယ်ချင်းဖြစ်သည့် အလိန် က မိုင်ဒါကွင်းတွင် သူသွင်းမည့် သီတင်းကျွတ်အာဝါဒေးပွဲအတွက် ဇာတ်မင်းသားရွှေကျီးညို ပွဲကို သွင်းချင်သဖြင့် ဖိုးတုတ်ကို အကူအညီတောင်းထားသည်။


ဖိုးတုတ်က ကြားဝင်ကူညီပေးလျှင် နှစ်ဖက်လုံးထံမှ ပွဲခမြိုးမြိုးမြက်မြက်ရတတ်၏။


သို့သော်…ဝီစကီတစ်လုံးကုန်ချိန်ကျသည်အထိ ရွှေကျီးညိုကား ပေါ်မလာ။


ရန်ကုန်မိုးကား သဲသဲမဲမဲရွာချလိုက်၊ ခပ်ဖွဲဖွဲရွာလိုက်ဖြင့် ။


ဖိုးတုတ်တို့ ဆရာတပည့်သုံးယောက် ရေချိန်ကိုက်နေလေပြီ။


ဇာတ်မင်းသား က ဒီနေ့မှ ဘာဖြစ်တယ် မသိဘူးကွာ..အရေးကြီးပါတယ်ဆိုမှ..ကဲ..ကြာတယ်..အုန်းဖေ သူ့အိမ်ကို ငါတို့လိုက်သွားကြမယ်ကွာ”


ဆရာ့မှ ကားမပါလာဘူးလေဆရာ..ဘယ်လိုသွားမှာလဲ”


ဟေ့.ထွန်းတင်..မင်းတပည့် တက္ကစီသမားတွေ လမ်းမတော်ထိပ်မှာရှိတယ်..မဟုတ်လား..တစ်စီးသွား ယူမောင်းခဲ့ကွာ”


ထွန်းတင်က အောက်သို့ ဆင်းသွားသည်။


ဆရာဖိုးတုတ်..မိုးကလည်း အေးတယ်ဗျာ..တစ်ယောက် နှစ်ပက်လောက် အချမ်းပြေ ထပ်ချကြဦးမလား”


အုန်းဖေ..မင်းက တကယ့်ကြွက်တွင်းပဲကွ..မင်းများနေပြီ..ဟေ့ကောင်”


လုပ်ပါ..ဆရာဖိုးတုတ်ရာ..ချရအောင်”


ဖိုးတုတ်က ဟိုတယ်ဝိတ်တာအား ခေါ်ကာ အရက်နှစ်ပက် စီ ထပ်မှာသောက်ကြလေသည်။


မကြာမီ ထွန်းတင် ပြန်ရောက်လာ၏။


ထွန်းတင် အိုကေလားဟေ့”


အိုကေတယ်..ဆရာ”


အိုကေရင်..မင်းမောင်းကွာ…မြေနီကုန်းက ကိုရွှေကျီးညိုအိမ်ကို”


တက္ကစီကို ထွန်းတင်က မောင်းသည်။ ဖိုးတုတ်က ဘေးမှ ထိုင်သည်။


အုန်းဖေက နောက်ခန်းမှ လိုက်၏။


မင်းသားရွှေကျီးညို အိမ်သို့ ရောက်သောအခါ ရွှေကျီးညို ၏ မိန်းမက ထွက်လာသည်။


မထားမေ..ခင်ဗျားယောက်ျားက…အလုပ်ကိစ္စချိန်းထားတာ ရောက်မလာလို့”


မပြောချင်ဘူး..ကိုဖိုးတုတ်ရေ..ရှင့်လူက..မိုးအေးတယ်ဆိုပြီး သူ့ဆိုင်းဆရာတွေနဲ့ နေ့လည်ကတည်းက သောက်နေတာ အမူးလွန်ပြီး အိပ်ပျော်နေတယ်..အလုပ်ကိစ္စချိန်းထားတာလည်း ကျွန်မကို မပြောဘူး..မိုးတွင်း ငွေကြေးက ရှားပါးပါတယ်ဆိုမှ သူက အလုပ်ကို အလေးမထားဘူး..အခု သွားနှိုးလိုက်ရမလား”


နေ..နေ..မနှိုးနဲ့တော့ဗျာ…ဒီအချိန် အိပ်ကောင်းနေမှာ ကိုယ်ချင်းစာပါတယ်..မနက်မှပဲ သက်သက်လာခဲ့တော့မယ်..အခုတော့.ကျွန်တော်တို့ ပြန်တော့မယ်”


လမ်းမတော်ဖိုးတုတ် တို့ သည် ရွှေကျီးညိုအိမ်မှ ပြန်ထွက်လာကြ၏။


မြေနီကုန်းလမ်းဆုံရှိ လမ်းပြပုလိပ်တဲ အနီးသို့ ရောက်သောအခါ ထီးတစ်ချောင်းဖြင့် မတ်တပ်ရပ်နေသည့် အိတ်စပက်တော်ဦးဟုတ်ဂွမ်ကို တွေ့လိုက်လေသည်။


ဟေ့..ထွန်းတင်..ကားရပ်ဦးဟေ့”


ကားက ဦးဟုတ်ဂွမ်ရှေ့တွင် ရပ်လိုက်သည်။


ဆရာ..တက္ကစီစောင့်နေတာလား”


ဟာ..ဖိုးတုတ်..အတော်ပဲဟေ့”


လာ..တက်တက်..ဆရာ”


ဦးဟုတ်ဂွမ် က နောက်ခန်းမှ တက်လိုက်ပြီး အုန်းဖေ ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။


ဆရာဘယ်က ပြန်လာတာတုန်း”


ဆပ်ကျောင်းတုန်းက ငါ့သူငယ်ချင်းမွေးနေ့ကွာ။ လမ်းပြပုလိပ်ထဲ့ အိတ်စပက်တော်ဖြစ်နေတဲ့ကောင်ပေါ့။ ဒီကောင် မွေးနေ့ သောက်စားလာကြတာကွာ။ ဒီကောင်လာခေါ်တော့ ကားလည်း ယူမလာမိပါဘူး။ ငါလည်း ဒီကောင်တွေအချင်းချင်း ရန်ဖြစ်နောလို့ နားညည်းတာနဲ့ ပြန်ဖို့ ထွက်လာတာဟေ့..မအေဘေးပုလိပ်တွေများ မူးရင် အချင်းချင်း ပြန်ညစ်နေကြတာကိုးကွာ”


ဟား..ဟား..ဖြစ်ရလေ..ဆရာရာ..ကဲ..ဒါဆို အခု အရက်သောက်လို့ ဝပြီလား”


ဘယ်၀ မလဲကွ…..ဖိုးတုတ်ရ..မင်းနဲ့ တွေ့မှတော့ ထပ်သောက်ရမှာပေါ့”


ကဲ..ဒါဆိုလည်း ထွန်းတင် ဒီနားမှာ ဘယ်ဆိုင်ကောင်းလဲကွ”


ဒီအချိန်ဆိုရင်တော့ ဒူဗလီလမ်းထိပ်က ချက်အရက်ဆိုင်ပဲရှိတော့မယ်..ဆရာဖိုးတုတ်”


ဟေ့..ချက်အရက်လည်း မသောက်ရတာ အတော်ကြာပြီကွ..ဖိုးတုတ်..အဲ့ဒီကို မောင်းခိုင်းကွာ”


ဆိုင်သို့ရောက်သောအခါ လေးယောက်သား ချက်အရက်နှစ်လုံးနှင့် အမဲကြော်၊ အာလူးကြော်တို့ မှာကာ ထိုင်သောက်ကြလေသည်။


မိုးက သဲသဲမဲမဲရှာနဆေဲ။


နောက်ထပ် ချက်အရက်တစ်လုံးထပ်မှာသောက်ပြီးချိန်တွင်တော့ အားလုံး မူးနေကြပြီဖြစ်သည်။


ကဲ…ဆရာ..ဆိုင်လည်း ပိတ်ပြီ..ပြန်ကြစို့”


ဟိတ်ကောင်..ဖိုးတုတ်…မင်းက..ငါ့ကို အမိန့်ပေးနေတာလား..မင်းက ဘာကောင်လဲ..လူမိုက်လား.. အေး မင်းလူမိုက်ဆို ငါက ပုလိပ်ကွ..မအေလိုးရ..မင်းကို ငါက ကြောက်ရမှာလား”


မဟုတ်ပါဘူး..ဆရာရယ်..မိုးလည်းချုပ်နေပါပြီ..ဆိုင်ကလည်း ပိတ်တော့မယ်…ဆရာလည်း တအားမူးနေလို့”


ကဲ..ဆရာရယ်..မပြန်ရင်လည်း ဒီမှာပဲ အိပ်လိုက်ပါလား..ဆိုင်ရှင်အဘွားကြီး နဲ့ ပြောတာ..ဟားဟား”


အုန်းဖေက အရွှန်းဝင်ဖောက်သည်။


ဟေ့ကောင်.အုန်းဖေ…. ငါက မင်းနှမ နဲ့ အိပ်မှာကွ..ခု မင်းနှမဆီလိုက်ပို့”


ကျွန်တော့်မှာ နှမမရှိတော့ ဆောရီးပါ…ဆရာရယ်”


အေး..နှမမရှိရင်လည်း မင်းအမေကွာ…ငါ ဒီည မင်းအမေနဲ့ အိပ်မယ်”


ထိုအချိန်တွင် အုန်းဖေ ၏ ခေါင်းထဲ ဆုံးပါးသွားသည့် မိခင်ကြီး အကြောင်းက ရုတ်တရက်ပြန်ပေါ်လာသည်။


ဟိတ်ကောင်..အုန်းဖေ..ငါ ပြောနေတယ်..မင်းအမေ ဆီလိုက်ပို့လို့”


ဟာ…ဒီလူတော့..”


အုန်းဖေက ထရန်ပြင်လိုက်စဉ် ဖိုးတုတ်က လက်ကို ဖိထားလိုက်သည်။


ကဲ..ဆရာဦးဟုတ်ဂွမ်..ကျွန်တော်ပဲ တောင်းပန်ပါတယ်ဗျာ..အုန်းဖေ ကလည်း ဆရာကို နောက်တာပါ.. ကဲ.. မိုးလေးစဲတုန်း..ပြန်ကြစို့”


ငါမပြန်သေးဘူး..ဖိုးတုတ်…ကန်တော်ကြီးတစ်ပတ် ကားပတ်စီးဦးမယ်..မင်းလိုက် ပို့မလား မပို့ဘူးလား..ဟေ့ကောင်”


ကဲ..အဲ့ဒါဆိုလည်း လာဗျာ..ပို့ပေးမယ်..ပြီးရင်တော့ အိမ်ပြန်ကြမယ်ဆရာရေ”


ဖိုးတုတ်တို့လေးယောက် ဒယီးဒယိုင်ဖြင့် ကားဆီသို့ လျှောက်လာကြသည်။


ဖိုးတုတ်က ကားမောင်းသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။


ကဲ..ကျွန်တော် မောင်းမယ်၊ ဆရာဦးဟုတ်ဂွမ်..ရှေ့က တက်ပါ”


ဟိတ်ကောင်..ရှေ့က မထိုင်ဘူးကွ။ ဘာလဲ မင်းက မင်းတပည့် ခွေးမသားအုန်းဖေ ကို ငါက ကြောက်တယ်ထင်လို့လား..လီးမှ မကြောက်ဘူးဟေ့..ငါဒီကောင်နဲ့ ပြောစရာရှိသေးတယ်..နောက်ခန်းကပဲ ထိုင်မယ်”


ထွန်းတင်က ဖိုးတုတ်ဘေးတွင် ဝင်ထိုင်သည်။


အုန်းဖေက ဘာစကားမှ မပြောတော့ပဲ သုန်မှုန်နေ၏။


ဦးဟုတ်ဂွမ် က အုန်းဖေဘေးတွင် ဝင်ထိုင်လိုက်သည်။


ဖိုးတုတ်က ကားကို ခပ်ဖြည်းဖြည်းမောင်းလာသည်။


ဟေ့..အုန်းဖေ..နေစမ်းပါဦး..ခုန မင်းက အရက်ဆိုင်မှာ မတ်တပ်ထရပ်တာ..ငါ့ကို လုပ်မလို့လား..ဟင်..ဟေ့ကောင်… မင်းသိပ်သတ္တိရှိနေတယ်..ဟုတ်လား.. လုပ်လေကွာ.. လုပ်လေ”


အုန်းဖေက ဦးဟုတ်ဂွမ် ကို ဘာမှမပြန်မပြောပဲ အံကိုကြိတ်လျက် အပြင်ဘက်ကို မျက်နှာလွှဲကာ လိုက်လာ၏။


အေး..မင်း မလုပ်ရဲဘူး.မဟုတ်လား…မင်းမပြောနဲ့ မင်းဆရာ ဖိုးတုတ် တောင် ငါ့ကို မလုပ်ရဲဘူးကွ..မင်းလိုကောင်ကများ ငါ့ကိုထွီ”


ဆရာဦးဟုတ်ဂွမ်…စိတ်ကိုလျှော့ပါဗျာ…ပျော်ပျော်ပါးပါးသောက်လာကြတာ…အကုန်စိတ်မကောင်းဖြစ်ကုန်ကြမယ်”


ဖိုးတုတ်က ကားမောင်းနေရင်း နှစ်သိမ့်လိုက်သည်။


ဘာကွ..ဟိတ်ကောင်..ဖိုးတုတ်..မင်းတို့ကောင်တွေ စိတ်မကောင်းဖြစ်တာ ငါက ဘာလုပ်ရမှာလဲ..မင်းတို့လို့ သူခိုးဓါးပြတွေကို ငါက ဘာဂရုစိုက်ရမှာလဲ..ဒီမှာ..မင်းတပည့် အုန်းဖေ..က သူ့အမေနဲ့ ငါက လိုက်အိပ်မယ် ပြောလို့တဲ့..ဖြစ်ပျက်နေတာ..ဒီမယ်ကွ..ငါက ပုလိပ်အရာရှိကွ…သူ့အမေလို ကောင်မ နဲ့ အိပ်ရင်တောင် နာချင်းနာ ငါက နာ..”


ဟာ…နာတယ်ကွာ..နာတယ်ကွာ..ခွေးမသားကြီး”


ဘေးနားတွင် ထိုင်နေသော အုန်းဖေ က ခါးကြားမှ ဓါးမြှောင်ကို ထုတ်ကာ ဦးဟုတ်ဂွမ်၏ ဘယ်ဘက်ကို နှစ်ချက်ဆင့် ထိုးချလိုက်သည်။


ပထမတော့ ဦးဟုတ်ဂွမ် ကြောင်နေသည်။


နောက်မှ နာကြင်မှုကို ခံစားလိုက်ရသည်။ အုန်းဖေ လက်မှ ဓါးကို မြင်သွားသည်။


....ဖိုးတုတ်..ငါ့ကို အုန်းဖေ ဓါးနဲ့ ထိုးတယ်…ထိုးတယ်”


ဖိုးတုတ်က ကားကို ထိုးရပ်လိုက်သည်။


ဟေ့ကောင်..အုန်းဖေ..မင်း ဘယ်လို လုပ်တာလဲ”


သွားပြီ..ဆရာဖိုးတုတ်…ကျွန်တော်…ဒေါသမထိန်းနိုင်တော့လို့”


သွေးများက ဦးဟုတ်ဂွမ်၏ ပုဆိုးပေါ်တွင် အိုင်ထွန်းလာသည်။


ဟေ့ကောင်တွေ..အောက်ကိုချ..အောက်ကိုချ..ဘယ်နားထိသွားတာလဲမသိဘူး…အနာကို အဝတ်စည်းပြီးမှ ဆေးရုံပို့ရမယ်”


ဓါးဒဏ်ရာဖြင့် ဦးဟုတ်ဂွမ်ကို လင့်ခ်လမ်း ဘေးမှ ခြုံပုတ်များပေါ်သို့ ဆွဲတင်လိုက်သည်။


ထွန်းတင် ကားထဲမှာ ဓာတ်မီးရှာခဲ့စမ်း”


ဖိုးတုတ်က အုန်းဖေ၏ ဓါးဖြင့် သူ့ပုဆိုးစအောက်ဘက်ကို ဆွဲဖြတ်လိုက်သည်။


ထွန်းတင်က ဓာတ်မီးယူလာပြီး ဦးဟုတ်ဂွမ်၏ ဒဏ်ရာကို ထိုးပြ၏။


ဖိုးတုတ်က ပုဆိုးစကို လက်ကကိုင်ကာ ဦးဟုတ်ဂွှမ်ကို ပွေ့လိုက်သည်။


ဦးဟုတ်ဂွမ်ကား မျက်ဖြူလန်နေချေပြီ။


နှလုံးအနီးတဝိုက် ဓါးဒဏ်ရာနှစ်ချက်မှ သွေးများ တပွက်ပွက်ထွက်နေ၏။


နာကြင်သော ဝေဒနာကြောင့် ပါးစပ်ကို ဟလျက် အသက်ရှုနေရသည်။


ဖိုးတုတ် အခြေအနေကို နားလည်လိုက်သည်။


သူနှင့် နှစ်ပေါင်းများစွာအတူတကွ လက်တွဲလာခဲ့သော မိတ်ဆွေကြီးဦးဟုတ်ဂွမ်မှာ နောက်ဆုံးအချိန်သို့ ရောက်နေပေပြီ။


ဝေဒနာကို ခက်ခက်ခဲခဲ ခံစားနေရသည်။


ဖိုးတုတ်က ဦးဟုတ်ဂွမ်ကို ချကာ ဘေးဘီသို့ ကြည့်လိုက်သည်။


လံချားအပျက်တစ်စင်းကို တွေ့သဖြင့် ထသွားလိုက်သည်။ လက်ချားဘီးမှ သစ်သားချောင်းတစ်ချောင်းကို ကန်ဖြုတ်လိုက်သည်။


ထို့နောက် အသက်ငင်နေသော ဦးဟုတ်ဂွမ်ထံသို့ ပြန်လာကာ ခေါင်းကို သုံးလေးချက်ရိုက်ချလိုက်လေတော့သည်။


ကဲ..ဆရာရေ….ကျွန်တော် မကြည့်ရက်လို့ပါဗျာ”


ထို့နောက် တုတ်ကို ပစ်ချပြီး..ဖိုးတုတ် မျက်လုံးကို မှိတ်ကာ ထိုင်နေလိုက်သည်။


မိုးစက်များကား သူ့မျက်နှာပေါ်တွင် ကျလျက်။


ထိုမိုးစက်များသည် မျက်ရည်နှင့် ရောနှောလျက်ရှိနေသည်လားကိုတော့ ဖိုးတုတ်ကိုယ်တိုင်မှလွဲပြီး မည်သူမှ အတတ်မပြောနိုင်။


အုန်းဖေက ကားဘေးနားတွင် ငူငူကြီး ရပ်နေသည်။


ထွန်းတင်က ဦးဟုတ်ဂွမ်အလောင်းကို ဂျိုင်းမဆွဲထူလိုက်သည်။


ထွန်းတင် ဘာလုပ်မလို့လဲ”


ဆရာဖိုးတုတ်နဲ့ အုန်းဖေ ရှေ့လမ်းမှာ တခုခုငှားပြီး ပြန်ကြတော့..ကျွန်တော် ကားနဲ့ အလောင်းကို တင်သွားပြီး ထုံစံအတိုင်း ဖျောက်ပစ်လိုက်တော့မယ်..ဆရာ”


ဟေ့ကောင်..ထွန်းတင်..ပြန်ချထားစမ်း…ငါ့ဆရာကွ..ဒါ ငါလူမိုက်ပေါက်စဘ၀ ကတည်းက ငါနဲ့အတူရှိပြီး ငါ့ကို အကူအညီတွေပေးနေတဲ့ ငါ့ဆရာ….တခြားကောင်တွေလို ခွေးသေဝက်သေ အလောင်းဖျောက်တာမျိုး ငါမလိုချင်ဘူး…ငါ့ဆရာ ဂုဏ်သိက္ခာရှိရှိပဲ..သဂြိုလ်ခံစေရမယ်..ဒီတိုင်းထားခဲ့..မင်း အုန်းဖေ ကို ခေါ်ပြီး ပြန်တော့…ဘယ်လိုဖြစ်ဖြစ်..ဦးဟုတ်ဂွမ်ကို ငါသတ်တာ ဟုတ်ပြီလား…သွားတော့”


အုန်းဖေက ဖိုးတုတ်ဆီ လျှောက်လာသည်။


ဆရာ..ကျွန်တော် မူးလည်းမူး ဒေါသလည်းထွက်နေလို့ ဖြစ်သွားတာပါ..ကျွန်တော် တာဝန်ယူပါ့မယ်..ဆရာ..ဆရာပြန်ပါ”


အုန်းဖေ..မင်းမှာ ကလေးသုံးယောက်နဲ့ကွ..သွား..သွား…ငါသတ်တာပါဆို..သွားတော့ဆို သွားတော့..ခွေးမသားတွေ”


ထွန်းတင် နှင့် အုန်းဖေက ကားပေါ်တက်ကာ မောင်းထွက်သွားကြတော့သည်။


……………………………………………………………………


ဒီကောင်တွေ ပြန်သွားပြီးတော့…ကျွန်တော်လည်း ဆရာဦးဟုတ်ဂွမ် အလောင်းကို ခြုံထဲထားခဲ့ပြီး မြို့ထဲ လမ်းပြန်လျှောက်လာမိတယ်။ စိတ်တွေက အရမ်းထိခိုက်နေတော့ ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိပါဘူး။ မနက်သုံးနာရီလောက်ကျတော့ ကျုံးကြီးထိပ်က လင်တိုင်းဟိုတယ် ကို မြင်တာနဲ့ မန်နေဂျာကို နှိုးပြီး အပေါ်ထပ်တက် အရက်သောက်နေတာပဲ။ ကျွန်တော် ဆရာဦးဟုတ်ဂွမ်ကို အကိုလိုရော..မိတ်ဆွေရင်းချာတစ်ယောက်လိုရော ခင်မင်ပါတယ်။ ချစ်ပါတယ်ဗျာ။ အဲ့ဒီအတွက် ခံစားရလို့လည်း သုံးရက်လုံးလုံး..အရက်တွေသောက်နေမိတာ…အခု ကျွန်တော့်ဆရာ့အလောင်းကို ကောင်းကောင်းမွန်မွန် သဂြိုလ်လိုက်ကြရဲ့လားဗျာ”


ဒီမနက်ပဲ ပုလိပ်အဖွဲ့ရဲ့ အခမ်းအနားနဲ့ သဂြိုလ်ပေးခဲ့ပါပြီ..ဘာပဲဖြစ်ဖြစ် ကျွန်တော့်အထက် အရာရှိ ဖြစ်ဖူးတဲ့ ဆရာဦးဟုတ်ဂွမ် ကို အလောင်းဖျောက်ပစ်လို့ရလျက်နဲ့ မဖျောက်ပစ်ခဲ့တဲ့တစ်ချက်တော့.. ခင်ဗျားကို လေးစားပါတယ်..ကိုဖိုးတုတ်”


………………………………………………………………………………….


ဖိုးတုတ်၊ အုန်းဖေ နှင့် ထွန်းတင် တို့ကို ဗဟန်းဌာန အချုပ်တွင် ချုပ်ထားလိုက်သည်။


မသင်းမြ ၊ ဂန္ဓမာသောင်းရီ၊ ဘသိန်း နှင့် လမ်းမတော်ဖိုးတုတ်၏ ဥပဒေအကြံပေး ရှေ့နေကြီး ပန်ကာအေးကို တို့ ဗဟန်းဌာနသို့ လာတွေ့ကြသည်။


ဖိုးတုတ်က အချုပ်ထဲမှ ထွက်ကာ အမှုစစ်ခန်းတွင် ရှေ့နေကြီ ဦးအေးကို နှင့် စကားပြောကြသည်။


ကိုအေးကို…ဒီအမှုအတွက် ကျွန်တော်ခင်ဗျားကို ပုံအပ်တယ်။ ငွေလိုရင် မသင်းမြကို ပြော၊ လူလိုရင် ဂန္ဓမာကိုပြောပါ”


ကိုဖိုးတုတ်တို့ အမှုဖြစ်စဉ်ကို ကျွန်တော်လေ့လာပြီးပါပြီ။ အခြေအနေကောင်းပါတယ်။ ခက်တာက သတ်ခံရတဲ့လူက ပုလိပ်အရာရှိဖြစ်နေတာပဲဗျ…ဒီကိစ္စကို ကျွန်တော့် ထက် သြဇာကြီးတဲ့ ရှေ့နေကြီး တစ်ယောက်ယောက် ကို ပါ ထပ်ငှားရင် ကောင်းမယ်..ကိုဖိုးတုတ်”


ခင်ဗျား ဘယ်သူ့ကို ငှားချင်လဲ…ကိုအေးကို”


လူသတ်မှုလိုက်ရာမှာ အင်မတန်တော်တဲ့ ကျွန်တော့်ဆရာကြီးရှိတယ်…ဦးကျော်ဇံ တဲ့။ သူက ဈေးတော့ကြီးတယ်..ကိုဖိုးတုတ်”


ဘယ်လောက်ကြီးကြီး…ငှားဗျာ..အဓိကက ကြိုးမကျရင်ပြီးတာပဲ..သေတော့မသေချင်သေးဘူးဗျာ”


ရှေ့နေဦးအေးကို ပြန်သွားပြီးနောက် ဘသိန်း၊ ဂန္ဓမာနှင့် မသင်းမြကို ခေါ်တွေ့တော့သည်။


မသင်းမြ..အိမ်မှာ စံဘရယ်၊ မောင်မောင်ရယ်၊ သူတို့တပည့်တွေရယ် ညတိုင်း လာအိပ်ပေးလိမ့်မယ်။ အကို ဒီထဲမှာ သိပ်မကြာလောက်ဘူးထင်တယ်။ စိတ်မပူနဲ့။ နောက်ပြီး ဆရာဦးဟုတ်ဂွမ်နေတဲ့ ထောင်ကြီးဝန်းထဲက အိမ်မှာ နောက်လေးရက်နေရင် သူ့ရက်လည်လုပ်လိမ့်မယ်။ အဲ့ဒီကို စံဘကို လွှတ်ပြီး စာအိတ်ထဲ ရွှေဒင်္ဂါးဆယ်ပြားထည့်ပြီး သူ့မိန်းမကို သွားပေးခိုင်းပါ။ အကိုက ပေးခိုင်းတယ်လို့ မသိပါစေနဲ့။ ယောက်ျားမရှိတော့ သူတို့ ခက်ခဲရှာမှာ ။ နောက်ပြီး ရှေ့နေကိုအေးကို က အမှုကိစ္စ ငွေလိုရင် သေချာမေးမြန်းပြီးမှ ပေးလိုက်၊ တချို့ကိစ္စတွေ ဘာလုပ်ရမယ်ဆိုတာ ဂန္ဓမာနဲ့ လာပြောလိမ့်မယ်.အကို ဂန္ဓမာနဲ့ အလုပ်ကိစ္စပြောလိုက်ဦးမယ်”


ဘသိန်း မင်းက အမေ့ကို ကျန်းမာရေးဂရုစိုက်ပေး၊ နောက် ရှေ့နေတွေ ကိစ္စကို မသင်းမြ နဲ့အတူ ကူလုပ်ပေးကွာ”


ဘသိန်းနှင့် မသင်းမြထွက်သွားပြီးနောက် လမ်းမတော်ဖိုးတုတ် နှင့် ဂန္ဓမာသောင်းရီ သာ ကျန်ရစ်ခဲ့သည်။


ဂန္ဓမာ..ငါ အထဲမှာနေတုန်း အပြင်က အခြေအနေတွေကို မင်းထိန်းထားပေးကွာ…ကြမ်းသင့်တာ ကြမ်းထား..။ ဒီထဲမှာကတော့ ငါ့အတွက်အသက်လုပွဲပဲ။ ကြိုးစင်ပေါ် ပတ်ပြေးနေရတာကွ။ ကြိုးကွင်းစွပ်ရင်လည်း စွပ်သွားနိုင်တယ်။ ဒါပေမယ့်..ငါ့မှ အကြံတွေ ရှိပါတယ်ကွာ”


စိတ်ချပါ..ဖိုးတုတ်ရာ… ငါ့ကိုစိတ်ချစမ်းပါ…”


အေး..ငါပြောတာမင်းသေချာနားထောင်၊ မင်း ဒီကပြန်ရင် မသင်းမြ နဲ့အတူပြန်၊ ပြီးရင် မသင်းမြကို နန်းရင်းဝန်ဦးပု ဖုန်းခေါ်ခိုင်း၊ သူ့ဆီမှာ ဦးပုဖုန်းနံပါတ်ရှိတယ်။ ငါ့အဖြစ်အပျက်ကို သူလည်း ဒီအချိန် သိပြီးလောက်ရောပေါ့။ သူ့ဘက်က ဘာကူညီပေးနိုင်မလဲပေါ့။ နောက် အရင်ပြည်ထဲရေးအတွင်းဝန်ဟောင်း မစ္စတာတီကူးပါးက ဝင်ဒါမီယာထဲမှာနေတယ်။ မသင်းမြဆီမှာ လိပ်စာရှိတယ်။ သူ့ ဆီကို ဘသိန်းကို လွှတ်။ သူက ဟိုက်ကုတ်တရားသူကြီးတွေနဲ့ ပိုင်တယ်။ ဪ..မသင်းမြဆီက ရွှေဒင်္ဂါး သုံးပြားပါ ယူသွားခိုင်း၊ အဖိုးကြီး ကို ငါက ခရစ္စမတ်တုန်းက သူပေးတဲ့ပါတီမလာနိုင်ခဲ့လို့ ခရစ္စမတ်လက်ဆောင်ပေးခိုင်းတာလို့ပြော”


……………………………………………


ထိုရက်ပိုင်းက အခြားတပည့်တပန်းများ၊ လမ်းမတော်မှ လုပ်ငန်းရှင်သူဌေးများလည်း လာတွေ့ကြသဖြင့် ဗဟန်းဂါတ်မှာ တရုံးရုံးဖြစ်နေ၏။


ညနေအထိ လူမဆဲပဲ ညပိုင်းမှသာ ဧည့်တွေ့ပိတ်လိုက်ရတော့သည်။


လမ်းမတော်ဖိုးတုတ်တို့အား တရားရုံးသို့ ဆွဲမတင်မီ တစ်ရက်တွင် ရှေ့နေကြီး ဦးကျော်ဇံ နှင့် ရှေ့နေ ဦးအေးကို တို့ လာရောက်တွေ့ဆုံကြသည်။


ရှေ့ဆက်လုပ်ရမည့် အသေးစိတ်ကိစ္စများကို လမ်းမတော်ဖိုးတုတ်နှင့် တိုင်ပင်ကြသည်။


ထိုညတွင် ဗဟန်းအချုပ်ခန်း က တိတ်ဆိတ်နေ၏။


အစောင့်ကျသော ပုလိပ်သားနှစ်ဦးမှာ ကင်းချိန်မကျမီ ဂန္ဓမာသောင်းရီ မှ ဧည့်ခံရင်း ထည့်ပေးလိုက်သော အရက်ပုလင်းကို ခိုးသောက်ပြီးနောက် အိပ်မောကျသွားကြလေသည်။


ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ် သည် စောင်ကို ခေါင်းမြီးခြုံပြီး အိပ်နေသည်။


ဖိုးတုတ်ခြေရင်းတွင် အိပ်နေကြသော အုန်းဖေနှင့် ထွန်းတင်က ထလာကြပြီး စောင်ခေါင်းမြီးခြုံကာ အိပ်နေသည့် လမ်းမတော်ဖိုးတုတ်ကို ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကြလေတော့သည်။


ကြိုတင်မှာထားပြီးသားကိစ္စဖြစ်သဖြင့် ကျန်အချုပ်သားများမှာ မအိပ်ပျော်သော်လည်း ကြိတ်မှိတ်အိပ်ချင်ယောင် ဆောင်နေကြသည်။


ထို့နောက် အုန်းဖေ နှင့် ထွန်းတင် မှာ ကိုယ်အိပ်ရာသို့ ကိုယ်ပြန်ကာ ခွေခွေလေး ပြန်အိပ်ကြတော့သည်။


ပုလိပ်သားများထံမှ ဟောက်သံပင် ထွက်လာလေ၏။


ကင်းချိန်ပြည့်ပြီး ကင်းလာရောက်လဲချိန်တွင်ပင် အိပ်ပျော်နေကြသဖြင့် အခြားပုလိပ်သားများက နှိုးယူရသည်။


………………………………………………………………………


တရားရုံးသို့ တင်ပို့လေပြီ။


တရားရုံးသို့ ခေါ်ဆောင်လာသော လမ်းမတော်ဖိုးတုတ် ၏ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ တွေ့နေရသဖြင့် တရားသူကြီးမှာ မျက်မှောင်ကြုံ့သွား၏။


ပုလိပ်တွေ ဆရာဖိုးတုတ်ကို ရိုက်ထားကြတာ..ထင်တယ်”


ရုံးချိန်းသို့ လာကြသည့် ဖိုးတုတ်တပည့်များက မကြားတကြား ပြောကြသည်။


ဗဟန်းဌာနအုပ် ဦစံထွန်းရင်မှာ မျက်စိမျက်နှာပျက်နေသည်။


အချုပ်ထဲတွင်နေရင်း မိုးလင်းသည့်အခါ ဒဏ်ရာဒဏ်ချက်များရနေသော ဖိုးတုတ်ကို ဗဟန်းဂါတ်မှ ပုလိပ်များ တအံတသြဖြစ်နေကြသည်။


ဖိုးတုတ်ကို မေးသော်လည်း ဖိုးတုတ် က မဖြေ။


ယခုတော့ တရားသူကြီးနှင့် ပရိသတ်က ထိုဒဏ်ရာများကို ပုလိပ်များ လက်ချက်ဟု ထင်နေကြပြီဖြစ်သည်။


ထိုအချက်က တရားခွင် အစရုံးချိန်းတွင်ပင် ဖိုးတုတ် အား အသာစီးရစေခဲ့သည်။


နောက်ရုံးချိန်းများတွင်လည်း ရှေ့နေဦးကျော်ဇံ နှင့် အစိုးရရှေ့နေတို့ အချေအတင်ဖြစ်ကြသည်။


ပုလိပ်အဖွဲ့နှင့်လည်း အခြေအတင်ငြင်းခုံကြသည်။


ရဲထံတွင် ထွက်ဆိုသော ဖြောင့်ချက်မှာ တရားစီရင်ရေးတွင် အကြုံးမဝင်ချေ။


ထို့ကြောင့် ရဲထံတွင် ဖိုးတုတ် ထွက်ဆိုသော ဖြောင့်ချက်မှာ တရားရုံးတွင် အရေးမပါတော့။


ထို့ပြင် ရုံးချိန်းအစတွင် ဖိုးတုတ်ရခဲ့သော ဒဏ်ရာများကြောင့် ပုလိပ်က ခြိမ်းခြောက်ရိုက်နှက်ကာ ဖြောင့်ချက် ပေးခိုင်းခြင်းသဘောမျိုးကို ရှေ့နေက လျှောက်လဲသည်။


အုန်းဖေ နှင့် ထွန်းတင်က အခင်းဖြစ်သည့်နေ့က သူတို့ သုံးဦးသည် ချိုင်းနားစတန်းတွင် တညလုံး အရက်သောက်ခဲ့ကြကြောင်း သာ တွင်တွင် ထွက်ဆိုနေသည်။


ချိုင်းနားစတန်းဟိုတယ်ပိုင်ရှင် လောက်ဝီ၊ ဟိုတယ်မယ် ချိုက်ဟုန်တို့ကလည်း ဖိုးတုတ်တို့ သုံးဦးသား အခင်းဖြစ်ချိန်လောက်တွင် ဟိုတယ်ပေါ်တွင် လူမှန်းမသိအောင်မူးနေကြောင်း သက်သေထွက်သည်။


ဇာတ်မင်းသားရွှေကျီးညို ၏ ဇနီးကလည်း ထိုနေ့က သူမထံသို့ ဖိုးတုတ်တို့ မရောက်လာခဲ့ကြောင်း ထွက်ဆိုသည်။


ဖိုးတုတ် ဖြောင့်ချက်ထဲတွင် ပါဝင်သည့် တက္ကစီဂိတ်နှင့် အရက်ဆိုင်များ တွင်လည်း ဖိုးတုတ်တို့ လေးယောက် ထိုင်သောက်ခဲ့ကြောင်း မျက်မြင်သက်သေများ တင်ပြနိုင်ခြင်းမရှိခဲ့။


ထို့ကြောင့် ဦးဟုတ်ဂွမ်ကို သတ်မှုတွင် ဦးဟုတ်ဂွမ် သေဆုံးသည်မှ လွဲပြီး ကျန်သည့်အဖြစ်အပျက်များသည့် လုံး၀ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့သည့် ပုံစံ ပေါက်နေတော့၏။


နောက်ဆုံးတွင် ရန်ကုန်အလယ်ပိုင်းခရိုင်တရားရုံးမှ ဖိုးတုတ်တို့အမှုအား ဗဟိုတရားရုံးချုပ် (ဟိုက်ကုတ်) သို့ ဆက်လက်လွှဲပေးလိုက်ရသည်။


ဟိုက်ကုတ်က ဆက်လက်စစ်ဆေးရာတွင်လည်း ရဲထံတွင် ဖိုးတုတ်ပေးခဲ့သည့် ဖြောင့်ချက်ပါ ဇာတ်လမ်းမှာ မျက်မြင်သက်သေများ လုံးဝမရှိဖြစ်နေလေသည်။


ထို့ကြောင့် ယခုအမှုသည် ရဲတပ်ဖွဲ့မှ ဖိုးတုတ်အား ရိုက်နှက်ဖိအားပေးကာ ဖြောင့်ချက်ထွက်ဆိုခိုင်းထားခြင်းဟု ယူဆပြီး ဖိုးတုတ်ပါ ()ဦးမှာ မျက်မြင်သက်သေမရှိသဖြင့် သံသယအကျိုးခံစားခွင့်ဖြင့် ကွင်းလုံးကျွတ် လွှတ်လိုက်လေတော့သည်။


ထိုနေ့က လမ်းမတော်ဖိုးတုတ် ၏ တပည့်များ မီးကုန်ယမ်းကုန် ပျော်ရွှင်ကြသော်လည်း ပုလိပ်အဖွဲ့အတွက်မှာ မူ ဂုဏ်သိက္ခာကျဆင်းစေသော နေ့တစ်ရက်ဖြစ်ခဲ့သည်။


မိမိတို့ လူကို သတ်ခဲ့ပြီး မိမိတို့ကို ပင် တစ်ပတ်ရိုက်သွားသည့် လမ်းမတော်ဖိုးတုတ်ကို ပုလိပ်အဖွဲ့ ယခင်ကကဲ့သို့ ဆက်ဆံရေးမျိုး မတည်ဆောက်တော့ပဲ..ရန်သူအဖြစ် သတ်မှတ်လိုက်လေတော့သည်။


လမ်းမတော်ဖိုးတုတ်မှာ ထောင်ထဲတွင်နေပြီး တစ်နှစ်ခန့် အမှုရင်ဆိုင်ခဲ့ရသည်။ သူထောင်မှ ထွက်ချိန်တွင် ဦးပု အစိုးရမှာ ပြုတ်ကျသွားခဲ့ပေပြီ။


ဦးပု ပြုတ်ကျပြီး ဂဠုန်ဦးစော ဦးဆောင်သည့် အစိုးရ တက်လာခဲ့သည်။


ပုလိပ်အဖွဲ့လည်း လမ်းမတော်ဖိုးတုတ် တင်မက တပည့်များကိုပါ စောင့်ကြည့်နေကြသည်။


အမှားအယွင်းရှိသည်နှင့် ဖမ်းဆီးရန် အသင့်ပြင်ထားကြ၏။


ထိုအခြေအနေတွင် လမ်းမတော်ဖိုးတုတ်မှာလည်း မိတ်ဆွေရင်းဖြစ်သူ ဦးဟုတ်ဂွမ်ကို သတ်မိသည့်အတွက် စိတ်ထိခိုက်ခံစားရမှုမှ မပြေပျောက်နိုင်သေး။


လမ်းမတော်တဝိုက်တွင် ဖိုးတုတ်နှင့် ဦးဟုတ်ဂွမ် မထိုင်ဘူးသည့် အရက်ဆိုင်မရှိ၊ မသွားဖူးသည့် ကလပ် မရှိ။


ထိုမျှ အတွဲညီလှသည့်မိတ်ဆွေတစ်ယောက်ကို တပည့်များ ၏ မိုက်မဲမှုကြောင့် သတ်ခဲ့ရသည့်အတွက် မိမိကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်နေချေသည်။


…………………………………………………….


၁၉၄၁ စက်တင်ဘာလ (၂၄)ရက်။


ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ဆိပ်ကမ်းကိုယ်စားလှယ် ဘွန်းရှူးကျင်း က လမ်းမတော်ဖိုးတုတ် ထံ ဆက်သွယ်လာသည်။


လမ်းမတော်ဖိုးတုတ်သည် ခြောက်လုံးပြူးသေနတ်မှာပြီးနောက် ဘွန်းရှုှးကျင်းအား ငွေမပေးချေရသေး။


အမှုရင်ဆိုင်နေစဉ်ကာလဖြစ်သဖြင့် ယခုအမှုမှ လွတ်သည့်အခါ ငွေပေးချေရန် ခေါ်ခြင်းးဖြစ်သည်။


ဘွန်းရှူးကျင်းက ဖိုးတုတ်ကို တရုတ်ရိုးရာလက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည်။


ဖိုးတုတ်..ပုလိပ်တွေကတော့ မင်းကို အစာမကြေဘူး..ကြားတယ်”


ဟုတ်တယ်….ဦးလေး..ကျွန်တော့်မှာ အန္တရာယ်ပတ်လည်ဝိုင်းနေသလို ခံစားရတယ်”


အေး..ဒါပေမယ့် မင်းကံကောင်းတယ်..ဖိုးတုတ်..အခု စစ်ကြီးက အာရှကို ကူးစက်လာတော့မယ်..ပြီးတော့ ဂျပန်တွေ ဝင်လာတော့မယ်..အဲ့ဒါ မင်းအတွက် အခွင့်အရေးအစပဲကွ”


ကျွန်တော်က ထောင်ထဲ နေပြီး ရုံးချိန်းတွေနဲ့ပဲ ပတ်လည်ရိုက်နေတော့ ကမ္ဘာအခြေအနေတွေ မသိဘူး..ဦးလေး.. ကျွန်တော်ဘာလုပ်ရမလဲ အကြံပေးပါဦး”


အေး..ဖိုးတုတ်ရဲ့..စစ်က အနှေးနဲ့အမြန်ဒီကိုရောက်လာမှာပဲ..ဂျပန်က မြန်မာပြည်ကို ဝင်လာဖို့များတယ်။ ဂျပန်တင်မကဘူး.ဂျပန်မှာ စစ်ပညာသင်လာတဲ့.မြန်မာပြည်က သခင်လူငယ်တွေအဖွဲ့ပါ ဂျပန်တပ်နဲ့အတူ မြန်မာပြည်ကို ဝင်လာတော့မှာ’’


ဟို သခင်အောင်ဆန်းတို့ ဆိုတာလား”


အေး..ဟုတ်တယ်..ဘိုးတုတ်..မင်းကို ငါအခုခေါ်တာ အဲ့ဒီကိစ္စလည်းပါတယ်”


ကျွန်တော်နဲ့ အဲ့ဒီကိစ္စ ဘာဆိုင်လို့လဲ..ဦးလေး”


ဒီမှာ..မင်းအတွက် ရှေ့ဆက်ရမယ့် ခရီးမှာ အလောင်းအစားတစ်ခု မလုပ်ချင်ဘူးလား”


ကျွန်တော် နားမလည်ဘူး..ဦးလေး..ဘာကိုလဲ”


ဘွန်းရှှုးကျင်းက ထိုင်နေရာမှ ထကာ အခန်း လိုက်ကာကို လှပ်လိုက်သည်။


အခန်းထဲတွင် မဟာယာနဘုန်းကြီးတစ်ပါးက ဘုရားစာရွတ်နေ၏။


ဒီကိုယ်တော်က ဂျပန်ဘုန်းကြီး နဂါအိ တဲ့။ သူက မီနာမီကီကန်းအဖွဲ့က”


မီနာမီကီကန်း..ဆိုတာ”


မီနာမီကီကန်း ဆိုတာ မြန်မာပြည်လွတ်လပ်ရေးအတွက် သခင်အောင်ဆန်းတို့ကို ဟိုင်နန်ကို ခေါ် စစ်ရေးလေ့ကျင့်ပေးပြီး အခု မြန်မာပြည်ထဲ ဦးဆောင်ပြန်ဝင်လာတဲ့အဖွဲ့ပဲ။ အခု ပြသနာက ဂျပန်ရဲ့ အရှေ့တောင်အာရှစစ်ဝန်ကြီးဌာနက မီနာမီအဖွဲ့ကို ဘတ်ဂျက်သိပ်မပေးတော့ဘူး။ ဦးဆောင်ချီတက်မယ့် ဂျပန် အမှတ်()တပ်မဟာကလည်း ငွေကြေးအရ ဘာမှ အကူအညီမပေးနိုင်ဘူးဖြစ်နတယ်။ ခေါ်လာတဲ့ သခင်ရဲဘော်တွေလည်း လမ်းမှာ ဝမ်းလျောကြ၊ ငှက်ဖျားမိကြနဲ့ အခက်အခဲဖြစ်နေကြတယ်ကွာ။ အဲ့ဒါ မီနာမီ ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူဇူကီးက မြန်မာပြည်ထဲကနေ ရသလောက် ရံပုံငွေ ရှာပြီး ယိုးဒယားကို လာပို့ပေးဖို့ နဂါအိကိုယ်တော်ကို တာဝန်ပေးထားတာပဲ”


အဲ့ဒီတော့ ကျွန်တော့်ကို အလှူခံနေတာလား”


အလှူခံနေတာမဟုတ်ဘူးကွ.မင်းရဲ့ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်ခိုင်းနေတာ..မင်းငွေလှူလိုက်တာနဲ့ နဂါအိက မင်းနာမည်ကို ဗိုလ်မှူးကြီး ဆူဇူကီးကို နားထဲထည့်ပေးမှာ..ငါပြောတာ သဘောပေါက်လား..ဒါလောင်းကစားပဲကွ..ရှေ့တက်မယ့် မင်းဘဝအတွက် ကမ္ဘာစစ်ကြီးကို ရင်းပြီး အလောင်းအစားလုပ်တာပဲ”


လမ်းမတော်ဖိုးတုတ် စဉ်းစားသွားသည်။ ရေနွေးကြမ်းကို သောက်ရင်း မျက်လုံးကို မှိတ်ထားသည်။


နေပါဦး..ကျွန်တော် မေးချင်လို့…ဦးလေးက ရှန်ဟိုင်းအစိမ်းဂိုဏ်းကနေ ဘယ်လိုလုပ်ပြီး ဂျပန်တွေနဲ့ ပေါင်းသွားရပြန်တာလဲ”


ဖိုးတုတ်ရေ..ဘယ်အရာကိုမှ တရားသေမမှတ်နဲ့ကွ..အခု အရှေ့တောင်အာရှမှာ ဂျပန်တွေ ကြီးစိုးလာကြပြီ။ ရှန်ဟိုင်းဂိုဏ်းတွေကို ဂျပန်က အပြတ်ရှင်းနေကြပြီ။ ငါ့လို ဆိပ်ကမ်းကိုယ်စားလှယ်လေးကိုလည်း သူတို့ ဘာမှ အကူအညီမပေးနိုင်ကြတော့ဘူး။ ဒီတော့..ငါလည်း ငါ့အသက်ရှင်ရေးအတွက်..အလောင်းအစားလေး လုပ်ရတာပေါ့ကွာ”


ဖိုးတုတ်က မတ်တပ်ထရပ်ပြီး ပြုံးလိုက်သည်။


ဟုတ်ပြီ..သူတို့က ဘယ်လောက်လိုတာလဲ..ဦးလေး”


မင်း ဘယ်လောက်တတ်နိုင်လဲ..အခုထိတော့ နဂါအိရှာထားသမျှ ရူပီးသုံးသောင်းရသွားပြီ”


ကျွန်တော် ခဏနေပြန်လာပြီး နောက်ထပ် ရူပီးသုံးသောင်း ဖြည့်ပေးလိုက်မယ်..…. ..ဦးလေးပြောသလိုပဲ…ကမ္ဘာစစ်ကြီးကို အလောင်းအစားလုပ်ကြည့်တာပေါ့..ဦးလေးရေ”




အခန်း(၂၁)


…………………


၁၉၄၁ ခုနှစ်၊ အောက်တိုဘာလ။


နန်းရင်းဝန်ဂဠုန်ဦးစောသည် ဗြိတိန်အစိုးရ နန်းရင်းဝန် ဝင်စတန်ချာချီ၊ မြန်မာနှင့် အိန္ဒိယပြည်ဆိုင်ရာဝန်ကြီး မစ္စတာ အေမရီနှင့် တွေ့ဆုံရန် ဘိလပ်သို့ထွက်ခွာသွားသည်။


ထိုသို့မထွက်ခွာမီတွင် ဦးစောသည် ရန်ကုန်မြိုရှိ ဂျပန်ကောင်စစ်ဝန်နှင့် တွေ့ဆုံခဲ့သည်။


ထိုအချိန်တွင် လမ်းမတော်ဖိုးတုတ်၊ အုန်းဖေ နှင့် ထွန်းတင် တို့သည် အမှုပြီးဆုံးပြီးနောက် ကုသိုလ်ပြုသည့် သဘောဖြင့် သရက်တောကျောင်းတိုက်တွင် ဒုလဘ္ဘရဟန်းဝတ်နေကြသည်။


ထိုအချိန်က ဂဠုန်ဦးစော၏ ဝါးရင်းတုတ်တပ်များနှင့် ဒေါက်တာဘမော် ၏ ဓါးမ တပ်များမှာ ရန်ကုန်မြို့တွင် မကြာခဏ ပြသနာဖြစ်ပွားပြီး ရိုက်ပွဲများဖြစ်လေ့ရှိသည်။


ဒေါက်တာဘမော်၏ ဓါးမတပ်ဖွဲ့များမှာ ပင်နီရှပ်လက်တို၊ ဘောင်းဘီအပြာယူနီဖောင်းဆင်တူ ဝတ်ဆင်ကြပြီး ဂဠုန်ဦးစော၏ ဂဠုန်တပ်များမှာ ကာကီဝမ်းဆက်နှင့် ဝါးရင်းတုတ်များကို ကိုင်ဆောင်လေ့ရှိကြသည်။


ရန်ကုန်လူမိုက်အများစုမှာ နိုင်ငံရေးရိုက်ပွဲများနှင့် ခပ်ဝေးဝေးတွင်နေကာ အခြေအနေကို စောင့်ကြည့်နေကြသည်။


၁၉၄၁ ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အမေရိကန်ပိုင် ၊ ဟာဝိုင်အီကျွန်းရှိ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်က ဗုံးကြဲတိုက်ခိုက်ကာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းသို့ ဂျပန်က စတင်ဝင်ရောက်လာတော့သည်။


ဒီဇင်ဘာ ()ရက် နံနက် ၂နာရီတွင် ဂျပန်တပ်များက မလေးရှားကို သိမ်းပိုက်နိုင်ခဲ့ကြသည်။


ဗြိတိသျှတို့၏ အရှေ့တောင်အာရှအကောင်းဆုံးခံတပ်ကြီး စင်ကာပူကျသွားခဲ့ပြီ။


ပုလဲဆိပ်ကမ်းအား ဗုံးကြဲပြီး (၁၆)ရက်အကြာ ၁၉၄၁ ဒီဇင်ဘာ (၂၃)ရက်။


ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ အချက်ပြဖမ်းယူရေးတပ်၏ ဆက်သွယ်ရေလိုင်းဖမ်းစက်ထဲသို့ "Most Secret No 707" ကုဒ်တပ်ထားသော ဝှက်စာတစ်ခု ဖမ်းယူရရှိခဲ့သည်။


ထိုဝှက်စာမှာ ဂျပန် တိုက်လေယာဉ်အချင်းချင်း ပေးပို့သည့် ဝှက်စာဖြစ်ပြီး ရန်ကုန်မြို့ရှိ စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်အားလုံးကို ချေမှုန်းရန်နှင့် လမ်းပေါ်တွေ့သမျှ အရပ်သားမှန်သမျှ အကုန်ပစ်သတ်ရန် ဟူသော အမိန့်ကို ဗြိတိသျှအချက်ပြတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။


သို့သော် တန်ပြန်တိုက်ခိုက်ချေမှုန်းရန်အတွက် အချိန်နောက်ကျသွားပေပြီ။


ထို့ကြောင့် ရန်ကုန်လူထုကို အသိပေးလျှင် ထိတ်လန့်ကြောက်ရွံ့ပြီး အခြေအနေမထိန်းနိုင်ဖြစ်မည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်သူလူထုကို အသိမပေးပဲ စစ်ဖက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာများသို့သာ စစ်ဖက်ဆိုင်ရာ လျှို့ဝှက်သတင်းအဖြစ် ပေးပို့လိုက်ကြတော့သည်။


ဂျပန်တို့၏ တော်ဝင်လေတပ် သည် ရန်ကုန်မြို့ ကောင်းကင်းယံသို့ရောက်ရှိလာကြသည်။


ရန်ကုန်နေလူထုက အခြေအနေကို ဘာမျှမသိကြ။


ရန်ကုန်မြို့သူ၊ မြို့သားများမှာ ဂျပန်လေတပ်အုပ်စုကြီးကို အထူးတဆန်းထွက်ကြည့်နေကြသည်။


နံနက် (၁၀)နာရီတွင် ဂျပန်ဗုံးကြဲလေယာဉ် အစင်း(၆၀)နှင့် ဂျပန်တိုက်လေယာဉ်(၃၀) တို့ ကောင်းကင်အပြည့် ပျံသန်းနေသည်။


ရှေးဦးစွာ ဂျပန်လေယာဉ်များသည် ကမ်းနားလမ်းတစ်လျှောက် ရပ်ကြည့်နေသော လူအုပ်ကြီးထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်လေသည်။ ထို့နောက် တိုက်လေယာဉ်တစ်စင်က ခပ်နိမ့်နိမ့်ပျံသန်းလာပြီး ဝရုန်းသုန်းကား ဖြစ်နေသော လူအုပ်ကြီးကို စက်သေနတ်ဖြင် လိုက်လံပစ်ခတ်လေတော့သည်။


လမ်းမတော်နှင့် ကပ်လျက်ရှိသော အလုံရပ်ကွက်မှာ အထိအနာဆုံးဖြစ်ပြီး မီးဟုန်းဟုန်းတောက်နေလေတော့၏။


ရဟန်းဝတ်နေသော လမ်းတော်ဖိုးတုတ် နှင့် တပည့် နှစ်ယောက်လည်း ချက်ချင်း လူဝတ်လဲကာ မိသားစုများထံ အသီးသီးပြန်ပြေးကြလေတော့သည်။


လမ်းမတော် (၁၄)လမ်းရှိ အိမ်တွင် မသင်းမြ၊ စံဘ၊ ဘသိန်းနှင့် မိခင်ကြီး ဒေါ်ချစ်ပု တို့ တစုတဝေးထဲ တွေ့ရ၏။


ထိုနေ့က ဂျပန်လေတပ်ဗုံးကြဲမှှုကြောင့် ရန်ကုန်မြို့ တွင် လူပေါင်း (၂၀၀၀)ခန့်သေဆုံးခဲ့သည်။


နှစ်ရက်အကြာ၊ ဒီဇင်ဘာ (၂၅) ခရစ္စမတ်နေ့ နံနက် (၁၀)နာရီတွင် ဂျပန်ဗုံးကြဲလေယာဉ် အစင်း (၈၀)၊ တိုက်လေယာဉ် အစင်း(၂၀)ပါဝင်သော အုပ်စုက ရန်ကုန်မြို့ကို ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲပြန်သည်။


ထိုအချိန်တွင်တော့ လမ်းမတော်ဖိုးတုတ် တို့ မိသားစု နှင့် ဂန္ဓမာသောင်းရီတို့လင်မယားပါ လမ်းမတော် (၁၄)လမ်းအနောက်ဘက်ရှိ ဗုံးခိုကျင်းတွင်အတူတူပုန်းခိုနေကြသည်။


ရန်ကုန်မြို့မှာ မီးလောင်ပြင်များ၊ ဗုံးဒဏ်ခံတိုက်ပြိုများ၊ အလောင်းကောင်များဖြင့် ပြန့်ကြဲနေ၏။


အရှေ့အာရှကို ကာကွယ်ပေးမည့် ဗြိတိသျှစစ်သင်္ဘော ဝေလမင်းသား နှင့် ရီပါ့စ် တို့မှာ ဂျပန်လေတပ် လက်ချက်ဖြင့် နစ်မြုပ်သွားခဲ့သည်။


မြန်မာပြည်စစ်မြေပြင်ကို အကာအကွယ်ပေးရန် လာရောက်ကြသည့် သြစတြေးလျှစစ်င်္ဘောများကလည်း ဂျပန်အန္တရာယ်နီးကပ်နေသော မိခင်တိုင်းပြည်ကို ကာကွယ်ရန် လှည့်ပြန်သွားကြလေသည်။


မြန်မာပြည်ကား အကာအကွယ်မဲ့ချေပြီ။


ရန်ကုန်ဆိပ်ကမ်းကား ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးသွားပေပြီ။


ဆိပ်ကမ်းကုန်တင်ကုန်ချ အန္ဒိယအလုပ်သမားများသည်လည်း ဗုံးဒဏ်ကြောင့်သေဆုံးသူသေဆုံး ၊ ထွက်ပြေးဖြင့် စုစည်းမရတော့။


အင်္ဂလိပ်အစိုးရအတွက် သယ်ယူပို့ဆောင်ပေးမည့် အလုပ်သမားများမရှိသည့်အတွက် ရန်ကုန်မြို့မှ ရွှေ့ပြောင်းရန် မလွယ်ကူသောပစ္စည်းများကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးကာ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်လေတော့သည်။


ရန်ကုန်က ဂျပန်ဗုံးဒဏ်နှင့် အင်္ဂလိပ်၏ မြေလှန်မီးရှို့သည့်ဒဏ်ကြောင့် ပြာပုံအတိဖြစ်နေ၏။


တရုတ်တန်းရှိ၊ ဆန်အရက်ရောင်းသောဆိုင်ကို ဂျပန်စစ်တပ်က ဗုံးကြဲရာ လမ်းမတော်ဖိုးတုတ်၏ တပည့် ပုဏ္ဍားကျော်ထွန်း သေဆုံးသွားခဲ့သည်။


ဒီဇင်ဘာ ၂၆ ရက်။ ည ၇ နာရီ။


လမ်းမတော်ဖိုးတုတ် ၏ ၁၄ လမ်းနေအိမ်သို့ ဦးဘိုးဆင် ရောက်လာသည်။


ဦးဘိုးဆင်သည် ကွယ်လွန်သူ ဦးဘိုးသင် ၏ အကိုဖြစ်ပြီး ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးတွင် သွားရောက် အခြေချနေထိုင်သူဖြစ်သည်။


တစ်ချိန်က ရန်ကုန် (၁၃)လမ်းတွင် ဘိုးဆင်၊ ဘိုးသင် ညီအစ်ကိုမှာ နာမည်ကျော်ရပ်ကွက်လူမိုက်များ ဖြစ်ခဲ့ကြသည်။


ဦးဘိုးဆင်မှာ ပထမအိမ်ထောင်ကွယ်လွန်ပြီးနောက် ရန်ကုန်တွင် တစ်ခါတစ်ရံသာ နေထိုင်ပြီး ဒုတိယအိမ်ထောင်ရှိသော ဆိပ်ကြီးတွင် သွားရောက်နေထိုင်သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။


"လူတွေ သေတာလည်း သောက်သောက်လဲဟေ့…စထရင်းလမ်းတစ်လျှောက် မြင်လို့ကို မကောင်းဘူး…မင်းတို့ အဝတ်အစားနည်းနည်းနဲ့ ရွှေငွေရှိတာအကုန်ယူူ၊ ငါနဲ့ ဟိုဘက်ကမ်း လိုက်ခဲ့ပေတော့"


"စံဘ..မင်း အမ နဲ့ ယူရမှာတွေ ကူသိမ်းပေးပြီး ကားပေါ်တင်၊ ဂန္ဓမာ နဲ့ မသောင်းက မင်းတို့ အိမ်ပြန်ပြီး သိမ်းသင့်တာ သိမ်းတော့..မင်းတို့ပါ တစ်ခါတည်းလိုက်ခဲ့"


ဂန္ဓမာသောင်းရီ နှင့် မသောင်းက အပြေးအလွှားထွက်သွားကြသည်။


"စံဘ..ဟိုကောင်..အုန်းဖေတို့၊ ထွန်းတင်တို့ ဘယ်တွေမှာလဲ..မင်းနဲ့တွေ့သေးလား"


"ဗုံးစကြဲတဲ့နေ့ကတည်းက မတွေ့တာ..ကိုဖိုးတုတ်"


"ဒီကောင်တွေ..ကွာ..ဘာတွေများဖြစ်နေကြလဲမသိဘူး"


ထိုအချိန်တွင် လေကြောင်း အချက်ပေး ဥသြသံ ပေါ်ထွက်လာသည်။


"ဗုံးခိုကျင်းထဲ အကုန်ဆင်းကြဟေ့..ဆင်းကြဟေ့''


ပစ္စည်းသိမ်းလက်စများချကာ ဗုံးခိုကျင်းထဲသို့ ဆင်းကြရပြန်သည်။


ဂျပန်လေယာဉ်များက ဝေ့ဝိုက်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေသည်မှာ ဆယ့်ငါးမိနစ်ခန့်ပင် ကြာ၏။


ထို့နောက် မြို့ထဲဘက်သို့ ပျံသန်းသွားကြသည်။


"ဖိုးတုတ်..ကမ်းနား အမြန်ဆင်းမှ ရမယ်ဟေ့…ဒီကောင်တွေနောက်မှာ နောက်တစ်သုတ်ထပ်ရင် လာဦးမှာ..မြန်မြန်ဟ"


ပစ္စည်းများအား ကားပေါ်သို့ လူစီးရန်နေရာချန်ပြီး တင်နိုင်သမျှ တင်ကြသည်။


"စံဘ..မင်း ဘကြီးဘိုးဆင်ရယ်၊ အမေရယ်၊ မသင်းမြရယ် ကို မြစ်ဆိပ်ကို အရင်ပို့၊ အဲ့ဒီမှာ ငါ့မော်တော်ရှိတယ်။ အဲ့ဒီပေါ် ပစ္စည်းတွေတင်ပြီးတာနဲ့ ငါ့ နဲ့ ဂန္ဓမာတို့ကို ပြီးမှတစ်ခေါက်ပြန်လာခေါ်..ကြားလား"


မသင်းမြက လည်ပင်းတွင် ရွှေငွေရတနာများပါဝင်သော အထုတ်ကလေးကို ဆွဲထား၏။


ဖိုးတုတ် နားကို ကပ်လာကာ ဖိုးတုတ်လက်မောင်းကို ကိုင်လိုက်သည်။


"ကိုဖိုးတုတ်..ရှင် မြန်မြန်လိုက်လာခဲ့နော်"


"စိတ်ချပါ..မသင်းမြ..အကိုလိုက်လာမှာပါ"


"ရှင်မလာရင်..ကျွန်မလည်း ဟိုဘက် ကမ်းမသွားဘူးနော်"


ဖိုးတုတ်က မသင်းမြကို ခေါင်းငြိမ့်ပြရင်း ကားတံခါးဖွင့်ပေးလိုက်သည်။


စံဘက ကားကို မောင်းထွက်သွား၏။


ဖိုးတုတ် လည်း အိမ်ပေါ်သို့ ပြန်တက်လိုက်သည်။ ထို့နောက် နံရံတွင် ချိတ်ထားသော လက်စွဲတော် ငှက်ကြီးတောင်ဓါးကို ယူလိုက်သည်။ ထို့နောက် ခုံတစ်လုံးပေါ်တက်လိုက်ပြီး အိမ်မျက်နှာကျက် ကျောက်ပြားကို ဓါးဖြင့် ထိုးခွဲကာ အထဲသို့ နှိုက်လိုက်သည်။


အတွင်းမှ အဝတ်ဖြင့်ပတ်ထားသော ခြောက်လုံးပြူးသေနတ်ပါလာသည်။


ဖိုးတုတ်က ငှက်ကြီးတောင်ကို လွယ်လိုက်ပြီး ခြောက်လုံးပြူးကို လွယ်အိတ်ထဲသို့ ထည့်ကာ လွယ်လိုက်သည်။


ထို့နောက် အိမ်တံခါးကို သော့ခတ်ကာ အပြင်သို့ ထွက်စောင့်နေ၏။


စံဘ၏ ကားပြန်ရောက်လာသည်။


"ဟေ့..စံဘ..သူတို့ကို မော်တော်ပေါ်တင်ခဲ့ပြီလား။ မော်တော်မောင်းတဲ့ မန်းနီး ရော ရှိတယ်မဟုတ်လား"


စံဘက ခေါင်းကို ခါပြသည်။


"ကမ်းနားက မော်တော်တွေ အားလုံး ဂျပန်ဗုံးစာမိပြီး မြုပ်ကုန်ပြီ..ကိုဖိုးတုတ်"


"ဟာ..ဒါဆို ဘယ်လို လုပ်ကြမလဲ"


"ဘကြီးဘိုးဆင် အသိ ဟိုဘက်ကမ်းက လာ တဲ့ မော်တော်တစ်စီးရှိတယ်။ အဲ့ဒီပေါ် တင်ပေးထားခဲ့တယ်။ လေယာဉ်တွေ ပြန်မလာခင် မော်တော်က ထွက်မှာ..ကားပေါ်တက်တော့ ကိုဖိုးတုတ်"


"ဟာ..ဟေ့ကောင်..ဂန္ဓမာတို့ကို စောင့်ရဦးမယ်ကွ..သူတို့ မလာသေးဘူး"


"မော်တော်က ထွက်တော့မှာ..ကိုဖိုးတုတ်..အခုတောင် ကျွန်တော်နဲ့ ဘကြီးဘိုးဆင် မနည်းတောင်းပန်ထားလို့ စောင့်နေတာ..လာပါဗျာ"


ဖိုးတုတ် ကား ဂန္ဓမာသောင်းရီတို့ လာမည် ဘက်သို့ ကြည့်ပြီး တွေဝေနေသည်။


"မြန်မြန်လာပါဗျာ..သူတို့လည်း သူတို့ဟာသူတို့ စီစဉ်တတ်မှာပါ..ဒီလောက်ကြာနေတော့ တစ်ခုခုဖြစ်နေလို့ နေမယ်…လေယာဉ်တွင် ပြန်လာရင် မော်တော်ပေါ်က လူအကုန်သေမှာ..မြန်မြန်တက် ကိုဖိုးတုတ်"


စံဘက ဖိုးတုတ်ကို အတင်းဆွဲကာ ကားပေါ်တင်ပြီး ကားကို မောင်းထွက်သွားလိုက်သည်။


ရန်ကုန်မြို့ တွင်းမှ အင်္ဂလိပ်များ၊ ဥရောပသားများ၊ အိန္ဒိယလူမျိုးများနှင့် ဗြိတိသျှအစိုးရဝန်ထမ်းမြန်မာများသည် အိန္ဒိယပြည်ဆင်းမလားသို့ ဆုတ်ခွာသွားကြသည်။


မြို့ပေါ်မှ ဗမာမိသားစုအများအပြားသည်လည်း ဆွေမျိုးများရှိရာ ကျေးရွာများသို့ တိမ်းရှောင်သွားတော့သည်။


ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့သူများမှာ ဥရောပသိုက်အဝန်း၊ အိန္ဒိယအသိုက်အဝန်းတွင်လည်း အရာမဝင်၊ ဗမာများနှင့်လည်း ဆွေမျိုးမယ်မယ်ရရ မရှိလှသော အင်္ဂလိုဘားမားကပြားအချို့၊ ကုလား - ဗမာ ကပြားအချို့သာ ဖြစ်သည်။


သူတို့သည်လည်း ရန်ကုန်မြို့အတွင်း အားကိုးရာမဲ့စွာ ကျန်ရစ်ခဲ့တော့၏။


ရန်ကုန်မြို့တော်စည်ပင်ရေးအတွက် အခြေခံလုပ်သားများဖြစ်သော တမီးလ်လူမျိုးများ ထွက်ပြေးကုန်သည့် အတွက် အိမ်သာပုံးများကို သိမ်းဆည်းပေးမည့်သူမရှိတော့။ လမ်းသန့်ရှင်းရေးလုပ်ပေးမည့်သူများလည်း မရှိတော့။


လူသေအလောင်းကောင်များမှာလည်း မြင်မကောင်းအောင် ပြန့်ကျဲနေကြသည်။


လွန်ခဲ့သော ရက်ပိုင်းက စည်းကားခဲ့သော ရန်ကုန်သည် သွေးပျက်ဖွယ်ရာ အနိဌာရုံများဖြင့် ပြည့်နှက် ကျန်ရစ်လေတော့သည်။


…………………………………………………………………………………………


ထိုညတွင် ဆိပ်ကြီး သို့ လမ်းမတော်ဖိုးတုတ်တို့ မိသားစု ခိုလှုံရန် ရောက်ရှိလာကြသည်။


ဦးဖိုးဆင်၏ ခြံကျယ်ကြီးထဲမှ တဲလွတ်တစ်လုံးတွင် ဖိုးတုတ်တို့ မိသားစုအား နေရာချပေး၏။


ထိုည က ရန်ကုန်ဘက်ဆီမှ လေယာဉ်သံများ၊ ဗုံးကြဲသံများ၊ ပစ်ခတ်သံများကြားရသော်လည်း ပင်ပန်းမှုကြောင့် အားလုံးနှစ်နှစ်ခြိုခြိုက် အိပ်ပျော်သွားခဲ့သည်။


မနက်မိုးလင်းသောအခါ ဦးဖိုးဆင် မိန်းမ က ထမင်းကြမ်း နှင့် အဆာပြေ အကြော်စုံကို စားကြ၏။


"ဟေ့..ဖိုးတုတ်..မင်းနဲ့ ငါ ပြီးရင် ရွာထဲ က လူတစ်ယောက်ကို သွားတွေ့ကြမယ်ကွ"


ဦးဘိုးဆင် က စကားကြောင့် ဖိုးတုတ် မျက်မှောင်ကြုံ့သွားသည်။


"ဘာလဲ..သူကြီးဆီ ကို သွားအကြောင်းကြားမလို့လား..ဘကြီး"


"သူကြီးထက် ဆိုးတဲ့လူဟ…တခြားလူတွေဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး..မင်းက လမ်းမတော်ဖိုးတုတ် ဖြစ်နေတော့ ငါတို့က ကိုမြတ်လှ ဆီ သွားပြီး အသိပေးထားမှဖြစ်မှာ"


"ကိုမြတ်လှ ဆိုတာ ဘယ်သူလဲ"


"ဓါးပြဗိုလ်‌လေ။ ဒီဘက် ရွာစဉ်တစ်ကြောတော့ မြတ်လှ ကို ကျော်ရဲတဲ့ကောင်မရှိဘူးကွ။ မင်းဟို အရင်က သိမ်ကြီးဈေး လှဖေ တို့ဘာတို့တောင် ဒီဘက်ကြောမှာ လာနေတော့ ကိုမြတ်လှဆီ အကြောင်းကြားပြီးမှ လာနေရဲတာကွ။ ရန်ကုန်ကမ်း က လူမိုက်တွေ ဒီဘက်လာရင် သူမသိပဲ နေခွင့်မရှိဘူး"


"ဟား..ဟုတ်လှချည်လားဗျ"


"ဟုတ်လှချည်လား..မလုပ်နဲ့..ငါ့လူရေ…မင်းတို့ ငါတို့ မိုက်တာက..ခုတ်ရဲထစ်ရဲတယ်..အလောင်းဖျောက်ရဲတယ်..ဒီလောက်ပဲ..ဒီကောင်ကြီးနဲ့ အဖွဲ့ ခေတ်ထတုန်းက လူသတ်ပြီးရင် ချက်စားပစ်တာဟ….မင့်တို့အရင် ရန်ကုန်ဘက်ခြမ်းမှာ လူမိုက်လုပ်နေတဲ့ ရေကျော်က ကိုသိန်း၊ ကိုသန်း ညီအကိုဆို ဟိုဘက်မှာ မန်မဆာတွေလိုက်သတ်တော့ ဒီဘက် လာခိုပြီး ဗိုလ်ကျသေးတာ။ ကိုမြတ်လှ နဲ့ တွေ့တော့ နှစ်ကောင်လုံး လက်ကလေးတွေပိုက်ခိုင်းပြီး ဝါးရင်းတုတ်နဲ့ ရိုက်တာကိုယ့်လူ"


"ဟိုကောင်ကြီးတွေက ခံတာပဲလား"


"မခံလို့ရမလားကွ..ဒီနယ်မှာ လူဆိုးလူမိုက်မှန်သမျှ ကိုမြတ်လှတပည့်တွေချည်းပဲ။ သူ့ဓါးပြအဖွဲ့က လူစုလိုက်ရင်ကို လေးငါးဆယ်ရှိတယ်။ အထက်ဘက်မှာ ဗန္ဓကရသေ့ သူပုန်ထတော့ သူပါခဲ့သေးတယ်။ အင်္ဂလိပ်က တကျွန်းပို့တာကို ပြန်ပြေးလာပြီး ဒီဘက်မှာဓါးပြဗိုလ်လုပ်စားနေတာ…ဟိုအမွှာနှစ်ကောင် တုန်းကတော့ နောက်တစ်ခါ ဒီဘက်ကမ်းလာရင် ချက်စားပစ်မယ်ဆိုပြီး ကြိမ်းလိုက်တာ ပြန်ကို ပေါ်မလာတော့ဘူး...သူ့အရပ်နဲ့ သူတော့ ဘုရင်ပဲ..ဟေ့ကောင်..မင်းမလိုက်ချင်လို့ မရဘူး"


"ဟုတ်ကဲ့..ကျွန်တော် လိုက်ခဲ့ပါ့မယ်"


"စံဘ ပါလိုက်ခဲ့။ ဒီကောင်က ကာလသားဆိုတော့..ရွာထဲ ဟိုဟိုဒီဒီဆိုပြသနာဖြစ်မှာစိုးရတယ်။ ကိုမြတ်လှ နဲ့အပ်ပေးထားမှ တော်ကာကျမယ်''


စကာဝိုင်းကို နားထောင်နေသော စံဘ မှာ မျက်စိမျက်နှာပျက်နေသည်။


"ဟေ့ကောင်..မင်းက ကြောက်နေတာလား..စံဘ"


"မကြောက်ပါဘူး..ဘကြီးဘိုးဆင်ရာ"


"မကြောက်ရင်..မင်းအခွက်က ဘာဖြစ်နေတာတုန်း"


"ဟာ..ခုသွားတွေ့မယ်လူကြီးက လူသားစားတယ်ဆိုလို့ပါ..ရွံစရာကြီးဗျာ..ရွံလို့..ထွီ"


ခဏအကြာတွင် လမ်းမတော်ဖိုးတုတ်နှင့် စံဘတို့ ဦးဘိုးသင် ခေါ်ရာသို့ လိုက်လာကြသည်။


"ဗျိုး..ကိုမြတ်လှ..ကိုမြတ်လှ"


ဦးဖိုးဆင်က ခြံ ထဲ ဝင်ရင်း အော်ခေါ်လိုက်သည်။


"အေး.ဘိုးဆင်..ငါ ဒီမှာဟ"


ခြံထဲရှိ ရေတွင်းဘေးတွင် သစ်သားချောင်းကို ဓါးမတစ်ချောင်းဖြင့် ခုတ်နေသော လူတစ်ဦးက လှမ်းအော်သည်။


လမ်းမတော်ဖိုးတုတ်က ကိုမြတ်လှဆိုသူကို အကဲခတ်လိုက်သည်။


အသက် (၆၀)ကျော်ခန့် ရှိပြီဖြစ်ပြီး သျှောင်တုန်းကို တပတ်လျှိုထုံထား၏


အသားနီစပ်စပ်၊ ခန္ဓာကိုယ်ခပ်တောင့်တောင့်၊ အရပ် ပုပုဖြစ်သည်။ တကိုယ်လုံးတွင်တော့ ထိုးကွင်းများ၊ အင်းကွက်များ အပြည့်။


"ကိုမြတ်လှ..ဘာတွေလုပ်နေတုန်း"


"အေးကွာ..စားစရာသိပ်ရှိတော့လို့..ဒလဘက်တက်ပြီး ဓါးပြတိုက်မလားလို့..ဒူးလေး အသစ်လုပ်နေတာ"


"ဟာဗျ…ကိုမြတ်လှ ရဲ့ နိုင်ငံရေးအခြေအနေလေးဘာလေး နားစွင့်ပါဦး..စစ်ကြီးဖြစ်နေပြီ..အကုန်ပြေးကုန်ကြပြီ.. ခင်ဗျား သွားတိုက်ရင်..ငမွဲတွေပဲ ကျန်မှာပေါ့"


"မတတ်နိုင်ဘူး..ဘိုးဆင်..တိုက်စရာမရှိရင် နင့်အိမ် တက်တိုက်ရမှာပဲ"


"ဟာ..မနောက်ပါနဲ့ဗျ..ဒီမှာ ရန်ကုန်ကနေ စစ်ပြေးလာတဲ့ ကျုပ်တူတွေရောက်နေလို့ ခင်ဗျားကို လာအသိပေးတာ"


ထိုအခါမှ ကိုမြတ်လှ က ဦးဘိုးဆင် ၏ နောက်တွင် ရပ်နေသော ဖိုးတုတ် နှင့် စံဘ ကို မော့ကြည့်လိုက်သည်။


ထို့နောက် လုပ်လက်စ ကိုရပ်လိုက်သည်။


"ငါ့ဆီခေါ်လာတယ်ဆိုတော့..ဒီကောင်တွေက ဘာကောင်တွေလဲကွ..ဘိုးဆင်"


"ဒါကတော့ လမ်းမတော်ဖိုးတုတ်ပါ..ကျုပ်တူပေါ့။ ဒီဘက်ကတော့ ကျုပ်တူပဲ စံဘ တဲ့"


ကိုမြတ်လှ က ကွမ်းကို ပလုပ်ပလောင်းဝါးနေရာမှာ ဖွီခနဲ ထွေးထုတ်လိုက်ပြီး ဖိုးတုတ် ကို သေချာကြည့်လိုက်သည်။


ဖိုးတုတ်ကလည်း ကိုမြတ်လှ၏ မျက်လုံးတည့်တည့်ကို ပြန်စိုက်ကြည့်လိုက်၏။


"အော်..အေး..အေး..နင်က လမ်းမတော်ဖိုးတုတ်ကိုး..ဖိုးဆင်တူမှန်း ခုမှ သိတော့တယ်..နင့်နာမည်ကတော့ ဒီဘက်ကမ်းအထိ ကျော်နေတာပဲဟေ့..လူကတော့ နှုတ်ခမ်းမွှေးနဲ့ဘာနဲ့…ငါ့မျက်စိထဲ ပုလိပ်ရုပ် ပိုပေါက်နေတယ်.. ကဲ..ဟုတ်ပြီကွာ..ငါမှတ်ထားပါ့မယ်..ဒီဘက်မှာတော့ လိမ်လိမ်မာမာနေနော့..ဟိုဘက်လို မဟုတ်ဘူး..ဒီဘက်က လူတွေက အေးအေးနေကြတာ..ဟုတ်ပြီလား..အေးအေး... သွားကြတော့..သွားကြတော့"


ကိုမြတ်လှဆိုသော အဘိုးအိုက ခေါင်းငုံ့ကာ သူ့အလုပ်သူဆက်လုပ်နေသည်။


ဦးဘိုးဆင်က ပြန်ကြရန် အချက်ပြလိုက်သဖြင့် သူတို့ သုံးယောက်ခြံထဲမှ ထွက်ခဲ့ကြသည်။


ခြံအပြင်ဘက် အရောက်တွင် စံဘခေါင်းပေါ်သို့ တစ်စုံတစ်ခု လာမှန်လေသည်။


"အား..လား"


စံဘက ခေါင်းကို လက်ဖြင့်အုပ်လိုက်သည်။


ဦးဘိုးဆင် နှင့် ဖိုးတုတ်က အလန့်တကြားဖြစ်ပြီး သတိအနေအထားဖြင့် နေလိုက်၏။


"အဲ..ကျွန်မ တောင်းပန်ပါတယ်..နော်..တောင်းပန်ပါတယ်..သရက်သီး ကို တံသျှူနဲ့ လှည်ထုတ်လိုက်တာ..မတော်တဆမို့"


စံဘ ခေါင်းပေါ်သို့ ကျလာသည်မှာ အလုံးခပ်ကြီးကြီး မချစ်စုသရက်သီးအစိမ်း။


သရက်ပင်နောက်မှ ထွက်လာသည်ကလည်း လုံးကြီးပေါက်လှ မိန်းမစိမ်းမလေး။


"ဟီး..ရပါတယ်..ငါ့နှမ..ရပါတယ်"


ဦးဘိုးဆင် နဲ့ ဖိုးတုတ်က ပြုံးပြကာ ထွက်ခဲ့သော်လည်း စံဘက နောက်တွင် ကျန်ရစ်သည်။


"အကို နာသွားလို့လား"


"မနာပါဘူး..ငါ့နှမ..ရပါတယ်..ဟီး..မတော်တဆဲကို..ရတယ်..ရတယ်"


"အားနာလိုက်တာရှင်..ရန်ကုန်က ဧည့်သည်ထင်ပါရဲ့"


စစ်ပြေးကာလတွင် ကောလိပ်ကျောင်းသားစတိုင်လ်ဖမ်းကာ ဘန်ကောက်ပုဆိုးဝတ်၊ ရှုူးဖိနပ်စီးလာသော စံဘ ပုံစံကို ကြည့်ပြီး ကောင်မလေးက ဆိုလိုက်၏။


"ဟုတ်ပါတယ်..ငါ့နှမ..ဘကြီးဘိုးဆင် တူပါ..ကိုစံဘလို့ ခေါ်ပါတယ်.. ရန်ကုန်ကပဲ"


"ဟုတ်ကဲ့ပါ..ကိုရန်ကုန်သား…သရက်သီး ယူသွားပါဦး..နော်"


စံဘက ကောင်လေးကမ်းပေးသော သရက်သီးအစိမ်းနှစ်လုံးကို ယူကာ ယောင်လည်လည်ဖြင့် ထွက်လာတော့သည်။


ညနေသို့ ရောက်သောအခါ မြို့မှ စစ်ပြေးလာသော သူဌေးကတော် ပွဲရုံပိုင်ရှင် မသင်းမြ ထံ ဝတ်ဆင်ထားသေသာ လက်ဝတ်လက်စားများ၊ ပါလာသည့် အဝတ်အစားများကို လာကြည့်သူ၊ မြို့သတင်းမေးသူများ ဖြင့် ဦးဘိုးဆင် ခြံဝန်းအတွင်း စည်ကားလှ၏။


ထိုအထဲတွင် မနက်က စံဘ အား သရက်သီးပေးလိုက်သော ကောင်မလေးပါသဖြင့် စံဘမှ ပီတီဖြာလျုက်။


စံဘက မိန်းကလေး ပုခုံးကို လက်နှင့်သွားတို့သည်။


"ဟိတ်..သရက်သီးပေးတဲ့ နှမလေး..မနက်က ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောမလို့..နာမည်မသိလို့"


"ချောရင် ပါ..ကိုစံပ"


"စံပ မဟုတ်ပါဘူး..စံဘ..စံဘပါဗျား''


စံဘ တို့ ကြည်နူးနေခိုက် ဘကြီးဘိုးဆင် နှင့် လမ်းမတော်ဖိုးတုတ်မှာ ခြံရှေ့ကွပ်ပျစ်တွင် ထန်းလျက်အရက်တစ်လုံးကို ထောင်လျက် မသင်းမြ တို့ မြင်ကွင်းကို ကြည့်နေကြသည်။


ဘကြီးဘိုးဆင် က အရက်ထည့်ထားသည့် ပန်းကန်လုံးကို မော့ချလိုက်ပြီး တံတွေးကိုပြစ်ခနဲ ထွေးလိုက်သည်။


ထို့နောက်..


''ဖိုးတုတ်ရေ… မင်း မယား လုပ်ပုံနဲ့… မြတ်လှကြီးတော့ ငါ့အိမ်ကို တကယ် ဓါးမြ တက်တိုက်တော့မယ် ထင်ပါရဲ့ကွာ"


……………………………………………………………………………………………


၁၉၄၂ ဖေဖော်ဝါရီလ ၉ ရက်။


ဖိုးတုတ်တို့ စစ်ပြေးခဲ့သည်မှာ တစ်လပင် ကျော်ခဲ့ပြီ။


ဂျပန်အမှတ်(၁၅)တပ်မတော်နှင့် ဗမာလွတ်လပ်ရေးတပ်မတော်တို့သည် ထားဝယ်မှ တဆင့် မော်လမြိုင်အထိ ချီတက်သိမ်းပိုက်လာနေကြပြီဖြစ်သည်။


အင်္ဂလိပ်တို့ ကား ရန်ကုန်ထောင်ကြီးနှင့် စိတ္တဇဆေးရုံကို ဖွင့်ချပေးလိုက်သဖြင့် ရန်ကုန်မြို့ထဲတွင် လူဆိုးသူခိုးများနှင့် အရူးများ ကို နေရာတကာတွေ့နေရသည်။


မြို့အုပ်ချုပ်ရေးပျက်ပြားသွားသဖြင့် လွန်ခဲ့သည့် တလကျော်က ဗုံးဒဏ်သင့်ထားသော အလောင်းများမှာ ပုပ်ပွရာမှ ခြောက်ကပ်သည့်အဆင့်သို့ ပင်ရောက်နေခဲ့ပြီဖြစ်သည်။


တလကျော်ကာလအတွင်းပင် ရန်ကုန်မြို့ကြီးမှာ ထိုသို့ အပြောင်းအလဲမြန်သလောက် ဖိုးတုတ် တို့ မှီခိုနေထိုင်ရာ ဆိပ်ကြီး တွင်လည်း အပြောင်းအလဲတစ်ခုက မြန်ဆန်စွာဖြစ်ပေါ်ခဲ့သည်။


ထိုအပြောင်းအလဲကို စတင်သူကား အခြားသူမဟုတ်။


စံဘ ပင်တည်း။


ထိုနေ့ နံနက်ခင်းတွင် လမ်းမတော်ဖိုးတုတ်နှင့် ဦးဖိုးဆင်သည် စက္ကူကတ်ပြားတစ်ခုပေါ် ကျားကွက်ဆွဲကာ ဘိလပ်ရည်အဖုံးများဖြင့်် ကျားကစားနေကြ၏။


"ဘကြီးဘိုးဆင်..ဘကြီးဘိုးဆင်..ဟိုမှာ သတ်ကြတော့မယ်..သတ်ကြတော့မယ်"


ရွာထဲမှ ကာလသားတစ်ဦးမှ အသည်းအသန် ရောက်လာပြီး ပြောသဖြင့် ဦးဖိုးဆင် နှင့် ဖိုးတုတ်တို့ အထိတ်တလန့်ဖြစ်သွားကြသည်။


"ဘာလဲ..ငထွန်း..ဘယ်သူတွေ သတ်တာလဲ"


"ဟိုမှာ…ဦးမြတ်လှကြီး သား ထွန်းရင် နဲ့ ဘကြီးတို့အိမ်တည်းနေတဲ့ ရန်ကုန်သား…ပုဆိုးတကွင်းထဲ ဝင်ပြီး သူသေကိုယ်သေ ဓါးနဲ့ ထိုးမလို့တဲ့"


ဖိုးတုတ် ချက်ချင်း ထကာ ပုဆိုးပြင်ဝတ်လိုက်သည်။


"ဘယ်မှာလဲ…ငထွန်း.."


"တောင်ဘက်က မပု တို့ ကောက်ရိုးပုံဘေး..လယ်ကွက်မှာ..အခု မြတ်လှကြီးလည်း လှံကြီးနဲ့ လိုက်သွားပြီတဲ့ဗျ..မြန်မြန်လာကြပါဗျ..သေကုန်တော့မယ်"


ဦးဘိုးဆင်က အိမ်ခေါင်းရင်း ထင်းပုံသို့ ပြေးကာ ထင်းခွဲသည့် ဓါးမကို ခါးကြားတွင် ထိုးလိုက်၏။


ဖိုးတုတ်က အိမ်ပေါ်သို့ ပြေးတက်ကာ ခြောက်လုံးပြူးသေနတ်ထည့်ထားသည့် လွယ်အိတ်ကို လွယ်လိုက်သည်။


ထို့နောက် သူတို့ နှစ်ဦးသား..ငထွန်း နောက်သို့ အပြေးလိုက်သွားကြတော့သည်။




အခန်း(၂၂)

……………………….


ဆောင်းတွင်းဆိုသော်လည်း လယ်ကွင်းထဲမို့ နေက ကြဲကြဲတောက်ပူနေသည်။


ရိုးပြတ်များပေါ်တွင် စောင့်ကြည့်နေသူများက ရင်တထိတ်ထိတ်။


ဖျင်ပုဆိုးတစ်ကွင်းထဲတွင် ဓါးရှည်ကိုယ်စီ ကိုင်ထားကြသော စံဘ နှင့် ထွန်းရင်။


ထွန်းရင် သည် ဓါးမြဗိုလ် မြတ်လှ ၏ သားကြီးဖြစ်သည်။ အသက် (၁၃)နှစ်သားကတည်းက ဖခင်နှင့်အတူ ဓါးမြလိုက်တိုက်ခဲ့သည့် သားကောင်းရတနာလေးလည်းဖြစ်သည်။


စစ်မဖြစ်ခင်က ကော့မှူးဂတ်တွင် ဓါးမြမှုဖြင့် ဖမ်းခံရပြီး စစ်စဖြစ်ခါစတွင် အချုပ်ဖောက် ပြေးလာခဲ့သူဖြစ်သည်။


ယခုတော့ ရန်ကုန်လူမိုက်လောကတွင် ကျင်လည်ခဲ့သူ စံဘ နှင့် ရွာလူမိုက် ဓါးမြ ထွန်းရင်တို့ ပုဆိုးတကွင်းထဲတွင် လက်တစ်ဖက်စီက ပုဆိုးအစများကို ကိုင်ရင်း လက်တစ်ဖက်စီတွင် ဓါးရှည်ကိုယ်စီနှင့်။


ဦးမြတ်လှ က ဦးဘိုးဆင် နှင့် ဖိုးတုတ် တို့ ရှေ့မှ ကြိုရောက်နေသည်။


ဦးမြတ်လှ က လှံရှည်ကြီးကို ဝင့်လျက်..သူတို့နှစ်ယောက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၏။


ဖိုးတုတ် လွယ်အိတ်ထဲ လက်နှိုက်ကာ ခြောက်လုံးပြူးသေနတ်ကို အသင့်မောင်းတင်ထားကာ နောက်မှ ကပ်လိုက်သွားသည်။


ဦးဘိုးဆင်က လူအုပ်ကြီး နောက်မှ ပတ်လျက် ဦးမြတ်လှ ၏ မျက်နှာချင်းဆိုင်တည့်တည့် မှ နေရာယူကာ ဝင်လာသည်။


"ဟေ့ နွားနှစ်ကောင်..ထိုးမယ်ဆို.ထိုးတော့လေကွာ…ဘာလုပ်နေတာလဲ"


ဦးမြတ်လှ က လက်ထဲမှ လှံတံကို ဆလိုက်ပြီး အော်လိုက်သဖြင့် ပုဆိုးကွင်းထဲမှ နှစ်ယောက် တန့်သွားကြသည်။


ပုဆိုးတကွင်းစာ အကွာအဝေးတွင် ဓါးရှည်ကိုယ်စီဖြင့် ကို့ယို့ကားယားဖြစ်နေကြ၏။


ဦးမြတ်လှက လှံဖြင့်စံဘ လက်ထဲမှ ဓါးရှည်ကို ရိုက်ချလိုက်သည်။


လမ်းမတော်ဖုးိတုတ်က အိတ်ကပ်ထဲမှ ခြောက်လုံးပြူးကို လွယ်အိတ်ဖြင့် ကွယ်ကာ လှစ်ခနဲ ထုတ်လိုက်၏။


ဦးဘိုးဆင်က လည်း ခါးကြားမှ ထင်းခွဲဓါးမကို နောက်ပြန် လှမ်းယူပြီး ထုတ်ရန်ပြင်လိုက်သည်။


သို့သော် ဦးမြတ်လှက စံဘ လက်ထဲမှ ဓါးရှည်ကို ရိုက်ချပြီး…သားဖြစ်သူ ထွန်းရင် ၏ လည်မြိုကို လှံဖြင့် ထောက်ထားလိုက်သည်။


ဖိုးတုတ်က သေနတ်ကို အသာပြန်သိမ်းလိုက်၏။ ဦးဘိုးဆင်က လည်း လက်ကိုအသာရှေ့ပြန်ထုတ်လိုက်သည်။


"ဟေ့ကောင်..ထွန်းရင်..ဒါ ငါ့ကို ဘိုးဆင် လာအပ်ထားတဲ့ ဧည့်သည်တွေကွ..မင်း ဘာလူပါးဝတာလဲ..အခုချက်ချင်း..ဓါးချစမ်း.."


ထွန်းရင်က သူ့အဖေကို ပေကပ်ကပ်ဖြင့် ကြည့်လိုက်သည်။


"တယ်..ငါ ထိုးလိုက်ရ"


ဦးမြတ်လှက လှံသွားဖြင့် ထပ်ဖိလိုက်မှ ထွန်းရင်က ဓါးကို ချသွားသည်။


"လာစမ်း..နှစ်ကောင်လုံး"


ဦးမြတ်လှ က ပုဆိုးကွင်းကို စောင့်ဆွဲလိုက်ရာ နှစ်ယောက်လုံး ဦးမြတ်လှထံ ပါလာ၏။


"ဖြောင်း..ဖြောင်း"


စံဘ ရော၊ ထွန်းရင် ပါ လည် ထွက်သွားသည်။


"ဒါက နင်တို့ကို ရန်ဖြစ်လို့ ရိုက်တာမဟုတ်ဘူး။ နှစ်ကောင်လုံး စောက်သုံးမကျလို့ ရိုက်တာ။ မှတ်ထားကွ..ပုဆိုးတကွင်းထဲ ဝင်ပြီး ဓါးချင်း ယှဉ်တယ်ဆိုတာ ဓါးရှည်မသုံးရဘူး။ ဓါးမြှောင်နဲ့ ထိုးရတာဟ။ အခု နင်တို့ဟာက ပုဆိုးတကွင်းထဲ ဓါးရှည်ကြီးတွေ ကို့ယိုးကားယားနဲ့ ဟန်ရေးပြနေကြတာ..ယောက်ျားချင်း ဖင်ခံမလို့ကျနေတာပဲ"


ဦးမြတ်လှ က ဖိုးတုတ် ဘက်သို့ လှည့်လိုက်သည်။


"အောင်မယ်..ဘိုးဆင် နဲ့ ဖိုးတုတ် နင်တို့ တူအရီးနှစ်ယောက် ငါ့ကို ညှပ်သတ်ကြတော့မလို့ပေါ့လေ..ဟုတ်လား"


ဖိုးတုတ်က ဘာမျှ မပြော။


"မဟုတ်ပါဘူး..ကိုမြတ်လှရာ..ကျုပ်တို့ကလည်း ကျုပ်တို့ တူဖြစ်တာဆိုတော့.."


"အေးပါ..ငါနားလည်ပါတယ်ကွာ..နင်တို့တွေ က ငါ့ကို တလေးတစားလာနှုတ်ဆက်ထားတဲ့လူတွေပဲ..ငါ့သားနဲ့ ဒီလိုဖြစ်တာ ငါမှားတာပေါ့..ကဲ..လာကွာ..နေပူတယ်..ဒီကိစ္စ ငါ့အိမ်မှာ သွားရှင်းကြမယ်..ဟိတ်ခွေးလေးနှစ်ကောင်.. နင်တို့ကို အိမ်ရောက်မှ ထပ်ဆော်ရမယ်..လာခဲ့ကြ''


ဖိုးတုတ်က စံဘကို နားရင်းနှစ်ချက်အုပ်လိုက်သည်။


စံဘ ငိုက်စိုက် ငိုက်စိုက်ဖြင့် ပါလာ၏။


ဦးမြတ်လှ၏ အိမ်ရှေ့ကွပ်ပြစ်တွင် ဦးမြတ်လှ၊ ဦးဘိုးဆင် နှင့် ဖိုးတုတ်တို့ ထိုင်လိုက်ကြသည်။


ထွန်းရင် နှင့် စံဘက မတ်တပ်ရပ်လျက်။


သူတို့နောက်တွင်လည်း စပ်စုချင်သော လူအုပ်ကြီးက ဝိုင်းနေ၏။


ဦးမြတ်လှက မြေကြီးတွင် စိုက်ထားသော လှံကို ဆွဲနုတ်လိုက်ပြီး


"ဒီလှံက ရန်ဖြစ်တဲ့သူတွေကို ထိုးမလို့ ယူလာတာ။ ဒါပေမယ့် အခုတော့ ကိုယ့်အလုပ်မဟုတ်ပဲ စပ်စုတဲ့လူတွေကို ထိုးပြီး ပေါ်စားမလို့ ဖြစ်သွားပြီ..ဟေ့''


လူအုပ်ကြီးမှာ ခြံအပြင်သို့ ဝရုန်းသုန်းကား ပြေးထွက်ကုန်ကြသည်။


ထိုအခါမှ ဦးမြတ်လှ က ပြန်ထိုင်လိုက်၏။


"ကဲ..ပြောစမ်း..ထွန်းရင်..နင် နဲ့ ဒီကောင် ဘာလို့ သတ်မယ်ဖြတ်မယ်ဖြစ်ကြတာလဲ"


ထွန်းရင် က လက်သီးကို ဆုတ်လျက် ခေါင်းကို ငုံ့ထား၏။ ရင်ဘတ်ကလည်း အသက်ရှုသံပြင်းပြင်း ကြောင့် မို့မောက်နေသည်။


"ဟေ့…ဒီနွားတော့..ငါမေးနေတယ်..ဖြေလေကွာ..ဘာလို့ ရန်ဖြစ်တာလဲလို့"


"ကျွန်တော် မပြောချင်ဘူး..အဖေ…ပြောမထွက်ဘူး"


"ဟိတ်ကောင်..နင် ဒီမှာလည်း ဟန်ရေးပြနေပြန်ပြီ..ပြောစရာရှိတာပြော"


"ဒီလိုပါ..ဦးလေး..ကျွန်တော်နဲ့ ချောရင်နဲ့…"


"ဟိတ်ကောင်..ခွေးသား..မင်း ဆက်မပြောနဲ့.ခွပ်."


ထွန်းရင်က စံဘ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။ စံဘက ပြန်ထိုးရန်ပြင်လိုက်စဉ် ဦးမြတ်လှ၏ လှံတံကြီးက သူတို့ ကြားထဲ ဝင်လာပြန်သည်။


ဦးမြတ်လှ က ခေါင်း ကို တငြိမ့်ငြိမ့်လုပ်ရင်း..စံဘကို သေချာကြည့်သည်။


''ထွန်းရင်..နင့်နှမကို သွားခေါ်စမ်း"


"ဟာ..ဒီကောင်မ မျက်နှာ ကျွန်တော် မကြည့်ချင်ဘူး..အဖေ"


ဦးမြတ်လှ လှံသွားက ထွန်းရင် လည်မြိုပေါ် ပြန်ရောက်လာသည်။


"နင်..ဘာဖြစ်နေတာလဲကွ..ချောရင်လည်း အရွယ်ရောက်နေပြီပဲ..ရည်းစားသနာ ထားတာ ဘာထူးလို့လဲ..ဟိတ်ကောင်"


"ထူးတယ်ဗျ..ထူးတယ်..အဖေရဲ့..ဒီကောင်နဲ့ အဖေ့သမီးက…ရည်းစားသနာ ကိစ္စ တင် မကတော့ဘူး…မပု ကောက်ရိုးပုံထဲမှာ…လုံးထွေးနေတာပဲ..အဖေရာ..တောက်..ကျွန်တော်ရှက်တယ်ဗျ…''


ဦးမြတ်လှ လှံသွားက စံဘဘက် ရောက်သွား၏။


ဖိုးတုတ်မှာ လွယ်အိတ်ထဲမှာ ခြောက်လုံးပြူးပေါ်သို့ လက်တင်ရပြန်လေပြီ။


"ဟိတ်ကောင်လေး..မှန်မှန်ဖြေစမ်း..နင်..ငါ့သမီးကို..လုပ်ပြီးပြီလား"


စံဘ မှာ လှံသွားကြီးကို ငုံ့ကြည့်လိုက်၊ ဦးမြတ်လှကို ကြည့်လိုက်ဖြင့် ချွေးစေးများပင် ပြန်နေတော့သည်။


ဦးဘိုးဆင် နှင့် ဖိုတုတ်မှာ ဦးမြတ်လှမေးခွန်းကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။


"ဘကြီးဘိုးဆင်…ကိုဖိုးတုတ်..လုပ်ပါဦး"


"ဟိတ်ကောင်..မင်းအဖေတွေကို တမနေနဲ့..ငါမေးတာဖြေ..မင်းငါ့သမီးကို လုပ်ပြီးပြီလား"


"ဟုတ်ကဲ့..လုပ်လိုက်မိပါတယ်"


"ရွာရောက်တာမှ တစ်လရှိလောက်ရှိသေးတယ်….ငါ..လိုး....ရန်ကုန်သား.."


ဦးမြတ်လှက လှံကို အောက်သို့ စိုက်ချလိုက်သည်။


"အဖေ ဒီကောင့် သတ်ဗျာ"


"ဟာ..စောက်ရူးက တစ်မျိုး…နင်ကျတော့ ရော သူများနှမတွေ မလုပ်ခဲလို့လား…ပါးစပ်ကို ပိတ်ထားစမ်း..ဟေ့ကောင်''


ဦးမြတ်လှ က ဦးဘိုးဆင် နှင့် ဖိုးတုတ် တို့ ဘက်သို့ လှည့်လိုက်သည်။


ဦးဘိုးဆင်နှင့် ဖိုးတုတ်တို့မှာ ဘွင်းဘွင်းကြီးပြောနေကြသော သူတို့သားအဖကို ကြည့်ကာ အားတုံ့အားနာဖြစ်နေကြ၏။


"ကဲ…နင်တို့ရော..ဘာပြောချင်လဲ"


ဦးဘိုးဆင် က ခေါင်းကုတ်လိုက်သည်။


"ကျုပ်တို့..ဘာပြောရမှာလဲ..ကိုမြတ်လှ"


"..တယ်ခက်တဲ့လူတွေပဲ..ဘာပြောရမှာလဲ..ငါ့သမီးကို ယူပါလို့ ငါက ပြောရမှာလား..နင်တို့က လိုချင်ပါတယ်ဆိုပြီး နားဖောက်ရမှာလား…ငါလခွမ်း..ဘယ်လိုကောင်တွေလဲဟ''


ထိုအခါမှ ဖိုးတုတ်က အခြေအနေကို သဘောပေါက်လိုက်တော့သည်။


"စံဘဆိုတာ ကျွန်တော့်ညီလို သားလို ပါပဲ..ဦးမြတ်လှ။ ကျွန်တော်က သူ့မိဘပါပဲ။ ကျွန်တော့်ကောင် အဝှာ..အင်း..ဟိုလုပ်ခဲ့တဲ့ ကိစ္စအတွက် ကျွန်တော်တာဝန်ယူပါတယ်။ သူတို့ ကလေးချင်းလည်း ချစ်လို့ ဖြစ်တာပဲကိုး။ ကျွန်တော်တို့ ဦးမြတ်လှ သမီးကို မိသားဖသားပီပီ တောင်းရမ်းယူပါ့မယ်"


"အေး..နင်ကတော့ ဟုတ်ပြီ..ဖိုးတုတ်..ဟိုခွေးမသားက ခုထိ ငါ့သမီးကို ယူမယ် မပြောသေးပါလား..ဒီအကောင့် စောက်ချိုးကတော့ ငါ လှံနဲ့ ထထိုးလိုက်ရ''


"ယူပါ့မယ်…ယူပါ့မယ်..ခင်ဗျာ..ကျွန်တော်က အရမ်းယူချင်တာပါ…ယူချင်လွန်းလို့လဲ..ဟိုလိုတွေဖြစ်ကုန်"


"တော်ပြီ..ခွေးမသား"


စံဘက ပြူးပြူးပြာပြာဖြင့် ဝင်ပြောသည်ကို ထွန်းရင်က ဟန့်လိုက်သည်။


"ကဲ..ကိုဘိုဆင်၊ ဖိုးတုတ်..ခေတ်ကာလအခြေအနေက ကောင်းတာမဟုတ်ဘူး။ ပြီးတော့ ငါတို့က ဘယ်အချိန် သေမယ်မသိတဲ့အလုပ်လုပ်နေကြတဲ့ကောင်တွေ။ ဒီတော့ ချောရင် ကို နင်တို့ ဘယ်နေ့ လာနားဖောက်မလဲ"


ဖိုးတုတ်က နှုတ်ခမ်းမွှေးကို လက်ဖြင့် သပ်လိုက်ပြီး အတန်ငယ်စဉ်းစားနေသည်။


"လာမယ့်…အဖိတ်နေ့မှာ လာနားဖောက်ပါ့မယ်။ ကျွန်တော့်ညီအတွက် ကျွန်တော်တို့ဘက်က ရွှေဒင်္ဂါး ငါးပြား နဲ့ ရူပီးငွေ နှစ်ထောင်တင်တောင်းပါမယ်"


"အေး..ဒါဆိုလည်းပြီးရော..ပြန်တော့"


ဦးဘိုးဆင် နှင့် ဖိုးတုတ်မှာ စံဘကို ခေါ်လျက် အူလည်လည်ဖြင့်ထပြန်ခဲ့ရသည်။


လှံသွားဖျားမှ မိန်းမတောင်းခန်း ကား ထိုနှယ့် ပြီးသွားခဲ့လေပြီ။


…………………………………………………………………..


စံဘ သည် ရန်ကုန်သို့ (၁၄)နှစ်သားတွင်ရောက်လာခဲ့ပြီး ဆယ်နှစ်ကျော်တိုင်တိုင် လမ်းမတော်ဖိုးတုတ် ၏ လက်အောက်တွင် ရန်ကုန်လူမိုက်လောကို ကျင်လည်ခဲ့လေသည်။


ထိုကာလတစ်လျှောက် မိန်းမများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဂေါ်မစွံသောလူပျိုသိုးလေး သာ ဖြစ်ခဲ့သည်။


ယခုတော့ ကမ္ဘာစစ်ကြီးကောင်းမှုဖြင့် ချောရင် နှင့် ဆုံခဲ့ကြသည်။ ချစ်သက်တမ်း တစ်လအကြာတွင်ပင် အိမ်ထောင်ကျခဲ့လေပြီ။


ပုဆိုးတကွင်းထဲဝင်ကာ ဓါးချင်းယှဉ်ခုတ်ကြမည့် စံဘ နှင့် ထွန်းရင် သမီးယောက်ဖ သည်လည်း အချိန်ခဏအတွင်းတွင်ပင် အတွဲအညီဆုံး၊ လက်ဆအညီဆုံး၊ အချစ်ဆုံး သမီးယောက်ဖများ ဖြစ်လာကြသည်။


၁၉၄၂ ခုနှစ် ။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။


ရန်ကုန်တွင် နောက်ဆုံးကျန်ရစ်သော ဗြိတိသျှမြို့စောင့်တပ်က ရန်ကုန်မြို့တွင် ကျန်ရှိသော မြို့သူမြို့သားများ အနေဖြင့် (၄၈)နာရီအတွင်း မြို့မှ ထွက်ခွာရန် အမိန့်ထုတ်လိုက်လေသည်။


ရန်ကုန်မြို့တွင် ထောင်ခါထုတ်လိုက်သော လူဆိုးသူခိုးများ၊ တောကြောင်များသည် ကျန်ရှိသော ပြည်သူများကို လုယက်ခြင်း၊ စတိုးဆိုင်ကြီးများကို ဖောက်ထွင်းခြင်း၊ အိမ်များပေါ်တက်ကာ ပစ္စည်းများ ယူငင်ခြင်းများ လုပ်ကြတော့သည်။


၂၁ ရက်နေ့ နံနက် ၆ နာရီ တွင် ဆိပ်ကြီး ဘက်မှ မော်တော်တစ်စင်းသည် ရန်ကုန်ဘက်ကမ်းသို့ ဆိုက်ကပ်လာသည်။


မော်တော်ပေါ်မှ လူငါးယောက် ဆင်းလာကြ၏။


ထိုငါးယောက်ကို ဦးဆောင်သောသူ နှစ်ဦးမှာ စံဘ နှင့် ထွန်းရင် သမီးယောက်ဖနှစ်ယောက်ပင်။


စံဘ က ဓါးရှည်ကို လွယ်ထားပြီး ထွန်းရင်က ဒူးလေးကို ကိုင်လာသည်။


ကျန်သုံးယောက်က ဓါးလွတ်ကိုယ်စီဖြင့်။


"ဟေ့..စံဘ..တို့ ဘယ်ကို အရင်သွားကြမလဲ"


"ဗိုလ်တစ်ထောင်ဆိပ်ကမ်း ထိပ်မှာ တရုတ်ချန်ကေရှိတ်ဆီ ပို့ဖို့ လှောင်ထားတဲ့ သေနတ်ဂိုထောင်ရှိတယ်ကွ။ ငါအဲ့ဒီဂိုထောင်ကို သိတယ်။ စစ်မဖြစ်ခင်က ကပ်ပလီစစ်သားတွေ စောင့်တာပေါ့"


"အေး..ကောင်းတယ်..သေနတ်လေးဘာလေး ရတော့..ဓါးမြတိုက်ရင် စမတ်ကျတာပေါ့"


စံဘ က ဦးဆောင်ပြီး ငါးယောက်သား လက်နက်ဂိုထောင်များဆီသို့ သွားကြသည်။


သို့သော် လက်နက်ဂိုထောင်များ အားလုံးကို အင်္ဂလိပ်စစ်တပ်က မိုင်းခွဲဖျက်ဆီးကာ မီးရှို့သွားသဖြင့် မီးဟုန်းဟုန်း တောက်လောက်နေချပြီ။


အတွင်းမှ ခဲယမ်းများကလည်း တဖြုန်းဖြုန်းပေါက်ကွဲလျက်။


"ဂွတော့ ကျပြီ..ကိုယ့်လူတို့..ဘာဆက်လုပ်ကြမလဲ"


"စံဘ..မင်းပြောတော့ ကားမောင်းတတ်တယ်ဆို…ဟိုမှာ လော်ရီကားကြီး..တက်မောင်းပြီး မြို့ထဲ ပတ်ကြမလား..ငါတို့ ရန်ကုန်ကို မရောက်ဖူးဘူးကွ..ပတ်စီးကြရအောင်''


ထွန်းရင်က ဆိပ်ကမ်းအဝတွင် တံခါးတစ်ခြမ်းဖွင့်လျက် ရပ်ထားသောလောရီကားကို လက်ညှိးထိုးပြသည်။


စံဘက ကားနား ကပ်သွားပြီး ကားတံခါးကို ဖွင့်လိုက်သည့်အခါ စက်နှိုးသည့် ဂေါက်တံကို အသင့်တွေ့ရသည်။


ဂေါက်တံကိုယူကာ စက်နှိုးလိုက်သည့်အခါ စက်က ချက်ချင်းနိုးသွား၏။


"ကဲ..တက်ဟေ့…သွားကြမယ်"


ထွန်းရင်က ရှေ့ခန်းရှိ စံဘဘေးတွင် ဝင်ထိုင်သည်။


ကျန်သုံးယောက်က နောက်ဘက်သို့ တက်လိုက်ကြတော့သည်။


စံဘ သည် လော်ရီကားကို သော်မဆင်လမ်းအတိုင် မောင်းဝင်လာ၏။


စတော့ကိတ်လမ်းဘက်သို့ ရောက်သောအခါ ဓါးကိုင်ထားသော လူသုံးဦးက သူတို့ ကားကို ဆဲဆိုကာ တားလေတော့သည်။


"ဟေ့..ယောက်ဖ..ကားရပ်ပေးလိုက်ကွာ"


စံဘက ကားရပ်ပေးလိုက်လျှင် ထွန်းရင်က ကားပြတင်းပေါက်မှ ထွက်ကာ မောင်းတင်ထားသော ဒူးလေးဖြင့် ရှေ့ဆုံးမှ လူကို ချိန်ကာ ပစ်လိုက်လေသည်။


ရှေ့ဆုံးမှ လူသည် ထွန်းရင်ကို ကြောင်လျက်ကြည့်နေ၏။


ဒူးလေးထဲမှမြှားတံက အရှိန်ဖြင့် ပြေးထွက်သွားပြီး ထိုသူ၏ လည်ပင်းတွင် သွားစိုက်လေသည်။


ထိုသူမှာ ဒူးထောက်လဲကျသွားပြီး အသက်ငင်နေသည်။


ကျန်နှစ်ယောက်မှာ နောက်သို့ ချက်ချင်း လှည့်ပြေးလေတော့၏။


"ဟေး..ရန်ကုန်မှာ လူသတ်ဖူးပြီ..ယောက်ဖရေ"


ထွန်းရင်က ဝမ်းသာအားရအော်လိုက်သည်။


"ဟေ့..ထွန်းရင်..ခဏနေဦးဟ..ဒီကောင်တွေ ဟိုတိုက်ထဲက ဘာကို သယ်လာတာလဲမသိဘူး…အဲ့ဒါကြီး တင်ဖို့ ငါ့တို့ကားကို အပိုင်စီးချင်တာကွ"


"အေး..ဆင်းကြည့်ရအောင်..အခုတော့ သူခိုးလက်က သူဝှက်လုတာပေါ့ကွာ..ဟေ့..နောက်က ကောင်တွေ ဆင်းဟေ့"

စံဘ တို့အုပ်စု အောက်ဆင်းကြည့်သောအခါ တိုက်ထဲမှ တဝက်တပြတ် မ ထုတ်ထားသော အနက်ရောင်စန္ဒယားကြီးကို တွေ့ရတော့သည်။


"ယောက်ဖ..အဲ့ဒါ ဘာသေတ္တာကြီးလဲကွ"


"ပီယာနို လို့ ခေါ်တယ်"


"ဘာ..ပီယာယို..ဟုတ်လား..ဘာကြီးလဲ"


"ပီယာနို ကွ…မင်းဓာတ်ပြားတွေ နားထောင်ဖူးတယ်မဟုတ်လား..အဲ့ဒီမှာ သီချင်းဆိုရင် ဒါကြီးနဲ့ နောက်ခံတီးတာ..ပီယာနို..ပီယာနို"


"ဒါကြီးက တီးလို့ရတယ်လား"


စံဘက ခေါင်းငြိမ့်ပြပြီး တိုက်ထဲ ဝင်လိုက်သည်။


ထိုတိုက်သည် တစ်ချိန်က ချစ်တီးဘာဘူတစ်ဦး၏ တိုက်ဖြစ်ကြောင်း စံဘ သိသည်။


ယခုတော့ ဖောက်ထွင်းသူများလက်ချက်ဖြင့် ရစရာမရှိတော့။ တန်ဖိုးရှိမည်ထင်သည့် အရာများကို မွှေနှောက်ယူငင်သွားကြပေပြီ။


ထွန်းရင်၏ ဒူးလေးစာ မိသွားသော လူစုမှာ နောက်ဆုံကျန်သည့် စန္ဒယားကြီးကို သယ်ရန် ကြံစည်ခဲ့ကြခြင်းပင်။


"ယောက်ဖ..ဒီပီနို ကြီး သယ်သွားကြမယ်ကွာ"


"ပီယာနို ပါဆိုကွာ..မင်းက ဘာလုပ်မလို့လဲ ထွန်းရင်..မင်း တီးတတ်လို့လား"


"မတီးတတ်လည်း ရွာကိုသယ်သွားမယ်ကွာ..ငါလိုချင်တယ်"


"အေး..လိုချင်လည်း မင်းတို့ ဘာသာ မကွာ..ငါတော့ ဝင် မ မ ပေးနိုင်ဘူး''


ထွန်းရင်နှင့် သူ့တပည့်သုံးယောက်က စန္ဒယားကြီးကို မနိုင့်တနိုင်မကာ တင်နေကြသည်။


စံဘက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေ၏။


တစ်ချိန်က ပင်သောင် နှင့် ညီများ ဆိုင်ခွဲ ဆိုသည့် အလွန်စည်ကားသည့်် ကုန်စုံဆိုင်နေရာတွင် အလောင်းနှစ်လုံး ယင်ကောင်တလောင်းလောင်းဖြင့်။


ထိုအလောင်းများ၏ ခြေသလုံးကြွက်သားများကို ကြောင်ပေါက်တစ်ကောင်နီးပါးရှိမည့် မြေကြွက်ကြီးများက ကိုက်ဖဲ့စားနေကြသည်။


တစ်ခါတစ်ရံ လှိုက်တက်လာသည့် အပုတ်နံ့ကြောင့် စံဘက နှာခေါင်းကို လက်နှင့် အုပ်လိုက်သည်။


ထိုစဉ် စံဘအနီးသို့ ကားတစ်စီး ထိုးဆိုက်လာ၏။


"ဟိတ်ကောင်လေး…ပီယာနို ကြီး ကားပေါ်တင်ပြီး ဘယ်မှာ တီးကြဆိုကြမလို့လဲ"


"ဟာ..ကိုအုန်းဖေကြီး''


"အေး..စံဘ..ဆရာဖိုးတုတ်ရော..ဘယ်မှာလဲ"


"ကျွန်တော်တို့ ဆိပ်ကြီးက ဦးလေးဘိုးဆင် အိမ်မှာ နေကြတယ်ဗျ..ဒါနဲ့ ခင်ဗျားတို့ကရော..အောင်မယ်..ကားတွေဘာတွေနဲ့ တယ်ဟုတ်နေပါလားဗျ"


"ဗုံးစကြဲကတည်းက ငါ့မိန်းမတွေတော့ သူတို့ရွာသူတို့ ပြန်ကုန်ကြပြီကွာ..ငါသာ ရန်ကုန်ကို မခွဲနိုင်မခွာရက်မို့..ဒီလိုပဲ..ဝင်လုလိုက်၊ ခိုးလိုက်နဲ့ ရပ်တည်နေရတာဟေ့..အခုတောင် စစ်ပြေးဖို့လုပ်နေတဲ့ ဘိုကပြား တစ်ကောင်ကို သတ်ပြီး ကားယူလာတာ..နောက်က ငါ့လူတွေလေ..ဟေ့..ဂွတိုနဲ့ မောင်ကြင်..ဒါ ဆရာဖိုးတုတ် ညီပေါ့ကွ.စံဘတဲ့''


အုန်းဖေ ၏ နောက်ခန်းတွင် ထိုင်လာသော လူနှစ်ယောက်က ပြုံးပြသည်။


"မင်းတို့ အခု ဘာလုပ်ကြမှာလဲ..ဒီပီယာနိုကြီးသယ်ပြီး"


"မသိပါဘူးဗျာ..ရှေ့က တောသားက ကျွန်တော့်ယောက်ဖလေ..သူ့ညီမ ကျွန်တော်ယူလိုက်တာ..ဒါကြီးလိုချင် တယ်ဆိုလို့..ဆိပ်ကြီးကို မော်တော်နဲ့ သယ်သွားကြမလို့''


"မင်းတို့ ဟာကလည်းကွာ…ဒီအထိလာပြီးတော့မှများ ပီယာနိုကြီး သယ်ပြန်ရတယ်လို့..ကြုံတုန်း ငါတို့နဲ့ လိုက်ခဲ့ပါလား..ဂိုဒင်းဗယ်လီထဲမှာ ရိုးတိုက်က ကိုယ်စားလှယ် ရဟူဒီကြီး အိမ်ရှိတယ်။ ဒီဂျူးကြီးက ဘယ်မှ မပြေးပဲ အိမ်ထဲပဲ ပုန်းနေတယ်ကြားလို့..ဓါးပြလေး ဘာလေး သွားတိုက်ကြမလို့"


စန္ဒယားက ကားပေါ်ရောက်သွားပေပြီ။ ဓါးပြ တိုက်မည် ဆိုသည့်အသံကို နားစွန်နားဖျားကြားသဖြင့် ထွန်းရင် က စံဘ ထံ လျှောက်လာသည်။


"ဟေ့..ယောက်ဖ ဓါးပြသွားတိုက်ကြမယ်ဆို..တို့လည်း လိုက်သွားမယ်လေကွာ''


"ထွန်းရင်..မင်းစန္ဒယားရပြီပဲ..ပြန်ကြမယ်ကွာ..မိုးချုပ်သွားရင် အပြန်ခက်မယ်..လေယာဉ်တွေက ညဘက်ဆို ဗုံးလာကြဲနေသေးတာကို..သွားသွား..ကားပေါ်တက်နှင့်''


ထွန်းရင်က ကားပေါ်တက်ရန် ပြန်လှည့်သွားသည်။


"ရော့..စံဘ..ဆရာဖိုးတုတ်အတွက် ငါ ကော့ညက်အရက်တစ်လုံး ကန်တော့လိုက်မယ်။ မင်းအတွက်က စီးကရက်တတောင့်..ဒီဘိုကပြားက အကောင်းကြိုက်တဲ့ကောင်ဆိုတော့ ကားပေါ် ငါတို့ အကြိုက်တွေချည်းဟေ့..သွားမယ်"


"ဟေ့..နေဦး..ဒါနဲ့ ကိုဂန္ဓမာကြီးနဲ့ ကိုထွန်းတင်တို့ရော..ဘယ်ရောက်ကုန်ကြလဲ"


"ထွန်းတင်ကြီးကတော့ ပဲရော့သူဌေးအိမ် ဝင်လုရင်း ဂေါ်ရာတပ်က ပစ်လို့သေပြီတဲ့ကွာ။ ကိုဂန္ဓမာကြီးကတော့ ဘယ်ရောက်လဲ ငါမသိဘူး..ကဲ.ဆရာဖိုးတုတ်ကိုရော၊ အမသင်းမြ ကိုပါ ပြောပေးပါကွာ…ဒီစစ်ကြီးပြီးလို့ မသေရင် ပြန်ဆုံကြတာပေါ့လို့"


အုန်းဖေက ကားကို မောင်းထွက်သွား၏။


စံဘ လည်း လော်ရီကားပေါ်တက်ကာ ဆိပ်ကမ်းဘက်သို့ ပြန်ကွေ့ခဲ့တော့သည်။


……………………………………………………………………………


ညနေစောင်းပြီ။


ရန်ကုန်ဘက်ကမ်းဆီတွင်တော့ ဆိပ်ခံဘောတံတားများအား ဗြိတိသျှစစ်အင်ဂျင်နီယာတပ်မှ မိုင်းများ ဆင်ကာ ဖောက်ခွဲသည့်အသံက ဟိန်းထွက်နေသည်။


ဆိပ်ကြီးရွာထဲသို့ မဲမဲအရာကြီးတစ်ခုကို ထမ်းကာ ဝင်လာကြသော စံဘ၊ထွန်းရင်တို့ကို ရွာသားများက တအံတသြကြည့်နေကြသည်။


သူတို့က ထိုစန္ဒယားကြီးကို ရွာထိပ်တွင် ရှိသော ကိုဆိတ်ကြီး ၏ ချက်အရက်ဆို်င်သို့ သယ်သွားကြသည်။


သူ့ဆိုင်ရှေ့ရောက်လာသော မဲမဲအရာကြီးနှင့် စံဘတို့ကို ကို ဆိတ်ကြီး ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။


"ထွန်းရင်..အဲ့ဒါကြီးက ဘာကြီးလဲကွာ"


"ဒါပီနို ဗျ…တီးလို့ရတယ်..အဲ့ဒါကြီး ခင်ဗျားဆီ အရက်နဲ့ လဲသောက်မလို့..လုပ်ဗျာ..အရက် သုံးလုံးနဲ့ စာကလေးကြော်နှစ်ပွဲချ၊ ပဲခြမ်းသုပ်ရရင်လည်းပေး"


"ဟာ..ဒီဟာကြီး ငါ က ဘာလုပ်ရမှာလဲ"

"လုပ်ချင်ရာလုပ်ဗျာ…ကျုပ်တို့မှာ ဒါကြီးကို ရန်ကုန်ကနေတောင် သွားသယ်လာတာနော်…အရက်သုံးလုံးနဲ့ အမြည်းကတော့တန်ပါတယ်ဗျာ.နော့."


ထွန်းရင်က စကားပြောရင်း စံဘကျောတွင် လွယ်ထားသော ဓါးရှည်ပေါ်သို့ လက်တင်လိုက်သည်။


"အေးပါကွာ..တန်ပါတယ်..တန်ပါတယ်..ငါယူထားလိုက်ပါ့မယ်''


နောက်တစ်နေ့ နံနက်တွင် အရက်ဆိုင်ပိုင်ရှင် ကိုဆိတ်ကြီး ၏ ယောက္ခမပိုင် စပါးခင်းတွင် စာခြောက်ရုပ် မရှိတော့။


စာခြောက်ရုပ်နေရာတွင် ပီယာနိုဟု ဆိုသော လေးချောင်းထောက် မဲမဲကြီး ရောက်နေလေတော့သည်။


စာကလေးများကား ထိုမဲမဲကြီးကို ကြည့်ကာ ဝေးဝေးမှ ရှောင်ကွင်းပျံသန်းသွားကြသည်ဟူ၏။


………………………………………………………………………………………………


၁၉၄၂ မတ်လ ၈ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၃၊ တပေါင်းလဆုတ် ၈ ရက်နေ့၊ တနင်္ဂနွေနေ့ အရုဏ်တက်အချိန်တွင် ဂျပန်အမှတ်(၁၅)တပ်မတော်၏ ရှေ့ပြေးဖြစ်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ရန်ကုန်မြို့ကို ဝင်ရောက်လာကြတော့သည်။


ဗမာလွတ်လပ်ရေးတပ်မတော်ကို ရှေ့ပြေးရောက်နှင့်နေသော ဗိုလ်မှူးကြီးနေဝင်း တပ်က မင်္ဂလာဒုံအလွန်မှ ဆီးကြိုခဲ့သည်။


ဗမာလွတ်လပ်ရေးတပ်မတော်ဝင်လာချိန်တွင် ရန်ကုန်မြို့တွင်း ဆီးကြိုခုခံတိုက်ခိုက်မည့်သူမရှိ။ ဈေးဆိုင်များတစ်ခုမျှမရှိတော့။ လူနေအိမ်များ ကလည်း ငြိမ်သက်တိတ်ဆိတ်နေကြသည်။


ဂျပန်အမှတ်(၁၅)တပ်မတော်ကြီး ဝင်လာချိန်တွင်တော့ ရန်ကုန်သည် ပြသနာများစွာဖြင့် ဆီးကြိုနေ၏။


အိန္ဒိယသားများ၊ဥရောပသားများနှင့်ဗမာလူမျိုးကုန်သည်ဈေးသည်လူတန်းစားများ မရှိတော့သည့်အတွက် မြို့တွင်း ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး စီးပွားရေးလုပ်ငန်း (၉၀)ရာခိုင်နှုန်းကျော်မှာ ပျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။


ဘီအိုင်အေနှင့် ဂျပန်မြို့သိမ်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်မည့် ဗြိတိသျှတပ်များကို မကြုံပဲ လူသေကောင်ပုပ်များ၊ ဧရာမကြွက်ကြီးများ၊ ခွေးလေခွေးလွင့်များနှင့်သာ ရင်ဆိုင်လိုက်ရသည်။


အနံ့ဆိုးများကြောင့် မျက်နှာကို အဝတ်စည်းထားရသော ဂျပန်စစ်သားများသည် ဒဏ်ရာရပြီး ကျန်ရစ်သည့် ဗြိတိသျှစစ်သားများ၊ အရပ်သားအင်္ဂလိပ်များကို တွေ့ရာနေရာတွင် လှံစွပ်များဖြင့် ထိုးသတ်နေကြသည်။


ဗြိတိသျှတို့၏ စနစ်ကျသော မြေလှန်စနစ်ကြောင့် ဝယ်စားစရာ၊ လုစားစရာ ရိက္ခာပင်မရှိတော့ သော ဂျပန်စစ်သားများမှာ ဆာလောင်မှုကြောင့် အလွန်ဒေါသထွက်နေကြသည်။


နောက်ဆုံးတွင် ဂျပန်စစ်သားများမှာ မြို့တွင်းတွင် အဆမတန်ထွားကြိုင်းနေကြသော မြေကြွက်ကြီးများကို သတိထားမိသွားကြသည်။


ဂျပန်တပ်များ စခန်းချပြီး သုံးရက်အကြာတွင် ရန်ကုန်မြို့ထဲ သုံးလအကြာ မင်းမူခဲ့ကြသော ကြွက်ကြီးများမှာ ဂျပန့်ရိက္ခာဖြစ်ကုန်ကြလေတော့သည်။


ဂျပန်ရှေ့ပြေးတပ်များသာ ဝင်လာခါစအချိန်တွင် ရန်ကုန်မြို့၏ အုပ်ချုပ်ရေးကို ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်သော မီနာမီကီကန်းအဖွဲ့နှင့် သခင်ထွန်းအုပ်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူလိုက်ကြသည်။


မတ်လ ၁၄ ရက်နေ့တွင် ဆိပ်ကြီး ရွာအတွင်းရှိ ဦးဘိုးသင် ၏ နေရှေ့သို့ လူနှစ်ဦး ရောက်လာကြသည်။


"ဆရာဖိုးတုတ်..ဆရာဖိုးတုတ်"


လမ်းမတော်ဖိုးတုတ်က အနောက်ဘက်ရေတွင်းတွင် မသင်းမြ အတွက် ရေငင်ပေးနေရာမှ ခြံရှေ့သို့ ထွက်လာလိုက်သည်။


"ဟာ..အုန်းဖေ.."


ဖိုးတုတ်က ဝမ်းသာအားရဖြင့် ထွက်လာပြီး အုန်းဖေ ပုခုံးကို ကိုင်လိုက်၏။


''ဆရာဖိုးတုတ်..ကျန်းကျန်းမာမာရှိတာ ဝမ်းသာပါတယ်ဗျာ..အခု…ဆရာဖိုးတုတ်ကို ပြန်လာခေါ်တာ..ရန်ကုန်ကို ဘီအိုင်အေတပ်တွေ သိမ်းလိုက်ပြီ"


"အေး..ငါလည်း..ရေဒီယိုကနေ ကြားပါတယ်…ဒါပေမယ့် အခြေအနေတည်ငြိမ်အောင် ခဏစောင့်မလားလို့"


"မစောင့်နဲ့..ဆရာ..အမြန်ပြန်လာပြီး ကိုယ့်အိမ်ကိုယ် တက်နေတော့..နို့မဟုတ်..ဂျပန်တွေရော၊ ဘီအိုင်အေစစ်ဗိုလ်တွေရော၊ သခင်တွေရော ၊ ဂျပန်စကားပြန်တွေရော၊ လက်မောင်းစည်းစည်းထားတဲ့ကောင်မှန်သမျှက မြို့ထဲက အိမ်တွေကို သူတို့ အမေ့လင်အမွေပေးထားသလိုမျိုး သော့ဖျက်ပြီး တက်နေနေကြပြီ..လမ်းမတော်ဘက်မရောက်ခင် ဆရာတို့ အမြန်လိုက်ခဲ့မှဖြစ်မယ်''


''ဟာ..အဲ့ဒီလိုလားဟ..တော်ကြာ..ငါအိမ်ရော..အမေတို့အိမ်ပါ..တက်နေနေကြရင်တော့ ဒုက္ခပဲ"


"ခုထိတော့ ဆရာတို့ ဘက်ကို ဒီကောင်တွေ မျက်စိမကျသေးဘူး..ဝင်ဒါမီယာ၊ဂိုးဒင်းဗယ်လီက အိမ်တွေတော့ ဒီလေးငါးရက်နဲ့တင် ကုန်သလောက်ရှိနေပြီ"


"အေး..အေး..အဲ့ဒါဆို ခဏနေ ရန်ကုန်ဆင်းကြတာပေါ့…..ခဏစောင့်ကွာ..မသင်းမြရေ..တို့ လိုတဲ့ ပစ္စည်းနဲ့ ရွှေငွေလောက်ပဲယူခဲ့ဟေ့..ကျန်တဲ့ ပစ္စည်းကို နောက်ရက်ကျမှ စံဘ နဲ့ ပို့ခိုင်းမယ်..ဘကြီး ဘိုးဆင် ..ဘကြီးဘိုးဆင်"


ဖိုးတုတ်က ဦးဘိုးဆင် ရှိရာ အိမ်မကြီးပေါ်သို့ တက်သွားလေသည်။


မကြာခင်တွင် ဖိုးတုတ်နှင့် မသင်းမြ တို့သည် အထုတ်ကိုယ်စီပိုက်လျက် အုန်းဖေ နှင့်အတူ မော်တော်တစ်စင်းဖြင့် ရန်ကုန်ဘက်သို့ ကူသွားလေတော့၏။






အခန်း(၂၃)


……………………….


လမ်းမတော်ဖိုးတုတ် တို့သည် ညနေမှောင်ပျပျအချိန်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်သွားကြ၏။


မြို့ပျက်ကြီးလို ဖြစ်ေသော ရန်ကုန်ကို ရဲဘော်သုံးကျိပ်အဖွဲ့ဝင် သခင်ထွန်းအုပ် ၏ The Burma Baho Government လက်အောက်ခံ ပီပီစီ အဖွဲ့ အုပ်ချုပ်နေလေသည်။


လမ်းမတော်ဖိုးတုတ်၊ မသင်းမြ ၊ အုန်းဖေ နှင့် သူ့တပည့်မောင်ကြင် တို့သည် သဗ္ဗာန်ကို ကမ်းကပ်လိုက်သည် နှင့် ကမ်းပေါ်မှ အမိန့်ပေးသံကြားရသည်။


"ရပ်..ဘယ်သူတွေလဲဟေ့..လှေပေါ်က"


ဆိပ်ကမ်းအလင်းရောင်အောက်တွင် ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် လှမ်းချိန်ထားသည်ကို တွေ့လိုက်ရသည်။

အုန်းဖေက လက်ကို မြှောက်ကာ "ဒို့ဗမာ" ဟုအော်လိုက်သည်။


ရိုင်ဖယ်သမားက သေနတ်ပြန်ချသွားသည်။


"ဘယ်ကလာကြတာလဲကွ..ဘာလာလုပ်ကြတာလဲ"


"ကျွန်တော်တို့ လမ်းမတော်ရပ်ကွက်သားတွေပါ..ဟိုဘက်ကမ်းမှာ စစ်ပြေးနေရာက ပြန်လာကြတာပါ"


"အကုန်ဆင်းလာခဲ့"


လမ်းမတော်ဖိုးတုတ် က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို အသင့်ပြင်ထားလိုက်၏။


ပျက်စီးနေသော ဆိပ်ကမ်းတွင် ယာယီထွန်းထားကြသည့် ကညင်ဆီမီးတိုင်အောက် လူခြောက်ယောက်ခန့်ကို တွေ့လိုက်ရသည်။


ခေါင်းဆောင်ဖြစ်သူ က ရိုင်ဖယ်သေနတ်အစုတ်တစ်လက်ကို လွယ်ထားပြီး အင်္ဂလိပ်စစ်တပ်မှ စစ်သားများ အကြမ်းဝတ်လေ့ရှိသော အိုဂျီအင်္ကျီ နှင့် ဘောင်းဘီဝမ်းဆက်ကို ဝတ်ထားသည်။


ခေါင်းတွင် ပန်ချာပီပုလိပ်များ ဆောင်းလေ့ရှိသည့် သက္ကလပ်ဦးထုတ်အဝိုင်းကို ဆောင်းထား၏။


သူ့နောက်မှ လူများမှာလည်း ဓါးရှည်များကိုယ်စီလွယ်ထားပြီး စစ်အင်္ကျီအစုတ်များဝတ်ထားပြီး ပုဆိုးဝတ်သူဝတ် ၊ စစ်ဘောင်းဘီဝတ်သူဝတ်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်ဖြစ်သည်။


တူညီသောတစ်ချက်မှာ သူတို့အားလုံး၏ လက်မောင်းတွင် အနီရောင်လက်ပတ်များ ပတ်ထားကြခြင်းပင်။


''ဟေ့..အကုန် လက်ကို ခေါင်းပေါ်တင်ပြီး ထိုင်ကြစမ်း..မင်းတို့ကို မသင်္ကာဘူး"


လမ်းမတော်ဖိုးတုတ်တို့ အားလုံး လှေပေါ်မှ ဆင်းပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်ကြသည်။


"ဟေ့..မင်းတို့ နာမည်နဲ့နေတဲ့ လိပ်စာတွေ ပြောကြစမ်း"


"ကျွန်တော်အုန်းဖေပါ..စစ်မဖြစ်ခင်က လမ်းမတော်စဉ့်အိုးတန်းထဲမှာ နေပါတယ်။ အခု ကျွန်တော်နေတဲ့အိမ် ဗုံးကျလို့ သရက်တောကျောင်းတိုက်ထဲက ဦးစန္ဒီမာကျောင်းမှာ နေပါတယ်"


အုန်းဖေက ခေါင်းမော့ပြီး စပြောလိုက်သည်။


"ဟာ..ဦးလေးအုန်း"


ထိုစဉ် လူအုပ်ထဲမှ လူငယ်တစ်ဦး ထွက်လာသည်။ လူငယ်က ခေါင်းငုံ့ထားသောလမ်းမတော်ဖိုးတုတ် တို့ လင်မယားကိုပါ တစ်ချက် ကြည့်လိုက်သည်။


"ဒါ..ကျွန်တော့် ဦးလေးကိုအုန်းဖေ နဲ့ ကျွန်တော်အမျိုးတွေပါ..ဗိုလ်စိန်..လူကောင်းတွေပါ..ကျွန်တော် အာမခံပါတယ်"


ဗိုလ်စိန်ဆိုသူက ရိုင်ဖယ်သေနတ်ကို လွယ်ပြီး ခါးထောက်ထားသည်။


"မင်း..အမျိုးတွေဆိုရင်တော့ ခေါ်သွားလိုက်..မောင်မောင်…. ထူးခြားတာရှိရင်..ငါ့လာသတင်းပို့..ကြားလား''


''ဟုတ်ကဲ့ပါ..ဗိုလ်စိန်"


"ကဲ..ဦးလေးတို့လာ..ကျွန်တော်လိုက်ပို့မယ်…လမ်းမှာ နောက်ထပ်စစ်ဆေးရေးအဖွဲ့တွေနဲ့ တွေ့နေရင်..ဒီလိုပဲ ဆက်ဖြစ်နေမယ်..ဦးလေးတို့ကလည်း မိုးချုပ်မှ လာကြတာကိုးဗျ..အန္တရာယ်က များပါဘိနဲ့.."


မောင်မောင် က ပြောပြောဆိုဆိုဖြင့် လမ်းမပေါ်သိုဦးဆောင်ကာ ခေါ်သွားသည်။


ခပ်ဝေးဝေးရောက်သောအခါမှ မောင်မောင် က


"ဆရာကြီးဖိုးတုတ် တို့၊ ဦးလေးအုန်းတို့ ..ပြန်တွေ့ရတာ..ဝမ်းသာပါတယ်ဗျာ.. တော်သေးတာပေါ့..ကျွန်တော်နဲ့တွေ့လို့.. ဆရာကြီးတို့ မလာခင် ပထမ လှေနဲ့လာတဲ့ မိသားစုလည်း ဒီကောင်တွေ ဒီလိုပဲ ဟောက်ပြီးရစ်နေလို့ ရွှေလက်ကောက်တစ်ကွင်း ထုတ်ပေးမှ လွှတ်ပေးလိုက်တယ်''


မောင်မောင် သည် လမ်းတော်ဖိုးတုတ်၏ တပည့် ကွယ်လွန်သူ ငညွန့်၏ တူဖြစ်ပြီး စစ်ကြိုခေတ်တွင် ဖိုးတုတ် ၏ တပည့်လူမိုက်များထဲမှ တစ်ယောက်ဖြစ်သည်။


''မောင်မောင်..မင်းက ဘယ်က ဘယ်လို ဒီထဲရောက်နေတာလဲ..ဒီကောင်တွေကရော ဘာတွေလဲ"


"ကျွန်တော်လည်း ဆရာကြီးတို့ မရှိတော့ ရန်ကုန်မှာ ယောင်လည်လည်ဗျ။ ဗုံးတွေကြဲတော် ရွှေတိဂုံဘုရား ပေါ်က စောင်းတန်းတွေမှာ သွားနေလိုက်..ကန်တော်မင်ထဲက ဘိုအိမ်တွေမှာ ရောင်းလို့ရမယ့် ပစ္စည်းလေး ဝင်မ လိုက်နဲ့ အသက်ဆက်နေရတာပဲ။ အခုတော့ အန္တရာယ်ကင်းအောင် ဘီအိုင်အေထဲ ဝင်ထားလိုက်တာပဲ"


"ခုန သေနတ်နဲ့ကောင် ဗိုလ်စိန် ဆိုတာ..ငါတွေ့ဖူးသလိုပဲကွ..မောင်မောင်"


"ဟာ..ဦးအုန်း ကလည်း…စကော့ဈေးထဲက အိုကေ မှာ ဆံပင်ညှပ်တဲ့ကောင် မောင်စိန်လေဗျာ.. ဘယ်ကနေ ဘယ်လို သခင်စိန်ဖြစ်သွားလဲ မသိဘူး…သခင်စိန် ဆိုပြီး ဘီအိုင်အေစစ်ရုံးထဲဝင်ထွက်နေတာ..အခု သခင်ထွန်းအုပ် ရဲ့ လက်စွဲ ဘီအိုအေဗိုလ် ဖြစ်နေပြီလေ''


"အခုက မင်းတို့က ဘာလဲ ဒီလှေဆိပ်ကို စောင့်တဲ့အဖွဲ့လား"


"ဘယ်က ဟုတ်ရမှာလဲ.. ဒီလှေဆိပ် က ဂျပန်က ဆာဂျင်အီမူရာ ဆိုတဲ့ တပ်စိတ်က စောင့်တာ၊ ဗိုလ်စိန် နဲ့ ကျွန်တော်တို့က ဒီမှာ ညဆို ဂျပန်တွေကို ချိုင်းနားစတန်းမှာဖွင့်ထားတဲ့ ဖာတန်းကို သွားခိုင်းပြီး ကျွန်တော်တို့ စောင့်ပေးပါ့မယ်ဆိုပြီး ဟိုဘက်ကမ်းက ပြန်လာသမျှလှေ ငွေညှစ်လွှတ်နေတာ"


"ဟာ..ချိုင်းနားစတန်း က ဘယ်ကဘယ်လို ဖာအိမ်ဖြစ်သွားတာလဲ"


"ဂျပန်ဝင်ပြီး သုံးရက်နေတော့ ဖြစ်သွားတာပဲ..ဆရာ..ပိုင်ရှင်လောက်ဝီ လည်း ဂျပန်သတ်လို့ သေရှာပြီ။ အရင် စက်ဆန်းထဲက ကိုကြက်ကြားတပည့် သန်းရွှေ က ဂျပန်နဲ့ ဘာအပေးအယူလုပ်လိုက်လဲမသိဘူး..အဲ့ဒီ ဟိုတယ်ပေါ် သူ့ကောင်မ လေးငါးကောင်နဲ့ ဖာတန်းတက်ဖွင့်ထားတာပဲ"


သူတို့ ကျင်လည်ကျက်စားခဲ့ရာ ဌာနချုပ်ဖြစ်ခဲ့သော ချိုင်းနာစတန်း မှာ ဖာတန်းဖြစ်သွားပြီး ပိုင်ရှင်လောက်ဝီ အသတ်ခံရသည့်သတင်းကို ကြားရသည့်အခါ လမ်းမတော်ဖိုးတုတ်ရော၊ အုန်းဖေ ပါ စိတ်မကောင်း ဖြစ်သွားကြသည်။


"အခု ဂျပန်တွေက မလွယ်ဘူးဆရာ။ တရုတ်ဆို ချန်ကေရှိတ်လူဆိုပြီး သတ်တယ်။ ချိန်ကေရှိတ်လူ မဟုတ်ပါဘူးလို့ ငြင်းရင် ကွန်မြူနစ်မော်စီတုန်းလူပဲဖြစ်ရမယ်ဆိုပြီး သတ်တယ်။ ဘိုကပြားဆိုလည်း အင်္ဂလိပ်သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုဖြစ်ဖြစ် ဒီလက်မောင်းပတ် အနီလေး ရှိရင် ဘေးတော့ ကင်းမှာပဲဆိုပြီး ဘီအိုင်အေထဲ ဝင်ထားလိုက်တာ..ဆရာကြီးရေ..ဒါတောင် ဂျပန်စစ်ဗိုလ်တွေက အပျင်းပြေ ဝင်ဝင်ပြီး ပါးရိုက်တာခံရသေးတယ်''


မကြာမီ လမ်းမတော်ဖိုးတုတ်တို့ တိုက်သို့ ရောက်ရှိလေသည်။ ဖိုးတုတ်တို့ကို ထားရစ်ကာ မောင်မောင်က ကမ်းနားသို့ ပြန်သွား၏။


ကျည်ဆံရာ အချို့တွေ့သော်လည်း တိုက်က အကောင်းပကတိ။


"မသင်းမြ နဲ့ အုန်းဖေ ဒီမှာ ခဏနေခဲ့ကွာ..ငါ နဲ့မောင်ကြင် နဲ့ အမေတို့ အိမ်အခြေအနေ သွားကြည့်လိုက်ဦးမယ်"


လမ်းမတော်ဆယ့်လေးလမ်းထဲသို့ လမ်းမတော်ဖိုးတုတ်နှင့် မောင်ကြင်တို့ ဝင်လာကြသည်။


ညဘက်ရောက်ပြီမို့ လမ်းက တိတ်ဆိတ်နေသည်။


တစ်ချက်တစ်ချက် ဒလဟိုဇီလမ်းဘက်ဆီမှ စစ်လောရီကားများ ဖြတ်သွားသံ သာ ကြားရ၏။


"ဟေ့..လူနှစ်ယောက်..ပါလာတဲ့ ငွေထားခဲ့ပြီး..သွားကြစမ်း"


မှောင်ရိပ်ထဲမှ တုတ်ကိုယ်စီဖြင့် တရုတ်သုံးယောက်ထွက်လာကြသည်။


ဖိုးတုတ်နှင့် မောင်ကြင် က ရပ်လိုက်၏။


ဖိုးတုတ်က လွယ်အိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်ပြီး မောင်းတင်လိုက်ရာ တရုတ်သုံးယောက်ရပ်သွားသည်။


"ဟာ..ဆရာကြီးဖိုးတုတ်…ကန်တော့ပါနော်..ကန်တော့ပါ"


"ဘယ်သူများလဲလို့..အဖတ် ပါလား"


"ဟုတ်တယ်..ဆရာကြီးရေ..တရုတ်တန်းက ကျွန်တော်တို့မှာ သူများတွေလို စစ်ပြေးစရာနေရာလည်း မရှိ၊ ဒီရန်ကုန်ကလည်း မခွာချင်နဲ့..ဒီလိုပဲ..တွေ့တဲ့လူဆီ ခြောက်လှန့်စားနေရတာ''


အဖတ် သည် တရုတ်တန်းတွင် မှောင်ခိုဖွင့်ထားသည့် ဘိန်းခန်းတစ်ခုမှ အစောင့်လုပ်နေသည့် တရုတ်လူမိုက်ပေါက်စကလေး ဖြစ်သည်။


"အေး..မင်းတို့ကလည်း ခေတ်ပျက်ထဲမှာ..ဗိုလ်တက်လုပ်ချင်နေကြတော့…ရော့.ငါ့အိတ်ထဲတော့ ဆယ်ရူပီး ပဲပါတယ်။ အဲ့ဒါယူထားလိုက်ကြ။ မဟုတ်တဲ့လူတွေကိုလည်း လိုက်ပြီး ဒုက္ခပေးမနေကြနဲ့ဦး"


တရုတ်သုံးယောက်က ကုပ်ချောင်းချောင်းဖြင့် လှည့်ထွက်သွားကြသည်။


မိခင်ကြီး ဒေါ်ချစ်ပုအိမ်တွင်တော့ ပြတင်းပေါက်များကို ရိုက်ချိုးထားပြီး အတွင်းမှ ပစ္စည်းအချို့ကို ယူဆောင်သွားကြသည်ကို တွေ့ရသည်။


ထိုည တွင်ပင် အုန်းဖေနှင့် မောင်ကြင်က ဘုန်းကြီးကျောင်းမှ အဝတ်အစားထုတ်များယူကာ လမ်းမတော်ဖိုးတုတ် အိမ်တွင် ပြောင်းလာကြသည်။


………………………………………………………………………………………..


"ကိုဖိုးတုတ်..အမသင်းမြ..အမသင်းမြ"


နံနက်စောစောစီးစီး အော်ခေါ်သံကြောင့် ဖိုးတုတ်နှင့် မသင်းမြတို့ နိုးလာကြသည်။


အိမ်ရှေ့တွင် စံဘ နှင့် ထွန်းရင်က အထုတ်အပိုးများနှင့်။


အုန်းဖေ တံခါးထဖွင့်ပေးသည်။


"ဟား..ကိုအုန်းလည်းရောက်နေတာကိုး…ဒီမှာ ကိုအုံး သူ့ကို သိတယ်မဟုတ်လား..ကျွန်တော့်ယောက်ဖလေ"


အုန်းဖေ က ထွန်းရင် ကို ကြည့်လိုက်ပြီး ပြုံးစိစိဖြစ်သွားသည်။


"သိပြီ..ဟိုတစ်ခါ ပီယာနိုမတဲ့ကောင်လေး..ဟေဟေး..ဘယ်လိုလဲကောင်လေး… ပီယာနိုတော်တော်တီးတတ်နေပြီလား ''


''ဘယ်ကသာဗျာ..အဲ့ဒီညနေပဲ အရက်နဲ့ လဲသောက်ပစ်လိုက်ပြီ"


"ဟား..ကောင်းရောဟေ့"


ခဏအကြာတွင် လမ်းမတော်ဖိုးတုတ်နှင့် မသင်းမြ အိမ်ပေါ်မှ ဆင်းလာကြသည်။


"စံဘ အမေ နဲ့ ဘသိန်းရော..သူတို့အိမ်တန်းပြန်သွားတာလား"


"မပါလာဘူး…ကိုဖိုးတုတ်။ ကြီးချစ်ပု က နားအေးပါးအေး ဟိုဘက်ကမ်းမှာပဲ နေဦးမယ်တဲ့။ ဒီဘက်မှာ အခြေအနေနည်းနည်းတည်ငြိမ်မှ ပြန်လာမယ်တဲ့။ ကိုဘသိန်း ကလည်း ကြီးချစ်ပုကို စောင့်ပြီးနေခဲ့တယ်"


"အေး.အေး..ကောင်းပါတယ်ကွာ..ဒီမှာ အမေတို့အိမ်လည်း ဖျက်စီးခံထားရတယ်။ ငါပြင်ပြီး ပြုပြီးမှ သူတို့ကို လှမ်းခေါ်တာကောင်းပါတယ်။ ဒီမှာလည်း အခြေအနေတွေက သိပ်ကောင်းသေးတာမဟုတ်ဘူး။ ဒါနဲ့ ထွန်းရင်က မင်းကို လိုက်ပို့တာလား"


"မဟုတ်ဘူး..ကိုဖိုးတုတ်..ဒီမှာ ကိုဖိုးတုတ်နဲ့အတူ အလုပ်လုပ်ဖို့လာတာ"


"ဟုတ်ပါတယ်..ကိုဖိုးတုတ်..အဖေက မှာလိုက်တယ်..မင်းဒီရွာမှာနေရင်တော့ ငါ့လို ရွာဓါးမြ ပဲ ဖြစ်မှာတဲ့.. ဖိုးတုတ် က မြို့မှာ အဆက်အသွယ်ကောင်းတယ်၊ လူအင်အားကောင်းတယ်။ မင်း မြို့တက်ပြီး ဒီကောင့်ဆီ မှာ အလုပ်လုပ်၊ ပြီးရင် မြို့ဓါးမြ ဖြစ်အောင်လုပ်တဲ့။ ပြီးတော့ ချောရင် က အဖေ့ကို ပြုစုဖို့ ကျန်ရစ်တယ်..ပြီးတော့ အဖေက မှာလိုက်သေးတယ်..ဒီကောင်စံဘ သူ့သမီးကို သစ္စာဖောက်ပြီး မြာပွေရင် ဖြစ်တဲ့နည်းတဲ့ သတ်ခဲ့တဲ့''


ထွန်းရင်စကားကြောင့် စံဘက ပြုံးစိစိဖြစ်သွားသည်။


"ဦးမြတ်လှကြီးကတော့ကွာ..ငါ့ခေါင်းပေါ် ဗြဟ္မာ့ဦးခေါင်းတွေ တင်ပေးလိုက်ပြီ..ကဲ..ကဲ..အေးပါကွာ.ထွန်းရ မင်းလည်း ငါ့ညီ ပါပဲ။ အခုလောလောဆယ်တော့ အိမ်မှာ လူများတော့ ကောင်းတာပေါ့။ နောက်ကျ အခြေအနေကြည့်ပြီး ငါ့အလုပ်တွေလည်း ပြန်စရမယ်''


''ဟုတ်ကဲ့..ကိုဖိုးတုတ်..အကို ကျွန်တော့်ကို ခိုင်းချင်ရာခိုင်းပါ။ ကျွန်တော်က ရန်ကုန်နေရပြီးတာပဲ''


"အေးပါ..ထွန်းရင်ရယ်..မင်းက ရောက်ကတည်းက ဓါးမြတိုက်မယ်၊ သတ်မယ်ဆိုတာချည်းပြောနေတော့ ငါ့မိန်းမ မသင်းမြတောင် မင်း..ကြောက်နေပြီ."


ရန်ကုန်မြို့၏ အခြေအနေမှာလည်း ယခင်ကနှင့် လုံးလုံးကွဲပြားနေသည်။


ဂျပန်တပ်များတဖွဲဖွဲ ရန်ကုန်သို့ ဝင်နေကြပြီး သခင်ထွန်းအုပ် အစိုးရ ကလည်း အုပ်ချုပ်ရေးကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်ကြ။


စနစ်တကျမလေ့ကျင့်ရသေးသော ဘီအိုင်အေတပ်ဖွဲ့ဝင်တို့သည် မြို့လုံခြုံရေးကို ဂျပန်တပ်အချို့ နှင့် ပူးတွဲ တာဝန်ယူကြသည်။


သို့သော် ဘီအိုင်အေအဖွဲ့ဝင်များမှာ သေချာစိစစ်လက်ခံထားခြင်းမဟုတ်ပဲ အင်္ဂလိပ်ခေတ်တွင် ပြစ်ချက်ရှိသူ လူဆိုးလူမိုက်များ ပါ ရောထွေးပါဝင်နေခြင်းကြောင့် အချို့နေရာများတွင် ထိုသူများကပင် ဘီအိုင်အေအမည်ကို အလွဲသုံးစားလုပ်ကာ လုယက်မှုများ၊ ဓါးမြမှုများ ကျူးလွန်ကြသည်။


လူယက်မှုကျူးလွန်သူများကို ဂျပန်စစ်တပ်က မိပါက လှံစွပ်ဖြင့် နေရာတွင်ပင်ထိုးသတ်ပစ်ကြ၏။


သို့သော် ထိုဂျပန်စစ်သားများကိုယ်တိုင်က လုယက်မှု၊ မုဒိန်းမှုများကျူးလွန်လျင်မူ ပြည်သူလူထုမှာ ဘယ်သွားတိုင်ရမှန်း မသိတော့။


ရန်ကုန်မြို့ကို အနောက်ဖက်မှ ဝင်ရောက်လာကြတော့ မေဂျာဆာတိုး ၏ တပ်သည် ရန်ကုန်မြို့ လုံခြုံရေးနှင့် သန့်ရှင်းရေးကို ခေတ္တတာဝန်ယူလိုက်သည်။


မေဂျာဆာတိုးတပ်သည် ရန်ကုန်မြို့ ရပ်ကွက်များအတွင်း ဖာသိဖာသာနေကြသော လူများကို သေနတ်ဖြင့် ခေါ်ထုတ်ကာ လမ်းမတွင် ပြန့်ကျဲပုပ်ပွနေသော အလောင်းများကို ရှင်းလင်းသင်္ဂြိုလ်ခိုင်းကြသည်။


တစ်မြို့လုံးအနှံ့ ဒုက္ခပေးနေသည့် ကြွက်များ၊ ခွေးလေခွေလွင့်များကို ရှာဖွေသတ်ဖြတ်ခြင်း၊ ဗုံးဒဏ်ထိ အဆောက်အဦးများမှ ကျလာသည့် လမ်းပေါ်မှ အပျက်အစီးများ၊ ယာဉ်ပျက်များကို ဖယ်ရှားခြင်းများ ပြုလုပ်ကြရသည်။


ထိုအချိန်တွင် အင်္ဂလိပ်ခေတ်က ရှိခဲ့သော လူမှုရေးပြသနာများကို ယခု အုပ်ချုပ်ရေးပျက်ပြားချိန်မှာ ဖြေရှင်းကြသည့် ဓါးခုတ်ပွဲများ၊ လင်ယောက်ျားကို ဝိုင်းရိုက်သတ်ကာ ဇနီးသည်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းများ လည်း ဖြစ်ပေါ်လာနေကြသည်။


မတ်လ (၁၆)ရက်နေ့၊ ညနေခင်း။


လမ်းမတော်ဖိုးတုတ်တို့ မိသားစုနှင့် တပည့်များသည် အုန်းဖေ ရှာဖွေဝယ်ယူလာသည့် သိုးသားဆီသွပ်ဗူး၊ စံဘယူလာသည့် ငါးရံခြောက်တို့ကို ဟင်းလုပ်ကာ ညစာစားနေကြလေသည်။


ထိုအချိန်တွင် အိမ်ရှေ့သို့ ကားတစ်စင်း ထိုးရပ်သံကြားလိုက်ရသည်။


စံဘက ထမင်းစားနေရာမှ ရပ်ကာ တံခါးထဖွင့်လိုက်သည်။


ကားပေါ်မှ ဂျပန်စစ်သားများ လက်နက်ကိုယ်စီဖြင့် ဆင်းလာကြသည်။


ရှေ့ဆုံးမှ ဂျပန်စစ်ဗိုလ်နှင့် လက်မောင်းတွင် ဘူးသီးငါးပေါင်းကြော်ဂျပန်စာများပါသည့် လက်ပတ်အနီ ပတ်ထားသော ဗမာတစ်ဦး ဆင်းလာကြသည်။


"ဒါ ဦးဖိုးတုတ်တို့ အိမ်လား..ခင်ဗျ"

ထမင်းစားဝိုင်းမှာ ရုတ်တရက်ရပ်တန့်သွားသည်။


လမ်းမတော်ဖိုးတုတ်က လက်ဆေးဇလုံတွင် လက်ကို နှစ်ဆေးလိုက်သည်။ထို့နောက် အနောက်ဘက်သို့ ဝင်သွားပြီး ရေဘုံဘိုင်မှ ဆပ်ပြာခဲဖြင့် ထပ်ဆေးလိုက်သည်။


ထို့နောက် အပြင်ပြန်ထွက်လာပြီး လက်သုပ်ပုဝါဖြင့် လက်ကို သုပ်ကာ


"ကျွန်တော်..ဖိုးတုတ် ပါ….ဘာများ ရှိလို့လဲခင်ဗျ"


"ကျွန်တော်က နိပွန်တပ်မတော်ရဲ့စကားပြန် မောင်စိန်ဒိုင်ပါ။ ဒါကတော့ နိပွန်တပ်မတော်၊ တပ်မ(၃၃)၊ အမှတ် (၂၁၄)ခြေလျင်တပ်ရင်းက စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကာဝါရှီမ လို့ ခေါ်ပါတယ်"


"ဟုတ်ကဲ့..ထိုင်ကြပါ..ထိုင်ကြပါ"


ဗိုလ်ကာဝါရှိမ နှင့် မောင်စိန်ဒိုင်တို့က ကုလားထိုင်များတွင် ဝင်ထိုင်သည်။


"ဦးဖိုးတုတ်..ဒီကို ပြန်ရောက်တာ ဘယ်နှစ်ရက်ရှိပြီလဲ"


"သုံးရက်ရှိပါပြီ..မောင်စိန်ဒိုင်"


စကားပြန်က ဂျပန်စစ်ဗိုလ်ကို ဂျပန်ဘာသာဖြင့် ရှင်းပြလိုက်သည်။


ဂျပန်စစ်ဗိုလ်က ခေါင်းငြိမ့်ပြီး ဂျပန်လို ပြန်ပြောသည်။


"ဒီလို ဦးဖိုးတုတ် ၊ ဦးဖိုးတုတ် ဟာ လွန်ခဲ့တဲ့ သုံးရက် ညဘက်က လမ်းမတော်ဆယ့်လေးလမ်းထဲမှာ လူသုံးယောက်ကို သေနတ်နဲ့ ထုတ်ချိန်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဗိုလ်ကာဝါရှိမ ဆီမှာ တိုင်ချက် ရထားပါတယ်တဲ့။ အဲ့ဒီသေနတ်ကို ဘယ်ကရပါသလဲဆိုတာ ဗိုလ်ကာဝါရှိမက သိချင်နေတယ်"


အိမ်ထဲတွင် ရှိသူအားလုံး မျက်စိမျက်နှာ ပျက်ကုန်ကြသည်။ ဗိုလ်ကာဝါရှိမ ဘေးတွင် ပါလာသော ဂျပန်စစ်သားများကလည်း ရိုင်ဖယ်သေနတ်များကို အသင့်အနေအထား ကိုင်ထားကြ၏။


လမ်းမတော်ဖိုးတုတ် က မူ အိန္ဒြေမပျက်။


"ကျွန်တော် အင်္ဂလိပ်ခေတ်က လိုင်စင်နဲ့ ကိုင်တဲ့သေနတ်ပါ"


စကားပြန်က ဘာသာပြန်ပေးလိုက်သည်။


"အဲ့ဒီလိုင်စင်ကို ပြလို့ရမလားတဲ့''


''စစ်ပြေးတုန်းက ဟိုရွှေ့ဒီရွှေ့နဲ့ ဘယ်နားပျောက်နေမှန်းမသိပါဘူး"


"ဦးဖိုးတုတ်ဟာ အင်္ဂလိပ်ခေတ်က လူဆိုးလူမိုက်တစ်ယောက်လို့ လာတိုင်တဲ့သူက ပြောလို့ သိရပါတယ်တဲ့..လူဆိုးလူမိုက်တစ်ယောက်ကို သေနတ်လိုင်စင်နဲ့ပေးကိုင်ရလောက်အောင်အထိ အင်္ဂလိပ်အစိုးရက မမိုက်မဲဘူးလို့ ထင်ပါတယ်တဲ့ဗျ''


ဖိုးတုတ် က သက်ပြင်းချလိုက်သည်။


"ဟုတ်ပါတယ်..ကျွန်တော် တရုတ်တန်းက မိတ်ဆွေတစ်ယောက်ဆီက ဝယ်ထားတာပါ"


ဂျပန်စစ်ဗိုလ် က မျက်ပေါက်များကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။


"ဗိုလ်ကာဝါရှိမ က ဦးဖိုးတုတ်အနေနဲ့ အခု ရန်ကုန်ရဲ့ တရားဥပဒေစိုးမိုးရေးကို ကူညီပေးချင်တယ်ဆိုရင် အဲ့ဒီ သေနတ်ကို ဂျပန်တပ်မတော်လက်ကိုအပ်ပြီး..ဂျပန်တပ်မတော်ရဲ့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ ခဏတော့ လိုက်ခဲ့စေချင်ပါတယ်တဲ့"


"ရပါတယ်..ရပါတယ်…ကျွန်တော် သေနတ် က အပေါ်ထပ်မှာ ထားတာမို့ တက်ယူလိုက်ပါဦးမယ်"


ဖိုးတုတ်က အိမ်ပေါ်သို့ တက်လိုက်သည်နှင့် ဂျပန်စစ်သားနှစ်ယောက်က သေနတ်အသင့်အနေအထား ဖြင့် နောက်မှ ပါလာသည်။


ဖိုးတုတ်က လွယ်အိတ်ထဲမှ သေနတ်ကို ယူလာပြီး အောက်သို့ ဆင်းလာသည်။


သေနတ်ထဲမှ ကျည်ခွံများကို ထုတ်ကာ ကာဝါရှိမ လက်သို့ အပ်လိုက်သည်။


"ကဲ..ဦးဖိုးတုတ်..သွားကြစို့"


"ကျွန်တော် အပေါ်ဝတ်အင်္ကျီလေး ထပ်ပါရစေဦး''


ဖိုးတုတ် က အနောက်ဘက် အိပ်ခန်းအရှေ့တွင် ချိန်ထားသော ကုပ်အင်္ကျီကို သွားကာ ယူဝတ်လိုက်သည်။


ထိုအချိန်တွင် အခန်းထောင့်တွင် ရပ်နေသော ထွန်းရင်က လေသံကလေးဖြင့် ကပ်ပြောသည်။


"အကို..ကျွန်တော့်ခြေရင်းမှာ ဓါးမတစ်ချောင်းယူထားတယ်..ကျွန်တော်ဟို ဂျပန်ကောင်ကို ဝင်ခုတ်မယ်..အကို သေနတ်ကို လုမလား"


ဖိုးတုတ်က ခေါင်းခါပြလိုက်သည်။


ထို့နောက် မသင်းမြ ဆီ သွားပြီး မသင်းမြ၏ ကျစ်ဆံမြီးကို ကိုင်ကာ သူ့မျက်နှာတွင် ပွတ်လိုက်သည်။


"အကို ပြန်လာခဲ့မယ်..မသင်းမြ..ပြန်လာခဲ့မယ်"


ထို့နောက် သူ့တပည့်များဘက်သို့ လှည့်ကာ


"အုန်းဖေ ၊ စံဘ မင်းတို့ ငါပြန်မလာမချင်း..ငါ့မိန်းမကို စောင့်ရှောက်ကြ၊ ဟိုကောင် ဂန္ဓမာသတင်းကိုလည်း နားစွင်ထားကြဦး..ငါလိုက်သွားလိုက်ဦးမယ်"


ဂျပန်စစ်သားတစ်ယောက်က ဖိုးတုတ်ကို လက်ပြန်ကြိုးတုတ်လိုက်သည်။


လမ်းမတော်ဖိုးတုတ်က ဂျပန်စစ်သားများ၏ ကားပေါ်သို့ ခပ်အေးအေးပင် တက်လိုက်သွား၏။


…………………………………………………………………………………………………………….


လမ်းမတော်ဖိုးတုတ် အား ယခင် ဘုရင်ခံအိမ်တော်နေရာတွင် ဖွင့်လှစ်ထားသော ဂွန်ဆေဘု(Gunseibu) ခေါ် ဂျပန်စစ်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်သွားလေသည်။


လမ်းမတော်ဖိုးတုတ် အား အခန်းတစ်ခုထဲတွင် ထိုင်ခိုင်းထားကာ ဂျပန်စစ်သားများက အပြင်သို့ ပြန်ထွက်သွားကြ၏။


နာရီဝက်ခန့်အကြာတွင် တပ်ကြပ်အဆင့်ဂျပန်စစ်သားတစ်ဦး ဝင်လာသည်။


လက်ထဲတွင်လည်း လှံစွပ်အလွတ်တစ်ခုကို ကိုင်ထားသည်။


ဂျပန်စစ်သားက အရက်နံ့များလည်း ထောင်းထောင်းထနေ၏။


"အာယူ အင်္ဂလိ စပိုင်း..အာယူ ချိုင်းနိစ်စပိုင်း"


လမ်းမတော်ဖိုးတုတ်က မိမိအား သူလျှို၏ စွပ်စွဲနေကြောင်း နားလည်လိုက်သည်။


"နိုး..ဆြာ..အိုင်အမ်နော့စပိုင်"


"ခူးရကား..ယူအာ စပိုင်..ယူအာ စပိုင်"


ဂျပန်စစ်သားက ပြောပြောဆိုဆိုဖြင့် ဖိုးတုတ်၏ ရင်ဝကို စစ်ဖိနပ်ဖြင့် စောင့်ကန်လိုက်ရာ ဖိုးတုတ်သည် ကုလားထိုင်ပေါ်မှ နောက်သို့ လန်ကျသွားသည်။


ထိုအချိန်တွင် ဖိုးတုတ် အား ခေါ်ဆောင်လာသည့် ဂျပန်အရာရှိ ဗိုလ်ကာဝါရှိမ နှင့် ဂျပန်စစ်ဗိုလ်တစ်ယောက်အခန်းတွင်းသို့ ဝင်လာသည်။


ဖိုးတုတ်အား စောင့်ကန်သော ဂျပန်တပ်ကြပ်မှာ သတိဆွဲကာ အလေးပြုလိုက်၏။


ဂျပန်စစ်ဗိုလ်က ဖိုးတုတ်ကို "ဆောရီး..ဆောရီး" ဟု ပြောကာ လာထူပေးလိုက်သည်။ ထို့နောက် လက်တွင် ချည်ထားသော ကြိုးများကို ဖြည်ပေးလိုက်၏။


ဂျပန်စစ်ဗိုလ် ကာဝါရှိမက ဖိုးတုတ်ကို ထူပြီးနောက် ဂျပန်တပ်ကြပ်ကို အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်ရာ တပ်ကြပ်မှာ သတိဆွဲထားလိုက်လေတော့သည်။


ဗိုလ်ကာဝါရှိမ ဂျပန်တပ်ကြပ်အား ပါးကို ဘယ်ပြန်ညာပြန်ရိုက်လေသည်။ ပါးတစ်ချက်ရိုက်တိုင်း တပ်ကြပ်မှာ ဘေးသို့ ယိုင်ယိုင်သွားသော်လည်း သတိအမြန်ပြန်ဆွဲလိုက်ရသည်။ ဗိုလ်ကာဝါရှိမ က ဂျပန်တပ်ကြပ်၏ ရင်ဘတ်ကို ခြေထောက်နှင့် စောင့်ကန်လိုက်ရာ တပ်ကြပ်မှာ လဲကျသွား၏။ ထို့နောက် ကမန်းကတန်း ပြန်ထကာ သတိပြန်ဆွဲရပြန်သည်။


ထိုအချိန်တွင် စကားပြန် စိန်ဒိုင် ဝင်လာသည်။


"ကဲ..ဦးဖိုးတုတ်..ခင်ဗျားကို..လောလောဆယ်ရန်ကုန်လုံခြုံရေးတာဝန်ယူထားတဲ့ မေဂျာဆာတိုး ဆီ ကို ဆက်လွှဲပြောင်းပေးဖို့ ဂျန်နရယ်မီဒါ က နှုတ်မိန့်ပေးလိုက်တယ်။ ခင်ဗျား ကံကောင်းတာက မနေ့ကမှ ရန်ကုန်ကို ဝင်လာတဲ့ ကင်ပေတိုင်တွေလက်ထဲမရောက်တာပဲ။ ဒီကောင်တွေလက်ထဲ ရောက်သွားရင်တော့ ခင်ဗျား သေတာထက် အခြေအနေဆိုးသွားမယ်..ဦးဖိုးတုတ်ရေ..ကဲ..ဒီမှာ ခင်ဗျားကို လာခေါ်တဲ့ ဒုဗိုလ် ယိုနာကီ တဲ့။ သူနဲ့ လိုက်သွားပေတော့"


ဖိုးတုတ် ကား စိတ်ဒုံးဒုံးမချနိုင်သေး။


ဂျပန်များက သူ့ကို အလွှဲအပြောင်းလုပ်နေကြသည်။


ဒုဗိုလ်ယိုနာကီ သည် အသက် (၂၀)ဝန်းကျင်သာရှိဦးမည့် လူငယ်လေးဖြစ်သည်။


သူက ဖိုးတုတ်ကို ပြုံးပြသည်။ ယနေ့ ဖိုးတုတ် တွေ့ဖူးသမျှ ဂျပန်များထဲတွင် ယိုနာကီ သည် အယဉ်ကျေးဆုံး ပြုံးတတ်သူဖြစ်ပင်။


ယိုနာကီက ဂျပန်ဓါးရှည်တရမ်းရမ်းဖြင့် ထွက်သွားပြီး ဖိုးတုတ်က နောက်က လိုက်သည်။


လက်ကို ကြိုးမတုတ်သည့်အပြင် အခြားစစ်သားအစောင့်အရှောက်ပါ မပါတော့သည့် အတွက် စဖမ်းလာစဉ်ကထက် အခြေအနေ ပိုကောင်းသည် ဟု ဖိုးတုတ် တွေးမိလိုက်သည်။


ခဏအကြာတွင် စစ်ရုံးမှောင်ရိပ်တွင် ရပ်ထားသော ဂျပန်အလံတပ် ကားတစ်စီးကို တွေ့ရလေသည်။


ဒုဗိုလ်ယိုနာကီ က ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ဖိုးတုတ်ကို တက်စေသည်။


ထို့နောက် သူက ဒရိုင်ဘာဘေးတွင် ဝင်ထိုင်လိုက်၏။


ကားက ဘုရင်ခံခြံဝန်းထဲမှ မောင်းထွက်သွားသည်။


အလုံလမ်းပေါ်သို့ ကွေ့ပြီးသောအခါ မှောင်ရိပ်ထဲတွင် ကားကို ရပ်လိုက်သည်။


ကားမောင်းသူ ဂျပန်စစ်သားသည် နားရွက်ဖုံးပိတ်ဦးထုတ်ကို ဝတ်ထားပြီး၊ လက်မောင်းတွင် နေဝန်းနီတံဆိပ် ပတ်ထားသည်။


ထိုသူက စီးကရက်ဗူးကို ထုတ်ကာ ဘေးတွင်ထိုင်နေသော ဒုဗိုလ်ယိုနာကီကို တစ်လိပ်ကမ်းကာ မီးခြစ်ဆံဖြင့် မီးညှိ့ပေးလိုက်၏။


ထို့နောက် ဖိုးတုတ်ဆီသို့ စီကရက်တစ်လိပ်ကို လက်နောက်ပြန်ကမ်းပေးလိုက်ရင်း


"ကဲ..ဖိုးတုတ်..ချိုင်းနားစတန်းကတော့ ဖာတန်းဖြစ်သွားပြီ..ငါတို့ အခု ဘယ်မှာ သွားသောက်ကြမလဲ"


"ဟာ..ဂန္ဓမာ…"


ဖိုးတုတ်မှာ အံသြလွန်းသဖြင့် ပါးစပ်မှပင် အသံထွက်အော်မိလိုက်သည်။






အခန်း(၂၄)


……………………….


ဂန္ဓမာသောင်းရီက ဖိုးတုတ် ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။


"ဘယ်လိုလဲ..ခွေးသူတောင်းစားရေ.. တောအရက်တွေချည်း ခွသောက်လာလို့ထင်တယ်..မျက်နှာတောင် နည်းနည်းဖောလာတယ်"


"ဟေ့ကောင်…စောက်ရူး...တောအရက်သောက်တဲ့ရုပ်လားသေချာကြည့်…ကော့ညက်တောင် သောက်ရသေးတယ်ကွ.. ဒါနဲ့ မင်းက ဘယ်လို ဖြစ်လို့ဂျပန်စစ်သားပုံပေါက်နေရတာလဲ… မသောင်းရောဘယ်မှာလဲ"


"အေး..ငါလည်း မင်းကို မေးစရာတွေ ပြောပြစရာတွေအများကြီးကွ..လောလောဆယ်.. ဒီ ဂျပန်ဗိုလ်လေးကို ပြန်ပို့လိုက်ဦးမယ်..ပြီးမှ ငါ့အိမ်မှာ သွားသောက်ကြတာပေါ့"


"မင်း..အိမ်..ဘယ်အိမ်လဲ..လမ်းမတော်ကအိမ်လား"


"မဟုတ်ဘူးကွ..အခု ငါနဲ့ မသောင်း..ရွှေတောင်ကြားထဲက အိမ်မှာနေတာ။ ချိုက်ဟုန်နဲ့ တခြံတည်းပဲ"


"ဟာ..ဟုတ်လှချည်လားဟ…စောက်ရူးက ကောင်းစားနေတာ''


ဂျပန်စစ်ဗိုလ်အား ဘီအိုင်အေစစ်ဌာနချုပ်ဖွင့်ထားသည့် ပက်တ်ဟိုတယ်ရှေ့သို့ ပို့ပေးခဲ့ပြီး ရွှေတောင်ကြားသို့ မောင်းလာကြသည်။


ရွှေတောင်ကြားရှိ ကုန်းမြင့်ပေါ်မှ ခြံကြီးတစ်ခြံသို့ ကား ကွေ့ဝင်လိုက်သည့်အခါ အဝတွင် စောင့်နေသာ ဂျပန်စစ်သားနှစ်ဦးက ဖိုးတုတ်တို့စီးလာသော ကားကို အလေးထပြုသည်။


"ဟေ့…ဂန္ဓမာ…ဂျပန်တွေက အလေးတွေဘာတွေပြုလို့ပါလားကွ….မင်း ဂျပန်မယားဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"


"မင်းအမေ့လင် ဂျပန် မယားဖြစ်ရမှာလားကွ……"


ကားက ခြံထဲမှ ဥရောပပုံစံ အိမ်မဲကြီးကို ကျော်သွားပြီး ထောင့်ဘက်မှ တိုက်ခံပျဉ်ထောင်အိမ်ကလေးရှေ့တွင် ရပ်လိုက်သည်။


အိမ်ထဲသို့ ဝင်လိုက်ကြသောအခါ..မသောင်းက အိပ်ရာမှ ထလာသည်။


"ဟယ်..ကိုဖိုးတုတ်ကြီးနဲ့တွေ့လာတာလား..ဝမ်းသာလိုက်တာရှင်"


"အသောင်း…မောင်တို့ စကားပြောရင်း..သောက်ကြမလို့….ဟိုနေ့က ဆာကေးနှစ်လုံး ကျန်တယ်မဟုတ်လား"


မသောင်းက ဆာကေးနှစ်လုံး နှင့် ဖန်ခွက်သွားထုတ်လာသည်။


အမြည်းအဖြစ် ဘဲဥနှစ်လုံးကို ချက်ချင်းကြော်ပေး၏။


"သူငယ်ချင်း..ချကွာ..ဒါ ဂျပန်အရက်ကွ..ဆာကေးတဲ့ကွ"


"ဂန္ဓမာ..မင်းက ရမ်မှ သောက်တာလေ..အခုဟာက ဘာအရက်ကြီးတုန်း"


"မင်းကလဲကွာ..အင်္ဂလိပ်ခေတ်ကတော့ ရမ်ပေါ့ကွ..အခုကျ ရမ်က မလွယ်ဘူးလေကွာ..ဆာကေး တောင် ငါတို့မို့ သောက်ရတာဟ..သောက်ကြည့်ပါဟ..ဂျပန်တောအရက်ပေါ့ကွာ."


ဖိုးတုတ် က ဂန္ဓမာ ထည့်ပေးသော ခွက်ကို မော့ချလိုက်သည်။


"မသင်းမြတို့၊ ကြီးချစ်ပုတို့၊ဘသိန်းတို့ အားလုံး နေကောင်းကြတယ်နော်..ဖိုးတုတ်"


"အေးကောင်းပါတယ်..အခု အမေနဲ့ ဘသိန်းကတော့ ဟိုဘက်ကမ်းမှာပဲ…အခု ငါ့အိမ်မှာ စံဘရယ်၊ စံဘယောက်ဖရယ်၊ အုန်းဖေနဲ့ သူ့တပည့်တစ်ယောက်ရယ်နေကြတယ်ကွ..မင်းကို ငါတို့ လိုက်ရှာနေတယ်..နေစမ်းပါဦး..မင်းက ဗုံးကြဲတဲ့နေ့က ဘာလို့ ပြန်ပေါ်မလာတာလဲ''


"အေး..ငါလည်း..မင်းကို အဲ့ဒါပြောပြမလို့..အဲ့ဒီနေ့က ငါတို့ အိမ်ပြန်ပြီး ပစ္စည်းတွေ ပြန်ယူကြတော့"


……………………………………………………………………………………………………………………….


ထိုညက ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့ စဉ့်အိုးတန်းလမ်းရှိ အိမ်သို့ အပြေးအလွှားပြန်လာကြသည်။


အိမ်ရှေ့အရောက်တွင် အထုတ်လေးတစ်ထုတ်ဖြင့် အမှောင်ရိပ်ထဲ ရပ်နေသော ချိုက်ဟုန် ကို တွေ့လိုက်ရ၏။


"ချိုက်ဟုန်..ညီမလေး…ဘယ်ကတည်းက ရောက်နေတာလဲ"


ချိုက်ဟုန်က ခေါင်းကို ငုံ့ထား၏။


"ဟဲ့..ချိုက်ဟုန်..နင့်အမ..မေးနေတယ်လေ..ဘာဖြစ်တာလဲလို့"


ဂန္ဓမာ၏ အသံမာမာကြောင့် ချိုက်ဟုန် ခေါင်းမော့လာသည်။ ညက အလင်းရောင်မရှိသလောက် ဖောင်းဖောင်းအစ်အစ် ပါးမို့မို့ ဖြူဖြူ ပေါ်တွင် မျက်ရည်စတွေရှိနေကြောင်း ချိုက်ဟုန်၏ ရှိုက်သံက သက်သေခံနေသည်။


"ကျွန်မ ကြောက်လို့ပါ..ကိုကြီးဂန္ဓမာရယ်..တန်းလျားမှာ အကုန်ပြေးကုန်ကြပြီ…ဘယ်သူ့မှမရှိတော့ဘူး...ကျွန်မလည်း ဘယ်ပြေးရမှန်း မသိတော့လို့ပါ"


ဂန္ဓမာသောင်းရီ နှင့် မသောင်းတို့ မင်္ဂလာဆောင်ပြီးချိန်မှစပြီး ချိုက်ဟုန်မှာ မော်တင်ကမ်းနားမှ တန်းလျားမှ အခန်းထဲတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။


ရုန်းကန်နေရသော တကောင်ကြွက်မလေးအဖို့ ရန်ကုန်တွင် အားကိုးစရာအခြားမရှိ။ ရန်ကုန်မှ မဟုတ် အခြားတစ်ရပ်တစ်ပါး ဘယ်ဆီဘယ်သို့ ပြေးရမှန်းမသိ။


မသောင်းက မျက်ရည်စများနှင့် ချိုက်ဟုန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။


ဂန္ဓမာသောင်းရီ က သူတို့နှစ်ဦးကို တွေတွေကြီး ရပ်ကြည့်နေ၏။


"အသောင်းတို့ ..ချိုက်ဟုန်ကို ကိုဖိုးတုတ်တို့ဆီ ခေါ်သွားကြမယ်လေ..မောင်"


ဂန္ဓမာက မျက်နှာလွှဲကာ စဉ်းစားနေ၏။


"မောင်..ဘာဖြစ်နေတာလဲ"


"မဟုတ်ဘူး..အသောင်း..ဖိုးတုတ်တို့ဆီ သွားရင်..ချိုက်ဟုန် ပါလို့မရဘူး"


"ဘာဖြစ်လို့လဲ..မောင်..ချိုက်ဟုန်တစ်ယောက်အတွက်တော့ ဘာမှ မဖြစ်ပါဘူး"

"..ဘာဖြစ်ရမလဲဟ…ဖိုးတုတ် က ငါ့သူငယ်ချင်း၊ ဖိုးတုတ် မိန်းမ မသင်းမြ ကလည်း ငါ့သူငယ်ချင်း မိန်းမ၊ ချိုက်ဟုန် ကလည်း နင့်ညီမလိုဖြစ်နေမှတော့ ငါ့ညီမလိုပဲ..ဒီစစ်ကြီးက ဘယ်အထိ ဖြစ်မှာမှန်းမသိဘူး..သူတို့ တွေအားလုံး အနေခက်မယ့်ကိစ္စ ငါဘာလို့လုပ်ရမလဲ.."


ရုတ်တရက် ဒေါသတကြီး ပြောလိုက်သော ဂန္ဓမာ၏ စကားကြောင့် မသောင်းပင် အသံများတိတ်သွားသည်။


အားကိုးရာမဲ့နေသော ချိုက်ဟုန်က အိခနဲ ငိုရှိုက်လိုက်သည်။


ဂန္ဓမာက စိတ်ရှုပ်စာဖြင့် ထိုးဖွထားသော သူ့ဆံပင်များကို နောက်သို့ သပ်တင်လိုက်ပြီး…


"ဆောရီး..အသောင်း..မောင်စိတ်ရှုပ်ထွေးသွားလို့ပါ..ဆောရီး…အခု မောင်ဆုံးဖြတ်လိုက်ပြီ..ဖိုးတုတ်တို့နဲ့ မောင်တို့ လိုက်မသွားတော့ဘူး..ချိုက်ဟုန်ကို မောင်တို့နဲ့ ခေါ်သွားမယ်."


"ဘယ်ကိုခေါ်သွားမှာလဲ..မောင်"


"အသောင်းတို့…ဗိုလ်တစ်ထောင်လှေဆိပ်အထိ လမ်းလျှောက်နိုင်လား."


မသောင်းနှင့် ချိုက်ဟုန်က ခေါင်းငြိမ့်ပြလိုက်သည်။


ဂန္ဓမာသောင်းရီ ဘဝတွင် စိတ်ရောကိုယ်ပါ အားထားရာကား သုံးဦးသာရှိသည်။


ပထမတစ်ဦးကား ရေနံအင်ဂျင်နီယာ ရွှေသာ ၏ ဇနီး ဒေါ်မမလေး။


ရှမ်းလူမျိုး စော်ဘွားအမတ်မျိုးနွယ်ဖြစ်သော ရေနံအင်ဂျင်နီယာ ဦးရွှေသာ မှာ ပုဇွန်တောင်မှ မမယ်လှအား ဒုတိယမယားအဖြစ် သိမ်းပိုက်ပြီး သောင်းရီ ကို မွေးဖွားခဲ့သည်။


သောင်းရီမှာ ဒုတိယမယားမှ မွေးဖွားခဲ့သော်လည်း ပထမဇနီး ဒေါ်မမလေး၏ အချစ်တော်ကလေးဖြစ်ခဲ့သည်။


သို့သော် ငယ်စဉ်ကတည်းက ဖခင်နှင့် အစေးမကပ်ခဲ့သော သောင်းရီမှာ ဦးရွှေသာရော မမယ်လှ ပါ ကွယ်လွန်ပြီးသည့်နောက် ရန်ကုန်မြို့၏ လူဆိုးလေးများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။


ရန်ကုန်ဘူတာကြီး ပန်းဒိုင်များမှ တဆင့် ရွှေတိဂုံဘုရားသို့ ဘိုင်စကယ်ဖြင့် ပန်းများလိုက်ပို့ရသော အလုပ်သမားလေးဖြစ်ခဲ့ရသည်။


ကပ်ဆိုးဒုက္ခကြီးထဲ ရောက်ရှိချိန်တွင် ဂန္ဓမာအတွက် မှီခိုရာကား သူငယ်ချင်း ဖိုးတုတ် ပြီးလျှင် ဒေါ်မမလေး သာ ကျန်တော့၏။


သံလျင် ရေနံချက်စက်ရုံဘေးရှိ ခြံဝန်းသို့ သွားခိုလှုံရန် ဂန္ဓမာ ဆုံးဖြတ်လိုက်တော့သည်။


"အခု ညတွင်းချင်းကြီး ဘယ်သွားမလို့လဲ..မောင်"


"သန်လျင်ဘက်ကို ကူးမလို့…. အိပ်နေချိန် ဗုံးလာကြဲလို့ သေတာထက်…သန်လျင်ဘက်သွားလို့ရမလားို့ သွားကြည့်ရင်ကောင်းမယ်ထင်တယ်..အသောင်း..သေတော့လည်း အကုန်အတူတူပဲ..ဒီကာလကြီးထဲ..သေသွားလည်း အေးတာမဟုတ်လား"


ချိုက်ဟုန်မှာ ၏ ငိုသံမှာ ပိုကျယ်လောင်လာ၏။


"မောင်ရယ်..ကလေးရှေ့မှာ..သေမှာတွေဘာတွေမပြောပါနဲ့…သွားမယ်ဆိုလည်း သွားကြမယ်..တော်ကြာလေယာဉ်တွေပြန်လာကြမှ..ခက်မယ်"


ဂန္ဓမာသောင်းရီက အိမ်ပေါ်သို့ သော့ဖွင့်ကာတက်သွားလိုက်သည်။


ထို့နောက် ပုခုံးတွင် လွယ်ထားသောချိန်းကြိုးကို စမ်းကြည့်လိုက်၏။ ထို့နောက် အိမ်ရှေ့ စဉ့်အိုးနားတွင် စိုက်ထားသည့် ငှက်ကြီးတောင်ဓါးကိုယူကာ ပြန်ထွက်လာတော့သည်။


"ကဲ..အသောင်း…သွားကြမယ်…လမ်းမှာ ဂျပန်လေယာဉ်လာတာတွေ့လည်း ဆင်းပုန်းကြတာပေါ့.တခြား ဟာတော့ စိတ်မပူနဲ့..မောင်..သတ်ပစ်မယ်"


ထိုည။


စစ်ကြီး ဖြစ်နေသည့်ည။


ရန်ကုန်သည် မှောင်မိုက်ခြင်း အတိပြီးသော်ငြား။


အမျိုးသမီးငယ်နှစ်ယောက် က အထုတ်ကိုယ်စီပိုက်လျက် ဗိုလ်တစ်ထောင်ဆိပ်ကမ်းဆီသို့ လမ်းလျှောက်နေ၏။


သူတို့နောက်တွင် ငှက်ကြီးတောင်ဓါးလွတ်အား ကိုင်ကာ လမ်းလျှောက်နေသော ယောက်ျားတစ်ယောက်။


…………………………………………………………………………………..


ဗိုလ်တစ်ထောင် မြစ်ဆိပ်တွင် ပိုင်ရှင်မဲ့ မော်တော်များ၊ သဗ္ဗာန်များ၊ ကူးတို့ငှက်လှေများ က ကြိုဆိုလျက်။


ကူးတို့ငှက်လှေတစ်စင်းပေါ်သို့ မသောင်း၊ ချိုက်ဟုန်တို့ တက်လိုက်သည်။


ဂန္ဓမာသောင်းရီ က လှေကိုကြိုးဖြုတ်လျက် ငှက်လှေ၏ လှော်တက်နေရာတွင် ထိုင်လိုက်သည်။


လှေလှော်တက်များကို ကိုင်ကာလှော်လိုက်၏။


လှေကား လည်ထွက်သွားကာ..ကမ်းသို့ လှေဦးနှင့် ပြန်ရိုက်ခတ်သွားသည်။


"အကိုဂန္ဓမာ…လှေက လှောတဲ့အခါ ပဲ့ကို ထိန်းရင်းလှော်ရမှာ..ချိုက်ဟုန် ငှက်လှော်တတ်တယ်…အကို ဖယ်ပါ"


မန္တလေးမြို့၊ ဧရာဝတီမြစ်ဘေးတွင် ကြီးပြင်းခဲ့ဖူးသော ကချင်ပြည်နယ်ဖွား ချိုက်ဟုန်က ဂန္ဓမာအား ဖယ်ခိုင်းပြီး လှော်တက်နေရာတွင် နေရာယူလိုက်သည်။


ဟိုမှာဘက် တစ်ဖက်ကမ်းတွင် ဂျပန်တို့၏ ဗုံးကြဲလေယာဉ်များက ဗုံးကြဲလျက်။


ငှက်လှေကို ချိုက်ဟုန်နှင့် ဂန္ဓမာသောင်းရီ တို့ တစ်လှည့်စီ လှော်ခတ်ခဲ့ကြသည်။


ညမှောင်မှောင်ထဲ..ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ ညထွက် လှေကလေးသည် သန်လျင် တစ်ဖက်ကမ်းဆီသို့ တရွေ့ရွေ့။


………………………………………………………………


၁၉၄၁ ဒီဇင်ဘာလ ၂၇ ရက်၊


နံနက် ၆ နာရီ ၃၅ မိနစ်။


သန်လျင် BOC ရေနံချက်စက်ရုံ ဝန်းအတွင်းရှိ ခြံကျယ်ကြီးတစ်ခုရှေ့တွင် ဂန္ဓမာသောင်းရီ၊ မသောင်း နှင့် ချိုက်ဟုန် တို့ မတ်တပ်ရပ်နေကြသည်။


ခြံဝန်းထဲတွင် ပန်းပင်များအား ရေလောင်းနေသော အသားဖြူဖြူ အမျိုးသမီးကြီးတစ်ဦးက ခြံဝသို့ ထွက်လာသည်။


"ဝှက် ကမ် အိုင် ဟဲ ဖော် ယူး"


အင်္ဂလိပ်လေးတန်းအထိ အောင်ဖူးသော ဂန္ဓမာသောင်းရီက ဘိုလို မှုတ်ရန် ကြံရွယ်လိုက်၏။


"ဝီ ဝယ် မီ တူ အင်ဂျင်နီယာ မစ္စတာရွှေသာ အမ် ဟစ်စ် ဝိုက်"


"နုံ..နုံ..နုံ..အိုင်ဒုန်း နုံ"


ထိုအခါ မသောင်း က ဂန္ဓမာသောင်းရီ အား ဘေးသို့ တွန်းဖယ်လိုက်သည်။


"ဝါတာရှီတာချီဟာ ရွှေတာစံ အို ဆာဂါရှီနီ ကီမာရှီတ (ကျွန်မတို့ ဦးရွှေသာကို တွေ့ချင်လို့ပါ)"


မသောင်းသည် အပျိုဘ၀ ဂျပန်ဓာတ်ပုံဆရာထံတွင် အလုပ်လုပ်ခဲ့စဉ်ကတည်းက ဂျပန်စကားကို ကျွမ်းကျင် တတ်မြောက်ပြီးသူဖြစ်၏။


အမျိုးသမီးကြီးကား မသောင်း၏ ဂျပန်စကားကို ကြားသည့်အခါ အားရဝမ်းသာ ဖြစ်သွား၏။


ထိုအမျိုးသမီးက ဂျပန်လို ပြန်ပြောလေသည်။


"ဦးရွှေသာ ကဆုံးသွားတာ နှစ်နှစ်ရှိပါပြီ။ ကျွန်မအမျိုးသားက ဦးရွှေသာနေရာတာဝန်ယူထား တဲ့ မစ္စတာစမစ်ပါ။ ရှင်က ဂျပန်မလား..ကျွန်မက ဂျပန်အမျိုးသမီး နိုဘူစံ ပါ။ ကျွန်မ ယောက်ျားက ဘီအိုစီက အင်ဂျင်နီယာ အင်္ဂလိပ်လူမျိုး မစ္စတာစမစ် ပါ။ ကျွန်မယောက်ျားဟာ ရန်ကုန်က ဘီအိုစီရုံးခွဲကိုသွားတာ အခုထိ ပြန်မရောက်လာတော့ဘူး"


မသောင်းက အမျိုးသမီးပြောသမျှကို ဂန္မမာသောင်းရီ အား ဘာသာပြန်ပြောပြသည်။


ဂန္ဓမာသောင်းရီ စိတ်ဓာတ်ကျသွား၏။


မသောင်း က နောက်ပြန်လှည့်ပြီး အမျိုးသမီးကြီးအား ဂျပန်လို ပြောလိုက်သည်။


"ကျွန်မယောက်ျားရယ်..ကျွန်မညီမလေးရယ်..ရန်ကုန်မြို့ထဲ ဗုံးတွေကြောက်လို့ ပြေးလာကြတာပါရှင်"


ဂျပန်အမျိုးသမီးကြီးက ခြံတံခါးကို ဖွင့်ပေးလိုက်သည်။


ဂန္ဓမာသောင်းရီ၊ မသောင်း၊ ချိုက်ဟုန် တို့သည် သံလျင်ဘီအိုစီ ရေနံချက်စက်ရုံ ဝန်းအတွင်းရှိ ရေနံအင်ဂျင်နီယာ အင်္ဂလိပ်လူမျိုး မစ္စတာ ဂျွန်ဟင်နရီအက်ဒဝပ်စမစ် နှင့် သူ၏ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး မစ္စ ဆာဒါဟီနိုဘူစမစ် ၏ နေအိမ်ခြံဝန်းအတွင်းသို့ ရောက်ရှိသွားတော့သည်။


………………………………………………………………………………………………………………


၁၉၄၂ ဖေဖော်ဝါရီ ၁၈ ရက်နေ့။


ရန်ကုန်မြို့အား ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်မှသိမ်းပိုက်ရန် ဆယ့်ရှစ်ရက်အလို။


နိပွန် အမှတ်(၁၅)တပ်မတော်၊ တပ်မ (၃၃)၊ အမှတ် (၁၁၂)ခြေလျင်တပ်ရင်းမှ မေဂျာဆာတိုး ဦးဆောင်သည့် အထူးတပ်စိတ်သည် သံလျင်ရေနံမြေ၊ ဘီအိုစီ သို့ ရောက်ရှိ တပ်စွဲခဲ့လေသည်။


အထူးတပ်စိတ်ခေါင်းဆောင် မေဂျာဆာတိုး သည် ထောက်လှမ်းရေးသတင်းများအရ ဂျပန်အမျိုးသမီး နိုဘူစံ ၏ နေအိမ်သို့ လာရောက် ကာ အခြေအနေမေးမြန်းခြင်းဖြစ်လေသည်။


နိုဘူစံသည် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့တွင် ပညာသင်ကြားနေစဉ် ဗြိတိန်အမျိုးသား အင်ဂျင်နီယာ မစ္စတာ စမစ်နှင့်အကြောင်းပါပြီး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်သည်။


နိုဘူစံ ၏ ခင်ပွန်းဖြစ်သူမှာ ရန်ကုန်အား ဗုံးကြဲစဉ် ရန်ကုန်ရှိ ဘီအိုစီရုံးချုပ်တွင်ရှိနေခဲ့ပြီး သန်လျင်သို့ ပြန်မရောက်လာခဲ့။


မစ္စ နိုဘူစံစမစ် သည် လင်ယောင်္ကျားဖြစ်သူကို စောင့်နေစဉ် ဂန္ဓမာသောင်းရီတို့ ရောက်ရှိလာသဖြင့် ကယ်ဆင်ထားခဲ့ရသည်။


ဂန္ဓမာသောင်းရီတို့ ရောက်ရှိပြီး နှစ်လအကြာ မတ်လ ()ရက်နေ့တွင် မစ္စစမစ်နိုဘူစံ ၏ နေအိမ်တွင် မေဂျာဆာတိုး တည်းခိုရန် ရောက်ရှိလာလေတော့သည်။


မေဂျာဆာတိုးသည် ဂျပန်အမျိုးသမီးမစ္စနိုဘူစံမစ်၏ နေအိမ်တွင်ရှိသော အစေခံများအဖြစ် ဟန်ဆောင်နေထိုင်သည့် သောင်းရီ၊ မယ်သောင်း၊ မချိုက်ဟုန် တို့ နှင့် ရင်းနှီးထိတွေ့ခဲ့ရသည်။


အထူးသဖြင့် ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ ချိုက်ဟုန်မှာ မေဂျာဆာတိုး ၏ အချစ်တော်ကလေး ဖြစ်ခဲ့ရပြီး ဥပဓိရုပ်ကောင်းကောင်းဖြင့် လည်ဝယ်ပါးနပ်သော သောင်းရီမှ မေဂျာဆာတိုး၏ ဗမာပြည်ဆိုင်ရာ လက်စွဲတော်ဖြစ်ခဲ့လေသည်။


မေဂျာဆာတိုး ကား သောင်းရီ ဆိုသည့် အမည်အား ဂျပန်ဘာသာ မပီကာလာဖြင့် ဆောင်းရင် ဟု အမှတ်သညာ ပြုခဲ့သဖြင့် ရန်ကုန်အား ပဲခူး၊ ခရမ်း၊ သုံးခွ ဘက်မှ ချီတက်လာခဲ့ကြသည့် ဂျပန်စစ်တပ်များအကြား ဆောင်းရင် ဟူသော အမည်မှာ လူသိများခဲ့လေတော့သည်။


ချိုက်ဟုန်သည် အခြေအနေအကြောင်းတရား အရပ်ရပ်ကြောင့် ဂျပန်ဗိုလ်မှူးကတော်ဖြစ်လာခဲ့သည်။


…………………….


၁၉၄၂ မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့သိမ်းတပ်၏ ကွပ်ကဲရေးမှူးအဖြစ် မေဂျာဆာတိုး တာဝန်လွှဲပြောင်းယူရသည်။


မတ်လ ၈ ရက်နေ့တွင် ဂျပန်တပ်များ မြို့ထဲ ဝင်လာသဖြင့် မေဂျာဆာတိုး မှ သွားရောက်ကွပ်ကဲပြီး ရန်ကုန်မြို့၊ ဂိုးဒန်းဗယ်လီရှိ အိမ်တစ်လုံးအား ကိုယ်ပိုင်နေအိမ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။


မတ်လ ()ရက်နေ့တွင် သံလျင်မှ ချိုက်ဟုန်၊ သောင်းရီနှင့် မသောင်းတို့သည် မေဂျာဆာတိုး၏ နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့၏။


မူလအိမ်မကြီးတွင် မေဂျာဆာတိုးနှင့် ချိုက်ဟုန်တို့ နေထိုင်ပြီး..ထိုအိမ်နဘေးရှိ တိုက်ခံအိမ်တွင် ဂန္ဓမာသောင်းရီနှင့် မသောင်း တို့ နေထိုင်ကြသည်။


မေဂျာဆာတိုး က ရန်ကုန်မြို့၏ ဥပဒေစိုးမိုးရေး၊ သန့်ရှင်းရေးတို့တွင် တာဝန်ခံဖြစ်လာခဲ့ပြီး ရန်ကုန်မြို့ကို ကျွမ်းကျင်သော ဂန္ဓမာသောင်းရီသည် မေဂျာဆာတိုး၏ အားကိုးရသော လက်ထောက်တစ်ယောက် ဖြစ်လာခဲ့သည်။


………………………………………………………………


"..ဒါဆို..ငါ့ချိုက်ဟုန်က ဂျပန် မယားဖြစ်သွားတာပေါ့…မင်းက… ဘာလဲကွ..ဟေ့ကောင်..အဲ့ဒါဘာလဲ"


ဖိုးတုတ်က စားပွဲခုံကို လက်သီးဖြင့် ထိုးရင်း မတ်တပ်ထရပ်လိုက်သည်။


ဂန္ဓမာသောင်းရီက ရှေ့တွင်ရှိသော ဆာတေးအရက်ပုလင်းကို ဖိုးတုတ် ခွက်ထဲသို့ ငှဲ့ထည့်လိုက်၏။


"ဖိုးတုတ်….မင်း..ငါ့ဘက်က မတွေးပေးတောင်..ချိုက်ဟုန်ဘက်က တွေးလေကွာ..ဒီလိုခေတ်ကြီးထဲမှာ မင်းတောင် သူ့ဘေးနားရှိပေးနိုင်လို့လားကွ..မင်းက မင်းမယားဘေး မင်းရှိနေမှာလေ…အမှန်အတိုင်း ပြောရရင်..ဟေ့ကောင်ရေ..အဲ့ဒီအချိန်…ငါလည်း ငါ့မိန်းမ မသောင်းဘေးမှာပဲ ရှိမှာပဲကွ..ချိုက်ဟုန် ဘေးတော့ အမြဲတမ်းမရပ်ပေးနိုင်ဘူး..အဲ့ဒီအချိန်မှာ ဘေးအန္တရာယ်အကင်းဆုံးအခြေအနေကို ချိုက်ဟုန်က ရွေးချယ်ခဲ့တာလေ… မင်းက ဘာဖြစ်နေတာလဲ…ဗုံးတွေကြဲနေချိန် မင်းစိတ်ထဲ သူ့ကို ရှိနေလို့လားကွာ.. အေး..အဲ့ဒီလိုပဲ..ဟိုဂျပန်ဗိုလ်မှူး သူ့အိပ်ခန်းရှေ့ရောက်လာချိန်မှာ သူ့စိတ်ထဲ မင်းရှိနေတော့ရော..ဘာထူးမလဲ..ဟေ့ကောင်…အဲ့ဒီအချိန် ငါတို့ ရောက်နေခဲ့တာက … မင်းတို့ ငါတို့ လူပါးဝလို့ရတဲ့ အချိန်တွေမဟုတ်တော့ဘူးကွ….ကဲ..သောက်လိုက်ဦး"


ထိုအချိန်တွင် ခြံဝန်းထက် အိမ်မကြီးဘက်ဆီမှ လှုပ်လှုပ်ရှားရှားအသံများ ကြားလိုက်ရသည်။


မေဂျာဆာတိုး ပြန်လာပေပြီ။


ကီမိုနိုအပြာရောင်ဝမ်းဆက်ဖြင့် ပြည့်ပြည့်ဖြိုးဖြိုး အမျိုးသမီးငယ် တစ်ဦးက အောက်သို့ ဆင်းလာကာ မော်တော်ကားပေါ်မှ အမျိုးသားတစ်ဦးအား ကြိုဆိုနေသည်ကို လမ်းမတော်ဖိုးတုတ်နှင့် ဂန္ဓမာသောင်းရီ တို့ မြင်နေရသည်။


"ဖိုးတုတ်…ဒီခဏတော့ ချိုက်ဟုန်လေးလည်း သူ့ဘ၀ သူပျော်ပါစေကွာ..မင်းရဲ့ အပျော်မယားလေးက အခု ဂျပန်စစ်ဗိုလ်ကတော်ဖြစ်နေပြီပဲ…သူလည်းဒီနေရာမှာ ပျော်ပါစေကွာ… ပြီးတော့…မင်းကို ကယ်လိုက်နိုင်တာ သူ့ကြောင့်ပဲကွ"

"ဘာလဲကွ..ဂန္ဓမာ..မင်းစကားက"


"ဟုတ်တယ်..ဟေ့ကောင်..ဒီနေ့ မေဂျာဆာတိုးခိုင်းတဲ့ ကိစ္စနဲ့ ဂွန်ဆေးဘု(စစ်အုပ်ချုပ်ရေးရုံး) ကို ရောက်ရင်း မင်းကို ကာဝါရှိမဖမ်းသွားတာ ငါတွေ့လိုက်တယ်ကွ..အဲ့ဒါနဲ့ ငါ ချိုက်ဟုန်ကို ခေါ်ပြီး မေဂျာဆာတိုး ရုံးကို လိုက်သွားတယ်။ ပြီးတော့ မင်းက မကြာခင်ဖွဲ့မယ့် ရန်ကုန်ငြိမ်ဝမ်ပိပြားရေးယာယီရဲတပ်ဖွဲ့အတွက် အရေးပါတယ်ဆိုတာ ဆာတိုးကို သွားရှင်းပြတယ်။ ဆာတိုးက သူနဲ့ ရန်ကုန်အုပ်ချုပ်ရေးကော်မတီဖြစ်နေတဲ့ ကာနယ်ဆူဇူကီးကို ဖုန်းဆက်ပြောလို့ မင်းလွတ်လာတာကွ..အဲ့ဒါတွေအားလုံးက ချိုက်ဟုန် ပေါ် မူတည်နေတာ"


လမ်းမတော်ဖိုးတုတ်က လက်ကျန်ဘဲဥကြော်ကို ပါးစပ်ထဲ အကုန်ထိုးထည့်လိုက်သည်။


"ဂန္ဓမာ..မင်းက..ခေတ်ပျက်မှာ မိန်းမတွေကို ခိုင်းစားခဲ့တာပဲကွ..ထွီ"


သောင်းရီက ဖိုးတုတ်ကို ကြည့်ပြီး ပြုံးလိုက်သည်။


"ဟေ့ကောင်..ဖိုးတုတ်…စောက်ကျေးဇူးမကန်းနဲ့ … မင်းက အပျော်သဘောထားခဲ့တဲ့ မိန်းမတွေကပဲ မင်းအသက်ကို ဒီနေ့ကယ်ခဲ့တာဟေ့ကောင်…မင်းတို့ငါတို့ က သတ်ရဲတယ် သေရဲတယ်သာ အော်နေကြတယ်…တခါတလေ မသောင်းတို့ ချိုက်ဟုန်တို့မှာ ရှိတဲ့ဟာက အရေးကြုံတဲ့အခါ ငါတို့အသက်ကို ကယ်နိုင်တယ်ဆိုတာ ငါလက်ခံလိုက်ပြီကွ...ဟေ့ကောင်…သေရဲတယ်ဆိုတာ အပြောသာလွယ်တာ…သေပြီးရင် ရှုံးသွားတာပဲကွ.. မသေအောင်နေမှ နိုင်တာ..မင်းသိလား..ဒီနေ့ မင်းက သေတော့မှာ..မသေတာ…ချိုက်ဟုန်ကြောင့်ပဲ..အဲ့ဒါ လက်ခံ..ခွေးမသား…မင်းကိုယ်မင်း ဖင်ဂေါင်းသိပ်ကျယ်မနေနဲ့…ဒီနေ့ ဟိုငပုတွေက မင်းကို သတ်တော့မှာ သိလား''


ဖိုးတုတ်က ခြံဝန်းထဲရှိ အိမ်အမဲကြီး အား ငေးနေလိုက်သည်။


အိမ်အမဲကြီး အပေါ်ထပ်ရှိ မီးရောင်လင်းနေသော အခန်းမှာ ရုတ်ရက် မှောင်မဲသွား၏။


ဂန္ဓမာသောင်းရီက မတ်တပ်ရပ်ကာ ဖိုးတုတ် ၏ ပုခုံးကို လက်ဖြင့် လာပုတ်ရင်း..


"အခုချိန်ဆို မသင်းမြ မင်းကို တော်တော်စိတ်ပူနေလောက်ပြီ..ဖိုးတုတ်..ငါလိုက်ပို့ပေးမယ်"


ဖိုးတုတ်သည် လက်ထဲမှ ဆာတေး အရက်ခွက်အပြည့်ကို ဂွပ်ခနဲ မော့ချလိုက်သည်။




အခန်း(၂၅)


……………………….


ဗိုလ်မှူးကြီး ဆူဇူကီး ကေအိဂျိ။


၁၉၄၀ ခုနှစ်တွင် ဂျပန်သတင်းစာ ယူမိအုရီ ၏ သတင်းထောက်အဖြစ် အသွင်ယူကာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သူ။


တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ပြီး မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းရန် ထွက်ခွာလာခဲ့သူ သခင်အောင်ဆန်း နှင့် သခင်လှမြိုင်တို့ သည် တရုတ်ပြည်တောင်ပိုင်း အမွိုင်မြို့တွင် သောင်တင်နေစဉ် ၁၉၄၀ နိုဝင်ဘာလတွင် ဂျပန်ထောက်လှမ်းရေးမှ ဗိုလ်မှူးကန်ဒါက ဖော်မိုဆာကျွန်းရှိ ဂျပန်စစ်ဌာချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။


ထိုမှတဆင့် တိုကျိုသို့ ရောက်သွားကြသည်။


တိုကျိုတွင် ဗိုလ်မှူးကြီးဆူဇူကီး နှင့် တွေ့ဆုံပြီး ဗိုလ်မှူးကြီးဆူဇူကီး က ဂျပန်စစ်ဘက်၊ အရပ်ဘက် ထောက်လှမ်းရေးများကို ရွေးချယ်ကာ မီနာမီကီကန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။


တောင်ဘက်အရပ် ဟု အဓိပ္ပါယ်ရသော မီနာမီကီးကန်းသည် အရှေ့တောင်အာရှသို့ သွင်းကုန်ကုမ္ပဏီတစ်ခု အဖြစ် အသွင်ပြောင်းကာ မြန်မာပြည်နယ်စပ်ဖြစ်သော ချင်းမိုင်၊ ရနောင်း၊ ကန်ချနာဘူရီတို့တွင် အဖွဲ့ငယ်များအဖြစ် ဝင်ရောက်နေရာယူလာကြတော့သည်။


ရဲဘော်သုံးကျိပ်အား ဟိုင်နန်တွင် စစ်ပညာသင်ပေးပြီးနောက် ထိုင်းနယ်စပ်မှ မီနာမီကီကန်းအဖွဲ့ငယ်များ အကူအညီဖြင့် ဗမာလွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ထူထောင်ပေးခဲ့သည်။


ဘီအိုင်အေတွင် ဗိုလ်မှူးကြီးဆူဇူကီး က ဗိုလ်မိုးကြိုးဘွဲ့ကို ခံယူပြီး စစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။


စစ်ဦးစီးအရာရှိအထက်တန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း က တာဝန်ယူသည်။


ဗိုလ်မှူးကြီးနေဝင်း ၏ ဘီအိုင်အေရှေ့ပြေးတပ်အချို့နှင့် ဂျပန်အမှတ် (၃၃)တပ်မတို့ ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးကြီး စူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့သည် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။


လောလောဆယ်တွင် မြန်မာများနှင့် အကောင်းဆုံးဆက်ဆံရေးတည်ဆောက်ထားနိုင်သူ ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာပြည်ဆိုင်ရာ ဂျပန်စစ်ဌာနချုပ် က အလေးထားဆက်ဆံရသည်။


မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည့် ဂျပန် အမှတ်(၁၅)တပ်မတော်၏ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ရှိုဂျီအီဒါး ၊ ဒုစစ်သေနာပတိချုပ် ဗိုလ်ချုပ်နာဆု တို့ နှင့် လည်း အဆင်ပြေသော ဆက်ဆံရေးတည်ဆောက် ထားနိုင်သည်။


ထိုအချိန်တွင် ရန်ကုန်ရှိ ဂျပန်စစ်ဌာနချုပ် အပေါ် ဗိုလ်မှူးကြီးဆူဇူကီး ၏ သြဇာက လွှမ်းမိုးထား၏။


ပိရိသေသပ်သောနှုတ်ခမ်းမွှေး၊ အရပ်ပုပြတ်ပြတ်၊ အသံကျယ်ကျယ် စကားပြောတတ်သော ဗိုလ်မှူးကြီး ဆူဇူကီး က ၁၉၄၂ မတ်လ ၁၈ ရက်နေ့ ဘီအိုင်အေဌာနချုပ်တွင် ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ရန် လမ်းမတော်ဖိုးတုတ် အား ဖိတ်ကြားလာလေသည်။


ထိုအချိန်က အုပ်ချုပ်ရေးခေါင်းဆောင် သခင်ထွန်းအုပ် သည် ရန်ကုန်မြို့နှင့် မြန်မာပြည်အောက်ပိုင်းဒေသများ ရှိ အုပ်ချုပ်ရေးအရာရှိများကို သူ့သဘောနှင့် သူခန့်အပ်နေခဲ့သည်။


ခရိုင်ဝန်၊မြို့ပိုင်၊ သူကြီး ရာထူးရဖို့အရေး သခင်ထွန်းအုပ်ထံတွင် ခြေချင်းလိမ်အောင် ဝင်ထွက်လျက်ရှိကြ၏။


သခင်ထွန်းအုပ်မှာလည်း ခန့်စာများပေးခြင်း၊ သေနတ်လိုင်စင်များထုတ်ပေးခြင်းဖြင့် အလုပ်ရှှုပ်နေသလို ဝင်ငွေ လည်း ကောင်းနေ၏။


ရန်ကုန်တွင် သခင်ထွန်းအုပ်၏ အုပ်ချုပ်ရေးအဖွဲ့ ရန်ကုန်သို့ ရောက်ခါမှ ဘီအိုင်အေထဲ အရေးပေါ်ဝင်ကာ နေရာရလာသူများသည် သုံးရောင်ခြယ်လက်ပတ်၊ ဂျပန်လက်ပတ်များ ပတ်ကာ စစ်ပြေးရာမှ ပြန်လာသော ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်းများ၊ ဓါးမြတိုက်ခြင်းများပါလုပ်လာကြသည်။


ရန်ကုန်လုံခြုံရေးနှင့် ငြိမ်ဝပ်ရေးအတွက် ဂျပန်စစ်တပ်မှ တာဝန်ပေးထားသော မေဂျာဆာတိုးမှာလည်း ဂျပန်စစ်ဌာနချုပ်နှင့် ဘီအိုင်အေဆက်ဆံရေးအကြား ညှပ်ကာ မည်သို့ ဆက်လုပ်ရမည်မသိဖြစ်နေ၏။


ရန်ကုန်သို့ စစ်ရှောင်ရာမှ ပြန်လာပြီး အခြေချနေသည့် လူထုမှာ အရေးပေါ်ဘီအိုင်အေသုံးရောင်ခြယ်များကတမျိုး၊ လက်မောင်းအနီပတ် ဂျပန်သတင်းပေးများက တဖုံ၊ လံကွတ်တီးဝတ်ပြီး လှံစွတ်တကားကားလျှောက်သွားကာ တွေ့သမျှမိန်းမလိုက်ဆွဲနေသည့် ဂျပန်စစ်တပ်မှ မန်ချူးစစ်သားများက တသွယ် ဖြင့် အလွန်ဒုက္ခများလျက်ရှိသည်။


ထိုအချိန်တွင် ဗိုလ်မှူးကြီးဆူဇူကီးနှင့် ဘီအိုင်အေဌာနချုပ် ရန်ကုန်သို့ ရောက်လာပြီးနောက် ရန်ကုန်လုံခြုံရေးကို မေဂျာဆာတိုးထံမှ လွှဲပြောင်းရယူရန် ဖြစ်လာခဲ့သည်။


ဗိုလ်မှူးကြီး ဆူဇူကီးက ယာယီရဲတပ်ဖွဲ့ ဖွဲ့စည်းမည့် အကြိုအစည်းအဝေးအဖြစ် ညစာစားပွဲတစ်ခု စီစဉ်လိုက်သည်။


မေဂျာဆာတိုး နှင့် ဇနီးဖြစ်သူ ချိုက်ဟုန်လည်း ထိုညစာစားပွဲသို့တက်ရောက်ကြရသည်။


ဂန္ဓမာသောင်းရီ က မေဂျာဆာတိုး ၏ အရပ်ဘက်ကိုယ်ရေးအရာရှိအဖြစ် ပါလာပြီး မသောင်းက စကားပြန်အဖြစ် လိုက်ပါလာကြသည်။


ထိုညစာစားပွဲတွင် ဘီအိုင်အေစစ်သေနာပတိချုပ် ဗိုလ်မှူးကြီးဆူဇူကီး၊ ဘီအိုင်အေ အုပ်ချုပ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီးကီမူရ၊ အမှတ်(၁၅)တပ်မတော်၊ စစ်သေနာပတိချုပ်ရုံးမှ စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီး ကာဝါရှိမ၊ တပ်မ (၃၃)၊ အမှတ် (၁၁၂)ခြေလျင်တပ်ရင်းမှ မေဂျာဆာတိုး၊ မီနာမီကီကန်းအဖွဲ့မှ ဗိုလ်ကြီး မုဇုတာနီ၊ အရပ်သားအရာရှိ နဂါအိ ၊ လမ်းမတော်ဖိုးတုတ် တို့ တက်ရောက်ကြသည်။


"ဒီနေ့ ရန်ကုန်အခြေအနေကတော့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်တပ် က လုပ်နေကိုင်နေရတာဟာ ရေရှည်အတွက်တော့ မကောင်းနိုင်ဘူး။ စစ်တပ်ဆိုတာကတော့ စစ်တပ်ပုံစံနဲ့ အုပ်ချုပ်ရေးလုပ်မှာပဲ။ ကြာလာတဲ့အခါ စစ်တပ်ပုံစံနဲ့ဆို အရပ်သားတွေ အထိအခိုက်များလာမယ်။ နောက်ပြီး အခု ရန်ကုန်ကို ငြိမ်ဝပ်ပိပြားရေးကို တာဝန်ယူထားတယ်ဆိုတဲ့ သခင်ထွန်းအုပ်လူတွေ ကိစ္စ က အတော်နာမည်ဆိုးထွက်လာနေပြီ။ ရန်ကုန်အတွက် အာဏာအပြည့်အဝရှိတဲ့ ယာယီပုလိပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ငါ အစီအစဉ်ဆွဲထားတယ်၊ ဒီညစာစားပွဲကတော့ အဲ့ဒီအတွက် အကြို ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့ ကျင်းပတာပါ''


ထိပ်ဆုံးတွင် ထိုင်နေသော ဗိုလ်မှူးကြီးဆူဇူကီး က စကားစပြောသည်။ ဗိုလ်မှူးကြီးဆူဇူကီး က ဂျပန်ရိုးရာကီမိုနိုဝတ်စုံကို ဝတ်ထားသည်။


ညာဘက်အခြမ်းတွင် မီနာမီကီကန်းမှ ဗိုလ်မှူးကြီးကီမူရ၊ ဗိုလ်ကြီးမိဇုတာနီနှင့် ဇနီး မရွှေရင် ၊ အရပ်သားအရာရှိ နဂါအိ ( ဘုန်းကြီးနဂါအိ) ၊ လမ်းမတော်ဖိုးတုတ်နှင့် မသင်းမြတို့ ထိုင်ကြသည်။


ဘယ်ဘက်အခြမ်းတွင် ဗိုလ်ကြီးကာဝါရှိမ၊ မေဂျာဆာတိုးနှင့် ဇနီး ချိုက်ဟုန်၊ မေဂျာဆာတိုး၏ အရပ်သားကိုယ်ရေးအရာရှိ ဂန္ဓမာသောင်းရီ၊ စကားပြန် မသောင်းတို့ ထိုင်ကြသည်။


လမ်းမတော်ဖိုးတုတ် နှင့် ချိုက်ဟုန်မှာ မျက်စောင်းထိုးအနေအထားတွင် ရှိနေ၏။


ချိုက်ဟုန်မှာ ဂျပန်ကီမိုနို အနီရဲရဲဖြင့် လှပေနေသည်။ မေဂျာဆာတိုးမှာမူ အသက် (၄၀)ဝန်းကျင်ရှိမည်ဖြစ်ပြီး ဂျပန်များထဲတွင် အရပ်ရှည်သည့်အထဲ ပါဝင်သည်။


မျက်မှန်အဝိုင်းကို တပ်ထားပြီး မေးရိုးကားကား နှင့် မေဂျာဆာတိုးသည် ဂျပန်စစ်ယူနီဖောင်းကို ဝတ်မထားပဲ အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ထား၏။


"တကယ်တမ်းတော့ ငါတို့ လိုအပ်တာ စနစ်တကျသင်တန်းယူထားပြီး အတွေ့အကြုံရှိတဲ့ ပုလိပ်အဖွဲ့ပါပဲ။ အင်္ဂလိပ်ခေတ်က ပုလိပ်အဖွဲ့ဝင်တွေကို စုစည်းပြီး ပုလိပ်အဖွဲ့တစ်ခု ထပ်ဖွဲ့ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ပြသနာက ပုလိပ်အရာရှိအတော်များများဟာ အင်္ဂလိပ်နဲ့အတူ စစ်ပြေးတဲ့ဆီ ပါသွားကြပြီ။ စစ်ဦးမှာ ဝင်လာတဲ့ တပ်မ(၃၃)က တပ်ရင်းတချို့ကလည်း အင်္ဂလိပ်လက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့လူဆို အကုန်သတ်ပစ်တဲ့ အတွက် ပုလိပ်တွေ က ပုန်းလျှိုးကွယ်လျှိုးနေနေကြတယ်။ ငါတို့က ပုလိပ်လုပ်ဖူးသူတွေ လာခဲ့ပါလို့ ခေါ်ရင်တောင် ပရိယာယ်နဲ့ ခေါ်ပြီး သတ်မှာလို့ အခုချိန်မှာထင်နေမှာပဲ။ ဒီတော့ လောလောဆယ်.. မြို့ထဲမှာ သောင်းကျန်းနေတဲ့လူတွေ၊ သောင်းကျန်းနေတဲ့လူတွေကို ထိန်းသိမ်းမယ်ဆိုပြီး သူတို့ကိုယ်တိုင် ဓါးပြတိုက်၊ လူသတ်နေကြတဲ့ လက်ပတ်မျိုးစုံနဲ့ကောင်တွေ ကို ထိန်းဖို့ ငါတို့ လူတစ်ယောက်ကို ရှာတွေ့ပါတယ်။ အဲ့ဒီလူ ကို မေဂျာဆာတိုး ကလည်း လက်ခံပါတယ်။ သူကတော့ ဟော့ဒီက ဦးဖိုးတုတ်ပါပဲ၊ ဦးဖိုးတုတ် မတ်တပ်ရပ်ပြပါဦး"


မသောင်းက ဘာသာပြန်ပြောပြသဖြင့် လမ်းမတော်ဖိုးတုတ် က မတ်တပ်ထရပ်လိုက်သည်။


လမ်းမတော်ဖိုးတုတ်သည် နံသာရောင်ခေါင်းပေါင်းကို ပေါင်းထားပြီး ကုပ်အင်္ကျီကို ကြယ်သီးအစေ့တပ်ထား၏။


"ငါတို့ လေ့လာရသမျှသတင်းတွေအရတော့ အင်္ဂလိပ်ခေတ်က ဒီမြို့မှာ ပုလိပ်အဖွဲ့လိုမျိုးပဲ တစ်မြို့လုံး အပေါ် သြဇာလွှမ်းနိုင်တဲ့ အရပ်သားဂိုဏ်းစတားအင်အားစုကို ဦးဖိုးတုတ် က ကိုင်တွယ်ခေါင်းဆောင်ထားတယ်လို့ သိခဲ့ရပါတယ်။ ဒီကာလကတော့ ဂျပန်ဘုရင်မင်းမြတ်ဟာ ဗမာပြည်ကို အနှေးနဲ့အမြန်လွတ်လပ်ရေး ပေးတော့မယ် ကာလဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် သုံးရက်အကြာမှာ ဂျပန်စစ်ဌာနချုပ်အနေနဲ့ ဗမာပြည်မှာ အသုံးပြုရမယ့် တရားဝင်ငွေကြေးတစ်ခုကို ကြေငြာပေးတော့မှာပါ။ ဒီလိုကာလမျိုးမှာ ဦးဖိုးတုတ်နဲ့ အဖွဲ့ဟာ အရင်က ဘာတွေလုပ်ခဲ့လုပ်ခဲ့ အဲ့ဒါကို မေ့ပစ်ပြီး ဗမာပြည်အစိုးရသစ်အတွက် ငြိမ်ဝပ်သော ရန်ကုန်ဖြစ်လာစေဖို့ ကူညီပေးစေချင်ပါတယ်။ ဦးဖိုးတုတ် ကို ယာယီဖွဲ့လိုက်တဲ့ ရန်ကုန်ပုလိပ်အဖွဲ့ ရဲ့ ပုလိပ်မင်းကြီးအဖြစ် ခန့်အပ်ချင်ပါတယ်။ ဦးဖိုးတုတ်လက်ခံပါသလား"


လမ်းမတော်ဖိုးတုတ် က လက်ခံကြောင်းပြောလိုက်သည်။


"တခြား ကန့်ကွက်မယ့် သူရောရှိလား။ ဒီညစာစားပွဲမှာ တစ်ခါတည်း ပြောပေးပါ။ မနက်ဖြန်မှာ စစ်ရုံးမှာ လုပ်မယ့် အစည်းအဝေးကျမှ သေနာပတိကြီး ဂျင်နရယ်အီဒါးတို့ရှေ့မှာ အခြေအတင်မပြောစေချင်ဘူး။ ဒီမှာ တစ်ခါတည်းပြောမှ ရှင်းစရာရှိတာ ရှင်းလို့ ရမှာပါ"


စစ်ရုံးချုပ်မှ ဗိုလ်ကြီးကာဝါရှိမ က မတ်တပ်ထရပ်လိုက်သည်။ အရပ်ပုပု ကာဝါရှိမသည် ဂျပန်စစ်ယူနီဖောင်းကို သေသေသပ်သပ်ဝတ်ဆင်ထားသည်။


"ဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုအတွေ့အကြုံမရှိတဲ့ အရပ်သားတစ်ယောက်ကို ပုလိပ်အာဏာအပ်လိုက်တဲ့အပေါ် ဂျပန်တပ်မတော်အနေနဲ့ ဘယ်လောက်ယုံကြည့်လို့ ရနိုင်မလဲ"


ဆူဇူကီး က ခေါင်းငြိမ့်လိုက်သည်။


"ငါက ၁၉၄၀ ကတည်းက ရန်ကုန်ကို အရပ်သားပုံစံနဲ့ ရောက်နေတာပါ။ ဦးဖိုးတုတ် ဘယ်သူဆိုတာ ရန်ကုန် မှာ မေးကြည့်ရုံနဲ့ လူတိုင်းသိပါတယ်။ သူ့လူတွေကို နယ်ပယ်အလိုက် စနစ်တကျ စီမံခန့်ခွဲနိုင်တယ်ဆိုတာ လည်း သိသာတယ်။ နောက်ပြီး ဦးဖိုးတုတ် ဟာ မီနာမီကီကန်းအဖွဲ့နဲ့ ဘီအိုင်အေဖြစ်လာမယ့် အောင်ဆန်းတို့ အဖွဲ့အတွက် ရူပီငွေသုံးသောင်းကို ဟော့ဒီက နဂါအိ ကတဆင့် ငါတို့ကို ထောက်ပံ့ပေးခဲ့ဖူးတယ်။ ဒါက အာရှသားတစ်ယောက်မှာရှိတဲ့ မျိုးချစ်စိတ်လို့ ငါယူဆတယ်။ သူ့ကို ငါယုံတယ်။ လောလောဆယ်တော့ သူက ရန်ကုန်အတွက် အသုံးတည့်လိမ့်မယ်။ စစ်ဌာနချုပ်အနေနဲ့ အခုချိန် ရန်ကုန်ငြိမ်ဝပ်ရေးအတွက် လုပ်နိုင်မယ်လို့ ယုံကြည်ထားတဲ့ လူရှိရင် လည်း ပြောနိုင်ပါတယ်"


"မရှိပါဘူး..ဗိုလ်မှူးကြီး''


ဗိုလ်ကြီးကာဝါရှိမ က ခေါင်းငြိမ့်ကာ အလေးပြုပြီး ပြန်ထိုင်သွား၏။


"ဟုတ်ပြီ..ဒါဆိုရင်လည်း မနက်ဖန် စစ်ရုံးအစည်းအဝေးအပြီးမှာ ဦးဖိုးတုတ်ကို ရန်ကုန်ပုလိပ်မင်းကြီး ခန့်တဲ့ အမိန့်စာကို ငါ့လက်မှတ်နဲ့ ထုတ်ပြန်ပေးမယ်၊ ငါ့ဆီက မိဇုတာနီ က ဦးဖိုးတုတ်အတွက် ခရိုင်အဆင့် ပုလိပ်အဖွဲ့တစ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအင်အားအဆင့်ဆင့်၊ လုပ်ထုံးလုပ်နည်းတွေကို အကြံပေးအရာရှိအနေနဲ့ တာဝန်ယူပေးပါ၊ ဦးဖိုးတုတ်ကလည်း ခင်ဗျားလူတွေကို ရန်ကုန် အပိုင်းတွေအလိုက် ပုလိပ်အရာရှိ ခန့်ဖို့ စီစဉ်ပါ..အမိန့်ထွက်ပြီးတာနဲ့ နောက်တစ်ခါ အစည်းအဝေးလုပ်ပါမယ်..ကဲ..ပျော်ပျော်ပါးပါး သောက်လိုက်ကြပါဦးဗျာ"


ဗိုလ်မှူးကြီး ဆူဇူကီးက လက်ထဲမှ အရက်ခွက်ကို မြောက်လိုက်သည်။


အားလုံးက မတ်တပ်ရပ်ပြီး ဆူဇူကီးဘက်သို့ လှည့်ကာ လက်ထဲမှ ခွက်ကိုယ်စီကို မြှောက်လိုက်ကြ၏။


ဖိုးတုတ်က ပယင်းရောင်ကြည်ထနေသော ဖန်ခွက်ထဲမှ တဆင့် အနီရဲရဲ ကီမိုနိုဖြင့် လှနေသော ချိုက်ဟုန် ကို တစ်ချက်ကြည့်လိုက်သည်။


ချိုက်ဟုန်ကလည်း ပြန်အထိုင်တွင် ဖိုးတုတ်ဘက်သို့ လှည့်ကာ ကြည့်ပြီး ပြုံးပြသည်။


ဂန္ဓမာသောင်းရီက မသင်းမြ ကို အားတောင့်အားနာဖြင့် လှမ်းကြည့်၏။


မသင်းမြ ကတော့ ဘာမှမသိရှာ။ သူသိသည်မှာ သူ့ပန်းကန်ထဲမှ သေသေချာချာ အရိုးနွှင်ထားသော ကြက်သားတစ်ဖတ်ကို ဖိုးတုတ်၏ ပန်းကန်ထဲသို့ ထည့်ပေးဖို့သာ။


…………………………………………………………………………………


ထိုအချိန်တွင် စံဘ နှင့် ထွန်းရင် သည် ရန်ကုန်မြို့၊ လမ်းမတော်ရပ်ကွက်၊ () လမ်းထိပ်တွင် ထင်းရှူးသေတ္တာပုံးကလေးများ ဖြင့် တန်းစီကာရောင်းနေသော ဂျပန်ခေတ် မှောင်ခိုတန်းအတွင်း ဝင်လာကြသည်။


စစ်အတွင်းကာလက မြို့တွင်းသို့ ဝင်လာပြီး ဖောက်ထွင်းလုယက်ယူထားကြသည့် အရက်ဘီယာပုလင်းမျိုးစုံ၊ အစားအသောက်မျိုးစုံ၊ ဇိမ်ခံပစ္စည်းမျိုးစုံတို့ကို ရန်ကုန်ဆင်ခြေဖုံးဒေသတွင်နေထိုင်သည့် ဗမာများ၊ ကုလားများက ယခုဂျပန်ခေတ်မှောင်ခိုဈေးတန်းတွင် လာရောက်ရောင်းချကြသည်။


မှောင်ခိုဈေးတန်းတွင် သုံးရောင်ခြယ်လက်ပတ်ပတ်ထားပြီး တုတ်ကိုယ်စီကိုင်ထားသည့် လူငါးဦး က ငွေကြေးများ လိုက်လံကောက်ခံနေ၏။


ထိုသူများသည် ထင်းရှူးသေတ္တာပုံးကလေးချကာ အင်္ဂလိပ်ဘီယာပုလင်းများ ရောင်းချနေသည့် ကောင်မလေး အနားသို့ ဝိုင်းထိုင်လိုက်ကြသည်။


"ဟေ့…ထုံးစံအတိုင်း ငွေမပေးနဲ့တော့..ငါတို့အတွက်ဘီယာသုံးလုံးပေးစမ်း"


ထိုစဉ် ဂျပန်စစ်သားများရှေ့တန်းထွက်လျှင်ဆောင်းသည့် သံခမောက်နှင့် အမှတ်(၂၁၅)တပ်ရင်းတံဆိပ်ပါ ယူနီဖောင်းကို ဝတ်ထားပြီး ခုံဖိနပ်စီးထားသည့် ဂျပန်တစ်ဦးနှင့် လက်မောင်းတွင် အနီပတ်စည်းထားသည့် ဗမာတစ်ဦးတို့ သူတို့နောက်တွင် လာရပ်တော့သည်။


"မင်းတို့ထဲမှာ တရုတ် အဖတ်ဆိုတာ ဘယ်သူလဲ "


လက်ပတ်အနီဖြင့် လူက မေးလိုက်သည်။


ဘီယာတောင်းနေသည့် လူတစ်စု က ဂျပန်စစ်ယူနီဖောင်းမြင်သည်နှင့် မျက်စိမျက်နှာပျက်သွားကြ၏။


လက်ပတ်ချင်းအတူတူ သုံးရောင်ခြယ်ဘီအိုင်အေ ထက် အနီရောင်ဂျပန်စစ်တပ်အသိအမှတ်ပြုကောင်တွေက အာဏပိုထက်သည်မဟုတ်လား။


"သူပါ…သူပါ"


"အေးငါတို့ ဂျပန်စစ်တပ်က တရုတ်အဖတ်ကို ရော မင်းတို့ကိုပါ ဖမ်းတယ်ကွာ''


သံခမောက်ဝတ်ဂျပန်က မြန်မာလိုဝင်ပြောလိုက်သဖြင့် သူတို့အားလုံး အံသြသွားကြသည်။


ထိုအခါမှ သုံးရောင်ခြယ်လက်ပတ်ဝတ်ထားသည့် တရုတ်က သံခမောက်ဂျပန်ကို သေချာ ကြည့်လိုက်သည်။


"ဟေ့ကောင်..မင်း ဂျပန်မဟုတ်ဘူး…စံဘ ပဲကွ"


အဖတ် က လက်ထဲတွင် ကိုင်ထားသော တုတ်ဖြင့် ခေါင်းကို ရိုက်လိုက်သည်။ စံဘ၏ သံခမောက်ကို သာ ရိုက်မိပြီး တုတ်က တောင်ခနဲ ဖြစ်ကာ ပြန်ကန်ထွက်သွား၏။


လက်ပတ်အနီပတ်ထားသည့် ထွန်းရင်က ခါးကြားမှ ဓါးမ ကို ထုတ်ကာ ဘေးမှ ကျန်လူလေးယောက်ကို လိုက်ခုတ်ရာ လေးယောက်လုံး ထွက်ပြေးကုန်၏။


သူတို့စိတ်ထဲတွင် သူတို့ဆရာ လူမိုက်အဖတ်သည် ဂျပန်စစ်သားကိုပင် ခံချနေသည်ဟုထင်သွားကြသည်။


ဂျပန်စစ်တပ်နှင့် ပြသနာဖြစ်ပြီး ဘတ်နက်ဖြင့် ထိုးသတ်ခံထားရသူများကို မြင်ထားသဖြင့် ကြောက်လန့်ကာ ထွက်ပြေးကြခြင်းဖြစ်သည်။


စံဘကမူ အဖတ်ကို တက်ခွလျက် သံခဖောက်နှင့် ဒရစပ်ရိုက်နေသည်။


ထွန်းရင်က ပါ ဓါးမအနှောင့်ဖြင့် ခေါင်းကို ဝင်ဝင်ထု၏။


အဖတ်မှာ သွေးအလူးလူးဖြစ်နေချေပြီ။


စံဘက မှောက်ခုံအနေအထား ဖြစ်နေသော အဖတ်ကို ဒူးဖြင့် တွန်းဖိလိုက်ပြီး ဂျပန်ယူူနီဖောင်းအင်္ကျီ ကို ချွတ်ကာ အဖတ်၏ လက်နှစ်ဖက်ကို ကြိုးတုတ်သကဲ့သို့ တင်းတင်းချည်နှောင်လိုက်သည်။


ထို့နောက် အဖတ်၏ ပိန်ကပ်ကပ် ခန္ဓာကိုယ်ပေါ် တက်ထိုင်လိုက်သည်။


ထင်းရှုူးသေတ္တာ ဘီယာဆိုင် ပိုင်ရှင်မလေးက သူ့ဘီယာဆိုင်လေးကို ရွှေ့ရန် အနားပြန်ကပ်လာသည်။


ထွန်းရင်က ထင်းရှူးသေတ္တာထဲမှ ဘီယာတစ်လုံးကို ကောက်နှိုက်လိုက်သည်။


ကောင်မလေး ဘာမှမပြောရဲ။


စံဘကသာ


"ဟိတ်ကောင်..ထွန်းရင်..အဲ့ဒါ ရောင်းတာကွ..မင်း မတရားမလုပ်နဲ့ကွ"


"ငါမောလို့ပါဟ…သောက်ချင်လို့ပါ.."


"သောက်ချင်ရင် ဝယ်သောက်ရတယ်ကွ….ဟိတ်ကောင်မလေး…ဘီယာတစ်လုံး ဘယ်လောက်လဲ"


"တစ်ကျပ်ပါ"


ကောင်မလေးက တုန်တုန်ရီရီဖြင့် ပြန်ဖြေသည်။


စံဘက အိပ်ကပ်ကို စမ်းကြည့်ရင်း…


"နင့်ဟာက ဈေးကြီးလိုက်တာ…အလကားခိုးထားတာတွေကိုများဟယ်"


"ကျွန်မ မခိုးပါဘူး…ခိုးတဲ့သူတွေဆီက ပြန်ဝယ်ပြီး ရောင်းတာ"


"အေးပါ..ဟုတ်ပါပြီ…ငါလည်း ပိုက်ဆံ ငါးမူးပဲ ပါလို့"


"အကို တက်ထိုင်ထားတဲ့ လူကြီးအိတ်ထဲ နှိုက်ကြည့်ပါလား…သူက ညီမတို့ဆီက ပိုက်ဆံတွေ လိုက်လိုက်ကောက်နေတာ..တညတည မနည်းဘူး"


စံဘက အဖတ် ၏ အိပ်ကပ်ထဲ လိုက်နှိုက်ရှာကြည့်ရာ အင်္ဂလိပ်ရူပီးငွေများ အထပ်လိုက်ထွက်လာ၏။


"ဟာ..ဒီညတော့ ထောပြီဟေ့…ဟေ့..ထွန်းရင်..အဲ့ဒီ ဘီယာအဝသောက်လို့ရပြီကွ..ကောင်မလေး အဲ့ဒီ ထင်းရှူးသေတ္တာထဲ ဘီယာဘယ်နှစ်ပုလင်းရှိလဲ''


''တစ်ဒါဇင်လောက် ကျန်သေးမယ်..အကို"


"ရော့..ဒီမှာ ဆယ့်ငါးကျပ်…အဲ့ ထင်းရှူးသေတ္တာပါထားခဲ့"


"အကိုတို့ ဘီယာပုလင်းဖောက်ဖို့ ဂိုက်တံ ယူထားဦးမလား"


"မလိုဘူး..ခုန ဒီတရုတ်မှာ ငွေသွားတတ်ထားတာတွေ့တယ်။ ဒီကောင့်သွားတွေက ဘီယာပုလင်းဖောက်လို့တော့ ရမှာပါ"


တက်ဖိခံထားရသော အဖတ်မှာ ကြောက်လန့်ပြီး ရုန်းကန်တော့သည်။


ခဏအကြာတွင် စံဘက တရုတ်အဖတ်ကို ကုတ်ကဆွဲလျက်၊ ထွန်းရင်က ဘီယာသေတ္တာကိုထမ်းလျက် လမ်းမတော်ဆယ့်လေးလမ်းဘက်သို့ ပြန်သွားကြလေတော့သည်။


စံဘတို့ ပြန်ရောက်ပြီး မကြာမီ လမ်းမတော်ဖိုးတုတ်တို့ လင်မယားလည်း ပြန်ရောက်လာ၏။


မသင်းမြ အပေါ်ထပ်သို့ တက်သွားပြီးနောက် အုန်းဖေ လမ်းမတော်ဖိုးတုတ်ကို တိုးတိုးလာပြောသည်။


"ဆရာ..ဆရာဖိုးတုတ် ကောင်တွေ ကတော့..မွှေလာပြီ"


"ဘာဖြစ်လို့တုန်း..အုန်းဖေ"


"ဘာဖြစ်ရမှာလဲ…မှောင်ခိုဈေးထဲ ဂျပန်အယောင်ဆောင်သွားပြီး..တရုတ်အဖတ် ကို ဖမ်းလာခဲ့တယ်"


"ဟင် ဘယ်လို ဂျပန်အယောင်ဆောင်တာတုန်းဟ"


"မနေ့က စံဘက ထွန်းရင်ကို ကန်တော်ကြီးဘက်လိုက်ပို့တယ်..အဲ့ဒီမှာ ဂျပန်တပ်က ကောင်တွေက အဝတ်အစားတွေချွတ်ပြီး ကိုယ်လုံးတီးနဲ့ ရေကူးနေကြတုန်း စံဘ ဂျပန်ယူနီဖောင်းတစ်စုံ ခိုးလာတယ်။ ဒီညနေကျ အဖတ် တို့ အုပ်စု ဘီအိုင်အေလက်ပတ်တွေပတ်ပြီး မှောင်ခိုဈေးထဲ ငွေလိုက်တောင်းနေတယ် ကြားတာနဲ့ သူတို့ကလည်း ဘီအိုင်အေထက်မြင့်တဲ့ ဂျပန်စစ်တပ်လုပ်မယ်ဆိုပြီး စံဘက ဂျပန်ဝတ်စုံဝတ်တယ်၊ ဦးလေးဘိုးထင် မသေခင်က အိမ်မှာကျန်ခဲ့တဲ့သံခမောက်ကြီးဆောင်းတယ်။ ထွန်းရင်က ဂျပန်စကားပြန်ဆိုပြီး အစ်မ သင်းမြ အိမ်တွင်း နတ်အုန်းက အနီစကို ဖြဲပြီး လက်မောင်းမှာပတ် ထွက်သွားတော့တာပဲ၊ အခု ဒီကောင်တွေ အဖတ်ကို ဖမ်းပြီး အိမ်ဘေးက ဗာဒံပင်အောက် ချထားတယ်ဆရာ..သွားကြည့်လိုက်ပါဦး"


ဖိုးတုတ် ၏ အိမ်ဘေးအမှောင်ရိပ်တွင် စံဘနှင့် ထွန်းရင်က ဘီယာပုလင်းကိုယ်စီဖြင့် သောက်နေကြသည်။


သူတို့ဘေးတွင် လဲနေသောအဖတ်၏ ပါးစပ်တွင်လည်း သွေးများထွက်လျက်။ အဖတ်၏ ငွေသွားမှာလည်း ဘီယာပုလင်းဖုံးများနှင့် ထိပါများသဖြင့် ကျွတ်ထွက်လုနီးနီးဖြစ်နေပေပြီ။


"ဟိတ်ကောင်တွ…မင်းတို့ ဂျပန်စစ်သားအယောင်ဆောင်တယ်ဆို..ဘက်နက်နဲ့ ထိုးသတ်ခံထိမယ်ကွ"


ဖိုးတုတ်၏ အသံကြားသည့်အခါ နှစ်ယောက်လုံး မတ်တပ်ထရပ်လိုက်ကြသည်။


"ဒီမှာ ကိုဖိုးတုတ်ကို… ဂျပန်ဆီ သွားချောက်တွန်းတဲ့..အကောင်..ကျွန်တော်တို့ ဝင်ထုနှက်ပြီး ခေါ်လာတာ"


အဖတ် က ဖိုးတုတ်ကို မော့ကြည့်သည်။


"ကျွန်တော့်ကို မသတ်ပါနဲ့..ဆရာကြီး။ မသတ်ပါနဲ့"


ဖိုးတုတ်က အဖတ်ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။


"ငါမေးပါဦးမယ်…မင်းက ဘာကိစ္စ ငါ့သေနတ်ကိစ္စ ဂျပန်ကို သွားတိုင်ရတာတုန်း"


"အဲ့ဒီညက ဆရာကြီးကို လူမှားပြီး ဓါးမြတိုက်မိတော့ နောက်ပိုင်း ဆရာကြီးက ကျွန်တော့်ကို ဒုက္ခပေးမှာ ကြောက်လို့..ဂျပန်နဲ့သွားတိုင်မိတာပါ။ ပြီးတော့..ကျွန်တော်တို့ တရုတ်တွေကို ဂျပန်က သတ်နေတော့ သူတို့ကို ဖားပြီး သွားပြောမိတာပါ"


"မင်းကွာ..မတောက်တခေါက်အတွေးနဲ့ တယ်မှားတာပဲ..အဖတ်။ မင်းနဲ့ ငါ မသိတဲ့လူတွေလည်း မဟုတ်ဘူး"


"ကျွန်တော်ကြောက်လို့ပါ..ဆရာကြီး..ကျွန်တော့်ကို မသတ်ပါနဲ့။ ခွင့်လွှတ်ပါ"


"နေစမ်းပါဦး..မင်းက ဘီအိုင်အေ ထဲ ဝင်ထားတာလား"


"မဟုတ်ပါဘူး..ဆရာကြီး..အရက်ဆိုင်မှာ သခင်တစ်ယောက် မူးနေတုန်း သူ့အိတ်ထဲက လက်မောင်းတံဆိပ်တွေ ခိုးနှိုက်လာကြတာပါ"


"အေး..ကောင်းတယ်ကွာ..မင်းတို့ကောင်တွေတော့..ကဲ..အဖတ် မင်းကို ငါမသတ်ဘူး..ဟုတ်ပြီလား..အဲ့ဒီအတွက် မင်း ငါ့ဆီမှာ အလုပ်ဝင်လုပ်ရမယ်"


"ဘာခိုင်းခိုင်း လုပ်ပါ့မယ်..ဆရာကြီး..ကျွန်တော့်ကို ဆရာကြီး တပည့်အဖြစ် သတ်မှတ်ပါ"


"အေး..မင်း ပုလိပ်လုပ်ရမယ်ကွ"


စံဘနှင့် ထွန်းရင်က လမ်းမတော်ဖိုးတုတ်ကို ပြူးပြီး ကြည့်လိုက်သည်။


"ဟေ့ကောင်တွေ..ပြူးပြီးကြည့်မနေနဲ့…မင်းတို့လည်း ပုလိပ်လုပ်ရတော့မယ်"


…………………………………………………………………………………………………….


၁၉၄၂၊ မေလ (၂၁)ရက်။


မြန်မာပြည်ဆိုင်ရာ ဂျပန်စစ်ဌာနချုပ် က ငွေစက္ကူသုံးစွဲရေးဆိုင်ရာတစ်ချက်လွှတ်တည်သောအမိန့်ကို ထုတ်ပြန်ကြေညာလိုက်သည်။


ထိုကြေညာချက်တွင် ဂျပန်စစ်ဖက်ဌာနသည် စစ်သုံးငွေစက္ကူများကို မြန်မာပြည်တွင် တရားနည်းလမ်းဖြင့် သက်ဝင်အသုံးပြုတော့မည်ဖြစ်ကြောင်း၊ အရှေ့အာရှတိုက်တွင် ခေတ်သစ်ထူထောင်သည့် ဂျပန့်မိတ်ဆွေ နိုင်ငံများအတွက် ထိုငွေကြေး၏ တန်ဘိုးတည်တံခိုင်မြဲမှုကို ဂျပန်အစိုးရက လုံးဝတာဝန်ယူကြောင်း၊ ငွေစက္ကူအသုံးပြုရာတွင် လွယ်ကူစေရန် ပဲ၊ ပိုင် စနစ်ကို ပယ်ဖျက်ပြီး ဆင့် ၁၀၀ ကို အခြေခံအသုံးပြုမည်ဖြစ်ကြောင်း၊ အထက်ပါ ဂျပန်ငွေစက္ကူကို အသုံးမပြုဘဲ ငြင်းဆန်သူကို ဂျပန်ဘုရင်မင်းမြတ်၏ ရန်သူအဖြစ် သဘောထား အပြစ်ပေးမည်ဖြစ်ကြောင်းနှင့် ယခင် မူလရှိနှင့်ပြီးသော မြန်မာနိုင်ငံသုံးငွေစက္ကူများကိုလည်း တပြိုင်နက်ဆက်လက်သုံးစွဲခွင့်ပြုထားမည်ဖြစ်ကြောင်း ပါရှိသည်။


ထောင်မလဲ သဲကော် ဟု ဆိုကြသော ဂျပန်ငွေစက္ကူများကို ဂျပန်စစ်တပ်က စတင်ရိုက်နှိပ် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။


ထိုနေ့တွင်ပင် ခြောက်လုံးပြူးခါးကြားထိုးကာ ငှက်ကြီးတောင်ဓါးကို လွယ်ထားသော ပုလိပ်မင်းကြီးဦးဖိုးတုတ်သည် ဂျပန်စစ်တပ်မှ ထုတ်ပေးထားသော အညိုရောင်စစ်မြင်းကြီးကို စီးလျက် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးသို့ လာရောက်ကာ စတင်ရုံးထိုင်လေတော့သည်။






အခန်း(၂၆)


……………..


"ဆရာဖိုးတုတ်..ကြိုက်တာလုပ်ခိုင်းပါဗျာ..ကျွန်တော်လုပ်ပါတယ်..ဒါတော့ မလုပ်ပါရစေနဲ့"


ဖိုးတုတ် ရှေ့တွင် ရပ်နေသော အုန်းဖေက ခါးခါးသီးသီးငြင်းသည်။


"ဟေ့ကောင်..အုန်းဖေ…မင်းက ငါ့ကို အာခံတာလား"


"မဟုတ်ပါဘူး..ဆရာရယ်…ဆရာနဲ့ ကျွန်တော် လက်တွဲလာတာ စစ်မဖြစ်ခင် ဟိုးအရင်နှစ်တွေကတည်းကပါ… ဆရာဖိုးတုတ် ကျေးဇူးတွေလည်း ကျွန်တော့်မှာ အများကြီးပါ… ဒီတစ်ခုတော့ ကျွန်တော်မလုပ်ပါရစေနဲ့"


"နေပါဦး..မင်းက ဘာလို့ မလုပ်ချင်ရတာလဲ"


"ရှက်လို့"


"ဟိတ်ကောင်..ငါ ထလုပ်လိုက်ရ…မင်း ပုလိပ်လုပ်ခိုင်းတာ..ရှက်စရာလားဟ"


"..ဆရာရယ်..တစ်သက်လုံးက လူဆိုးလူမိုက်လုပ်လာတာ..ခုမှ ပုလိပ်ထလုပ်ရမယ်ဆိုတော့..ရှက်စရာကြီးဗျ"


လမ်းမတော်ဖိုးတုတ် က သူ့တပည့်အုန်းဖေကို ကြည့်ကာ တွေဝေသွားသည်။


"အေးကွာ..ဟုတ်တာပဲ..မင်းမလုပ်ချင်လဲနေကွာ..ငါ တခြားသူတွေနဲ့ ဆက်လုပ်တာပေါ့..အုန်းဖေရေ…ဒီလို ကာလမျိုးမှာ ကိုယ့်အသက်ရှင်ရေးအတွက် ခေတ်အပြောင်းအလဲအတိုင်း လုပ်ကိုလုပ်ရမှာပဲကွ.. ငါတို့အလုပ် က ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အလုပ်မျိုးကိုကွ..ဘယ်တတ်နိုင်မလဲကွာ''


အုန်းဖေက ပုလိပ်အိတ်စပက်တော်ရာထူးကို ငြင်းပယ်ခဲ့သော်လည်း ထိုရက်ပိုင်းက လမ်းမတော်ဖိုးတုတ် ၏ အနောက်ပိုင်းရာဇဝတ်ဌာနရုံးနှင့် နေအိမ်တွင် ပုလိပ်လုပ်ချင်သဖြင့် ရာထူးလာတောင်းကြသော တပည့်များ တဖွဲဖွဲရောက်လာကြသည်။


ဘီအိုင်အေယောင်ယောင် လုပ်နေသော မောင်မောင်ပင် လမ်းမတော်ဖိုးတုတ် အနားပြန်ရောက်လာသည်။


ရန်ကုန်အရှေ့ပိုင်းပုလိပ်အိတ်စပက်တော် အောင်ဘ၊ ရန်ကုန်အနောက်ပိုင်းပုလိပ်အိတ်စပက်တော် မောင်မောင်၊ ရာဇဝတ်အုပ် အဖတ်၊ ရာဇဝတ်အုပ် စံဘ၊ ရာဇဝတ်အုပ် ထွန်းရင် စသဖြင့် အသီးသီးရာထူးများ ရကုန်ကြသည်။


အခြားတပည့်များကလည်း ရန်ကုန်အပိုင်းအသီးသီးအလိုက် ပုလိပ်အရာရှိများဖြစ်ကုန်ကြလေသည်။


လမ်းမတော်ဖိုးတုတ် ၏ လူမိုက်များ ပုလိပ်တက်လုပ်မှပင် စစ်ပြီးစ အချင်းချင်း လုယက်၊ သတ်ဖြတ်နေကြသော ရန်ကုန်မြို့မှာ ငြိမ်ဝပ်သွားသည်ကတော့ အမှန်ပင်။


အထက်မြန်ပြည်တွင် ဆုတ်ခွာနေသော အင်္ဂလိပ်များကို လိုက်လံတိုက်ခိုက်နေရသည့် ဂျပန်တပ်များနှင့်် ဘီအိုင်အေ အတွက် ရန်ကုန်မြို့ကို ထိန်းသိမ်းရမည့်အရေးတစ်ခု ပေါ့သွားသဖြင့် လမ်းမတော်ဖိုးတုတ်ကို ဂျပန်စစ်ဘက်အရာရှိများက သဘောကျကြသည်။


ဂျပန်စစ်တပ်မှ တိုက်ရိုက်ကိုင်တွယ်မည့် စစ်အုပ်ချုပ်ရေးကို အတိအလင်းပြဌာန်းလိုက်ပြီဖြစ်သဖြင့် အချို့ကိစ္စများတွင် ဂျပန်စစ်ရုံးချုပ်မှ လမ်းမတော်ဖိုးတုတ်ပုလိပ် အဖွဲ့နှင့် တိုက်ရိုက်ညှိ့နှိုင်းရသည်များလည်း ရှိလာသည်။


ဘီအိုင်အေမှ ဗိုလ်မှူးကြီးဆူဇူကီး၊ ဗိုလ်ကြီးမိဇုတာနီ တို့အပြင် ဂျပန်ကင်ပေတိုင်ချုပ် ဂျင်နရယ်မတ်စူအိုကာ၊ ဂျပန်စစ်အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်မှူးကြီးနာဆူ တို့ ပင်လျင် လမ်းမတော်ဖိုးတုတ် ၏ နေအိမ်သို့ အဝင်အထွက်ရှိလာသည်။


ထိုအချိန်တွင် ဂျပန်စစ်ထောက်လှမ်းရေးဖြစ်သည့် ကင်ပေတိုင်များကလည်း ရန်ကုန်တွင် အမိအရခြေကုပ်ယူလာနိုင်ပြီး ဂျပန်ဆန့်ကျင်ရေးသမားဟု မသင်္ကာသည့် ဘီအိုင်အေနှင့် သခင်များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေချိန်ဖြစ်သည်။


ဂျပန်စစ်ဘက်အရာရှိကြီးများ၊ ကင်ပေတိုင်ဗိုလ်ချုပ်များနှင့် ပါ အပေးအယူ၊ အဝင်အထွက်များရှိနေသည့် လမ်းမတော်ဖိုးတုတ် ကို ဘီအိုအေအဖွဲ့များကပင် သတိထားဆက်ဆံလာရသည့် အခြေအနေဖြစ်လာသည်။


သို့သော် ပုလိပ်မင်းကြီးကား ခေတ်ပျက် ပုလိပ်မင်းကြီးဖြစ်သည့်အတွက် ပုလိပ်အလုပ်သာမက ဂျပန်စစ်တပ်မှ ခိုင်းစေသည့် အခြားအလုပ်များပါ လုပ်ပေးလာရ၏။


၁၉၄၂ ခုနှစ်၊ မတ်လ (၃၀)ရက်။


ရန်ကုန်မြို့တော်ခန်းမတွင် ဗိုလ်မှူးကြီးတေရာဒါ ဦးဆောင်သော ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့ ဖွင့်ပွဲအခမ်းအနားကိုကျင်းပသည်။


ထိုအုပ်ချုပ်ရေးအဖွဲ့တွင် မြန်မာနိုင်ငံဗဟိုအစိုးရ အုပ်ချုပ်ရေးအရာရှိချုပ် သခင်ထွန်းအုပ်မှာ အမည်ခံသာပါတော့သည်။


ထိုပွဲတွင် ဂျပန်စစ်ဘက်ဆိုင်ရာအရာရှိကြီးများအပြင်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)မှ အရာရှိကြီးများအပြင် ရန်ကုန်မြို့တော်ယာယီပုလိပ်အဖွဲ့မှ ပုလိပ်မင်းကြီး ဦးဖိုးတုတ် လည်း တက်ရောက်ရသည်။


ထိုပွဲအပြီးတွင် ဗိုလ်မှူးကြီးဆူဇူကီးက ဘီအိုင်အေရုံးချုပ်တွင် လမ်းမတော်ဖိုးတုတ် အား တွေ့ဆုံရန် တစ်ခါတည်း ခေါ်သွားခဲ့သည်။


ဗိုလ်မှူးကြီးဆူဇူကီး သည် ၁၉၄၀ ခုနှစ်ကတည်းက မြန်မာပြည်တွင် သူလျှိုလုပ်ရန် ဝင်လာသူဖြစ်သဖြင့် မြန်မာစကားကို စကားပြန်မပါပဲ ပြောနိုင်သူဖြစ်သည်။


"ဦးဖိုးတုတ်..ကို ငါ တာဝန်တစ်ခုပေးစရာရှိလို့ပါ"


"ဟုတ်ကဲ့ပြောပါ..မာစတာ"


"အခု ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးတေရာဒါက ငါ့ကို တာဝန်တစ်ခုပေးလာတယ်။ ဘာတာဝန်လဲဆိုတော့ မကြာခင်မှာ ရွှေတောင်တို့ ၊ တောင်ငူတို့ကို သိမ်းနိုင်ခဲ့တဲ့ အမှတ်(၅၅)တပ်မက တပ်တချို့ ရန်ကုန်ကို ပြည်တော်ပြန်ဝင်ပြီး နားကြမယ်။ အဲ့ဒီတိုက်ပွဲတွေက ပြန်လာတဲ့ ဂျပန်စစ်သားတွေ၊ ဘီအိုင်အေစစ်သားတွေ အပန်းဖြေဖို့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံ ဖွင့်ဖို့ရန်ကုန်မှာ ညွန်ကြားလိုက်ပြီ"


"ဗျာ"


"အေး..မင်းကတော့ သိမှာမဟုတ်ဘူး။ တခြား စင်္ကာပူတို့၊ ကိုရီးယားတို့၊ တရုတ်မျက်နှာတွေက မြို့ကြီးတွေမှာလည်း နိပွန်ဘုရင်မင်းမြတ်အတွက် အသက်ပေးတိုက်နေတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာ အပန်းဖြေဖို့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံတွေကို အစိုးရစရိတ်နဲ့ ဖွင့်ပေးရတယ်။ အခု ရန်ကုန်မှာလည်း အဲ့ဒီလို ဖွင့်ဖို့ စစ်ဥပဒေဌာနက ညွှန်ကြားလာတယ်။ ဒီကိစ္စကို စစ်ရုံးချုပ်က ဘီအိုင်အေကို တာဝန်ပေးလိုက်ပြီ။ တို့ ဘီအိုင်အေထဲမှာလည်း အဲ့ဒီဘက်ကို ထဲထဲဝင်ဝင်ကျွမ်းတဲ့ ဗမာစစ်ဗိုလ် က မရှိဘူး။ ရှိပြန်ရင်လည်း မင်းလိုတော့ အဲ့ဒီဘက်တွေမှာ အာဏာထက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းအနေနဲ့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာရုံ မှာ တာဝန်ထမ်းဆောင်မယ့် ပြည့်တန်ဆာတွေကို ရှာပေးရမယ်။ သူတို့က ဂျပန်ဘုရင့်တပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာတွေအဖြစ် လစာပြည့်နဲ့ တာဝန်ထမ်းဆောင်ရမယ်၊ ပြည်တန်ဆာရှာဖို့အတွက် စစ်ဥပဒေဌာနက စစ်ရဲတပ်စိတ်တစ်ခုက မင်းနဲ့ ပူးပေါင်းပေးမယ် "


လမ်းမတော်ဖိုးတုတ် သည် အနောက်ပိုင်းရာဇဝတ်ဝန်ရုံးသို့ ပြန်ကာ တပည့်များအား စုရုံးခေါ်လိုက်သည်။


နယ်မြေအတွင်းတွင် ရှိသော ပြည့်တန်ဆာခန်းများစာရင်းကို ကောက်ယူလိုက်သည်။ ဧပြီလ ()ရက်နေ့တွင် ဂျပန်အမှတ်(၁၅)တပ်မတော်၊ စစ်ဥပဒေဌာနလက်အောက်ခံ၊ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနခွဲ (မြန်မာအခေါ် ဆောင်ကြာမြိုင် ဌာန) ကို ဟယ်လပင်လမ်း(ပြည်ထောင်စုရိပ်သာလမ်း)နှင့် ဘဒ်လမ်း(ပဒုမ္မာလမ်း)ထောင့်ရှိ နှစ်ထပ်အိမ်ကြီးတွင် စတင်ဖွင့်လှစ်လိုက်သည်။


ဌာနမှူး မှာ ဗိုလ်ကြီးဆူဂီမိုတို ဖြစ်ပြီး တွဲဖက်ဌာနမှူးအဖြစ် ပုလိပ်မင်းကြီးဦးဖိုးတုတ် ကို ခန့်အပ်ထားလိုက်သည်။


ဧပြီလ ()ရက်နေ့ ည ၊ နေ့လည် ()နာရီ။


ချိုင်းနားစတန်းဟိုတယ်ရှေ့သို့ ဂျပန်အလံတပ်ထားသော အော်စတင်ကားတစ်စီးနှင့် စစ်သုံးလော်ရီကားနှစ်စင်း ထိုးဆိုက်လာသည်။


လောရီကားတစ်စင်းပေါ်မှ လမ်းတော်ဖိုးတုတ်၏ မြို့တော်ပုလိပ်အဖွဲ့မှ အနောက်ပိုင်းအိတ်စပက်တော် မောင်မောင် ၊ ရာဇဝတ်အုပ်စံဘ နှင့် မြို့တော်ပုလိပ် ငါးဦး၊ ဂျပန်စစ်ရဲ ()ဦးတို့ ဆင်းလာပြီး နေရာယူလိုက်ကြသည်။


အော်စတင်ကားပေါ်မှ လမ်းမတော်ဖိုးတုတ် ၊ စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနမှ တပ်ကြပ်ကြီးစာရေးတစ်ဦး၊ ဂျပန်စစ်ရဲအရာခံဗိုလ်တစ်ဦးဆင်းလာသည်။


ဟိုတယ်အတွင်းမှ ဂေါင်းသန်းရွှေ ပြာပြာသလဲ ဆင်းလာကြို၏။


"မာစတာတို့၊ ဆရာကြီးဖိုးတုတ် တို့ စောစောစီးစီးပါလားဗျာ..ကြွကြပါ..ကြွကြပါ"


လမ်းမတော်ဖိုးတုတ်တို့က က အောက်ထပ်ရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။


သန်းရွှေ က ပျားအုံတံဆိပ် ဘရန်ဒီတစ်ပုလင်း နှင့်ဖန်ခွက်ကို ယူလာကာ ရှေ့သို့ လာချပေးသည်။


"ဆရာကြီးတို့ ရောက်တုန်းရောက်ခိုက်..အေးအေးဆေးဆေးနားကြပေါ့..ပူပူနွေးနွေးမြည်းရအောင် ကောင်မလေးတွေကို ကြက်သားလေး ချက်ချင်းကြော်ခိုင်းထားပါတယ်"


"နေ..နေ..သန်းရွှေ ငါတို့ မသောက်တော့ဘူး..အခု မင်းဆီမှာ ကောင်မလေး ဘယ်နှစ်ယောက်ရှိသလဲ"


"အယောက်နှစ်ဆယ်လောက်တော့ ရှိပါတယ်..ဆရာကြီး"


"အေး..အကုန် ထွက်တန်းစီခိုင်းကွာ"


"သြော်..ရောက်ရောက်ချင်းကြီး..လူရွေးကြတော့မလို့လား..ဖြည်းဖြည်းလုပ်ကြလည်း ရပါတယ်ဗျ..အဟဲ"


"ဟေ့လူ စကားမရှည်နဲ့..ခင်ဗျားဆီ ဖာချဖို့လာတာမဟုတ်ဘူး..အစိုးရအမိန့်နဲ့လာတာ..ခေါ်စရာရှိတာခေါ် အချိန်မရှိဘူး"


လက်ပတ်အနီပတ်ထားပြီး ဂျပန်စစ်ဦးထုတ်ဆောင်းထားသော ရာဇဝတ်အုပ်စံဘက သန်းရွှေကို ဟောက်လိုက်သည်။


"သြော်.ဟုတ်ကဲ့ပါ..ကျွန်တော်မသိလို့ပါ..ရပါတယ်..ရပါတယ်..ဟေ့ ခင်လှ..အပေါ်က ကောင်မတွေရော..အောက်က ကောင်မတွေပါ..အကုန်လုံးထွက်လာပြီး တန်းစီလို့ ပြောလိုက်"


အနောက်ဘက်တွင် ရပ်နေသော ဂျပန်ဂေးရှားမယ်ပုံစံ ကီမိုနိုဝတ်ထားသည့် ညိုညို တောင့်တောင့်ထွားထွား အမျိုးသမီးက အပေါ်ထပ်သို့ တက်သွားသည်။


ခဏအကြာတွင် အပေါ်ထပ်နှင့် အောက်ထပ်မှ မိန်းကလေးအယောက်(၂၀)ခန့် ဆင်းလာကာ တန်းစီ၏။


အရာခံဗိုလ်က အမိန့်ပေးလိုက်ရာ စစ်ရဲများက မိန်းကလေးများကို ရိုင်ဖယ်နှင့်ချိန်ပြီး ကားပေါ်သို့ တက်ခိုင်းကြတော့သည်။


"ဆရာကြီးဖိုးတုတ်..သူတို့ ဘာလုပ်ကြတာလဲဗျာ..ကောင်မလေးတွေကို ဘယ်ခေါ်သွားမလို့လဲ"


"ဂျပန်တွေက အစိုးရဖာတန်းလုပ်မလို့တဲ့ကွာ..ဒီကောင်မလေးတွေထဲက လခစားအစိုးရဝန်ထမ်းအဖြစ် အစိုးရခန့် ဖာသည်လုပ်ရမယ့်သူကို သူတို့ရွေးချယ်လိမ့်မယ်..သူတို့စံချိန်နဲ့ မကိုက်တဲ့လူ၊ စိတ်မပါတဲ့လူ ဆို ပြန်လွှတ်ပေးလိမ့်မယ်။ဘာမှ ပူမနေနဲ့"


"ဟာ..ဆရာကြီးရယ်..ဒီကောင်မတွေ တစ်ယောက်မှ ပြန်မလာရင်တော့ ကျွန်တော့်စီးပွားပျက်ပါပြီဗျာ"


"ဟိတ်ကောင်..မင်းတောင် သူများဟိုတယ်ပေါ် မတရားတက်ပြီး ဖာခန်းဖွင့်စားနေတာပဲ..ကိုယ့်အလှည်ကျ ခံပေါ့ကွာ..ဒီဂျပန်တွေ လုပ်နေတာတွေ ငါလည်း လိုက်မမှီတော့ဘူး…မင်းမှ မဟုတ်ဘူးဟေ့..ငါပါ ဒီကောင်တွေ တက်လာမှ လူမိုက်ဘဝကနေ ဖာရှာပေးတဲ့ဘဝရောက်ရတော့တယ်"


လမ်းမတော်ဖိုးတုတ်က စိတ်ပျက်လက်ပျက်ပြောဆိုပြီး ကားပေါ်သို့ တက်သွား၏။


သန်းရွှေ သည် မျက်နှာငယ်ငယ်ဖြင့် ဟိုတယ်ဝတွင် မတ်တပ်ရပ်ကျန်ခဲ့သည်။


စံဘက ဖိုးတုတ်တို့အတွက် သန်းရွှေလာချပေးထားသော ဘရန်ဒီ ပုလင်းကို ခါးကြားထိုးလိုက်ပြီးမှ ကောင်မလေးများအား တင်ဆောင်ထားသော လော်ရီကားပေါ် ခုန်တက်သွားတော့သည်။


……………………………………………………………………


ထိုညနေက ရန်ကုန်မြို့တွင်းရှိ ပြည့်တန်ဆာတန်းအသီးသီးမှ ပြည့်တန်ဆာမများ၊ ဟိုတယ်အသီးသီးမှ ဟိုတယ်မယ်များကို တင်ဆောင်လာသော လော်ရီကားကြီးများသည် ဟယ်လ်ပင်လမ်းရှိ စစ်ဘက်ဆိုင်ရာ ပြည့်တန်ဆာဌာနသို့ အသီးသီးဆိုက်ရောက်လာကြသည်။


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနမှ ဂျပန်အရာရှိများက ကားပေါ်တွင် ပါလာသော အမျိုးသမီးများကို နှစ်ထပ်အိမ်ကြီးရှေ့တွင်ရှိသော ကွက်လပ်တွင် တန်းစီထိုင်ခိုင်းထားလိုက်သည်။


လမ်းမတော်ဖိုးတုတ် မှာ ဆူညံပွက်လောရိုက်နေလျက်ရှိသော အယောက်တစ်ရာခန့်ရှိသော အမျိုးသမီးအုပ်ကြီးကို ရုံးအပေါ်ထပ်မှ စိတ်ပျက်လက်ပျက် ကြည့်နေလေသည်။


အမျိုးသမီးများဘေးတွင်တော့ ဂျပန်စစ်ရဲများနှင့် ဖိုးတုတ်၏ ရန်ကုန်ပုလိပ်အဖွဲ့မှ မောင်မောင်၊ စံဘ ၊ ထွန်းရင်တို့ ရပ်နေကြသည်။


"မောင်မောင်ရေ..ငါတော့ ဒီလောက်များတဲ့ ဖာသည်အုပ်ကြီးကို တစ်စုတစ်ဝေးတည်းတွေ့ဖူးတာ ဒါပထမဆုံးပဲဟေ့"


စံဘက ပြောလိုက်သည်။


"အေးကွာ..ငါဖြင့် ခုနေ ဘယ်မဒ ဘယ်မြာကြိုက်လဲ ရွေးခိုင်းရင်တောင်..ရွေးရမှာ ခက်ခက်ပဲ"


မောင်မောင်က စံဘကို ရယ်ပြီး ပြန်ပြောသည်။


"တို့တစ်ရွာစာလောက်ရှိတယ်ဟ၊ မင်းတို့ရန်ကုန်မှာ ဖာရွာတောင် တည်လို့ရတယ်"


"အခုလဲ ဂျပန်တွေက ဖာရွာတည်ပေးဖို့ နေမှာပေါ့..ထွန်းရင်ရ..အဲ့ဒီမှာ မင်း ရွာဆော်လုပ်ပါလား"


"အေး..မဆိုးဘူးကွ..မင်းအကို ကိုဖိုးတုတ် က သူကြီးလုပ်ပေါ့..ဒီအချိန် ငါ့အဖေ မြင်ရင်တော့ စိတ်ကောင်းမှာ မဟုတ်ဘူး။ သူ့သား မြို့တက်ပြီး လူမိုက်လုပ်ခိုင်းတာ ဖာဂေါင်းဖြစ်နေတယ်ဆိုပြီးတော့"


ခဏအကြာတွင် အိမ်ပေါ်မှ ဗိုလ်ကြီးဆူဂီမိုတို ဦးဆောင်သော အရာရှိများနှင့် လမ်းမတော်ဖိုးတုတ်တို့ ဆင်းလာကြသည်။


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနအတွက် ခန့်အပ်ထားသည့် ဂျပန်စကားပြန်မူစတာဖာ လည်း ပါလာ၏။


မူစတာဖာ သည် စစ်မဖြစ်မီက ဂျပန်ကုန်သည်ကြီးများအသင်း၏ အဝယ်တော် ဖြစ်ပြီး မြန်မာစကား၊ ဂျပန်စကားနှစ်မျိုးလုံးကျွမ်းကျင်သည့် မြန်မာပြည်ဖွားအစ္စလာမ်လေးဖြစ်သည်။


ယခုတော့ သူပါ လမ်းမတော်ဖိုးတုတ်တို့နှင့် ဘဝတူ ဖာတန်းစကားပြန်ဘ၀ ရောက်ရချေပြီ။


ဗိုလ်ကြီးဆူဂီမိုတို က ခေါ်ဆောင်လာသောမိန်းကလေးများအား စစ်ဘက်ဆိုင်ရာပြည့်တန်ဆာခန်းအကြောင်းကို ရှင်းပြလေသည်။


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာခန်းတွင် ဂျပန့်တပ်မတော်နှင့် ဗမာလွတ်လပ်ရေးတပ်မတော် ရှိ အရာခံဗိုလ်အဆင့်မှ တပ်သားအကြား အခြားအဆင့် စစ်သားများ လာရောက်သည်ကို ပြည့်တန်ဆာအဖြစ် လက်ခံဖျော်ဖြေရမည်ဖြစ်ကြောင်း၊ ပြည့်တန်ဆာအဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို ဗမာလွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)မှ ပုံမှန်လစာပေးအပ်သွားမည်ဖြစ်ကြောင်း၊ အစိုးရပြည့်တန်ဆာ (၄၈)ယောက်ကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ထို(၄၈)ယောက်သည် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမည်မဟုတ်ပဲ တပ်စု ()စု ခွဲထားမည်ဖြစ်ကြောင်း၊ တပ်စုတစ်စုလျှင် (၁၆)ဦးပါဝင်ပြီး ထို (၁၆)ဦးမှ ပြည့်တန်ဆာဌာနတွင် ရှိသော အခန်း ()ခန်းတွင် နေ့ ()ဦး၊ ည ()ဦး နှစ်ဆိုင်းခွဲကာ ပျော်တော်ဆက်တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ တပ်စုတစ်စုက တစ်ရက်တာဝန်ထမ်းဆောင်ပြီးလျှင် နှစ်ရက်တာ အနားယူပြီး ကျန်းမာရေးဆေးစစ်ခြင်း ၊ ခန္ဓာကိုယ်အလှလေ့ကျင့်ခြင်းများ ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ ပုံမှန်လစာအပြင် တာဝန်ချိန်အတွင်း လက်ခံရသည့် ဧည့်သည်အရေအတွက်အလိုက် ရရှိသော ဝင်ငွေကိုလည်း ပြည့်တန်ဆာဌာန၊ စီမံရေးရာအရာရှိမှ စာရင်းနှင့် ထိန်းသိမ်းပေးထားပြီး ခွင့်ယူသည့်အခါ သို့မဟုတ် အလုပ်မှ နှုတ်ထွက်ခွင့်ရသည့်အခါ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆူဂီမိုတို က ရှင်းပြသည်။


ဂျပန်လည်းကြောက်ရ၊ ပုလိပ်လည်းကြောက်ရ၊ ဘီအိုင်အေလည်းကြောက်ရ၊ လူမိုက်လည်းကြောက်ရ၊ ဂေါင်းကိုလည်း ကြောက်ရရှာသော ရန်ကုန်ပြည့်တန်ဆာထုကြီးမှာ နေ့တဝက်ဝင် သုံးရက်နား အစိုးရလခစားအပြင် အပိုဆောင်းငွေပါ ရရှိမည့် ထိုအလုပ်ကို လုပ်ပါမည်ဟုဆိုကာ အလုအယက် စာရင်းပေးသွင်းကုန်ကြလေသည်။


ပြည့်တန်ဆာဌာနမှ အရာရှိများက ရုပ်ရည်၊ ခန္ဓာကိုယ်၊ အသက်အရွယ်သတ်မှတ်ချက်နှင့် ပြည့်စုံသော အမျိုးသမီး (၄၈)ဦးကို စိစစ်ရွေးချယ်ပြီး ဌာနစည်းကမ်းများလိုက်နာမည်ဖြစ်ကြောင်းနှင့် မိမိ၏ ဆန္ဒအလျောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဝန်ခံကတိများရေးထိုးကာ အစိုးရခန့် ပြည့်တန်ဆာအဖြစ် တရားဝင်ခန့်အပ်လိုက်လေ တော့သည်။


ရွေးချယ်ခန့်အပ်ခြင်းခံရသော အမျိုးသမီးများကို ဂျပန်စစ်ဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးခြင်း ၊ လိုအပ်သည့်ဆေးဝါးကုသမှုများ ၊ သန့်ရှင်းရေးနည်းလမ်းများ၊ လိင်ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ၊ လိင်မှုရေးရာသင်တန်းများ လာရောက်ပို့ချကြသည်။


သုံးလပြည့်သည်အထိ မည်သူနှင့်မျှ တွေ့ခွင့်မရပဲ ထိုသင်တန်းဆင်းပြီးသည့်အခါမှ ဂျပန်ခေတ် စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနကို စတင်ဖွင့်လှစ်လိုက်လေသည်။


ပြည့်တန်ဆာဌာန၏ ခြံဝကင်းတွင် ဂျပန်စစ်သားများလာလျှင် တာဝန်ခံစီစဉ်မည့် ဂျပန်တပ်ကြပ်နှစ်ဦး ထားပေးပြီး ဘီအိုင်အေစစ်သားများအတွက် ဖိုးတုတ်၏ ရဲတပ်ဖွဲ့မှ ရဲကြပ်တစ်ဦးထားပေးရန် တောင်းဆိုလာ၏။


ထိုအခါ ဖိုးတုတ် ခေါင်းကိုက်ရပြန်သည်။


ဖိုးတုတ်လက်အောက်တွင် ခေတ္တပုလိပ် လုပ်နေသော လူမိုက်များမှာ ပြည့်တန်ဆာတန်း အစောင့်အဖြစ် မည်သူမျှ မလုပ်လိုကြ။


လမ်းမတော်ဖိုးတုတ် အကြပ်ရိုက်နေစဉ် မထင်မှတ်ပဲ ကူညီပေးခဲ့သူမှာ ပုလိပ်မလုပ်ချင်သော အုန်းဖေ ပင်။


"အဲ့ဒီဂိတ်မှာ ကျွန်တော်သွားနေမယ်..ဆရာဖိုးတုတ်။ အခုဟာက ဆရာကိုယ်တိုင်က ပုလိပ်ဖြစ်နေတော့ ကျွန်တော်လည်း အလုပ်လက်မဲ့လူမိုက်ဖြစ်နေပြီ။ အဲ့ဒီမှာသာ ကျွန်တော့်ကို ထားလိုက်"


"သြော်..အုန်းဖေ..အုန်းဖေ.. မင်းက ပုလိပ်လုပ်ပါဆိုတော့ မလုပ်ချင်ဘူး..အခု ကောင်မတွေရှိတဲ့ အတန်းကျ တက်ကြွနေပါလား"


"ယူထားတဲ့ မိန်းမတွေကလည်း စစ်ဖြစ်ကတည်းက ပြန်မှ မလာကြတော့တာ..ဆရာရယ်"


"အေးပါ..ဒါဆိုလည်း မနက်ဖြန် မင်း ငါနဲ့ လိုက်ခဲ့.."


……………………………………………………………………..


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတွင် ဧည့်သည်လက်ခံရေးကြီးကြပ်ရေးမှူးများအဖြစ် ခြေထောက်တစ်ဖက်ကျည်ဆံထိကာ ဖြတ်ထားရသော ဂျပန်တပ်ကြပ်တစ်ဦး၊ မျက်လုံးတစ်ဖက်ကျည်မှန်သဖြင့် ကန်းနေသော ဂျပန်ဒုတပ်ကြပ်တစ်ဦး နှင့် အုန်းဖေ တို့က တာဝန်ယူရသည်။


ဂျပန်စစ်သားနှင့် ဘီအိုင်အေစစ်သားတို့သည် တစ်လလျှင် တစ်ကြိမ်သာ ပြည့်တန်ဆာဌာနသို့ လာရောက်ပျော်ပါးခွင့်ရှိသည်။


ထိုသို့လာရောက်သည့်အခါတွင်လည်း စစ်ရုံးဆေးဌာန၏ ကာလသားရောဂါကင်းရှင်းကြောင်း လက်မောင်းတွင် ရိုက်နှိက်ပေးလိုက်သည့် တံဆိပ်ကို ပြရသည်။


ဂျပန်စစ်သားများကို ကြီးကြပ်ရေးမှူးတပ်ကြပ်နှစ်ယောက်ကို စစ်ဆေးရပြီး ဗမာစစ်သားများက အုန်းဖေ က စစ်ဆေးရသည်။


ထိုသို့ စစ်ဆေးပြီးလျှင် အရှေ့ခွက်ထဲမှ နံပါတ်များပါသည့် ဝါးတူရှစ်ချောင်းထဲမှ တစ်ချောင်းကို ရွေးစေပြီး ထိုတူတွင်ပါသည့် နံပါတ်အတိုင်း ကပ်ပြားတစ်ခုကို ကင်းရုံရှေ့တွင် သွားချိန်ဆွဲလိုက်ရသည်။


ဌာနအပေါ်ထပ်တွင် တာဝန်ကျသော ဂျပန်ရဲဘော်က ကင်းရုံရှေ့မှ နံပါတ်ကို လှမ်းကြည့်ပြီး သံချောင်းခေါက်ကာ နံပါတ်ကို အော်ရသည်။


ထိုနံပါတ်တပ်ထားသော အမျိုးသမီးမှာ အနားယူခန်းမှထွက်လာပြီး သူ့အလုပ်လုပ်ရာအခန်းတွင် ဝင်လာမည့် ဧည့်သည်တော်ကို အသင့်စောင့်နေရတော့သည်။


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတစ်ခုလုံးတွင် ဝင်ငွေအကောင်းဆုံးနှင့် မျက်နှာအပွင့်ဆုံးမှာ ဧည့်သည်လက်ခံရေး ကြီးကြပ်ရေးမှူးများဖြစ်သော ဂျပန်နှစ်ယောက်နှင့် အုန်းဖေ ပင်ဖြစ်တော့သည်။


လာရောက်ကြသော စစ်သားများအနေဖြင့် ရုပ်ရည်ချောမောပြီး၊ ဆက်ဆံရေးကောင်းမွန်သော အမျိုသမီး၏ နံပါတ်ကို ရရန်အတွက် မူ တူခွက်ကို ကိုင်ရသော အုန်းဖေ တို့တွင် လုပ်ပိုင်ခွင့်ရထား၏။


သူတို့ကြိုက်သည့်နံပါတ်ကို ပေးပိုင်ခွင့်ရှိသည်။


ထို့ကြောင့် ဂျပန်စစ်သားများရော၊ ဘီအိုင်အေစစ်သားများပါ အုန်းဖေတို့ သုံးဦးအား ငွေကြေးလာဘ်ထိုးရပြီး၊ ခင်မင်အောင် ပေါင်းသင်းကြရသည်။


………………………………………………………………………………


၁၉၄၂ ဧပြီလ ()ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမတွင် ရန်ကုန်မြို့မ ရာဇဝတ်ဌာနကို စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြီး လမ်းမတော်ဖိုးတုတ်မှာ ပုလိပ်မင်းကြီးအဖြစ် မြို့တော်ခန်းမသို့ ရုံးပြောင်းတက်ရသည်။


ထိုညတွင် ခြောက်မိုင်ခွဲရှိ မင်းသားရွှေကျီးညို ၏ ခြံတွင် လမ်းမတော်ဖိုးတုတ်က ဧည့်ခံပွဲကျင်းပပေးသည်။


ထိုပွဲသို့ ဗိုလ်မှူးကြီဆူဇူကီး၊ မေဂျာဆာတိုး၊ ဂျပန်ကင်ပေတိုင်ချုပ် ဂျင်နရယ်မတ်စူအိုကာ၊ ဂျပန်စစ်အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်မှူးကြီးနာဆူ နှင့် အခြားဂျပန်အရာရှိများ၊ ရန်ကုန်မြို့မှ လူကြီးလူကောင်းအချို့ တက်ရောက်ကြသည်။


မသင်းမြမှာ မိဘများအိမ်တွင် ပြုလုပ်သည့် ဘုရားကိုးဆူပွဲသို့ သွားနေသဖြင့် ဧည့်ခံပွဲတွင် မပါရှိချေ။


ဗိုလ်မှူးကြီးဆူဇူကီး၊ ဂျင်နရယ်မတ်စူအိုကာ၊ ဗိုလ်မှူးကြီးနာဆူ နှင့် လမ်းမတော်ဖိုးတုတ်တို့က တဝိုင်းတည်းထိုင်ကာ အရက်သောက်နေကြသည်။


မျက်စောင်းထိုးတွင် မေဂျာဆာတိုး၊ချိုက်ဟုန်၊ မသောင်းတို့ ထိုင်ကြ၏။


ဖိုးတုတ်က ချိုက်ဟုန် ကို မကြာခဏကြည့်သည်။ ချိုက်ဟုန်ကလည်း ဖိုးတုတ်ကို ကြည့်ပြီး ပြုံးပြုံးပြ၏။


ခဏအကြာတွင ဂန္ဓမာသောင်းရီက မသောင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကို အကဲခတ်မိသွားသည်။


မေဂျာဆာတိုး ကား အတော်မူးနေပေပြီ။


မေဂျာဆာတိုးက တစ်ဖက်ဝိုင်းရှိ ဇာတ်မင်းသားရွှေကျီးညိုနှင့် အခြားဂျပန်အရာရှိများထံသွားကာ သီချင်းများ အော်ကြီးဟစ်ကျယ်ဆိုနေချိန်တွင် ချိုက်ဟုန်က ခြံအနောက်ဘက်သို့ ထွက်သွားသည်။


ဖိုးတုတ်ကလည်း ဂျပန်အရာရှိများကို ခွင့်ပန်ကာ အသာလေး ထွက်လာ၏။


ခြောက်မိုင်ခွဲမှာ သစ်ပင်ဝါးပင်များဖြင့် စိမ်းလန်းအုံ့မှိုင်းသော ရပ်ကွက်တစ်ခုဖြစ်သည်။


ဝါးပင်ကြီးအောက်တွင် မင်းသားရွှေကျီးညိုတို့ ဇာတ်လာတိုက်ရာ အဆောက်အဦးတစ်ခု ရှိနေသည်။


ခဏအကြာတွင် ထိုအဆောက်အဦအတွင်း ကြမ်းပြင်တွင် အရိပ်နှစ်ခု ပူးချည်ကပ်ချည်ဖြစ်နေကြ၏။


နာရီဝက်ခန့်အကြာ ချိုက်ဟုန် က သုတ်သီးသုတ်ပြာဖြင့် ပြန်ထွက်သွားပြီးနောက် လမ်းမတော်ဖိုးတုတ်က ပုဆိုးတွင် ပတ်ထားသော ခါးပတ်ကို ပြန်ပတ်နေစဉ်။


"ဖိုးတုတ်ရေ….မင်းကတော့…ကင်ဒိုဓါးပေါ် ဒန့်စ်က ကချင်တဲ့ကောင်ပဲကွ"


နောက်က ရောက်လာသူက ဂန္ဓမာသောင်းရီ။


"သြော်..ဂန္ဓမာ..အေး..နည်းနည်းမူးနေတော့ကွာ..စိတ်က အင်္ဂလိပ်ခေတ်က ဟိုတန်းလျားလေးဆီ ပြန်လည်သွားလို့ပါကွာ"


"အေး…အေး.ဟုတ်ပါပြီ..…ထားပါတော့..မင်းတို့ချင်း အဆင်ပြေရင် ပြီးတာပဲ..အခု မင်း ကို ငါသတင်းထူးတစ်ခု ပေးဖို့လာတာ"


"ဘာသတင်းလဲကွ"


" တရုတ်တန်းက သူဌေး ပီကေချောင်းက မင်း နဲ့ စကားပြောချင်လို့တဲ့"


"ဘာကိစ္စလဲကွ"


"ဘွန်ရှူကျင်းကြီး ကိစ္စ..ပြောချင်လို့တဲ့..အဲ့ဒါ..ဒီပွဲထဲမှာ ဂျပန်အရာရှိတွေချည်းပဲမို့…ခြံဝန်းအပြင်ထောင့်မှာ ရပ်ထားတဲ့ သူ့ကားပေါ်မှာ စကားပြောမယ်တဲ့..မင်းကို စောင့်နေတယ်..သွားတွေ့လိုက်ဦး"


ဖိုးတုတ်က ခြံဝန်းအပြင်ထောင့်သို့ ထွက်သွားသောအခါ ကားတစ်စီးပေါ်မှ မီးအချက်ပြလေသည်။


ဖိုးတုတ်က ကားနောက်ခန်းတွင် တက်ထိုင်လိုက်သည်။


"ထောင်ကဲ….ဦးလေးဘွန်ရှူကျင်း သတင်းဘာဖြစ်လို့လဲ"


"အခု မြစ်ဝကျွန်းပေါ်မှာ ဖော်မိုဆာတရုတ်လူမျိုး ဦးကေဘာကြီး၊ ဦးဘွန်ရှုကျင်းနဲ့ တရုတ်လူမျိုး ၂၀၀လောက် ကို ဂျပန်ကင်ပေတိုင်က ဖမ်းထားတယ်..ဦးဖိုးတုတ်"


"ဘာဖြစ်လို့ ဖမ်းတာလဲ"


"ဖော်မိုဆာတရုတ်လူမျိုးတွေမို့ ချန်ကေရှိတ်လူတွေလို့ မသင်္ကာလို့တဲ့၊ လူငါးဆယ်လောက်ကတော့ ကင်ပေတိုင် နှိပ်စက်တာနဲ့ မအူပင်မှာတင် သေကုန်ပြီပြောတယ်၊ ကျန်တဲ့လူတွေကိုလည်း ရန်ကုန်မှာ ခေါ်စစ်ဖို့ ဘားလမ်းအချုပ်ကို ခေါ်လာတယ်ပြောတယ်။ အဲ့ဒီ ရန်ကုန်ခေါ်လာတဲ့ လူတွေထဲက လူခြောက်ဆယ်လောက်ကို မနေ့ညကပဲ ကြံတောသုသာန်ထဲမှာ ပစ်သတ်လိုက်ကြပြီတဲ့ဗျ"


"ဟာ..ဒုက္ခပါပဲဗျ"


"အဲ့ဒါ ဦးဖိုးတုတ် က အခုဆို ကင်ပေတိုင်ဗိုလ်ချုပ်နဲ့ တရင်းတနှီးဖြစ်နေတော့ ဦးဖိုးတုတ် ကူညီပေးလိုက်ရရင် ကူညီပေးပါလို့ကွျွန်တေ်ာ လာပြောတာပဲ"


"ဟာ ဦးဘွန်ရှုှကျင်းက ကျွန်တော့်မိန်းမ ဦးလေး ပဲ…ကျွန်တော်ကူညီရမှာပေါ့..နေဦး ဦးလေးက အခု ဘားလမ်းအချုပ်ကို ရောက်ပြီလား"


"အဲ့ဒါတော့ ကျုပ်လည်း မသိလို့ ဦးဖိုးတုတ်ကို လာပြောပြရတာပဲ…ပထမသတ်လိုက်တဲ့ အသုတ်ထဲ မပါသွားရင်တော့ ကယ်လို့ ရကောင်းပါတယ် "

"ကျေးဇူးပါပဲ..ထောင်ကဲ..ကဲ ကျွန်တော် လုပ်စရာရှိတာ အမြန်သွားလုပ်လိုက်ဦးမယ်"


လမ်းမတော်ဖိုးတုတ်က ကားပေါ်မှ ဆင်းကာ ဧည့်ခံပွဲထဲ ပြန်ဝင်လာခဲ့သည်။


ထို့နောက် စံဘ၊ မောင်မောင်၊ ထွန်းရင်၊ အဖတ်တို့ ထိုင်နေသော ဝိုင်းသို့ သွားလိုက်သည်။


"စံဘနဲ့မောင်မောင်..မင်းတို့အခုပဲ..ဘားလမ်းအချုပ်ကိုသွား…အဲ့ဒီမှာ တာဝန်ခံကို ငါက လွှတ်လိုက်တယ်လို့ပြောပြီး..ကင်ပေတိုင်က လာချုပ်သွားတဲ့လူတွေထဲမှာ ဦးဘွန်ရှူကျင်းနဲ့ ဦးကေဘာကြီး ဆိုတဲ့ လူတွေ ရှိသေးလားဆိုတာ သေချာမေးခဲ့ကွာ..ပြီးရင် ငါ့ဆီ အမြန်ပြန်လာခဲ့"




အခန်း(၂၇)


……………..


ဘီအိုအေစစ်ရုံးချုပ်ရှိ ဗိုလ်မှူးကြီးဆူဇူကီး၏ ရုံးခန်းထဲတွင် ဗိုလ်မှူးကြီးဆူဇူကီး၊ လမ်းမတော်ဖိုးတုတ်၊ ဘုန်းကြီးနဂါအိ တို့ ဝင်လာကြသည်။


"ဖိုးတုတ်..မင်းလည်း ကင်ပေတွေအကြောင်းသိတာပဲ။ ကင်ပေချုပ် မေဂျာဂျင်နရယ်မတ်ဆူအိုကာ ဆိုတဲ့လူက အရက်သောက်နေချိန်ပဲ စကားပြောလို့ကောင်းတာ။ ပြီးတော့ ဒီလူက တရုတ်မုန်းတီးရေးသမားကွ။ နန်ကင်းမှာ တုန်းက သူ့ကို ချန်ကေရှိတ်အဖွဲ့က တရုတ်တစ်ကောင်က သေနတ်နဲ့ချောင်းပြီး ပစ်ဖူးတယ်။ သူ့ ပုခုံးညှပ်ရိုးကို ထိသွားလို့..သူ့ပုခုံးကြီးတစ်ဖက်စောင်းနေတာပဲကြည့်။ အဲ့ဒီကတည်းက ဒီလူက တရုတ်မုန်းတီးရေးသမားဖြစ်သွားတာပဲ။ ဘွန်ရှုှကျင်းက ငါတို့ မီနာမီကီကန်းကို ငွေထောက်ပံ့ခဲ့တာတော့ မှန်တယ်။ ဒါပေမယ့် ဒီကင်ပေတွေက မီနာမီကီကန်းတွေ၊ ဘီအိုင်အေတွေ ဆို သူတို့ ခိုင်းဖတ်အဆင့်ပဲသဘောထားတာကွ။ သိပ်စာရင်းထဲ ထည့်တာမဟုတ်ဘူး။ ငါ့အနေနဲ့ကျပြန်တော့လည်း သူက ဗိုလ်ချုပ်ကွ။ ငါက ဗိုလ်မှူးကြီး။ အဆင့်က နှစ်ဆင့်ကွာနေတယ်။ ခက်တော့ ခက်တယ်ကွာ"


လမ်းမတော်ဖိုးတုတ် က ကြံရာမရဖြစ်နေသဖြင့် အံကိုကြိတ်ကာ သက်ပြင်းသာ ချနေသည်။


"ဖိုးတုတ်..ငါအကြံပေးချင်တာကတော့..မင်း ဗိုလ်မှူးကြီးနာစူ ဆီသွား၊ ဗိုလ်မှူးကြီးနာစူ နဲ့ လွန်ခဲ့တဲ့တစ်ပတ်ကမှ စစ်ရုံးကို ပြောင်းလာတဲ့ ဗိုလ်ချုပ်အီစာမူရာ ဟာ ဗိုလ်လောင်းသင်တန်းမှာ စီနီယာဂျူနီယာချင်းဖြစ်တဲ့အပြင် အရမ်းရင်းနှီးကြတယ်ကွ။ ဗိုလ်ချုပ်အီစာမူရာ နဲ့ ဂျန်နရယ်မတ်ဆူအိုကာ ကလည်း တစ်မြို့တည်းသား ငယ်သူငယ်ချင်းတွေလို့ စင်္ကာပူမှာတုန်းက ငါ ကြားဖူးတယ်။ ဗိုလ်မှူးကြီး နာစူူ က မင်းကို ကူညီနိုင်မယ်ထင်တယ်''


လမ်းမတော်ဖိုးတုတ် သည် ဘီအိုင်အေရုံးဖွင့်ထားသော ပတ်ဟိုတယ်မှ ထွက်ကာ အလုံလမ်းရှိ ဂျပန်စစ်ရုံးချုပ်သို့ ကားမောင်းလာခဲ့သည်။


ဗိုလ်မှူးကြီး နာစူ သည် အမှတ်(၁၅)ဂျပန်တပ်မတော်၏ မြန်မာပြည်ဆိုင်ရာစစ်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြန်မာလူမျိုးများနှင့် ပလဲနံပ သင့်သူ ပညာတတ်တစ်ဦးလည်းဖြစ်သည်။


လမ်းတော်ဖိုးတုတ် နှင့်သာမက ဖိုးတုတ်ကတော် မသင်းမြ နှင့်ပါ ရင်းနှီးသူဖြစ်သည်။


မဟာယာနဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး မြန်မာလူမျိုးတို့၏ ကိုးကွယ်မှုကို အထူးတလည် စိတ်ဝင်စားသူဖြစ်သည်။ ဘာသာရေးနှင့်ပတ်သက်ပြီး မသင်းမြ ထံ အမြဲတမ်း မေးမြန်းဆွေးနွေးတတ်သည်ဖြစ်သည်။


လမ်းမတော်ဖိုးတုတ်က ဗိုလ်မှူးကြီးနာဆူ ၏ ရုံးခန်းသို့ မရောက်ခင် နာရီပိုင်းအလိုတွင်ပင် ဗိုလ်မှူးကြီးနာဆူ အား မြန်မာပြည်သိမ်းစစ်ဆင်ရေးကြောင့် ဗိုလ်ချုပ်ရာထူးသို့ တဆင့်ကျော်ရာထူးတိုးသည့် အမိန့်စာဝင်လာခဲ့သည်။


ထို့ကြောင့် အသစ်စက်စက် ဗိုလ်ချုပ်နာစူ မှာ စိတ်လက်ရွှင်ပျနေသည်။


"ဦးဖိုးတုတ် နဲ့ ဒေါ်သင်းမြ ရဲ့ ဦးလေးဆိုတော့ ကျုပ် ကူညီရမှာပေါ့။ လူ့အသက်ဆိုတာ ကယ်ကောင်းပါတယ်။ အထူးသဖြင့် အဲ့ဒီ ကင်ပေကောင်တွေလက်က အသက်မျိုးက ပိုကယ်ကောင်းတယ်ဗျ..ကဲ..လာ..ဗိုလ်ချုပ်အီစာမူရာအခန်းကို သွားကြမယ်"


ဗိုလ်ချုပ်အီစာမူရာ သည် မျက်ပေါက်မှေးမှေးကျဉ်းကျဉ်း၊ အသားဖြူဖတ်ဖြူလျော်ဖြင့် လူကောင်ညှပ်ညှပ်ကလေးဖြစ်ကာ စစ်ဗိုလ်ချုပ်တစ်ယောက်ထက် နိုင်ငံရေးသမားတစ်ဦးနှင့် ပိုတူလေသည်။


စင်္ကာပူတွင်ရှိစဉ်က ဒေသခံများအပေါ် မောက်မာရိုင်းစိုင်းရာတွင် နာမည်ကျော်သူဖြစ်၏။


ယခုလည်း ဗမာပြည်စစ်မြေပြင်သို့ ဌာနလက်မဲ့ဖြင့် ပြောင်းရွှေ့လာရသူဖြစ်သည်။


အသစ်စက်စက် ဗိုလ်ချုပ်နာဆူ က အခန်းတွင်းသို့ အလေးပြုပြီး ဝင်လိုက်၏။


ဗိုလ်ချုပ်အီစာမူရာနှင့် ဗိုလ်ချုပ်နာဆုတို့ ဂျပန်စကားများဖြင့် အချင်းချင်းပြောဆိုနေကြသည်။


ဗိုလ်ချုပ်နာဆူ က အခန်းပြင်တွင် ရပ်နေသော ဖိုးတုတ်ကို ခေါ်လိုက်သည်။


ဗိုလ်ချုပ်အီဆာမူရာက အခန်းထဲတွင် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လမ်းမတော်ဖိုးတုတ်ကို ခြေစွန်းခေါင်းစွန်း သေချာကြည့်လိုက်သည်။


ထို့နောက် ဖိုးတုတ်ကို ဘာမှမပြောပဲ နာဆူ ဘက်သို့ လှည့်ကာ ဂျပန်လို စကားဆက်ပြန်နေကြ၏။


ငါးမိနစ်ခန့် စကားပြောပြီးနောက် ဗိုလ်ချုပ်နာဆူနှင့် လမ်းမတော်ဖိုးတုတ် တို့ ပြန်ထွက်လာကြသည်။


"သူခဏနေ ဂျန်နရယ်မတ်ဆူအိုကာကို ဖုန်းဆက်ပေးလိုက်မယ်..ဦးဖိုးတုတ်..ခင်ဗျားဦးလေး နဲ့ တရုတ်လူကြီးတွေ ပြန်လွတ်လာပါလိမ့်မယ်"


"ကျေးဇူးတင်ပါတယ်..မာစတာ"


"ကျုပ်ကို ကျေးဇူးမတင်နဲ့ဦးဗျ..ခင်ဗျား ကျေးဇူးတင်ရမှာ အီစာမူရာပဲ။ အီစာမူရာက သူ ဒီနေ့လုပ်ပေးခဲ့တာတွေအတွက်


…………………………………………………………………………..


ဦးဘွန်ရှုကျင်းနှင့် ဦးကေဘာကြီး အပါအဝင် တရုတ်လူကြီးအချို့ ပြန်လွတ်လာကြသည်။


သို့သော် ကံဆိုးသူ အခြားတရုတ်လူကြီး ()ဦးမှာမူ ကြံတောသုသာန်တွင် ဂျပန်များက သေနတ်ဖြင့် ပစ်သတ်သည်ကို ခံလိုက်ကြရ၏။


ဦးပီကေချောင်း ၊ ဦးကေဘာကြီး၊ ဘွန်ရှုကျင်းတို့က ဖိုးတုတ်ကို ကျေးဇူးတင်စကားပြောကြသည်။


"ဦးလေးတို့ ဒီတိုင်းဆို ဂျပန်က တရုတ်တွေကို လိုက်ဖမ်း၊ လိုက်သတ်နေဦးမှာပဲ၊ ဒီတော့ မြန်မာပြည်မှာ နေတဲ့ ဦးလေးတို့ တရုတ်သူဌေးတွေ၊ လူကြီးလူကောင်းတွေ စုပြီးတော့..ဂျပန်ကို မဆန့်ကျင်ကြောင်း ဂျပန်စစ်တပ် သိအောင် တစ်ခုခု လုပ်ရမှရမယ်ထင်တယ်"


"ဟုတ်တယ်..ဖိုးတုတ်..ငါလည်း အဲ့ဒါ စဉ်းစားမိတယ်..မင်းကတော့ ရင်းနှီးမြုပ်နှံတာ မှန်သွားပေမယ့်..ငါကတော့ တရုတ်ဖြစ်နေလို့…အသတ်မခံရတာကံကောင်းကွ။ ငါ အခု စဉ်းစားမိတယ်။ အခု ဂျပန်စစ်ရုံးမှာ ရာထူးအကြီးဆုံးစကားပြန်ဖြစ်နေတဲ့ လီဟိုတန် ဆိုတာ ငါတို့ ဖော်မိုဆာတရုတ်ပဲ။ သူနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်လိုက်မယ်"


နောက်တလခန့်အကြာတွင် ဂျပန်အစိုးရနှင့် ဆက်ဆံပြီး တရုတ်အမျိုးသားများကို ကာကွယ်ရေးအတွက် ဗြန်ဟပ်တွေ အမည်ရှိအသင်းကြီးကို လတ္တာလမ်း၊ အောက်ဘလောက်ရှိ ကွက်သစ်ဘုံကျောင်းတွင် ဦးပီကေချောင်၊ ဦးစပ်စု၊ ဦးလီဟိုတန် နှင့် ဦးဘွန်ရှုကျင်းတို့မှ ဖွဲ့စည်းတည်ထောင်လိုက်လေတော့သည်။


………………………………………………………………………………………………………………………


၁၉၄၂ ဧပြီလ (၁၃)ရက်တွင် ဒေါက်တာဘမော် သည် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်။


ဂျပန်ကင်ပေတိုင်အရာရှိ ဗိုလ်ကြီးမိုရီ ၊ ဒေါက်တာဘမော်၏ တပည့် ဓားမဦးဘသိန်း တို့က ရှာဖွေတွေ့ရှိပြီး ဒေါက်တာဘမော် အား မိသားစုရှိရာ မန္တလေးသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေ နှင့် သခင်ထွန်းအုပ်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ကြား တွင်လည်း ပြသနာများဆက်တိုက်ဖြစ်ပွားနေကြသည်။


ဂျပန်စစ်တပ်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီးနောက် အုပ်ချုပ်မည့် အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် ဆွေးနွေးရာ နှစ်ခြမ်းကွဲနေသော တို့ဗမာအစည်းအရုံး မှ ဗစိန်ထွန်းအုပ်ဂိုဏ်း နှင့် သခင်ကိုယ်တော်မှိုင်းဂိုဏ်း သခင်များအကြား ညှိနှိုင်းမရဖြစ်နေ၏။


ဘီအိုင်အေတည်းဟူသော စစ်တပ်၏ အမြင့်ဆုံးရာထူးကို မှိုင်းသခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ရယူထားပြီး အရပ်ဘက်အုပ်ချုပ်ရေးအမြင့်ဆုံးရာထူးကို ဗစိန်ထွန်းအုပ်ဂိုဏ်းခေါင်းဆောင် သခင်ထွန်းအုပ်က ရယူထားသည်။


နောက်ထပ် ပြသနာတစ်ခုကား ရှိသေးသည်။


သခင်ထွန်းအုပ်သည် ရဲဘော်သုံးကျိပ်အဖြစ် ဟိုင်နန်ကျွန်းသို့ လိုက်သွားသည့်အခါ အုပ်ချုပ်ရေးပညာကိုသာ အဓိက သင်ယူခဲ့သည်။


သို့သော် သုံးလေးလမျှသာ သင်ယူခဲ့သည့် အုပ်ချုပ်ရေးပညာသည် စစ်ပြီးစ တိုင်းပြည်တစ်ပြည်ကို လက်တွေ့အုပ်ချုပ်ရသည့်အခါ မည်သို့မျှ မထိန်းသိမ်းနိုင်ခဲ့။


ထို့ကြောင့် ဂျပန်စစ်တပ်က အကြံပေးများဖြင့် ဖွဲ့စည်းသော စစ်အုပ်ချုပ်ရေးကို ထူထောင်ထားရသည်။


သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ကလည်း ဂျပန်က လွတ်လပ်ရေးပေးပြီးသည့်အခါ အုပ်ချုပ်မည့် အစိုးရအဖွဲ့တစ်ခုကို ဖွဲ့ရန် အသည်းအသန်တိုင်ပင်နေကြသည်။


သို့သော် အစိုးရဖွဲ့သည့်အရေးတွင် သခင်နှစ်ဂိုဏ်းကြား နေရာအဝေမတည့်မှုများကြောင့် သခင်ခေါင်းဆောင်အကြား ညှိနှိုင်းမရအောင်ဖြစ်နေ၏။


အစိုးရအဖွဲ့တွင် သခင်ထွန်းအုပ်ကို ခေါင်းဆောင်စေလိုသူနှင့် သခင်မြကို ခေါင်းဆောင်စေလိုသူ နှစ်အုပ်စုမှာ အသည်းအသန် ဝိဝါဒကွဲလျက်ရှိသည်။


ဂျပန်စစ်တပ်ကလည်း မြန်မာပြည်ကို သိမ်းပြီးခါစတွင် သခင်ထွန်းအုပ် ၏ အတွေ့အကြုံနည်းပြီး မပြည့်ဝသေးသည့် အုပ်ချုပ်ရေးပညာညံဖျင်းမှုကို မျက်မြင်တွေ့ပြီးဖြစ်သဖြင့် အုပ်ချုပ်ရေး အာဏာကို အပ်ရန် စိုးရိမ်နေသည်။


ထိုအချိန်တွင် ဒေါက်တာဘမော် က ပြန်လည်ပေါ်ပေါက်လာသည်။


ဒေါက်တာဘမော် သည် အင်္ဂလိပ်ခေတ်တွင် နန်းရင်းဝန်လုပ်ခဲ့ဖူးပြီး အုပ်ချုပ်ရေးပညာ ကျွမ်းကျင်သည်ကို သခင်နှစ်ဖွဲ့လုံးက လက်သင့်ခံထားရသည်။


တော်လှန်ရေးသမားများဘဝမှ လပိုင်းအတွင်း စစ်ပြီးစ ပျက်နေသော တိုင်းပြည်ကို ကိုင်တွယ်ရသည့် အခက်အခဲများကို သခင်ထွန်းအုပ်အုပ်စုရော ၊ ဘီအိုင်အေမှ ဗိုလ်ချုပ်အောင်ဆန်းတို့ ပါ ကြုံတွေ့ရပြီးဖြစ်သည်။


ထို့ကြောင့် နောက်ဆုံးတွင် အုပ်ချုပ်ရေးအတွေ့အကြုံရှိပြီး ပညာတတ်နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာဘမော် ကို သခင်နှစ်ဖက်လုံးက အဆိုပြုလိုက်ရတော့သည်။


၁၉၄၂ ခုနှစ် မေလ (၂၁)ရက်နေ့တွင် မြန်မာပြည်သိမ်း အမှတ်(၁၅)ဂျပန်တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီဒါးက ဗမာပြည်အုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ကော်မတီခေါင်းဆောင်အဖြစ် ဒေါက်တာဘမော်ကို ခန့်အပ်လိုက်ပြီး အဖွဲ့ဝင်အဖြစ် ဒေါက်တာသိန်းမောင်၊ ဦးဘဖေ၊ သခင်မြ၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်ထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ ဦးဘဝင်း၊ ဓါးမဦးဘသိန်း၊ ဦးလှဖေ တို့နှင့် ပြင်ဦးလွင်မြို့တွင် ဖွဲ့စည်းလိုက်ကြောင်းကြေညာလိုက်လေသည်။


ဂျပန်ခေတ် ဗမာပြည်၏ နိုင်ငံရေးကား အချိုးအကွေ့တစ်ခု ထပ်မံဖြစ်လာပေပြီ။


…………………………………………………..


၁၉၄၂ ဇွန်လ။


လမ်းမတော်ဖိုးတုတ် သည် သူ့တပည့်များဖြစ်သော စံဘ၊ မောင်မောင်၊ ထွန်းရင် တို့ ကို ဂျပန်ဝါဒဖြန့်ချီရေးဌာနမှူး ဗိုလ်မှူးကြီး ကိုဘာယာရှိကြီးမှူးဖွင့်လှစ်သော ဂျပန်ဘာသာသင်တန်းကျောင်း တွင် ဂျပန်စကားသွားရောက်သင်စေသည်။


အင်္ဂလိပ်ခေတ်ကကဲ့သို့ ဟိုတယ်များ၊ ဘိန်းခန်းများ၊ အရက်ဆိုင်များ များစွာ မဖွင့်လှစ်တော့သော်လည်းရွှေတိဂုံဘုရားခြေရင်းပတ်ချာလည်တွင်ဖြစ်ထွန်းသော မှောင်ခိုဈေးကြီး သည် လမ်းမတော်ဖိုးတုတ် တို့ ပုလိပ်လူမိုက် အဖွဲ့၏ အစောင့်အရှောက်ခံဖြစ်လာသဖြင့် ဖိုးတုတ်အဖွဲ့၏ ဝင်ငွေမှာ ယိမ်းယိုင်မသွားခဲ့။


စစ်ဘက်ဆိုင်ရာပြည့်တန်ဆာဌာနတွင် ကြီးကြပ်ရေးမှူးလုပ်နေသည့် အုန်းဖေ မှာလည်း ဂျပန်စကားကို အတော်အသင့် နားလည်တတ်ကျွမ်းနေပြီဖြစ်ပြီး ဂျပန်စစ်တပ်နှင့် ဘီအိုင်အေ၏ အောက်ခြေစစ်သားများထံမှ ရသော သတင်းစကားများကို ဖိုးတုတ် ထံ ပြန်လည်သတင်းပို့နေသည်။


ဖိုးတုတ်၏ နောက်ထပ်စီးပွားရေးတစ်ခုမှ ရန်ကုန်မြို့သို့ ပြန်ဝင်လာနားကြသော ဂျပန်စစ်သားများမှ စစ်ပွဲတွင် သိမ်းဆည်းလုယက်လာကြသည့် ပစ္စည်းများကို သူခိုးလက်ခံလုပ်ပေးခြင်းပင်။


ထိုအလုပ်ကို အဓိက ကူညီချိတ်ဆက်ပေးသူမှာ အုန်းဖေဖြစ်သည်။


ဂျပန်ပိုက်ဆံနှင့် အင်္ဂလိပ်ရူပီငွေ မှောင်ခိုလဲလှယ်သည့်လုပ်ငန်းကိုလည်း ပုလိပ်အဖွဲ့အမည်ခံအောက်တွင် အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်။


ထိုအလုပ်အတွက်မူ ခေတ်ပညာ ကိုးတန်းအထိ တက်ဖူးသော မောင်မောင်က တာဝန်ယူသည်။


ဇွန်လ ၅ ရက်နေ့၊ မိုးက သဲသဲမဲမဲရွာနေသည်။


လမ်းမတော်ဖိုးတုတ်၊ ဂန္ဓမာသောင်းရီ နှင့် မေဂျာဆာတိုး တို့သည် ဂျပန် စစ်ဘက်မှ အသစ်ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သော စတန်းဟိုတယ်တွင် မှောင်ခိုဈေးမှ ရသော ဂျမေကာရမ် အရက်အား သောက်နေကြသည်။


စင်မြင့်ထက်ဆီမှ ကိုရီးယားအကမယ်လေး၏ ဂျပန်သီချင်းသံနှင့် ဘင်ဂျိုသံက စွဲစွဲငင်ငင်က ထွက်လာသည်။


ထိုအချိန်တွင် ဟိုတယ်ရှေ့သို့ ကားတစ်စီးဆိုက်လာပြီး ကားပေါ်မှ ချိုက်ဟုန်၊ မသောင်းနှင့် ဂျပန်အမျိုးသမီး တစ်ဦးဆင်းလာပြီး စတန်းဟိုတယ်ထဲသို့ ဝင်သွား၏။


ဟိုတယ်တွင်းရောက်သောအခါ ဂန္ဓမာသောင်းရီမှာ အပြေးအလွှားထပြီး ဂျပန်အမျိုးသမီးကို နှုတ်ဆက်ဖေးမလေသည်။


မေဂျာဆာတိုး နှင့်ဂျပန်အမျိုးသမီးမှာလည်း ရင်းရင်းနှီးနှီးရှိကြသည်။


ထိုအမျိုးသမီးကား ဂန္ဓမာသောင်းရီနှင့် အမျိုးသမီးနှစ်ဦး စစ်ပြေးစဉ် သံလျင်တွင် လက်ခံထားခဲ့သော ဂျပန်အမျိုးသမီး နိုဘူစံ။


"ဖိုးတုတ်ရေ..ငါတို့ နိုဘူစံ နဲ့ လိုက်သွားပေးလိုက်ဦးမယ်..သူ့ယောက်ျား မစ္စတာစမစ်ကို ရှာတွေ့ပြီတဲ့ကွာ။ ဂျပန်ဝင်လာတော့ သူ့ကို ရန်ကုန်ထောင်ထဲ ထည့်ထားတာ အခု နေမကောင်းဖြစ်လို့ ဘီအိုင်အေဆေးရုံမှာ တင်ထားရင်း တွေ့တဲ့သူက လာပြောတာတဲ့။ အဲ့ဒါ သူ့ကို လွှတ်ပေးဖို့..မေဂျာဆာတိုး နဲ့ ငါနဲ့ ကင်ပေတိုင် ရုံးကို ခဏသွားလိုက်ဦးမယ်၊ မသောင်းတို့ စီးလာတဲ့ကားက အိမ်ဘေးက ဂျပန်ကားကို အကူအညီတောင်းပြီး စီးလာကြတာ..အဲ့ဒါ ဆေးရုံကို သွားဖို့ မင်းကားနဲ့ လိုက်ပို့ပေးပါလား"


မကြာမီ ဖိုးတုတ် က မစ္စနိုဘူစံ၊ မသောင်း၊ ချိုက်ဟုန် အမျိုးသမီး သုံးဦးကို တင်လျက် ရွှေတိဂုံဘုရားအနီး ဂေါ်ရာကုန်းတွင်ရှိသော ဘီအိုင်အေဆေးရုံကြီးသို့ မောင်းထွက်ခဲ့လေတော့သည်။


ဘီအိုအေဆေးရုံအဆောက်အဦကြီးမှာ ကြီးမားထည်ဝါလှသည်။


စိမ်းလန်းသောမြက်ခင်းပြင်ကြီးနှင့် သစ်ရိပ်ဝါးရိပ်များက ပတ်ချာလည်ဝိုင်းထား၏။ ဆေးရုံမြောက်ဘက်တွင် အလံပြဘုရားကို လှမ်းမြင်နေရသည်။


ဖိုးတုတ်နှင့် မိန်းမတသိုက် ဆေးရုံကြီးထဲသို့ ဝင်လိုက်သည်နှင့် ဟောင်းနွမ်းစုတ်ပြတ်နေသော စစ်ဝတ်စုံများဖြင့် ဒဏ်ရာရ ဘီအိုင်အေ စစ်သည်များကို ကုတင်များပေါ်တွင် တွေ့ရလေတော့သည်။


အချို့ရဲဘော်များမှာ ငှက်ပျောသီးပြုတ်ရည်များကိုသာ သောက်နေကြရလေသည်။


တာဝန်ကျ သူနာပြု အား မသောင်းက မစ္စတာစမစ်အကြောင်းကို မေးကြည့်လိုက်သည်။


မစ္စတာစမစ် သည် ကင်ပေတိုင်မှ လာပို့သည့် အကျဉ်းသားဖြစ်သည့်အတွက် ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဆေးရုံကို တွဲဖက်ကွပ်ကဲနေသော မေဂျာဂျန်နရယ်ဒေါက်တာဆူဇူကီး ၏ ရုံးခန်းဘေးအခန်းတွင် သီးသန့်ထားကြောင်း သိရလေသည်။


အမျိုးသမီးသုံးဦး ကို သူနာပြုက အခန်းစောင့်ကင်ပေတိုင်တစ်ဦးနှင့်တွေ့ပေးလေသည်။


မစ္စနိုဘူစံက ဂျပန်အမျိုးသမီးဖြစ်သဖြင့် ကင်ပေတိုင်က ပေးတွေ့လိုက်ဟန်တူ၏။


အပေါ်ထပ်အခန်းသို့ လေးဦးလုံး တက်ရောက်ခွင့်ရသွားလေသည်။


အခန်းထဲတွင် ခြေထောက်နှင့် လက်များကို သံကြိုးခတ်ထားသော အသက်(၅၀)အရွယ် အင်္ဂလိပ်တစ်ဦးအား တွေ့ရ၏။


မစ္စနိုဘူ ၏ ရှိုက်ငိုသံမှာ အပြင်ဘက်သို့ ပင် လျှံကျလာ၏။


ဖိုးတုတ်မှာ အခန်းအပြင်ဘက် ကော်ရစ်တာတွင် မတ်တပ်ရပ်ရင်း ထိုမြင်ကွင်းကို ကျောခိုင်းကာ အလံပြဘုရားဘက်သို့ ငေးနေသည်။


ထိုအချိန်တွင် ဖိုးတုတ် ၏ ပခုံးကို ရုတ်တရက်စောင့်ထွန်းခံလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ခပ်ပိန်ပိန် ကုလားတစ်ဦး တွေ့ရလေသည်။


"မင်း ဘယ်ကကောင်လဲ။ ဒီနေရာကို အပြင်လူ မလာရဘူးဆိုတာ မသိဘူးလား"


ကုလားက ပြောပြောဆိုဆိုဖြင့် ဖိုးတုတ် ပါးကို လှမ်းရိုက်လိုက်သည်။ ဖိုးတုတ်က ကုလား၏ လက်ကို လက်ဖျံဖြင့် ပယ်ထုတ်လိုက်ရာ ကုလားမှာ ဟန်ချက်ပျက်သွား၏။


ထိုအချိန်တွင် ဂျပန်ဆေးတပ်ယူနီဖောင်းဝတ်ထားသော အရာရှိကြီးက ဖိုးတုတ် အား ဓါးရှည်ဖြင့် ရွယ်ထားလိုက်လေတော့သည်။


သူတို့နောက်တွင် မြန်မာလူမျိုး ဆရာဝန်နှင့် သူနာပြုများရောက်လာကြသည်။


"ဘာဖြစ်ကြတာလဲ..ဘာဖြစ်ကြတာလဲ...."


မြန်မာဆရာဝန်ကြီးက ဖိုးတုတ်ကို မေးသည်။


"ကျွန်တော် က ဒီအခန်းထဲ လူနာလာမေးတဲ့ အမျိုးသမီးတွေ ကို လိုက်ပို့ပေးတာပါ"


ထိုအချိန်တွင် ချိုက်ဟုန်က အခန်းထဲမှ ထွက်လာပြီး ဂျပန်စစ်ဗိုလ်ကြီးအား ဂျပန်စကားဖြင့် ပြောပြလေသည်။ ကင်ပေအရာရှိကလည်း ဝင်ပြော၏။


ထိုအခါမှ ဂျပန်ဗိုလ်နှင့် သူ့တပည့်ကုလားသည် ဘေးနားတွင်ရှိသော သူ့ ရုံးခန်းထဲသို့ ဝင်သွားလေတော့သည်။


ဆရာဝန်ကြီးက ဖိုးတုတ် ၏ မျက်နှာအား သေချာကြည့်ရှု့ရင်း


"ဘာမှ တော့ မဖြစ်ဘူးမဟုတ်လား..ကိုယ့်လူ။ ခုန ဂျပန်ဗိုလ်က ဆေးတပ်ဗိုလ်ချုပ်ဒေါက်တာဆူဇူကီး ပေါ့။ ဒီဆေးရုံမှာ ရုံးလာထိုင်ပြီး အာဏာပြပြနေတာ။ ကိုယ့်လူကို ပါးရိုက်ဖို့လုပ်တဲ့ကုလားဒိန်က ဂျီဝဲ တဲ့။ ဆူဇူကီးရဲ့ စကားပြန်လေ။ ဒီကောင်က ဒီဆေးရုံမှာ ဗိုလ်ကျနေတာ။ ကျုပ်တို့ ဆရာဝန်တွေတောင် သူ့ကြောက်ရမလိုပဲ။ ဆေးရုံလာတက်တဲ့ ဘီအိုင်အေရဲဘော်တွေကိုဆိုရင်လည်း ဒီကောင် ချွန်တွန်းလုပ်လို့ ကင်ပေတိုင်က လာဖမ်းပြီး အသတ်ခံကြရတာမနည်းဘူး။ ဒီကောင့်ကြောက်နေကြရတယ်။ တကယ့် စိတ်ညစ်စရာအကောင်ပါ"


ဆရာဝန်ကြီးက ညည်းညူရင်း..ဖိုးတုတ်ပုခုံးကို ပုတ်ကာ ထွက်သွား၏။


ခဏအကြာတွင် ဂျပန်ကင်ပေတိုင်ရုံးမှ မေဂျာအကီရာမ ၊ မေဂျာဆာတိုးနှင့် ဂန္ဓမာသောင်းရီတို့ ဆေးရုံသို့ရောက်လာသည်။


မေဂျာအကီရာမက မစ္စတာစမစ်အား လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဆေးရုံဆင်းပါက ဇနီးဖြစ်သူ နိူဘူစံ နှင့် ပြန်လည်နေထိုင်နိုင်ကြောင်း၊ သို့သော် မစ္စတာစမစ်မှာ နေအိမ်အကျယ်ချုပ်ဖြင့်နေရမည်ဖြစ်ကြောင်း ပြောကာ လက်ထိပ်များ၊သံကြိုးများကို ဖြုတ်ပေးပြီး ပြန်သွား၏။


ဖိုးတုတ်လည်း ဂန္ဓမာသောင်းရီနှင့် အမျိုးသမီးများကို ထားရစ်ကာ လမ်းမတော်သို့ ပြန်လာခဲ့လေသည်။


လမ်းမတော်သို့ ရောက်သည်နှင့် မောင်မောင် ၊ စံဘ၊ ထွန်းရင် တို့ကို ခေါ်လိုက်သည်။


"မောင်မောင် ..မင်းက တာမွေအောင်ဘ ဆီသွား ၊ ညနေကျရင် ပုဇွန်တောင်က ငါသုံးနေကျ ကိုစိုးမောင် ဆန်စက်ကို စက်ဖွင့်ပြီး လည်ထားပေးလို့"


မောင်မောင်ထွက်သွားသည်။


"စံဘ နဲ့ ထွန်းရင်။ မင်းတို့ ဒီညနေ ဂေါ်ရာကုန်းက ဘီအိုင်အေဆေးရုံကြီးကိုသွား၊ ကုလားဂျီဝဲ ဆိုတာကို ရတဲ့နည်းနဲ့ မလာခဲ့။ ပြီးရင် ဒီကောင့်ကို ပုဇွန်တောင်က ကိုစိုးမောင်ဆန်စက်ကို ခေါ်သွားပြီး စက်ထဲ ပစ်ထည့်လိုက်ကွာ"


ထိုနေ့က စပြီး ရန်ကုန် ဘီအိုင်အေဆေးရုံကြီးတွင် ဂျီဝဲ ဆိုသော ကုလားမှာ လုံးဝပျောက်ဆုံးသွားလေတော့သည်။


သူ့ဆရာဖြစ်သူ ဒေါက်တာဆူဇူကီးမှာလည်း တပည့်ဖြစ်သူ ဂျီဝဲ အား အစအနရှာမရသဖြင့် စကားပြန်အမျိုးသမီး အသစ်တစ်ယောက် ခေါ်ခန့်လိုက်လေတော့သည်။


…………………………………………………………………………………………………………………


၁၉၄၃ ဇူလိုင်လ။


ဒေါက်တာဘမော် နှင့် ဗမာပြည်အုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ကော်မတီခေါင်းဆောင်များသည် ရန်ကုန်မြို့သို့ ဝင်ရောက်လာပြီဖြစ်သည်။


မြန်မာတစ်နိုင်ငံလုံးနီးပါးကို ဂျပန်တို့ သိမ်းပိုက်မိပြီဖြစ်သည်။


အုပ်ချုပ်ရေးများ တည်ငြိမ်စပြုလာပြီး ဂျပန်မှ လွတ်လပ်ရေးပေးမည်ဟူသော အသံများထွက်လာချိန် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၏ အာမခံချက်ဖြင့် ဗြိတိသျှအစိုးရလက်ထက်က အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်ခဲ့သော အမှုထမ်း၊ အရာထမ်းများကလည်း မြို့ပေါ်သို့ တဖြည်းဖြည်း ပြန်တက်လာကြသည်။


ရန်ကုန်မြို့တွင် ဒေါက်တာဘမော် ၏ ဓါးမအဖွဲ့များမှာ သခင်အဖွဲ့များနည်းတူ တဖြည်းဖြည်း ဘုန်းတန်ခိုး ပြန်ကြီးလာကြသည်။


ရန်ကုန်မြို့ပေါ်တွင် ဓါးမအဖွဲ့နှင့်အတူ ဒေါက်တာဘမော် ကျောထောက်နောက်ခံဖြစ်သော လူသုံးဦး နာမည်ကြီးလာခဲ့သည်။


သူတို့ကား ဒေါက်တာဘမော်၏ သက်တော်စောင့် ဦးမြကြင် ၊ ဒေါက်တာဘမော်၏ လူယုံ ဗန္ဓုလဦးစိန်၏ တူတော်သူ ပုသိမ်ညွန့်ဘဘိုး နှင့် ဓါးမဦးဘသိန်း၏ တပည့် ဓါးမစောထွန်း တို့ပင်ဖြစ်သည်။


ပထမကမ္ဘာစစ်ပြန်ကြီးဖြစ်သော ဦးမြကြင် သည် သေနတ်များကို ကျင်လည်စွာပစ်ခတ်တတ်သူဖြစ်သည်။


ပုသိမ်ညွန့်ဘဘိုးမှာလည်း သေနတ်ပစ်ခြင်းကို ဦးမြကြင် ထံမှ အထူးသင်ယူထားပြီး လက်ဖြောင့်သည် ဟု နာမည်ကြီးလာသည်။


ဓါးမစောထွန်းမှာ စစ်ကြိုခေတ်က ဒေါက်တာဘမော်၏ ဓါးမပါတီမှ ဖွဲ့ထားသော ဓါးမတပ်ဖွဲ့တွင် လက်ရဲဇတ်ရဲသဖြင့် ဓါးမစစ်သူကြီးဘွဲ့ ရထားသူဖြစ်သည်။


ပုသိမ်ညွန်ဘဘိုး သည် ဒေါက်တာဘမော် ၊ ဗန္ဓုလဦးစိန်တို့ နောက်လာမည့် ဗမာပြည်အစိုးရတွင် နေရာရလာမည့်သူတို့၏ ကျောထောက်နောက်ခံလည်း ရှိခဲ့ပြီ။


ဆရာရင်းဦးမြကျင်နှင့် ဓားမစောထွန်းတို့ ကဲ့သို့ အားကိုးရမည့်သူများလည်း ရထားပြီဖြစ်သည့်အတွက် နောက်တက်မည့် အစိုးရလက်ထက်တွင် ရန်ကုန်လူမိုက်လောက ကို စိုးမိုးရန် ကြံစည်နေပြီဖြစ်သည်။


ပုလိပ်မင်းကြီးဖြစ်နေသော လမ်းမတော်ဖိုးတုတ် နှင့် ဂျပန်မေဂျာ၏ ကိုယ်ရေးအရာရှိဖြစ်နေသော ဂန္ဓမာသောင်းရီ တို့အပါအဝင် ဖိုးတုတ်တပည့်များ၏ နောက်ကြောင်းကို တိတ်တိတ်စုံစမ်းနေ၏။


၁၉၄၃ ဇူလိုင်လ ၁၀ ရက်၊ ညနေခင်း။


ထူးထူးခြားခြား တစ်နေ့လုံးနီးပါး မိုးများ အုံ့မှိုင်းနေသော်လည်း တစ်နေ့လုံး မိုးဖွဲဖွဲပင် မကျသည့် နေ့ဖြစ်သည်။


ဗိုလ်မှူးကြီးစူဇူကီး ၏ ကားကလေးသည် လမ်းမတော်ဖိုးတုတ် နေထိုင်ရာအိမ်ရှေ့သို့ ဆိုက်ရောက်လာလေသည်။


ဗိုလ်မှူးကြီးစူဇူကီး လက်ထဲတွင် စာလိပ်တစ်လိပ်ပါလာ၏။


လမ်းမတော်ဖိုးတုတ် ထွက်ကြိုဆိုသည်။


"အိမ်ထဲဝင်ပါဦး..မာစတာ"


"မဝင်တော့ဘူး..ဖိုးတုတ်။ ဘီအိုင်အေကနေ ထုတ်လိုက်တဲ့ အမိန့်လာပေးတာ"


"အရင်လို ရုံးလုလင်ပေးခိုင်းလည်းရတာကို..မာစတာရယ်..တကူးတကလာရတယ်လို့"


"မဟုတ်ဘူး..ဖိုးတုတ်..ငါမင်းကို တစ်ခါတည်း လာနှုတ်ဆက်တာ"


"ဗျာ"


"အေး..ဟုတ်တယ်…ငါ ဂျပန်ဘုရင့်ကိုယ်ရံတော်ဌာနချုပ်ကို ပြောင်းရတော့မယ်။ နောက် တစ်ရက်နှစ်ရက်ဆို ငါ မြန်မာနိုင်ငံက ထွက်သွားရတော့မယ်''


ဖိုးတုတ် က ဗိုလ်မှူးကြီးစူဇူကီးကို ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်နေ၏။ သူ့အပေါ်ကျေးဇူးရှိခဲ့သော စစ်ဗိုလ်ကြီးပင် မဟုတ်လား။


"အေး..အမိန့်စာ ဖတ်ကြည့်ပြီး လုပ်စရာရှိတာ လုပ်လိုက်ဦး..ငါသွားပြီ"


ဗိုလ်မှူးကြီးစူဇူကီးက ကားပေါ်တက်ကာ ပြန်လည်ထွက်ခွာသွားသည်။


ဖိုးတုတ်က လက်ထဲတွင် ရှိသော ဂျပန်ဘာသာစကားဖြင့်ရေးထားသည့် အမိန့်စာနှင့် တွဲလျက်ပါသည့် မြန်မာဘာသာပြန်အမိန့်ကို ဖတ်ကြည့်လိုက်သည်။


"ရန်ကုန်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ မြို့တော်ရာဇဝတ်ဌာန လက်အောက်ရှိ မြို့တော်ပုလိပ်တပ်ဖွဲ့(ယာယီ) အား အပြီးဖျက်သိမ်းခြင်း"


နောက်ထပ် ပါလာသော အမိန့်တစ်ခုကို ထပ်ဖြန့်ကြည့်လိုက်သည်။


"ရန်ကုန်မြို့တော်ပုလိပ်အဖွဲ့(ယာယီ) ၏ ပုလိပ်မင်းကြီး ဦးဖိုးတုတ်အား ရာထူးမှ ရပ်စဲခြင်း"


ထိုအချိန်တွင် ကောင်းကင်မှ မိုးများက ဝေါခနဲ ရွာချလိုက်သဖြင့် ဖိုးတုတ်သည် အမိန့်စာနှစ်ရွက်ကို ကိုင်ကာ အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။





အခန်း(၂၈)


……………..


ပုဇွန်တောင် ကိုစိုးမောင် ဆန်စက်ရှေ့သို့ ဂျပန်အလံတပ် ကားတစ်စင်း ထိုးဆိုက်လာသည်။


ကားပေါ်မှ စီးကရက်ခဲလျက် ဆင်းလာသူက ဂန္ဓမာသောင်းရီ။


ဂန္ဓမာက ဆန်စက်အတွင်းတွင် မတ်တပ်ရပ်လျက် အလုပ်သမားများကို ညွန်ကြားနေသော လမ်းမတော်ဖိုးတုတ်နှင့် ဆန်စက်သူဌေးကိုစိုးမောင် ဆီသို့ လမ်းလျှောက်သွား၏။


"ဖိုးတုတ်..ငါမင်းကို လိုက်ရှာနေတာ..မသင်းမြ က မင်း ဒီဆန်စက်မှာ ရှိတယ်ပြောလို့"


လမ်းမတော်ဖိုးတုတ် က ဂန္ဓမာသောင်းရီကို ပုခုံးဖက်ကာ ခပ်လှမ်းလှမ်းသို့ ခေါ်သွားသည်။


"အေး..ဖိုးတုတ်..မင်းက ဒီမှာ ဘာလုပ်နေတာတုန်း၊ ဘာလဲ ဆန်စက်ထောင်တော့မလို့လား"


"မဟုတ်ပါဘူးကွာ..ပုလိပ်မင်းကြီးရာထူးက ပြုတ်ပြီးဆိုတော့ လက်စသတ်စရာရှိတာလေးတွေ ဖျောက်ဖျက်နေတာ"


"ဘာတွေလဲကွာ…ကဲ..ထားပါတော့..ငါမင်းကို မေးစရာရှိတယ်..ဟိုနေ့က မင်းဆေးရုံက ပြန်သွားတော့ မင်းနဲ့ ဆေးရုံက စကားပြန်ဂျီဝဲ ဆိုတဲ့ကောင်နဲ့ ပြသနာတက်တယ်ဆို"


"အေး..ဟုတ်တယ်လေ..အဲ့ဒါ ဘာဖြစ်လဲ"


"အခု အဲ့ဒီကုလားပျောက်နေလို့တဲ့..ဆေးရုံက လူတွေကတော့ အတော်စိတ်ချမ်းသာနေတယ်..ဒါပေမယ့်…သူ့ဆရာ ဒေါက်တာဆူဇူကီး က ဒီကိစ္စ ကင်ပေတိုင်ကို သွားတိုင်ထားတယ်.. အဲ့ဒါ မင်းလက်ချက်ဆိုတာ ငါရိပ်မိတယ်…မင်းအဲ့ဒီကောင်ကို ဘယ်လိုလုပ်လိုက်လဲ"


လမ်းမတော်ဖိုးတုတ်က ဂန္ဓမာသောင်းရီထံမှ စီးကရက်တစ်လိပ်တောင်းပြီး မီးညှိ့လိုက်သည်။


"အဲ့ဒီနေ့ကတည်းက ပုလိမ်မင်းကြီး ဦးဖိုးတုတ် ရဲ့ ခုံရုံးကနေ သေဒဏ်ပေးလိုက်ပြီကွ"


"အမ်..ဘယ်မှာလဲ..မင်းခုံရုံးက"


"ဟိုမှာလေကွာ…ကိုစိုးမောင် လူတွေ ဖြုတ်နေတဲ့ စက်တွေ့တယ်မဟုတ်လား..အဲ့ဒီစက်ထဲ ထည့်ကြိတ်ပစ်လိုက်တာ"


"အဲ့ဒါဘာကြီးလဲ..ဆန်ကြိတ်တဲ့စက်လား…ဆန်စက်ထဲ လူထည့်ကြိတ်လို့ရလို့လားဟ"


"ဟိုမှာတွေ့လား..ဂန္ဓမာ..အဲ့ဒါဘာတွေလို့ထင်လဲ"


အလုပ်သမားများ ဖြုတ်သိမ်းနေသော သံဘီးဝိုင်းကြီးများကို ကြည့်ပြီး ဂန္ဓမာသောင်းရီက ခေါင်းခါပြသည်။


"အဲ့ဒါ မင်္ဂလာဒုံမှာကျန်ခဲ့တဲ့ ဗြိတိသျှသံချပ်ကာတပ်က တင့်ကားဘီးတွေပဲ။ ဒီဆန်စက်ထဲမှာ အဲ့ဒီတင့်ကားဘီးတွေနဲ့ လူကြိတ်လို့ရတဲ့စက်တစ်ခုကို ဗိုလ်မှူးကြီးစူဇူကီး ကိုယ်တိုင် စီစဉ်ခဲ့တာကွ။ မသိရင်တော့ ဟိုဘက်က ဆန်စက်လိုပုံစံပေါ့ကွာ"


"နေပါဦး မင်းတို့က အဲ့ဒီလူကြိတ်စက်လုပ်ပြီး ဘာလုပ်ကြတာလဲ"


"ဘာလုပ်ရမလဲ..ငါ့တရားရုံးပါဆိုမှပဲ။ လူသတ်အလောင်းဖျောက်တာပေါ့ကွ။ ငါပြောပြမယ်။ ငါ ပုလိပ်မင်းကြီး ဖြစ်ပြီး တပတ်လောက်အကြာမှာပဲ ဟော့ဒီစက်ပိုင်ရှင် ကိုစိုးမောင် က ငါ့ကို လာတိုင်တယ်။ ဂျပန်ကင်ပေ က ဗိုလ်ကြီးတစ်ယောက်နဲ့ စစ်သားနှစ်ယောက်ရယ် က သူ့မိန်းမကို မတရားကျင့်ပြီး လှံစွပ်နဲ့ ထိုးသတ်သွားကြတယ်တဲ့။ အဲ့ဒီနေ့က အင်္ဂလိပ်လေယာဉ်တွေ ဗုံးလာကြဲမယ့်နေ့။ ကိုစိုးမောင် က သူ့ညီမလေး ကလေးမွေးမှာမို့ မြို့ထဲက ဆေးရုံကို ကားနဲ့ လိုက်ပို့တာ။ အိမ်စောင့်က ကိုစိုးမောင် မိန်းမ နဲ့ ကလေးနှစ်ယောက်ကျန်ရစ်တယ်။ အဲ့ဒီမှာ ကိုစိုးမောင် သားလေးနှစ်ယောက်က အောက်ဆင်းဆော့ရင်း မှောင်နေတော့ ကိုစိုးမောင်မိန်းမက မီးခွက်နဲ့ ရှေ့ထွက်ခေါ်တာ။ အဲ့ဒီမှာ ဖြတ်လာတဲ့ ကင်ပေတိုင်ဗိုလ်က လေယာဉ်တွေကို အချက်ပြတဲ့ စပိုင်ပါဆိုပြီး အိမ်ပေါ်တက်လာတယ်။ နောက်တော့ ကိုစိုးမောင် မိန်းမကို ကလေးတွေရှေ့မှာပဲ အလှည့်ကျမုဒိန်းကျင့်ပြီး လှံစွပ်နဲ့ထိုး သတ်သွားကြတယ်ကွ"


"ဟာ..ကွာ"


"အဲ့ဒါ ကိုစိုးမောင်က ကင်ပေတိုင်ရုံးကို တိုင်တော့ သက်သေမရှိဘူးဆိုပြီး အရေးမယူဘူး။ ကလေးတွေကလည်း ငယ်သေးတော့ သက်သေထဲအကျုံးမဝင်ဘူးပေါ့ကွာ။ ကိုစိုးမောင်မှာ ငိုယိုပြီး ငါ့ဆီ ရောက်လာတယ်။ ဂျပန်ကိစ္စဆိုတော့ ငါလည်း သူ့ကိုခေါ်ပြီး ဗိုလ်မှူးကြီးစူဇူကီးကို သွားပြောပြတယ်။ စူဇူကီးက ဖြစ်တဲ့နည်းနဲ့ အဲ့ဒီ ဂျပန်ဗိုလ်ရယ်၊ စကားပြန်ကောင်ရယ်၊ စစ်သားနှစ်ယောက်ရယ်ကို လူမသိပဲရအောင်ဖမ်းဖို့ ပြောတယ်။ ဒီကောင်တွေကို အရက်ဆိုင်တစ်ခုက အထွက်မှာ အောင်ဘ တို့ က အတင်းဝင်ရိုက်ပြီး ဖမ်းလိုက်တယ်။ ဗိုလ်မှူးကြီးဆူဇူကီးက ဒီကောင်တွေကို ဂျပန်လက်အပ်လည်း ပြန်လွှတ်မှာဖြစ်လို့ ငါကပဲ လက်စဖျောက်လိုက်ဖို့ ပြောတယ်။ အဲ့ဒီအချိန်ကကွာ..ရန်ကုန်မြစ်တစ်လျှောက်မှာလည်း ကင်းတွေနဲ့ဆိုတော့ ဘယ့်နှယ့်ရေထဲပစ်ချရမလဲ။ နောက်တော့ ဗိုလ်မှူးကြီးဆူဇူကီးက ကိုစိုးမောင်နဲ့ တိုင်ပင်ပြီး သူ့စက်ရုံထဲမှာ ဒီစက်ကို ဖန်တီးတော့တာပဲ။ စက်ထဲထည့်ကြိတ်၊ ထွက်လာတဲ့ အပိုင်းတွေကို ဘွိုင်လာအောက်က မီးဖိုထဲ ပစ်ထည့်၊ မီးခိုးတွေက ခေါင်းတိုင်ကထွက်..ကဲ..ဆန်စက်ခေါင်းတိုင်က မီးခိုးထွက်တာ ဘာများဆန်းသလဲကွာ..နော့"


"မင်းတို့ဟာကလည်းကွာ မသာသုံးလောင်းဖျောက်ဖို့တောင် စက်ဆင်ရသေးတယ်လို့"


"ဘယ်က သုံးလောင်းကမှာလဲကွာ။ ငါပုလိပ်မင်းကြီးလုပ်တဲ့တစ်လျှောက် ငါ့ပစ်ထည့်ခဲ့တာရော၊ ဗိုလ်မှူးကြီးစူဇူကီး အမိန့်နဲ့ ပစ်ထည့်ခဲ့ရတဲ့လူတွေရော ဆယ်ယောက်လောက်တော့ ရှိတယ်ကွ။ ဟိုကုလားလေး ကတော့ နောက်ဆုံးပေါ့"


"ဖိုးတုတ်..မင်းကတော့ကွာ..လုပ်လိုက်ရင်…အကြီးကြီးကွာ..ငါတောင် အဲ့ဒီလောက် မင်းလုပ်မယ်လို့ မတွေးမိဘူး…အခုရော ဘယ်ကောင့်ကို ပစ်ထည့်ဖို့ လုပ်နေတာလဲ"


"အခုက ဖြုတ်သိမ်းနေတာကွ။ ငါက ပုလိပ်မင်းကြီးက ပြုတ်ပြီလေကွာ။ နောက်ဖြစ်လာမယ့် ပုလိပ်တွေက ဒီလူပျောက်မှုတွေ ဆက်လိုက်လာရင် ဒီစက်ကြီးထဲ လမ်းစပျောက်သွားတာ သိသွားရင် လာရှာကြမှာ။ ဒါကြောင့် ဒီစက်ကို ဖြုတ်ပြီး ဆန်စက်အမှန်အကန်ကို ပြန်တပ်နေတာ၊ တကယ်လို့ တရားတွေဘာတွေ ရင်ဆိုင်ရင်လည်း ဒီဆန်စက်ထဲ လူပစ်ထည့်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲဆိုပြီး ဒီဆန်စက်အမှန်ကို ပြလိုက်မှာပေါ့"


"ဖိုးတုတ်..မင်းတစ်ကိုယ်လုံးလည်း ဉာဏ်နီဉာဏ်နက်တွေချည်းပဲ..ငါအခုလာတာ ကင်ပေ က ဟိုကောင့်အမှုလိုက်နေပြီဆိုတာ ငါသတိလာပေးတာ။ ကဲ ငါသွားမယ် ဖိုးတုတ်"


"နေပါဦးဟ..ပြီးရင် ကိုစိုးမောင်ကို ခေါ်ပြီး ဟိုတယ်တစ်ခုခုမှာ သွားသောက်ကြမလားလို့"


"ငါအချိန်မရဘူး..ဖိုးတုတ်ရာ…ဟိုမှာ မေဂျာဆာတိုးကို ဆေးရုံ လိုက်ပို့ပေးရဦးမယ်"


"ဆာတိုး ဘာဖြစ်လို့လဲ"


"နတ်သမီးရောဂါဟေ့..နတ်သမီးရောဂါ"


"ဟေ"


ထိုခေတ်ကာလက ကာလသားရောဂါကို နတ်သမီးရောဂါဟု တင်စားခေါ်လေ့ရှိသဖြင့် ဖိုးတုတ် မျက်လုံးပြူးသွားခြင်းပင်။


ဒီဂျပန် အပြင်စာတွေ လျှောက်စားတယ်ထင်ပါရဲ့။


……………………………………………………………..


ဂျပန်တပ်မတော်က အင်အား ငါးသောင်းရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို ဖျက်သိမ်းပြီး အင်အားလျောချကာ အင်အား သုံးထောင်မှ ငါးထောင်အထိ သာ သတ်မှတ်သည့် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်သည်။


ပုလိပ်ဟူသော အခေါ်အဝေါ်ကို ဖျက်သိမ်းကာ နေပြည်တော်ရဲတပ်ဖွဲ့ကို အသစ်ဖွဲ့စည်းပြီး ဦးဘရီ က ရဲဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။


နေပြည်တော်ရဲတပ်ဖွဲ့အတွင်းရှိ ရဲဗိုလ်မှူး၊ရဲအုပ် စသည့်နေရာများကို အင်္ဂလိပ်လက်ထက်က ပုလိပ်အရာရှိဟောင်းအချို့ကို ခန့်အပ်ခဲ့သော်လည်း လစ်လပ်နေရာများကို သခင်အဖွဲ့ နှင့် ဒေါက်တာဘမော်၏ ဆင်းရဲသားဓါးမပါတီ မှ လူများ အလုအယက်ခွဲဝေယူကြသည်။


ထိုအချိန်တွင် ရန်ကုန်မြို့သည် တဖြည်းဖြည်း ပြန်လည်စည်ကားလာနေပြီး ဘိန်းခန်းများ၊ အရက်ဆိုင်များ၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်လာကြသည်။


လမ်းတော်ဖိုးတုတ် သည် တပည့်များအား စုစည်းလျက် ရန်ကုန်မြို့အား နယ်မြေအလိုက်ပြန်လည်စိုးမိုးမှု အစပျိုးလျက်ရှိသည်။


၁၉၄၃ သြဂုတ်လ ()ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၅ ၊ ဝါခေါင်လဆန်း ၁ ရက် ၊ တနင်္ဂနွေနေ့ တွင် ဂျပန်စစ်တပ်က မြန်မာနိုင်ငံအား လွတ်လပ်သောအချုပ်ခြာအာဏာပိုင် နိုင်ငံအဖြစ် ကြေညာသည်။


အစိုးရအဖွဲ့ အဓိပတိအဖြစ် ဒေါက်တာဘမော်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသည်။


အစိုးရအဖွဲ့၏ အကြံပေးအရာရှိချုပ်အဖြစ် ဂျပန်တပ်မတော်မှ ဗိုလ်ချုပ်အီစာမူရာ က တာဝန်ယူသည်။


ရန်ကုန်မြို့တွင် မနက်လေးနာရီကတည်းက စောစောထပြီး လွတ်လပ်ရေးအောင်ပွဲနေ့ကို ကျင်းပကြသည်။


ထိုနေ့တွင်ပင် ဒေါက်တာဘမော် ဦးဆောင်သော ဗမာနိုင်ငံတော်အစိုးရက အင်္ဂလိပ်နှင့် အမေရိကန် တို့ကို စစ်ကြေညာသည်။


လွတ်လပ်ရေးရပြီဆိုသော်ငြား ပြည်သူလူထုမှာ မပျော်ရွှင်နိုင်ကြ။


အဘယ့်ကြောင့်ဆိုသော် ယခင်က ပြည်တွင်းတွင် ဖူလုံခဲ့သော ဆန်စပါးကို ကမ္ဘာပတ်စစ်တိုက်နေသည့် ဂျပန်တပ်များအတွက် ရိက္ခာအဖြစ် တန်ဖိုးမရှိသော ဂျပန်ငွေစက္ကူများဖြင့် အတင်းအဓမ္မဝယ်ယူ တင်ပို့ကြသည့်အတွက် စားနပ်ရိက္ခာရှားပါးလာသည်။


ငွေကြေးဖောင်းပွမှုများလာပြီး အင်္ဂလိပ်ခေတ်လက်ကျန် ပစ္စည်းများမှာလည်း ဂျပန်စစ်တပ်က ရသမျှ ဂျပန်ပြန်ပို့သည့်အတွက် အဝတ်အထည်မှ အစ ရှားပါးစပြုလာသည်။


ဂျပန်အာဏာပိုင်များသည် စစ်အတွင်း မြန်မာပြည်စစ်မြေပြင်တွင် သေဆုံးခဲ့သော ဂျပန်စစ်သားတစ်ယောက်စီတိုင်းအတွက် မြန်မာအစိုးရသစ်က စစ်လျော်ကြေးငွေ သုံးထောင် ပေးရန် သတ်မှတ်သဖြင့် အစိုးရမှာ ထိုအကြွေးကို ဆပ်နေရသည်။


တပြည်လုံးဖွတ်ဖွတ်မွဲနေချိန်တွင် ဂျပန်စစ်တပ်က ယိုးဒယား - မြန်မာမီးရထားလမ်းဖောက်ရေးအတွက် ချွေးတပ်သားများစုဆောင်းရန် မြန်မာအစိုးရကို စေခိုင်းသည်။


အစိုးရက အဆင့်ဆင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးအရာရှိများအား ချွေးတပ်သား (၃၀၀၀၀) စုဆောင်းရန် ခွဲတမ်းအလိုက် အမိန့်ပေးသည်။


ထိုအခါ အောက်ခြေဗမာအုပ်ချုပ်ရေးအရာရှိများအတွက် အကြံအဖန်လုပ်ရန် အခွင့်ကောင်းဖြစ်သွား၏။


မြို့နယ်တစ်ခုတွင် သတ်မှတ်ချွေးတပ်သားဦးရေ (၅၀၀) ဆိုလျှင် အုပ်ချုပ်ရေးအရာရှိက (၁၀၀၀) ဟု လေသံပစ်ကာ စုဆောင်းခိုင်းသည်။


ထို(၁၀၀၀)ထဲမှ ချွေးတပ်မလိုက်လိုသူကို လာဘ်ငွေရယူကာ ပြန်လွှတ်ပေးသည်။ အချို့လည်း လာဘ်ငွေမပေးနိုင်သဖြင့် လိုက်လာရသည်။


ချွေးတပ်စုဆောင်းရာတွင် အသုံးပြုရန် ဂျပန်စစ်ဌာနချုပ်မှ ဟေးဟိုးတပ် ခေါ် မျိုးချစ်တက်လူငယ်များအဖွဲ့ ကို ဖွဲ့စည်းလိုက်သဖြင့် အချို့ဗမာလူငယ်များမှာ အဆိုပါတပ်သို့ ဝင်ကြပြန်သည်။


ဟေးဟိုးတပ်ဖွဲ့များမှာ ချွေးတပ်ဆွဲခြင်း ၊ ချွေးတပ်မှ ထွက်ပြေးလာသူများကို အရေးယူခြင်းတို့တွင် အာဏာပါဝါရထားသဖြင့် လူထုက ကြောက်ရွံ့ရပြန်သည်။


ယင်းသို့ မသမာမှုအသီးသီးများကြောင့် ချွေးတပ်သား (၃၀၀၀၀) စုခိုင်းရာ (၅၀၀၀၀)ကျော် အထိ ရလာခဲ့သည်။


စုခိုင်းသည်ထက် လူနှစ်သောင်းပိုလာသဖြင့် မူလပထမ ချွေးတပ်စခန်းတွင် စီစဉ်ထားသည့် လူသုံးသောင်းစာ နေရေး၊စားရေး၊ ဆေးကုသရေးတို့တွင် မလောက်မငှ ဖြစ်ပြီး ဂျပန်စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားကြ၏။


တိုင်းပြည်ကား အဖက်ဖက်မှ ချွတ်ချုံကျနေသည်။


ရန်ကုန်မြို့တွင်မူ အစားအသောက်၊ အဝတ်အထည်များ ရှားပါးလှသည့်အပြင် ဘီအိုင်အေတပ်ကြီးကို ဖျက်သိမ်းလိုက်သဖြင့် ဘီဒီအေထဲ မပါရပဲ ပိုလျှံနေသော စစ်သားလူထွက် (၁၅၀၀၀) ခန့်မှာ ရန်ကုန်တွင် သောင်တင်ကျန်ရစ်သည်။


ရန်ကုန်မြို့ပြ တွင် ဂျပန်စစ်တပ်လူ၊ ကင်ပေတိုင်လူ၊ ဗမာအစိုးရအဖွဲ့ဝင်များ၏ လူ၊ ဟေးဟိုးတပ်၊ သခင်၊ ဓါးမ၊ ဘီဒီအေ၊ ဘီအိုင်အေစစ်ပြန်များ၊ အသစ်ဖွဲ့စည်းလိုက်သည့် နေပြည်တော်ရဲတပ်များ စသဖြင့် အာဏာပါဝါပြသည့် အဖွဲ့ပေါင်းစုံက ရှုပ်ထွေးနေသည်။


ပြည်သူလူထုကား ထို့နှယ့် လွတ်လပ်ရေးအနှစ်သာရကို တဝကြီး ခံစားနေရသည့်ကြားတွင် လမ်းမတော်ဖိုးတုတ်နှင့် ပုသိမ်ညွန့်ဘဘိုးတို့ကဲ့သို့ လူမိုက်ကြီးများကလည်း နယ်မြေလုပွဲဖြစ်ရန် တာဆူနေကြသည်။


ထိုသို့ ဂျပန်ပြည်ဖြစ် မြန်မာ့လွတ်လပ်ရေးကြီးရပြီး ရက်နှစ်ဆယ်အခန့်အကြာတွင် လမ်းမတော်ဖိုးတုတ်၏ နေအိမ်သို့ လူငယ်တစ်ဦးရောက်လာသည်။


"ဟာ..ဘိုးထင်..မင်းတို့ကို ငါလိုက်ရှာနေတာကွ..ဒါနဲ့ ကိုမိုးကြီးရော"


"ကျွန်တော်တို့ အင်္ဂလိပ်ဗုံးစကြဲကတည်းက ကျွန်တော့်အမ မအေးသင်း ယောက်ျားရဲ့ဇာတိရွာရှိတဲ့ ပန်းတနော်ဘက်ကို ပြေးနေကြတာ..ဆရာဖိုးတုတ်၊ ကိုမိုး လည်း လူထွက်ပြီး လိုက်လာတယ်၊ ရန်ကုန်ရောက်တာတော့ ဆယ်ရက်လောက်ရှိပြီ"


"ဟေ..ဟုတ်လား..ကောင်းတာပေါ့ကွာ..ငါလည်း ဒီမှာ အလုပ်တွေပြန်စဖို့ လူလိုနေတာနဲ့..ဒါနဲ့ ကိုမိုး ရော နေထိုင်ကောင်းရဲ့လား..ဘာလို့ လိုက်မလာတာလဲ"


"ကိုမိုးက ကျန်းမာရေးလုံးဝမကောင်းဘူး ဆရာဖိုးတုတ်၊ စစ်မဖြစ်ခင် ဘုန်းကြီးကျောင်းမှာကတည်းက အဆုပ်နာ ဖြစ်နေတာ။ အရင်က ပေပေတေတေနေခဲ့တာတွေရော၊ တကျွန်းက အစားဆင်းရဲအနေဆင်းရဲဒဏ်တွေကြောင့်နေမှာ။ အစကတော့ ကျွန်တော်တို့လည်း ရွာမှာပဲ လယ်လေးလုပ်၊ ဖားရှာငါးရှာနဲ့ အေးအေးနေတော့မလို့ပဲ။ ဒါပေမယ့်အခု ရွာမှာက နေရာတာအဆင်မပြေတော့ဘူး။ ဘီအိုင်အေနဲ့ ကရင် နဲ့ သတ်ရာကနေ အခု ဗမာနဲ့ ကရင်သတ်ကုန်ကြပြီ။ အဲ့ဒါနဲ့ ရန်ကုန် ပြန်ပြေးလာတာပဲ။ ဘရွတ်ကင်းလမ်းက ကျွန်တော်တို့ အိမ်လည်း ဗုံးကျသွားပြီဗျာ။ အခု အဲ့ဒီနေရာမှာ တဲကလေးထိုးနေကြတယ်"


"ဒါများ စောစောစီးစီး မလာဘူးကွာ..အခုရော..ငါ့ဆီလာတာ အလုပ်လုပ်မလို့ပဲလား"


"အဲ့ဒါလည်း ပါတယ်..ဆရာဖိုးတုတ်..ပြီးတော့…အခု ကိုမိုးက အခြေအနေလုံးဝမကောင်းတော့ဘူး..အဲ့ဒါ ပထမရက်ကတည်းက ကျွန်တော်က ဆရာဖိုးတုတ်ဆီ အကူအညီသွားတောင်းမယ်ဆိုတာ သူက လက်မခံဘူး။ သူကပြောတယ်..အမေ့တုန်းကလည်း ကိုဖိုးတုတ်ပဲ ကူညီတာ။ သူ့အလှည့်ကျလည်း ကိုဖိုးတုတ်ပဲ ဆိုတော့ အားနာစရာကောင်းတယ်တဲ့..ဒါပေမယ့်..ဒီတော့တော့ သူ သွေးတွေအန်နေတာ သတိမလည်တော့ဘူး။ ကျွန်တော် ကိုအလိန်ကို သွားရှာသေးတယ်။ သူနေတဲ့အိမ်ကလည်း သော့ကြီးခတ်ပြီး လူမနေတာ ကြာတဲ့ပုံပဲ။ အဲ့ဒါနဲ့ နောက်ဆုံး ဘာဖြစ်ဖြစ်ဆိုပြီး ကိုဖိုးတုတ်ကို အကူအညီလာတောင်းတာ။ ကိုမိုးအခြေအနေက ဆေးရုံတင်မှဖြစ်မယ်ထင်တယ်"


"ဟာ..အဲ့ဒါဆို အခုသွားမှ ဖြစ်မယ်လေ..လာလာ"


လမ်းမတော်ဖိုးတုတ် သည် ဓါးဘိုးထင်ကို ခေါ်ကာ ဘရွတ်ကရင်းလမ်းသို့ ကားဖြင့် ထွက်လာကြ၏။


ဘရွတ်ကရင်းလမ်းက ဗုံးဒဏ်ကြောင့် ပြိုလဲသွားသည့် အဆောက်အဦအချို့ကို ပြန်လည်မပြုပြင်ရသေး။


ယခင်က လမ်းမတော်ဖိုးတုတ် ဓါးကိုင်လျက် သွားခဲ့ဖူးသော ဗိုလ်တစ်ထောင်ငမိုး၏ အိမ်မှာ အုတ်ပုံကလေးသာ ကျန်တော့သည်။


အုတ်ပုံလေးပေါ်တွင် စစ်သုံးသက္ကလပ်အစများ၊ မိုးကာဖျင်များဖြင့် ကာရံထားပြီး တောင်ထန်းမိုးထားသည့် မြေစိုက်တဲအိမ်ကလေး။


ဖိုးတုတ်က အိမ်ထဲ လှမ်းဝင်လိုက်သောအခါ တိတ်ဆိတ်မှုက ဆီးကြိုနေသည်။


သေတ္တာသုံးလုံးဆက်ထားပြီး အပေါ်မှ ဖျာခင်းထားသည့်ပေါ်တွင် ဖိုးတုတ်တို့အား ကျောပေးလျက် ခွေခွေလေးလှဲနေသော ပိန်လှီလှီလူတစ်ယောက်။


"ကိုမိုး"


အသံထွက်မလာ။


"ဘိုးထင်…မင်းက သူ့ကို တစ်ယောက်တည်းထားခဲ့တာလား..မင်းအမရော"


"ကိုမိုးကို ဆံပြုတ်ပြုတ်တိုက်ဖို့ အမနဲ့ သူ့ယောက်ျားက ဆန်ထွက်ရှာတယ်..ဆရာဖိုးတုတ်"


"ဟာ..ကွာ..ငါရှိနေလျက်နဲ့ကွာ..မင်းတို့..ကိုမိုးကို ဒီလို ပစ်ထားရလား..အခု ဆေးရုံတင်မှဖြစ်မယ်..လာ"


ဖိုးတုတ်က ငမိုး လဲလျောင်းနေသည့် ကုတင်ဘေးသို့ ကပ်ကာ ငမိုး ၏ လက်မောင်း အား ဆုပ်ကိုင်လိုက်သည်။


အေးစက်နေသာ အထိအတွေ့ကြောင့် ဖိုးတုတ် အံကို ကြိတ်ကာ တောက်တစ်ချက် ခေါက်လိုက်၏။


ဘိုးထင် က သူ့အကို ငမိုး ၏ ခန္ဒာကိုယ်ကို ဆွဲလှည့်လိုက်သော အခါ တောင့်တင်းမာကြောနေသည်ကို ခံစားလိုက်ရသည်။


လွန်ခဲ့သောနှစ်ပေါင်းများစွာက ရန်ကုန်အရှေ့ပိုင်းတွင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံခဲ့ရသော တကျွန်းပြန် လူမိုက်ကြီး ဗိုလ်တစ်ထောင်ငမိုး (ခေါ်) ဓါးငမိုး မှာ တဲစုတ်ကလေးအတွင်းမှာ သေတ္တာပေါ်တွင် အစာအဟာရပြတ်ခြင်း၊ အဆုတ်နာရောဂါကျွမ်းခြင်းတို့ဖြင့် နိဂုံးချုပ်သွားခဲ့လေပြီ။


လမ်းမတော်ဖိုးတုတ် က ဗိုလ်တစ်ထောင်ငမိုး ၏ ပွင့်နေသော မျက်လုံးများကို လက်ဖြင့် အုပ်ကာ ပိတ်ပေးလိုက်သည်။


ထို့နောက် ဂျပန်ငွေ တစ်ထပ်ကို ထုတ်လိုက်ပြီး ဘိုးထင် အားပေးလိုက်၏။


"နာရေးကိစ္စ စီစဉ်စရာရှိတာ..စီစဉ်လိုက်ကွာ..ဘိုးထင်။ ညနေကျ ငါပြန်လာခဲ့မယ်"


လမ်းမတော်ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုး၏ အလောင်းအားတစ်ချက်ငေးကြည့်ပြီး တဲအပြင်သို့ လှမ်းထွက်လိုက်သည်။


အပြင်ဘက်တွင်တော့ မိုးရနံ့များက ဝေသီလျက်။


………………………………………………………………………………………………………………


လမ်းမတော်ဖိုးတုတ် သည် စံဘ၊ ထွန်းရင်၊ မောင်မောင်၊ အဖတ် တို့ကို အခြေခံကာ ရန်ကုန် အနောက်ပိုင်းကို ပြန်လည်စိုးမိုးဖြန့်ကျက်လာသည်။


ယခင်က ကြက်ကျား၏ နယ်ဖြစ်သော ကြည့်မြင်တိုက်နယ်တဝိုက်ကို ဖာခန်းစောင့်အဖြစ်မှ ထွက်လိုက်ရသည့် အုန်းဖေ က ပြန်လည်စိုးမိုးလိုက်နိုင်ပြီဖြစ်သည်။


ထိုအချိန်က ရန်ကုန်တက္ကသိုလ်တစ်ဝိုက်တွင် ဂျပန်စစ်ရုံးများ ဖွင့်လှစ်ထားသဖြင့် ဂျပန်က ပြည်လမ်းမကြီး တစ်ဖက်တစ်ချက်စီတွင် ဝါးလုံးဖြင့် မဏ္ဍပ်များထိုးကာ သစ်ခက်များတင်ထားပြီး အင်္ဂလိပ်လေယာဉ်များမမြင်စေရန် ဖျောက်ဖျက်ထားကြသည်။


ထိုစီမံကိန်းတွင် ဂျပန်စကားတတ်ပြီး ဂျပန်ရည်ဝနေပြီဖြစ်သည့် အုန်းဖေ က ကျွမ်းကျင်သူဗမာလုပ်သားအချို့ ရှာပေးနိုင်သဖြင့် ဂျပန်ဗိုလ်ချုပ် အီစာမူရာ ၏ ကိုယ်ရေးအရာရှိ အော်စေးကိုး နှင့် ရင်းနှီးလာသည်။


လမ်းမတော်တခြမ်းကား နဂိုကပင် ဖိုးတုတ်နယ်ဖြစ်သဖြင့် ဖြန့်ကျက်နိုင်သော်လည်း အရှေ့ပိုင်းတွင်မူ အောင်ဘ နှင့် ဘိုးထင်တို့မှာ ပုသိမ်ညွန့်ဘဘိုးအဖွဲ့များနှင့် နေရာလုနေရ၏။


၁၉၄၃ စက်တင်ဘာလ (၁၅)ရက်။


ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်အကြားတွင် ဖွင့်လှစ်ထားသော "ရှီဗာဗီအိချိ" ဟူသော ဂျပန်အမည်တပ် ကလပ်တစ်ခုကား စည်ကားနေသည်။


ထိုကလပ်မှာ အင်္ဂလိပ်ခေတ်က Montparnasse ဟူသော အမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်္ဘောသားများ ကျက်စားရာအဖြစ် နာမည်ကျော်သည်။


ဂျပန်ခေတ်တွင်တော့ ဂျပန်အမည် ရှီဗာဗီအိချိ ဟု အမည်ပြောင်းပြီး တရုတ်လူမျိုးသူဌေးတစ်ဦးက ဖွင့်လှစ်ထားသည်။


ထိုကလပ်သည် ဂျပန်လူမျိုးများ အလာနည်းသော်လည်း ရန်ကုန်မြို့တွင်းမှဂျပန်များနှင့် တွဲဆက် အလုပ်လုပ်ကာ အဆင်ပြေနေသည့် စီးပွားရေးသမားမျိုးစုံလာလေ့ရှိသော ကလပ်ဖြစ်သည်။


ယင်းကလပ်ကို ဖွင့်လှစ်သူ တရုတ်သူဌေးမှာ အင်္ဂလိပ်ခေတ်ကတည်းက အောင်ဘ နှင့် ဘိုးထင်ကို စောင့်ရှောက်ခပေးနေသည့်အတွက် ဂျပန်ခေတ်တွင်လည်း အောင်ဘတို့ကိုပင် ပေးဆောင်သည်။


အောင်ဘ နှင့် တပည့်သုံးယောက်က ကလပ်အဝတွင် ထိုင်ကာ စီးကရက်ဖွာနေကြသည်။


ထိုအချိန်တွင် ကားတစ်စီးထိုးစိုက်လာပြီး ကားထဲမှ လူတစ်ဦး ဆင်းလာကြသည်။


ထိုသူက အောင်ဘ ဘေးမှ ဖြတ်ကာ ကလပ်ထဲဝင်သွားပြီးမှ ရုတ်တရက်ပြန်လှည့်ကာ ထိုင်နေသော အောင်ဘ၏ ကျောကုန်းကို စောင့်ကန်လိုက်လေသည်။


အောင်ဘက လဲကျသွားရာမှ လူးလဲထလိုက်သည်။


ထို့နောက် အိတ်ထဲမှ ဓါးမြှောင်ကို ထုတ်ကာ ထိုလူအား ပြေးထိုးရန်ပြင်သည်။


ထိုအချိန်တွင် ဒိန်းခနဲ သေနတ်သံတစ်ချက်ထွက်လာကာ အောင်ဘ ဟပ်ထိုး လဲကျသွား၏။


အောင်ဘကို အနောက်ဘက်တွင် ရပ်ထားသော ကားထဲမှ လှမ်းပစ်လိုက်ခြင်းဖြစ်သည်။ အောင်ဘ၏ တပည့်များမှာ သေနတ်သံကြားသည်နှင့် ထွက်ပြေးကုန်ကြသည်။


ကားပေါ်တွင် ထိုင်ပြီး သေနတ်ဖြင့် ပစ်လိုက်သူကား ဦးမြကျင်။


ကားရှေ့ခန်းတွင်ထိုင်နေသော ပုသိမ်ညွန့်ဘဘိုးက ဦးမြကျင်ထံမှ သေနတ်ကို တောင်းကာ ခါးတွင်ထိုးပြီး ဓါးရှည်ကို ကိုင်လျက် ဆင်းလာသည်။ အောင်ဘအား ကန်လိုက်သူူ ဓားမစောထွန်းက ခါးကြားမှ ဓါးမကို ထုတ်ကာ ကလပ်ထဲသို့ ဝင်သွား၏။


အပြင်မှ သေနတ်သံကြောင့် ကလပ်ထဲမှ လူများမှာ ကြောက်လန့်တကြားပြေးထွက်လာကြသည်။


ထိုအချိန်တွင် ဓါးဘိုးထင်မှာ အပေါ်ထပ်ရှိ အခန်းထဲမှ ထွက်ကာ အခြေအနေကို အကဲခတ်လိုက်ပြီး ငှက်ကြီးတောင်ဓါးကို ဆွဲကာ ဆင်းလာ၏။


ဓားမစောထွန်းနှင့် ဘိုးထင် တို့ ရင်ဆိုင်တွေ့ကြပြီ။


ဘိုးထင်က ဓါးမစောထွန်းကို ဓါးဖြင့် ဝင်ပိုင်းသည်။ စောထွန်းက ရှောင်လိုက်နိုင်သော်လည်း ဟန်ချက်ပျက်သွား၏။


ဘိုးထင်က အရှိန်လွန်သွားရာမှ ဓါးဖြင့် ပြန်လှည့်အတွတ်တွင် ဓါးမစောထွန်း ရှောင်တိန်းရင်း လဲကျသွားသည်။


ထိုအချိန်တွင် နောက်မှ လိုက်လာသော ဘဘိုးက ဘိုးထင်၏ ကျောကုန်းကို ဝင်ပိုင်းလိုက်သည်။


ရုတ်တရက်နောက်ကျောမှ အခုတ်ခံရသဖြင့် ဘိုးထင်က ဘေးသို့ လှိမ်ချလိုက်သော်လည်း ကျောကုန်းမှ သွေးများ ဖြာခနဲထွက်လာလေသည်။


ဘဘိုး က ဘိုးထင်ကို ဓါးဖြင့် လိုက်ပိုင်းသည်။ ဘိုးထင်က ပက်လက်အနေအထားဖြင့် ဓါးချက်များကို ကာနေရသည်။


ထိုအချိန်တွင် ဒုတ် ခနဲအသံနှင့်အတူ ဓါးမတစ်ချောင်းက ဘိုးထင် လည်ပင်းကို စိုက်ဝင်သွား၏။


ဘိုးထင်မှာ အသံပင်ထွက်ချိန်မရပဲ နှစ်ချက်ခန့်အကြောဆွဲကာ ငြိမ်သက်သွားလေတော့သည်။


ဓါးမစောထွန်းက ဓါးမကို ဆွဲနှုတ်လိုက်ပြီး လက်တွင်ပေနေသော သွေးများကို ပုဆိုးဖြင့် သုတ်လိုက်၏။


ဘဘိုးက အရက်ဆိုင်ကောင်တာသို့သွားကာ သောက်လက်စကျန်ရစ်သည့် ဂျပန်ဆာကေးပုလင်းထဲမှ အရက်ကို ငှဲ့ကာ မော့ချလိုက်သည်။


ထိုအချိန်တွင် နေပြည်တော်ရဲများက သေနတ်သံကြောင့် ဆိုင်ရှေ့ကို ဝိုင်းလိုက်ကြပြီး ဆိုင်တွင်းသို့ အိတ်စပက်တော်ဦးမြသင်း နှင့် ရဲငါးဦး ရိုင်ဖယ်ကိုယ်စီဖြင့် ဝင်လာကြသည်။


အထဲသို့ ရောက်သောအခါ အလောင်းများကို သေချာကြည့်၏။


ထို့နောက် အရက်သောက်နေသော ဘဘိုးထံသို့ လျှောက်သွားသည်။


"သြော်ကိုမြသင်း…ရောက်ပြီကို..။ ဂျပန်ကင်ပေကမေးရင် လမ်းမတော်ဖိုးတုတ်ရဲ့ လူမိုက်တွေ အချင်းချင်း ပစ်ကြခတ်ကြပြီး သေကုန်တာလို့ပြောပြီး အမှုပိတ်ပစ်လိုက်ဗျ။ကြားလား။ ရော့..ဒီမှာ ဒီဓါးနဲ့ခုတ်ခံထားရတဲ့ကောင် ကိုင်တဲ့ သက်သေခံသေနတ်။ ဒီကောင်က ရှေ့က အောင်ဘဆိုတဲ့ကောင်ကို ပစ်လို့၊ အောင်ဘ တပည့်တွေက ဒီကောင့်ကို ဓါးနဲ့ ဝိုင်းခုတ်သွားတာလို့သာ ပြောဗျာ..တစ်ခုခုဆို ဦးမြကျင် နဲ့ ကျုပ် နဲ့ အဓိပတိအိမ်မှာရှိနေမယ်၊ ဟုတ်ပြီလား"


ဦးမြသင်း သည် ဓါးမအဖွဲ့ဝင်ဖြစ်ပြီး ဒေါက်ဘမော်၏ ကိုယ်ရံတော် ဦးမြကျင် ကျေးဇူးဖြင့် အိတ်စပက်တော်ရာထူးကို ရရှိထားသူဖြစ်သည်။


နောက်တစ်နေ့နံနက်တွင် ဗိုလ်တစ်ထောင်ရှိ "ရှီဗာဗီအိချိ" ကလပ်တွင် လမ်းမတော်လူမိုက် ဖိုးတုတ်၏ တပည့်များအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း က မြန်မာ့အလင်းသတင်းစာကြီးတွင် ပါလာတော့သည်။


ညဘက်ရောက်သောအခါ ဒါလဟိုဇီလမ်းထောင့်နှင့် လမ်းမတော်လမ်းထောင့်တွင် အသစ်ဖွင့်လှစ်လိုက်သော သူဌေးဦးစပ်စု ၏ စပ်စုဟိုတယ် အပေါ်ထပ်တွင် လမ်းမတော်ဖိုးတုတ်၊ အုန်းဖေ ၊ စံဘ၊ ထွန်းရင်၊ မောင်မောင်၊ အဖတ်တို့ တိတ်ဆိတ်စွာထိုင်ရင်း အရက်သောက်နေကြလေသည်။


အောင်ဘ နှင့် ဘိုးထင် တို့ကား သူတို့ထံသို့ ရောက်မလာနိုင်တော့။


လမ်းမတော်ဖိုးတုတ်၏ မျက်နှာကား မည်သည့်ခံစားချက်မျှ မရှိသည့််နှယ် ပကတိ တည်ငြိမ်လျက်။


လမ်းမတော်ဖိုးတုတ်သည် စိတ်လှုပ်ရှားသည့်အခါ ပိုမိုတည်ငြိမ်သွားသည်ဆိုသော တချိန်က ဦးလေးဦးဘိုးသင် ပြောခဲ့သည့်စကား က ယခုတိုင်မှန်ကန်လျက်ပင်။


ခဏအကြာတွင် အပေါ်ထပ်သို့ ဂန္ဓမာသောင်းရီ တက်လာသည်။


"အောင်ဘ တို့ ဘယ်လို ဖြစ်ကြတာလဲကွာ"


ဖိုးတုတ်က ဝီစကီတစ်ခွက်ကို ငှဲ့ကာ ဂန္ဓမာ ဆီသို့ ကမ်းပေးလိုက်သည်။


" ငါ..မှ ဝီစကီမသောက်တာ..ဖိုးတုတ်..နေ..နေ..ဟိုကောင်တွေကို ဘယ်သူ သတ်လဲသာပြော"


"သောက်လိုက်..ဂန္ဓမာ.. အောင်ဘ က ဝီစကီသိပ်ကြိုက်တဲ့ကောင်။ သူ့အတွက် မင်းသောက်လိုက်ကွာ"


ဂန္ဓမာက ဖိုးတုတ်ကမ်းပေးသော ဝီစကီကို တရှိန်ထိုးမော့ချလိုက်ရာ မျက်နှာကြီး ရဲတက်လာ၏။


"သေသွားတဲ့ ငမိုးကြီး ကို ငါ အားနာတယ်။ ရှက်လည်းရှက်တယ်ကွာ။ သူ့ညီဘိုးထင်ကို ငါ့ဆီ သူအပ်ထားခဲ့တာကွ"


တဝိုင်းလုံး တိတ်ဆိတ်သွားကြသည်။


"မင်း လွှတ်ပေးလိုက်တဲ့ ဘဘိုးရယ်၊ ဒေါက်တာဘမော်နားက မြကျင်ဆိုတဲ့အဘိုးကြီးရယ်၊ ဓါးမစောထွန်း ရယ် သတ်လိုက်ကြတာ…ဂန္ဓမာ"


"ဟာ..ဖိုးတုတ်..အဲ့ဒါဆို..ငါ့တာဝန်ဖြစ်သွားပြီ..ငါ့ပြသနာဖြစ်သွားပြီ..ဒီကောင့်ကို ငါလွှတ်ပေးလိုက်တာ..ဒီကောင်သုံးကောင်ကို ငါသတ်ပေးမယ်..ဖိုးတုတ်..ဟေ့..အုန်းဖေ..သွားသတ်မယ်ကွာ..လာ"


ဖိုးတုတ်က ဂန္ဓမာ၏ လက်ကို ဖိထားလိုက်သည်။


"နေဦး..ဟေ့ကောင်..ဒီကောင်တွေသုံးယောက်လုံးက အခု အဓိပတိကြီးဆိုတဲ့ ဒေါက်တာဘမော်ရဲ့လူတွေ။ ဦးမြကျင် က ဒေါက်တာဘမော်ရဲ့ ကိုယ်ရံတော်၊ ဘဘိုးက သာသနာရေးဝန်ကြီးဗန္ဓုလဦးစိန်ရဲ့ တူ။ သူတို့ ကို ဒီတိုင်းသွားသတ်ရင် ငါတို့ လည်ပင်းငါတို့ ကြိုးကွင်းစွပ်သလိုဖြစ်နေမှာပေါ့ကွာ။ အခုတောင် ဒီကောင်တွေက ငါ့လူတွေကို သတ်တယ်။ သတင်းစာထဲကျ လမ်းမတော်လူမိုက်ဖိုးတုတ် တပည့်တွေ အချင်းချင်းသတ်တယ်လို့ ပါအောင် အမှုကို ဆင်ပစ်တယ်။ ဒီကောင်တွေကို လျော့တွက်လို့မရတော့ဘူးကွ။ သူတို့မှာ နောက်ခံအင်အားရှိတယ်၊ ဦးနှောက်ရှိတယ်။ ဒီကောင်တွေကို ငါတို့ သေချာအကွက်ချပြီး သတ်မှ ဖြစ်တော့မယ်''


"အေး..ဒီကိစ္စကတော့ မင်း ကျွမ်းတဲ့ကိစ္စပဲ..ဖိုးတုတ်..ငါကတော့ ဖြစ်နိုင်ရင် ဒီညပဲ သုံးကောင်လုံးကို သွားသတ်ပစ်ချင်တာ…အေးပါ..မင်းစီစဉ်တဲ့အတိုင်း ငါလုပ်ပါ့မယ်"


"အေး…မနက်ဖြန် မနက်ကျရင်..၁၄ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ အုန်းဖေ ကို ငါစောင့်နေမယ်။ လက်ဖက်ရည်လေး ဘာလေး သောက်ကြတာပေါ့ကွာ"


ညည့်နက်လာပြီဖြစ်သဖြင့် ဟိုတယ်ဘေးအခန်းများဆီတွင် လာရောက်သည့် ဧည့်သည်များ၊ ဟိုတယ်မယ်များ၏ အသံများက ဆူညံပွက်လာသည်။


သူတို့ အခန်းတစ်ခုသာ ထူးထူးခြားခြား တိတ်ဆိတ်လျက်။





အခန်း(၂၉)

……………..


"ကမ္ဘာမှာလည်း အာဏာရှင်..တို့လည်း အာဏာရှင်..ခေတ်သစ်ရဲ့ ပဲ့ကိုင်ရှင်..ဗမာ..ဗမာ..ဗမာ..အာဏာရှင်"


ဒေါက်တာဘမော်အစိုးရ၏ ဝါဒဖြန့်ချီရေးသီချင်းဖြစ်သည့် ဗမာအာဏာရှင်သီချင်းသည် ညမီးရောင်ပျပျတွင် ပျံ့လွင့််နေသည်။


"တို့ဗမာဆင်းရဲသားအစည်းအရုံး၊ တာမွေ" ဟု ဆိုင်းဘုတ်တပ်ထားပြီး အဝါရောင်သုံးပုံနှစ်ပုံနှင့် အစိမ်းခံတွင် နေတစ်ခြမ်းထွက်နေသည့် အလံလွှင့်ထားသော တိုက်အိမ်၏ ဒုတိယထပ်တွင် အရက်မူးမူးဖြင့် အိပ်ရာဝင်ရန် ပြင်နေသော ဓါးမစောထွန်းသည် ထိုအသံအကြောင့် စိတ်အနှောက်အယှက်ဖြစ်နေသည်။


တို့ဗမာအစည်းအရုံးနှင့် ဆင်းရဲသားဓားမပါတီ တို့ ပေါင်းစည်းပြီး တို့ဗမာဆင်းရဲသားအစည်းအရုံး ဟု နာမည်ပြောင်းကာ ရုံးဖွင့်ထားသော ထိုတိုက်ပေါ်တွင် ဓါးမစောထွန်း ရောက်နေသည်မှာ သုံးရက်ခန့်ရှိပေပြီ။


လွန်ခဲ့သည့် ဆယ်ရက်က လမ်းတော်ဖိုးတုတ်၏ တပည့်များဖြစ်သော တာမွေအောင်ဘ နှင့် ဘိုးထင် တို့ကို သတ်ပြီးသည့်နောက် သူတို့သုံးယောက်ကို လူစုခွဲပြီးရှောင်တိမ်းနေရန်နှင့်အခြေအနေကို စောင့်ကြည့်ရန် ဦမြကျင်က အမိန့်ပေးထားသည်။


ဦးမြကျင် က အဓိပတိဒေါက်တာဘမော်အိမ်တွင် လုံခြုံရေးအပြည့်အစုံဖြင့်နေရသလို၊ ပုသိမ်ညွန့်ဘဘိုး က လည်း ဝန်ကြီးဗန္ဓုလဦးစိန်အိမ်မှာမို့ အစောင့်အရှောက်များဖြင့်။


သူတစ်ယောက်သာ ဒီရုံးပေါ် လာကပ်နေနေရသည့်အဖြစ်။


ဓါးမစောထွန်းက ထိုအဖြစ်ကို တွေးကာ ဒေါသထွက်လာသည်။ အဲ့ဒီနေ့ကပင် လမ်းမတော်ဖိုးတုတ်၏ တပည့်၊ ဗိုလ်တစ်ထောင်ငမိုး၏ ညီ ကိုပင် သူ့ဓါးမဖြင့် လည်မြိုခုတ်ခဲ့သည်မဟုတ်လား။


ဘာကိုကြောက်ရမည်နည်း။ ဘာကြောင့် ရှောင်နေရမည်နည်း။


မခံချင်စိတ်များတနုံ့နုံ့ဖြင့် အိပ်မပျော်သည့်အကြား သူ့အိမ်ရှေ့တည့်တည့်တွင် လာဖွင့်နေသည့် ဝါဒဖြန့်ချီရေးကားမှ အာဏာရှင်သီချင်းသံသည် သူ့ကို အကြီးအကျယ်နှောင့်ယှက်နေသည်။


သူတို့ ဆင်းရဲသားဓါးမပါတီ ၏ ဝါဒဖြန့်ကားမို့ပင် သည်းခံနေခြင်းဖြစ်သည်။


ခဏနေတော့ အသံတိတ်သွားသည်။


နားဒုက္ခမှ ကင်းဝေးသွားသဖြင့် စိတ်အေးလက်အေးဖြင့် အိပ်ရန်ပြင်လိုက်၏။


"ကမ္ဘာမှာလည်း အာဏာရှင်..တို့လည်း အာဏာရှင်..ခေတ်သစ်ရဲ့ ပဲ့ကိုင်ရှင်..ဗမာ..ဗမာ..ဗမာ..အာဏာရှင်"


"ဟာ..ဒီကောင်တွေကတော့ကွာ"


ဓါးမစောထွန်း ဒေါသ ထွက်ပြီး အောက်သို့ ဆင်းသွား၏။


သူ့နေသည့် တိုက်တည့်တည့်တွင် ရပ်ပြီး လော်ဖြင့် သီချင်းများဖွင့်နေသည့် ကားထံ လျှောက်သွားလိုက်သည်။


ကားပေါ်တွင် ဓါးမပါတီဝတ်စုံ၊ အပြာဖြင့် လူတစ်ယောက်က စီးကရက်သောက်နေ၏။


စောထွန်းက ကားတံခါးကို လက်ဖြင့် တဗုံးဗုံး ထုလိုက်ပြီး ကားပြတင်းပေါက်ပေါ် လက်တင်လိုက်ကာ


"ဒီမယ်..ဟေ့ကောင်တွေ…မင်းတို့ ဘယ်ရုံးကလဲ..ဒီအချိန်ကြီးတော့ သူများတွေအနှောက်အယှက်ဖြစ်တယ်လေကွာ..မင်းတို့.."


စောထွန်း၏ စကားမဆုံးလိုက်။ ကားထဲမှ လူက သူ့ဆံပင်ဖုတ်ကို ဆွဲကာ ဆေးလိပ်မီးဖြင့် မျက်လုံးကို ထိုးထည့်လိုက်သည်။


"အား..လား"


စောထွန်းက မျက်လုံးကို အုပ်လိုက်စဉ် အေးစက်မာကြောသော တစ်စုံတစ်ရာက သူ့လက်ပင်းကို အားပြင်းပြင်းဖြင့် လာရောက်ရစ်သိုင်းခြင်းကို ခံစားလိုက်ရသည်။


"အုန်းဖေ..မောင်းဟေ့..ခပ်ပြင်းပြင်းလေးတင်စမ်း"


အုန်းဖေက ကားကို အရှိန်ဖြင့် မောင်းထွန်လိုက်သည်။


ဂန္ဓမာသောင်းရီက လက်ဖျံကြောများ ထောင်ထသည်အထိ လက်နှစ်ဖက်ထဲမှ ချိန်းကြိုးကို အားဖြင့် ညှစ်ထား၏။


ဓါးမစောထွန်းမှ ခေါင်းက ကားပြတင်းထဲတွင်ဖြစ်ပြီး ခန္ဓာကိုယ်က အပြင်တွင်တရွတ်တိုက်ပါလာသည်။


လည်ပင်းတွင် ချိန်းကြိုးဖြင့် အညှစ်ခံထားရသဖြင့် လက်နှစ်ဖက်က ချိန်းကြိုးကို ဆွဲဖြေနေသည်။


ဂန္ဓမာသောင်းရီက လက်နှစ်ဖက်မှ ချိန်းကြိုးကို တင်းကိုင်ထားရင်း ကားအပေါ် အော်လံမှ ထွက်နေသည့် "ဗမာ..ဗမာ..ဗမာ..အာဏာရှင်" သီချင်းကိုပင် လိုက်လံသီဆိုနေသည်။


စောထွန်းက မျက်နှာတစ်ခုလုံး သွေးကြောများဖြင့် ထောင်တက်နေပြီး..အသက်ကို အလုအယက်ရှုနေသည်။


ပြူးထွက်နေသော မျက်လုံးကြီးများက ဂန္ဓမာသောင်းရီကို အံသြတကြီးကြည့်နေ၏။


ကားက ဂျိုးဇက်လမ်း(မြန်မာ့ဂုဏ်ရောင်လမ်း)ရှိ ယခင်တို့ဗမာအစည်းအရုံးရုံးခွဲ အရှေ့သို့ အရောက်တွင် အရှိန်လျော့လိုက်သည်နှင့် ဂန္ဓမာက ချိန်းကြိုးကို လက်တစ်ဖက် လွှတ်ပေးလိုက်သည်။


တရွတ်တိုက်ပါလာသော စောထွန်းမှာ ကတ္တရာလမ်းပေါ်သို့ တလိမ့်ခေါက်ခွေးကျသွား၏။


ညဉ့်ကလည်း နက်ပြီမို့ လမ်းမပေါ်တွင် လူသွားလူလာမရှိ။


စောထွန်းမှာ ကတ္တရာလမ်းမပေါ်တွင် ပက်လက်လှဲရင်း အသက်ကို ၀၀ ရှှုနေရသဖြင့် ရင်ဘတ်မှာ မို့ချည် မောက်ချည်ဖြစ်နေသည်။


မျက်လုံးတွင်လည်း ဆေးလိပ်မီးဖြင့် ထိုးခံထားရသဖြင့် အပူလောင်သည့် အနာကို ခံစားနေရသည်။


စောထွန်း ကုန်းထရန် ကြိုးစားလိုက်သည်။


သို့သော်…ကားဟွန်းသံကို သံရှည်ကြီးကို ကြားလိုက်ရသဖြင့် စောထွန်း အလန့်တကြားကြည့်လိုက်သည်။


မီးထိုးလျက် သူ့ထံပြန်ကွေ့လာသော..အော်လံတပ်ကား။


ကားဟွန်းတီးသံနှင့် သီချင်းသံများကြောင့် တိုက်ပေါ်မှ လူများနိုးလာကြပြီး ပြတင်းတံခါးများဖွင့်ကာ လမ်းပေါ်သို့ အလန့်တကြားကြည့်လိုက်ကြသည်။


ဓါးမပါတီမှ လူများ ဒေါက်တာဘမော် အား ဝါဒဖြန့်ချီသည့်အခါ သီချင်းလိုက်ဖွင့်သည့် ကားတစ်စင်းက လမ်းမပေါ်တွင် အမူးသမားတစ်ယောက်ကဲ့သို့ ယိုင်ထိုးနေသော လူတစ်ယောက်ကို တိုက်ချပြီး ဖြတ်ကြိတ်သွားသည်ကို လူအတော်များများတွေ့လိုက်ကြသည်။


………………………………………………………………………………


နောက်တစ်နေ့တွင် ဓါးမပါတီမှ ခရိုင်အဆင့်လူငယ်ခေါင်းဆောင်ဖြစ်သော ဓါးမစောထွန်း သည် ဂျိုးဆက်လမ်း တို့ဗမာအစည်းအရုံးရှေ့တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားကြောင်း ၊ တိုက်သွားသောယာဉ်မှာလည်း မောင်းပြေးသွားခဲ့ပြီး မျက်မြင်သက်သေများအဆိုအရ ဝါဒဖြန့်ချီရေးဌာနမှ "အာဏာရှင်"သီချင်းကို ဖွင့်ကာ မောင်းလာသော အော်လံတပ်ကားဖြစ်ကြောင်း သတင်းစာများတွင် ပါရှိလာလေသည်။


ထိုကိစ္စသည် ဝါဒဖြန့်ချီရေးဌာနကို ကိုင်ထားသော ဗန္ဓုလဦးစိန်အတွက် အကြပ်ရိုက်စရာသတင်းတစ်ခုဖြစ်ခဲ့သည်။


သို့သော် မကြာမီ တိုက်ပြေးသွားသည့်ကားမှာ ဓါးမပါတီမှ ကားမဟုတ်ပဲ ဂျပန်စစ်တပ် ဝါဒဖြန့်ချီရေး ဌာနမှ ကားဖြစ်ကြောင်း၊ ထိုကားကို ဂျပန်ဝါဒဖြန့်အရာရှိ အော်ဇေးကိုး ထံမှ ငှားမောင်းသွားသူမှာ အုန်းဖေ ဆိုသူဖြစ်ပြီး ထိုသူကိုယ်တိုင် ဂျပန်စစ်ရဲများထံ သွားရောက်အဖမ်းခံခဲ့ကြောင်း နောက်ဆက်တွဲသတင်း ထွက်လာလေသည်။


ဂျပန်စစ်ရဲထံ တိုက်ရိုက်ဖမ်းခံလိုက်ပြီဖြစ်သဖြင့် ဗမာအစိုးရနှင့် နေပြည်တော်ရဲတပ်များမှာ မည်သို့မျှ မပြောရဲကြတော့။


အုန်းဖေကို ကား ဂျပန်စစ်ခုံရုံးက ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေမှုဖြင့် ထောင်နှစ်နှစ် ချလိုက်လေတော့သည်။


အုန်းဖေကား သူနှင့်ခင်မင်ရင်းနှီးသော ဂျပန်ဗိုလ်မှူူး အော်ဇေကိုး ကောင်းမှုဖြင့် ရန်ကုန်ထောင်ကြီးတွင် အင်္ဂလိပ်မဟာမိတ်သုံ့ပန်းများကို အုပ်ချုပ်ရသော အကျဉ်းသားဝန်ထမ်းအဖြစ်ပင် တန်းခန့်အပ်ခြင်း ခံလိုက်ရလေသည်။


ဘဘိုနှင့် မြကျင်မှာ ဂျပန်လက်အောက်အကျဉ်းထောင်ထဲတွင် ရှိနေသော အုန်းဖေကို ဘာမှ လုပ်မရတော့သဖြင့် ကြိတ်မနိုင်ခဲမရဖြစ်နေကြတော့သည်။


ထိုကာလအတွင်း.. ဒေါက်တာဘမော်နှင့် အဆင်ပြေသော အမှတ်(၁၅)ဂျပန်တပ်မတော်စစ်ဦးစီးချုပ် ဂျင်နရယ်အီဒါး က ဂျပန်ပြည်သို့ ပြောင်းရွှေ့သွားရပြီး ဒေါက်တာဘမော် နှင့် အစေးမကပ်သည့် ဂျန်နရယ်ကဝါဘီ က စစ်ဦးစီးချုပ်အဖြစ် ရာထူးလွှဲပြောင်းရယူထားသည်။


ဒေါက်တာဘမော်အစိုးရ၏ ဂျပန်အကြံပေး ဗိုလ်ချုပ်အီဆာမူရာမှာလည်း ဂျန်နရယ်ကဝါဘီ၏ လက်ရုံးဖြစ်လာပြီး ဘုန်းတန်ခိုးတက်လာနေသည်။


၁၉၄၃ မတ်လတွင် ဒေါက်တာဘမော် ကို ဂျပန်ပြည်တွင် တိုဂျိုအစိုးရက ခေါ်ယူတွေ့ဆုံပြီး အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သည့် တင်နော်ဟေကာ တံဆိပ်ကို ပေးအပ်လိုက်သည်။


ထိုဘွဲ့တံဆိပ်ကို သခင်မြ၊ ဒေါက်တာသိမ်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ရကြသည်။


ဘွဲ့မရရှိသည့် သခင်ထွန်းအုပ် မှာ ထိုကိစ္စအတွက် သူ့ကို ဂျပန်မခေါ်သွားသော ဒေါက်တာဘမော်အား ကြေလည်ခြင်း မရှိချေ။


ဒေါက်တာဘမော် သည် ၁၉၂၄ ခုနှစ်က ပြင်သစ်ပြည်၊ ဘော်ဂိုးတက္ကသိုလ်တင် အဘိဓမ္မာဒေါက်တာဘွဲ့ကို ယူခဲ့သူဖြစ်သဖြင့် ပြင်သစ်တွင် တက္ကသိုလ်တက်ခဲ့ဖူးသော ဂျပန်ဘုရင် တင်နော်ဟေကာ နှင့် အလွယ်တကူပင် ခင်မင်ရင်းနှီးသွားသည်။


ဂျပန်ဘုရင်က ချီးမြှင့်သည့် နောက်ထပ်တော်ဝင်ဆုတံဆိပ်တစ်ခုကိုပင် ရထား၏။


ထိုသို့ ဘုရင်၏ မျက်နှာသာပေးခြင်းခံရသည့်အပြင် ဂျပန်အစိုးရခေါင်းဆောင် နန်းရင်းဝန် တိုဂျို ကလည်း ခေတ်ပညာတတ်နိုင်ငံရေးသမားဖြစ်သော ဒေါက်တာဘမော်ကို အထူးလေးစားသည်။


ထို့ကြောင့် ဗမာပြည်သို့ ရောက်နေသော ဂျပန်အမှတ်(၁၅)စစ်တပ်မှာ ဒေါက်တာဘမော်ကို သြဇာလွှမ်းမိုးရန် ကြံစည်သော်လည်း ဒေါက်တာသည် ဂျပန်နန်းတွင်း၊ ဗဟိုအစိုးရများနှင့် တိုက်ရိုက်အဆက်အသွယ် ရှိနေသဖြင့် မတတ်သာပဲ ရှိနေသည်။


အထူးသဖြင့် ဂျပန်ဘုရင်က အပ်နှင်းသော တံဆိပ်ကြီးကို ဒေါက်တာဘမော်က ရုံးခန်းရှေ့ ကပ်ထားသဖြင့် ဂျပန်တပ်၏ အကြီးဆုံး စစ်သေနာပတိဖြစ်သည့် ဂျနရယ်ကဝါဘီပင် ဒေါက်တာဘမော်ရုံးခန်းသို့ ဝင်လျှင် ထိုတံဆိပ်ကို ဒူးထောက်အရိုအသေပြုပြီးမှ ဝင်ရသည်။


ထိုကိစ္စကို ဂျနရယ် ကဝါဘီက နှစ်လိုခြင်းမရှိပေ။


ဒေါက်တာဘမော်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်လည်း အကြံပေး ဗိုလ်ချုပ်အီစာမူရာတို့ကြား မကြေလည်မှုများရှိနေပြီး အီစာမူရာ က ဒေါက်တာဘမော်ကို ရသည့်နည်းဖြင့် ဖြုတ်ချရန် ကြံစည်နေတော့သည်။


ထိုကဲ့သို့ ဒေါက်တာဘမော်တွင် နိုင်ငံရေးရန်သူများ ပတ်လည်ဝိုင်းနေချိန်မို့ ဦးမြကျင် နှင့် ပုသိမ်ညွန့် ဘဘိုးတို့မှာ လူမိုက်လောကဘက် မလှည့်နိုင်သေးပဲ သူတို့ဆရာများ ကာကွယ်ရေးကို ဦးစားပေးနေရသည်။


သို့သော် ပုသိမ်ညွန့်ဘဘိုး ကား သူ့လက်ရုံးဖြစ်သော ဓါးမစောထွန်း ကားတိုက်သတ်ခံရမှုအတွက် လက်စားချေရန် အကွက်ကောင်းကို စောင့်နေဆဲဖြစ်သည်။


……………………………………………………………………………………………………..


၁၉၄၃ နိုဝင်ဘာလ ၅ ရက်။


လမ်းမတော်ဖိုးတုတ် သည် နတ်သမီးရောဂါ ခေါ် ဆစ်ဖလစ်ရောဂါဖြင့် ဂျပန်ခေတ်ကာလသားရောဂါကုဆေးရုံတွင် တက်ရောက်ကုသနေရသည်။


မေဂျာဆာတိုး နှင့် ဖိုးတုတ် တို့တစ်ယောက်တစ်လှည့် ဆေးရုံတက်နေရသည့် ဆစ်ဖလစ်ပိုးများ၏ ဘယ်သူက ဘယ်သူ့ဆီမှ ကူးပြီး ဘယ်သူ့ကို ပြန်ကူးသည်ဆိုသော သံသရာကို ဂန္ဓမာသောင်းရီ မသိသော်လည်း ရောဂါပြန့်ပွားရာဗဟိုဌာနချုပ်မှာ ချိုက်ဟုန် ဖြစ်သည်ကို သူကောင်းကောင်းသိသည်။


ထို့ကြောင့် ဖိုးတုတ်ရှိရာ ဆေးရုံသို့ ဂန္ဓမာသောင်းရီရောက်လာရတော့သည်။


"ဖိုးတုတ်..မင်း..ဆေးရုံက ပြန်ဆင်းရင်..ချိုက်ဟုန်နဲ့ ဇာတ်လမ်းကို ဖြတ်စေချင်ပြီကွ..မင်းဆီကနေ မသင်းမြ ဆီကို ဒီရောဂါ ရောက်သွားမှာ ငါစိုးရိမ်တယ်"


"အေး..ဂန္ဓမာ..ငါလည်း မသင်းမြအတွက်ပဲ စိတ်ပူတာ..ငါကိုယ်က ဆတ်တော့တာပါကွာ"


"ဟုတ်တယ်..ဖိုးတုတ်..မင်းအသက်လည်း လေးဆယ့်ငါးနှစ်ထဲ ရောက်နေပြီ..ဒီအရွယ်ကြီးကျမှ ဖာကျိုးတာတော့ ကြားလို့လည်း မကောင်းဘူးကွ…အခု မေဂျာဆာတိုးတောင် ချိုက်ဟုန်ကို ကူးမှာစိုးလို့ဆိုပြီး အတူမအိပ်တာကြာပြီ။ ချိုက်ဟုန်ကိုတော့ မသောင်းက ဆေးကြိတ်ကုနေရတယ်''


"ဂန္ဓမာ..မင်းလည်း သတိထားဦး...ဘဘိုးတို့ ငြိမ်သွားတာ ငါမသင်္ကာဘူး"


"ငါ့ကို စိတ်ချပါ..ဖိုးတုတ်..စိတ်ချပါ..ငါအဆင်ပြေတယ်..ငါ အရင်လို ချိန်းကြိုးပဲ ကိုင်တော့တာမဟုတ်ပါဘူး.. ခြောက်လုံးပြူးလည်း ကောင်းကောင်းပစ်တတ်နေပြီ..အေး..မင်းသာ ပေါင်ကြားက ခြောက်လုံးပြူးကို မသရမ်းနဲ့တော့ဟ..လူမိုက်ကြီး ဖာကျိုးသေတယ်ဆို ကြားမကောင်းဘူး"


"မင်းအမေ့လင် မို့ ငါက ဖာကျိုးသေရမှာလား..သွားတော့ကွာ..ဒီမှာ မနက်ကမှ ပြည်တွေ စုတ်ထုတ်ထားလို့ နာနေရတဲ့ကြားထဲ..သွားတော့ ဟေ့ကောင်"


ဂန္ဓမာသောင်းရီက ဆေးရုံပေါ်မှ ပြန်ဆင်းသွားသည်။


စစ်ရုံးသို့ ရောက်သောအခါ မေဂျာဆာတိုး က မျက်နှာမကောင်းလှ။


မေဂျာဆာတိုး က ဂန္ဓမာဝင်လာသည်နှင့် သူ့ရုံးခန်း တံခါးကို ပိတ်လိုက်သည်။


"ဆောင်းရင်..မင်းကို ငါ အရေးကြီးတဲ့ စကားတစ်ခု ပြောစရာရှိတယ်..လာထိုင်"


ဂန္ဓမာက မေဂျာဆာတိုး ရှေ့တွင် ဝင်ထိုင်လိုက်သည်။


"ငါ ချိုက်ဟုန် ကို ချစ်တယ်"


မေဂျာဆာတိုး စကားကြောင့် ဂန္ဓမာသောင်းရင် အူကြောင်ကြောင်ဖြစ်သွား၏။


"ငါဆက်ပြောတာ..နားထောင်ဦး….မင်းအခု ဒီရုံးခန်းက ထွက်တာနဲ့ အိမ်ကို တန်းမောင်းသွား..အိမ်ရောက်ရင် ချိုက်ဟုန်နဲ့ မသောင်းကို ခေါ်၊ ချိုက်ဟုန်ဆီမှာ ငါပေးထားတဲ့ ရွှေချောင်းတွေရှိတယ်။ အဲ့ဒါတွေ ယူပြီး မင်းတို့ သုံးယောက် ရန်ကုန်က နေ ပြေးတော့။ ဂျပန်ကင်ပေတွေ လိုက်မရနိုင်မယ့် နေရာမျိုးအထိ ပြေးတော့"


"ဘာဖြစ်လို့လဲ..မေဂျာဆာတိုး..ခင်ဗျားကရော"


မေဂျာဆာတိုးက သက်ပြင်းချကာ မျက်လုံးမှိတ်ထားလိုက်သည်။ ထို့နောက် သူ့စိတ်ကို ဖြေလျော့လိုက်ပြီး


"ဂျင်နရယ်အီဒါးမပြောင်းခင်က အင်ဖာစစ်ဆင်ရေးအတွက် ငါတို့ ဆွဲထားတဲ့ စစ်ရေးစီမံချက် ရှိတယ်.. ဆောင်းရင်။ အဲ့ဒီစီမံချက်က အထူးထိပ်တန်းလျှို့ဝှက်ပဲ။ အဲ့ဒီစီမံချက်အသေးစိတ်ကို ဂျန်နရယ်ကဝါဘီဆီ လွှဲတဲ့အခါ အသေးစိတ်ရှင်းပြဖို့ ဂျင်နရယ်အီဒါးက ငါ့ဌာနကို အပ်ထားခဲ့တယ်။ ငါ့ဌာန ဆိုတာထက် ငါ့ဌာနမှာ အကြီးဆုံးဖြစ်တဲ့ ငါ့ကိုပေါ့ကွာ။ ငါလည်း အဲ့ဒီစီမံချက်ကို ဂျင်နရယ်ကဝါဘီ နားလည်အောင် ရှင်းပြဖို့ အိမ်ကို ယူသွားပြီး သုံးလေးရောက်လောက် အသေးစိတ်ပြင်ဆင်ခဲ့တယ် ။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ကရင်ပြည်နယ်၊ ဖာပွန်မှာ မဟာမိတ်ဘက်က Force 136 နဲ့ ဆက်သွယ်မယ့် ဆက်သားတစ်ယောက်ကို ငါတို့ စစ်တပ်က ဖမ်းမိခဲ့တယ်။ အဲ့ဒီဆက်သားဆီမှာ စစ်ဆင်ရေးစီမံကိန်းအသေးစိတ်မူကြမ်းတွေ ဖမ်းမိတယ်တဲ့။ ဆက်သားကို ဖမ်းမိတဲ့ အမှတ်(၅၈)ခြေလျင်တပ်က မေဂျာမာဆာအို ဆိုတာ ငါ့အကို အရင်းပဲ။ သူက အခု ငါ့ဆီ အရေးပေါ် ကြေးနန်းရိုက်လိုက်တယ်။ အနှေးနဲ့အမြန် ဒီကိစ္စကို စစ်ရုံးချုပ်ရော၊ ကင်ပေတိုင် ကို သတင်းပို့ရတော့မှာ။ ငါ့အကိုက သူအနေနဲ့ သုံးနာရီလောက်တော့ အချိန်ဆွဲပေးထားနိုင်တယ်တဲ့။ ပြီးတော့ အဲ့ဒီ စစ်ဆင်ရေးစီမံချက်တစ်ခုလုံးက ငါ့လက်ထဲကနေ ထွက်သွားတယ်ဆိုတာ သူတို့ သိတော့မှာကွ"


"မေဂျာဆာတိုး ဒါဆိုရင်...စပိုင်ရှိနေပြီပေါ့"


"စပိုင်က ဘယ်သူဆိုတာတော့ ငါလည်း မသိတော့ဘူး..ဆောင်းရင်။ သေချာတာတော့..အဲ့ဒီရက်က ချိုက်ဟုန်ဆီလာလည်တာ မစ္စနိုဘူစံပဲ။ သူ့ယောက်ျားက အင်္ဂလိပ်မဟုတ်လား။ ငါ့အိမ်ကို ဝင်ထွက်တဲ့အထဲ ဖြစ်နိုင်ချေက သူပဲ"


"ဒါဆို နိုဘူစံကို ဖမ်းကြမှာပေါ့"


"နိုဘူစံကို မဖမ်းခင် ငါ့ကို အရင်ဖမ်းကြလိမ့်မယ်။ ငါ့ကို ဖမ်းပြီးရင် မင်းရယ်၊ ချိုက်ဟုန်ရယ်၊ မသောင်းရယ်ကို ဖမ်းကြလိမ့်မယ်ကွ။ မင်းတို့က ကင်ပေတိုင်လက်ရောက်သွားရင် ပြီးပြီပဲ။ ဘယ်လိုနေနေ ငါကတော့ တာဝန်ပေါ့လျော့မှုအတွက် သေဒဏ်တော့ သေချာနေပြီ။ ဒီတော့ မင်းတို့ ပြေးတော့။ လွတ်အောင် ပြေးကြတော့"


ဂန္ဓမာဆောင်းရင်က မေဂျာဆာတိုး ၏ ရုံးခန်းထဲမှ ထွက်ပြီးနောက် ကားကို ဖိုးတုတ် ရှိရာ ဆေးရုံသို့ ပြန်ဦးလှည့်လိုက်သည်။


"ဟေ့ကောင်..ပြန်လာပြန်ပြီလားကွာ..ဘာကျန်ခဲ့လို့လဲ"


ဂန္ဓမာသောင်းရီက ဖိုးတုတ် နံဘေးသို့ ကပ်ထိုင်လိုက်ပြီး အခြေအနေကို ခပ်တိုးတိုးရှင်းပြလိုက်သည်။


"လောလောဆယ် ငါတို့ ဂျပန်လက်ကနေ အမြန်ဆုံးလွတ်သွားဖို့ပဲ..ဖိုးတုတ်..အဲ့ဒါ မင်းအကူအညီလိုတယ်"


"နေဦးကွ..သုံးနာရီလောက်နဲ့တော့ ဂျပန်လက်က မင်းတို့ လွတ်ဖို့ မလွယ်ဘူး။ နောက်သုံးနာရီနေတာနဲ့ မင်းတို့ကို မတွေ့ရင် ဘေးပတ်လည်မြို့တွေမှာ ဂျပန်တပ်တွေက အကုန်လိုက်ပိတ်ဆို့မှာပဲ။ မင်းတို့ လွတ်ဖို့က ရေကြောင်းခရီးပဲရှိမယ်။ အဲ့ဒါကလည်း ချက်ချင်းကြီး မလွယ်ဘူးကွ။ခဏနေဦး..ဦးဘွန်ရှှုကျင်းကြီးတို့ တရုတ်ဗြန်ဟတ်ဘွေအသင်းက အခု ဂျပန်ကင်ပေ က မသင်္ကာစာရင်းဝင်နေတဲ့ တရုတ်တွေကို ပြည်မက ချန်ကေရှိတ်သိမ်းထားတဲ့နယ်မြေတွေဆီ သင်္ဘောနဲ့ ခိုးခိုးထုတ်ပေးနေတယ်လို့ ငါသိထားတယ်။သူတို့ကို ငါအကူအညီတောင်း ပေးမယ်။ သူတို့တုန်းကလည်း ဂျပန်လက်ကငါကယ်ပေးထားတာပဲ..မင်းမှာ စာရွက်နဲ့ ခဲတံပါလား"


ဂန္ဓမာသောင်းရီက ဆေးရုံရှေ့မှ ကားထံသို့ ပြန်သွားကာ စာရွက်နှင့် ခဲတံ ယူလာပေးသည်။


လမ်းမတော်ဖိုးတုတ်က စာရွက်ပေါ်တွင် စာတစ်စောင်ရေးပေးလိုက်၏။


"ဂန္ဓမာ..မင်းအရင်လုပ်ရမှာက လမ်းမတော်က ငါ့အိမ်ကို သွား။ စံဘ ကို ဒီစာပေးပြီး ဦးဘွန်ရှူကျင်းဆီ ငါက ပေးခိုင်းတာပါလို့ပြော၊ ပြီးရင် မင်းက ချိုက်ဟုန်နဲ့ မသောင်းတို့ဆီသွားပြီး သိမ်းစရာရှိတာ သိမ်းပြီး လတ်တာလမ်း ဘုံကျောင်းကို ထွက်လာခဲ့။ မင်းတို့ အဲ့ဒီမှာခဏ အောင်းနေဖို့ ကိစ္စ ဦးဘွန်ရှုကျင်းက စီစဉ်ပေးလိမ့်မယ်။ နောက်သုံးလေးရက်နေမှ မင်းတို့ကို ခိုးထုတ်ပြီး တရုတ်ပြည်မသွားတဲ့ သင်္ဘောနဲ့ ထည့်ပေးဖို့ ငါအကူအညီတောင်းထားတယ်''


ဂန္ဓမာသောင်းရီက စာကို ယူကာ ဆေးရုံတွင်းမှ ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။


ညနေပိုင်းတွင် စစ်ရုံးတွင် ရုံးထိုင်နေသော မေဂျာဆာတိုး အား ဂျပန်စစ်ရဲများ၊ ကင်ပေ့များ က သူ၏ ရုံးခန်းတွင်ပင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။


ဂိုးဒန်းဗယ်လီရှိ ဆာတိုး၏ နေအိမ်တွင် နေထိုင်သူများကို သွားရောက်ဖမ်းဆီးသောအခါ ဆာတိုး၏ဇနီး ချိုက်ဟုန်၊ ဆာတိုး၏ ကိုယ်ရေးအရာရှိ ဆောင်းရင် () ဂန္ဒမာသောင်းရီ နှင့် စကားပြန်မသောင်းတို့ကို ရှာမတွေ့တော့ချေ။


ဂန္ဓမာသောင်းရီ နှင့် ရင်းနှီးသည် လမ်းမတော်ဖိုးတုတ်မှာလည်း တချိန်လုံး ဆေးရုံတွင် ရှိနေသဖြင့် သင်္ကာမကင်းမဖြစ်ကြ။


ဂျပန်ကင်ပေတိုင်တပ်များမှ ရန်ကုန်နှင့် အနီးအနားမြို့များအထိ ပိတ်ဆို့ရှာဖွေကြသော်လည်း ဂန္ဓမာသောင်းရီ၊ မသောင်းနှင့် ချိုက်ဟုန်တို့ကား အစအနာရှာမတွေ့အောင် ပျောက်ဆုံးသွားကြတော့သည်။


………………………………………………………………………………………………………


၁၉၄၃ နိုဝင်ဘာ ၁၃ ရက်။ ည ၁၂ နာရီ။


လှေကလေးတစ်စင်းက ရန်ကုန်မြစ်ဝဆီတွင် ရပ်ထားသော သင်္ဘောငယ်တစ်စီးထံသို့ လှေကလေးတစ်စင်း တရွေ့ရွေ့လှော်ခတ်လာသည်။


ဆောင်းဝင်စ ကာလဖြစ်သည့်အပြင် ပင်လယ်ဘက်မှ တိုက်ခတ်လာသော လေကြောင့် လှေပေါ်မှ လူနှစ်ဦးမှာစောင်ကို ခပ်တင်းတင်းခြုံထားကြသည်။


လှေလှော်သူက ကုပ်အင်္ကျီကို ကြယ်သီးအစေ့တပ်လျက်..ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထား၏။


လှေကလေးမှာ သင်္ဘောကို လှမ်းမြင်နေရသည့်အချိန်တွင် အလင်းရောင်တစ်ခုက လှေကို လှမ်းထိုးသည်ကို ခံလိုက်ရသည်။


လှေပေါ်မှ သူများက ရုတ်တရက်ခေါင်းမြီးခြုံပြီး လှေဝမ်းအတွင်း ငုံ့ထားလိုက်ကြ၏။


အမှောင်ထဲတွင် ရပ်နေသော မော်တော်တစ်စင်းပေါ်မှ မီးမောင်ဖြင့် ထိုးလိုက်ခြင်းပင်။


"ဟေ့ကောင်..ဂန္ဓမာ….ဘယ်လိုလဲကွ..ဂျပန်ကြောက်လို့ ထွက်ပြေးတော့မယ်ပေါ့.."


မော်တော်ပေါ်တွင် ခြောက်လုံးပြူးသေနတ်ဖြင့် ရပ်နေသူက ပုသိမ်ညွန့်ဘဘိုး။ သူ့ဘေးတွင်လည်း ရိုင်ဖယ်သေနတ်ကိုယ်စီဖြင့် လူခြောက်ယောက်။


ဂန္ဓမာကလည်း လှော်တက်ကိုချပြီး ခါးကြားမှ ခြောက်လုံးပြူးကို ထုတ်လိုက်သည်။


မသောင်းနှင့် ချိုက်ဟုန်က လှေဝမ်းထဲတွင် ကြောက်ရွံ့လျက်။


"ဘယ့်နှယ့်လဲ..လမ်းမတော်ဖိုးတုတ်ရဲ့ ငယ်သူငယ်ချင်း၊ လူမိုက်ကြီး ဂန္ဓမာသောင်းရီ….ဘဘိုး ကို မှတ်မိလား..မင်းကို ဓါးနဲ့ ခုတ်ခဲ့တဲ့ကောင်လေကွ..ဟေ့ကောင်ကြီး''


''ဟေ့ကောင်.ဘဘိုး..မင်းဘာဖြစ်ချင်တာလဲပြော..ယောက်ျားချင်းရှင်းမယ်ကွ..ဟော့ဒီက မဆိုင်တဲ့ မိန်းမနှစ်ယောက်ကိုတော့ ငါတို့ ပွဲထဲ မပါစေချင်ဘူး"


"အေးပါ..ငါကလည်း မင်းဖာသည်မတွေကို စိတ်မဝင်စားပါဘူး..မင်းကိုပဲ သတ်ချင်တာ..ငါ့ တပည့် စောထွန်းကို သတ်ခဲ့တာ မင်းနဲ့ အုန်းဖေ ဆိုတာ ငါသိတယ်ကွ"


"အေး..ငါသတ်တာ ဟုတ်တယ်..စောထွန်းဆိုတဲ့ကောင်ကို မသေခင် လည်ပင်းမှာ ချိန်းကြိုးပတ်ပြီး ကားပတ်မောင်းပြီး လေညှင်းခံခိုင်းလိုက်သေးတယ်။ ပြီးမှ ကားနဲ့ကြိတ်သတ်လိုက်တာကွ။ ရှင်းလား..ဟေ့ကောင်"


"အေး..ဒီနေ့တော့ မင်းလည်း သေချင်းဆိုးပြီမှတ် ဂန္ဓမာ"


"ဟားဟား..ဒုက္ခသည်မိန်းမနှစ်ယောက်ပါတဲ့ လှေတစင်းကို လူမိုက်ဆိုတဲ့ ကောင် ခြောက်ယောက်က သေနတ်နဲ့ ဝိုင်းပစ်ပြီး ဂုဏ်ယူတော့မယ်ပေါ့..ဘဘိုးရ..မင်းတို့ခေတ်ကျမှကွာ…ရာဇဝင်ပျက်ပါတယ်.အဟက်"


ဂန္ဓမာစကားကြောင့် ဘဘိုး မျက်နှာ ပြုံးနေရာမှ တင်းမာသွားသည်။


"ရတယ်ဟေ့ကောင်..မင်းလိုကောင်နဲ့ ငါ တစ်ယောက်ချင်း သေနတ်ချင်း ယှဉ်ပစ်လို့ရတယ်"


"ကြိုက်ပြီ..ဘဘိုး၊ ယောက်ျားတွေပဲကွာ၊ အခု ငါ ဟိုသင်္ဘောဆီ..သူတို့နှစ်ယောက်ကို ရောက်အောင် သွားလိုက်ပို့မယ်…ပြီးရင် မင်းတို့ မော်တော်ဆီ ငါ ပြန်လှော်လာပြီး မင်းနဲ့ ငါ သေနတ်ချင်း ယှဉ်ပစ်မယ်"


"ဟုတ်မှလဲ လုပ်ပါ..ဂန္ဓမာကြီးရာ..သင်္ဘောပေါ်တက်ပြီး ပြန်ဆင်းမလာပဲ..ထွက်ပြေးရင်တော့..ငါ့မော်တော်နဲ့ မင်းတို့ကို လိုက်ပစ်မှာနော်"


"ဂန္ဓမာသောင်းရီကွ..ကတိတည်တယ်။ တစ်ယောက်တည်းလည်း မိုက်ရဲတယ်။ ငါ ပြန်လာခဲ့မယ်"


ဂန္ဓမာသောင်းရီ က လှေကို သင်္ဘေၤာဆီ ဆက်လှော်သွားသည်။


ဘဘိုးတို့ မော်တော်ပေါ်မှ မီးမောင်းက လှေကို ဆက်တိုက်လိုက်ထိုးထားကာ သေနတ်များဖြင့် ချိန်ထား၏။


သင်္ဘောပေါ်တွင်စောင့်ကြည့်နေသော ဦးဘွန်ရှုကျင်းက ကြိုးလှေကားချပေးသည်။


ချိုက်ဟုန်နှင့် မသောင်းတို့ တက်သွားကြသည်။


ဂန္ဓမာသောင်းရီက အထုတ်များကို လွယ်လျက် ကြိုးလှေကေားပေါ်တက်သည်။


ထို့နောက် ခဏအကြာတွင် ကြိုးလှေကားဖြင့် လှေပေါ်သို့ ပြန်ဆင်းလာ၏။


ခေါင်းကို ငိုက်စိုက်ကာ မိမိတို့ မော်တော်ဆီသို့ လှေလှော်လာသော ဂန္ဓမာသောင်းရီကို ဘဘိုးက ပြုံးပြီး ကြည့်နေသည်။


ထိုအချိန်တွင် လှေပေါ်မှ သေနတ်သံတစ်ချက်ကြားပြီး ဘဘိုး၏ လက်မောင်း ပူခနဲ ဖြစ်သွား၏။


"ဟာ..ဒီခွေးမသားကြီး…ပစ်ကွာ..ဝိုင်းပစ်"


မော်တော်ပေါ်မှ လူများက နေရာယူကာ ရိုင်ဖယ်များဖြင့် အချက်ပေါင်းများစွာ ဝိုင်းပစ်ကြလေတော့သည်။


လှေပေါ်မှ ဂန္ဓမာသောင်းရီ မှာ ရိုင်ဖယ်သေနတ်ခြောက်လက်မှ ထွက်လာသော ကျည်ဆံများကို မည်သို့ မျှ ကာကွယ်နိုင်ခြင်းမရှိနိုင်ရှာ။


လှေကား ကျည်ချက်များကြောင့် ပေါက်ပြဲကုန်ပြီး ရန်ကုန်မြစ်ပြင်ထဲ တစစ နစ်မြုပ်နေသည်။


လှေဝမ်းထဲတွင် မှောက်ခုံဖြစ်နေသာ ဂန္ဓမာသောင်းရီ၏ စုတ်ဖွာနေသော ကုတ်အင်္ကျီပေါ်မှ သွေးကွက်များကို မီးမောင်းအလင်းရောင်မှတဆင့် ဘဘိုး မြင်နေရသည်။


ဘဘိုးက ဒဏ်ရာရနေသည့်ကြားမှ ခြောက်လုံးပြူးသေနတ်ကို လက်နှစ်ဖက်ဖြင့် သေချာချိန်ကာ မှောက်ခုံဖြစ်နေသော ဂန္ဓမာသောင်းရီ၏ ခေါင်းတည့်တည့်ကို ချိန်ပစ်ထည့်လိုက်သည်။


ခေါင်းတစ်ခြမ်းက ဖွာခနဲ ပွင့်ထွက်သွား၏။


ရေလည်ခေါင်တွင် နစ်မြုပ်နေပြီဖြစ်သည့် လှေကလေးနှင့် ဒဏ်ရာဗရပွဝိညာဉ်ကင်းမဲ့နေသည့် လူတစ်ယောက် ။


ခပ်လှမ်းလှမ်းရှိ သင်္ဘော ကုန်းပတ်ပေါ်မှ အမျိုးသမီးတစ်ဦး၏ ငိုရှိုက်သံ အိခနဲ ထွက်လာသည်။


ဘဘိုးက ထိုသင်္ဘောဘက် လှည့်ကာ အောင်ပွဲခံသည့် သဘောဖြင့် သေနတ်ကို ထောင်ပြနေသည်။


သူ့ပခုံးတွင်လည်း ကျည်ဆံဝင်ထားသဖြင့် သွေးများ တစိမ့်စိမ့်ယိုနေတော့၏။


မော်တော်ပေါ်မှ မီးမောင်းများကို ပိတ်သွားပြီး ရန်ကုန်ဘက်ဆီသို့ ပြန်လည်ခုတ်မောင်းသွားချေပြီ။


မြစ်၏ ဆောင်းဦး ကား ယမ်းခိုးရနံ့များဝေလျက်။






အခန်း(၃၀)


……………..


"ကိုဖိုးတုတ်....ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ..ရှင် နဲ့ ကျွန်မ တစ်ခါမှ တောင် မသိဖူးဘူးလေ..အဲ့ဒါနဲ့များ..ကျွန်မကို..ရှင်ဘာလို့''


ဆာရီအနီရောင် က တလှပ်လှပ်လွင့်နေရာမှ ဖိုးတုတ်၏ လည်ပင်းကို လာရစ်ပတ်သည်။


"နင်..ဘယ်သူလဲ..နင်ဘယ်သူလဲ"


"စက်ဆန်းက ဂိုထောင်အဟောင်းကြီးမှာ ရှင်ခုတ်သတ်ခဲ့တာလေ..ရှင် ခုတ်သတ်ခဲ့တာ"


"ဟာ…မဟုတ်ဘူး..ငါတမင်သတ်တာမဟုတ်ဘူး..ငါတမင်သတ်တာမဟုတ်ဘူး"


ဖိုးတုတ်က ဆာရီအစများကို လက်ဖြင့် ဆွဲဖယ်ပြီး မျက်နှာကို ကြည့်လိုက်သည်။


"ဖိုးတုတ်..မင်း..ငါ့ကို သတ်ရက်တယ်ကွာ..မင်း..နဲ့ အုန်းဖေ နဲ့..မင်းနဲ့ အုန်းဖေနဲ့"


"ဆရာဦးဟုတ်ဂွမ်..ခင်ဗျား မသေဘူးလား..ခင်ဗျားမသေဘူးလား"


"အေး..ငါမသေဘူးကွ..မင်းကို ဆန်စက်ထဲ ထည့်ရဦးမယ်..ဆန်စက်ထဲထည့်ဖို့..ဟိုမှာ လာနေကြပြီ..လာနေကြပြီ"


"အား"


ချွေးသီးချွေးပေါက်များဖြင့် ဖိုးတုတ် နိုးလာခဲ့သည်။ ဘေးကုတင်မှ တရုတ်ကြီးက သူ့ကို အလန့်တကြားကြည့်နေ၏။


"ဆောရီး..ကျွန်တော် အိပ်မက်ဆိုးတွေ မက်သွားလို့"


ဖိုးတုတ် က ကုတင်ဘေးမှ ရေပုလင်းကို ဖွင့်ပြီး မော့သောက်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ပြန်လည် လှဲအိပ်လိုက်သည်။


နံနက်ခင်း။


ဆေးရုံသန့်ရှင်းရေးသမားဂေါ်ရင်ဂျီက ဖိုးတုတ် ကုတင်သို့ ရောက်လာကာ စာတစ်စောင်လာပေး၏။


"ဘယ်သူလာပေးတာလဲ"


"မသိဘူး..ဆပ်..ဦးဖိုးတုတ်ကို ပေးပေးပါဆိုပြီး လူတစ်ယောက်လာပေးသွားတာပဲ..ငါ့ကိုတော့ ပိုက်ဆံနည်းနည်း ပေးသွားတယ်"


ဖိုးတုတ်က စာခေါက်ကို ဖွင့်ဖတ်လိုက်သည်။


"သို့


ခင်မင်ရပါသော ဦးဖိုးတုတ်


ညက ရန်ကုန်မြစ်ဝမှာပေါ့ဗျာ။ ချိန်းကြိုးနဲ့ပဲ လူသတ်လို့ရတယ်လို့ ထင်နေတဲ့ သနားစရာလူမိုက်တစ်ယောက်ကို သေနတ်နဲ့ လူသတ်လို့ ရကြောင်း သက်သေပြလိုက်တယ်။


လွန်ခဲ့တဲ့ လေးငါးနှစ်က ရန်ကုန်မြစ်ထဲမှာ ခင်ဗျားက လက်မတည့်ခဲ့ပေမယ်။ ကျုပ်ကတော့ လက်တည့်ခဲ့တယ်။


တည့်တာမှ ခေါင်းကိုပဲဗျိုး။


သြော်..ဒါပေသိ..ကျုပ်က ယောက်ျားပါဗျာ။ ခင်ဗျားဟာမလေးနှစ်ယောက်ကို လွှတ်ပေးလိုက်ပါတယ်။ အဲ့ဒီအတွက် ခင်ဗျားကျုပ်ကို ကျေးဇူးတင်လိုက်ပါ။


ခင်ဗျားလည်း ကံကောင်းပါစေလို့..ဆုတောင်းနေပါ။


ဘဘိုး


………………………………………………………………


လမ်းမတော်ဖိုးတုတ်က စာကို စိုက်ကြည့်နေသည်။


ထို့နောက် စောင်ကို ဖယ်ကာ ဆေးရုံအဝတ်အစားများဖြင့် ပင် အခန်းပြင်သို့ ထွက်ချသွား၏။


(၁၄)လမ်းအိမ်ထဲသို့ ရုတ်တရက်ဝင်ချလာသော ဖိုးတုတ်ကြောင့် အိမ်ရှေ့တွင် သရက်ကိုင်းများ ခုတ်နေသော စံဘ လန့်သွားသည်။


"ဟာ..ကိုဖိုးတုတ်..မပြောမဆိုနဲ့ဗျာ"


ဖိုးတုတ် က ဘာစကားမှ မပြောပဲ..အိမ်အပေါ်ထပ်တက်သွား၏။


ဘုရားပန်းအိုးလဲနေသော မသင်းမြ က ဖိုးတုတ်ကို ကြည့်ကာ မှင်သက်နေသည်။


ဖိုးတုတ်က နံရံတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓါးကို ဖြုတ်လိုက်သည်။


"ကိုဖိုးတုတ်..ဘာလုပ်မလို့လဲ..ဘာလို့ ဆေးရုံက ပြန်ဆင်းလာတာလဲ"


ဖိုးတုတ်က ဓါးကို စားပွဲပေါ်ပစ်တင်ပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။


စံဘလည်း ဖိုးတုတ် အနီးရောက်လာပေပြီ။


"ဂန္ဓမာ..သေပြီ....စံဘ"


လမ်းမတော်ဖိုးတုတ် ၏ အသံက အေးစက်နေသည်။ ထိုထူးထူးခြားခြား အေးစက်မှုနောက်ကွယ်တွင် မုန်တိုင်းများရှိလာနိုင်ကြောင်းကို အတွေ့အကြုံအရ စံဘသိလိုက်သည်။


မသင်းမြ ထံ မှလည်း အာမေဋိတ်သံထွက်လာသည်။


"ဘယ်လိုဖြစ်တာလဲဗျာ..ဟုတ်လို့လား"


ဖိုးတုတ် က စာကို ပစ်ချပြလိုက်သည်။ စံဘက စာကို ကောက်ဖတ်လိုက်သည်။


"စံဘ..ငါ မင်းကို ယုံတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ နဲ့ ငါ့ကိုယ်ပွားလို့တောင် ငါယူဆထားတဲ့ ငါ့သူငယ်ချင်း အသက်အတွက် မင်းကို ငါ သံသယဝင်ရလိမ့်မယ်။ မင်း..တစ်ခုခုပြော..စံဘ။ ဂန္ဓမာတို့ကို ဦးဘွန်ရှုကျင်းဆီ ငါပို့ထားတယ်ဆိုတာ မင်းနဲ့ငါပဲ သိတယ်။ ဒီကိစ္စ ဘဘိုး က ဘယ်လို သိသွားတာလဲ။ မင်းရှင်းစမ်း..စံဘ"


စံဘ က ဖိုးတုတ်ရှေ့တွင် ထိုင်ချလိုက်သည်။


"ကိုဖိုးတုတ်..ကျွန်တော် ဘွန်ရှုကျင်းဆီသွားတော့ ထွန်းရင်နဲ့ လမ်းမှာတွေ့တော့ ခေါ်သွားမိပါတယ်။ နောက်တော့ ဘုံကျောင်းမှာ အကျိုးအကြောင်းပြောပြီး ပြန်အထွက်မှာ ကျွန်တော်တို့ လက်တာလမ်းထိပ်က ဆိုင်မှာ အရက်ဝင်သောက်ကြတယ်။ နောက်တော့ အဖတ် နဲ့ တွေ့လို့ လှမ်းခေါ်ပြီး တဝိုင်း ဝိုင်းလိုက်ကြတယ်။ အဲ့ဒီအချိန်မှာ ဆိုင်ရှေ့ကနေ ကိုဂန္ဓမာကြီးတို့ ကား ဖြတ်သွားတယ်။ အနောက်မှာ ချိုက်ဟုန်နဲ့ မသောင်းလည်းပါတယ်။ ထွန်းရင်က သူတိုကဘယ်သွားကြတာလဲလို့မေးရာက ကျွန်တော်က မူးပြီး ဘွန်ရှုကျင်းကြီးဆီလို့ ပြောလိုက်မိတယ်။ ကျွန်တော် မူးပြီး စကားစထွက်မိခဲ့တယ်..ကိုဖိုးတုတ်။ ကျွန်တော့်အမှားပါဗျာ။ ကျွန်တော့်အမှားပါ"


"စံဘ..ဒါဆို ငါ့ကို သစ္စာဖောက်ပြီး ဘဘိုးဆီ လက်ထောက်ချတာ ဘယ်သူလဲ..ထွန်းရင်လား၊ အဖတ်လား"


"ထွန်းရင်ကို တော့ ကျွန်တော်အသက်နဲ့ရင်းပြီးယုံတယ်..အဖတ်ကိုသာ''


''မောင်မောင်နဲ့ ထွန်းရင် အခု ဘယ်မှာလဲ"


"ဒီနေ့ ကိုအုန်းဖေ ကို ထောင်ဝင်စာတွေ့တဲ့နေ့မို့..မောင်မောင်နဲ့ ထွန်းရင် အစောကြီးကတည်းက ရန်ကုန်ထောင်ကြီးဘက်ထွက်သွားတယ်..ကိုဖိုးတုတ်"


"အခုငါတို့ ရန်ကုန်ထောင်ကြီးကို လိုက်သွားကြမယ်"


ဗိုလ်ချုပ်အီစာမူရာ ၏ လက်ရုံး မေဂျာအော်ဇေးကိုး ၏ အထူးဧည့်သည်ဖြစ်နေသော အုန်းဖေ အမည်ပြောလိုက်ရုံဖြင့် ထောင်ဝင်စာကို လူအကန့်အသတ်မရှိဘဲ တွေ့ခွင့်ရနေသည်။


လမ်းမတော်ဖိုးတုတ်တို့ ရောက်သွားသောအခါ ရန်ကုန်ထောင်၏ ကင်ပေတိုင်သီးသန့်ခန်းတွင် မောင်မောင်၊ ထွန်းရင် တို့က အုန်းဖေနှင့် စကားလက်စုံကျနေသည်။


လမ်းမတော်ဖိုးတုတ် နှင့် စံဘတို့ ရုတ်တရက်ဝင်လာသောကြောင့် အုန်းဖေက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။


"ဆရာ..နေကောင်းသွားပြီလား..လာပါ..ဆရာလာပါ"


ဖိုးတုတ်က မျက်နှာတည်တည်ဖြင့် ဝင်ထိုင်လိုက်သည်။ တပည့်များက ဖိုးတုတ်မျက်နှာကို မြင်ရုံဖြင့် တစ်ခုခုဖြစ်နေပြီမှန်း သိကြသည်။


"ဂန္ဓမာ သေပြီ..ဟေ့ကောင်တွေ"


ဖိုးတုတ်က ထိုင်ထိုင်ပြီးချင်း ပြောချလိုက်သဖြင့် အားလုံး ကြောင်သွားကြသည်။


"ဘယ်လိုဖြစ်တာလဲဗျာ..ဆရာဖိုးတုတ်"


"အေး..ဟုတ်တယ်..ညက ရန်ကုန်မြစ်ဝမှာ ဘဘိုး ပစ်သတ်လိုက်တာ။ မောင်မောင်..တရုတ်အဖတ်ဒီ ရက်ပိုင်း ဘာတွေလုပ်လဲဆိုတာ ငါသိချင်တယ်။ မင်း အခုမနက်စုံစမ်းပြီး ငါ့ကို လာပြော၊ ငါ စပ်စုဟိုတယ် အပေါ်ထပ်မှာ စောင့်နေမယ်..စံဘ ဂန္ဓမာတို့ ကိစ္စ ဒီကောင်တွေကို မင်းပြောပြလိုက်…အုန်းဖေ..မင်းအထဲမှာရှိတုန်း ရသလောက်လူစုထားကွာ…"


လမ်းမတော်ဖိုးတုတ်က စကားပြောပြီးသည်နှင့် ထထွက်သွားသည်။


နေ့လည် (၁၂)နာရီ။


စပ်စုဟိုတယ်အပေါ်ထက်သို့ မောင်မောင် တက်လာသည်။


လမ်းမတော်ဖိုးတုတ် ရှေ့တွင် သောက်လက်စဝီစကီပုလင်းနှင့် ခွက်အပြင် မဖောက်ရေသေးသောရမ်တစ်တောင့်ကို ရှေ့ချလျက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


"လွန်ခဲ့တဲ့ နှစ်ရက်က ထောင်ကြီးဝန်းထဲက အဖတ်သွားနေကျ ဘိန်းခန်းက တရုတ်ဆီက သတင်းတစ်ခုရှိတယ်ဆရာ။ အဲ့ဒီနေ့က အဖတ် ဘိန်းချနေတဲ့အခန်းထဲကို လူတစ်ယောက်ဝင်သွားတယ်တဲ့။ သူ့ဆီဘိန်းချနေကျလူတစ်ယောက်ပြောပြတာက..အဲ့ဒါ ပုသိမ်ညွန့်ဘဘိုးတပည့် သုခ တဲ့..ဆရာ"


"ဒါဆို အခု အဖတ် ဘယ်မှာလဲရော.သိလား"


"ဒီကောင်လုံးဝခြေရာပျောက်နေတယ်..ဆရာ။ သူငှားနေတဲ့ လေးလမ်းထဲက ချောင်တိတ်တန်းလျားမှာလည်း မရှိဘူး။ ပိုင်ရှင်ချောင်တိတ်ပြောတာတော့ မနေ့က ညနေကတည်းက ကားတစ်စီးနဲ့ လာခေါ်သွားတယ်တဲ့"


"ဂန္ဓမာတို့ကိစ္စ ဒီကောင်လက်ထောက်ချတာပဲ..သေချာပြီ..မောင်မောင်"


"ဆရာဖိုးတုတ်..ဘာလုပ်ချင်လဲ..ကျွန်တော်တို့ လူတွေစုပြီး ဒီကောင်တွေကို တိုက်ကြမလား"


"ဒီနည်းနဲ့ တိုက်ရင် အခုအချိန်မှာ ငါတို့ ဂန္ဓမာနောက်ကို တတန်းကြီးလိုက်သွားရမယ်..မောင်မောင်..အလုပ်လုပ်ရမယ့် အချိန်ကျရင် မင်းတို့ကို ငါပြောမယ်။ အခုတော့ ငါတို့ လူတွေကို နယ်မြေတွေမှာ အသာလေးငြိမ်နေခိုင်းလိုက်၊ ဘဘိုးလူတွေ ဝင်သိမ်းလာရင်လည်း အသာလေး ဟ ပေးထားလိုက်။ ဒါ အချိန်ယူပြီး လုပ်ရမယ့်ကိစ္စပဲ..မောင်မောင်။ ညနေ ငါ သီးသန့်အစည်းအဝေး ခေါ်ပြီး ထပ်ပြောမယ်"


……………………………………………………………………………………………..


၁၉၄၃ ခုနှစ် ကုန်ဆုံးလုနီးခဲ့ပြီ။


ရန်ကုန်တစ်မြို့လုံးတွင် ဗမာအာဏာရှင် ဟူသော တေးသံများ တဖြည်းဖြည်း ဆိတ်သုဉ်းလာ၏။


အင်္ဂလိပ်ပြေးခါစတွင် အကြွင်းအကျန်များဖြင့် တောင့်ခံထားနိုင်သော်လည်း စက်ရုံအလုပ်ရုံများ မရှိတော့သည့်ဒဏ်၊ ဆန်စပါးကို စစ်ရိက္ခာအဖြစ် အလကားနီးပါးရောင်းပေးရသောဒဏ်ကို နှစ်နှစ်တိုင်တိုင်ခံစားခဲ့ရပြီးဖြစ်သည်။


မွေးမြူရေးနှင့် စိုက်ပျိုးရေးတွင်အရေးပါသော ကျွဲ၊နွား၊ကြက်၊ဝက် စသည်တို့ကို မြန်မာပြည်ရောက် ဂျပန်စစ်သား တစ်သိန်းတစ်သောင်းငါးထောင်၊ လူထောင်ဂဏန်းခန့်ရှိသော ဆူဘတ်ချန်ဒရာဘို့စ်၏ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့နှင့် ဘီအိုင်အေတို့အတွက် ရိက္ခာ ထုတ်ပေးကြရသည်မို့ တိုင်းပြည်မှာ အစစအရာရာ ရှားပါးလာသည်။


မြန်မာနိုင်ငံ၏ အဓိကမြို့တော်ကြီးဖြစ်သော ရန်ကုန်မြို့တွင်ပင် ပြည်သူလူထုမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရတော့သည်။


၁၉၄၄ ခုနှစ် ၊ ဇန်နဝါရီလ ()ရက်နေ့တွင် ဂျပန်စစ်တပ်ပိုင်၊ ရန်ကုန်ရေဒီယိုမှ အငတ်ဘေးကြုံချိန် ထမင်းနေရာတွင် အစားထိုးပြီး စားနိုင်သည့် မြက်အမျိုးမျိုးကို ဂျပန်ပညာရှင်များက မြန်မာပြည်တွင် ရှာဖွေတွေ့ရှိထားကြောင်းနှင့် ထိုမြက်များ၏ အာဟာရဓာတ်များအကြောင်း ပညာပေးအစီအစဉ် ထုတ်လွှင့်နေသည်။


မကြာမီ မြန်မာပြည်သူ ပြည်သားများ ထမင်းအစား မြက်စားကြရန် နိပွန်အရှင်များက လမ်းစ ပြနေခဲ့ကြလေပြီ။


ကျေးဇူးရှင်ဂျပန်က မြန်မာပြည်သူများ ထမင်းအစား မြက်စားကြရန် မုဒိတာပွား တိုက်တွန်းနေစဉ် အင်္ဂလိပ် အမေရိကန် မဟာမိတ် တို့ကလည်း ရန်ကုန်မြို့ကောင်းကင်တွင် လေယာဉ်များ ပျံကာဝဲလျက် ဗုံးမိုးများကို စေတနာသုံးတန်ပြဌာန်းပြီး နေ့စဉ်ရက်ဆက် သွန်းဖြိုးကြဲပေးနေသည်။


ထိုသို့ အထွေထွေအကြပ်အတည်းများ ကြုံနေချိန်တွင် မြန်မာပြည်ရောက် ဂျပန်အမှတ်(၁၅)တပ်မတော်၏ စစ်သေသနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီ၊ မြန်မာပြည်အစိုးရအဖွဲ့အကြံပေးအရာရှိချုပ် ဗိုလ်ချုပ်အီစာမူရာ နှင့် ဒေါက်တာဘမော်အစိုးရအကြား တင်းမာမှုများကလည်း တစတစကြီးထွားလာသည်။


ဒေါက်တာဘမော်အစိုးရနှင့် ဂျပန်စစ်ဘက်အကြား ပဋိပက္ခဖြစ်ခဲ့ကြသော အမှုှပေါင်း (၁၁၄)မှုအထိ ရှိခဲ့သည်။


မဟာမိတ်လေတပ်အား လှည့်စားရန် ပြည်လမ်းအတုဖောက်လုပ်ရေးအတွက် ကြံတောသုသာန်အားရွေ့ပြောင်းရေး၊ စာသင်ကျောင်းများတွင် ဂျပန်စာမသင်ရေး၊ အရပ်သား ဂျပန်များအပေါ် အခွန်ကောက်ရေး၊ဂျပန်စစ်ဘက်မှ သိမ်းယူထားသောသေနတ်များ ပြန်ပေးရေး စသော ပြသနာများတွင် ဒေါက်တာဘမော် နှင့် ဗိုလ်ချုပ်အီစာမူရာတို့မှာ အတင်းမာဆုံးအခြေအနေဖြစ်ကြရသည်။


သို့သော် တိုကျိုတွင်ရှိနေသော ဂျပန်ဘုရင်တင်နော်ဟေကာ နှင့် နန်းရင်းဝန်တိုဂျို တို့က မြန်မာပြည်တွင် ဒေါက်တာဘမော်မှ လွဲပြီး အခြားသူ ခေါင်းဆောင်မဖြစ်စေရဟူသော အမိန့်ကို ယတိပြတ်ပေးထားသည့်အတွက် စစ်ဦးစီးချုုပ်အဆင့်သာရှိသော ဒုဗိုလ်ချုပ်ကြီး ကဝါဘီ နှင့် ဗိုလ်ချုပ်အီစာမူရာတို့မှာ ဒေါက်တာဘမော်ကို ဖြုတ်ချရန် မဖြစ်နိုင်ချေ။


ထို့ကြောင့် ဒေါက်တာဘမော် အား လုပ်ကြံသတ်ဖြတ်ပစ်ရန် ကြိုးစားလာကြတော့သည်။


ဒေါက်တာဘာမော်၏ဓါးမအဖွဲ့ဝင် မဟုတ်သော အစိုးရအဖွဲ့ဝင်နိုင်ငံရေးသမားများ နှင့် ဘီအိုင်အေဗိုလ်ချုပ်များကလည်း တိုကျိုနန်းတော်ကိုပင် ချုပ်ထိန်းထားနိုင်သည့် ဒေါက်တာဘမော် ၏ နိုင်ငံရေးပါဝါကြီးမားလာမှုကို စိုးရိမ်မကင်းဖြစ်နေကြသည်။


အထူးသဖြင့် သခင်ထွန်းအုပ် နှင့် သခင်ဗစိန်တို့ က ဒေါက်တာဘမော်ကို ဖြုတ်ချပြီးသည့်အခါ သီပေါမင်း၏ မြေးမတော် တော်ဘုရားကြီးကို နန်းတင်ပြီး စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်ရန် အကြံအစည်ရှိနေကြ၏။


ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေ ကမူ အိန္ဒိယမှ ပြန်ဝင်လာကြသော မဟာမိတ်စစ်ဗိုလ်ချုပ်များဖြင့် ဂျပန်တော်လှန်ရေးအတွက် ဆက်သွယ်လှုပ်ရှားနေခဲ့ပြီဖြစ်သည်။



တိုကျိုတွင်ကျုင်းပမည့် မဟာအရှေ့အာရှညီလာခံ သို့ တက်ရောက်မည့် ဒေါက်တာဘမော် စီးနင်းလာသော လေယာဉ်ပျံသည် ၁၉၄၃ အောက်တိုဘာ ၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ တူရန် မြို့မှ ပျံအတက် ပေ ၃၀၀ ခန့်တွင် အာနန်လူမျိုးတို့၏ ရွာပေါ်သို့ ပျက်ကျခဲ့သည်။


ထိုလေယာဉ်ပျက်ကျမှုတွင် မည်သူမျှ အသက်မသေခဲ့သော်လည်း လေယာဉ်အမြီးပိုင်းပေါက်ကွဲမှုမှာ သံသရာဖြစ်စရာအခြေအနေတွင် ရှိနေခဲ့သည်။


ဒေါက်တာဘမော်မှာ မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် သူ၏အိမ်တော်တွင် ကိုယ်ရံတော်ဦးမြကျင်၊ ပုသိမ်ညွန့်ဘဘိုးတို့ ခေါင်းဆောင်သော လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့ပြီး တန်းလျားတွင် နေထိုင်စေခဲ့သည်။


ရှေ့တွင်ကား ဗိုလ်ရန်နိုင်၏ တပ်မှ ဘီအိုင်အေတပ်စိတ်တစ်စိတ်က လုံခြုံရေးယူပေးထားသည်။


၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်။ ည ()နာရီ။


ဂျပန်နေဝန်းနီအလံတက်ထားသော ကားအနက်ကြီးသည် အမှတ်(၁၅)တပ်မတော်စစ်ရုံးချုပ်ထဲသို့ ဝင်ရောက်လာသည်။


စစ်ရုံးအနောက်ဘက်ရှိ နိပွန်-ဗမာဆက်ဆံရေးဌာနအဆောက်အဦးတွင် ကားကို ထိုးရပ်လိုက်သည်။


ကားပေါ်မှ ဆင်းလာသူ က မေဂျာအော်စေးကိုး။ မေဂျာအော်စေးကိုး နောက်မှ ဆင်းလာသူမှာ လမ်းမတော်ဖိုးတုတ်။


လမ်းမတော်ဖိုးတုတ် သည် ခေါင်းပေါင်းအဝါကို မျက်နှာတစ်ခြမ်းစောင်းပေါင်းထားသည်။


တိုက်ပုံအင်္ကျီအဝါရောင်ကို ဝတ်ထားပြီး၊ တောင်ရှည်ပုဆိုးကို ထူးထူးခြားခြားဝတ်ထားသည်။


ထိုပုံစံမှာ ထိုခေတ်က ခေတ်စားနေသောအဓိပတိကြီးဒေါက်တာဘမော်၏ စတိုင်လ်ပင်။


အပေါ်ထပ်ရှိ အခန်းတစ်ခုထဲသို့ မေဂျာအော်စေးကိုး က ဦးဆောင်ပြီး တက်သွားသည်။


အခန်းထဲသို့ ဝင်သွားသောအခါ ဗိုလ်ချုပ်အီစာမူရာ နှင့် ဂျပန်တစ်ယောက် ထိုင်နေကြ၏။


ဗိုလ်ချုပ်အီစာမူရာသည် ဟစ်တလာပုံစံ လေးထောင့်နှုတ်ခမ်းမွှေးကို လက်ဖြင့် သပ်ပြီး ဖိုးတုတ်ကို ပြုံးပြလိုက်သည်။


"ငါတို့ ပြန်တွေ့ကြပြန်ပြီ..ဖိုးတုတ်..ဒီတစ်ခါတော့ မင်းက ဘမော် အပိန်စားပုံစံနဲ့ပါလားကွ..ထိုင်လိုက်ပါ..ထိုင်လိုက်ပါ"


အီစာမူရာ ကား မြန်မာစကားပင် ရေရေလည်လည်ပြောတတ်နေပေပြီ။


ဖိုးတုတ်က အီစာမူရာကို ဦးညွတ်ပြီး ဝင်ထိုင်လိုက်သည်။


"ဟိုတစ်ခေါက်ကတော့ မင်း က နာစူကနေ တဆင့် ငါ့ကို အကူအညီလာတောင်းတာ။ အခုတစ်ခေါက်တော့ မင်းဆီကို ဟော့ဒီ အောဇေကိုးကနေ တဆင့် ငါက အကူအညီတောင်းဖို့ ခေါ်ခိုင်းလိုက်ရတာပဲ"


"ဟုတ်ကဲ့…မာစတာ..ကျွန်တော့်ဦးလေး ဘွန်ရှုကျင်းကိစ္စတုန်းက မာစတာကယ်ခဲ့တာ မမေ့ပါဘူး။ အခု ဘာများ ကူညီရမလဲ"


ဗိုလ်ချုပ် အီစာမူရာက အော်ဇေးကိုးကို မျက်ရိပ်ပြလိုက်သည်။


အော်ဇေးကိုး က အီစာမူရာရှေ့တွင်ရှိသော ဆာကေးပုလင်းထဲမှ ဆာကေးကို ခွက်သုံးခွက်ထဲသို့ ငှဲ့လိုက်သည်။


"ကဲ..တစ်ယောက်တစ်ခွက် ယူလိုက်ကြ"


ဖိုးတုတ်နှင့် အီစာမူရာဘေးမှ ဂျပန်က တစ်ယောက်တစ်ခွက်ယူလိုက်ကြသည်။


အီစာမူရာကလည်း ဆာကေးတစ်ခွက်ကို ယူလိုက်သည်။


"ဂျပန်တွေမှာတော့ ဆုံးဖြတ်ချက်ကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ ချမှတ်တော့မယ့်အချိန်မှာ ဆာကေး ဟာ အကောင်းဆုံးအဖော်ပဲတဲ့ကွ..ကဲ''


သုံးဦးသား ခွက်မြှောက်ပြီး သောက်လိုက်ကြသည်။


"ဖိုးတုတ် ငါမင်းကို မိတ်ဆက်ပေးမယ်..ဒါကတော့..စင်ကာပူက ငါခေါ်ထားတာ။ အဆာဟိ တဲ့။ သူက ယာမာဂူချီဂူမီဂိုဏ်းရဲ့ စင်ကာပူဂိုဏ်းခွဲက ခေါင်းဆောင်ပဲ"


"ဗျာ"


"အေး..ဟုတ်တယ်..ဒါကို မင်းနားလည်မှာမဟုတ်ဘူး..ရှင်းရှင်းပြောရရင်ကွာ..ငါတို့ တိုကျိုမှာလည်း မင်းတို့လို အဖွဲ့တွေရှိတယ်။ မင်းတို့ရန်ကုန်မှာတော့ ဘယ်လိုခေါ်တယ်မသိဘူး။ ငါတို့ ဆီမှာတော့ သူတို့ကို ယာကူဇာတွေ လို့ခေါ်တယ်။ ယာမာဂူချီဂူမီ က ယာကူဇာတွေထဲမှာတော့ အပိရိဆုံး လူသတ်နိုင်တဲ့ဂိုဏ်းပဲ"


ထို့နောက် ဗိုလ်ချုပ်အီစာမူရာက အဆာဟိ ဘက်သို့ လှည့်ကာ ဖိုးတုတ်ကို ညွန်ပြရင်း ဂျပန်စကားဖြင့် ပြောနေသည်။


အဆာဟိ သည် ရှပ်အင်္ကျီ ရင်ဘတ်ဟပြဲပေါ်တွင် ကုတ်အင်္ကျီ ကာကီရောင်ကို ထပ်ဝတ်ထား၏။


ဆံပင်ကို နောက်တွင်စည်းထားပြီး၊ နှာဖူးပြောင်ပြောင်၊ မျက်နှာရှည်ရှည်၊ ပါးပိန်ပိန်ဖြင့် သူ့မျက်လုံးတွေက သေးငယ်စူးရှနေသည်။


အဆာဟိက ဖိုးတုတ်ကို ဦးညွတ်လိုက်သည်။ ဖိုးတုတ်က အဆာဟိကို ပြန်လည်ဦးညွန်နှုတ်ဆက်လိုက်ကြသည်။


"မင်းတို့အဖွဲ့နဲ့ ဒေါက်တာဘမော်လူတွေ ဖြစ်တဲ့ကိစ္စကို မင်းတပည့်အုန်းဖေက အော်ဇေးကိုး ကို ပြောပြလို့ ငါသိပြီးပြီ.ဖိုးတုတ်။ ဒီတော့ အခု မင်း အဆာဟိတို့နဲ့ ပေါင်းပြီး ငါ့ကို ကူညီပေးပါ။ ပြီးသွားတာနဲ့ ရန်ကုန် ရဲ့ ပလ္လင်ဟာ မင်းပလ္လင်ပဲ ဆက်ဖြစ်နေစေရမယ်လို့ ငါကတိပေးတယ်"


ဖိုးတုတ်ကား ထိုကဲ့သို့ စကားမျိုးများစွာကို အင်္ဂလိပ်ခေတ်ကတည်းက ပင် ကြားဖူးခဲ့ပေသည်။


သို့သော် ယခုလိုအခြေအနေတွင် ကြားရသည်မှာ အချိုမြိန်ဆုံးဟု သူခံစားလိုက်ရသည်။


"ကျွန်တော် ဘာကူညီရမလဲသာပြောပါ..မာစတာ"


"မင်းတို့ ဘမော် ကို သတ်ရမယ်"





အခန်း(၃၁)

..................


"ဒေါက်တာဘမော် ကို သတ်ရမယ်..ဟုတ်လား"


လမ်းမတော်ဖိုးတုတ် တအံတသြဖြစ်သွားသည်။


ဗိုလ်ချုပ်အီစာမူရာက ဆာကေး နောက်တစ်ခွက်ကို သူ့ဘာသာ ထပ်ငှဲ့လိုက်သည်။


"မင်းလူတွေကို သတ်ပြီး မင်းနေရာကို မှန်းနေကြတာ ဒေါက်တာဘမော် ရဲ့ လူတွေနော်..ဖိုးတုတ်"


ဖိုးတုတ် စဉ်းစားသွားသည်။


"ဟုတ်ပြီ..မာစတာ..ဒါဆို ဒေါက်တာဘမော် အပြင် သူ့ဘေးက ဦမြကျင် နဲ့ ဘဘိုး ကို ရော အဆစ်သတ်ပစ်လို့ ရမလား''


"ဒါကတော့ မင်းကိစ္စလေ..ဖိုးတုတ်။ ဒေါက်တာဘမော် မရှိတော့ရင် သူတို့လည်း မင်းလက်ထဲက ပြေးမလွတ်ပါဘူး"


"ဘယ်တော့လောက်..ဘယ်လိုသတ်ပေးရမှာလဲ"


"ဒါက မင်းအရင် လမ်းဘေးမှာ လူသတ်သလို လုပ်လို့တော့မရဘူး..ဖိုးတုတ်။ ငါတို့စနစ်တကျ အစီအစဉ်ဆွဲရမယ်။ ပြီးတော့ ငါတို့ ဝင်သတ်ဖို့ ရွေးချယ်ထားတာက ဘမော် ရဲ့ အိမ်ထဲမှာပဲ။ အဓိပတိတစ်ယောက်ရဲ့ အိမ်ထဲကို ဝင်သတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးကွ"


"ဒါဆို ဘာလို့ အိမ်ထဲ ဝင်သတ်မလဲ၊ သူတစ်နေရာရာကို ရောက်နေချိန် သတ်လို့ရော မရဘူးလားဗျ"


"မရဘူး..ဖိုးတုတ်။ ဘမော် အိမ် ပတ်လည်မှာ ဝိုင်းနေတာ ဘီအိုင်အေက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေချည်းပဲ။ ပြီးတော့ ဘမော် အိမ်ရဲ့ အဝင်ကင်းစခန်းကလည်း ဘီအိုင်အေက စောင့်တာ။ သူ့အိမ်ထဲကို ဝင်သတ်နိုင်မှ ဘီအိုင်အေက ဘမော်ကို သတ်တယ်ဆိုတာမျိုးကို တိုကျိုအစိုးရကို ငါတို့ တင်ပြလို့ရမှာ။ နို့မဟုတ် ဘမော်မှ ဘမော်ဖြစ်နေတဲ့ တိုကျိုနန်းတွင်းနဲ့ အစိုးရက ငါတို့သတ်တာလို့ သိတာနဲ့ ငါတို့ သွားပြီပဲ။ ဒါကြောင့် ဘီအိုင်အေက သတ်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ရမယ်"


"ခင်ဗျားတို့က ဗမာအချင်းချင်းပါ ချကုန်အောင် လုပ်တာပဲဗျ"


"ဒါနိုင်ငံရေး..ဖိုးတုတ်။ တရားတာ မတရားတာထက် ရလာဒ်က ပိုအရေးကြီးတယ်"


"ဟုတ်ပါပြီ..ဒါဆို ကျွန်တော်က ဒီကိစ္စမှာ ဘယ်နေရာက ပါရမလဲ"


"မင်းက ကိုယ်တိုင်ဝင်ပါစရာမလိုဘူး..ဖိုးတုတ်။ ဒီစစ်ဆင်ရေးမှာ အဆာဟိက ခေါင်းဆောင်ပဲ။ အဆာဟိရယ်၊ သူ့လူတစ်ယောက်ရယ်၊ မင်းဆီက ဂျပန်စကားတတ်ပြီး သတ်ရဲဖြတ်ရဲတဲ့ လူနှစ်ယောက်ရယ် အဓိက လုပ်ရမှာ၊ သူတို့လုပ်စရာရှိတာလုပ်ပြီး အပြင်ပြန်ထွက်လာချိန် ကူညီပေးဖို့ အနားက ဘီအိုင်အေဗိုလ်တစ်ယောက် အိမ်မှာ ဗမာလူငယ်တစ်ယောက် အသင့်ရှိနေမယ်"


"ဘယ်တော့လုပ် စမလဲ"


"အခု ဘမော်ရဲ့ အိမ်အတွင်းဘက်အနေအထား နဲ့ ခြံအဝင်အထွက်လမ်းတွေ၊ ဂိတ်ပေါက်၀ ကင်းက အစောင့်အင်အား၊ ခြံထဲက အစောင့်အင်အားကို အတွင်းလူတွေဆီက စုံစမ်းနေတယ်။ အခု အဆာဟိက စင်ကာပူကို ခဏပြန်ပြီး ဖေဖော်ဝါရီမှာ သူနဲ့အတူလုပ်မယ့် နောက်တစ်ယောက်ကို ခေါ်လာခဲ့လိမ့်မယ်။ စစ်ဆင်ရေးစမယ့်ရက်ကို ဖေဖော်ဝါရီ (၁၅)ရက်နေ့ကို သတ်မှတ်ထားတယ်။ မင်းဘက်က စိတ်ချရမယ့် လူနှစ်ယောက် ရွေးထားပါ..ဖိုးတုတ်။ ငါတို့ ဖေဖော်ဝါရီ ()ရက်နေ့မှာ နောက်ထပ်အစည်းအဝေးတစ်ခု ထပ်လုပ်ရမယ်။ အဲ့ဒီကျ ငါတို့အပြင် အဆာဟိလူရော၊ မင်းလူတွေပါ ပါမယ်"


ဗိုလ်ချုပ်အီစာမူရာ ၏ မျက်နှာက ပြတ်သားတင်းမာနေသည်။


အဆာဟိ ၏ မျက်လုံးကျဉ်းကျဉ်းလေးများကြားမှ ရက်စက်မှုသရုပ်သကန်ကို ဖိုးတုတ် ခံစားမိနေသည်။


…………………………………………………………………………………………………….


ဒေါက်တာဘမော်ကို လုပ်ကြံရေး သည် အခန့်မသင့်လျှင် ပါဝင်သူအားလုံး၏ ဘဝတစ်ခုလုံး ပေးလိုက်ရမည်ကို ဖိုးတုတ် စဉ်းစားမိသည်။


ယခုပွဲကား မီးကုန်ယမ်းကုန် တိုက်ရမည့်ပွဲ။ ဒေါက်တာဘမော်တည်းဟူသော တံတိုင်းကြီးကို ဖြိုပြီးသည့်နောက် သူ့ဘေးမှ မြကျင် နှင့် ဘဘိုး ဟူသော ပေါင်းမြက်လေးတွေကို ဆွဲနှုတ်ပစ်ရမည့်ပွဲ။


ဖိုးတုတ် ၏ သရဖူကို ကာကွယ်ပွဲ။


ကျဆင်းနေသည့် ဂုဏ်သိက္ခာနှင့် ညီအစ်ကိုသွေးသောက်တို့၏ ဝိညာဉ်များအတွက် သွေးကြွေးဆပ်ရမည့်ပွဲ။


ဖိုးတုတ်က သူ့လူယုံများဖြစ်သော စံဘ၊ ထွန်းရင် နှင့် မောင်မောင် တို့ကို ခေါ်ကာ အစီအစဉ်အသေးစိတ်ကို ပြောပြလိုက်သည်။


"ဒီကိစ္စဟာ အထူးလျှို့ဝှက်ချက်မို့ မင်းတို့အားလုံး သေချာစောင့်ထိန်းစေချင်တယ်။ မင်းတို့ကို ငါကိုယ်နဲ့အမျှ ယုံကြည်လို့ ငါပြောပြတာ။ ဒီပွဲ တိုက်ပြီးတာနဲ့ ငါတို့ ရဲ့ အောင်ပွဲနေ့ရက်တွေ ပြန်လာတော့မှာ။ ပြီးတော့ ဂန္ဓမာ၊ အောင်ဘ၊ ဘိုးထင် တို့အတွက် ဘဘိုး ရဲ့ သွေးတွေကို ပြန်ယူမယ့်ပွဲပဲ၊ ဟိုကောင်..စံဘ မင်းက အာချောင်တတ်တယ်။ မင်း အထူးသတိထား"


"ဟုတ်ကဲ့..ကိုဖိုးတုတ်"


" မောင်မောင် မင်းက ဘီအိုင်အေထဲကလူတွေနဲ့လည်း နည်းနည်းပါးပါးသိတော့..အိမ်ထဲကို မင်းရယ် စံဘ ရယ် ဝင်ရမယ်"


"ကျွန်တော်ကရော ကိုကြီးဖိုးတုတ်"


"ထွန်းရင်..မင်းနဲ့ငါ သီးသန့်လှုပ်ရှားစရာရှိသေးတယ်။ ဒီကြားထဲ မင်း မသင်းမြ ကို ဆိပ်ကြီးကို ပြန်ပို့ပေးဖို့လုပ်"


………………………………………………………………………


ဆောင်းငွေ့ဆောင်းမြူတို့ သည် နေရောင်၌ မပျယ်ပျောက်ကြသေး။


ဇန်နဝါရီ၏ နံနက်နေခြည်သည် ရွှေတိဂုံစေတီတော်ကြီး အား ခြုံငုံလွှမ်းဖြာလျက်။


မသင်းမြ က စေတီတော်ကို ဦးခိုက်ရှိခိုးပြီး ဖိုးတုတ်ဘက်သို့ လှည့်လိုက်သည်။


"ကျွန်မတို့ အိမ်ထောင်သက် နှစ်နှစ်ဆယ် အတွင်းမှာ ရှင့်ကို ကျွန်မ ထားသွားရမှာ ဒါပထမဆုံးပဲ..ကိုဖိုးတုတ်..ဒါပေမယ့်..ကျွန်မရှင့်ကို စိတ်ချပါတယ်..ရှင် ကျွန်မဆီ ပြန်လာမှာပဲလေ"


ဖိုးတုတ်က မသင်းမြ ကို ပြုံးပြလိုက်သည်။


"ဟော့ဒီနှစ်ကာလတွေမှာ သေတွင်းထဲ အကြိမ်ကြိမ်လွတ်ခဲ့သလို..လူတွေအများကြီးကိုလည်း သေတွင်းထဲ ပို့ခဲ့ဖူးတယ်..အရက်တွေ ဘယ်လောက်မူးမူး…တခြားမိန်းမတွေနဲ့ ဘယ်လောက်ပဲ ဘာတွေဖြစ်ဖြစ်..အသိစိတ်တွေဘယ်လောကလွတ်လွတ်…ကိုဖိုးတုတ် မှာ မလွတ်တဲ့ စိတ်ကလေးတစ်ခုတော့အမြဲရှိတယ်။ အဲ့ဒါက မသင်းမြ ဆီ ငါပြန်ရမယ်ဆိုတာပဲ…ပြန်လာခဲ့မှာပါ..ပြန်လာခဲ့မှာပါ..မသင်းမြ..ဟိုမှာ ဘသိန်းတို့ အမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင် စောင့်နေပါ…တို့မိသားစုအတွက်.ဒီရန်ကုန်မြေကို ဟိုအရင်လို ပန်းခင်းပေးနိုင်မှ ပျော်ပျော်ပါးပါး ဆုံကြတာပေါ့"


ခိုတစ်အုပ် လှစ်ခနဲ ထပျံသွားသည်။


ခပ်ဝေးဝေး ဇရပ်ဆီမှ ကြေးစည်သံသဲ့သဲ့ကြားရ၏။ မေတ္တာပို့သံများကလည်း တဆက်တည်း ပျံ့လွင့်လာတော့သည်။


ဆည်းလည်းသံများက တချွင်ချွင်။


………………………………………………………………….


၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ ()ရက်။


ဗိုလ်ချုပ်အီစာမူရာ၏ တပည့် မေဂျာအော်စေးကိုး ၏ နေအိမ်။


အဓိပတိအား လုပ်ကြံရေး အသေးစိတ်အစီအစဉ်ဆွဲ ရန် လူစုံတက်စုံရှိနေကြသည်။


ဗိုလ်ချုပ်အီစာမူရာ မှာ ထိုတာဝန်ကို မေဂျာအော်စေးကိုး အား လွှဲထားပြီး အစည်းအဝေးသို့ သူကိုယ်တိုင် မတက်ရောက်ချေ။


မေဂျာအော်စေးကိုး၊ အော်စေးကိုးစည်းရုံးထားသည့်အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး၊ လမ်းမတော်ဖိုးတုတ်၊ စံဘ၊ မောင်မောင်၊ အဆာဟိ နှင့် စင်္ကာပူမှ ထပ်ခေါ်လာသော အဆာဟိ တပည့် တမိုးဒါးတို့ပါဝင်သည်။


အဓိပတိအားလုပ်ကြံရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့သို့ ပြောင်းရွေ့လိုက်သည်။


ညနက်ပိုင်း မဟာမိတ်လေယာဉ်များ ဗုံးလာကြဲချိန်တွင် အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်က အဆာဟိ၊ မောင်မောင်၊ စံဘ၊ တမိုးဒါးတို့ကို ကားဖြင့်ခေါ်လာပြီး အိမ်တော်နှင့် မနီးမဝေးတွင် ချပေးမည်။


အဆာဟိနှင့် မောင်မောင် က ကင်းစခန်းကို ဝင်စီးမည်။ စံဘနှင့် တမိုးဒါးက ခြံဝန်းအတွင်း ဗုံးခိုကျင်းထဲတွင်ရှိနေမည့် ဒေါက်တာဘမော် အား သေနတ်မသုံးပဲ ဓါးဖြင့် ဝင်ခုတ်သတ်ရန်ဖြစ်သည်။


ဒေါက်တာဘမော် သေပြီဆိုသည်နှင့် ဂျပန်စစ်တပ်မှ ချက်ချင်းရောက်လာကာ မောင်မောင်နှင့် အဆာဟိ ကို ဖမ်းဆီးသည့်ပုံနှင့် ခေါ်ထုတ်သွားပြီး မနီးမဝေးရှိ ဘီအိုင်အေခေါင်းဆောင်တစ်ဦးအိမ်တွင် ဝင်ခိုနေမည့် အာရှလူငယ်ခေါင်းဆောင်၏ ကားဆီသို့ ပြန်ပို့ပေးမည်ဖြစ်သည်။


အဆာဟိတို့ကို တင်ပြီးသည်နှင့် ထိုကားက ဒေါက်တာဘမော်၏ အိမ်အနောက်ဘက်လမ်းကို မောင်းသွားပြီး အနောက်ဘက်လျှိုထဲမှ ဖြတ်ဆင်းကာ လမ်းမပေါ်တက်လာမည့် စံဘနှင့်် တမိုးဒါးတို့ကို ခေါ်သွားမည်ဖြစ်သည်။


ဆွေးနွေးပွဲတွင် ဒေါက်တာဘမော် အား မည်သူသတ်မည်နည်းဆိုသည်ကို စံဘနှင့် တမိုးဒါးတို့ အငြင်းပွားကြသေးသည်။


စံဘ ကလည်း သူခုတ်မည်ဟုဆိုသည်။ တမိုးဒါး ကလည်း ယာကူဇာတို့ ထုံးစံအတွင် ယာကူဇာမှ ခေါင်းဆောင်ပြီး လက်ခံသည့်အလုပ်ကို ယာကူဇာများကသာ အဆုံးသတ်သည်မှာ ထုံးတမ်းစဉ်လာဖြစ်ကြောင်း ပြောသည်။


နောက်ဆုံးတွင် လမ်းမတော်ဖိုးတုတ် က စံဘကို အလျော့ပေးခိုင်းလိုက်သည်။


အစည်းအဝေးပြီးနောက် လမ်းမတော်ဖိုးတုတ်အိမ်တွင် သီးသန့်အစည်းအဝေးတစ်ခု ထပ်လုပ်ကြသည်။


ထိုအစည်းအဝေးတွင်တော့ လမ်းမတော်ဖိုးတုတ်၊ မောင်မောင်၊ စံဘ နှင့် ထွန်းရင်တို့ ပါဝင်သည်။


"ငါတို့ နောက်ထပ်ရထားတဲ့ သတင်းအရတော့ ဒေါက်တာဘမော်ရဲ့ အိမ်နောက်ဖေး တန်းလျားမှာ သူ့သက်တော်စောင့်လူငယ်တွေနေတယ်။ ဦးမြကျင်ကတော့ ဒေါက်တာဘမော်ရဲ့ အိမ်အောက်ထပ်မှာနေတယ်လို့ သိထားတယ်။ စံဘက ဟိုအဘိုးကြီးကိစ္စပြီးတာနဲ့ အနောက်ဖေးဘက်ကို အထွက်မှာ ဦးမြကျင်ကို လမ်းကြုံဝင်သတ်ခဲ့ကွာ။ လမ်ကြုံမှနော်။ ဟိုကောင် ဘဘိုးက ညဘက်ဆို ဒေါက်တာဘမော်ခြံ ဘေးချင်းကပ်လျက်က ဗန္ဓုလဦးစိန်ခြံဝန်းထဲမှာရှိတဲ့ သူ့မယားအိမ်မှာ ပြန်အိပ်တတ်တယ်တဲ့။ မင်းတို့ အထဲကို ဝင်လှုပ်ရှားနေချိန် အသံတစ်ခုခုကြားရင် ဘဘိုး ဒီဘက်ကို ထလာမှာပဲ။ အဲ့ဒီအချိန်မှာ ငါနဲ့ ထွန်းရင်က ဒီကောင့်ကို ရိုက်ပြီး ကားပေါ်ခေါ်တင်သွားမယ်။ ပြီးမှ ဒီကောင့်ကို ဖြည်းဖြည်းချင်း အရသာခံသတ်ကြတာပေါ့"


"ဒီကောင့်ကို သတ်ရင်..ကျွန်တော်တို့ကိုလည်း စောင့်ပါဦး..ကိုဖိုးတုတ်..ကျွန်တော်တို့လည်း ဒီကောင်သေတာကို ကြည့်ချင်လို့"


"အဲ့ဒီလိုတော့ မဖြစ်ဘူး..စံဘ။ မင်းနဲ့မောင်မောင်နဲ့က ဒီကိစ္စပြီးတာနဲ့ လူချင်းခွဲတော့။ မင်းက ဘကြီးဘိုးဆင်တို့ရှိတဲ့ရွာကိုပြေး..မောင်မောင်က ရန်ကုန်ကနေ ဝေးနိုင်သမျှ ဝေးအောင်ခြေရာဖျောက်..ဟိုကောင့်ကိစ္စ ငါနဲ့ ထွန်းရင် ရှင်းမယ်။ အဓိကကတော့ မင်းရော မောင်မောင် ပါ ဒီပွဲမှာ မသေဖို့ပဲ...."


"ဟေ့ကောင်..စံဘ ငါ့နှမ မုဆိုးမ ဖြစ်ရင် မင်းကို ငါကိုယ်တိုင်လာခုတ်သတ်မှာနော်"


ထွန်းရင်က စံဘကိုလှမ်းကြိမ်းသည်။


"ဟိတ်ကောင်..ထွန်းရင်..မင်းနှမ မုဆိုးမဖြစ်ရင် မင်းယောက်ဖ စံဘလည်း သေပြီပေါ့ကွ..မင်းက ဘာကို သတ်မှာလည်း..ဟားဟား"


မောင်မောင်က ဝင်ပြောပြီး တဟားဟား အော်ရယ်တော့သည်။


……………………………………………………………………………….


၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်။ ၁၃၀၅ ခု၊ တပို့တွဲလပြည့်ကျော် ()ရက်၊ဗုဒ္ဓဟူးနေ့။


ရန်ကုန် ၏ သန်းခေါင် ကား အလင်းဟူ၏ ကြယ်ရောင်မှိတ်တုတ်အားကိုးရာသာရှိသည်။


ည ဆယ်နာရီခွဲခန့်တွင် ဒေါက်တာဘမော်အိမ်နှင့် မျက်စောင်းထိုး ဘီအိုင်အေဗိုလ်တစ်ဦးအိမ်ရှေ့တွင် ကားနက်လေးတစ်စင်းထိုးရပ်သွားသည်။


ထိုကားနက်ပေါ်မှ လူတစ်ယောက်စင်းလာပြီး အိမ်အတွင်း ဝင်သွား၏။


အိမ်အပြင်ဘက်ကားပေါ်တွင် အဆာဟိ၊ မောင်မောင်၊စံဘနှင့် တမိုးဒါးတို့ ကျန်ရစ်သည်။


အဆာဟိသည် ဂျပန်ကင်ပေတိုင်စစ်ဗိုလ်ဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ခြောက်လုံးပြူးသေနတ်ကို ချိတ်ထားသည်။


မောင်မောင် နှင့် စံဘက အိုဂျီစစ်ဘောင်းဘီနှင့် အင်္ကျီအနက်ကိုယ်စီဝတ်ထားပြီး စံဘက ငှက်ကြီးတောင်ဓါးကို လွယ်ထားသည်။


တမိုးဒါးက ဗမာဝတ်စုံ ဝတ်ထားကာ ဘရင်းဂန်းသေနတ်ကိုလွယ်လျက် ကင်ဒိုဓားကို လက်တွင်ကိုင်ထား၏။


ဒေါက်တာဘမော်၏ ခြံရှေ့တွင်ရှိသော ဘီအိုင်အေကင်းသည် လေကြောင်းအန္တရာယ်ကြောင့် မီးထွန်းခြင်း မရှိပဲ အမှောင်ချထားသည်။


တချက်ချက် ကင်းတဲဆီမှ စကားပြောသံသဲ့သဲ့ကြားရသည်။


တစ်နာရီခန့်အကြာတွင် မြင်းပြိုင်ကွင်း ဘက်မှ လေကြောင်းအချက်ပေးဥသြသံများ ထွက်ပေါ်လာသည်။


ဂျပန်တို့၏ လေကြောင်းရန်ကာကွယ်ရေးမီးမောင်းကြီးများက ကောင်းကင်တွင် လင်းခနဲဖြစ်သွား၏။


ကောင်းကင်းယံတွင် မဟာမိတ်တို့၏ နာမည်ကျော် ကျွဲညီနောင် ဗုံးကြဲလေယာဉ်နှစ်စင်းက ကောင်းကင်တွင် ဟန်ရေးပြနေကြသည်။


မကြာမီ လေယာဉ်ပစ်အမြောက်သံများ တရစပ် ထွက်လာသည်။


ကျွဲညီနောင်က ကောင်းကင်တွင် ငါးမိနစ်ခန့် ကျွမ်းထိုးကာ လှည့်ပတ်ပျံသန်းပြပြီး အမြင့်သို့ ပြန်လည်ထိုးတက်သွားသည်။


ထူးထူးခြားခြား ဗုံးတစ်လုံးမှ ချမသွားပဲ ဂျပန်တို့ကို အိပ်ရေးပျက်ရန်သက်သက် လာစနောက်သွားသည်ဟုပင် ထင်ရသည်။


လေယာဉ်များဗုံးကြဲပြီးသည့်အချိန်မှသာ အိမ်တော်ထဲ ဝင်ရောက်ရန် သတ်မှတ်ထားသဖြင့် အိမ်တော်အနီးရောက် နေသော မောင်မောင်တို့ အုပ်စုမှာ မှောင်ရိပ်ထဲ အသာပြန်ဝပ်နေကြရသည်။


ဒေါက်တာဘမော်တို့ မိသားစုလည်း ဗုံးခိုကျင်းထဲ ဆင်းနေရာမှ လေယာဉ်များ ပြန်သွားပြီဖြစ်သဖြင့် အိမ်ပေါ်သို့ ပြန်တက်ကြလေသည်။


အိမ်တံခါးများအား သေချာစွာ ချက်ထိုးပိတ်လိုက်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ကြသည်။


ဒေါက်တာဘမော် ကား စာကြည့်ခန်းထဲတွင် ဆေးပြင်းလိပ်ကို ခဲလျက် ဓာတ်မီးဖြင့် စာဖတ်နေသည်။


ထိုအချိန်တွင်ဒေါက်တာဘမော်၏ အိမ်ရှေ့ဝင်းတံခါးဘေးရှိ ကင်းတဲသို့ ဂျပန်ကင်ပေတိုင်ဝတ်စုံဝတ်ထားသော စစ်ဗိုလ်တစ်ယောက်နှင့် စကားပြန်တစ်ယောက် ရောက်လာသည်။


"ဟေ့..တံခါးဖွင့်စမ်း…ငါတို့ ကင်ပေတိုင်ကပဲ..ခုန ရန်သူလေယာဉ်တွေလာတုန်းက ဒီအိမ်ဝင်းထဲမှာ အချက်ပြ မီးရောင်မြင်လိုက်တယ်..အိမ်ထဲမှာ သူလျှိုရှိနေပြီ..အဓိပတိရဲ့လုံခြုံရေးအတွက် စစ်ဆေးဖို့လိုတယ်"


ဗုံးကြဲလေယာဉ်များလာစဉ်က ကင်းတဲနောက်ဘက် ကတုတ်ကျင်းထဲတွင် ဆင်းပုန်းနေကြသော ကင်းအုပ် ဗိုလ်ရဲခေါင်နှင့် ကင်းကျ ရဲဘော်နှစ်ယောက်မှာ အိမ်တော်ထဲ မီးရောင်ကို သတိမထားမိလိုက်ကြသဖြင့် လန့်ဖြန့်သွားကြသည်။


ထိုပြင် ဘီအိုင်အေများအား မထင်လျင် မထင်သလို ဖမ်းဆီးသတ်ဖြတ်တတ်သည့် ကင်ပေတိုင်ဖြစ်သည့််အတွက် ပိုမိုကြောက်လန့်သွားသည်။


ကင်းအုပ်ဗိုလ်ရဲခေါင်က စစ်သားကလေးအား တံခါးဖွင့်ပေးရန် အမိန့်ပေးလိုက်သည်။


တံခါးဖွင့်ပေးလိုက်သည်နှင့် ဂျပန်စစ်ဗိုလ်နှင့် လူလေးယောက်ဝင်လာပြီး ကင်းတဲထောင့်တွင် ထောင်ထားသည့် သေနတ်များကို သိမ်းလိုက်ကြသည်။


ဗိုလ်ရဲခေါင်၏ ခါးတွင်ပတ်ထားသော ကျည်တောင့်များကိုလည်း ဖြုတ်ယူပြီး တစ်နေရာတွင် စုပုံထားလိုက်ကြသည်။


"မင်းတို့ ဒေါက်တာဘမော် အိမ်ထဲမှာ အမေရိကန်သူလျှိုရှိနေတယ်လို့ ကင်ပေတိုင်က သတင်းအတိအကျရထားတယ်။ မင်းတို့ ငြိမ်ငြိမ်လေးထိုင်နေပါ။ ခဏနေ ဂျပန်စစ်ဗိုလ်ချုုပ်နဲ့ မင်းတို့ရဲ့ ဘီအိုင်အေက အကြီးဆုံးဗိုလ် ရောက်လာလိမ့်မယ်"


မောင်မောင်က လွယ်အိတ်ထဲလွယ်လာသော ခြောက်လုံးပြူးကို ထုတ် ချိန်ပြီး အမိန့်ပေးလိုက်သည်။


ဂျပန်ဗိုလ်ဝတ်စုံဝတ်ထားသော အဆာဟိက ကင်းအုပ်ဗိုလ်ရဲခေါင်ကို သေနတ်ဖြင့် ချိန်ကာ အဝတ်များ ချွတ်ခိုင်း၏။


ထို့နောက် တမိုးဒါးဝတ်လာသော မြန်မာဝတ်စုံနှင့် လဲခိုင်းသည်။


တမိုးဒါးက ဗိုလ်ရဲခေါင်၏ ဘီအိုင်အေဝတ်စုံကို လဲကာ ကင်ဒိုဓါးကို ကိုင်လိုက်သည်။


ထိုအချိန်တွင် လေကြောင်းအချက်ပေးဥသြသံ ထပ်မံထွက်ပေါ်လာသည်။


ဒေါက်တာဘမော်၏ ဇနီး ဒေါ်ခင်မမ က ဒေါက်တာဘမော်၏ စာဖတ်ခန်းဘက်သို့ ကူးလာသည်။


"မီးကို မြန်မြန်မှိတ်ပြီး..ဗုံးခိုကျင်းထဲ ဆင်းကြရအောင်"


စာထဲတွင် အာရုံဝင်စားနေသော ဒေါက်တာဘမော်က


"ဟေ့..ခုနကလည်း ကြဲတာမဟုတ်ဘူး။ အင်္ဂလိပ်တွေသက်သက်လာစနေတာ။ ကြောက်မနေနဲ့။ ဗုံးကျင်းထဲမှာက ပူကပူနဲ့ ။ အိမ်ထဲမှာသာနေကြစမ်းပါ"


ဒေါက်တာဘမော် က ခပ်ငေါက်ငေါက်ဆိုလိုက်သဖြင့် တစ်မိသားစုလုံး အိမ်ပေါ်တွင်ပင် နေနေကြသည်။


ထိုအချိန်တွင် တမိုးဒါးက ကင်ဒိုဓါးလွတ်ကို ကိုင်လျက်၊ စံဘက ကင်းအုပ်ဗိုလ်ရဲခေါင်ကို ငှက်ကြီးတောင်ဖြင့် လည်ပင်းပေါ်တင်လျက် ဒေါက်တာဘမော်တို့ မိသားစု ခိုသည့် ဗုံးခိုကျင်းကို လိုက်ပြခိုင်းသည်။


ဗုံးခိုကျင်းသည် အိမ်မကြီး၏ ဘေးကပ်လျက် ပေနှစ်ဆယ်ခန့် အခွာတွင် တည်ဆောက်ထားခြင်းဖြစ်၏။


ဗုံးခိုကျင်းအဝသို့ ရောက်သောအခါ အတွင်းသို့ တမိုးဒါးက ငုံ့ကြည့်လိုက်သည်။ တစ်ယောက်မှ မရှိ။


တမိုးဒါးရော စံဘ ပါ စိတ်ထဲ ထင့်ခနဲဖြစ်သွားကြသည်။


သူတို့စီစဉ်ထားသည်က လေကြောင်းအချက်ပေးသံကြားလျှင် ဒေါက်တာဘမော် ဗုံးခိုကျင်းထဲ ဆင်းခိုမည်။ ထိုအခါ အထဲဝင်ပြီး ဓါးဖြင့် အသေခုတ်ရန်ဖြစ်သည်။


သို့သော် အခြေအနေက ပြောင်းသွား၏။


"ဟိတ်ကောင်..ဒေါက်တာဘမော် ဘယ်မှာလဲ"


စံဘက ဗိုလ်ရဲခေါင်ကို ဓါးတင်ပြီး မေးလိုက်သည်။


"အိမ်ထဲမှာ ရှိမှာပေါ့"


စံဘက တမိုးဒါးကို ဂျပန်လို့ လိုက်ခဲ့ရန်ပြောပြီး အိမ်တော်ဝင်ပေါက် တံခါးသို့ သွားကြသည်။


ဗိုလ်ရဲခေါင်ကို တမိုးဒါးလက်သို့ အပ်လိုက်ပြီး စံဘက အိမ်တော်တံခါးကို ကန်ဖွင့်သည်။ သို့သော် အတွင်းမှ သော့များခတ်ထားသဖြင့် ဖွင့်မရ။


ထိုအချိန်တွင် တမိုးဒါးက စံဘကို ဘရင်းဂန်းပေးလိုက်ပြီး အိမ်အပေါ်ထပ်တွင် လှုပ်ရှားမှုမြင်သည်နှင့် ပစ်ရန် နေရာယူခိုင်းလိုက်သည်။


စံဘက အဓိပတိအိမ်ရှေ့မြက်ခင်းပြင် ရှိ အလှထားသောသမင်ရုပ်ကို အကာအကွယ်ယူကာ အိမ်အပေါ်ထပ်သို့ သေနတ်ဖြင့် ချိန်ထားလိုက်သည်။


တမိုးဒါး က ဗိုလ်ရဲခေါင်အား နောက်ထပ် အိမ်ထဲ ဝင်ရန် အပေါက်ကို ဂျပန်လို မေးသည်။


ဗိုလ်ရဲခေါင်မှာ ဂျပန်စကားမတတ်။


သေနတ်ဖြင့် အသင့်နေရာယူသော စံဘက စကားပြန်ပေးရသည်။


တမိုးဒါးက စိတ်မရှည်ဖြစ်ကာ ဗိုလ်ရဲခေါင်၏ ကုတ်ပိုးအား ဓါးနှောင့်ဖြင့် ထုချလိုက်လေရော ဗိုလ်ရဲခေါင်မှာ ခွေလဲကျသွားတော့သည်။


တမိုးဒါးက ကင်ဒိုဓားကို ကိုင်ကာ နောက်ဖေးဘက်သို့ လျှောက်သွား၏။


နောက်ဖေးဘက်တွင် ကင်းစောင့်နေသော စစ်သားကလေးမှာ ဘီအိုင်အေဗိုလ်ဝတ်စုံဖြင့် တမိုးဒါးကိုမြင်သော အခါ အံသြသွားပြီး အလေးပြုလိုက်သည်။


တမိုးဒါးက အိမ်ပေါ်သို့ လက်ညှိးထိုးပြပြီး "စပိုင်..စပိုင်" ဟု အော်လိုက်သောအခါ အစောင့်စစ်သားလေးမှာ အိမ်ပေါ်သို့ ပြူးပြူးပြာပြာဖြင့် ကြည့်ရှာသည်။


ထိုအချိန်တွင် တမိုးဒါးက စစ်သားလက်ထဲမှ သေနတ်ကို ကန်ထုတ်ကာ စစ်သားအား ဂျူဒိုနည်းဖြင့် ကိုင်ပေါက်လိုက်လေသည်။


ထို့နောက် ရိုင်ဖယ်သေနတ်ကို ကောက်ကာ မြေကြီးပေါ်မှ ကုန်းထနေသော စစ်သား၏ နောက်စေ့ကို ဒင်ဖြင့် ထုလိုက်သည်။


စစ်သား လဲကျသွားပြီးနောက် တမိုးဒါးက အိမ်တော်၏ နောက်ဖေးပေါက်၊ သံပန်းတံခါးကို ရိုင်ဖယ်မှ ဘတ်နက်ဖြင့် ကလပ်ကာ အတင်းထိုးဖွင့်နေသည်။


ထိုအချိန်တွင် အိမ်တော်ဘေးတွင်ရှိသော လုံခြုံရေးတန်းလျားမှ လူများနိုးလာကြ၏။


"အိမ်ထဲကို လူဝင်နေတယ်..လူဝင်နေတယ်"


အိမ်အောက်ထပ်၊ အနောက်မြောက်ထောင့်အခန်းတွင် အိပ်လျက်ရှိသော ဦးမြကျင် ရုတ်တရက်နိုးလာသည်။


ခေါင်းရင်းတွင် ချိတ်ထားသော ခြောက်လုံးပြူးကို ယူကာ အိမ်အပေါ်ထပ်သို့ ပြေးတက်လိုက်သည်။


အပေါ်ထပ်တွင်ရှိသော ဒေါက်တာဘမော်က ဘရင်းဂန်းသေနတ်ကို ကိုင်ကာ အောက်သို့ ဆင်းလာ၏။


အနောက်မှ ဒေါက်တာဘမော်၏ ဇနီး ဒေါ်ခင်မမ က လိုက်လာကာ ဆွဲထားသည်။


"အဓိပတိကြီး အိမ်ပေါ်မှာပဲ နေပါ..ကျွန်တော်ရှင်းလိုက်မယ်..အိမ်ပေါ်မှာပဲနေ"


အောက်ဘက်မှ ဦးမြကျင်က လှမ်းအော်သည်။


အပေါ်ထပ်မှ လူများအသံနှင့် နောက်ဘက်မှ လူများအသံကို ကြားသောအခါ တမိုးဒါးသည် လုံခြုံရေးတန်းလျားသို့ သွားကာ မော်တော်ကား၊ မော်တော်ကား ဟု အော်လေသည်။


ဦးမြကျင်က တံခါးသော့ဖွင့်ပြီး ခြောက်လုံးပြူးဖြင့် လှမ်းပစ်သဖြင့် တမိုးဒါးမှာ ဝင်းတံခါးဘက်သို့ အော်ဟစ်ပြီး ပြေးလေတော့သည်။


စံဘလည်း အနောက်ဖက်မှာ အသံများကြားသဖြင့် မြက်ခင်းဘေးသို့ ပြေးပြီး ဗုံးခိုကျင်းအနီးရှိ လျှိုထဲတွင် အသာဝပ်နေလေသည်။


သေနတ်သံကြောင့် ကင်းအလှည့်မကျသေးသဖြင့် အိပ်နေကြသော ဘီအိုင်အေစစ်သားများ နိုးလာကြသည်။


ဒေါက်တာဘမော်၏ ဇနီးက ဂျပန်စစ်တပ်မှ ကာနယ်ဟီရာအိုကာ ဆီ ဖုန်းဆက်အကြောင်း ကြားလိုက်သည်။


မကြာမီ ကာနယ်ဟီရာအိုကာ သည် ကင်ပေတိုင်ရုံးချုပ်မှ စစ်တပ်တစ်တပ်ကို ခေါ်ကာ ဒေါက်တာဘမော်၏ အိမ်သို့ရောက်ရှိလာကြသည်။


ကင်းတဲ အနောက်ဖက်တွင် ရှိနေသော မောင်မောင် သည် ကားသံများကြားသည်နှင့် ခြံစည်းရိုးကို ခွကျော်ကာ နောက်ဖက် ခြုံပုတ်ထဲဆင်းပြေးတော့သည်။


တမိုးဒါး က ကင်းဝတွင် ကားများဝင်လာသည်ကို တွေ့သဖြင့် အနောက်ဘက်သို့ ပြန်ပြေးသည်။


ကာနယ်ဟီရာအိုကာက ကင်းတဲထဲ ရုတ်တရက်ဝင်လာသောအခါ အဆာဟိက သေနတ်ဖြင့် ချိန်လိုက်၏။


သို့သော် အတူပါလာသော ဂျပန်ကင်ပေတိုင်ဗိုလ်က ဘေးတွင် စုပုံထားသော ရိုင်ဖယ်သေနတ်ကို ကောက်ကိုင်ကာ အဆာဟိ၏ လက်ကို ဖြတ်ရိုက်ချလိုက်သည်။


ထို့နောက် အဆာဟိအား ဖမ်းဆီးလိုက်ကြတော့သည်။


ဘီအိုင်အေမှ ဗိုလ်ရန်နိုင် ၊ ဗိုလ်အောင်စိန်နှင့် စစ်သားများ ထပ်မံရောက်လာကြသည်။


အိမ်အနောက်သို့ ပြန်လည် ထွက်ပြေးလာသော တမိုးဒါးမှာ ဦးမြကျင် နှင့် တည့်တည့်တိုးလေတော့သည်။


ဦးမြကျင်က တမိုးဒါး အား ခြောက်လုံးပြူးဖြင့် ချိန်ထား၏။ တမိုးဒါးမှာ ကင်ဒိုဓါးကို ချကာ လက်မြှောက်ထားလိုက်ပြီဖြစ်သည်။


ထိုအချိန်တွင် လျှိုထဲ ဝပ်နေသော စံဘက ဦးမြကျင်ကို ဘရင်းဂန်းဖြင့် ပစ်ရန် ချိန်လိုက်သည်။


သို့သော် သေနတ်သံကြားလျှင် အရှေ့တွင် ရောက်နေသော ဂျပန်နှင့် ဘီအိုင်အေတပ်များ ကြားပြီး နောက်ဖက်သို့ ရောက်လာကြမည်ဆိုးသဖြင့် ဘရင်းဂန်းအား လွယ်ကာ ငှက်ကြီးတောင်အား ထုတ်ကိုင်လိုက်သည်။


ထို့နောက် ဦးမြကျင် အား ငှက်ကြီးတောင်ဖြင့် ဝင်ပိုင်းလေသည်။


ဦးမြကျင်မှာ ရုတ်တရက်သူ့ဘေးဘက်မှ ဝင်လာသောအရာကို သတိထားမိသဖြင့် ခြေတစ်ဖက်ကို ရုတ်ကာ ကိုယ်ကို ယို့လိုက်သည်။


ငှက်ကြီးတောင်က ဦးမြကျင် ၏ သေနတ်ကို ခုတ်မိပြီး သေနတ်ပြုတ်ကျသွားသည်။


စံဘက တမိုးဒါးကို ပြေးရန်ပြောသည်။ တမိုးဒါးက ဦမြကျင် ၏ ရင်ဘတ်ကို စောင့်ကန်ပြီး အနောက်ဘက်သို့ ပြေးလေသည်။


ဘီအိုင်အေစစ်သားများမှာ နောက်ဘက်သို့ လာနေပြီဖြစ်သဖြင့် စံဘလည်း လျှိုထဲသို့ ပြန်လှိမ့်ချပြီး အသာပုန်းနေလိုက်သည်။


ဦးမြကျင်သည် လူးလဲထပြီး သေနတ်ကို ကောက်ကာ တမိုးဒါးပြေးသည့် နောက်ခြံစည်းရိုးသို့ လိုက်သည်။


သူ့နောက်တွင် ဘီအိုင်အေစစ်သားသုံးယောက်လည်း ပါလာ၏။


တမိုးဒါး က အနောက်ဘက် အုတ်နံရံကို ခွကျော်ကာ ပြေးလေပြီ။


ဘီအိုင်အေစစ်သားများ ပြန်လှည့်သွားကြသည်။


ဦးမြကျင် ကား စံဘကျန်နေသေးသည်ကိုသိသဖြင့် မကျေမနပ်နိုင်ဖြစ်နေပြီး ခြောက်လုံးပြူးကို ကိုင်ကာ ဟိုဟိုဒီဒီ လိုက်ရှာနေ၏။


အစေခံတန်းလျားအနောက်ဘက် အိမ်သာနားဆီမှ အသံတစ်ခု ကြားသဖြင့် ဦးမြကျင်က သေနတ်ကို ကိုင်လျက် ခြေသံလုံလုံဖြင့် ကပ်သွားသည်။


အသံသည် အိမ်သာထဲမှာ လာနေသဖြင့် အိမ်သာထရံဘေးအနားသို့ အသာကပ်ကာ နားစွင့်နေ၏။


ထိုအချိန်တွင် အိမ်သာအောက်တွင် ဝင်ရောက်ပုန်းခိုနေသော စံဘက ဝပ်နေရာမှာ ငှက်ကြီးတောင်ဖြင့် ဦးမြကျင်၏ ခြေခြင်းဝတ်ပိုင်းချလိုက်လေသည်။


ဝမ်းလျားမှောက်ဝပ်နေရာမှ ပိုင်းရသဖြင့် အားသိပ်မပါသော်လည်း ဦးမြကျင် ခြေထောက်တွင် ငှက်ကြီးတောင်ဓါးအသွားက ခပ်နက်နက် စိုက်ဝင်နေသည်။


ဦးမြကျင်မှာ အားကနဲ အော်ပြီး အောက်သို့ငုံအကြည့်တွင် စံဘက လေးဘက်ထောက်တိုးထွက်လိုက်သဖြင့် ခေါင်းချင်းတိုက်ကာ ဦးမြကျင်လဲကျသွားသည်။


စံဘက နောက်ဖေး ခြံစည်းရိုးဘက်ပြေးရန် ပြင်လိုက်စဉ် ဦးမြကျင်က ခြေထော့နဲ့ဖြင့် ပြန်ထလာပြီး စံဘလွယ်ထားသော ဘရင်းဂန်းကို ဆွဲလိုက်ရာ ဘရင်းဂန်းမှာ ကြိုးုပြတ်ပြီး ဦးမြကျင် လက်ထဲပါလာ၏။


ဦးမြကျင်က ဘရင်းဂန်း ကို ပစ်ရန်အသင့်အနေအထား ကိုင်လိုက်စဉ်တွင်ပင် စံဘက ဦးမြကျင် ၏ ရင်ဘတ်အား အရှိန်ဖြင့် ပြေးပြီး စောင့်ကန်လိုက်ရာ ဦးမြကျင်သည် အိမ်သာအနောက်ဘက်ရှိ ထရံအုပ်ထားသော အိမ်သာကျင်းကြီးထဲသို့ ပြုတ်ကျသွားလေတော့သည်။


စံဘက ငှက်ကြီးတောင်ဓါးကို ကောက်ကိုင်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။


ထို့နောက် နှာခေါင်းကို လက်ဖြင့် ပိတ်ကာ တွင်းထဲတွင် ဘရင်းဂန်းသေနတ်ကို ကိုင်လျက် ယက်ကန်ယက်ကန်ဖြစ်နေသော ဦးမြကျင်ကို တချက်လှမ်းခုတ်လိုက်သည်။


သို့သော် တွင်းက အနည်းငယ်နက်သဖြင့် ဓါးဖြင့် လှမ်းခုတ်သော် မစင်ဖတ်များကို သာ ခုတ်မိပြီး အပေါ်သို့ စင်တက်လာသည်။


စံဘက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ဦးမြကျင် ရှိရာသို့ ဓါးဖြင့် ပစ်ပေါက်လိုက်သည်။ ဦးမြကျင်က ခေါင်းကို တိမ်းပြီး ရှောင်လိုက်သဖြင့် ဓါးမှာ မစင်အိုင်အတွင်း ဇွတ်ခနဲ စိုက်ဝင်သွား၏။


လုံခြုံရေးတန်းလျားမှ လူများ အနောက်ဘက်သို့ အပြေးအလွှားဆင်းလာသံကြားရသည်။


"ခွေးမသားကြီး..ချီးတွင်းထဲကျလို့ ကံကောင်းသွားမယ်မှတ်"


စံဘက ဦးမြကျင်ကို ကြိမ်းဝါးပြီး အနောက်ဘက် အုတ်နံရံ ပေါ်သို့ ကျော်တက်ကာ အမှောင်ထုထဲ ပျောက်ကွယ်သွားလေတော့သည်။


ထိုအချိန်တွင် ဘေးချင်းကပ်လျက် ဗန္ဓုလဦးစိန်ခြံတွင် အိပ်နေသော ပုသိမ်ညွန့်ဘဘိုး သည် ဆူဆူညံညံ အသံများကြောင့် ခြောက်လုံးပြူးသေနတ် ကိုင်ကာ ဒေါက်တာဘမော်၏ ခြံဘက်သို့ ကူးလာလေသည်။


ဒေါက်တာဘမော်နှင့် ဗန္ဓုလဦးစိန်၏ ခြံအကြားတွင် အရေးအကြောင်းဆက်သွယ်ရန် လျှိုပုံစံ လုပ်ထားသော မလွယ်ပေါက်တစ်ခုရှိသည်။


ဘဘိုး က သေနတ်ဖြင့် လျိုအတွင်း ဆင်းလိုက်သည်နှင့် သူ့မျက်နှာအား သံမူလီခေါင်းတပ် ဇာဝီတုတ် ဖြင့် ဖြတ်ရိုက်ခြင်းခံလိုက်ရလေသည်။


ဘဘိုး၏ နှာခေါင်းမှ သွေးများလျှံထွက်လာပြီး နောက်သို့ ဟန်ချက်ပျက်ကာ လန်ကျသွား၏။




အခန်း(၃၂)


……………..


လန်ကျသွားသော ဘဘိုး ၏ ခေါင်းကို အနောက်ဘက်မှ ရောက်နေသော ထွန်းရင်က အဝတ်အိတ်အမဲဖြင့် စွပ်ကာ အုပ်ကိုင်ထားလိုက်သည်။


ဘဘိုး ကား သတိရှိသူဖြစ်သည့်အတွက် လက်ထဲမှ ခြောက်လုံးပြူးမှာ လွတ်ကျမသွား။


ဖိုးတုတ်က ခြောက်လုံးပြူးကို ဝင်အလုပ်တွင် ဘဘိုးက ခြေထောက်ဖြင့် ရမ်းကန်လိုက်သဖြင့် ခလုတ်တိုက်ပြီး ဘဘိုးပေါ် ဖိုးတုတ် လဲကျသွား၏။


ဘဘိုးနောက်မှ ထွန်းရင်လည်း ပက်လက်အနေအထားဖြင့် လဲကျသွားသည်။


ထွန်းရင်က ဘဘိုး၏ ခန္ဓာဖြင့် ပိနေသော်လည်း ဘဘိုး၏ မျက်နှာကို အုပ်ထားသော အဝတ်မဲကို အားဖြင့် ခပ်တင်းတင်း ဖိထားသည်။


ဘဘိုးမှာ အော်သော်လည်း အဝတ်ဖြင့် အုပ်ထားသဖြင့် ဝူးဝူးဝါးဝါးအသံလုံးသာ ထွက်လာလေသည်။


ဖိုးတုတ်က ဘဘိုးကို အပေါ်မှ ခွကာ ဘဘိုး လက်ထဲမှ ခြောက်လုံးပြူးကို အတင်းလုသည်။ဘဘိုးကလည်း ခြောက်လုံးပြူးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ရုန်းကန်နေသည်။


ဖိုးတုတ်က ညာဘက်လက်က သေနတ်ကိုလုနေရင်း ဘက်ဘက်မှ ဇာဝီတုတ်ကို ကိုင်ကာ ဘဘိုး၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။ သို့သော် အနီးကပ်ရိုက်ရခြင်းဖြစ်သဖြင့် ဇာဝီတုတ်မှာအားသိပ်မပါ။


ထွန်းရင်က ဘဘိုး၏ မျက်နှာကို အဝတ်နက်ဖြင့် အုပ်ရင်း ခပ်တင်းတင်းဆွဲဖိထားရာမှ အားနေသော ပါးစပ်ဖြင့် သူ့ ဘဘိုး၏ ညာဘက်ပါးနေရာကို မှန်းပြီး အသားကုန်ကိုက်ခဲထားလေသည်။


ဘဘိုးမှာ နာကြင်လွန်းသဖြင့် တဝူးဝူး အော်ကာ ရုန်းကန်နေ၏။


လက်က သေနတ်ကိုမူ အလုမခံပဲ ခပ်တင်းတင်းကိုင်ထား၏။


ဖိုးတုတ်မှာ ကျန်းမာရေးထိခိုက်ထားချိန်ဖြစ်သဖြင့် ယခင်ကလောက် ခွန်အားမရှိတောပေ။ အားကောင်းမောင်းသန်လူငယ်ဖြစ်သော ဘဘိုး လက်မှ သေနတ်ကို မနည်းလုနေရသည်။


ထိုအချိန်တွင် ဘဘိုးလက်မှ ခြောက်လုံးပြူးသေနတ်သည် ဒိန်းခနဲ ကျည်ထွက်သွားပြီး ဖိုးတုတ် ဘေးသို့ လွင့်ကျသွား၏။


ထွန်းရင်မှာ ဖိုးတုတ် လွင့်ကျသွားသည်ကို ကြည့်ပြီး သူ့အပေါ်တွင် ပိနေသော ဘဘိုး၏ ခန္ဓာကိုယ်ကို အားဖြင့် ဘေးသို့တွန်းလှဲလိုက်သည်။


သေနတ်သံကြားသဖြင့် ဒေါက်တာဘမော်အိမ်တွင် ဗျာများလျက်ရှိသော စစ်သားများ ပြေးလာကြသည့် ခြေသံကို ကြားလိုက်ရသည်။


"ထွန်းရင်..ပြေးတော့"


ဖိုးတုတ်က သူ့ပုခုံးကို အုပ်ကိုင်ရင်း နောက်ဖေးဘက်သို့ ထွက်ပြေးသည်။


ဘဘိုးမှာ ခြောက်လုံးပြူးကိုတင်းတင်းဆုပ်ကိုင်လျက် မျက်နှာမှ အဝတ်အမဲကြီးကို ဆွဲချွတ်နေသည်။


ထွန်းရင်က ဘဘိုးကို တွန်းလိုက်စဉ် အဝတ်အိတ်ထဲမှ ကျလာသော တစ်စုံတစ်ခုကို ကောက်ယူကာ အိတ်ထဲထည့်ပြီး အိမ်အရှေ့ခြံစည်းရိုးဆီသို့ ပြေးထွက်သွားလေတော့သည်။


ခဏအကြာတွင် လျှိုထဲသို့ ဘီအိုင်အေစစ်သားများ ရောက်လာကြသည်။


ဘဘိုးမှာ ခြောက်လုံးပြူးကို တစ်ဖက်က ကိုင်ကာ လက်တစ်ဖက်က သွေးများ တဗွက်ဗွက်ထွက်နေသည့် ညာဘက်နားကို အုပ်ကိုင်ထားသည်။


"အား..ငါ့..နားရွက်တစ်ဖက်…ငါ့နားရွက်တစ်ဖက်.. မရှိတော့ဘူး"


ဘဘိုးက နာကြင်စွာ အော်ဟစ်ရင်း ထွန်းရင် ကိုက်ဖြတ်သွားခဲ့သော သူ့နားရွက်ကို အမှောင်ထဲတွင် သွေးရူးသွေးတန်းဖြင့် လိုက်ရှာနေလေသည်။


သို့သော် ရှာမတွေ့။


………………………………………………………………………………………………


ဒေါက်တာဘမော် ၏ အိမ်သို့ ဂျပန်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကဝါဘီ နှင့် ဗိုလ်ချုပ်အီစာမူရာတို့ ရောက်လာကြသည်။


ဒေါက်တာဘမော်ကို တောင်းပန်ကြပြီးနောက် အမှုကို ပေါ်အောင်စစ်ဆေးပေးမည်ဟု ကတိပေးပြီး ပြန်သွားကြသည်။


လမ်းတွင် ကဝါဘီက ဗိုလ်ချုပ်အီစာမူရာကို အကြီးအကျယ်ဒေါသထွက်ကာ ကြိမ်းမောင်းတော့သည်။


ယာကူဇာဂိုဏ်းဝင် တစ်ဦးဖြစ်သော စင်ကာပူအခြေစိုက် ဂျပန်အရံတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အဆာဟိ နှင့် လမ်းမဘက်ထွက်ပြေးသွားသော မောင်မောင်တို့ကို လက်ရဖမ်းဆီးရမိ၏။


ဒေါက်တာဘမော်၏ အိမ်အနောက်ဖက် လမ်းမပေါ်တွင် လမ်းပျောက်နေသော တမိုးဒါးကိုလည်း ဂျပန်ကင်ပေတိုင်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။


ဒေါက်တာဘမော် အား လုပ်ကြံမှုသည် နောက်တစ်နေ့တွင် ဂျပန်စစ်ဘက်ဆိုင်ရာနှင့် ဗမာပြည်အစိုးရအဖွဲ့အကြား လှုပ်ခတ်သွား၏။


မြန်မာပြည်ဆိုင်ရာ ဂျပန်သံအမတ်ကြီး ဆာဝါဒါးသည် ဂျပန်ပြည်သို့ လေယာဉ်ဖြင့်အသွားတွင် ထိုသတင်းကြားသဖြင့် ယိုးဒယားမှ ချက်ချင်းပြန်လှည့်လာသည်။


ထို့နောက်အမှုအခြေအနေကို အသေးစိတ်စစ်ဆေးပြီးနောက် ဂျပန်သို့ သွားကာ ဂျပန်အစိုးရ နှင့် နန်းတွင်းသို့ သတင်းပို့လိုက်လေတော့သည်။


ဂျပန်ဘုရင်တင်နော်ဟေကာ မှာ ထိုသတင်းကို ကြားကြားချင်း နန်းရင်းဝန်တိုဂျိုမှ တဆင့် ဒေါက်တာဘမော်ထံ ဝမ်းနည်းကြောင်းနှင့် လုပ်ကြံသူဂျပန်တို့၏ လုပ်ရပ်ကို ပြစ်တင်ရှုံ့ချကြောင်း သဝဏ်လွှာ ပေးပို့လိုက်လေသည်။


လုပ်ကြံမှုကို ကြိုးကိုင်သူ ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီမှာ အကြပ်ရိုက်နေပြီဖြစ်သည်။


ဗိုလ်ချုပ်အီဆာမူရာ ၏ တပည့်ဖြစ်သူ ဂျပန်လူမျိုး အဆာဟိ နှင့် တမိုးဒါးတို့မှာ ယာကူဇာများဖြစ်သည့်အတွက် ဂိုဏ်စည်းကမ်းအတိုင်း မိမိတို့ကို မည်သူက လုပ်ကြံခိုင်းကြောင်း တလုံးတပါဒမှ ထွက်ဆိုမည်မဟုတ်သည်ကို ယုံကြည်သည်။


လမ်းမတော်ဖိုးတုတ်၏ တပည့် မောင်မောင်ကိုမူ သူစိတ်မချ။


မောင်မောင်မှာ အီစာမူရာနှင့် တိုက်ရိုက်မတွေ့ဖူး။ ဖေဖော်ဝါရီ ၅ ရက်နေ့ကလုပ်သည့် အစည်းအဝေးတွင် အော်စေကိုးနှင့်သာ တွေ့ခဲ့ဖူးသည်။ အော်စေးကိုး ကိုလည်း ဘယ်သူဘယ်ဝါမှန်း မောင်မောင်သိမည်မဟုတ်။


သို့သော် မောင်မောင်က လမ်းမတော်ဖိုးတုတ်ခိုင်းသဖြင့်လုပ်ရပါသည်ဆိုလျှင် ကင်ပေတိုင်က ဖိုးတုတ်ကို သွားရောက်ဖမ်းဆီးတော့မည်။


ဖိုးတုတ်ကို ဗိုလ်ချုပ်အီစာမူရာကိုယ်တိုင်က တွေ့ဆုံပြီး လုပ်ကြံရေးကိစ္စစေခိုင်းခဲ့ခြင်းဖြစ်သဖြင့် လုပ်ကြံမှုကို ဂျပန်အမှတ်(၁၅)တပ်မတော်က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်၏။


ထို့ကြောင့် ဗိုလ်ချုပ်ကြီး ကဝါဘီက အခြားသူများ ဖိုးတုတ်ကို ဖမ်းမမိခင်တွင် ဂျပန်စစ်တပ်မှ ဦးအောင် လက်စတုံးဖျောက်ဖျက်ပစ်ရန် အီစာမူရာအား အမိန့်လှမ်းပေးတော့သည်။


……………………………………………………………


ဒေါက်တာဘမော်ကိုလုပ်ကြံမှုမအောင်မမြင် ဖြစ်ပြီးသည့်နောက် လမ်းမတော်ဖိုးတုတ် သည် ပုခုံးတွင် သေနတ်ရှပ်ထိသော ဒဏ်ရာဖြင့် မော်တော်ကားဆီသို့ ရောက်အောင်ပြေးလေသည်။


ထို့နောက် ကားပေါ်သို့ တက်ကာ လက်တစ်ဖက်ဖြင့် ကားကို ထိန်းမောင်းပြီး ဆယ့်လေးလမ်းအိမ်သို့ ပြန်သွား၏။


ဖိုးတုတ်က အိမ်တံခါးသော့ဖွင့်ပြီး အထဲသို့ ဝင်ကာ အပေါ်ထပ်မှ ဆေးသေတ္တာကို သွားယူသည်။


ထိုအချိန်တွင် အိမ်ဝမှ အသံကြားသဖြင့် ဖိုးတုတ်က ပြတင်းပေါက်မှ အသာထွက်ကြည့်လိုက်သည်။


ထွန်းရင်။


"ဟေ့ကောင်..ထွန်းရင်..တံခါးကို ပိတ်ပြီး အထဲကနေ သော့ခတ်ခဲ့"


ထွန်းရင်က အိမ်တံခါးရော၊ ခြံဝန်းတံခါးကိုပါ သော့ပိတ်ပြီး အိမ်ပေါ်သို့ တက်လာသည်။


"ကိုကြီးဖိုးတုတ်..တော်တော်ထိသွားတာလား"


"ပုခုံးစွန်းကို ဖောက်ထွက်သွားတာကွ..ငါ့ကို ပတ်တီးလေးစည်းပေးပါဦးကွာ..သွေးတွေက ထွက်နေတုန်းပဲ"


ဘဘိုးဖြစ်လိုက်သော ကျည်ဆံက ရှပ်မှန်သည်ဆိုသော်လည်း ပုခုံးနှင့် လက်မောင်းရင်းကြားမှ အရိုးကို ဖောက်ထွက်သွားခြင်းဖြစ်သဖြင့် သွေးများက တစိမ့်စိမ့်ထွက်နေဆဲပင်။


ထွန်းရင်က ဖိုးတုတ် ၏ ဒဏ်ရာကို ပတ်တီးဖြင့် စည်းပေးနေသည်။


ထိုအချိန်တွင် အိမ်ရှေ့သို့ ကားတစ်စီး ဆိုက်လာသံကြားရသည်။


ထွန်းရင်က ဟထားသော ပြတင်းတံခါးမှ အသာသွားချောင်းလိုက်သည်။


ဂျပန်သုံးယောက်က သေနတ်ကိုယ်စီကို အသင့်အနေအထားကိုင်လျက် ဖိုးတုတ်၏ ခြံထဲသို့ ဝင်လာနေကြသည်။


"ကိုကြီးဖိုးတုတ်..အပြင်မှာ ဂျပန်သုံးကောင်၊ ကားပေါ်မှာလည်း နောက်ထပ် သုံးကောင်လောက်ပါသေးတယ်"


"ထွန်းရင်..ဒီအချိန်မှာ ငါတို့ အဖမ်းခံလို့မရဘူး..နောက်ဖေးကနေ ပြေးစို့"


ဖိုးတုတ်နှင့် ထွန်းရင်က အိမ်အောက်သို့ ဆင်းကာ နောက်ဖေးပေါက်သို့ ပြေးကြသည်။ ရှေ့မှ ဂျပန်များက အိမ်တံခါးကို သေနတ်ဒင်ဖြင့် ထုဖျက်နေသံကြားရ၏။


အိမ်အနောက်ဘက်သို့ ရောက်သောအခါ ခြံစည်းရိုးအတိုင်း ပုန်းကွယ်ပြီး ဆယ့်ငါးလမ်းဘက်သို့ ပြေးရန် ထွက်လိုက်စဉ် ရိုင်ဖယ်ကိုင်ထားသော ဂျပန်တစ်ယောက်က ဘတ်နက်ဖြင့် ဖိုးတုတ်၏ လည်မြိုကို ထောက်ထားလေတော့သည်။


ထွန်းရင်က သူ့လက်အောက်တွင် ဖိမိထားသော အင်္ဂတေပြားဖြင့် ဂျပန်၏ မေရိုးကို ပင်ထုလိုက်ပြီး ဝင်လုံးလိုက်သည်။


"ကိုကြီး ပြေးတော့..ပြေးတော့"


ဖိုးတုတ်က ဆယ့်ငါးလမ်းအတိုင်း ကမ်းနားလမ်းသို့ ပြေးသည်။


ကမ်းနားလမ်းပေါ်တွင်လည်း ၈ျပန်စစ်ကားတစ်စီးက ပိတ်ရပ်ကာ ရှာဖွေနေကြသောကြောင့် ဖိုးတုတ်သည် ဆယ့်ငါးလမ်းထိပ်ဘက်ရှိ ဗုံးဒဏ်ကြောင့် တဝက်တပျက်ပြိုကျနေသာ တိုက်ပျက်ကြီး ထဲသို့ ဝင်ခိုနေလိုက်တော့သည်။


ထွန်းရင်က ဂျပန်ထံမှ ရိုင်ဖယ်ကို လုကာ လှံစွပ်ဖြင့် ထိုးသတ်လိုက်သည်။


ထို့နောက်..ဒါလဟိုဇီလမ်းဘက်သို့ ပြေးကာ အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။


နောက်တစ်နေ့ နံနက်။


လမ်းမတော်ဖိုးတုတ် ၏ အိမ်ပတ်ချာလည်တွင် ဗိုလ်ချုပ်အီဆာမူရာ၏ အဖွဲ့များက စောင့်ကြည့်နေကြသည်။


ကမ်းနားတစ်လျှောက် လှေဆိပ်များတွင်လည်း ပုသိမ်ညွန့်ဘဘိုး၏ လူများက ဖိုးတုတ်၏ ဓာတ်ပုံကို ကိုင်လျက် လူဝင် လူထွက်စောင့်ကြည့်နေကြ၏။


ဆိပ်ကြီးဘက်သို့ ကူးရန် ထွက်လာသော ဖိုးတုတ်မှာ ပုသိမ်ညွန့်ဘဘိုး နှင့် သူ့လူများ ကို လှေဆိပ်တွင် တွေ့ရသဖြင့် ပြန်လှည့်လာခဲ့တော့သည်။


ဖိုးတုတ်၏ လက်မောင်းမှ ဒဏ်ရာကလည်း ဆောင်းရာသီမို့ တဆစ်ဆစ်ကိုက်ခဲနေလေသည်။


ဗိုလ်ချုပ်အီဆာမူရာ ၏ လူများ၊ ပုသိမ်ညွန့်ဘဘိုး၏ လူများက လမ်းမတော်ဖိုးတုတ်အား ရန်ကုန်မြို့အနှံ့ ဖိုးတုတ်ကို မွှေနှောက်ရှာဖွေနေကြ၏။


ဖိုးတုတ် ကား ပြေးပေါက် ပိတ်နေချေပြီ။


…………………………………………………………………………………………………..


ဒေါက်တာဘမော်ကို လုပ်ကြံရန်ကြိုးပမ်းမှုတွင်ပါဝင်သော အဆာဟိ၊ တမိုးဒါး၊ မောင်မောင် တို့ကို ဂျပန်စစ်ခုံရုံး က စစ်ဆေးသည်။


ဂျပန်စစ်ဘက်က အမှုကို အမြန်စီရင်သည်။


အမှုတွင်ပါဝင်သော အဆာဟိ ကို ထောင်ဒဏ်(၁၅)နှစ်၊ တမိုးဒါးကို ထောင်ဒဏ် ()နှစ် ချမှတ်ပြီး စင်ကာပူသို့ လွှဲပြောင်းပေးခဲ့သည်။ စင်ကာပူအရောက်တွင် ထောင်ဒဏ်များကို ပယ်ဖျက်ပြီး အမှုမှ ပလပ်ပစ်လိုက်သည်။


မောင်မောင် ကိုကား အခင်းဖြစ်စဉ်တွင် မည်သည့်အမှုမှ မကျူးလွန်ပဲ စကားပြန်လိုက်လုပ်ပေးခဲ့ခြင်းသာဖြစ်သည် ဟု ဆိုကာ အမှုမှ တရားသေလွှတ်လိုက်၏။


ယင်းသည်လည်း ဗိုလ်ချုပ်အီစာမူရာ၏ အကြံအစည်ပင်ဖြစ်သည်။


မောင်မောင်ကို လွှတ်ပေးလိုက်လျှင် မောင်မောင်သူ သူ့ဆရာဖိုးတုတ် ထံ သေချာပေါက်သွားမည်ဟု အီစာမူရာက တွက်သည်။


ထို့ကြောင့် မောင်မောင့်ကို လွှတ်ပေးကာ မောင်မောင်နောက်မှ ဂျပန်နှစ်ယောက်ကို စောင့်ကြည့်နေစေတော့သည်။


မောင်မောင်က အချုပ်မှ လွတ်သည့်အခါ ဆယ့်လေးလမ်းရှိ ဖိုးတုတ်၏ နေအိမ်သို့သွားသည်။ အိမ်တံခါးများ ပိတ်ထားသည့်အခါ သူ့ငှားရမ်းနေထိုင်သည့် သိမ်ကြီးဈေးနောက်ဖက်မှ အခန်းသို့ ပြန်သွားသည်။


ဂျပန်များက မောင်မောင့်အိမ်ကို စောင့်ကြည့်နေကြသည်။


နောက်တစ်နေ့တွင် မောင်မောင်သည် ထောင်ကြီးဝန်းအတွင်းရှိ ဘိန်းခန်းသို့ သွားသဖြင့် ဂျပန်များ လိုက်ရပြန်သည်။


အပြန်တွင် ဂျပန်များ က တကောက်ကောက်ပါလာ၏။


နောက်တစ်ရက်တွင်လည်း မောင်မောင်သည် ထောင်ကြီးဝန်းရှိ ဘိန်းခန်းသို့ သွားပြန်သည်။


ဂျပန်များက မောင်မောင်နေ့တိုင်းသွားနေသော ဘိန်းခန်းတွင် ဖိုးတုတ် ပုန်းနေနိုင်ကြောင်း အော်စေးကိုးထံ သတင်းပို့သည်။


အော်စေးကိုး ကိုယ်တိုင် ကားဖြင့် ရောက်လာပြီး ဂျပန်စစ်သားငါးယောက်နှင့်အတူ ဘိန်းခန်းထဲသို့ ရုတ်တရက် ဝင်ချလာသည်။


မောင်မောင်ဝင်သွားသည် ဆိုသောအခန်းတွင်းသို့ ဝင်လိုက်သည့်အခါ မောင်မောင့်ကို မတွေ့ရတော့။


ဘိန်းပြောင်းကို ပိုက်လျက် လည်ပင်းတွင် ဓားထိုးခံရသည့်ဒဏ်ရာဖြင့် သေအံမူးမူးအကြောဆွဲနေသော တရုတ်လူမိုက် အဖတ် ကိုသာ တွေ့လိုက်ရတော့သည်။


……………………………………………………………………………………….


ကြည့်မြင့်တိုင်သာဓုကျောင်းတိုက်။


နေ့ဆွမ်းစားပြီးချိန်မို့ အချို့ဘုန်းတော်ကြီးများက စာကြည့်နေကြပြီး အချို့က တရေးတမောကျိန်းစက်ရန် ပြင်ဆင်နေကြသည်။


ကပ္ပိယအိုကြီးမှ ဆွမ်ကျန်များကို ရောနယ်ကာ ကျောင်းဘေးရှိ ခွေးသားအုပ်မကြီးကို ချကျွေးနေ၏။


ထိုအချိန်တွင် ယိုင်ထိုးနေသောလူတစ်ယောက် ကျောင်းရှေ့သို့ ရောက်လာသည်။


"ဆရာတော်ကြီး..ရှိလား"


လမ်းပင် အနိုင်နိုင်လျှောက်နေရသော ထိုသူ၏ အသံက တိုးတိမ်လွန်း၏။


ကပ္ပိယကြီးက ထိုလူကို သေချာကြည့်လိုက်သည်။


ဖြူဖက်ဖြူလျော်ဖြစ်နေသောနှုတ်ခမ်းများက တဆတ်ဆတ်တုန်ရီနေသည်။


မျက်တွင်းများက ချောင်ကျနေပြီး ပါးရိုးက ငေါထွက်နေတော့သည်။


ပခုံးနှင့်လက်မောင်းကြားတွင် သွေးစများဖြင့် ခြောက်ကပ်နေသော ညစ်ထပ်ထပ် ပက်တီးစ။


"ခင်ဗျား.ဦးဖိုးတုတ်..မဟုတ်လား..ဟာ..ဘယ်လိုဖြစ်လာတာလဲဗျာ"


"ဆရာတော်ကြီးဆီ ပို့ပေးပါဗျာ"


ကပ္ပိယကြီးက ဖိုးတုတ်ကို တွဲလိုက်သည်။


"ဟာ..တစ်ကိုယ်လုံးလဲ ပူကျစ်နေတာပဲဗျာ..လာ..လာ..ဦးဖိုးတုတ်"


လမ်းမတော်ဖိုးတုတ်က ကျောင်းဆောင်၏ သစ်သားလှေကားပေါ်သို့ ကပ္ပိယကြီးကို တွဲခိုကာ မနည်းအားပြုတက်လာရသည်။


ကျောင်းဆောင်ပေါ်တွင် စာကြည့်နေသော ဆရာတော်က သူ့ရှေ့တွင် လက်နှစ်ဖက်ကိုထောက်လျက် မောပန်းနေသော သူကို ကြည့်လိုက်သည်။


"ကပ္ပိယကြီးက သူက ဘယ်သူတုန်းဟဲ့"


"ဦးဖိုးတုတ်လေ..ဘုရား"


"ဘယ်က ဦးဖိုးတုတ်လဲ"


"လမ်းမတော်ဆယ့်လေးလမ်းထိပ်ကလေ..ဘုရား"


"အော်..ဒကာမကြီး မသင်းမြ ယောက်ျားပဲ။ ဘယ်လိုဖြစ်တာလဲ.ဒကာကြီးရယ်..ဘယ်လိုဒုက္ခတွေများ ဖြစ်လာတာလဲ..ဒကာမကြီးရော"


လွန်ခဲ့သည့်နှစ်များက မသင်းမြတို့ မိသားစု ကထိန်ခင်းလျှင် မသင်းမြ၏ ယောက်ျား လူမိုက်ခေါင်းဆာင်ကြီးကိုဖိုးတုတ်သည် မော်တော်ကားအကောင်းစားဖြင့် တပည့်တပန်းများဝန်းရံလျက် ကျောင်းသို့ လာလေ့ရှိသည်ကို သာဓုဆရာတော် သတိထားမိသည်။


ယခုတော့ သူ့ရှေ့တွင် ညစ်ပတ်ပေရေနေပြီး အာဟာရပြတ်နေပုံရသည့် ဖိုးတုတ်ကို မြင်သည့်အခါ ဆရာတော်မှာ အံသြသွားရ၏။


"တပည့်တော်ကို ဒီကျောင်းမှာ ခဏ ခိုနေခွင့်ပြုပါ..ဘုရား"


"အေးကွယ်..ဘုန်းကြီးကျောင်းဆိုတာတော့ ဒုက္ခသည်ဆိုရင် လက်ခံထားရမှာပဲ..ဒကာကြီး ဘာဖြစ်လာတယ်..ဘာဖြစ်နေတယ်ဆိုတာကို ဘုန်းဘုန်းမမေးတော့ပါဘူး..ဒကာကြီး အဆင်ပြေသလောက်နေပါ..စားရေးသောက်ရေးကတော့ ကပ္ပိယကြီးနဲ့အတူတူပဲ စားသောက်ပေါ့"


"တင်ပ..ဘုရား..ကျေးဇူးကြီးပါတယ်..ဘုရား"


"ဦးဖိုးတုတ်က ဖျားလည်း ဖျားနေပါတယ်..ဘုရား"


"ဒါဆို ဦးဇင်းသုမန ဆီ ခေါ်သွား။ သူက ဗိန္ဓောလေးဘာလေး ကျွမ်းကျင်တယ်။ စောင့်ရှောက်ပေးလိုက်ပါကွယ်။ တို့ဒကာ ၊ ဒကာမတွေပဲ"


ကပ္ပိယကြီးက ဖိုးတုတ် အား ဖေးမကာ ထူလိုက်သည်။ ဖိုးတုတ်၏ ပခုံးဆီမှ အနာသည် ရင်းလျက်ရှိပြီး ပြည်ပုတ်များဖြင့် အနံ့ပင်ထွက်နေသည်။


လမ်းမတော်ဖိုးတုတ် သည် သူ့အားအသည်းအသန်ရှာဖွေနေကြသော ဂျပန်စစ်ဘက်နှင့် ပုသိမ်ညွန့်ဘဘိုး ၏ လူများကို ရန်ကုန်မြို့တွင်း နှစ်ရက်တိတိ ရှောင်ပုန်းခဲ့ရသည်။


ဂျပန်စစ်ဘက်နှင့် နေပြည်တော်ရဲများကလည်း လမ်းမတော်ဖိုးတုတ် နှင့် ပတ်သက်ခဲ့သော တပည့်များ၊ လူမိုက်များကို မြို့အနှံလိုက်လံဖမ်းဆီးနေ၏။


လမ်းမတော်ဖိုးတုတ် ဘေးနားတွင်ရှိခဲ့သည့် အခြားတပည့်များမှာလည်း ဂျပန်ရန်ကို ကြောက်သဖြင့် ရန်ကုန်မြို့ ပေါ်တွင်ပင် မနေရဲပဲ ထွက်ပြေးကုန်ကြသည်။


ထွန်းရင် သည် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ ဘလုတ်ညွန့်မှတဆင့် ဆိပ်ကြီးရွာသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။


စံဘက ဆိပ်ကြီးရွာတွင် ရောက်နှင့်နေ၏။


ရန်ကုန်ဘက်ကမ်းသို့ ကူးလာရန်လည်း လမ်းမတော်ဖိုးတုတ်နှင့် ပတ်သက်သမျှကို ဂျပန်စစ်တပ်ရော၊ အစိုးရလက်အောက်ခံစစ်ရဲ ကပါ လိုက်လံ ဖမ်းဆီးနေသည်။


ဘဘိုးတို့အဖွဲ့ကလည်း ဖိုးတုတ်တပည့်မှန်သမျှ အပျောက်ရှင်းသည့် စနစ်ဖြင့် ရန်ကုန်ကို သိမ်းပိုက်ထားသည်။


ထို့ကြောင့် ထွန်းရင်နှင့် စံဘ တို့မှာ ရန်ကုန်ဘက်ကူးရန်အခြေအနေကို စောင့်ကြည့်နေကြရသည်။


လမ်းမတော်ဖိုးတုတ်အတွက် စိတ်ပူနေကြသော်လည်း မောင်မောင်နှင့်အတူ လုံခြုံရာတွင် ရှိနေမည်ဟု ယူဆထားကြသည်။


မောင်မောင် ကား ပုသိမ်ညွန့်ဘဘိုးတို့၏ အစဖျောက်ခံရမည့်အရေးကို တွေးမိပြီး အဖတ်ကို ထိုးသတ်ခဲ့သည့် သက်သေခံဓားကို ကိုင်ကာ နေပြည်တော်ရဲတပ်တွင် သွားရောက်အဖမ်းခံလိုက်သည်။


လမ်းမတော်ဖိုးတုတ်ကိုယ်တိုင်လည်း ဒေါက်တာဘမော်ကဲ့သို့သော နိုင်ငံရေးသမားများအပေါ် သြဇာရှိသည် သာဓုကျောင်းဆရာတော်ထံတွင် ဆေးကုကာ ကိုယ်ယောင်ဖျောက်နေရသည်။


လမ်းမတော်ဖိုးတုတ်၏ အင်ပါယာကား တစစီ ပြိုကွဲနေခဲ့ပြီဖြစ်သည်။


ပုသိမ်ညွန့်ဘဘိုးကား ရန်ကုန်၏ သရဖူကို ယူရန်အသင့်ရှိပေပြီ။


သို့သော် လမ်းမတော်ဖိုးတုတ် ပျောက်နေခြင်းက သူ့အတွက် နောက်ကျောမလုံသကဲ့သို့ ခံစားနေရသည်။


၁၉၄၄ မတ်၊ ဧပြီ၊ မေလ သို့ ပင် တိုင်ခဲ့ပြီ။


ဒေါက်တာဘမော်လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဂျပန်စစ်ရုံးချုပ်မှ ဗိုလ်ချုပ်အီစာမူရာ ကို အင်ဒိုနီးရှားရှိ ဝေးလံခေါင်းပါးသော ကျွန်းတစ်ခုမှ ခံတပ်စခန်းကို ပြောင်းရွေ့ပစ်ခဲ့သည်။


မြန်မာပြည်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးကဝါဘီ ကို တိုကျိုသို့ ပြန်ခေါ်လိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးတာနာကာ က စစ်ဦးစီးချုပ်အဖြစ် ရောက်ရှိသည်။


တာနာကာ သည် နိုင်ငံရေးထက် စစ်တိုက်ရေးကိုသာ စိတ်ဝင်စားသူဖြစ်သဖြင့် အိန္ဒိယကို တိုက်ခိုက်ရန်သာ ဆန္ဒစောနေ၏။


မကြာမီ မြန်မာပြည်သိမ်း အမှတ်(၁၅)ဂျပန်တပ်မတော်သည် အိန္ဒိယကို သိမ်းပိုက်ရန်အတွက် မဏိပူရပြည်နယ်၊ အင်ဖာ တွင် ဗြိတိသျှတပ်များအား အကြီးအကျယ်ထိုးစစ်ဆင်နွှဲသည်။


သို့သော် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရ၏။ ကမ္ဘာစစ်ပွဲတွင်လည်း အင်အားချိန်ခွင်ညှာပြောင်းလဲသွားပြီး အင်္ဂလိပ် -အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစုက အသာရနေပြီ အီတလီ - ဂျာမနီ - ဂျပန်တို့ ဝင်ရိုးတန်းနိုင်ငံများ အရှုံးကြီး ရှုံးလာနေကြသည်။


မြန်မာပြည်အထက်ပိုင်းတွင် မဟာမိတ်ဗိုလ်ချုပ် ဝင်းဂိတ်၏ တပ်များက တဖြည်းဖြည်း ရှေ့တိုးလာကြသည်။


ဂျပန်တို့သည် စစ်ပွဲကို နောက်ဆုံးအနေဖြင့် ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။


ဗိုလ်ချုပ်အီစာမူရာမရှိတော့သဖြင့် လမ်းမတော်ဖိုးတုတ် ကို ရှာဖွေခြင်း ကိစ္စ တစ်ခန်းရပ်သွားသည်။


ပုသိမ်ညွန့်ဘဘိုး သည် ရန်ကုန်လူမိုက်လောက၏ ဘုရင်ဖြစ်လာသည်။


သို့သော်ငြား သူဘုရင်ဖြစ်လာချိန်တွင် ရန်ကုန် ကား ဆင်းရဲမွဲတေမှုများ၊ ငတ်ပြတ်မှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။


အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်သဖြင့် လမ်းမတော်ဖိုးတုတ်၏ ညီ ဘသိန်း၊ မိခင်ကြီး ဒေါ်ချစ်ပု၊ ထွန်းရင် ၊ စံဘ၊ ချောရင် တို့သည် မသင်းမြ နှင့်အတူ ရန်ကုန်သို့ ပြန်လာရန် ပြင်ဆင်နေကြပြီဖြစ်သည်။


…………………………………..


၁၉၄၄ မေလ ၂ ရက်နေ့။


မုတ်သုန်ကို ကြိုဆိုလိုက်သည့် မေဦးမိုး က တဖွဲဖွဲကလေး ကျနေသည်။


သာဓုကျောင်းအောက် အခန်းလေးဆီမှ ချောင်းသံတဟွတ်ဟွတ် ကလည်း မိုးသံတဖျောက်ဖျောက်နှင့် အပြိုင်။


ဦးဖိုးတုတ် ကား ဦးဇင်းကြီးသုမနကျေးဇူးဖြင့် ပုခုံးကျည်မှန်အနာ ပျောက်ကင်းသွားသော်လည်း တီဘီရောဂါ စွဲကပ်နေပေပြီ။


နှစ်ပေါင်းများစွာ သောက်လာသည့် အရက်ဒဏ်ဖြင့် အသဲခြောက်ရောဂါကိုလည်း ခံစားနေရကာ အိပ်ရာထဲ လဲလျောင်းနေရသည်။


သာဓုကျောင်းဝန်းထဲသို့ ကားတစ်စီး ဝင်လာသည်။ကားပေါ်မှလူသုံးဦးဆင်းလာသည်။


ကပ္ပိယကြီးက ဖိုးတုတ်အတွင် ကြိုထားသော ဆန်ပြုတ်ကို သပိတ်ထဲထည့်ကာ ကျောင်းအောက်သို့ ဆင်းလာ၏။


"ဦးလေး..ဒီကျောင်းမှာ လမ်းမတော်ဖိုးတုတ် ရှိတယ်ဆို..ကျွန်တော်တို့ သူ့မိတ်ဆွေတွေပါ"


"သြော်..လာပါ..လာပါ..ဒီအောက်ထပ်မှာ..ဦးဖိုးတုတ်ရှိပါတယ်"


ကပ္ပိယကြီးက ဖိုးတုတ် လှဲနေသည့် အခန်းသို့ ခေါ်သွားသည်။


"ဆန်ပြုတ်ရပါပြီ..ဦးဘိုးတုတ်"


ကပ္ပိယကြီးက ဆန်ပြုတ်သပိတ်ကို ဖိုးတုတ်နဘေးတွင် ချပေးလိုက်သည်။


ဖိုးတုတ်က ဆန်ပြုတ်သောက်ရန် ထလိုက်စဉ် ကပ္ပိယကြီးနောက်တွင်ပါလာသော ပုသိမ်ညွန့်ဘဘိုး နှင့် သူ့တပည့်နှစ်ဦး ကို မြင်လိုက်ရလေတော့သည်။





အခန်း(၃၃)


…………….


ဘဘိုး က ဖိုးတုတ် အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်နေသော ဖိုးတုတ်ကို သေချာကြည့်လိုက်သည်။


"တကယ်ပဲ…လမ်းမတော်ဖိုးတုတ်ကြီးကိုဗျ…ရန်ကုန်တစ်မြို့လုံးက ကြောက်ရတဲ့ လူမိုက်ကြီး..ရန်ကုန်ရဲ့ ဘုရင်ကြီး..သြော်..အခုတော့လည်းဗျာ..သနားတောင် သနားမိပါရဲ့"


ဖိုးတုတ်က အံကိုကြိတ်ပြီး ဘဘိုး ကို ခပ်တင်းတင်း ကြည့်လိုက်သည်။


ခန္ဓာကိုယ်တစ်ခုလုံး ရောဂါဘယများဒဏ်ကြောင့် ပိန်လှီနေသော်လည်း ဖိုးတုတ်၏ အကြည့်များကတော့ စူးစူးရဲရဲရှိလှသဖြင့် ဘဘိုး ဖြင့် ရွံ့တွန့်တွန့် ဖြစ်သွား၏။


"ငါ့ကို သတ်ဖို့လာတာမဟုတ်လား..ဘဘိုး..ဒီဘုန်းကြီးကျောင်းထဲတော့ မလုပ်ပါနဲ့ကွာ..ဒီကျောင်းက ငါ့ကို ဆေးကုပေး၊ ကျွေးမွေးပေးထားတာ၊ တော်ကြာ ငါ့အလောင်းကြီးကြောင့် ဘုန်းကြီးတွေ စိတ်ညစ်ကုန်ပါမယ်.. ကဲ..ဘယ်မှာ သတ်ချင်လဲပြော..ငါလိုက်ခဲ့မယ်"


"ဟား..အခုတော့လည်း တယ်လည်း သေချင်နေပြီပေါ့လေ..သေရမှာပါ..သေရမှာပါ..ဒါပေမယ့်.ဒီမှာကြည့်စမ်း.. ခင်ဗျားတပည့်တွေလက်ချက်နဲ့ ကျုပ်ဘာဖြစ်ခဲ့လဲဆိုတာ"


ဘဘိုးက ဆံပင်ဖြင့် အုပ်ထားသော သူ့ညာဘက် နားရွက်နေရာကို လှန်ပြလိုက်သည်။


နားရွက်မရှိပဲ နားပေါက်ဟောင်းလောင်းသာရှိသည်။


"ဖိုးတုတ်ကြီး..ဖိုးတုတ်ကြီး…ဟိုးတုန်းကလည်း ခင်ဗျားတပည့်တွေကပဲ ကျုပ်သွားတွေကို ရိုက်ချိုးခဲ့တယ်၊ ဟော့..အခုလည်း ခင်ဗျားတပည့်လက်ချက်နဲ့ ကျုပ်နားရွက်တစ်ဖက် ပေးခဲ့ရပြန်တယ်။ အဲ့ဒါတွေကို တစ်ခုချင်းစီ အကြွေးပြန်ယူပြီးမှ ခင်ဗျား သေခွင့်ရမှာ..စိတ်ပူမနေနဲ့"


ဖိုးတုတ်က ဘဘိုး ကို ကြည့်ကာ ပြုံးလိုက်သည်။


"ဘဘိုး..မင်းဟာမင်း ငါ့ကို နားရွက်ပဲဖြတ်ဖြတ်၊ မျက်လုံးပဲဖောက်ဖောက် ငါက မင်းကို ကြောက်သွားမယ် ထင်လို့လားကွ…ငါမှတ်မိပါသေးရဲ့ကွာ…ဂန္ဓမာ မင်္ဂလာဆောင်တဲ့ညကပေါ့..သင်္ဘောပေါ်မှာ သေရမှာကို ကြောက်နေတဲ့ မင်းမျက်လုံးတွေ၊ လမ်းမတော်ဖိုးတုတ်နဲ့ သူ့သူငယ်ချင်း ဂန္ဓမာသောင်းရီ လက်ထဲမှာမို့ သွေးပျက်နေတဲ့ မင်းမျက်လုံးတွေကို ငါ အရသာခံပြီး ကြည့်ခဲ့တာကွာ..သိပ်အရသာရှိတာပေါ့..အေး..မင်းကတော့ ငါ့ဆီကနေ အဲ့ဒီလို အရသာဘယ်တော့မှ ရမှာမဟုတ်ဘူး..ဘာလို့လဲဆိုတော့ ငါက မင်းကိုလည်းမကြောက်ဘူး..သေရမှာကိုလည်း မကြောက်လို့ပဲကွ"


"ဟာ..ဒီငါလိုးမသားကြီးတော့ သေခါနီးတောင် စကားများနေတယ်..ဟေ့ကောင်တွေ ဒီကောင်ကြီးကို ဆွဲပြီး ကားပေါ်တင်ကွာ"


ဘဘိုး၏ တပည့်နှစ်ဦးက ရှေ့တိုးလာကြသည်။


"ဒကာတို့ ဒါ ဘုန်းဘုန်းကျောင်းကို လာမှီခိုနေတဲ့ ဧည့်သည်ပါ။ ဘယ်ကို ခေါ်သွားကြမလို့လဲ"


သာဓုဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများက နောက်မှ ရောက်လာသဖြင့် ဘဘိုး တို့ လက်အုပ်ချီလိုက်ကြသည်။


"ဒီလူက လမ်းမတော်ဖိုးတုတ်ဆိုတဲ့ လူမိုက်ကြီးပါ..ဦးဇင်း..တပည့်တော်တို့က သူ့ကို အပြစ်ပေးဖို့ လာဖမ်းတာပါ"


"အပြစ်ပေးဖို့ လာဖမ်းရအောင်..ဒကာတို့က ပုလိပ်ဘက်ကလား"


''မဟုတ်ပါဘူး..ဘုရား..တပည့်တော်တို့က အဓိပတိကြီးဒေါက်တာဘမော်ရဲ့ လူတွေပါ"


"သြော်..ဒကာကြီး ဘမော်လူတွေကို..ဒကာကြီး ဘမော်လူတွေက ဘာကိစ္စ ဘုန်းဘုန်းကျောင်းက ဧည့်သည်ကို အတင်းခေါ်ဖို့လုပ်နေကြတာလဲ..ဘုန်းဘုန်းနားမလည်ဘူး..ဒကာကြီးက သူ့လူတွေကို ဒီလိုပဲ ဘုန်းကြီးကျောင်းထဲ ရမ်းကားဖို့ သင်ထားသလားကွဲ့..တွေ့မှ ဆုံးမရဦးမယ်"


သာဓုဆရာတော်ကြီးသည် အဓိပတိဒေါက်တာဘမော် အပါအဝင် နိုင်ငံရေးသမားများ အားလုံးအပေါ် သြဇာညောင်းသော ဆရာတော်ကြီးဖြစ်သဖြင့် ဘဘိုး တို့ အကြပ်ရိုက်သွားကြသည်။


"အဓိပတိကို လုပ်ကြံမှုမှာ ဖိုးတုတ်ကြီးရဲ့ တပည့်တစ်ယောက်ပါနေပါတယ်..ဦးဇင်း..ဒါပြင် ဖိုးတုတ်ကြီးဟာ လူဆိုးကြီးမို့ အခြားအမှှုတွေ စစ်ဆေးဆရာလည်းရှိလို့ပါ"


"ဒီမယ်..ဒကာတို့…ခုန ကတည်းက ဘုန်းဘုန်းမေးပြီးပြီလေ..မင်းတို့က ပုလိပ်ဘက်ကလား ဆိုတာကို..ပုလိပ်ဘက်က မဟုတ်ရင် မင်းတို့နဲ့ ဒီက ဦးဖိုးတုတ်နဲ့ ဘာမှ မပတ်သက်ဘူးကွဲ့..ဦးဖိုးတုတ် မှာ မင်းပြစ်မင်းဒဏ်ရှိတယ်ဆိုလည်း ငါ့ကျောင်းက ဧည့်သည်ကို ငါကိုယ်တိုင် ပုလိပ်လက်အပ်မယ်..ဟဲ့..ကပ္ပိယကြီး..လမ်းထိပ် ရဲဌာနက ဌာနအုပ်ဦးရှိန် ကို သွားခေါ်စမ်းကွဲ့..ဒီမှာ လမ်းမတော်ဖိုးတုတ်ကြီးကို ဘယ်ကမှန်းမသိတဲ့ လူတွေ လာဖမ်းနေတယ်လို့..အဲ့ဒါ သူတို့ ဌာနကို လာအသိပေးတာလို့ပြောချေ"


ကပ္ပိယကြီးက ကျောင်းဘေးတွင် ထောင်ထားသော စက်ဘီးကို နင်းကာထွက်သွားသည်။


ဘဘိုး မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။


ယခုအခြေအနေတွင် လမ်းမတော်ဖိုးတုတ်အား ခေါ်ထုတ်သွားပြန်လျှင်လည်း ရဲတပ်အဖွဲ့က ထိုအကြောင်း ဆိုင်ရာကို သတင်းပို့တော့မည်။


ဖိုးတုတ်ကို အစဖျောက်ပစ်သည်ဆိုလျှင် ဘီအိုင်အေနှင့် အခြားနိုင်ငံရေးသမားများက အဓိပတိဒေါက်တာဘမော် ကို ထိုးနှက်စရာမေးခွန်းများ ထုတ်တော့မည်ဖြစ်သည်။


"တောက်"


ဘဘိုးက တောက်တစ်ချက်ခေါက်ကာ လှည့်ထွက်သွား၏။


ထို့နောက် ကားစက်ကို နှိုးကာ အရှိန်ပြင်းပြင်း မောင်းထွက်သွားလေတော့သည်။


ခဏအကြာတွင် ရဲရာဇဝတ်အုပ်ဦးရှိန် နှင့်ရဲတပ်သားများ ရောက်လာကြသည်။


ဦးရှိန်က ယခင်က အိတ်စပတ်တာကိုခင်မောင် ၏ တပည့်ဖြစ်သဖြင့် ဖိုးတုတ်ကို သိနေသည်။


"ကိုဖိုးတုတ်..ကျွန်တော် အကြံပေးချင်တာကတော့..ခင်ဗျား အခုချိန်မှာ ထောင်ထဲ သွားနေတာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့..ဒီအချိန် ခင်ဗျား ကျန်းမာရေးကမကောင်းတဲ့အထဲ ခင်ဗျားကို သတ်ချင်တဲ့သူတွေ ပတ်လည်ဝိုင်းနေပြီဗျ။ ကျွန်တော် ပြောတာ သဘောပေါက်လား"


ဖိုးတုတ်က ခေါင်းညိမ့်ပြသည်။


"ကျွန်တော်တို့ ပုလိပ်ပေါက်စဘဝကတည်းက ခင်ဗျားနာမည်က ကြားဖူးခဲ့တာပါ။ ခင်ဗျားကို ကျွန်တော့်ဆရာ ကိုခင်မောင် ကလည်း တကယ့်လူပဲဗျာလို့ အမြဲပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို စိတ်မရှိပါနဲ့။ ခင်ဗျားကို ဖမ်းတယ်ဆိုတာ ခင်ဗျားအတွက်ပါပဲ"


ရဲသားနှစ်ယောက်က ဖိုးတုတ်ကို တွဲထူလိုက်သည်။ ထို့နောက် လက်ကို လက်ထိပ်ခတ်လိုက်ပြီး ကားပေါ်သို့ တင်သွားကြ၏။


ကျောင်းဝန်းအတွင်းရှိ သရက်သီးများက တဖြုတ်ဖြုတ်ကြွေနေကြသည်။


မေဦးမိုးက တဖွဲဖွဲ ရွာနေဆဲ။


……………………………………………………………………………………………………


၁၉၄၄ မေလ ၉ ရက်။


"နာမည် …………..ဖိုးတုတ်


အကျဉ်းသားနံပါတ်…………၄၂၁


ပြစ်မှု………………..(……………….)"


"ဟေ့ကောင် ကျယ်ကျယ်ပြောစမ်းကွာ"


"………………….."


"ဟာ..ဒီကောင်ကတော့…..သေတော့မယ်"


ရန်ကုန်ထောင်ကြီး၏ စစ်အကျဉ်းသားများ ထားသော အဆောင်ရှေ့တွင် ကျအကျဉ်းသားများအား ပုံစံထိုင် လူစစ်နေသော ပုံစံပြမောင်နီ က လမ်းမတော်ဖိုးတုတ် အား ပြေးကန်ရန် ပြင်လိုက်သည်။


"ဟေ့ကောင်..မောင်နီ..မင်း ဘာလုပ်တာလဲ"


"ဗျာ..ကိုအုန်းဖေ..ဒီမှာ ကျသစ်တစ်ကောင် အမှုမေးတာကို စောက်ကြောတင်းနေလို့..ဗျင်းမလို့"


"သြော်..မင်းက ဗျင်းမလို့လား..ငါ့ နားလာစမ်း"


မောင်နီက အုန်းဖေ အနားသို့ အပြေးကလေးသွားလိုက်သည်။


အုန်းဖေက မောင်နီ ၏ မျက်နှာကို လက်သီးဖြင့် အားကုန်ထိုးချလိုက်ရာ မောင်နီ လဲကျသွား၏။


လဲကျသွားသော မောင်နီ ကို အုန်းဖေက ဆင့်ကာဆင့်ကာ ကန်လိုက်သည်။


"ခွေးမသား..မင်းအဆင့်နဲ့များ…လမ်းမတော်ဖိုးတုတ်ကို ဗျင်းမလို့..ဟုတ်လား..ခွေးမသား..မင်းစောက်ဆင့်နဲ့များ..မင်းက..ဟမ်"


မောင်နီမှာ ပါးစပ်ထဲမှ သွေးများပင် ထွက်ကျလာသည်။


အုန်းဖေက ပုံစံထိုင်နေသော လမ်းမတော်ဖိုးတုတ် ဆီသို့ သွားကာ လက်မောင်ကို ဖေးမလျက် ဆွဲထူလိုက်သည်။


"ဆရာရယ်…ပိန်သွားလိုက်တာဗျာ…ကျွန်တော်ဖြင့် ရုတ်တရက် မမှတ်မိဖြစ်သွားတာ ခွင့်လွှတ်ပါဆရာရယ်..ကျွန်တော့်ကို ခွင့်လွှတ်ပါ"


ဖိုးတုတ်က အုန်းဖေ ၏ လက်မောင်းကို ကိုင်ကာ ပြုံးပြလိုက်သည်။


"အေး..ငါ သေနတ်မှန်တဲ့ ဒဏ်ရော၊ တခြားရောဂါတွေနဲ့မို့ နေမကောင်းဖြစ်နေတာကြာပြီ..အုန်းဖေ"


"မောင်မောင် လည်း ရောက်နေပြီဆရာ..သူပြောပြလို့ ဆရာတို့ နဲ့ ဘဘိုးတို့ အခြေအနေတွေ ကျွန်တော် သိပြီးပြီ…ဂန္ဓမာကြီးသတင်းလည်း ကြားရတယ်…ဒီကောင်တွေကို ကျွန်တော် လွတ်တာနဲ့ သတ်မှာဆရာ"


"အေး..လောလောဆယ်..ငါ ဗိုက်ဆာတယ်ကွာ..ကြည်မြင့်တိုင်ဂါတ်က နေ ခေါ်လာကတည်းက ဘာမှ မစားရသေးဘူး"


"လာ..လာ..ဆရာ..ကျွန်တော့်အဆောင်မှာ ဆရာပြောင်းနေ..ကျွန်တော်က အခု ဒီက ထောင်မှူးအိုဟာရီဆန် ရဲ့ ရုံးမှာ အကူလုပ်နေတာ။ ဗမာအကျဉ်းသားတွေရဲ့ တန်းစီးချုပ်ပေါ့..ဆရာ"


အုန်းဖေက လမ်းမတော်ဖိုးတုတ်ကို အဆောင်အတွင်းရှိ သူ့ကုတင်မှ ခေါ်သွားသည်။


ကုတင်ပေါ်တွင် ဂုံနီအိတ်ကို နှစ်ထပ်ခင်းထားပြီး ဝါးခေါင်းအုံးလေးတစ်လုံးလည်းရှိသည်။


"ဆရာရေ..နေရာထိုင်ကင်းကောင်းကောင်းမထားနိုင်တာတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ။ ဒီခေတ်ဒီအခါ ရန်ကုန်ထောင်မှာတော့ ဂုံနီအိတ်နဲ့ အိပ်နိုင်တဲ့ကောင်က ဘုရင်ပဲ..ဆရာရေ။ ဟိုဘက် မဟာမိတ်အကျဉ်းသားတွေဆောင်က အင်္ဂလိပ်ဗိုလ်မှူးချုပ်တွေ၊ တရုတ်ဗိုလ်မှူးချုပ်တွေတောင် ကျွန်တော့်လို ဂုန်နီအိတ်နှစ်ထပ်ခင်းမအိပ်နိုင်ဘူး။ တစ်ထပ်ပဲ ခင်းအိပ်နိုင်တာ"


"ဒါနဲ့ မောင်မောင်ရောကွ"


"မောင်မောင်က ကပ်ပလီတပ်ကကောင်တွေ နဲ့ အပြင်ထွက်ပြီး ပဲတီးပင်ပေါက်သွားရောင်းတယ် ..ဆရာ..ညနေပြန်လာမှာ"


"ဘယ်လိုကွ..ပဲတီးပင်ပေါက် သွားရောင်းတယ်..ဟုတ်လား"


"ဟုတ်တယ်..ဆရာရေ..ဟိုးက ရေစင်ကြီးတွေ့လား..အဲ့ဒီရေစင်ကြီးအောက်မှာ ဂျပန်တွေက အကျဉ်းသားတွေကို ပဲတီးပင်ပေါက်ဖောက်ခိုင်းတယ်။ ပဲတီးပင်ပေါက်တွေကို မဟာမိတ်အကျဉ်းသားတွေ က ဈေးထဲ သွားပြီး ရောင်းရတယ်။ အပြင်မှာကလည်း အစားအသောက်က ရှားတယ်မဟုတ်လား..ဆရာ..အဲ့ဒါ မောင်မောင် ကတော့ ဒီမဟာမိတ်အကျဉ်းသားတွေကို စကားပြန်လုပ်ပေးရင်း ထိန်းကျောင်းပေးရတာပေါ့။ ဂျပန်ကလည်း ကျွန်တော့်လူဆိုတော့ ယုံတယ်လေ။ အခုလည်း ကပ်ပလီတစ်အုပ်နဲ့ထွက်သွားတယ်။ ပြန်လာရင် ဂျပန်ကို သုံးပုံနှစ်ပုံပြန်အပ်ပြီး တစ်ပုံကို သွားရောင်းတဲ့အဖွဲ့တွေနဲ့စိုက်တဲ့အဖွဲ့ခွဲယူပေါ့။ လိုအပ်တာလေးဝယ်လာပေါ့ဆရာရယ်''


''အော်..အဲ့ဒီလိုဆိုတော့ မဆိုးပါဘူး"


"ခဏ.ခုန ဆရာဗိုက်ဆာတယ်ဆိုတာ ကျွန်တော်မေ့ပြီး စကားတွေပြောနေတယ်..တော်သေးတယ်..မနေ့က ဗြိတိသျှတပ်က ဆရာဝန်ကြီး ဒေါက်တာမက္ကဇင်မွေးနေ့ မို့ သူက ဂျုံရအောင်သွင်းပြီး ပေါင်မုန့် ဝေတယ်ဗျ။ ကျွန်တော့်မှာ လက်ကျန်ရှိသေးတယ်။ ရေနွေးလည်း အသင့်ရှိတယ်။ ဒီနေ့တော့ ဒါပဲ စားလိုက်ဦးဆရာ..နောက်ရက် မောင်မောင်..အပြင်ထွက်ရင် စားချင်တာမှာလိုက်ပါ"


အုန်းဖေက ခပ်ကြမ်းကြမ်းပေါင်မုန့်အညိုနှစ်ချပ် နှင့် စစ်သုံးမတ်ခွက်ထဲ ထည့်ထားသော ရေနွေးကြမ်းကို ဖိုးတုတ်ထံ ယူလာပေးသည်။


"ခုန ဆရာပြောတယ်နော်..ဒီမှာ အခြေအနေမဆိုးဘူးဆိုတာ..နောက်တွေ့ပါလိမ့်မယ်..ဆရာရေ..ဒီမှာကြည့် ကျွန်တော်ဆို ဝဲတွေ တစိုစိုနဲ့။ ထောင်ထဲလည်း ဝမ်းရောဂါနဲ့ တစ်နေ့ငါးလောင်းလောက် သေနေတာ။ ဒီကြားထဲ ဂျပန်တွေကလည်း မဟာမိတ်အကျဉ်းသားတွေကို အပျင်းပြေ တစ်နေ့ နှစ်ယောက်လောက် ခေါ်ခေါ်ပြီး ရိုက်သတ်နေတာ..ကျွန်တော်လို လူသတ်လာတဲ့ကောင်တောင် စိတ်ညစ်တယ်ဆရာရေ"


အုန်းဖေက စိတ်ပျက်လက်ပျက်ပြောဆိုရင်း ပေါင်မုန့်ကို ပလုတ်ပလောင်းစားနေသော သူ့ဆရာ လမ်းမတော်ဖိုးတုတ်ကို ငေးကြည့်နေသည်။


"ဒါနဲ့..ဆရာကို ခုန မောင်နီက အမှှုမေးတော့ ဘာလို့ မဖြေတာလဲ"


"ငါ..ရှက်လို့ကွာ"


"ဘာကို ရှက်တာလဲ..ဆရာရဲ့"


"ငါ လူတွေအများကြီးသတ်လာတယ်။ ဒုစရိုက်မှုတွေအများကြီးလုပ်လာတာပါကွာ။ အခု ငါ့ကို ချလိုက်တဲ့ ပုဒ်မက ၁၀၉၊၁၁၀ အသက်မွေးဝမ်းကြောင်းခိုင်လုံအောင်မပြနိုင်မှှုတဲ့၊ မသင်္ကာမှုတဲ့၊ နောက် လမ်းမတော်က မြင်းလှည်းသမားကို လုတဲ့အမှုတစ်ခုကိုလည်း တရားခံမပေါ်တော့ ငါ့ကို ထိုးထည့်ပြီး ထောင် နှစ်နှစ် တန်းချလိုက်တယ်။ ဒီဂျပန်ခေတ်မှာတော့ လုပ်ချင်ရာလုပ်ကြတာပဲ။ ငါလည်းအဲ့ဒီအမှုတွေနဲ့ဆိုတော့ ပြောရမှာ ရှက်စရာကြီးမို့ကွာ"


"အဲ…ဟုတ်သား..ဆရာရယ်"


နာမည်ကျော် ရန်ကုန်ထောင်ကြီး မှာ ပရုမ်းလမ်း(ပြည်လမ်း)နှင့် ဘုန်းကြီးလမ်းထောင့်တွင် တည်ရှိသည်။


လမ်းမတော်ဖိုးတုတ် ထောင်ကျသည့် ၁၉၄၄ခုနှစ် ဂျပန်ခေတ်အကျဉ်းထောင်ကြီးတွင် အကျဉ်းသား နှစ်ရာကျော်ခန့်ရှိပြီး ထောင်ပိုင်ကြီး ကိုရှီးဗား က အုပ်ချုပ်သည်။


ထောင်ဖွဲ့စည်းပုံမှာ အုတ်ရိုးများအတွင်း အလယ်မှ မိန်းဂျေးကို ဦးတိုက်ထားသော သစ်သားနှစ်ထပ်ဆောင်ကြီးများဖြင့် ဖွဲ့စည်းထားသည်။


ထောင်အဆောင်များအလိုက် သုံးပိုင်းခွဲထားပြီး မဟာမိတ်စစ်သားများနှင့် အိန္ဒိယစစ်သားများက တစ်ပိုင်း၊ ချန်ကေရှိတ်၏ တရုတ်စစ်သားများကတစ်ပိုင်း၊ ဗမာအကျဉ်းသားများက တစ်ပိုင်း ခွဲထားသည်။


တရုတ်အကျဉ်းသားများကိုမူ အခန်းကျယ်ကြီးတစ်ခုတွင် စုပေါင်းထားရှိသည်။ အပေါ့အလေးကို လွတ်လပ်စွာသွားလာခွင့်ပေးထား၏။


သို့သော်..တစ်စုံတစ်ရာပြသနာတက်လာပါက တရုတ်အကျဉ်းသားများမှာ အမေးအမြန်းမရှိ ပစ်သတ်ခံရသည်။


ဗြိတိသျှနှင့် သစ္စာခံအိန္ဒိယစစ်သားများကိုမူ ကျဉ်းမြောင်းသော အကျဉ်းခန်းလေးများတွင် လေးယောက်တတွဲ ထားသည်။


လမ်းလျှောက်ခွင့်မရှိ။ ထိုင်နေရသည်။


တစ်ဦးနှင့်တစ်ဦး စကားကျယ်ကျယ်ပြောပါက အစောင့်က ခေါ်ထုတ်ပြီး သတိလစ်သည်အထိ ပါးရိုက်တတ်သည်။


မဟာမိတ်စစ်သားများကိုထမင်းကျွေးရာတွင် ဒန်ခွက်အထူဖြင့်ကျွေးပြီး ဇွန်းခရင်း ဖြင့် စားခွင့်မပြုပဲ လက်နှင့်သာ စားခွင့်ပြုသည်။


အားလုံးထဲတွင် အသက်သာဆုံးမှာ ဗမာအကျဉ်းသားများဖြစ်သည်။


ဂျပန်အရာရှိများသည် သူတို့နှင့် စစ်တိုက်နေသည့် ရန်သူများဖြစ်သော အင်္ဂလိပ်၊ အိန္ဒိယနှင့် တရုတ်များကို နှိမ်သလောက် ဗမာအကျဉ်းသားများကိုတော့ အခွင့်အရေးတစ်ချို့ပေးထားသည်။


ကျန်သည့်အကျဉ်းသားများမှာ တစ်ပတ်တစ်ကြိမ်သာ ရေချိုးခွင့်ရသော်လည်း ဗမာအကျဉ်းသားများက တစ်ပတ် နှစ်ရက်ချိုးခွင့်ရှိသည်။


ထောင်ပိုင်ကြီးကိုရှီးမား ဒေါသထွက်သည့်နေ့များတွင် အခြားအကျဉ်းသားများ၏ အဆောင်များကို ရေများဖြန်းပြီး ရေစိုတွင် အိပ်ခိုင်းသော်လည်း ဗမာအကျဉ်းသားအဆောင်များကိုမူ ထိုသို့ ပြုလုပ်ခြင်းမရှိ။


မဟာမိတ်စစ်ဗိုလ်ချုပ်များကိုမူ နှစ်ထပ်ဆောင်များ၏ အပေါ်ထပ်တွင်ထားပြီး ကုတင်တစ်လုံးစီဖြင့် သီးသန့်ထားသည်။


ဗမာအကျဉ်းသားများထဲတွင် ကုတင်ဖြင့် အိပ်ရသည်မှာ အုန်းဖေ တစ်ဦးသာ ရှိသည်။ အုန်းဖေသည် ထောင်ပိုင်ကြီးကိုရှီးဗား နှင့်လည်း ရင်းနှီးမှုရှိပြီး အကျဉ်းသားအားလုံး၏ တန်းစီးချုပ်လည်းဖြစ်သည်။


အုန်းဖေ က ဖိုးတုတ်ကို သူ့ကုတင်ပေါ်တွင်အိပ်စေပြီး သူက အောက်ဆင်းအိပ်သည်။


မောင်မောင် က အပြင်ထွက်ရတိုင်း ဖိုးတုတ်အတွက် ဓာတ်စာများ၊ ဆေးဝါးများ ရှာဖွေပေးတတ်သည်။


သို့သော်ငြား ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ မိုးရာသီကာလများသည် ဂျပန်ခေတ် ရန်ကုန်ထောင်အတွင်း အဆိုးရွာဆုံးအခြေအနေများဖြစ်ပေါ်နေသည်။


အကျဉ်းသားအများစုမှာ အာဟာရဓာတ်ပြည့်ဝစွာမစားရမှုကြောင့် ဘယ်ရီဘယ်ရီရောဂါများဖြစ်ပွားလာသည်။


အဝတ်အစားကလည်း ရှားပါးသည့်အတွက် စက်သေနတ်ဒဏ်ကြောင့် ခေါင်မိုးတွင် အပေါက်များဖြစ်သည့် အဆောင်များအတွင် မိုးရေမျိုယိုပြီး စိုရွှဲနေပါက လဲစရာအဝတ်မရှိသဖြင့် ဒီအတိုင်း နေကြရသည်။


အိမ်သာစနစ်မှာလည်း အဆောင်အတွင်း ဘင်ဂျိုသံဗူး ဟု ခေါ်သည့်ဗူးများအတွင်း အားလုံး စုပေါင်းပါရသည်။


အကျဉ်းသားတစ်ယောက်လျှင် တစ်နေ့ တစ်ကြိမ်သာ အလေးသွားခွင့်ပြုပြီး ထိုဗူးများ ပြည့်လျှံမှသာ အိမ်သာကျင်းထဲ သွားရောက်စွန့်ပစ်ခွင့်ရသည်။


ထို့ကြောင့် မိုးရာသီရောက်သည်နှင့် ဝမ်းရောဂါ က ကပ်ပါလာသည်။


ဖိုးတုတ်နေသော အဆောင် ()မှာ ရန်ကုန်ထောင်ကြီးတွင် အကောင်းဆုံးအဆောင်ဖြစ်သော်လည်း ထောင်တွင်း ပတ်လည်ရိုက်နေသည့် ဝမ်းရောဂါက ကူးစက်လာတော့သည်။


ကိုယ်ခံအားနည်းလှသော ဖိုးတုတ်မှာ ထောင်ဆေးရုံ၏ ဆေးဝါးမပြည့်စုံမှု၊ အာဟာရလုံလောက်စွာမ ရရှိမှုတို့ကြောင့် နဂိုရှိရင်းစွဲရောဂါများက ပိုသည်းလာသည်။


တီဘီရောဂါကလည်း အမြင့်ဆုံး အဆင့်သို့ ရောက်လာတော့သည်။


နံနက်ဆယ်နာရီ ထောင်သားများ ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်တွင် လမ်းမတော်ဖိုးတုတ်မှာ ကုတင်ပေါ်တွင် ခွေခွေလေးမှိန်းနေ၏။


ထိုအချိန်တွင် အုန်းဖေက ဖိုးတုတ်၏ ဘေးသို့ ရောက်လာသည်။


"ဆရာဖိုးတုတ်..အမ မသင်းမြ နဲ့ ဘသိန်း ရောက်နေတယ်..ဆရာ့ကို တွေ့ချင်လို့တဲ့"


ထိုအသံကြောင့် ဖိုးတုတ် မျက်လုံးများ ပွင့်လာသည်။ ရုတ်တရက်မို့ သူ့နားသူ မယုံနိုင်ဖြစ်နေ၏။


"တကယ်လား..အုန်းဖေ"


"ဟုတ်တယ်..ဆရာ…ဟိုနေ့က မောင်မောင်အပြင်ထွက်တော့ ဈေးမှာ စံဘနဲ့ တွေ့တယ်။ အဲ့ဒါနဲ့ မသင်းမြနဲ့ ဘသိန်းက ဆရာ့ကိုတွေ့ချင်တယ်ဆိုတာနဲ့ ထောင်မှူးနဲ့ ကျွန်တော်ညှိပြီး စီစဉ်လိုက်တာပဲ။ အခု ဆရာက ထောင်ဆေးခန်းပြဖို့ကျွန်တော် ခေါ်သွားမယ်။ မသင်းမြနဲ့ ဘသိန်းက ဆေးခန်းဘေးက စစ်ထောက်လှမ်းရေးရုံးခန်း MI Room ထဲမှာ ဆရာ"


မသင်းမြ ဆိုသည့် အသံကြားသည်နှင့် ဖိုးတုတ်မျက်နှာ ဝင်းလက်လာသည်။


အုန်းဖေက ဖိုးတုတ်ကို တွဲပြီး ထောင်ဆေးရုံဆီသို့ ခေါ်လာသည်။


ဆေးရုံဘေးရှိ MI Room ထဲသို့ ဖိုးတုတ် ဝင်လိုက်သည်နှင့် မသင်းမြရော၊ ဘသိန်းပါ ဟာ ခနဲ ဖြစ်သွားကြ၏။


လမ်းမတော်ဖိုးတုတ်ကား အရိုးပေါ် အရေတင်ဖြစ်နေပေပြီ။


တီဘီရောဂါ၊ လိပ်ခေါင်းရောဂါ၊ ကာလသားရောဂါ၊ အသည်းရောဂါ၊ ဝမ်းရောဂါ အစုံက သူ့ကို ဖိစီးနှိပ်စက်နေသည်။


မသင်းမြ ကား စကားမျှ မပြောနိုင်။


ဖိုးတုတ်ကို ဖက်ကာ ငိုနေတာ့သည်။


ဘသိန်းက ခေါက်ဆွဲကြော်ထုတ်ကလေးကို ဖိုးတုတ်ထံ ကမ်းပေးသည်။


ဖိုးတုတ်က လှမ်းယူရင်း ပြုံးပြသည်။


"မင်းတို့ အပြင်မှာ အဆင်ပြေရဲ့လား"


"ပြေပါတယ်…ကိုကြီးဖိုးတုတ်…အမေတော့ ရွာမှာပဲ ပြန်နေနေတယ်..ကျွန်တော်လည်း မိန်းမရပြီ"


"အေး..ကောင်းတယ်..မသင်းမြကို စောင့်ရှောက်ကြပါကွာ..မသင်းမြ..မသင်းမြ"


ဖိုးတုတ်က သူ့ပိန်လှပ်လှပ်ခန္ဓာကိုယ်ကို ဖက်ကာ တငိုတည်း ငိုနေသော မသင်းမြ ၏ ကျောကုန်းကို ပွတ်သပ်ကာ မသင်းမြ ၏ နာမည်ကို တတွတ်တွတ်ရွတ်နေသည်။


"ဟိုနေ့ကတောင် အကို အိပ်မက်မက်သေးတယ်..မသင်းမြ က အကို့ကို အာလူးနဲ့ ကောက်ပေါက်လိုက်တာတဲ့..အဲ့ဒီတုန်းက ပျော်စရာကောင်းတယ်နော်"


မသင်းမြ က မျက်ရည်များကို သုတ်လိုက်ပြီး ဖိုးတုတ်၏ မျက်နှာကို ငေးနေသည်။


"ကိုဖိုးတုတ်..ညီမဆီ ပြန်လာခဲ့မယ်..လို့ ပြောခဲ့တယ်နော်"


"ပြန်လာမှာပါ..မသင်းမြ..ပြန်လာမှာပါ"


……………………………………………………………………………………………………………


၁၉၄၄ နှစ်ကုန်ပိုင်းတွင် မြန်မာပြည်ရောက် ဂျပန်တပ်များ စုစုပေါင်း အင်အားခြောက်သောင်းခန့် ကျဆုံးသွားခဲ့ပြီဖြစ်သည်။


ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တိုက်ပွဲများတွင် မဟာမိတ်တပ်များအောင်ပွဲခံနေပြီး ဂျပန်တပ်များ အရှုံးကြီးရှုံးနေကြသည်။ဂျပန်တို့ကား လုံးဝစစ်ရှုံးတော့မည်ကို ကြိုတင်သိနေကြပြီဖြစ်သည်။


ရန်ကုန်ထောင်ကြီးအတွင်းတွင်လည်း ထောင်အာဏာပိုင်များက ဂျပန်တပ်များဆုတ်ခွာရာလမ်းတွင် မဟာမိတ်သုံ့ပန်းများကို ဓားစာခံအဖြစ် ခေါ်သွားရန် အစည်းအဝေးထိုင်နေကြပြီဖြစ်သည်။


ညစဉ်ညတိုင်း မဟာမိတ်စစ်လေယာဉ်များက ဗုံးများလာကြဲချကြသည်။ နိုဝင်ဘာလ ၁၉ တွင် ရန်ကုန်ထောင်ကြီး ဗုံးကြဲခံရသည်။


ဗုံးဒဏ်ကြောင့် မဟာမိတ်အကျဉ်းသားများနှင့် ဂျပန်အရာရှိအချို့ သေဆုံးသွားကြသည်။


ထို့ကြောင့် ဂျပန်ထောင်အရာရှိများသည် ကူးစက်ရောဂါကျွမ်းနေပြီဖြစ်သည့် အကျဉ်းသားများ၊ ဒုက္ခိတဖြစ်နေသော အကျဉ်းသားများကို နယ်ထောင်များသို့ ပြောင်းရွှေ့ပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။


၁၉၄၄ နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ()နာရီ။


လမ်းမတော်ဖိုးတုတ် အိပ်နေရာမှ အတင်းလှုပ်နှိုးခြင်းကို ခံလိုက်ရသည်။


မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သော အခါ ထောင်အာဏာပိုင်ဂျပန်အရာရှိများ။


အုန်းဖေ က ဘေးတွင် မျက်နှာမသာမယာဖြင့် ရပ်နေသည်။


"ဆရာဖိုးတုတ်…မြောင်းမြထောင်ကို ပြောင်းဖို့ ထောင်ပိုင်ကြီးက ညွှန်ကြားလိုက်ပါတယ်..ကျွန်တော် ပစ္စည်းတွေ သိမ်းပေးပြီးပါပြီ..ဆရာ။ သူတို့နဲ့ လိုက်သွားလိုက်ပါ"


ဖိုးတုတ်မှာ အိပ်မှုံစုံမွှားဖြစ်နေသည်။


ဂျပန်အရာရှိက ဖိုးတုတ် ၏ ပိန်လှီနေသာ လက်ကောက်ဝတ်ကို လက်ထိပ်ခတ်လိုက်ပြီး လက်မောင်းမှ တွဲကာ ခေါ်ထုတ်သွားတော့သည်။
















အခန်း(၃၄)


…………….


၁၉၄၄ နိုဝင်ဘာ ၃၀ ရက်။


မြောင်းမြထောင်၊ ဆေးရုံဆောင်၊ အခန်း()။ ည (၁၁)နာရီ သံချောင်းခေါက်ပြီးချိန်။


"နင့်ကို ငါ တမင်သတ်တာမဟုတ်ဘူး..ငါ တမင်သတ်တာမဟုတ်ဘူး"


"ခင်ဗျားကို ကျွန်တော် သနားလို့ သတ်တာနော်..သတ်ချင်လို့မဟုတ်ဘူး..ဦးဟုတ်ဂွမ်"


ငိုက်မြည်းနေသော ထောင်စောင့်ရဲကင်းသားလေးပင် လန့်နိုးသွားသည်။


သို့သော် လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်၏ အခန်းမှ လာသောအသံများဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။


လမ်းမတော်ဖိုးတုတ်ကို ရန်ကုန်ထောင်ကြီးမှ မြောင်းမြထောင်သို့ ပို့လိုက်သည့်အချိန်ကတည်းက ဖိုးတုတ်၏ ကျန်းမာရေးမှာ အားရစရာမရှိ။


ဂျပန်တို့ တင်ဆောင်လာသည့် စစ်သုံးလော်ရီကားမှာ အမိုးမရှိသည့်အတွက် နေပူကြဲကြဲတွင် အကျဉ်းသားများ အားလုံး ပင်ပန်းနေကြသည်။


ထိုအချိန်က မြောင်းမြထောင်သည် ဂျပန်အုပ်ချုပ်မှုအောက် မရှိပဲ ဘီအိုင်အေ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။


ရန်ကုန်မြို့မှ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ထောင်ပြောင်းပါလာမည်ဆိုသည့် သတင်းကို အကျဉ်းသားများအားလုံး စိတ်ဝင်စားနေကြသည်။


လမ်းမတော်ဖိုးတုတ် ကား လက်ထိပ်တန်းလန်းဖြင့် ကားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာသည်။


ဂျပန်အရာရှိနှင့် အခြားအကျဉ်းသားများ ၏ နောက်မှ တစ်လှမ်းချင်း အားယူလိုက်လာ၏။


လမ်းမတော်ဖိုးတုတ်ကြီး ဆိုတာသူပဲ ဆိုသည့် တီးတိုးစကားသံများအောက် အားလုံးက ဖိုးတုတ်ကို စိတ်ဝင်စားစွာကြည့်နေကြသည်။


ထောင်ဗူးဝအရောက်တွင် မဟန်နိုင်တော့ပဲ..ခြေထောက်နှစ်ချောင်းကို အားပြုကာ နံရံကို မှီကာ ခေါင်းကိုမော့ပြီး အသက်ကို ဝအောင်ရှုလိုက်သည်။


နောက်နှစ်ပေါင်းများစွာကြာသည်အထိ မြောင်းမြထောင်တွင် ကိုယ်စိတ်နွမ်းလျစွာဖြင့် ထောင်နံရံကို မှီတတ်သော ထောင်သားများကို ဖိုးတုတ်မှီမှီ သည် ဟု ဝန်ထမ်းများက ပြောလေ့ရှိသည်အထိ။


ထိုသို့ မှီထားရာမှ ဖိုးတုတ် သည် ခွေကနဲ လဲကျသွားတော့သည်။


အနားတွင်ရှိသည် တေလဂူလူမျိုး ထောင်ဝါဒါ သန်းတင် ဆိုသူက ဖိုးတုတ်ကို ပြေးပွေ့လိုက်သည်။


ထို့နောက် ထောင်ဆေးရုံဆောင် အခန်း()သို့ ချက်ချင်းခေါ်ဆောင်သွားတော့၏။


ဖိုးတုတ်သည် မြောင်းမြထောင်တွင် တစ်လကျော်ကာလအတွင်း ကျန်းမာရေးက ပိုမိုဆိုးရွာလာသည်။


တစ်နေ့ခင်းလုံး ခွေခေါက်ညည်းညူနေသော်လည်း ညညကျ အသံနက်ကြီးနှင့် ထထအော်လာသည်။


ရန်ကုန်ထောင်တွင် ကျန်ရစ်သော အုန်းဖေ နှင့် မောင်မောင်တို့မှာလည်း စစ်အခြေအနေအရ ဂျပန်စစ်တပ်ကာ ထောင်သားများအပြင်ထွက်ခွင့်ကို ပိတ်ပင်လိုက်သည့်အတွက် လမ်းမတော်ဖိုးတုတ် ထောင်ပြောင်းသည့် သတင်းကို မသင်းမြထံ ပို့ပေးရန် အမျိုးမျိုးအဖုံဖုံကြိုးစားလျက်ရှိကြသည်။


၁၉၄၄ ဒီဇင်ဘာလ ၂၄ ရက်။


မြောင်းမြခရိုင်၊ ခရိုင်ရဲဝန်ထောက် ဦးခင်မောင် သည် မြောင်းမြအကျဉ်းထောင်ကြီးကို စစ်ဆေးရန် ရောက်ရှိလာလေသည်။


အကျဉ်းထောင်ဆေးရုံအား စစ်ဆေးနေစဉ် အခန်း()အတွင်း ကုတင်ပေါ်ဝယ် ခွေခွေကလေးလဲလျောင်းနေသော ဖိုးတုတ်ကို သတိထားမိသွား၏။


"သူ့ကို ငါတစ်နေရာမှာ တွေ့ဖူးတယ်"


ဘေးတွင်ပါလာသော ထောင်အရာရှိကို မေးလိုက်သည်။


"အဲ့ဒါ..နာမည်ကျော်လမ်းမတော်ဖိုးတုတ်လေ..ဝန်ထောက်မင်း"


ဦးခင်မောင် မှာ အံသြမင်သက်သွားသည်။


ထို့နောက် အခန်းတွင်းသို့ ဝင်သွား၏။


ရှေ့တွင် ဝင်ထိုင်လိုက်သောအခါ ဖိုးတုတ်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။


"ကျွန်တော့်ကို မှတ်မိလား..ကိုဖိုးတုတ်"


ဖိုးတုတ်က အသက်ကို ခက်ခက်ခဲခဲရှုရင်း သေချာကြည့်သည်။


"ဆရာကိုခင်မောင်"


"ဟုတ်တယ်..ကိုဖိုးတုတ်…ကျွန်တော်ခင်ဗျားကို မှတ်တောင်မမှတ်မိတော့ဘူးဗျာ…ဘယ်လိုတောင် ဖြစ်သွားရတာလဲ..ကိုဖိုးတုတ်ရယ်"


ဖိုးတုတ်က ခပ်ယဲ့ယဲ့ ပြုံးပြသည်။


"ဒီလိုပါပဲ..ဆရာရယ်..ဒီလိုပါပဲ"


"ခင်ဗျား ဒီမှာနေရတာအဆင်မပြေတာဘာများရှိလဲ။ ကျွန်တော် ဘာများ ကူညီနိုင်မလဲဗျာ"


"ကျွန်တော် စီးကရက်သောက်ချင်တယ်"


"ခုန ထောင်ကဆရာက ပြောတယ်။ ခင်ဗျားမှာ တီဘီ လည်းဖြစ်နေတာဆို၊ ဆေးလိပ်နဲ့ဖြစ်ပါ့မလားဗျာ"


"ဘ၀ တစ်ခုလုံး..လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပါပြီ..ဆရာ။ စီးကရက်တစ်လိပ်လောက်နဲ့တော့..သေချင်လည်း သေပါစေဗျာ"


"မဟုတ်တာတွေဗျာ။ ကဲ..ဟုတ်ပြီ..ကျွန်တော် စီးကရက်တစ်ဗူး ပြီးရင် ပို့ပေးမယ်..ဟုတ်ပြီလား"


"နောက်ပြီး…ကြက်စွပ်ပြုတ်လေးသောက်ချင်တယ်။ ထန်းလျက်ခဲလေး စားချင်တယ်..ဆရာ"


ဦးခင်မောင်က ဖိုးတုတ်ကို ကြည့်ကာ စိတ်ထိခိုက်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ကုလား ဗမာ အဓိကရုဏ်းကာလ၊ အိတ်စပက်တော်ဦးဟုတ်ဂွမ် ၏ ရုံးခန်းတွင် တွေ့ခဲ့ရသော လူမိုက်ကြီးဖိုးတုတ်။


လမ်းမတော်လူမိုက်ကြီး၏ ဘုန်းတန်ခိုးအတောက်ပဆုံးကာလများ။ မော်တော်ကားတဝီဝီ၊ ဇိမ်ကျကျဟိုတယ်ခန်းများ၊ အကောင်းစားအရက်ပုလင်းများနှင့် မင်းပေါက်စိုးပေါက် လူမိုက်ကြီး။


အခုတော့..မြောင်းမြထောင်ဆေးရုံ၏ သံကုတင်အစုတ်လေးပေါ်မှာ။


"ကျွန်တော့်မိန်းမ..မသင်းမြ ကို ကျွန်တော် ဒီမှာရောက်နေတာ အကြောင်းကြားပေးပါ..ဆရာ..ကျွန်တော့်သူ့ကို တွေ့ချင်လို့ပါ"


ဦးခင်မောင် က ဖိုးတုတ်၏ ပျော့ခွေအေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ ခေါင်းညိမ့်ပြလိုက်သည်။


ညနေစောင်းသောအခါ လမ်းမတော်ဖိုးတုတ်အတွက် ကြက်စွပ်ပြုတ်၊ ထန်းလျက်ခဲနှင့် စီးကရက်တစ်ဗူးကို ရဲသားလေးတစ်ဦးမှ လာရောက်ပို့ပေ၏။


၁၉၄၄ ဒီဇင်ဘာ(၂၆) ။ နံနက် ၃ နာရီ ၁၀ မိနစ်။


ဆေးရုံစောင့်အလှည့်ကျ ကင်းစောင့်နေသော ထောင်ကြပ်ကလေးသည် အခန်း() မှ ဝုန်းခနဲ အသံကြီး ကြားသဖြင့် အပြေးအလွှားသွားကြည့်လေသည်။


လမ်းမတော်ဖိုးတုတ်ကား ကုတင်ပေါ်မှ ပြုတ်ကျပြီး ကြမ်းပြင်တွင် မှောက်ခုံအနေအထားဖြင့်။


ထောင်ကြပ်က သွားရောက်ထူမလိုက်သောအခါ…လမ်းမတော်ဖိုးတုတ်ကား အသက်ဝိညာဉ်ကင်းမဲ့လျက်။


ကူးစက်ရောဂါသမားဖြစ်သောကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့တွင်ပင် လမ်းမတော်ဖိုးတုတ်၏ အလောင်းအား မြောင်းမြထောင်နံဘေးတွင် မြေမြုပ်သဂြိုလ်လိုက်ကြသည်။


ရဲဝန်ထောက်ဦးခင်မောင်က ဦးဖိုးတုတ်အတွက် အမှတ်တရအုတ်ဂူတစ်ခု ပြုလုပ်ပေးသည်။ လမ်းမတော်ဖိုးတုတ်သည် မြောင်းမြထောင်သမိုင်းတွင် ပထမဆုံးအထိမ်းအမှတ်ဂူပြုလုပ်ပေးခံရသည့် အကျဉ်းသားဖြစ်သည်။


၂၆ ရက်နေ့ ညနေပိုင်းတွင် လမ်မတော်ဖိုးတုတ်၏ ညီ ဘသိန်း ရောက်လာသည်။


ဘသိန်းက သူချစ်သောအကိုကြီး ၏ အုတ်ဂူကို နောက်ဆုံးအနေဖြင့် ကန်တော့သည်။


နေသည် အနောက်အရပ်သို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်သွား၏။


မှောင်ခဲ့ချေပြီ။


…………………………………………………………………………………………………………


၁၉၄၅ သြဂုတ် ၁၅ တွင် ဒုတိယကမ္ဘာစစ်ကြီးတရားဝင်ပြီးဆုံးသွားခဲ့သည်။


၁၉၄၅ မေလကတည်းက ရန်ကုန်ကို မဟာမိတ်တပ်များ သိမ်းပိုက်လိုက်ပြီဖြစ်ရာ ဂျပန်ခေတ် ဗမာအစိုးရမှ အဓိပတိကြီး ဒေါက်တာဘမော်သည် ဆုတ်ခွာထွက်ပြေးသော ဂျပန်များနှင့်အတူ ဂျပန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်။


ဒေါက်တာဘမော်၏ အယုံကြည့်ရဆုံးနိုင်ငံရေးလူယုံဖြစ်သည့် ဗန္ဓုလဦးစိန် သည် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။


ဂျပန်လက်မှ လွတ်မြောက်လာသော ရန်ကုန်မြို့ကြီးမှာ စိတ်ပျက်ဖွယ်အတိဖြစ်ခဲ့သည်။ ရန်ကုန်မြို့ရှိ တိုက်တာအဆောက်အဦသုံးပုံတစ်ပုံမှာ ပျက်စီးသွားပြီဖြစ်သည်။


ပြန်ဝင်လာသော ဗြိတိသျှအစိုးရသည် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် သြဂုတ် ၂၇ တွင် ကက်စဘီ ဟု ခေါ်ကြသောThe Civil Supplies Board (CSB) အုပ်ချုပ်ရေးကို စတင်ထူထောင်သည်။


ဗြိတိသျှအစိုးရက ဂျပန်ငွေစက္ကူများကို ဖျက်သိမ်းကြောင်း မကြေညာသေးပဲ မကြာမီ ဖျက်သိမ်းမည် ဖြစ်ကြောင်း၊ ဂျပန်ငွေများကို နောက်ထပ်စုဆောင်းခြင်း၊ လက်ခံခြင်းမပြုရန် အသိပေးထုတ်ပြန်ခဲ့သည်။


သို့သော် ထိုကြေညာချက်မှာ တောရွာများသို့ မရောက်ချေ။


ထိုအချက်ကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့မှ လူအချို့မှာ ဂျပန်ငွေစက္ကူများကို ဂုံနီအိတ်များဖြင့် ထည့်ကာ နယ်များသို့ ဆင်းပြီး လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ လာရောက်ဝယ်ယူသွားကြသဖြင့် ဂျပန်ငွေစက္ကူများ တရားမဝင်ကြေညာချိန်တွင် တောသူတောင်သားများစွာမှာ အထိနာခဲ့ရသည်။


ဂျပန်ငွေစက္ကူများသုံးခွင့်မရသည့်အတွက် မြို့ပေါ်သို့ တက်ကာ ဈေးဆိုင်များကို အတင်းဝင်လုကြသည်။


လူဆိုးလူမိုက်များသည် ပိုင်ရှင်မရှိသော တိုက်တာ၊ အဆောက်အအုံများကို ဝင်ရောက်ကျူးကျော်နေကြသည်။


သို့သော် ကက်စ်စဘီအုပ်ချုပ်ရေး အရ ဗြိတိသျှစစ်တပ်က လူဆိုးလူမိုက်ဟူသမျှကို လိုက်လံဖမ်းဆီးပြီး ရန်ကုန်ထောင်ထဲသို့ ထည့်ထားခဲ့သည်။


၁၉၄၅ အောက်တိုဘာ ၂၇ တွင် ဗန္ဓုလဦးစိန် သည် ထိုင်းနိုင်ငံမှ မော်လမြိုင်သို့ ကုန်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး မော်လမြိုင်မှ လေကြောင်းဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။


ရန်ကုန်သို့ ရောက်ြ့ပီး မကြာမီပင် စစ်ပြီးခေတ် အင်္ဂလိပ်အစိုးရက ဗန္ဓုလဦးစိန်အားဖမ်းဆီးလိုက်သည်။


ဗန္ဓုလဦးစိန် တင်မက သူ၏ တူဖြစ်သူ နာမည်ကျော်လူမိုက် ပုသိမ်ညွန့်ဘဘိုး ကို ပါ ဖမ်းဆီးကာ ရန်ကုန်ထောင်အတွင်းသို့ ပို့လိုက်ကြတော့သည်။


…………………………………………………………………………….


၁၉၄၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့တွင် ရန်ကုန်ထောင်ကြီးအား ဂျပန်တို့က အပြီးတိုင် စွန့်ခွာသွားခဲ့သည်။ ဆုတ်ခွာရာတွင် မဟာမိတ်သုံ့ပန်းများကိုပါ ခေါ်ဆောင်သွားကြသည်။


ရန်ကုန်ထောင်ကြီးအတွင်း မြန်မာအကျဉ်းသားများ ထွက်ပြေးကုန်ကြပြီး အချို့အကျဉ်းသားများသာ ခိုကပ်နေထိုင်ကျန်ရစ်ကြသည်။


အင်္ဂလိပ်တပ်များ ပြန်ဝင်လာပြီးနောက် ရန်ကုန်ထောင်ကြီးအား စစ်အုပ်ချုပ်ရေးအောက်တွင် အလျင်အမြန် ပြန်လည်ထူထောင်လိုက်သည်။


အင်္ဂလိပ်စစ်တပ်သည် ရန်ကုန်မြို့တွင်းမှ ရာဇဝင်ရှိသူ လူဆိုးလူမိုက်များနှင့် ဂျပန်စစ်သုံ့ပန်းများစွာ ကို ရန်ကုန်ထောင်အတွင်း သို့ ထည့်ကာ ချုပ်နှောင်ထားခဲ့သည်။


၁၉၄၅ နိုဝင်ဘာလ ၁ ရက်။


ဝန်ကြီးဟောင်း ဗန္ဓုလဦးစိန် ကို အင်္ဂလိပ်အစိုးရက ဘီကလပ်နိုင်ငံရေးသမားများထားရာ အဆောင်()သို့ ပို့လိုက်ကြသည်။


ဂျပန်ခေတ်နာမည်ကျော်လူမိုက်ကြီး ပုသိမ်ညွန့်ဘဘိုး ကို မူ ရာဇဝတ်အဆောင်ဖြစ်သော အဆောင်()သို့ ပို့ဆောင်လိုက်၏။


ဘဘိုး ကား နာမည်ကျော်လူမိုက်ဖြစ်ခဲ့သည့်အတွက် အဆောင် () ထဲ ဝင်လိုက်သည်နှင့် အားလုံးက ခေါင်းငုံ့နေကြသည်။


"ဟေ့..လမ်းမတော်ဖိုးတုတ်နဲ့ ဂန္ဓမာသောင်းရီ ကို အပြုတ်ဖြုတ်ခဲ့တဲ့ ပုသိမ်ညွန့်ဘဘိုးကွ..ဒီနေ့က စ ဒီအဆောင်မှာ ငါခေါင်းဆောင်ပဲ"


အဆောင်အတွင်းမှ လူဆိုးလူမိုက်များက ဘဘိုး ကို မည်သူမျှ စောဒကမတက်ရဲကြ။


ထောင်သို့ ရောက်နေပြီး နောက်တစ်နေ့ နံနက်တွင် ပန်ချာပီထောင်ဝါဒါတစ်ဦးက အဆောင်()သို့ ရောက်လာသည်။


"မောင်ဘဘိုးရှိလား"


"ရှိပါတယ်..ဆပ်"


"မင်းက ဝန်ကြီးဦးစိန်ရဲ့ တူလား"


"ဟုတ်ပါတယ်"


"မင်း က အထူးအခွင့်အရေးအနေနဲ့ တခြားလူတွေလို တောင်ယာမလုပ်ရဘူး။ မင်းက ဖိုကြီးဘုတ်မှာ အလုပ်စဆင်းရမယ်.ဟုတ်ပြီလား"


ပန်ချာပီထောင်ဝါဒါ၏ စကားကြောင့် ဘဘိုး အူမြူးသွားသည်။ ဦးလေးဖြစ်သူ၏ အရှိန်အဝါက ကျန်သေးသည် ဆိုသည်ကိုလည်း သိလိုက်၏။


ပန်ချာပီထောင်ဝါဒါက ဘဘိုးကို ဖိုကြီးဘုတ် ဟုခေါ်သော စားဖိုဆောင်သို့ ဦးဆောင်ခေါ်သွားလေသည်။


ရန်ကုန်ထောင်၏ ဘယ်ဘက်အစွန်းတွင် ရှိသော စားဖိုဆောင်သည် သစ်သားယက်မကြီးများဖြင့် ဆောက်လုပ်ထားပြီး ထောင်ရိက္ခာသိုလှောင်ရာဂိုထောင်ကြီးနှင့် ကပ်လျက်တွင် တည်ရှိသည်။


စားဖိုဆောင်၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ တလူလူထွက်နေသည်။


''မောင်ဘဘိုး လာမယ်ဆိုလို့..စားဖို က ကောင်ကလေးတွေ ကြောက်နေကြတယ်..သူတို့ကို ကောင်းကောင်းဆက်ဆံပေးပါ..မောင်ဘဘိုး"


ဘဘိုးက ဟက်ခနဲ ရယ်လိုက်၏။


"ကဲ..မောင်ဘဘိုး..ဟိုဘက်က စားဖိုဆောင်၊ချက်ပြုတ်တဲ့နေရာပေါ့။ ဒီဘက်က ရိက္ခာဂိုထောင်၊ ရိက္ခာဂိုထောင် ထဲမှာ စားဖိုဆောင်ရဲ့ အကျဉ်းသားအင်ချက် ရှိတယ်။ မောင်ဘဘိုး လုပ်ရမှာက သူ့ကို သွားသတင်းပို့ပြီး ဘာလုပ်ရမလဲဆိုတာ မေးလိုက်ပါ"


ပန်ချာပီက ဘဘိုးကို ညွန်ပြပြီး ပြန်လှည့်သွားသည်။


ဘဘိုး က ရိက္ခာဂိုထောင် အတွင်းသို့ ခေါင်းကို မော့လျက် ဝင်သွား၏။


တဖက် စားဖိုဆောင်တွင် ထောင်စာချက်သူများနှင့် ဆူညံနေသလောက် ဂိုထောင်ကား တိတ်ဆိတ်နေ၏။


ဂိုထောင်အတွင်းတွင် မိုးဗြဲဒယ်ကြီးကို ထင်းမီးထိုးနေသော လူနှစ်တစ်ယောက်။


"ဟေ့…ဒီမှာ စားဖိုအင်ချပ်ဆိုတာ ဘယ်သူလဲ..ငါ ပုသိမ်ညွန့်ဘဘိုးပဲ"


"သြော်…ဘဘိုး မင်းရောက်လာပြီကိုး"


လူနှစ်ယောက်က မီးစများရဲနေသည့် ထင်းချောင်းကိုယ်စီကိုင်ကာ ထလာသဖြင့် ဘဘိုး နောက်သို့ ဆုတ်လိုက်သည်။


ထိုစဉ်အနောက်ဖက်မှ တံခါးမကြီးကို ဝုန်းခနဲပိတ်သံကြားရပြီး စားဖိုဆောင်တစ်ခုလုံး မှောင်မဲသွားသည်။


ရေနွေးအိုးမီးဖိုနှင့် ထင်းချောင်းမှ မီးအလင်းရောင်ကြောင့် ထလာသူ နှစ်ယောက်၏ မျက်နှာကို မြင်လိုက်ရသောအခါ ဘဘိုး မျက်နှာဖြူလျော်သွားသည်။


"ကဲ..ဘဘိုးရေ….မင်းကို ငါတို့မှာ စောင့်လိုက်ရတာကွာ…လူဆိုးလူမိုက်တွေကို အင်္ဂလိပ်က ဖမ်းနေတယ်ဆိုကတည်းက မင်းဒီရောက်လာမယ်ဆိုတာသိလို့ လာစောင့်နေရတာကွ..ဟဲဟဲ"


အုန်းဖေ က ထင်းချောင်းကို ကိုင်ကာ ရှေ့တိုးလာ၏။


အုန်းဖေ ဘေးတွင် ရပ်နေသူက လက်ထဲမှ တစ်စုံတစ်ခုကို ဘဘိုး ထံ လှမ်းပြလိုက်သည်။


"ငါ့ကို မှတ်မိလား..ဘဘိုး..မင်းက မမှတ်မိလည်း..ဒီနားရွက်ခြောက်လေးကို ကြည့်စမ်းပါကွာ..မင်းကို ငါ ကျေးဇူးအရမ်းတင်နေတာပါကွာ..အဓိပတိကြီး ဒေါက်တာဘမော်ကိုယ်ရံတော်လူမိုက်ကြီး ပုသိမ်ညွန့်ဘဘိုး ရဲ့ နားရွက်ဆိုပြီး ရွာမှာ ငါမူးတိုင်းကြွားနေကျကွ..အခုတော့ မင်းနားရွက်လေးကို မင်းနားမှာ ပြန်ချုပ်ပေးဖို့..ငါ လာစောင့်နေတာလေကွာ..ဟဲ..ဟဲ"


ဘဘိုးက နောက်သို့ လှည့်ကာ ပြေးလိုက်စဉ်…သူ့မျက်နှာတည့်တည်းအား အရှိန်ပြင်းပြင်းထိုးခံလိုက်ရကာ ပစ်လဲကျသွားသည်။


ဘဘိုးက မီးအလင်းရောင်ဖြင့် သေချာကြည့်လိုက်သောအခါ ချိန်းကြိုးပတ်ထားသော လက်သီးတစ်စုံ ။


"ဂန္ဓမာ..ဂန္ဓမာသောင်းရီ..မင်း..မင်း"


ဂန္ဓမာသောင်းရီက လက်သီးတွင် ပတ်ထားသော ချိန်းကြိုးကို ဖြည်လိုက်ရင်း..


"ဘဘိုး….ငါ က မင်းသတ်လို့ သေမယ့်ကောင်လားကွ..ဟမ်..ဟေ့ကောင်"


ဂန္ဓမာသောင်းရီ က စကားအဆုံးတွင် လက်ထဲတွင် ကိုင်ထားသော ချိန်းကြိုးဖြင့် ဘဘိုး၏ မျက်နှာကို ဖြတ်ရိုက်ချပစ်လိုက်သည်။


ဖြောင်းခနဲအသံနှင့်အတူ ဘဘိုး မျက်နှာ လည်ထွက်သွား၏။


"ဟေ့..ဘယ်လိုလဲကွ…မင်းက ဖိုးတုတ်ကို စာပို့လိုက်တယ်ဆို..ချိန်းကြိုးနဲ့ပဲလူသတ်တတ်တဲ့ ဂန္ဓမာဆို..အေး..အေး.."


ဘဘိုးက ထလာပြီး ဂန္ဓမာသောင်းရီကို ဝင်လုံးလိုက်သည်။


အလစ်ထလာသည်မို့ ဂန္ဓမာသောင်းရီမှာ အလုံးခံလိုက်ရပြီး မြေကြီးပေါ်လဲကျသွား၏။


အုန်းဖေ နှင့် ထွန်းရင်က ထင်းချောင်းကိုယ်စီဖြင့် ပြေးလာကြသည်။


"ဟေ့ကောင်တွေ..ရတယ်..ဒီကောင့်ကိုငါတစ်ကောင်နဲ့ ရတယ်"


ဂန္ဓမာသောင်းရီ က ဘဘိုး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ချုပ်လျက် တစ်ဖက်က နားရွက်မရှိသော နားထဲသို့ လက်သီးဖြင့် အားကုန်ထိုးနေလေသည်။


ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး ချိန်းကြိုးကို ပြန်လည်ကောက်ကိုင်လိုက်သည်။


ဘဘိုးမှာ မြေကြီးတွင် လဲနေသည်။


ထွန်းရင်က ပြေးသွားပြီး ဘဘိုး၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းထားလိုက်၏။


ဂန္ဓမာသောင်းရီက ပွတ်ချွန်းဆေးလိပ်ကို ထုတ်လိုက်ပြီး…အုန်းဖေလက်ထဲတွင် ကိုင်ထားသော ထင်းချောင်းမှ မီးဖြင့် မီးညှိလိုက်သည်။


ထို့နောက် အုတ်ခဲပေါ်တွင် ထိုင်ချလိုက်ပြီး။


"မင်းကို ငါ အေးအေးဆေးဆေးသတ်မှာ ဘဘိုး။ မင်း..အောင်ဘနဲ့ ဘိုးထင်ကို သတ်လိုက်တော့ မင်းက ငါ့ကိစ္စမို့ ငါပဲ ရှင်းမယ်လို့ ဖိုးတုတ်ကို ငါကတိပေးခဲ့တယ်။ အဲ့ဒါကြောင့် လှေပေါ်မှာ ငါသေလို့ မဖြစ်ဘူးလို့ တွေးမိတယ်။ မင်းဒီနေ့ သုံးခါသေရမယ်။ ပထမက အောင်ဘနဲ့ ဘိုးထင်အတွက်။ ဒုတိယက ငါ့ကိုယ်စား အသက်စွန့်ပေးသွားတဲ့ ဦးလေးဘွန်ရှုကျင်းအတွက်။ တတိယက ငါ့အချစ်ဆုံးသူငယ်ချင်းဖိုးတုတ်အတွက်ပဲ"


ဘဘိုး က ဂန္ဓမာသောင်းရီ ကို ထိတ်လန့်သောအကြည့်များဖြင့် ကြည့်နေသည်။


"ဒါပေမယ့်..မင်းကံကောင်းပါတယ်…ထွန်းရင်က ငါ့ကို ခွင့်တောင်းတယ်..မင်းဆီက သူပစ္စည်းတစ်ခုယူထားမိတယ်တဲ့..မင်းသေခါနီး မှာ အင်္ဂါစုံစုံလေးသေရအောင် အဲ့ဒီပစ္စည်းလေး သူပြန်တပ်ပေးလိုက်ချင်တယ်တဲ့ကွာ..ကဲ..ထွန်းရင်.အချိန်မရှိဘူးဟေ့..လုပ်စရာရှိတာ လုပ်ပေးလိုက်..ပြီးရင် သတ်ရအောင်"


အုန်းဖေက ဘဘိုး၏ ခန္ဓာကိုယ်ပေါ်တက်ခွပြီး ဖိချုပ်ထားကာ ဘက်ဘက်ပါးပြင်ကို မြေပြင်နဲ့ ဖိကပ်ပေးထားလိုက်သည်။


ထွန်းရင်က သူ့လက်ထဲမှ တွန့်လိမ်နေသော နားရွက်ခြောက်ကြီးကို ဘဘိုး၏ မျက်နှာရှေ့သို့ ထိုးပြလိုက်၏။


"ဗျိုး..ဘဘိုး..မင်း နားရွက်ကို အပ်ချည်နဲ့ ပြန်ချုပ်ပေးလိုက်မယ်ဗျ..မင်းနဲ့ငါ အကြွေးကြေပြီနော့"


"ဟေ့..ထွန်းရင်..လူအသားကို အစိမ်းချုပ်ရတာ လွယ်တယ်မှတ်လို့လားကွ..ခပ်ပျော့ပျော့ဖြစ်သွားအောင်..အပူပေးပြီး ချုပ်ရတယ်…ကဲ..ငါလာပြီ"


ဂန္ဓမာသောင်းရီက ပွတ်ချွန်းဆေးလိပ်ကို ပါးစပ်တွင်ခဲလျက်..ရေနွေးအိုးမီးဖိုထဲမှ မီးရဲနေသော ထင်းချောင်းတစ်ချောင်းကို ကောက်ဆွဲကာ ထလိုက်သည်။


ပုသိမ်ညွန့်ဘဘိုး ကား မျက်လုံးများ ကြောင်စီစီဖြင့် ဂန္ဓမာသောင်းရီကို ကြည့်လျက် တစ်စုံတစ်ခု အော်ပြောလိုက်သည်။


သို့သော်..သေခြင်းတရားနှင့် ကြောက်စိတ်၏ အရှိန်အဟုန်ကြောင့် အသံတို့ကား ထွက်မလာနိုင်တော့။


The Guys of Yangon,1930 …ပြီးပါပြီ။

ခက်ဇော်


Comments

Popular posts from this blog

N1

N2